Chapter 20: အပိုင်း (၁၉) မွေးနေ့ပါတီ 2

My other halfWords: 59566

လူအားလုံးစုံပြီးမို့  သူတို့ အသားတွေကို  ကင်သူက ကင်၊ ပြုတ်သူက ပြုတ်ဖြင့် စ၍ အလုပ်ရှုပ်နေကြတော့သည်။

ထိုအချိန်တွင် ကျန်းဟောက်မှာ ဂွန်ဝုဆီမှ ဘာကြောင့်ရယ်မှန်းမသိ စူးစူးစိုက်စိုက်ကို အကြည့်ခံနေရတော့သည်။

မတ်သရူးကလဲ အသားတစ်ဖက်ကို ဂွန်ဝုပန်းကန်ထဲထည့်ပေးရင်း

"ဒီလောက်ဘဲကြည့်တော့၊ ဒီလောက်ဘဲကြည့်တော့၊ မင်းဟာကို ငါပစ်ထုတ်လိုက်တာမှမဟုတ်တာ နောက်ပြန်ဝတ်လဲရတာဘဲ"

ဒီနေ့မှာတော့ မတ်သရူးက ကျန်းဟောက်ပေးထားသည့် earrings လေးကို ဝတ်ဆင်ထားတာဖြစ်သည်။

ဂွန်ဝု ပန်းကန်ထဲရှိ မတ်သရူးထည့်ပေးသည့် အသားဖက်ကို စားလိုက်ပြီး ဘာမှတော့ပြန်မပြောပေ။ ပြီးနောက် သူကိုယ်တိုင်လဲ ကျက်ခါနီးအသားတွေကို ကတ်ကြေးဖြင့် ညှပ်ရင်း ပန်းကန်တစ်ခုထဲသို့ စုထည့်ကာ မတ်သရူးအား ပေးလိုက်သည်။

"ငါတို့ ကိတ်ခွဲကြတော့မလား?"

ဂျန်ယူရီ၏ အိမ်က ည ၉ နာရီအထိသာ ခွင့်ပြုထားတာမို့ သူမ က အရင်ဦးဆုံး ပြန်ရမည့်သူဖြစ်သည်။ ထို့ကြောင့် သူမ မပြန်ခင်လေးမှာ ကိတ်ခွဲစေချင်တာဖြစ်သည်။

ဂျန်ယူရီ၏ အတွေးအား ဆောင်းမားမားကလဲ ထောက်ခံလာပြီး

"ကောင်းသားဘဲ....၊ ကိတ်ခွဲကြရအောင်"

ထိုအခါ ဂျန်ယူရီက ထိုင်နေရာမှ ထကာ အိမ်ထဲသို့ လျင်မြန်စွာပြေးဝင်သွားသည်။ ကိတ်ခွဲကြမှာဖြစ်တာကြောင့် မတ်သရူးကလဲ သူဝယ်သည့်ကိတ်အား ဖွင့်ကာ ဖယောင်းတိုင်တွေကို အဆင်သင့် စိုက်ထည့်ထားလိုက်သည်။

၁၀ မိနစ်လောက်ကြာသည့်အခါ ဂျန်ယူရီက ကိတ်လေးတစ်ခုအား ဖယောင်းတိုင်လေးတွေ ထွန်းထားပြီး သယ်ဆောင်လာခဲ့သည်။ ထယ်ရယ်မှာလဲ ဂစ်တာ အဆင်သင့်ပြင်ကာ

"3....2...1-"

ထိုအချိန်တွင် အားလုံးက happy birthday သီချင်းအား သံပြိုင်ဆိုလာကြသည်။

"Happy birthday to you~

Happy birthday to you~

Happy birthday Sung Han Bin~

Happy birthday to you~"

"ဝူးးးးးးး"

ပြီးနောက် အားလုံးလက်ခုတ်တီးလိုက်ကြပြီး ဆောင်းဟန်ဘင်းအား မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြသည်။

ဂျန်ယူရီက ဆောင်းဟန်ဘင်း၏ ရှေ့တွင် ကိတ်မုန့်အား ကိုင်ဆောင်ထား၍ ရပ်ကာ တောက်ပနေတဲ့မျက်ဝန်းတစ်စုံဖြင့် ကြည့်လာသည်။

"ဒီကိတ်မုန့်က နင့်အတွက်မွေးနေ့လက်ဆောင်ဆိုပြီး ငါကိုယ်တိုင်လုပ်ထားတာ၊ မြန်မြန်ဆုတောင်းလိုက်"

ဆောင်းဟန်ဘင်းကလဲ သူမ ပြောသလို ဆုတောင်းလိုက်ပြီးနောက် ကိတ်မုန့်မှ ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။

မတ်သရူးကလဲ အားကျမခံပေ။

"လာ...လာ... ဒီကိုလဲ ဖယောင်းတိုင် လာမှုတ်ဦး၊ ငါကတော့ ဆိုင်ကဝယ်လာတာ၊ ကိုယ်တိုင်လုပ်ပေးတာကိုလဲ မင်းမလိုချင်လောက်ဘူး"

"မဟုတ်တာကွာ~"

မတ်သရူး၏ဟင်းချက်ဝါသနာမှာ ဟင်းချက်တယ်ဆိုတာ ဓာတ်ခွဲခန်းတစ်ခုတွင် အသစ်ဆန်းတစ်ခုပြုလုပ်သည်နှင့်သာ ပိုတူသည်။

မတ်သရူးက အရွှန်းဖောက်လာတာကြောင့် ဆောင်းဟန်ဘင်း ခပ်ဖွဖွပြုံးကာ ဆုထပ်တောင်းရင်း ဖယောင်းတိုင်မီးအား ထပ်မှုတ်လိုက်သည်။

ထို့နောက် သူတို့တွေ တစ်ယောက်ချင်းစီ မွေးနေ့လက်ဆောင်များထုတ်ပေးလာကြသည်။

ဆောင်းမားမားက ကိုယ်တိုင်ထိုးထားတဲ့ မာဖလာလေးအား ထုတ်ပေးလာသည်။ ဆောင်းပါးပါးနှင့် အာရမ်မှာတော့ အချစ်တွေသာရှိသည်ဟုပြောလာသည်။ ပတ်ဂွန်ဝုက ထ သွား ထလာ အဆင်ပြေသည့် Gucci brand မှ cross bag လေးတစ်လုံး လက်ဆောင်ပေးလာသည်။ ဆောင်းဟန်ဘင်းမှာ ထိုအိတ်လေးအား ကြည့်ရင်း အလွန်သဘောကျစွာဖြင့်ပြောလာသည်။

"ငါ ဒီအိတ်ကို တကယ်ကြိုက်တာ၊ ဝယ်ဖို့တောင်တွေးနေတာ"

Ricky က စာအိတ်နီတစ်အိတ်နှင့် YSL မှ နောက်ဆုံးထွက် wallet လေးအား ပေးလာသည်။ ဂယူဘင်မှာလဲ YSL brand မှ cross bag ထုတ်ပေးလာသည်။

