Chapter 9: part 8{U}

နှလုံးသားထက်က လက်တစ်စုံ (Completed)Words: 29176

မာန် ကားထဲတွင်  မျိုးမြင့် အလာကို ထိုင်စောင့်ရင်း လက်ပတ် နာရီ ကြည့် လိုက်သည်။ ဒီနေ့အတူ မျိုးမြင့်က သူအား ရုပ်ရှင်ကြည့်ရန် အတင်းခေါ်သောကြောင့် မလိုက်ချင်သော်လည်း လိုက်ခဲ့ရသည်။

*ကျစ် 12:15 တောင်ရှိနေပြီ။ ပြောတော့ 12လာခေါ် ဆိုပြီး ။ အခု ချိန်ထိ ဟိုသကောင်သားက ပြင်လို့ဆင်လို့ကိုး မပြီးနိုင်ဘူး*

တွေးတုန်းရှိသေး ခြံဝန်းထဲမှ တရောသောပါး

ပြေးထွက်လာသောမျိုးမြင့် ။ ကား တံခါးကို

အမြန်ဆွဲဖွင့်လိုက်ပြီး lover seat တွင် ဝင်ထိုင်လိုက်သည်။ ဆံပင် ကို သေချာ ဖြီးလိမ်းထားသော်လည်း ပြေးလာသောအရှိန်ကြောင့် ငယ်ထိပ်က ဆံပင်များ ထိုးထောင်လျက်။

''ပြောတော့ 12လာခေါ် တဲ့။ အခုကျ လာခေါ်

ခိုင်းတဲ့သူက နောက်ကျ တာ။ပုံစံလည်းကြည့်အုံး။ ဒါလား ရွိုင်းထားတာ ။ ကြွက်စုတ်ကေ နဲ့''

သွားခါနီး လာခါနီး ကျမှ ပြင်ဆင်တတ်သည့်

အကျင့်ရှိသော မျိုးမြင့်တစ်ယောက် အမြန်နှုန်း နည်းနဲ့ ပန်းကန်လုံးစီးထား သောကြောင့် မာန်ကားထဲတွင် အမောဖြေမယ် ကြံသေး။ကားထဲဝင် ထိုင်ထိုင်ချင်း  ကိုယ်တော်ချော မာန်ရဲ့ အပြစ်တင်သံကို ကြားရတော့သည်။

''ကဲကဲ အပြစ်တင်ဖို့ဘဲ စိတ်စော မနေနဲ့။

မြန်မြန်မောင်း ။ ရုပ်ရှင်စ ဖို့ 15မိနစ်ဘဲလိုတော့တယ်။''

မာန်ရဲ့ညာဘက်ပုခုံးကို လက်ဖြင့် ပုတ်ရင်း ပြောလိုက်သည်။

''မောင်းမှာပါ''

မာန်လည်း ဆောင့်ကြီး အောင့်ကြီးပြောပြီး New Ocean သို့ ဦးတည် မောင်းလေတော့သည်။

New Ocean ရောက်တော့ 12:35ရှိနေပြီ။

မျိုးမြင့်ကတော့ လက်မှတ် လတ်တလော

အသစ်ထွက်ထားသောMovie ကို ကြည့်ဖို့

နှစ်ယောက်စာလက်မှတ် မြန်မြန်ဝယ်နေတုန်း

နေရဲမာန်က မုန့်ရေဘူး pop corn ဘူးဝယ်ပြီး လက်ထဲတပွေ့တပိုက်ကြီးသယ်ကာ

''ဟေ့ကောင် မျိုးမြင့် ငါ့လက်ထဲကဟာ

တွေ တစ်ဝက်ယူအုံး ။ လက်မှတ်လေး ကိုင်ပြီး ကြော့ကြော့မော့မော့နဲ့''

