Chapter 21: Part. 21

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 36228

" ဘာ! ထွက်ပြေးသွားပြီ ဟုတ်လား "

တိတ်ဆိတ်နေသော Operation ခန်းရှေ့တွင် ဟိန်းထွက်လာသော မေမာန်ထက်ရဲ့အသံကြောင့် ကောင်းမြတ်ရော ကျွန်မပါ လန့်သွားရသည် ။

" ဘယ်နေရာဘဲ ဖြစ်ဖြစ် မတွေ့မချင်းလိုက်ရှာ ...

မတွေ့ရင် ငါနင်တို့ကို သတ်ပစ်မှာ ...

နေအုံး...နောက်ပြီး သူတို့ကို ငါအသက်ရှင်လျက်ဘဲ လိုချင်တယ် "

မာန်ပါပါဖြင့် ဘဝမှာတစ်ခါမှ မကြားခဲ့ဖူးတဲ့ မေမာန်ထက်ရဲ့ စကားတွေကြောင့် ကျောပါချမ်းရသည် ။

မောင်တို့အသိုင်းအဝိုင်း အကြောင်းကို ကောင်းကောင်းမသိခဲ့ပေမဲ့ အခုလို ရက်စက် ကြမ်းတမ်းကြလိမ့်မယ်လို့ မထင်ထားခဲ့ချေ ။

အချိန်ကြာလာသည်နှင့်အမျှ လှုပ်ရှားလာခြင်း မရှိသေးတဲ့တံခါးကို ကြည့်ရင်း မောင့်ကို စိုးရိမ်နေတဲ့ စိတ်တွေဟာ ပိုပိုမြင့်တက်လာခဲ့သည် ။

မောင်သာ တစ်ခုခု ဖြစ်သွားရင်ဆိုတဲ့ အတွေးတွေဟာလဲ မကြာခဏဆိုသလို ဝင်ရောက်လာပြီး အတွေးတွေဟာ တကယ့်လက်တွေ့ ဖြစ်လာမှာကိုအရမ်းကြောက်နေမိသည် ။

ပူးကပ်ဆုပ်ကိုင်ထားသော လက်ဖဝါးနှစ်ခုကြားတွင် ချွေစေးတွေဟာ နေရာဝင်ယူ နေခဲ့ပြီး ရင်ထဲက အပူမီးများဟာလဲ ပြင်းထန်စွာလောင်ကျွမ်းနေသည် ။

မေမာန်ထက်ကို ကြည့်လိုက်တော့ နံရံထက်တွင် ကျောမှီကာ မျက်လုံးကိုစေ့စေ့ပိတ်ထားသည် ။

အံကြိတ်ထား၍ ခပ်တင်းတင်းဖြစ်နေသော မေးရိုးများဟာလဲ အထင်းသား ။

စိတ်ဓာတ်မာကျောပြီး ထက်မြတ်တဲ့ ပုံစံရှိတဲ့ မေမာန်ထက်ဟာ မောင်နဲ့ဆိုရင် အမြဲနူးညံ့သွားတတ်သလို မောင်နဲ့ပတ်သတ်ရင် အမြဲပျော့ညံ့သွားတတ်တာ သူ့အပြုအမူတွေကိုကြည့်ရင်းဖြင့် သတိထားမိခဲ့သည်မှာ အတော်ကြာခဲ့ပြီ ။

အခုလဲ အပြင်ပန်းမှာသာ တည်ငြိမ်နေပေမဲ့ ရင်ထဲတွင် အလွန်ပူလောင်နေမှာ အသေအချာပင် ။

နဖူးထက်မှ တစ်စတစ်စစို့တက်လာ‌သော ချွေးစတို့ကို သုတ်ယူလိုက်ပြီး မောင့်အတွက်သာ ဆုတောင်းနေမိတော့သည် ။