"အို့.... ငါတို့တူနေကြတာဘဲ"

ဂယူဘင်၏ စကားအား ဂွန်ဝုကလဲ ထောက်ခံလာသည်။

"ငါတို့ စိတ်ချင်းဆက်နေကြတာဘဲ"

ထို့နောက် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်စိတစ်ဖက်မှိတ်ပြကာ flirt နေကြတော့သည်။

ထယ်ရယ်က Chanel perfume လေးအား ထုတ်ပေးလာသည်။

"မင်းကြိုက်တယ် ပြောဖူးလို့"

ထိုရေမွှေးမှာ ဆောင်းဟန်ဘင်း ထယ်ရယ် show ထဲပါခဲ့စဉ်က ထယ်ရယ်ဆီမှ ရတဲ့ ရနံ့သင်းသင်းလေးကြောင့် ဘာ တံဆိပ်လဲဟု မေးခဲ့ကာ အနံ့လေးမှာ ကောင်းကြောင်း အမှတ်တမဲ့ပြောခဲ့မိတာဖြစ်သည်။

ဟန်ယူဂျင်းက အလယ်တန်းကျောင်းသားဘဲ ရှိသေးတာမို့ ပိုက်ဆံများများမကိုင်ရပေ။ ကျောင်းအဆောင်နေတာကြောင့် အပြင်ကိုလဲ လိုသလို ထွက်မရတာကြောင့် ဆောင်းဟန်ဘင်းအတွက် လက်ဆောင်ပြင်ဆင်ချိန်မရှိခဲ့ပေ။ ထို့ကြောင့် ဆောင်းဟန်ဘင်း၏ လက်နှစ်ဖက်ကို ကိုင်ကာ သူ့ပါးနှစ်ဖက်တွင် အုပ်ကိုင်ခိုင်းလိုက်ပြီး

"နောက်နှစ်တွေမှာလဲ hyung ရဲ့ ညီလေးကို သေချာလေး ဂရုစိုက်ပြီး သင်ပြပေးပါဦး"

ဟန်ယူဂျင်းက သူ့ကိုယ်သူ ဆောင်းဟန်ဘင်း၏ လက်ထဲအပ်နှံလိုက်တာပင်။

ဆောင်းဟန်ဘင်း ထိုအကောင်ပေါက်လေးရဲ့ ပါးနှစ်ဖက်ကိုဆွဲညစ်လိုက်သည်။

"မင်းက အကောင်းဆုံးလက်ဆောင်ဘဲ"

ဟန်ယူဂျင်းက သူ့ရဲ့ချစ်စရာကောင်းမှုတွေကို ဆောင်းဟန်ဘင်းအား အစွမ်းကုန် ထုတ်ပြနေတာမို့ ဂယူဘင်း မနာလိုဖြစ်သွားရသည်။ ထို့ကြောင့် ဆောင်းဟန်ဘင်းနားမှ ဟန်ယူဂျင်းကို လက်လှမ်းကာ ဆွဲခေါ်လိုက်ကာ သူ့အနားတွင် ပြန်ထိုင်ခိုင်းလိုက်ပြီး ဘယ်မှထွက်သွားလို့ မရအောင် ပုခုံးကိုဖက်ထားလိုက်သည်။

"မင်းက ငါ့အပေါ်ကျ အဲ့လိုမဆက်ဆံဘူး"

"Hyung က စိတ်ရှုပ်စရာကောင်းလို့လေ"

ဟန်ယူဂျင်း သူ့နေရာတွင်ပြန်ထိုင်လိုက်လိုက်ပြီး ဂယူဘင်းအား ဘုနဲ့ဘောက်ပြောလိုက်ပေမယ့် သူ့ပုခုံးကို ဖက်ထားသည့်လက်ကိုတော့ မဖယ်ချလိုက်ပေ။

နောက်ဆုံး လက်ဆောင်မထုတ်ပေးရသေးတဲ့ သူမှာ ကျန်းဟောက်တစ်ယောက်တည်းသာ ကျန်တော့သည်။

အားလုံးက brand အကောင်းစားတွေကို ထုတ်ပေးလာကြပြီး ပစ္စည်းတိုင်းမှာလဲ ဆောင်းဟန်ဘင်းကြိုက်တတ်မှန်း၊ လိုချင်နေခဲ့မှန်း သိတာကြောင့် သတိတရဖြင့် ဝယ်ကာ လက်ဆောင်အနေနဲ့ ယူလာခဲ့ကြတာဖြစ်သည်။ သို့မဟုတ်ကာ အချိန်ပေးကာ ကိုယ်တိုင်လုပ်ထားသည့် လက်ဆောင်လေးတွေ ထုတ်ပေးလာကြသည်။ ထို့ကြောင့် ကျန်းဟောက် သူ့လက်ဆောင်အပေါ်တွင် ယုံကြည်မှု အနည်းငယ်လျှော့နည်းသွားကာ စာအိတ်နီသာပေးလိုက်ဖို့ စိတ်ကူးလိုက်မိသည်။

ထို့ကြောင့် တွန့်ဆုတ်စွာဖြင့် ဘောင်းဘီအိတ်ထဲမှ စာအိတ်နီလေးသာ ထုတ်ပေးလာခဲ့သည်။

"ငါ ဘာဝယ်ရမလဲ မစဉ်းစားတတ်လို့ စာအိတ်နီဘဲပြင်လာခဲ့တာ"

ကျန်းဟောက် တခြားသူတွေကို အရူးလုပ်လို့ ရပေမယ့် မတ်သရူးကိုတော့ မရပေ။

"ဟေးးး မင်းဆောင်းဟန်ဘင်းအတွက် ဝယ်ထားပါတယ်၊ ဝယ်ပေးရင်းနဲ့ ငါ့တွက်ပါ earrings ဝယ်လာပေးတာလေ"

ထို earrings အကြောင်းပါသည့်အခါ ပတ်ဂွန်ဝုရဲ့ မျက်နှာအမူရာမှာ တည်တင်းသွားရပြန်သည်။ မတ်သရူးက ထိုအကြောင်းအရာကို သတိထားလိုက်မိပေမယ့် သူ့အမှားမဟုတ်သည့်နှယ့် 'ငါပြောတာ ဟုတ်တာဘဲလေ'ဆိုသည့် အကြည့်မျိုးပြန်ပေးလာခဲ့သည်။

ထိုအခါ အားလုံးရဲ့ အာရုံစိုက်မှုက သူ့ထံသို့ ရောက်လာခဲ့ကာ ဆောင်းဟန်ဘင်းအတွက် ဘယ်လိုလက်ဆောင်လေး ပြင်ဆင်ထားခဲ့သည်ကို သိချင်နေကြသည်။ သူ့အနားတွင် ထိုင်နေသည့် ဆောင်းဟန်ဘင်းမှာဆို ပို၍ပင် စိတ်လှုပ်ရှားနေပုံရသည်။ သူမြင်ဖူးတဲ့ ဆောင်းဟန်ဘင်းရဲ့ မျက်ဝန်းတွေထဲမှာ ဒီနေ့က အလင်းလတ်ဆုံးဖြစ်ပြီး ကောင်းကင်ပေါ်မှ ကြယ်တွေနှင့်အပြိုင် တောက်ပလို့နေသည်။