လက်မှတ်စစ် counter တွင် လက်မှတ်ဖြတ်ပြီး လက်လေးပိုက်ကာ အခန့်သားရပ်စောင့်နေသော မျိုးမြင့် တစ်ယောက် မာန်ရဲ့ ပြောသံကြားမှသာ သယ်ချင် မသယ်ချင် သည့်ပုံစံံဖြင့်

''ပေး ပေး . . .ဒါလေးသယ်ရတာကိုး''

မဲ့ကာပြောရင်း နှစ်ကောင်သမား ရုပ်ရှင်ရုံထဲသို့ချီတက်လေတော့သည်။

~~~

ဧည့်ခန်းထဲတွင် သတင်းစာ ဖတ်နေသော

မေမေအား  မင်းမခတစ်ယောက် မသိမသာ

အရိပ်အကဲကြည့်ကာ ဒီနေ့ Huatai (မုန့်ကုန်ကြမ်း ပစ္စည်းအရောင်းဆိုင်) သို့

လိုက်ပို့ခိုင်းသင့် မသင့် စဉ်းစားနေသည်။

ဖေဖေကလည်း အိမ်မှာမရှိ။ နယ်ဘက်မှာ

ရှိသော ပွဲရုံ ကိစ္စကြောင့် သောကြာနေ့

နေ့လည်ကတည်းက ခရီး ထွက်သွားသည်မှာ မေမေပြောလို့ပင်သိခဲ့ရသည်။

လှပစွာ ထုဆစ်ပုံဖော်ထားသော ရွယ်စုံ ပန်းပု

ရုပ်ထု များ . . .ဖြူ နဝါပြာ အရောင်အသွေးစုံလှသော  အလှပန်းပင်အိုးလေးများ

သပ်သပ်ရပ်ရပ်တင်ထားသော စင်နောက်တွင် မကြာခဏ ချောင်းကြည့်နေသည့် မင်းမခအား အမေလုပ်သူ ဒေါ်နန်းသင်းက သတိထားမိသွားသည်။ သား၏အမူအရာကို နားလည်သဘောပေါက်သော ဒေါ်နန်းသင်းက

'' စင်နောက်က ကောင်လေး။ဘာလို့ခဏခဏ ချောင်းကြည့်နေတာလဲ။ဒီအမေ

သတင်းစာဖတ်နေပေမဲ့ ရိပ်မိတယ်နော်။ ကဲ ပြော ဘာလုပ်ချင်တာလဲ သား''

မလှမ်းမကမ်းမှ မေးလိုက်သည်။

သူချောင်းကြည့်တာကို မေမေသိသွားသော

ကြောင့် ဖြူဖွေးနေသော သွားတန်းလေးများ

ပေါ်အောင်ပြုံးလိုက်ပြီး လက်ညှိးတစ်ချောင်း ထောင်ကာ

''ဟိုလေ သား မိဘမဲ့ကလေး တွေအတွက်

ကိတ်မုန့်လေးတွေလုပ်ကြည့်မလို့ လိုအပ်တဲ့ ပါဝင် ပစ္စည်းတွေ သွားဝယ်ချင်လို့ ။ ဒီနေ့ မေမေ အားတယ်မလား။ အာတာ မေမေကို Huatai ကို  လိုက်ပို့ ခိုင်းမလို့။ ပြောသင့် မပြောသင့်စဉ်းစားနေတာ ''

''အော်။ ဘာများလဲလို့။ လိုက်ပို့ပေးမယ်။ အမေတို့ သားအမိနှစ်ယောက်လည်း အတူတူ

မထွက်ရတာကြာပြီ ။မေမေလည်းNew Ocean ဘက် ပစ္စည်းဝယ်မလို့။ ကဲသွား ရေမိုး သွားချိုးပြီး အဝတ်အစားသွားလဲတော့။1နာရီ ခွဲတောင်ရှိနေပြီ ။ ရေလည်းမချိုးရသေးဘူး ညစ်ပတ်အိုး

လေး။ ဒီအမေတောင် ရေချိုးပြီးပြီ ။အဝတ်အစားလဲရုံဘဲကျန်တော့တယ်''

မေမေပြောမှ မင်းမခတစ်ယောက် ကိုယ့်ကိုယ်ကို ပြန်ငုံကြည့်ရသည့်အဖြစ်။

'' မေမေ အာဆို သား ရေချိုးပြီး ပြင်ဆင်လိုက်အုံးမယ်''

ဟု ပြောရင်း ဝှစ်ခနဲ အပေါ်ထပ်သို့တက်ပြေးသွားသည်။ လှေကားလယ်တွင် ချော်လဲမလို

ဖြစ်သွားသော  ကောင်လေးအားကြည့်ရင်း

မိခင်ဖြစ်သူမှာ ခေါင်းတရမ်းရမ်းဖြင့်

''ဒီကလေး ကတော့ အမြဲတမ်း ပြာတီပြာယာနဲ့ ''

ပြောပြီး သတင်း စာဆက်ဖတ်နေလိုက်သည်။

2ခွဲသောအခါ သို့  သားတော်မောင် မင်းမခ ပူဆာသည့်နေရာကို အရင်လိုက်ပို့ လိုအပ်တဲ့ကုန်ကြမ်း ပစ္စည်းတွေဝယ်ပြီး  New Ocean သို့ ထပ်မံချီတက်သည်။ရောက်ရောက်ခြင်း အစားတလိုင်းဖြစ်သော မင်းမခ တစ်ယောက် ကြက်ကြော်စားချင်သည်ဟု ပူဆာသောကြောင့် Lorrteria

ကြက်ကြော်ဆိုင်တွင် အရင် ဗိုက်ဖြည့်လိုက်

သည်။ပြီးနောက် လက်တွန်းလှည်း တွန်းကာ New Ocean ထဲတွင် လိုချင်သည့် ပစ္စည်းများကို ကျီးကန်တောင်မှောက်ရှာရင်း လှည့်ပတ်ကြည့်နေသည်။

