Chapter 14: Part.14

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 19740

" မ.. ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ ..

ဒီအချိန်ထိ မအိပ်သေးဘူးလား "

အချိန်အားဖြင့် ည၁၀နာရီရှိနေပြီဆိုသော်လည်း ဧည့်ခန်းထဲမှာတစ်ယောက်တည်း ထိုင်နေသော မကို မေးလိုက်ခြင်း ဖြစ်သည် ။

" မက ကလေးကို စောင့်နေတာလေ ...

ဒီနေ့တော်တော်နောက်ကျတယ်နော် "

" ဟုတ်တယ် မ ...စက်ရုံဘက်မှာ ပြသနာလေးတွေရှိနေလို့ "

မရဲ့ စောင့်နေတယ် ဆိုတဲ့စကားကြောင့် အမှန်တကယ် ဝမ်းသာမိသည် ။

ပုံမှန်အိမ်ပြန်ချိန်တွေမှာ စောင့်မျှော်နေသူ တစ်စုံတစ်ယောက်မှ မရှိခဲ့တဲ့လူတစ်ယောက်မို့

ကိုယ့်ကို စောင့်နေပေးတဲ့ တစ်စုံတစ်ဦးရှိလာတဲ့ ခံစားချက်ဟာ စာကားလုံးများဖြင့်ဖော်ပြလို့မရနိုင် ။

" ညနေစာရော "

" ကျနော် အပြင်မှာစားလာခဲ့တယ် "

" အင်း... ဒါဆို အပေါ်တက်နားတော့ "

" ဟုတ် "

မဟာ အရင်လို ကျနော့်အပေါ်တွင် မုန်းတီးခြင်းမရှိတော့တာကို ဝမ်းသာမိပေမဲ့  ဒီခံစားချက်ကြောင့် တစ်စုံတစ်ယောက်အပေါ်ကိုတော့ အားနာမိနေသည် ။

ချစ်ခဲ့တာခြင်းအတူတူကို ရွေးချယ်ခြင်းမခံရတဲ့လူအတွက် ချစ်ခြင်းရဲ့မျှတမှုဆိုတာ ဘယ်လိုမျိုးလဲ ။

စီးကျနေသော ရေပန်းအောက်သို့ ဝင်လိုက်သည်နှင့် တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှ ခန္ဓာကိုယ်ဟာ အနည်းငယ်လန်းဆန်းလာသယောင် ။

အမြင်အာရုံတွင်တစ်ချက်ချက်ပေါ်လာသော မရဲ့ပုံရိပ်ကြောင့် မျက်စိကိုစုံမှတ်လိုက်ကာ....

" မသာ ကျနော့်အပေါ် ဒီထက်သာကောင်းပေးနေရင်

ကျနော် မဆီကနေ ရုန်းထွက်နိုင်ဖို့အရမ်း ခက်ခဲတော့မှာဘဲ "

မျက်ရည်တွေဟာ ရေတွေနဲ့အတူ ပါသွားခဲ့ပေမဲ့...

နာကျင်ခြင်းတွေကတော့ ဒီရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေခဲ့ပြီ ။

" မ! ...

ကျနော့်အခန်းထဲကို ဘယ်လိုလုပ် "

ရေချိုးခန်းထဲက ထွက်ထွက်ချင်း ခုတင်ပေါ်မှာထိုင်နေတဲ့ မကို ရုတ်တရက်တွေ့လိုက်ရလို့ လန့်သွားခဲ့ပေမဲ့ မျက်မှောင်ကြုံ့ကာ ကြည့်လာတဲ့ မကြောင့်

ကိုယ်ပေါ်မှာ အဝတ်အစား အပြည့်အစုံရှိသော်လည်း မလုံမလဲဖြစ်မိသည် ။

" ဘာ.. ဘာဖြစ်လို့ အဲ့လိုကြီးကြည့်နေတာလဲ "

" ဒီမှာလာထိုင် "

ဘေးနေရာကို ပုတ်ပြပြီး လာထိုင်ခိုင်းနေတဲ့ မရဲ့စကားဟာ အမိန့်မဆန်သော်ငြားလဲ ကျနော်ကတော့ နာခံမှုအပြည့်နှင့်

ကျနော့်အတွက် ငြင်းပယ်ဖို့ရာအကြောင်းမရှိ ။

ဘေးမှာထိုင်ဝင်လိုက်တော့ ရုတ်တရက် ထသွားတဲ့ မကြောင့် ကြောင်တောင်တောင်လေး ဖြစ်မိသည် ။

မဟာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး ...