ကျန်းဟောက် ထိုအကြည့်များမှ ရုန်းထွက်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် ဘောင်းဘီအိတ်ထဲမှ သေချာထုတ်ပိုးထားသည့် Tiffany လက်ဆောင်ဘူးလေးအား ထုတ်ပေးလာခဲ့သည်။

ထို့နောက် နဂိုကတည်းက အသားဖြူသူဖြစ်တာမို့ အားလုံးရဲ့ရှေ့တွင် လူတစ်ယောက်မှ ခရမ်းချဉ်သီးလေးအဖြစ် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားရသည်။

အားလုံးရဲ့အကြည့်မှာ ထိုလက်ဆောင်ဘူးလေးထံရောက်သွားပြီး အထဲမှ ပစ္စည်းလေးအား မှန်းဆနေကြသည်။

Ricky မှာ ပြုံးစိစိဖြင့်

"ပရိုပို့စ်လုပ်တော့မှာလား?"

Ricky ရဲ့စကားအဆုံးကို အနားမှာထိုင်နေခဲ့တဲ့ ဂယူဘင်းနှင့် ဟန်ယူဂျင်းက ကြားလိုက်တာမို့ အံ့ဩမှုတွေကြောင့် မျက်လုံးအဝိုင်းသားလေးဖြစ်သွားရသည်။

Ricky က သူ့အား စ နောက်လာတို့မို့ ကျန်းဟောက် အံကိုကြိတ်ကာ မျက်မှောင်ကြုတ်ပြလိုက်သည်။ ဆောင်းဟန်ဘင်း၏ မိဘတွေမှာလဲ Ricky တို့အကြောင်းသိထားကြပြီး ထိုကိစ္စနှင့် ပတ်သက်၍ ထူးဆန်းသည့် တုံ့ပြန်မှုမျိုး မပြုလာခဲ့ပေ။

နေရခက်လှတဲ့အခြေနေမှ ရုန်းထွက်ချင်တာကြောင့် ကျန်းဟောက် စကား စ ပြောဖို့သာ တွေးလိုက်သည်။

"တကယ်တော့ ငါ ဘာပေးရမှန်းမသိလို့တော်တော်စဉ်းစားခဲ့ရတာ၊ အ့နဲ့ ရှော့ပင်းထွက်ရင်း တွေ့လိုက်တာနဲ့ ငါ့စိတ်ကို အလှုပ်ရှားဆုံးဖြစ်စေတဲ့တစ်ခုကို ရွေးခဲ့လိုက်တာ၊ မင်း ကြိုက်ဖို့မျှော်လင့်ပါတယ်"

နောက်ဆုံး စကားနားတွင် ကျန်းဟောက်၏ အသံမှာ ပုရွတ်ဆိတ်တစ်ကောင်၏ ခြေသံအလား တိုးလျလို့နေသည်။

လက်ဆောင်ဘူး၏အရွယ်အစားမှာ လက်စွပ်ထည့်ဖို့အတွက် အနည်းငယ်ကြီးနေတာမို့ လက်စွပ်မဖြစ်နိုင်မှန်းဆောင်းဟန်ဘင်း မှန်းဆမိသည်။ မတ်သရူးလို သူလဲ earrings လေးတွေ ဝတ်တတ်တာကြောင့် earrings ဖြစ်လောက်သည်ဟု တွေးလိုက်သည်။

လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်သည့်အခါ သူ ထင်ထားခဲ့သလို earrings ဟုတ်မနေဘဲ Star of David ✡️ pendant လေးနဲ့ necklace လေးအား တွေ့လိုက်ရသည်။

ဆောင်းဟန်ဘင်းက ထို pendant လေးအား အသာထိကြည့်လိုက်ပြီး ငြိမ်သက်နေတာကြောင့် သူပေးသည့်လက်ဆောင်အား ဆောင်းဟန်ဘင်းမကြိုက်ဘူးဟု ကျန်းဟောက် တွေးလိုက်သည်။

ထိုကဲ့သို့ တုံ့ပြန်မှုမျိုးဖြစ်မယ်မှန်းသိပေမယ့်လဲ တကယ်ရင်ဆိုင်ရသည့်အခါ ကျန်းဟောက် အနည်းငယ် ထူပူကာ စိတ်မကောင်းဖြစ်သွားရသည်။ သူပိုပြီး လက်တွေ့ဆန်ဆန်တွေးတောခဲ့လျှင် ပိုကောင်းမည်။ သူ့ထံတွင် တခြားသူအား လက်ဆောင်ပေးတတ်သည့် အတွေ့ကြုံမရှိတာကြောင့် ဘယ်လိုအရာက အကောင်းဆုံးဖြစ်သည်ကို သူမစဉ်းစားတတ်ခဲ့သလို သူတစ်ပါးထံမှလဲ အကြံဉာဏ်တောင်းတာမျိုးတွေ မလုပ်ခဲ့မိတာကို နောင်တရမိနေသည်။

"ငါ သဘောကျတယ်"

"ဟမ်?"

"မင်းရဲ့လက်ဆောင်ကို ငါတကယ် သဘောကျတယ်"

သူ့အားဖြေသိမ့်ပေးနေသည်ဟု တွေးလိုက်တာကြောင့် ကျန်းဟောက်ငြင်းဆန်လိုက်သည်။

"မင်း သဘောမကျလဲကိစ္စမရှိ-"

"ငါ့ကို ကူဝတ်ပေးမလား?"

ဆောင်းဟန်ဘင်းက သူ့စကားဆုံးသည်ကို မစောင့်ဘဲ ဖြတ်ပြောလာသည်။

ကျန်းဟောက် တစ်ချက်လောက် ငြိမ်သက်နေခဲ့ရာ ဆောင်းဟန်ဘင်းက ဘူးလေးထဲမှ necklace အားထုတ်၍ သူ့ကိုပေးလာသည့်အခါမှ သတိပြန်ဝင်တော့သည်။

ထိုအခါမှ သူ necklace လေးကို လှမ်းယူလိုက်ပြီး ဆောင်းဟန်ဘင်းအနားသို့ တိုးကပ်လိုက်ပြီး လည်ပင်းမှနေ၍ သိုင်းဖက်လိုက်ပြီးနောက် necklace လေးအား ဝတ်ဆင်ပေးလိုက်သည်။

