Chapter 15: အပိုင်း (၁၄) ဂယူဘင်က ခွေးပေါက်လေးမဟုတ်ဘူး

My other halfWords: 27143

ဆောင်းဟန်ဘင်းနဲ့ ကျန်းဟောက်မှာ ဘယ်သူ့ကိုမှ စောင့်မနေဘဲ အရင်ဆုံး ထွက်လာခဲ့ကြသည်။ မစောင့်ဘူးဆိုသည်ထက် ဆောင်းဟန်ဘင်း၏ ခြေလှမ်းများမှာ သာမန်ထက် အနည်းငယ် မြန်နေတာကြောင့်ဖြစ်သည်။ သို့ပေမယ့် သိပ်မကြာခင်တွင် မတ်သရူးက သူတို့နှစ်ယောက်အား လိုက်မှီလာပေမယ့် ဂယူဘင်နဲ့ Ricky ကတော့ အနောက်တွင်သာ ကျန်နေခဲ့သေးသည်။

သို့ဖြစ်၍ ထိုအခြေနေကို အခွင့်ကောင်းယူကာ ကျန်းဟောက် မနေနိုင်စွာ ဖြင့် မေးဖို့ ကြိုးစားလိုက်သည်။

"ဂယူဘင်နဲ့ အဲ့စီနီယာက ရန်ဖြစ်ဖူးတာလား"

မတ်သရူးမှာ ပုံမှန်ထက်ကို တိတ်ဆိတ်နေပြီး ဆောင်းဟန်ဘင်းမှာလည်း တစ်ချက်မျှ ငြိမ်သက်နေပြီးမှ ပြန်ဖြေလေသည်။

"ပြဿနာနည်းနည်းတော့ ရှိခဲ့ဖူးတယ်"

ဂယူဘင်းလို လူမျိုးက စလိုက် နောက် လိုက်နှင့် ပျော်ပျော်နေတတ်သည့် သူမျိုးဖြစ်သည်။ ထို့ကြောင့်လဲ ကျန်းဟောက်နှင့် ခနခန စကားများ ရန်ဖြစ်တတ်သည်။ တစ်ယောက်နဲ့ တစ်ယောက် မခံနိုင်အောင် စကားနာထိုးကြရင်း နောက်ဆုံး ပြန်တည့်သွားကြလိမ့်မည်။

ရန်ဖြစ်စကားများတယ်ဆိုရင်တောင်မှ ကျန်းဟောက်နှင့် ဂယူဘင်တို့မှာ မူကြိုကလေးလေးတွေလို ရန်ဖြစ်ကြတာ ဖြစ်သည်။ ထိုအချိန်မျိုးတွင် ဘေးနားရှိ လူများမှာ ဘာမှကို ဝင်မပြောဘဲ ပြုံးပြုံးကြီး သာထိုင်ကြည့်နေတတ်ကြလေသည်။ ကျန်းဟောက်ကို မထိ တထိ သွားသွား စတာမျိုး၊ ကျန်းဟောက်ရဲ့မုန့်တွေကို လုစားတာမျိုး၊ မဟုတ်ပါက နောက်ဆုံးကျန်တဲ့တစ်ခုကို လုကြသည့်အခါမျိုး၊ သို့မဟုတ် နေ့တိုင်းဝတ်နေကြ ကျောင်းဝတ်စုံကိုတောင်မှ ဘယ်သူက ပို၍လိုက်ဖက်ကြောင်း ဆံပင်ပုံက ဘယ်လိုဖြစ်နေသည် စသည်ဖြင့် ယှဉ်ပြိုင်နေကြလိမ့်မည်။

ထိုအရာက ကျန်းဟောက်သိထားသည့် ဂယူဘင်ရဲ့ ပုံစံဖြစ်သည်။

သို့ဖြစ်၍ သူ ဒီနေ့တွေ့လိုက်ရသည့် ဂယူဘင်မှာ အတော့်ကို ရန်လိုနေပုံရသည်။ အပြုအမူ၊ အကြည့်၊ လေထုက အစ စ နောက်နေသည့်အနေထားမျိုး မဟုတ်ပေ။ ဘာကြောင့် ဂယူဘင်က ထို စီနီယာအား ရန်လိုနေသည်ကို ကျန်းဟောက် မတွေးတတ်ပေ။