Operation အခန်းတံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် ခြေလှမ်းများဟာ စေညွှန်စရာမလိုဘဲ ထိုအခန်းထဲမှ ထွက်လာသော ဆရာဝန်များဆီသို့ လျှောက်လှမ်းနေမိသည် ။

" မောင့် . ...မောင့် အခြေအနေဘယ်လိုရှိလဲ "

ကျွန်မထက်အရင် မေးမြန်းလိုက်သည့် မေမာန်ထက်ရဲ့ အသံတို့မှာ တုန်ရီနေခဲ့သည် ။

မောင့်ကို အစိုးရိမ်လွန်မိသော်လည်း ကျွန်မနည်းတူ မောင့်အပေါ်စိုးရိမ်နေတဲ့ မေမာန်ထက်ရဲ့ ပုံစံကြောင့်

ဒီလိုအခြေ‌အနေထိ ရောက်အောင်လုပ်ခဲ့သည့် ကျွန်မမှာ နှုတ်ဆိတ်နေမိသည် ။

" အခက်ခဲဆုံး အခြေအနေကို ကျော်ဖြတ်ပြီး အသက်အန္တရာယ်တော့ မရှိတော့ပေမဲ့ ..."

ရပ်တန့်သွားတဲ့ စကားစု တစ်ဖြတ်နားမှာ မောင်အသသက်ရှင်တယ် ဆိုတဲ့စကားကြောင့် အနည်းစိတ်အေးရသွားပေမဲ့ ပြောရန်ခက်နေသော ဆရာဝန်များကြောင့် စိုးရိမ်မှုတွေဟာ ထပ်မံကြီးစိုးလာခဲ့ပြန်သည် ။

" ဆက်ပြောပါ .. မောင်ဘာဖြစ်လို့လဲ "

စိတ်မရှည်တော့၍ ဒေါသသံအနည်းငယ်ပါနေသည့် မေမာန်ထက်ရဲ့ အသံကို ဆရာဝန်များပါ ရှိန်သွားကြဟန်တူသည် ။

"  operation ဝင်နေရင်းနဲ့ဘဲ လူနာရဲ့ နှလုံးက သုံးကြိမ်တိတိ ရပ်တန့်ခဲ့တယ် "

" ရှင် ! ...."

အာမေဋိတ်သံတို့ရဲ့ အနောက်က စိုးရိမ်ခြင်းတွေဟာ အမြင်ဆုံးရေမှတ်တွင် တည်ရှိနေတော့သည် ။

" အဓိက ပင်မသွေးကြောကို ထိသွားပေမဲ့ ဆေးရုံကိုအချိန်မှီရောက်တဲ့အတွက် ပုံမှန်ဆို အချိန်မှီ ကယ်တင်နိုင်ပါတယ် ...

အခုက လူနာကိုယ်တိုင်ကိုက အသက်ရှင်ချင်စိတ်မရှိတော့လို့ သူ့စိတ်သူ လုံးလုံးလွှတ်ချနေခဲ့တယ် ထင်တယ် ... "

" ဒါဆို .. မောင်က.... "

" သတိပြန်ရခြင်း မရခြင်းက လူနာပေါ်မှာဘဲ အဓိကမူတည်နေတယ် .. လူနာသာစိတ်ရှိရင် သတိပြန်ရနိုင်ပေမဲ့  အခုလိုအခြေအနေအရဆို တစ်သက်လုံး သတိပြန်မရတော့တာလဲ ဖြစ်နိုင်တယ် ....

ယိုင်နဲ့သွားတဲ့ ခြေထောက်တို့ကြောင့် ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ကောင်းမြတ်က အသာဝင်ထိန်းပေးလိုက်သည် ။

ဒီအခိုက်အတန့်မှာ ကျွန်မဦးနှောက်ထဲတွင် အရာရာဟာ မှောင်မိုက်သွားပြီး လုံးဝဗလာနတ္ထိဖြစ်သွားရသည် ။

တဒိန်းဒိန်းခုန်နေခဲ့သော နှလုံးခုန်နှုန်းများဟာလဲ ရုတ်ချည်း ရပ်တန့်သွားသလို ခံစားလိုက်ရသည် ။

မောင်က အသက်ရှင်ချင်စိတ် မရှိတော့ဘူးတဲ့လား

မောင်က အဲ့မိန်းမအတွက်နဲ့ သူ့အသက်တစ်ခုလုံးကိုတောင် လက်လျှော့ခဲ့တာတဲ့လား....