ပြန်ထွက်လာတော့ လက်ထဲပါ တဘတ်ဖြူလေးတစ်ထည် ပါလာခဲ့သည် ။

" မိုးချုပ်မှရေချိုးပြီး .. ခေါင်းကို သေချာခြောက်အောင်မသုတ်ဘူး ... ဒါတွေသိလို့ လိုက်လာတာကို ကြည့်အုံး ထင်တဲ့အတိုင်းဘဲ ...

မ သာလိုက်မလာခဲ့ရင် ဒီတိုင်းဘဲအိပ်တော့မှာမလား ..

နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ ကလေးရဲ့ "

ခေါင်းကိုသုတ်လဲသုတ် ပါးစပ်ကလဲ မနားတမ်းပြောနေတဲ့ မကြောင့် ခေါင်းငုံ့ထားလျက်ပင် ပြုံးလိုက်မိသည် ။

ကျနော်ဒီလို မပြုံးဖြစ်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ ။

မရဲ့ ဂရုစိုက်မှုတွေကို နှစ်သက်မိသလို မအနားမှာ ကပ်တွယ်ချင်နေတဲ့ စိတ်တွေဟာလဲ တစ်စတစ်စကြီးမားလားခဲ့သည် ။

ကျနော် လောဘကြီးသွားပြီထင်တယ် ။

" မပြောနေတာကြားရဲ့လား ... "

" ကျနော်ကြားပါတယ် ..မရဲ့ "

အပြုံးလေးနဲ့ ပြောလာတဲ့ကလေးဟာ စတွေ့တုန်းက နဲ့အတူတူ မပြောင်းလဲ ။

အပြုံးချိုချိုလေးတွေဟာလဲ အရင်လိုနှစ်သက်ဖွယ်ကောင်းနေတုန်း ။

အပြုံးချိုချိုလေးနဲ့အတူ ရေချိုးပြီးခါစ ပုံမှန်ထက် နှစ်ဆရဲနေသော နှုတ်ခမ်းဖူးဖူးလေးကို အူယားလွန်းသဖြင့် ထိန်းချုပ်မှုကင်းမဲ့စွာ ဖိကပ်နမ်းရှိုက်မိသည် ။

ရုတ်တရက် နမ်းလာခဲ့တဲ့မကြောင့် ကြောင်အသွားခဲ့ရသည် ။

နူးညံ့လွန်းတဲ့ မရဲ့နှုတ်ခမ်းထက်က အနမ်းများကို ခံယူ‌ချင်ပါသော်လည်း ခေါင်းထဲဝင်လာသော အတွေးတွေကြောင့် ရုန်းကန်မိတော့သည် ။

ပုံမှန်ထက်နူးညံ့လွန်းတဲ့ ကလေးရဲ့နှုတ်ခမ်းဖူးဖူးလေးဟာ စွဲဖက်ဖို့ကောင်းသည် ။

ဖိကပ်နမ်းရုံသာစဉ်းစားထားပေမဲ့ စွဲဆောင်အားအပြည့်ရှိတဲ့ ကလေးရဲ့နှုတ်ခမ်းလေးကြောင့် အနမ်းတွေဟာ ရပ်တန့်လို့မရခဲ့ ။

ရင်ခွင်ထဲမှာ အတင်းရုန်းကန်နေတဲ့ ကလေးကြောင့် အနမ်းများကို ပြတ်‌တောက်ခွင့်ပေးလိုက်ရသည် ။

" ဘာဖြစ်လို့ ရုန်းနေရတာလဲ "

" မ..မကရော ဘာလို့နမ်းတာလဲ "

မောဟိုက်စွာပြောနေတဲ့ ကလေးရဲ့ပုံစံကို သဘောကျစွာကြည့်နေမိသည် ။

" ဘာလို့မေးတာလဲ "

" ဒီ...ဒီလိုနမ်းတယ်ဆိုတာ ချစ်သူတွေမှ နမ်းရတာမဟုတ်ဘူးလား "

မျက်နှာလေးနီရဲစွာနဲ့ ပြောလာတဲ့ ကလေးဟာ ချစ်ဖို့အလွန်းကောင်းလှသည် ။

အခုချိန်မှာ ကလေးရဲ့ အရာရာတိုင်းဟာ ချစ်ဖို့ကောင်းနေတယ် ထင်ပါရဲ့ ။

" ဟုတ်တယ်ဆိုရင်ရော "

" မနဲ့ကျနော်နဲ့က ချစ်သူတွေမှ မဟုတ်တာ "

" မက အကိုအောင်ခန့်ကို ချစ်တာမဟုတ်ဘူးလား "