~~~

ဇာတ်ကားပြီးသွားသောအခါ  မျိုးမြင့်  မုန့်စားချင်သည်ဟု ပူဆာလာသောကြောင့် နေရဲမာန်  ကြက်ကြော်သွားစားရန်ဆုံးဖြတ်လိုက်သည်။

ဘေးမှ နွားစမြှုပ်ပြန်သလို ဇာတ်ကား

ဘယ်လောက်ကောင်းကြောင်း ချီးမွမ်းခန်း

ပြန်ဖွင့်နေသော မျိုးမြင့်ကြောင့် မာန်တစ်ယောက် အထိုက်အလျောက်ပြောကာ ဟိုကြည့် ဒီကြည့်ဖြင့် ထွက်မပြေးရုံတစ်မယ် ခပ်မြန်မြန်ခြေလှမ်းများဖြင့်  လျှောက်လိုက်သည်။

တစ်နေရာ အရောက် . . .ခြေလှမ်းများ တုန့်ခနဲရပ်သွားသည်။ ခြေလှမ်းကျဲသော နေရဲမာန်ကို လှမ်းမမီသောကြောင့် နောက်ကနေ အမှီ စကားတတွတ်တွတ်ပြောနေသော မျိုးမြင့်မှာမူ မာန် ရုတ်တရက် ရပ်လိုက်သော ခြေလှမ်းများကြောင့်

''ဟေ့ကောင် သားကြီး မင်း ဘာလို့ရပ်သွားတာလဲ?"