မောင်ရယ် ... မတရားလိုက်တာ ..

မောင့်ကို နာကျင်အောင်ဘဲ အမြဲလုပ်နေတဲ့ အဲ့မိန်းမအတွက်နဲ့များ မောင့်အသက်ကိုတောင် ပေးဆပ်ရတယ်လို့ ... မောင်မတရားဘူး ...

ငယ်ငယ်ကတည်းက မောင့်မျက်နှာတစ်ခုတည်းကိုဘဲ ကြည့်ခဲ့တဲ့ မမအတွက်ကျတော့ မောင်မစဉ်းစားခဲ့ဘူး ...

မောင့်ကို မပိုင်ဆိုင်ရမှန်း သိသိရက်နဲ့တောင် အနားမှာနေပြီး တစ်ချိန်လုံး စောင့်ရှောက်လာခဲ့တဲ့ မမအတွက်ကျတော့ မောင်ထည့်မတွက်ခဲ့ဘူး..

နာတယ် .. မောင်ရဲ့..

မမလဲ အရမ်းနာကျင်ရတယ် ...

မောင်အဲ့မိန်းမကို ချစ်သလောက် မမလဲ ထပ်တူနာကျင်ရတာ မောင်သိမှသိရဲ့လား...

မောင် မမအတွက်‌တော့ နည်းနည်းလောက်ဖြစ်ဖြစ် တွေးပေးခဲ့သင့်တယ် ....

" ဆူးခက်နွယ် ..ငါနင့်ကို အရမ်းမုန်းတယ် "

ကောင်းမြတ်ကိုမှီကာ ပြိုလဲပြနေသည့် မောင်သိပ်ချစ်ပါတယ်ဆိုတဲ့ အဲ့မိန်းမကို စေ့စေ့ကြည့်ကာ ပြောလိုက်တော့သည် ။

ပူပူနွေးနွေးမျက်ရည်တို့ဟာ ပါးပြင်တစ်လျှောက် စီးကျလျက်ရှိပြီး ဒေါသစိတ်တို့ဟာလဲ တဖြည်းဖြည်း မြင့်တက်လာခဲ့သည် ။

" မောင်က နင်မရှိရင် မဖြစ်ပါဘူးလို့ အတန်တန် ပြောနေတဲ့ကြားက နင်က မောင့်ကို... မောင့်ကို တစ်ယောက်ထဲ ထားပစ်ခဲ့တယ် ...

နင်အရမ်းအတ္တကြီးလွန်းတယ်ဟာ....

မောင့်မှာ.... မောင့်မှာ ငယ်ငယ်ကတည်းက စိတ်ရောဂါအခံ ရှိတယ်ဟ .. ဒါကိုရော နင်သိရဲ့လား "

ဝေဝေဝါးဝါး ကြားနေရတဲ့ စကားသံတွေကြားမှာမှ ပြတ်ပြတ်သားသား ကြားလိုက်ရတဲ့ စကားတစ်ခွန်း ...

" မောင်တမင် လုပ်တာမဟုတ်ဘူး ... မတော်တဆဖြစ်သွားတာ .. မောင်လုပ်တာ မဟုတ်ဘူး... မောင်တောင်းပန်ပါတယ် မောင့်ကို မထားခဲ့ကြပါနဲ့ "

အရူးတစ်ယောက်လို အော်ဟစ်ပြောဆိုနေသည့် မောင့်မွေးနေ့တုန်းက အဖြစ်အပျက် တစ်ချို့ကို ပြန်မြင်ယောင်လာမိသည် ။

ရင်ဘတ်ထဲ ဆူးကနဲ့ အောင့်တက်လာတဲ့ နာကျင်မှုဟာ မခံမရပ်နိုင်အောင်ပင် ။

ဘာလို့လဲ... ဘာလို့ မသိခဲ့ရတာလဲ ...