ထို့ကြောင့် သူထပ်ပြီး စပ်စုဖို့သာ ဆုံးဖြတ်လိုက်သည်။

"ဘာပြဿနာဖြစ်ဖူးတာလဲ"

"အင်းးး အဲ့ဒါက—————"

ဆောင်းဟန်ဘင်းမှာ ခါတိုင်းနဲ့ မတူစွာစကားကို တမင် ဆွဲဆန့်နေသည်ဟု ကျန်းဟောက် ခံစားနေရသည်။

"ဒီကိစ္စကို ပြောပြဖို့က နည်းနည်း-

သိချင်ရင် ဂယူဘင်ကို မေးတာ ပိုကောင်းမယ်"

သူငယ်ချင်းတွေဆိုပေမယ့်လည်း ဂယူဘင်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို အလေးထားတာကြောင့် ဆောင်းဟန်ဘင်း သူကိုယ်တိုင်ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အမြင်အရဆို ကျန်းဟောက်မှာ ဘာတစ်ခုမှကို ရိပ်မိသည့်ပုံမပေါ်ပေ။ ပြီးတော့ ကျန်းဟောက် ဒီလိုကိစ္စမျိုးကို လက်ခံနိုင်ပါ့မလားလဲ သူအသေချာမသိ။ ထို့အတွက် ကြောင့်လဲ သူတို့သူငယ်ချင်းဆက်ဆံရေးကြား အက်ကြောင်းဖြစ်သွားမှာကိုလဲ စိုးရိမ်ပူပန်စိတ်ဖြစ်မိသည်။

ဘာတစ်ခုမှ မသိထားတဲ့ ကျန်းဟောက် မှာတော့ အရှုံးပေးလိုစိတ်နည်းနည်းလေးပင် မရှိ။ ထိုစီနီယာနှင့် တခြားလူတွေကြားထဲ တစ်ခုခုရှိနေသည်ကို သူ ရိပ်စားမိသည်။ ထိုစီနီယာအကြောင်း ပါလာတိုင်း သူ့အနားရှိ ပတ်ဝန်းကျင်လေထု အခြေအနေမှာ အမြဲလိုလို တင်းမာမှုရှိနေသည်ဟု ခံစားရသည်။ ထိန်းချုပ်နေပါသည့် ဆောင်းဟန်ဘင်းဆီကနေတောင် သူ အငွေ့အသက်လောက်တော့ ခံစားနေရသေးသည်။

ထို့ကြောင့် သူတို့ စားသောက်ဖို့ မှာထားတာတွေ စောင့်နေရင်း ခုံနေရာရှာကြသည်။ ခုံနေရာရသည်နှင့် ကျန်းဟောက် မှာ သူ့ရဲ့ စုံစမ်းမေးမြန်းမှုကို စ တင်တော့သည်။

"မင်းနဲ့ အဲ့စီနီယာက-"

ကျန်းဟောက်ရဲ့ စကားကြောင့် အဆင်ပြေနေပြီးဖြစ်တဲ့ ဂယူဘင်ရဲ့ မျက်နှာမှာ မဲမှောင်သွားရတော့သည်။

ကျန်းဟောက်မှာလဲ ထိုအခြေအနေကြောင့် အသံကတိမ်ဝင်သွားပေမယ့် သူတစ်ပိုင်းတစ်စနဲ့တော့ မရပ်လိုက်ချင်ပေ။

"ရန်ငြိုးရှိတာလား? ဘာဖြစ်ခဲ့ကြလို့လဲ"

ဂယူဘင်မှာ နှာတစ်ချက်မှုတ်၍ တစ်ဖက်သို့လှည့်သွားပြီး ကျန်းဟောက်ရဲ့ အမေးတွက် အဖြေပြန်ပေးဖို့ အရိပ်အယောင်ပင်မပြပေ။

အထိုအခါ မတ်သရူးနဲ့ ဆောင်းဟန်ဘင်းမှာ ဂယူဘင်ဆီ အကြည့်ရောက်သွားရသည်။

သူတို့ စားပွဲခုံရဲ့ လေထုအခြေနေမှာ သိသိသာသာကိုပင် တိတ်ဆိတ်သွားရသည်။ ထိုအခါ ဖုန်းသုံးနေတဲ့ Ricky က ကျန်းဟောက်အား မော့ကြည့်လာကာ ပြောလိုက်သည်။