ပြောရင်း မလှုပ်မယှက် ရပ်ကာတစ်နေရာထဲကို  ငေးကြည့်နေသော နေရာကို သူပါ လိုက်ကြည့်ရာမှ ဈေးဝယ်Centre ထဲတွင် ပစ္စည်းများကို တစ်ခုပြီးတစ်ခုပြီး ယူကာ trolley ထဲသို့ထည့်လိုက်  ခေါင်းလေးကုတ်လိုက် နှုတ်ခမ်းလေးစူလိုက် ဖြင့်  မြန်မာဆန်ဆန်အပြာဝမ်းဆက်ဝတ်ထားသော အမေဖြစ်ဟန် သက်လတ်ပိုင်း အမျိုးသမီး အား စကားပြောလိုက် ဖြင့် အလုပ်ရှုပ်နေသော ကောင်လေး ဆီသို့။

နေရဲမာန် ရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့ကောင်လေး။

တော်ရုံတန်ရုံ မိန်းကလေး မပြောနဲ့။ နေရဲမာန်ရဲ့ attention ကို ချောပေ့လှပေ့ ဆိုတဲ့ကောင်မလေး တွေကတောင် လွယ်လွယ်နဲ့မရ။မာန်ဆိုသည့် အတိုင်း ဟိတ်ဟန်အပြည့်ဖြင့် အချေစတိုင်ရုပ်နဲ့ခပ်တည်တည်နေခဲ့ရသော သူ။ အခုကျ  အရင်တုန်းက  သူစတိုင်နဲ့မှမလိုက် ငေးကြည့်နေသည်မှာ

တိတ်တခိုး သဘောကျရသူ ချစ်ရသူ

တစ်ယောက်ကို အဝေးကနေ

ချစ်ရည်ရွှမ်းသောမျက်လုံးများဖြင့် ကြည့်နေသယောင်။နေရဲမာန် ရဲ့ attention ကို အလိုအလျောက်  သိမ်းပိုက်သွားနိုင်သော

ထိုကောင်လေး. . .

ဒူးအထိရှည်သောဂျင်း ဘောင်းဘီ အနက်

ရောင် နဲ့ အပြာနုရောင် အစင်း ကွက်ကြားကော်လံပါလက်ရှည် ကို လက်ဖျံအထိခေါက်တင်ထား ပြီး Black slippers ကို ဝတ်ဆင်ထားသောကြောင့် ဖြူဖွေးဥနေသော အသားအရေမှာလည်း အဝေးကကြည့်ရုံနဲ့ပင် ထင်းနေရုံမကဆံပင်တိုကို  အနည်း ငယ်စုချည်ထားပြီး ဘေးတစောင်းခွဲထားသော ဆံပင်သည်လည်း နဖူးကို အုပ်လျက် . . .မျက်နှာပေါက်ကျပုံအနေအထားကအစ မိန်းကလေးကဲ့သို့ပင် ။''  ချောသည် '' ဆိုသည့် စကားလုံးအစား ''လှသည်''

ဟု ဆိုလျှင် ထို မင်းမခဆိုသော

ကောင်လေးအတွက် ပိုသင့်လျှော်မည် ထင်သည်။

မာန် ငေးနေရာမှ ခေါင်းကို ဘယ်ပြန်

ညာပြန် လှည့်ကာ တစ်နေရာရာကို ရှာနေမိသည်။ တွေ့ပြီ ဆိုသော သဘောဖြင့် တစ်ချက်ပြုံးလိုက်ပြီး 3season bakery ဆိုင်သို့လှမ်းလာခဲ့သည်။ ထိုဆိုင်သည် မင်းမခ အားမသိမသာ  ရှိုးဖို့အကောင်းဆုံးနေရာ ဖြစ်သည်မဟုတ်လား။

နေရဲမာန်  မုန့်ကောင်တာ ဘက်သို့မသွားဘဲ စားပွဲတစ်ဝိုင်းတွင် နေရာယူလိုက်ပြီး

လက်နှစ်ဖက်ကို ခုံပေါ်သို့တင်ကာ

မေးထောက်ပြီး Ocean  center ထဲက မင်းမခ အား မိန့်မိန့်ကြီးငေးကြည့်နေမိသည်။

မျိုးမြင့် က စိတ်မရှည်တော့သည့် ဟန်ဖြင့်

မတ်တပ်ရပ်လျက် စားပွဲ

မျက်နှာပြင်ကို လက်ဖဝါး နှစ်ဖက် ဖြင့်

အသံအနည်းငယ် ထွက်ရုံမျှ ရိုက်ချလိုက်ပြီး

ကိုယ်ကို ရှေ့သို့ ကိုင်းကာ

'' ဟေ့ကောင် မင်းက ပေါင်မုန့် ကတ်မုန့်တို့

ကြိုက်တဲ့သူမှ မဟုတ်တာ ။ ဘာလို့ဒီဆိုင်လာထိုင်တာလဲ?''