ဘာလို့ မောင့်ကို တစ်ယောက်ထဲ ထားရက်ခဲ့ရတာလဲ .....

ဟား..... ရင်ဘတ်ထဲက အောင့်တက်နာကျင်လွန်းလာ၍ အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်ကာ

ရပ်တည်နိုင်စွမ်းမရှိတော့တဲ့ ခြေထောက်များကြောင့်

ကြမပြင်ထက်သို့ အရုပ်ကြိုးပြတ် ထိုင်ချမိသည် ။

" တောင်းပန်ပါတယ် မောင်ရယ် .. တစ်ယောက်တည်းထားခဲ့မိလို့ တောင်းပန်ပါတယ် ..

နာကျင်စေခဲ့မိလို့ တောင်းပန်ပါတယ် .. တောင်းပန်ပါတယ် "

ဝမ်းနည်းစွာ ငိုကြွေးနေကြသောသူတွေရဲ့ မျက်ရည်များဟာ သူတို့ချစ်ရတဲ့သူအပေါ်  ဘယ်လောက်တန်ဖိုးထားကြောင်းဖော်ပြနေသည် ။

ကိုယ်စီကိုယ်စီ နာကျင်ခြင်းတွေကို ထွေးပိုက်ထားရတဲ့ သူတို့တွေမှာ ဘယ်အရာတွေက စပြီးလွဲမှားခဲ့တာလဲ ။

***************

ဗွမ်း!.......

မူးဝေနေသောခေါင်းတို့သည် အပက်ခံလိုက်ရသော ရေများကြောင့် ပါးစပ် ၊နှာခေါင်းထဲသို့ ဝင်ကာ ချောင်းပင်ဆိုးသွားရသည် ။

" အဟွတ် .. အဟွတ် ..."

မျက်လုံးကို အားယူဖွင့်လိုက်ပြီး ဝေဝါးနေသော အမြင်အာရုံများကြောင့် ခေါင်းကို ခါရမ်းလိုက်သည် ။

ဝါးကျင့်ကျင့်မီးရောင်ဟာ အရမ်းမလင်းသော်လည်း မျက်လုံးဖွင့်စတွင်တော့ စူးဝင်လာသည် ။

တဖြည်းဖြည်း ကြည်လာသော အမြင်အာရုံတို့ကြောင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ကာ..

" မေ.. မေမာန်ထက် "

‌ရှေ့တည့်တည့်တွင် ခြေချိတ်ထိုင်ကာ ဆေးလိပ်ထိုင်သောက်နေသော မေမာန်ထက်ကို တွေ့လိုက်ရချိန်တွင်တော့ ဦးရှိုင်းသုတတစ်ယောက် မျက်လုံးပြူး မျက်စံပြူးဖြစ်သွားရသည် ။

အတင်းရုန်းကန်သော်လည်း ချည်နှောင်ထားသော ကြိုးများကြောင့် ခန္ဓာကိုယ်ပင်နာရသည် ။

" ကိုယ့်အသားကိုယ်အနာခံမနေနဲ့အုံး... ခဏနေ ခံနိုင်ရည်မရှိဘဲနေမယ် "

အေးစက်စက်ထွက်ပေါ်လာသော မေမာန်ထက်ရဲ့ အသံကြောင့် ဦးရှိုင်းသုတ‌တစ်ယောက် ငြိမ်ကျသွားသည် ။

" မေမာန်ထက် ငါက နင့်ဦးလေးလေ "

" အဟင်း.... ဦးလေး .... အဲ့တာ ဘာဖြစ်လဲ "

စူးစူးရဲရဲကြည့်နေခဲ့တဲ့ မျက်လုံးအစုံတို့ဟာ ကျောချမ်းဖွယ် ကောင်းလှသည် ။

" အမျိူအချင်းချင်းကို ဒီလိုလုပ်ရသလား "

" အမျိုးဟုတ်လား ..