"ပြောရရင်တော့ အရှည်ကြီးဘဲ"

ထိုအခါ အားလုံးရဲ့ အကြည့်က Ricky ဆီရောက်သွားသည်။ Ricky က ဖုန်းကို ပိတ်ကာ ဆက်မသုံးတော့ဘဲ စားပွဲခုံပေါ်တင်လိုက်ရင်း ထိုင်ခုံနောက်ကျောကို မှီကာ ကျန်းဟောက်အား ကြည့်လာရင်း တရုတ်လို ဆက်ပြောလာသည်။

"ငါပြောတဲ့စကားကို ကြားပြီး မင်းမလန့်သွားဖို့ မျှော်လင့်ပါတယ်-

-ဂယူဘင်က ငါ့ရဲ့ ကောင်လေးဘဲ"

"ဟမ်? ဘာ?"

တရုတ်လိုနားလည်တဲ့ ကျန်းဟောက်တစ်ယောက်သာ ထိုစကားကိုကြားပြီးနောက် အံ့ဩသွားရသည်။ ကျန်တဲ့သူများမှာ ဘယ်လိုအမူအရာမှ မပြပေမယ့် ဂယူဘင်ရဲ့ မျက်လုံးလေးတွေကတော့ အနောက်က စကားကြောင့် မျက်လုံးလေးတွေ လတ်သွားရသည်။ ကျန်တာမသိပေမယ့် 男朋友 (bf) ဆိုတဲ့ စကားကို သူရင်းနှီးနေတာကြောင့်ဖြစ်သည်။ ဘာသာစကားကြောင့် သူတို့ နားမလည်ပေမယ့်လဲ ပြောလိုက်သည့်အကြောင်းအရာကိုတော့ သိထားနှင့်သည်ဟူသော အဓိပ္ပာယ်ဖြင့် အားလုံးက ကျန်းဟောက်ဘက် လှည့်ကြည့်လာသည်။

သူမေးသည့်အကြောင်းအရာနှင့် ဂယူဘင်နဲ့ Ricky တွဲနေသည့်အကြောင်းအရာက ဘယ်လိုဆက်စပ်မှုရှိသည်ကို သူစဉ်းစားမရပေ။ ထို့ကြောင့် သူ တရုတ်လိုသာ ဆက်မေးလိုက်သည်။

"မင်းတို့တွဲနေတာနဲ့ အဲ့စီနီယာနဲ့ ဘာဆိုင်လို့လဲ"

"ငါ ဂယူဘင်နဲ့ မတွဲခင် အဲ့စီနီယာကို အရင် သဘောကျခဲ့တာ၊ ဖွင့်တောင် ပြောဖူးတယ်"

ထိုအခါမှ ဂယူဘင်မှာ ကင်ဂျီအွန်းကို တွေ့သည်နှင့် ဘာကြောင့် ရန်လိုနေရသည်ကို ကျန်းဟောက်နားလည်သွားရသည်။

ထိုခွေးပေါက်လေးမှာ သဝန်တိုနေတာ ဖြစ်သည်။

Ricky က ဆက်ပြောလာသည်။

"ငါတို့ သုံးယောက်က ပြိုင်လမ်းပေါ်ကာ အရှိန်ပြင်း ကားသုံးစီးလိုဘဲ၊ ကင်ဂျီအွန်းကို ငါက သဘောကျတယ်၊ ငါ့ကို ဂယူဘင်က သဘောကျတယ်"

Ricky မှာ တစ်သီးတစ်သန့်ဆန်စွာ နေတတ်သူဖြစ်သည်။ အရယ်အပြုံးလဲ နည်းပါးပြီး သူ့ရဲ့ အပြုအမူတိုင်းကလဲ ကျက်သရေရှိကာ တည်ငြိမ်ခန့်ညား၍ တော်ဝင်ဆန်သည်။ အရာရာတိုင်းကို ပြီးပြည့်စုံနေအောင် ပြင်ဆင်ထားတတ်သည်က သူ့ရဲ့ အကျင့်တစ်ခုဖြစ်သည်။ သူ့အနီးနားရှိလေထုမှာလဲ အလွန်အဆင့်တန်းမြင့်ကာ သာမန် လူတွေ မချဉ်းကပ်နိုင်တဲ့ အနေအထားဖြစ်သည်။