နှစ်ကိုယ်ကြားရုံမျှ လေသံဖြင့် မျက်နှာကြော

တင်းကာ ပြောလိုက်သည်။

'' ငါ ပေါင်မုန့် မကြိုက်ပေမဲ့ မင်းကြိုက်တယ်လေ ။ ရှေ့က ဖယ်စမ်း။ ဟိုမှာ မင်းမမြင်ဘူးလား။ ငါရဲ့ မင်းမခ ဈေးဝယ်နေတယ်။''😎

သူရှေ့က ကွယ်နေသော မျိုးမြင့် ကိုယ်လုံးကို

တွန်းကာ မေးငေါ့ပြရင်း မျက်လုံးများ ကျွတ်ကျမတတ် ငမ်းနေသော နေရဲမာန် အား စုတ်သပ်စွာကြည့်ရင်း

'' မင်း ဘာမှသွားမမှာတော့ဘူးလား။ ဒီမှာဘဲ ဒီလိုကြီး ကျောက်ရုပ်ကြီး အတိုင်းထိုင်နေတော့မှာလား ? ''

'ဒီကောင်တော့ သွားပြီ ။ ဆေးမမှီတော့ဘူး '

ပုံစံဖြင့်ခေါင်းကုတ် ကာ ပြောလိုက်သည်။

''မင်းဘာသာဘဲ ကြိုက်တဲ့ cakes တွေသွား

ရွေးတော့ ။ ငါမလိုက်တော့ဘူး ။ ငါအတွက်  black coffee တစ်ခွက်မှာခဲ့။ ရော့ ဒီမှာ ငါ့ ပိုက်ဆံအိတ် ယူသွား။ ငါ ကျွေးမယ်''

အကြည့်ကတော့ မင်းမခဆိုသော ကောင်လေးဆီကနေ မခွာ  အနက်ရောင် walletကို မျိုးမြင့်အား ကမ်း ပေးရင်း  မှာလိုက်သည်။

*ပိန်သာပိန်တာ။ တော်တော်စားနိုင်မဲ့

ကောင်လေးဘဲ။ trolley ထဲမှာလည်းဘာအထုပ်ကြီးတွေလည်းမသိဘူး  အပြည့်ဘဲ။

ရေခဲမုန့်သရဲလေးဘဲ။ တော်ကြာ ချောင်းတွေဆိုးကုန်မှဖြင့် *

မာန်တစ်ယောက် centre ထဲတွင် ရေခဲမုန့်ဘူးများကို trolley ထဲသို့ တစ်ခုပြီးတစ်ခု ထည့် နေသော မင်းမခ အား ကြည့်ကာ စိုးရိမ်စွာ ကြည့်နေမိသည်။

ထိုကောင်လေးကတော့ သူကို မြင်သည့်မပေါ် ။ အနည်းငယ် အလှမ်းဝေးနေသောကြောင့်

လည်း ဖြစ်ဟန်တူသည်။ ဘေးက မိခင်ဖြစ်သူ က သူ့ခေါင်းလေးပုတ်ကာ လှမ်းတားနေဟန် ဟိုကောင် လေးက နှုတ်ခမ်းလေး စူကာဖြင့် မိခင် အား ပူဆာနေသည့်ရုပ်ဖြင့် . . . .