ခေါင်းလေးငုံ့ပြီး အသံတိုတိုးလေးနဲ့ ပြောလာတဲ့ ကလေးဟာ ဟန်ဆောင်မှုကင်းမဲ့နေခဲ့သည် ။

ရင်ထဲက ခံစားချက်တွေကို မျက်နှာမှာအတိုင်းသားမြင်နေရတဲ့အထိ ကလေးဟာ ဖြူစင်လွန်းသည် ။

" ဟုတ်တယ် ... ကိုကိုက မအချစ်ရဆုံးလူတစ်ယောက်လေ "

ခေါင်းလေးပိုငုံ့သွားတဲ့ ကလေးရဲ့ခံစားချက်ကို ခန့်မှန်းလို့ရနေခဲ့သည် ။

" ကလေးကတော့ မရဲ့အချစ်ဦး "

ထိုအချိန်မှ မျက်ရည်အဝိုင်းသားနဲ့ ‌မော့ကြည့်လာခဲ့တဲ့ကလေးရဲ့ ခေါင်းလေးကိုအသာပွတ်ပေးပြီး...

" ကိုကို့က ၁၅၀၀ချစ်ခြင်းနဲ့အချစ်ဆုံးဖြစ်ခဲ့ပေမဲ့ ကလေးကိုတော့ ၅၂၈ရော၁၅၀၀နဲ့ရော ပထမဆုံးချစ်ခဲ့တဲ့သူမို့လို့ ကလေးတို့နှစ်ယောက်အပေါ်မှာ ထားတဲ့ချစ်ခြင်းကတော့ တူမှာမဟုတ်ဘူး "

ကလေးရဲ့ ပါးပြင်ပေါ်မှာစီးကျနေတဲ့ မျက်ရည်တွေကို အသာသုတ်ပေးလိုက်သည် ။

" ကိုကိုမရှိတော့လို့ ကလေးကိုရွေးချယ်လိုက်တာမျိုး မဟုတ်ဘူး ကံတရားကိုက ဒီလိုစီမံပေးတာမို့လို့ ... "

" ကလေးကိုချစ်တယ် ...ကိုကို့နေရာမှာ အစားထိုးတာမျိုးမဟုတ်လို့ ကလေးကို နားလည်ပေးစေချင်တယ် "

" ကျနော်နားလည်တယ် မ... ကျနော်နားလည်တယ် ..

မက ကျနော့်ရဲ့အရာရာမို့လို့ ..

မက ကျနော်ရှင်သန်ရနေရတဲ့ အကြောင်းပြချက်ဖြစ်တာမို့လို့ ...

ကျနော့်အနားမှာ မ ရှိနေရုံနဲ့တင် ကျနော်မှာဘာမှထပ်ပြီး တောင်းဆိုစရာမရှိတော့ပါဘူး ..."

ရှိုက်ကြီးတငင်ငိုနေတဲ့ ကလေးကိုရင်ခွင်ထဲထည့်ပြီး ကျောလေးကို အသာပွတ်ကာ နှစ်သိမ့်ပေးမိတော့သည် ။

ကလေးရဲ့ နာကျင်မှုတွေဟာ ဒီမှာတင် အဆုံးသတ်သင့်ပြီ ။

" တိတ်တော့နော် ...

ကလေးရဲ့မျက်ရည်တွေက မကိုနာကျင်စေတယ် "

" မအမြင်မှာ ကျနော်က အရမ်းအငိုသန်တဲ့ စိတ်ပျော့တဲ့လူတစ်ယောက် ဖြစ်နေပြီလား "

ရှိုက်သံတွေနဲ့ ပြောလာတဲ့ ကလေးရဲ့နဖူးကို တစ်ချက်နမ်းလိုက်ကာ....

" မအမြင်မှာ ကလေးက ကလေးအတိုင်းဘဲ...

ကလေးဘယ်လိုပုံစံဘဲဖြစ်ဖြစ် မကချစ်နေမှာမို့လို့ ..

ကလေးက ပျော့ညံ့နေရင်တောင် မကကာကွယ်ပေးမှာမို့လို့ ... ဘယ်လိုပုံစံဘဲဖြစ်ဖြစ် မအတွက်အဆင်ပြေတယ် ..

ကလေးက ကလေးရဲ့ပုံစံအတိုင်းဘဲနေ "

" ချစ်တယ် မ.. အရမ်းချစ်တယ် "

" မလဲ .. ကလေးကိုအရမ်းချစ်တယ် "

မျက်ဝန်းတွေကလိမ်ညာလို့မရဘူး....