ဒီလို အဘက်ဘက်က ပြီးပြည့်စုံမှုကို ထုတ်ဖော်ပြသနေခဲ့တဲ့ Ricky က ကင်ဂျီအွန်းလိုလူကို သဘောကျခဲ့မိတာက မထူးဆန်းပေ။ Ricky တွေးခဲ့သည်မှာ သူ့လို လူမျိုးက ကင်ဂျီအွန်းလို လူမျိုးနဲ့မှ လိုက်ဖက်သည်ဟု တစ်ဖက်သက် တွေးခဲ့တာပင်။

သူတို့ရဲ့ Z ကျောင်းမှာ ဆောင်းဟန်ဘင်းက စိတ်သဘောထားကောင်းကာ ကြင်နာတတ်တဲ့မင်းသားလေးဆိုရင် ကင်ဂျီအွန်းက ဘယ်ရှုထောင့်ကနေ မဆို ဆွဲဆောင်မှုအပြည့်ရှိတဲ့ဘုရင် တစ်ပါးပင်။

ထို့ကြောင့်လဲ သူ ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေမယ့် ထိုဘုရင်ကြီးမှာ သူ့ကို ငြင်းဖို့ နှစ်ခါတောင် မတွေးခဲ့တဲ့သူဖြစ်သည်။

ထိုအချိန်တုန်းက အငြင်းခံလိုက်ရတဲ့ Ricky ထက်ကို မခံမရပ်နိုင်ဖြစ်ခဲ့သူမှာ ဂယူဘင်ဖြစ်သည်။

တစ်ခါတစ်လေကျတော့လဲ ဂယူဘင်ကို နားမလည်နိုင်သည့် အခြေနေတွေ ရှိပေမယ့်လဲ သူ့အတွက်နဲ့ စိတ်ဆိုးဒေါသဖြစ်နေတဲ့ ဂယူဘင်က Ricky ၏စိတ်အာရုံထဲ စတင်ဝင်ရောက်လာခဲ့သည်။

ထိုစဉ်က သူ့အတွေးမှာ ထိုသို့ဖြစ်သည်။

ကင်ဂျီအွန်းနဲ့သာဆို ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းတွေ အတိုင်း နေရသည်မှာ ငြီးငွေ့စရာ ကောင်းလှသည်။

(Image နဲ့ပတ်သက်ပြီး ထိန်းသိမ်းတာကို ပြောတာပါ။)

တစ်ခါတစ်လေတော့လဲ ခွေးပေါက်လေးနဲ့ ဆော့ကစားရတာမျိုးက ပို၍ ပျော်စရာကောင်းသည်ပင်။ တစ်ခါတစ်ရဲ့မှာ အေးအေးလူလူ လမ်းလျှောက်ထွက်လို့ရသည်။ သူတစ်နေရာရာကနေ ပြန်ရောက်လာမှာကို မျက်နှာငယ် လေးနဲ့ ထိုင်စောင့်နေပြီး ပြန်ရောက်သည်နှင့် တက်ကြွစွာခုံပေါက်ရင်း ရင်ခွင်ထဲ တိုးဝှေ့ကာ ချွဲနွဲ့လာပုံက အမောပြေစေလိမ့်မည် ဖြစ်သည်။ သေသပ် သပ်ရပ်တဲ့ သူ့အခန်းထဲ ထိုခွေးပေါက် လေးက ရှုပ်ပွနေအောင် လုပ်ထားသည့်အခါမျိုးတွေ သူ့အရှေ့တွင် ထိုင်ခိုင်းကာ အပြစ်ပေး၍ ဆူပစ်မည်ဖြစ်သည်။

ထို့ကြောင့်လဲ Ricky မှာ ဂယူဘင်နဲ့ တွဲဖြစ်သွားခဲ့တာဖြစ်သည်။ သို့ပေမယ့် ဂယူဘင်မှာ သူထင်ထားသလို ခွေးပေါက်ကလေး မဟုတ်ဘဲ သိပ်ကို စိတ်ရှုပ်စရာကောင်းပြီး အဆော့မတ်တဲ့ ခွေးကြီးကြီးတစ်ကောင် ဖြစ်နေခဲ့တာပင်။

Ricky ပြောပြသမျှကို နားထောင်ရင်း ကျန်းဟောက်မှာ ဂယူဘင်အား သနားသော မျက်လုံးများဖြင့်ကြည့်လိုက်ကာ အသံတိတ်တွေးလိုက်မိသည်။