*ဒီအတိုင်းကျတော့လည်း ကလေးလေး ကျနေတာဘဲ။ *

အတွေးကောင်းနေတုန်း မာန်ရဲ့မျက်နှာ ချင်း

ဆိုင်တွင် မျိုးမြင့် တွင် ဝင်ထိုင်လိုက်သည်။

ဒါတောင် ခေါင်းနည်းနည်းစောင်းကာ

ထိုကလေးအား ခိုးငေးကောင်းတုန်း။

ရှေ့ဆင့် နောက်ဆင့်ဆိုသလိုဘဲ waitress မလေးက မှာထားသည့် cakes နဲ့ juice၊ black coffee ကို လာချပေးသည်။

မျိုးမြင့်က ပန်းကန်ပြားပေါ်က  ကြက်သားကြက်ဥလိပ်ကို  ဓားဖြင့်တစ်တုံးခြင်း လှီး ၍  ခရင်းဖြင့် ထိုးလိုက်ကာ ပါးစပ်ထဲသို့သွင်းလိုက်ပြီး မာန်မျက်နှာကို တည့်တည့်ကြည့်ပြီး

'' ဟေ့ကောင် မင်းတော်ရုံဘဲကြည့်ပါကွာ ။ မင်းမျက်လုံး ကျွတ်ကျတော့မယ်။ ''

ဟု ပြောလိုက်တော့မှ မာန်လည်း အသိဝင်လာကာ သူအဖြစ်ကိုသူ အံသြနေမိသည်။

''ငါလည်း မသိတော့ဘူး။ မင်းမခ ကဘဲအစွမ်းရှိနေတာလား။ သူကိုမြင်လိုက်ရရင်

ငါအမြင်အာရုံတွေက သူဆီကိုဘဲရှိနေတာ။ ''

''မင်းရဲ့အရင်တုန်းက အချေစတိုင်တွေ

ဘယ်ရောက်နေပြီလဲ ငမာန်။ မင်းတွဲခဲ့တဲ့ကောင်မလေး တွေတုန်းက အာလို မဟုတ်ပါဘူး။

အခုများ နေရဲမာန်မဟုတ်တော့သလိုပါဘဲ။

မင်းအခုလို ဖြစ်နေတာ အချစ်နွံနစ်နေတယ် မထင်ပါဘူး ။ မင်းရည်စား မထားတာကြာလို့ အခုလို စိတ်ဂယောက်ဂယက်ဖြစ်နေတာ ''

''တော်ပါကွာ ။ ငါအရင်တုန်းက တွဲခဲ့တယ်ဆိုတာ ပျင်းလို့။ ပြီးတော့ RS ရဲ့အရသာ ဘယ်လိုဆိုတာ သိချင်လို့ ။ ဘာနှလုံးသားခံစားချက်မှ မပါဘူး''

မျိုးမြင့် ပါးစပ်ထဲသို့ hot dog ခပ်ကြီးကြီး တစ်ကိုက်ကိုက်ပြီး ပလုပ်ပလောင်းဝါးရင်း

''အခုကျတော့ရော မင်းက ခံစားချက်ရှိတယ်

ပေါ့''

နေရဲမာန်အား ပြောင်သလိုလို အကြည့်ဖြင့်

ကြည့်ကာ ပြောလိုက်သည်။

''မတူဘူး ကွ ။ ရည်းစား ဘယ်လောက်ပင်တွဲတွဲ ကိုယ် တကယ် ချစ်ရသူ နဲ့တွေ့ရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကွာတယ် ။ ငါ မင်းမခဆိုတဲ့ကောင်လေးကို စတွေ့ကတည်းက စိတ်ဝင်စားမိတယ် ။

သူ အကြောင်း ကို လည်း သိချင်မိသည်။

ကုန်ကုန်ပြောရရင် တစ်နေ့တာလုပ်ငန်း သူဘာနှစ်သက်လဲ ဘာမကြိုက်တာလဲ သူရဲ့စိတ်နေစိတ်ထားက အစ သိချင်တယ် ။ မရှက်တမ်းဝန်ခံရရင်သူနဲ့ပတ်သက်ချင်မိတယ် ''😞