ကျန်းဟောက် သူ့အနားသို့တိုးကပ်လာချိန်တွင် ကျန်းဟောက်၏ ခန္ဓာကိုယ်မှတစ်ဆင့် သူရဲ့ ကိုယ်ပိုင်ရနံ့လေးကို ရလိုက်တာမို့ ဆောင်းဟန်ဘင်းရဲ့ ရင်ခုန်သံစည်းချက်များ လွဲချော်သွားရသည်။ ထိုအခြေနေမျိုးတွင် တည်ငြိမ်စွာ နေနိုင်ခဲ့ပေမယ့် ကျန်းဟောက်၏ လက်ချောင်းလေးတွေက သူ့လည်တိုင်းတွင် ခပ်ဖွဖွလာထိနေပြီး ကျန်းဟောက်ထံမှ အသက်ရှူငွေ့တချို့ကလဲ သူ့လည်တိုင်ကို လာရိုက်ခတ်နေတာမို့ ဆောင်းဟန်ဘင်း၏ နှလုံးသားလေးရဲ့ စည်းချက်မှာ မြန်ဆန်စွာခုံပေါက်နေတာမို့ သူ့နားထင်တွေပါ တဒုတ်ဒုတ်ဖြင့် ခုန်လာပြီး နှလုံးခုန်သံအားကျန်းဟောက်ကြားသွားမှာကိုပင် စိတ်ပူသွားရသည်။

ဆောင်းဟန်ဘင်းမှာ အကြာကြီးနှိပ်စက်မခံလိုက်ရပါ။ တအောင့်ကြာတော့ ကျန်းဟောက် သူ့အား necklace ဝတ်ဆင်ပေးတာ ပြီးဆုံးသွားသည်။

ပြီးနောက် ဆောင်းဟန်ဘင်းအား အရှေ့ဘက်သို့ ခန္ဓာကိုယ် အနည်းငယ်ကိုင်းကာ ကြည့်လိုက်သည်။

Necklace လေးက ဆောင်းဟန်ဘင်း၏ လည်တိုင်ထက်မှတဆင့် ညှပ်ရိုးတွေပေါ်တွင် လှလှပပရှိနေခဲ့ကာ ပို၍ဆွဲဆောင်မှုရှိသွားစေသည်။ ရိုးရှင်းစွာ sleeveless တစ်ထည်ဘဲ ဝတ်ထားခဲ့တာကြောင့် ဖြူဖွေးနေတဲ့လည်တိုင်နှင့် င်္အကျီအမဲရောင်ကြားရှိ ငွေရောင် necklace လေးမှာ အင်မတန်မှလိုက်ဖက်လို့နေသည်။

ထိုမြင်ကွင်းကြောင့် ကျန်းဟောက်ရဲ့ အောက်သို့ထိုးဆင်းသွားသော ယုံကြည်မှုများမှာ တဟုန်ထိုး ပြန်လည် မြင့်တက်လာသည်။ သူတကယ်ကို မှားမရွေးခဲ့ပေ။ ဆောင်းဟန်ဘင်းနှင့် လွန်စွာမှ လိုက်ဖက်နေတာဖြစ်သည်။

"လိုက်သားဘဲ....."

ဆောင်းမားမားနှင့် မတ်သရူးမှာတပြိုင်နက်တည်းပြောလာခဲ့သည်။

ဟန်ယူဂျင်းကလဲ ဆောင်းဟန်ဘင်းအား ကြည့်ရင်း

"Hyung နဲ့လိုက်တယ်ရော...."

ဂယူဘင်ကပါ Ricky ဘက်လှည့်၍ သူတို့လဲ ဆင်တူလေးသွားဝယ်ကြရင်ကောင်းမလားလို့ဟု မေးမြန်းလာတော့သည်။

အကုန်လုံးက ဝိုင်းကြည့်ကာချီးကျူးနေတာကြောင့် ကျန်းဟောက်မှာ ပျော်မဆုံးဖြစ်နေသည်။

ဆောင်းဟန်ဘင်းက ဟန်မဆောင်နိုင်စွာပြုံးရင်း ကျန်းဟောက်လက်ဖျားလေးတွေဖြင့် ထိတွေ့ခံထားရသည့် လည်ပင်းအနောက်ဘက်အား ပွတ်သပ်လိုက်သည်။

သူ့အစ်ကိုဘာဖြစ်သွားမှန်း ဆောင်းဟန်အာရမ်က တစ်ခုမှမလွတ်အောင်ကို တွေ့သွားခဲ့တာပင်။ ထို့ကြောင့် သူ့အာရုံက (ဆောင်းဟန်ဘင်း x ဂျန်ယူရီ) မှတဆင့် (ဆောင်းဟန်ဘင်းx ကျန်းဟောက်) ဆီသို့ ကူးပြောင်းသွားတော့သည်။

"ကဲ....ကဲ... စားကြရအောင် ဗိုက်တွေလဲ ဆာကုန်ရောပေါ့"

အားလုံးအစားဆီသို့သာ အာရုံပြန်ရောက်သွားကြပြီး အသားတွေကို ကင်ရင်းဖြင့် အလုပ်ပြန်ရှုပ်သွားကြတော့သည်။

ကျန်းဟောက်မှာ ဆောင်းဟန်ဘင်းနှင့် ဟန်ယူဂျင်းတို့၏ကြားထဲတွင် ထိုင်နေခဲ့တာဖြစ်သည်။ သူ့ဘေးရှိနှစ်ယောက်မှာ သူတို့ကင်သမျှအသားကင်တွေကို ကျန်းဟောက်၏ပန်းကန်ထဲသို့ ထည့်ပေးလာကြတာမို့ ကျန်းဟောက်ပန်းကန်ထဲတွင် အသားတွေတောင်လိုပုံနေတော့သည်။

ကျန်းဟောက် ဆလပ်ရွက်တစ်ခုကို ဖျန့်ကာကိုင်ရင်း အသားဖက်တစ်ခုကိုအချဉ်ရည်တို့ကာ ဆလပ်ရွက်ထဲထည့်လိုက်သည်။ ပြီးနောက် အသားကို ဆလပ်ရွက်ဖြင့် လိတ်လိုက်သည့်အခါ ဆလတ်ရွက်ကပေါက်သွားတာကြောင့် အချဉ်ရည်တစ်ချို့က သူ့လက်ချောင်းတွေပေါ် စီးကျလာသည်။

"အ!"

လက်က ရုတ်တရက်စပ်သွားတာမို့ လက်ထဲက ဆလပ်ရွက်နဲ့ထုတ်ထားသည့်အသားလေးမှာ ပြုတ်ကျတော့မည့်ဆဲဆဲတွင် အချိန်မှီကယ်တင်နိုင်လိုက်သည်။ ပြီးနောက် ခပ်မြန်မြန်ပင် သူ့ပါးစပ်ထဲထိုးထည့်လိုက်သည်။ အစားအသောက်ဖြုန်းတီးသည့်သူမှာ လူ့အမှိုက်ပင်။ ဒါက သူ့ခံယူချက်ဖြစ်သည်။

ကျန်းဟောက်ဖြစ်နေသမျှကို အနားမှ ဆောင်းဟန်ဘင်းက သတိထားမိတာကြောင့်

"ဘာဖြစ်လို့လဲ?"