ဒါက ဘယ်လိုလုပ် ချစ်သူရည်းစား ဆက်ဆံရေးဖြစ်နိုင်မှာလဲ? မသိရင် Ricky က ဂယူဘင်ကို ခေါ်မွေးထားသလိုဘဲ

ဒါပေမယ့်လဲ ဂယူဘင်က တကယ်လဲ Ricky စကားကိုဆို နားထောင်သည်။ ထို့ပြင် အရိပ်တကြည့်ကြည့်နဲ့လဲ ဂရုစိုက်တတ်သေးကြောင်းကို သူ အခု ပြန်တွေးရင်းနဲ့မှ သတိထားမိလာရသည်။

သို့ပေမယ့် ဂယူဘင်မှာတော့ တရုတ်စကားကို နားမလည်တာကြောင့် သူတို့ပြောသမျှအကြောင်းအရာတွေကို ဘာမှမသိခဲ့ပေ။

ထိုအချိန်မှာပဲ သူတို့မှာထားတဲ့ စားစရာတွေ ရောက်လို့လာသည်။

ဆောင်းဟန်ဘင်း ကမ်းပေးတဲ့ တစ်ရှူးဖြင့် သုတ်ထားပြီးသား တူ တစ်စုံကို လှမ်းယူကာ စားဖို့ လုပ်နေတုန်း Ricky က မေးလာသည်။

"မင်း ငါတို့ရဲ့ အခြေနေကို ကြားပြီးနောက် အဆင်ပြေရဲ့လား? မင်းတစ်မျိုး ဖြစ်သွားတယ်ဆို ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

"ငါ ဒါနဲ့ပတ်သက်ပြီး လက်ခံနိုင်ပါတယ်၊ မင်းတို့ကြောင့်နဲ့ နေရမခက်ပါဘူး၊ ဒါအတွက် စိတ်မပူနဲ့"

ထိုအခါ Ricky က ပြုံးလိုက်ပြီး တစ်ခုခုကို တွေးတောလိုက်ရင်း

"ငါထင်တာ မင်းက homophobia လားလို့ -"

ပြီးနောက် ဆောင်းဟန်ဘင်းကို ကြည့်ကာ

"- ဒါပေမယ့် တစ်ခါတစ်လေတော့လဲ အဲ့လိုမဟုတ်ပြန်ဘူး"

ထိုအခါ ကျန်းဟောက်မှာ သူ တစ်ခါမြင်ဖူးခဲ့တဲ့ အခြေအနေမျိုး ပြန်ဖြစ်သွားသည်။

"အတိတ်က ကိစ္စကြောင့်ပါ"

ကျန်းဟောက်ရဲ့အမူအရာမှာ ချက်ချင်း အဆင်မပြေဖြစ်သွားတာကြောင့် Ricky အလျင်အမြန်ပင် သူတို့ပြောနေတာကို အဆုံးသတ်ဖို့ ကြိုးစားလိုက်သည်။

"မင်းမပြောချင်လဲ ရတယ်။ မင်း အဲ့ကိစ္စကို ပြန်တွေးဖို့ မလိုဘူး၊ ဘယ်လိုဖြစ်ဖြစ် ငါတို့က မင်းရဲ့ သူငယ်ချင်းတွေဘဲ"

ကျန်းဟောက်ဖျော့တော့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အနားတွင် ထိုင်နေသည့် ဆောင်းဟန်ဘင်းမှာလဲ ကျန်းဟောက် အမူအရာပြောင်းသွားတာကြောင့် Ricky ကိုကြည့်လိုက်ပေမယ့် Ricky က ပြုံးသာပြုံးနေပြီး "စိတ်မပူနဲ့" ဟု ပါးစပ်လှုပ်ရုံပြောလာခဲ့သည်။

သူ တရုတ်လို နားမလည်တာကြောင့် ဘယ်အရာက ကျန်းဟောက်ကို ထိုကဲ့သို့ ဖြစ်သွားစေတာမှန်း သူမသိပေ။

ဘာသာစကားကြောင့် နားမလည်နိုင်တဲ့ စကားဝိုင်းထဲ တိတ်တိတ်လေးနေကာ အစားငုံ့စားနေရတဲ့ မတ်သရူးမှာ နောက်ဆုံးတော့ မနေနိုင်တော့ပေ။