လေးလေးနက်နက်ပြောနေသော

နေရဲမာန်၏ပုံစံကို ကြည့်ရင်း မျိုးမြင့်တစ်

ယောက်  'ငါ သူငယ်ချင်း နေရဲမာန် အစစ်ကော ဟုတ်သေးရဲ့လား ' ပုံစံဖြင့်ကြည့်ကာ

''ဟိုက boy လေ ။မင်းက လည်း ကျားဘဲ။

ယောကျာ်း ယောကျာ်းချင်း ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကယ်၍ မင်း သူကို ကြိုက်တယ်ဆိုရင် သူကကော လက်ခံနိုင်ပါ့မလား? မင်း ယောကျာ်းချင်းကြိုက်ရအောင် မင်းက ''gay '' လား''

''  မျိုးမြင့် ''Gender doesn't matter in love '' တဲ့ ။ ငါ က Gayတိုင်း တွေ့တဲ့ ယောကျာ်းတွေကို ကြိုက်နေတာမှ မဟုတ်တာ ငါက  'မင်းမခ'ဆိုတဲ့ ကောင်လေး တစ်ယောက်တည်းကိုဘဲ စိတ်ဝင်စားတာ ။ I don't care ။ သူ ငါကို လက်ခံ မခံတော့မသိဘူး ။ မကြိုးစားကြည့်ဘဲဘယ်လို သိနိုင်မလဲ?''

Black coffee ကို တစ်ငုံသောက်ကာ ယုံကြည်မှုအပြည့်ဖြင့်ပြောနေသော မာန်တစ်ယောက် အား  ထူးဆန်းသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသော မျိုးမြင့် က

''အေးပါကွာ အချစ် သူရဲကောင်းကြီးရာ ။ ဒါနဲ့ဟို မင်းရဲ့မင်းမခဆိုတဲ့ကောင်လေး နဲ့fb မှာ friendဖြစ်ပြီလား'?'

မေးလိုက်ရာ နေရဲမာန် မျက်နှာတစ်ချက်မဲ့သွားကာ

''ငါ့ရဲ့ friend request ကို လက်မခံသေးဘူး။ အဲ့ဟာလေးက ။ လျစ်လျူ ရှုထားတာလား မသိဘူး ''

​

''ဖြစ်မှဖြစ်ရလေ။ အပြင်မှာ သူငယ်ချင်းတောင်မပြောနဲ့။ fb မှာတောင် မင်းလို celeကြီးက သူကို friend request ကသွား add တာတောင် သူကလက်မခံသေးဘူး ဆိုတော့ အဟီး

မင်းရဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့

အပြောလေးကို ငါ စောင့်ကြည်ချင်ဘိ ''

လှောင်ရယ်ပြုံး ပြုံးကာ ပြောနေသော မျိုးမြင့်အား နေရဲမာန် ဘာမှမပြောတော့ဘဲ

'စောင့်ကြည့်လိုက်လေ 'ဆိုသော အကြည့်ဖြင့် တစ်ချက်လောက်ကြည့်ပြီး black coffeeသာ သောက်နေလိုက်သည်။

Ocean center ထဲတွင်တော့ food stalls

တန်းတွင် အခုထိ စားစရာ ပစ္စည်းများယူလို့

မပြီးနိုင်သေးသော မင်းမခကတော့ မနက်ဖြန် တွင် မိဘမဲ့ဂေဟာက ကလေးများအတွက် သူကိုယ်တိုင် Sponge sweet buns များတတ်နိုင်သလောက်လုပ်ကာ ကိုယ်တိုင်ဝေပေးချင်သောကြောင့် နောက်ထပ် လိုရမယ်ရအမယ်များကို လိုက်ရှာကာ အလုပ်ရှုပ်နေလေသည်။