"ဟင်? ဘာကိုလဲ"

"ခုနက တစ်ခုနဲ့ထိမိလို့လား"

"လက်က စပ်နေတာ"

ပြီးနောက် သူ့လက်အားမြှောက်ကာ စပ်နေသည့် လက်မကို ကြည့်လိုက်သည်။

ဆောင်းဟန်ဘင်း ကျန်းဟောက်လက်ကို ဆွဲယူကာ ကြည့်လိုက်တော့ လက်မတွင် ဓားထိထားတဲ့ ဒဏ်ရာလေးရှိနေသည်။

တစ်ရှူးတစ်ရွက်ယူလိုက်ပြီး သူ ကျန်းဟောက်လက်ကို တစ်ရှူးလေးဖြင့် သုတ်ပေးလိုက်သည်။

"ဓားထိထားတာဘဲ"

"အွန်း.... ခုနက သရက်သီးခွဲတုန်းက ထိတာထင်တယ်"

ကျန်းဟောက်မှာ သရက်သီးခွဲတဲ့ဆီကို အာရုံစိုက်လွန်းခဲ့တာကြောင့် သူ့လက်ကို ထိမိသွားသည်ကို သတိမထားလိုက်ပေ။ ဒဏ်ရာကလဲ အရမ်းကြီးမနက်တာကြောင့် ယခု အချဉ်ရည်နဲ့ထိသည့်အခါမှ သူသတိထားမိသွားတာဖြစ်သည်။

"ခနလေးနော်....အနာကတ်ပလာစတာ သွားယူပေးမယ်"

ကျန်းဟောက် ခေါင်းညိတ်ပြလိုက်သည်။ ဆောင်းဟန်ဘင်းက အနာဂတ်ပလာစတာ ယူပေးမယ်ပြောတာကြောင့် အနားက ရေသန့်ဘူးထဲမှရေဖြင့် သူ့လက်ကို ဆေးလိုက်ပြီး နေရာတွင်သာထိုင်စောင့်နေလိုက်သည်။

ဆောင်းဟန်ဘင်းအနာကတ်ပလာစတာ တစ်ခုနှင့်ပြန်ရောက်လာပြီး ကျန်းဟောက်လက်အား ကပ်ပေးလိုက်သည်။

"ကဲ....ကလေးတွေ အန်တီတို့တော့ နားတော့မယ်ကွယ်၊ အေးဆေးနေကြနော်"

ဆောင်းဟန်မိဘတွေမှာ အနည်းငယ်သာ စားသောက်ကြပြီး အထဲဝင်နှင့်ကာ နားနေပြီးဖြစ်သည်။

သူတို့လူငယ်တွေချည်းဘဲ ကျန်နေတော့တာကြောင့်-

"TAERAE SHOW TIME!!!!"

ထို့နောက် ထယ်ရယ်က ဂစ်တာ လက်ကွက်အနည်းငယ်တီးလိုက်ကာ အစချီလိုက်သည်။ ထယ်ရယ် ရှိုးနဲ့ ပတ်သက်၍ ပထမဦးဆုံးအတွေ့ကြုံမို့ ကျန်းဟောက် စားနေတာကို ရပ်လိုက်သည်။

"ဘယ်သူအရင်စမှာလဲ?"

ပတ်ဂွန်ဝုက လက်ထောင်လာကာ

"ငါ...ငါ...ငါ အရင်စမယ်၊ what 2 do"

"ဟုတ်ပြီး"

ထယ်ရယ်က ဂစ်တာ စတင်ကာ တီးခတ်လိုက်သည်။ ကျန်းဟောက် ကိုးရီးယား သီချင်းတွေနဲ့ သိပ်မရင်းနှီးပေ။ သို့ပေမယ့် ဂစ်တာသံအစပိုင်းလေးကို ကြားလိုက်ရတော့ သူ ကြားဖူးနေသလို ခံစားရကာ ရင်းနှီးနေသည်။

PGW(နေ့တစ်နေ့ ကုန်လွန်သွားတာတောင်

မြည်မလာတဲ့ phone~

အခုတော့ ဒီလိုမျှော်နေရတာနဲ့ ပိုပြီး နေသားကျလာပါပြီး

စီးဆင်းနေတဲ့ သဲနာရီလိုမျိုး

ပင့်သက်တွေသာ များသည်ထက်များလာခဲ့ပြီး

မင်းနဲ့ပတ်သက်တဲ့ ငါ့ရဲ့မျှော်လင့်ချက်တွေ တဖြည်းဖြည်းနဲ့ လျှော့နည်းလာခဲ့တယ်)

ထိုနေရာမှစ၍ ပတ်ဂွန်ဝုက ဆောင်းဟန်ဘင်းက အချက်လာပြတာကြောင့် ဆောင်းဟန်ဘင်းက ဆက်ဆိုလေသည်။

SHB(ယုံကြည်ပေးပါဆို

အလုပ်များနေခဲ့လိုဆို

ကသိကအောက်နိုင်တဲ့ ဆင်ခြင်တွေပေးနေတဲ့ မင်းကိုမြင်နေခဲ့တာတောင်

ငါမသိချင်ယောင်ဆောင်ခဲ့တယ်

စိတ်ထဲမှာတော့ အကုန်သိနေခဲ့ရင်တောင်

ဖြစ်နိုင်တာက မင်းပြောင်းလဲသွားတယ်ဆိုတဲ့ အမှန်တရားကို မယုံချင်သေးလို့ဘဲ ထင်ပါရဲ့)

PGW & SHB

(Tell me what 2 do~

I don't know what to do

Your love is just a memory

Baby it's your last time

To give me your best try

And to give your heart to me)

သီချင်းလေးက အေးအေးလေးဖြင့်သာ အဆုံးသတ်သွားသည်။ တစ်ပုဒ်လောက် စ လိုက်ပြီးသည်နှင့် လူတိုင်းရဲ့ စိတ်အခြေနေမှာ အလွန်ကောင်းမွန်လာတော့သည်။

"အစကောင်းတယ်ဟေ့"

မတ်သရူး ယခုအခြေနေလေးအား အလွန်သဘောကျတာကြောင့် မနေနိုင်ဘဲ ထုတ်ပြောလာသည်။ ကျန်းဟောက်မှာ ပါးစပ်လေးအဟောင်းသားဖြင့် လက်ခုတ်တီးရင်း လိုက်ကြည့်နေမိသည်။ သူထိုသီချင်းကို အရင်က ထယ်ရယ်၏ Youtub channel ထဲဝင်ကြည့်ခဲ့တုန်းက ဂွန်ဝုနဲ့ ဆောင်းဟန်ဘင်းတို့ နှစ်ယောက် အတူ cover ဆိုထားသည်အား သတိရသွားသည်။

"ဘယ်သူဆိုဦးမလဲ?"