"ဆောင်းဟန်ဘင်း မင်းမွေးနေ့ကို ဒီတစ်ခါ ဘယ်မှာလုပ်မှာလဲ"

ကျန်းဟောက် စားနေရာမှ ခေါင်းလေးထောင်လာပြီး မေးလိုက်သည်။

"မင်းမွေ့နေ့လား၊ ဘယ်တော့လဲ"

"ဒီလထဲမှာဘဲ ၁၃ ရက်နေ့"

ထိုအခါ ကျန်းဟောက်မှာ မကျေနပ်စွာ ရေရွတ်လိုက်သည်။

"မင်း ဘာလို့ကြိုမပြောတာလဲ? ရက်တောင် သိပ်မလိုတော့ဘူး၊ ငါ လက်ဆောင်ဝယ်ပေးဖို့ မှီပါ့မလား?"

တကယ်က ဆောင်းဟန်ဘင်းကိုယ်တိုင် လဲ မေ့နေခဲ့တာပင်။

"လစဉ်စစ်ဆေးတာရော၊ စာမေးပွဲကြောင့်ရောနဲ့ မေ့နေခဲ့တာ၊ မတ်သရူးပြောမှ သတိရတာ၊ တကယ်တော့ မတ်သရူး မွေးနေ့ကလဲ ပြီးတာ မကြာသေးဘူး"

ကျန်းဟောက် မှာ မယုံနိုင်စွာဖြင့် မတ်သရူးကို ကြည့်လိုက်သည်။

"မင်းတို့တွေ-"

"ငါလဲ အတူတူဘဲမေ့နေတာ နောက်မှ ငါ့မိသားစုတွေ video call နဲ့ ကိတ်ခွဲပေးမှ သတိရတာ၊ ကျောင်းပိတ်ရက်လဲ ဖြစ်လို့ မင်းကို မပြောမိလိုက်တာ"

ကျန်းဟောက် ထိုနှစ်ယောက်အား မကျေနပ်စွာ ကြည့်လိုက်သည်။

ထိုအခါတစ်ချိန်လုံး တိတ်နေတဲ့ ဂယူဘင်က ပြောလာသည်။

"ဟန်ဘင်းရဲ့ မွေးနေ့နဲ့ အတူတူပြန်လုပ်လိုက်ပေါ့"

"အို့ ..... ကောင်းသားဘဲ"

ဆောင်းဟန်ဘင်းက ထောက်ခံပေမယ့် မတ်သရူးက လက်မခံပေ။

"ငါ့မွေးနေ့က ပြီးတာတောင်ကြာပြီး၊ ပြီးတော့ မိသားစုနဲ့လဲ အချိန်ကောင်းလေးရခဲ့တယ်၊ အဲ့ဒါထားပါ ဘယ်လိုစီစဉ်ထားလဲ၊ ငါတို့ဘဲ ပြင်ဆင်လိုက်ရမလား"

Ricky ကလဲ ဖုန်းကိုကောက်ကိုင်ကာ

"ငါ အခန်း ဘိုကင်ချိတ်ပေးမယ်"

သခင်လေးက သူ့အတွက်နဲ့ ပိုက်ဆံသုံးတော့မှာကို စိုးရိမ်တာကြောင့် ဆောင်းဟန်ဘင်းက ပြာပြာသလဲဖြင့် ဝင်တားရတော့သည်။

"ဒီတစ်ခါ အမေက သူငယ်ချင်းတွေကို အိမ်ခေါ်လာပါလို့ပြောထားတယ်၊ သူငယ်ချင်းတွေရဲ့ မိဘတွေက အဝေးမှာဆိုတော့ အိမ်လက်ရာလေးကျွေးချင်တယ်ဆိုပြီး ခေါ်လာခိုင်းနေတာ"

ဆောင်းမားမားက ဟင်းချက်အလွန် ကောင်းသည်။ အချိန်ရရင် ရသလို မတ်သရူးက သွားလည်နေကျဖြစ်သည်။

"ကောင်းသားဘဲ အန်တီ့လက်ရာလေး မစားရတာကြာပြီး"

ဒီလိုနဲ့ ဆောင်းဟန်ဘင်းရဲ့ ၁၇ နှစ်ပြည့် မွေးနေ့အတွက် အစီစဉ်ဆက်ဆွဲဖြစ်ကြသည်။

===============

Tbc........

16 December,2024