မျက်ဝန်းလေးတွေကို ကြည့်ပြီး စိတ်အခြေအနေကိုခန့်မှန်းလို့ရတဲ့အထိ မျက်ဝန်းတွေဟာ ဟန်ဆောင်မှုကင်းမဲ့လှသည် ။

မျက်ဝန်းလေးမှာ မြင်နေရတဲ့ ချစ်ခြင်းရဲ့စစ်မှန်ကြောင်းကို ထိုမျက်ဝန်းလေးကဘဲ သက်သေပြနေခဲ့သည် ။

" မ "

" ပြောလေ ကလေးရဲ့... မနားထောင်နေတယ် "

ရင်ခွင်ထဲကနေ မော့ကြည့်နေတဲ့ ကလေးဟာ တခြားစကားသံထပ်မထွက်လာတော့ဘဲ ဆူးကိုသာ တွေဝေစွာငေးကြည့်နေခဲ့သည် ။

" အိပ်မပျော်လို့လား "

ခေါင်းလေးခါပြနေတဲ့ ကလေးရဲ့ခေါင်းလေးကို တစ်ချက်နမ်းရှိုက်လိုက်ပြီး ....

" ဒါဆို ဘာဖြစ်လို့လဲ ကလေးရဲ့ "

" အကို သုတထက်ကို မုန်းလားဟင် "

" အင်း မုန်းတယ် အရမ်းမုန်းတာ ....

မ ချစ်ရတဲ့ လူနှစ်ယောက်လုံးကို နာကျင်အောင်လုပ်ခဲ့လို့ အရမ်းမုန်းတယ် သူ့ကို "

စကားသံအဆုံးမှာ ညှိုးကျသွားတဲ့ ကလေးရဲ့ မျက်နှာလေးကြောင့် တွေဝေမိသွားသည် ။

" သုတထက် ...သူကဘယ်မှာလဲ .. ကလေးကရော

သူအဖြစ် ဘာလို့ ဟန်ဆောင်နေရတာလဲ "

" အချိန်ကျရင် အားလုံးကို အမှန်တိုင်းပြောပြမှာမို့လို့ ကျနော့်ကို အချိန်ပေးပါ ...အဲ့ချိန်ကျရင် အမှန်တိုင်းအကုန်ပြောပြပါ့မယ် "

" ရတယ် ... ကလေးအဆင်ပြေမှပြော .. မက ဒီတိုင်းဘဲမေးလိုက်တာ "

ကလေးကိုမမွန်းကြပ်စေလို ။

အမှန်တရားတစ်ခုကို ဖုံးကွယ်ထားရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကိုယ်တိုင်အသိဆုံးမို့လို့ နားလည်သည် ။

အချိန်တစ်ခုရောက်ရင်တော့ နာကျင်မှုကင်းစွာ ပြောပြနိုင်ဖို့သာ မျှော်လင့်မိသည် ။

" မောင်... မောင်လို့ဘဲပြော ...

ကျနော် ကျနော်ဆိုပြီး မပြောနဲ့ "

" မကမပြောစေချင်ရင် မောင်ကမပြောတော့ပါဘူး "

ချစ်ခြင်းရဲ့စတင်ချိန်မှာ ပျော်ရွှင်ခြင်းဆိုတဲ့ အရသာဟာ အချိုမြိန်ဆုံးပင် ။

ထိုပျော်ရွှင်ခြင်းအရသာကို အချိန်ကြာကြာထိန်းသွားဖို့အတွက် မက အစွမ်းကုန်ကြိုးစားသွားမှာမို့လို့ မောင်ကပျော်ရွှင်ခြင်းရဲ့ အရသာကို အပြည့်အဝခံစားရလိမ့်မယ် ။

အခုချိန်မှာ ကလေးရဲ့ပျော်ရွှင်ခြင်းက မအတွက်အရေးကြီးဆုံးအရာသာဖြစ်သည် ။

အဖြူရောင်လေးတွေကို မြတ်နိုးတတ်တဲ့ ကလေးဟာ အဖြူရောင်လေးအတိုင်း ဖြူစင်လွန်းသလို ..

ထိုအဖြူရောင် ကောင်လေးကို ဦးနှောက်နဲ့ နှလုံးသားနဲ့ ထပ်တူကျစွာ ချစ်သည် ။

ပန်းလေးတွေကို ချစ်တတ်တဲ့ ကလေးကို ပန်းလေးတွေထက်ပိုပြီး မြတ်နိုးစွာ ချစ်သည် ။

လေပြေညင်းတွေထက် အေးချမ်းတဲ့ ကလေးရဲ့အပြုံးလေးတွေကို မြတ်နိုးသည် ။

အပြုံးချိုချိုလေးတွေရှိတဲ့ ကလေးကို အပိုင်သိမ်းထားချင်တာ ကျွန်မရဲ့ အတ္တသာဖြစ်သည် ။

###############$