"မင်းမဆိုဘူးလား? ဒီမှာ မင်းနဲ့မဆုံဖူးသေးတဲ့ ကျန်းဟောက်ရှိနေတုန်း နည်းနည်းပါးပါး စကေးပြပါလား"

မတ်သရူးက ကျန်းဟောက်အား ထယ်ရယ်နှင့် မိတ်ဆက်ပေးလာသည်။

ထို့ကြောင့် ကျန်းဟောက်အား ပြုံးပြကာ မတ်သရူး၏ တောင်းဆိုချက်အား လက်ခါပြရင်း ငြင်းလိုက်သည်။

"ငါ ဒီမလာခင် stream လာရသေးတာ၊ လည်ချောင်းကို အနားပေးမှရမယ်"

ထို့နောက် သူ ကျန်းဟောက်အား အားနာသည့် အမူရာဖြင့် ပြုံးပြကာ

"ကျွန်တော် နောက်တစ်ခါမှဘဲ ဆိုပြပါ့မယ်၊ ဒီနေ့တော့ အတီးပိုင်းကိုဘဲ တာဝန်ယူလိုက်တော့မယ်"

တစ်ဖက်လူက သဘောကောင်းကာ ကျိုးနွံတာမို့ ကျန်းဟောက်က

"ရတယ်၊ ကျွန်တော် video လိုက်ကြည့်ထားကတည်းက မြင်ဖူးချင်နေတာ၊ အဆင်ပြေတဲ့တစ်ခေါက် ထပ်ဆုံကြတာပေါ့"

ထိုအချိန်တွင် ဂယူဘင်က Ricky အား တံတောင်နှင့် တွတ်နေတော့သည်။

Ricky က စားနေရင်းဖြင့်

"Okay okay....ထယ်ရယ် မင်းဟိုသီချင်း မှတ်မိသေးလား The unbreakable love ဆိုတဲ့ တစ်ပုဒ်"

"Okay!"

Ricky

(ကြယ်တာရာစုကြီးရဲ့ အမိုးကိုမြင်တဲ့အထိ မင်းနဲ့ အတူလမ်းလျှောက်ချင်တယ်

မင်းရဲ့ အဆုံးမရှိ စောင့်ဆိုင်းနေရတာကို ကျော်ဖြတ်ကြမယ်

မင်းရဲ့ကူကယ်ရာမဲ့နေတာတွေကို တခြားသူတွေ မသိမှာစိုးရိမ်မိတယ်

မင်းကို ကလေးတစ်ယောက်လိုဆက်ဆံနေတဲ့ ငါ့ကိုထားသွားလိုက်ပါ

မင်းလဲ ငါ့ကိုလွမ်းနေမယ်လို့ထင်ပါတယ်

လူအုပ်ကြားထဲ လမ်းပျောက်နေမှာ ငါကြောက်မိတယ်

ကိစ္စမရှိပါဘူး မင်းနောက်ပြန်လှည့်ကြည့်တဲ့အခါ

ငါက ဒီနေရာမှာဘဲ အမြဲရှိနေတယ်ဆိုတာ မင်းတွေ့လိမ့်မယ်

မင်းကငါ့ကို ငါဘယ်တော့မှ အဆုံးရှုံးမခံချင်တဲ့ အချစ်မျိုးပေးတယ်

မင်းရဲ့သတင်းစကားတိုင်းက နှလုံးခုန်နှုန်းတွေဘဲ

စက္ကန့်တိုင်း မင်းကို ငါ့လက်မောင်းတွေကြားမှာ ဖက်ထားချင်မိတယ်

မင်းက ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးဘဲ

မင်းက ငါဘယ်တော့မှ အဆုံးရှုံးမခံချင်တဲ့ အချစ်တစ်ခုပါဘဲ

မင်းရဲ့အသက်ရှူသံတွေက တောင်ကုန်းတွေ ကျော်လွန်ပြီး ဝေးကွာနေရင်တောင်

ယုံကြည်ပေးပါ ငါမင်းကိုပေးတဲ့အချစ်တွေက

မင်းရဲ့အချစ်နဲ့ထိုက်တန်တယ်ဆိုတာကိုပေါ့)

သီချင်းဆုံးသည်နှင့် ဂယူဘင်မှာ Ricky အား ချစ်ရသည့်စိတ်တွေ လျှံကျလာပုံရသည်။ အားလုံး၏ ရှေ့မှာပင် သူ Ricky ရဲ့ပါးကို ခပ်ဖွဖွလေး နမ်းလာသည်။  ထိုသီချင်းက ဂယူဘင်စိတ်ဆိုးခဲ့စဉ်က Ricky က ဆိုပြကာချော့ခဲ့တာမို့ သူ့မှာ သဘောကျမဆုံးဖြစ်နေရသည်။

အားလုံးမှာ အားးးး ခနဲအော်ကြကာ ဟန်ယူဂျင်းရဲ့ မျက်ဝန်းတွေကို ကာဖို့အတွက် ကြိုးပမ်းလာကြသည်။ ဂျန်ယူရီက သူမ အနားမှ အာရမ်ကို ကွယ်ဖို့ လုပ်ပေမယ် အာရမ်မှာ ဂျန်ယူရီရဲ့လက်ကို ဖမ်းလိုက်ပြီး မျက်တောင်မခတ်တမ်း အားရပါးရကိုကြည့်နေတော့တာပင်။

"ဟေးးးဟေးးး မင်းတို့တွေနော် ကလေးတွေရှိတယ်"

ဂယူဘင်းမှာအပျော်လွန်နေတာမို့ Ricky ရဲ့ ပုခုံးတွင် ခေါင်းလေးမှီတင်ကာ

"Sorry...sorry ငါ့ရဲ့ Ricky က ချစ်ဖို့ကောင်းလွန်းနေတော့ တစ်ချက်လောက် စိတ်လွတ်သွားတယ်"

"ကျန်းဟောက်ဆိုမလား? မင်းရတဲ့ သီချင်းရှိလား"

မတ်သရူးက အရင်ကတည်းက ကျန်းဟောက်သီချင်းဆိုတာကို ကြားဖူးချင်နေခဲ့တာမို့ သတိတရပင် မေးလာသည်။

ကျန်းဟောက်မှာ သိပ်မသေချာတာကြောင့်

"ငါဆိုချင်ပေမယ့်....ဟို... ဘယ်လိုပြောရတာလဲ"

နောက်ဆုံး သူ Ricky အား တရုတ်လိုလှမ်းပြောတော့ Ricky က ဘာသာပြန်ပေးလာသည်။

"Guitar chords ကို ထယ်ရယ်မသိမှာ စိတ်ပူနေတာ"

ထိုအခါ ဆောင်းဟန်ဘင်းက

"အာ~ မင်းဆိုချင်တဲ့ သီချင်းကို ထယ်ရယ်ကိုပြကြည့်ပါလား၊ သူခန ကြည့်ပြီးရင် ရသွားလိမ့်မယ်"

"ဟုတ်လား.... ဒါဆိုခနလေး"

ကျန်းဟောက် သု့ဖုန်းကနေ Long distance ဆိုတဲ့ တရုတ်သီချင်းအား ရှာလိုက်ပြီး ထယ်ရယ်ကို ပြလိုက်သည်။

ထယ်ရယ်က မိနစ်အနည်းငယ်ကြာပြီးနောက် okay sign လေးပြလာတာမို့ ကျန်းဟောက်မှာ ချောင်းတစ်ချက်ဟန့်က အဆင်သင့်ပြင်လိုက်သည်။

ပြီးနောက် ဆောင်းဟန်ဘင်းဘက်လှည့်ကာ လက်ခါပြပြီး

"ငါ တကယ် ယုံကြည်ချက်မရှိတော့ဘူး၊ သီချင်းမဆိုဖြစ်တာကြာပြီ"

ဆောင်းဟန်ဘင်း ကျန်းဟောက်ကို အားပေးလိုက်သည်။

"ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်"

ZH

(မင်းနားထောင်ဖူးတဲ့ သီချင်းလေးကို နားထောင်ချင်တယ်

မင်းဖတ်ဖူးတဲ့ ဝတ္ထုလေးကိုဖတ်ချင်တယ်

အခိုက်အတန့်အားလုံးကို စုဆောင်းသိမ်းဆည်းထားချင်တယ်

မင်းမျက်လုံးထဲက ကမ္ဘာကြီးကို မြင်ရချင်တယ်

မင်းရောက်ဖူးတဲ့နေရာတွေကို တွေးကြည့်ရင်း

မင်းနဲ့အတူအချိန်ကုန်ဆုံးချင်တယ်

အခိုက်တန့်တိုင်းကိုလွတ်မသွားချင်ဘူး

ငါတစ်ချိန်လုံးမင်းရဲ့ဘေးနားမှာနေဖို့ကို ပိုပိုပြီး ဆုတောင်းမိတယ်

ရှေ့လျှောက်အစမရှိရင် ဆက်ရန်လဲမရှိ

မင်းပျော်ရင် ငါလဲကိစ္စမရှိပါဘူး

မင်းအပေါ် ငါအသိကျွမ်းဆုံးပါ

မင်းကလွတ်လပ်တာကိုချစ်ပေမယ့်

ငါကကျ မင်းကိုပိုချစ်တယ်

အကွာအဝေးတစ်ခုထိ ဝေးဝေးနေရတာကို ငါကျင့်သားရနေပါပြီး

အချစ်ဆိုတာ တစ်ယောက်တည်းသက်ဆိုင်တာမှ မဟုတ်တာ

တခြားနည်းလမ်းပြောင်းဖို့ပြင်ဆင်ပြီး အနည်းဆုံးတော့ မင်းကိုအဝေးကနေ ချစ်နေနိုင်သေးတယ်

အချစ်က အကွာအဝေးကိုတောင် စိုးမိုးနိုင်တယ်

ဘယ်လောက်ဝေးဝေးအတူတူရှိနေချင်တယ်

ငါ့ရဲ့ကမ္ဘာထဲမှာ နင်မရှိတော့ဘူးဘဲ

ငါ့ရဲ့အမှတ်တရတွေကို ကျေးဇူးပြုပြီး ထားမသွားပါနဲ့)

ကျန်းဟောက် မျက်လုံးတို့မှိတ်ထားရာမှ ပြန်ဖွင့်လိုက်သည့်အချိန်ထိ အားလုံးက ငြိမ်သက်ပြီး သူ့ကိုသာ ငေးကြည့်နေကြသည်။

ဦးဆုံးတုံ့ပြန်လာသူမှာ ဂျန်ယူရီ ဖြစ်သည်။

"ဘာလို့ နားထောင်ကောင်းနေရတာလဲ"

"ကျန်းဟောက်ကော! ကောဆိုသွားတာ အရမ်းနားထောင်ကောင်းတာဘဲ"

ကျန်းဟောက် ရှက်ပြုံးလေးပြုံးကာ နှာတစ်ချက်ချေလိုက်သည်။

ညလဲ ညည့်နက်လာတာမို့ အပြင်ဘက်တွေ တိုက်ခတ်နေသောလေပြေညှင်းမှာ တဖြည်းဖြည်း အေးလာတာကြောင့် အေးလွယ်သည့်ကျန်းဟောက် လေတစ်ချက်အဝေ့တွေ ကြက်သီးလေးတွေပါ ထ လာရသည်။

"အေးလို့လား?"

"အင်း နည်းနည်းအေးလာပြီး"

ပူတတ်တဲ့ ဆောင်းဟန်ဘင်းမှာတော့ လက်ပြတ်လေးနဲ့အဆင်ပြေနေပေမယ့် ကျန်းဟောက်မှာ အနည်းငယ် အေးလာသလို ခံစားနေရသည်။

"Hoodie တစ်ထည်ယူခဲ့ပေးမယ်နော်"

သူတို့အားလုံး ဗိုက်တင်းနေကြပြီး ဖြစ်ကာ အချိုတည်းရန် အိမ်ထဲတွင် အသီးတချို့ယူရမှာမို့ ညီမဖြစ်သူကိုပါ အတူခေါ်သွားလိုက်သည်။

ဆောင်းဟန်ဘင်းပြန်ရောက်လာချိန်တွင် ဂျန်ယူရီမှာ အိမ်ကလာကြိုတာကြောင့် ပြန်သွားနှင့်ပြီဖြစ်သည်။

"မင်းကို ခနစောင့်ဖို့ပြောလိုက်သေးတယ်၊ မစောင့်တော့ဘူးဆိုပြီး ပြန်သွားနှင့်ပြီ"

"ဟုတ်လား"

ကျန်းဟောက် ဆောင်းဟန်ဘင်းယူလာပေးသည့် ခေါင်းစွပ်ပါ hoodie အပါးလေးအား ခပ်မြန်မြန်ပင် ဝတ်ထည့်လိုက်ပြီး ယူလာသည့် အသီးတွေကို ထိုင်စားနေတော့သည်။

ထို့နောက် သူတို့အချိုတည်းကြရင်း Taerae show လေးကို ပြန်၍ စ တင်ကြသည်။ နောက်ပိုင်း မနားတမ်း ဆိုနိုင်လွန်းသူမှာ မတ်သရူးဖြစ်သည်။ English သီချင်းကိုအများဆုံးဆိုပေမယ့် သူရတဲ့ ကိုးရီးယားသီချင်းတချို့ကိုလဲဆိုပြလာသည်။

ဂယူဘင်းက သရက်သီးပန်းကန်ကို သူ့ရှေ့ချရင်း

"အာ~ ငါ တကယ် ဒီအခိုက်တန့်လေးကို တအား သဘောကျတာဘဲ၊ ငါတို့တွေ အမြဲ ဒီလိုလေး နေနိုင်ရင်ကောင်းမယ်"

ကျန်းဟောက်မှာလဲ ဒီလိုအတွေ့ကြုံမျိုးက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ကမ္ဘာသစ်တစ်ခုအား ရှာတွေ့လိုက်သလိုပင်။ သူဘယ်လောက်ပျော်နေတယ်ဆို ထုတ်ဖော်ပြသဖို့ စကားလုံးမရှိပါ။ သူ ဒီအချိန်အတိုင်းတာလေးကို ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။ ကိုးရီးယားကို ပြောင်းလာခဲ့တာ မှန်သွားသည်ဟု တွေးလိုက်မိသည််။

"ငါအမှန်တိုင်းပြောရရင် ငါ့ဘဝမှာ ဒီလိုမျိုး တစ်ခါမှမကြုံဖူးဘူး၊ မင်းတို့ကြောင့်နဲ့ ၊ မင်းတို့နဲ့ဆုံတွေ့ရလို့သာ ဒီလိုမျိုးတွေ ဖြစ်လာတယ်လို့ တကယ်ခံစားရတယ်။ ငါနဲ့ အတူကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးပေးလို့ တကယ် ကျေးဇူးတင်ပါတယ်"

ကျန်းဟောက်ရဲ့ စကားကိုကြားပြီးနောက် မတ်သရူးက သူ့သူငယ်ချင်းအား ကြည့်လာပြီး

"ငါပြောသားဘဲ၊ လူငယ်ဘဝကို ဘယ်လိုဖြတ်သန်းရလဲဆိုတာ မင်းကိုပြပေးမယ်"

ဂယူဘင်မှာလဲ ညည်းတွားလာသည်။

"အာ~~~~ ငါတကယ်ကြီးကို နွေရာသီအားလပ်ရက်မှာ ခရီးသွားချင်နေပြီး၊ ကျန်းဟောက် မင်း တရုတ်ကို မပြန်နဲ့တော့၊ ငါမင်းရဲ့ ပတ်စပို့ကို ခိုးထားမှာ"

မတ်သရူးကလဲ ထောက်ခံလာသည်။

"ဟုတ်တယ်၊ မင်းမပြန်နဲ့တော့"

ZH "........."

PGW "မတ်သရူးပါရင် ငါလဲလိုက်ခဲ့မယ်"

TR "ငါလဲအဆင်ပြေတယ်"

HYJ "ကျွန်တော် အိမ်ကို ခွင့်ပြုချက်တောင်းလိုက်မယ်"

အကုန်လုံးက သွားကြမှာမို့ ကျန်းဟောက် မရိုးမယွလေးဖြစ်လာရသည်။

" ငါ့အဖေကို ခွင့်ပြုပေးဖို့ တောင်းဆိုလိုက်မယ်"

KGYV "မင်းအဖေခွင့်မပြုလဲရတယ်၊ ငါ မင်း ပတ်စ်ပို့ကို တကယ်ခိုးသိမ်းထားမှာ၊ ဆောင်းဟန်ဘင်း? မင်းရော?"

AR " အိုးပါးသွားရင် ညီမလေးပါ လိုက်မှာနော်"

ပုံမှန်မဟုတ်စွာပင် ဆောင်းဟန်ဘင်းမှာ ခရီးထွက်ကြဖို့တိုင်ပင်နေကြသည်ကိုသာ လက်ပိုက်ရင်းထိုင်ကြည့်နေပြီး တစ်ခွန်းတစ်လေမှ ဝင်ဆွေးနွေးချင်းမပြုလာပေ။ ထို့ကြောင့် အကုန်လုံးက သူ မသွားချင်ဘူးဟု ထင်လိုက်ကြမိသည်။

"လိုက်ခဲ့စမ်းပါ.... မင်းက တစ်ယောက်တည်းကျန်ပြီး ဘာနေလုပ်မှာလဲ?"

မတ်သရူးစိတ်မရှည်စွာ စားပွဲခုံအောက်မှနေ၍ ဆောင်းဟန်ဘင်း၏ ခြေထောက်အား လှမ်းကန်ဖို့ကြိုးစားရင်း ပြောလိုက်သည်။

ဆောင်းဟန်ဘင်းက သတိကပ်စွာ အလျင်အမြန်ရှောင်တိမ်းနိုင်ပြီး အံကြိတ်ကာ ပြုံးလိုက်သည်။

"တကယ်တော့...."

ဆောင်းဟန်ဘင်းက စကားကိုတန်းလန်းထားခဲ့တာကြောင့် အားလုံး သူဆက်ပြောလာမည်ကို စောင့်နေကြသည်။

"အခုထိတော့ တရားဝင်မပြောသေးပေမယ့်၊ ငါကြားထားတာ တစ်ခုတော့ရှိတယ်"

"..........."

"ကျောင်းက ဒီနှစ်အတွက် လေ့လာရေးခရီးကို ဆောင်းရာသီမှာမဟုတ်ဘဲ ဒီလာမဲ့ နွေရာသီအားလပ်ရက်မှာ ပို့ပေးမယ်လို့ပြောတယ်"

ထိုအချိန်တွင် အဖွဲ့နှစ်ဖွဲ့ကွဲသွားလေသည်။

အထက်ကျောင်းက ခရီးစဉ်တွင် အလယ်တန်းကျောင်းက မပါတတ်သည်က များတာမို့ ဟန်ယူဂျင်းနှင့် အာရမ်မှာ မှုန်ကုတ်သွားရတော့သည်။

သို့ပေမယ့် အထက်တန်းကျောင်းဘက်က တစ်အုပ်မှတော့ အပျော်လွန်ကာ ထ အော်ကြတာမို့ ဆောင်းဟန်ဘင်း မနည်းပြန်ထိန်းလိုက်ရသည်။

ဂယူဘင်က တောက်ပနေတဲ့မျက်လုံးများဖြင့်

"ဘယ်ကိုတဲ့လဲ? ဘယ်ကိုပို့ပေးမယ်ပြောသေးလဲ?"

"အဲ့ဒါတော့ ငါလဲသေချာမသိဘူး၊ အစည်းအဝေးလုပ်နေတဲ့ချိန် ရုံးခန်းထဲ ကိစ္စရှိလို့ရောက်သွားတုန်း ကြားခဲ့ရုံဘဲ၊ ဒီအပတ်ထဲမဟုတ်ရင် နောက်အပတ်ထဲပြောလိမ့်မယ်ထင်တယ်"

ဂယူဘင်က ကျေနပ်အားရစွာဖြင့်-

"ငါ စာမေးပွဲဖြေဖို့ကို မစောင့်နိုင်တော့ဘူး၊ ဒီတစ်ခါဘဲ စာမေးပွဲမြန်မြန်ဖြေပါစေ ဆိုတဲ့စိတ်ဖြစ်ဖူးတော့တယ်"

ကျန်းဟောက်မှာလဲ သူ့အဖေကို သေချာပြောပြသင့်သည်ဟု စိတ်ထဲတွေးလိုက်သည်။ ကျောင်းလေ့လာခရီးက ပျော်စရာကောင်းမည့်ပုံပင်။ ဆောင်းဟန်ဘင်းတို့နဲ့သာဆို ပျော်စရာကောင်းမည်က အသေချာပင်။

==============

TBC.......

1 January, 2025

Double update လေးပါနော်။🫶

စဉ်းစားထားတဲ့အတိုင်းအကုန်ရေးချလိုက်တာ စာလုံးရေ ၅၀၀၀ ကျော်သွားလို့ လန့်သွားတယ်။ သီချင်းစာသားချည်းဘဲ ၁၀၀၀ လောက်ရှိမယ်ထင်တယ်🫨

သီချင်းစာသားတွေက YT က ဘာသာပြန်တွေကိုဘဲ တိုက်ရိုက်ကူးထားလိုက်တာ။ သက်ဆိုင်ရာ channel တွေကို crd ပေးပါတယ်နော်🥺