တော်စမ်းပါ .. ရှင်တို့လိုလူမျိုးနဲ့ အမျိုးတော်ရတာ ရွံလွန်းလို့ ... လူစိတ်မရှိတဲ့ဟာတွေ! ... ကိုယ့်သားသမီးအရင်းကိုတောင် ပြန်သတ်တဲ့လူတွေ! "

" အား!! "

ဆေးလိပ်မီးကို ဦးရှိုင်းသုတရဲ့ လက်ပေါ်သို့ ဖိချလိုက်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ထိုလူရဲ့ အော်ဟစ်သံတွေဟာ ခံစား၍ ကောင်းသည် ။

နာတတ်လိုက်တာ... သူတို့အသားထိတော့ နာတတ်လိုက်ကြတာ ......

" နာလား... ခဏနေ ဒီထပ်ပိုပြီး နာကျင်ရအုံးမှာ .. "

" တောင်းပန်ပါတယ်ကွာ ... ဘာမှထပ်မလုပ်ပါနဲ့တော့ "

အစပိုင်းဘဲရှိသေးတယ် သွေးပျက်နေပြီဖြစ်တဲ့ ဦးရှိုင်းသုတကိုတော့ စိတ်ပျက်မိသည် ။

" ကစားပွဲက စတောင်မစရသေးဘူး... ကြောက်နေပြီလား ... ကြောက်တတ်လိုက်တာနော် ... ရှင့်လိုလူ‌တောင်ကြောက်တတ်နေရင် မောင်ဆိုတစ်ယောက်တည်း ဘယ်လောက်တောင် ကြောက်နေခဲ့ရမလဲ "

" မောင်က သူ့လက်နုနုလေးကို ရက်ရက်စက်စက် လှီးဖြတ်ခဲ့တာ .. မောင်ဘယ်လောက်တောင် နာကျင်လိုက်ရမလဲ .. မောင်‌ဘယ်လောက်တောင် ကြောက်နေရှာမလဲ  "

" တောင်းပန်ပါတယ် ... မောင်လေး ဒီလောက်အခြေအနေထိ ဖြစ်သွားမယ်လို့ ထင်မထားမိခဲ့ဘူး "

" ရှင်သာ လောဘမကြီးခဲ့ရင် .. ရှင်သာ အဲ့စည်းစိမ်တွေကို မမက်မောခဲ့ရင် .. မောင် ... မောင်က ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ရမှာ .... မောင် အခုလိုအများကြီး နာကျင်ခဲ့ရမှာ မဟုတ်ဘူး ... မောင်တစ်‌ယောက်တည်း ဘယ်လောက်တောင် နာကျင်ပြီး အထီးကျန်ခဲ့ရလဲ ရှင်တို့သိရဲ့လား... "

ခေါင်းထဲပြေးဝင်လာတဲ့ မောင့်မျက်နှာလေးဟာ သိပ်ကို ဖြူစင်လွန်းသည် ။

တစ်ခုခုဖြစ်တိုင်း အဆင်ပြေပါတယ်လို့လိမ်ညာပြောတတ်ပြီး...

တခါတရံမှ ဖြစ်ပေါ်တတ်တဲ့ မောင့်ရဲ့အပြုံးလေးတွေက ဘယ်လောက်တောက်ပလိုက်သလဲ...

ပါးချိုင့်နက်နက်လေးတွေနဲ့ ဘယ်လောက်ချိုမြိန်လိုက်သလဲ ..

သွားတက်ချွန်ချွန်လေးတွေနဲ့ ဘယ်လောက်ချစ်ဖို့ကောင်း လိုက်သလဲ ။

ဒီလောက်ဖြူစင်လွန်းတဲ့ ကလေးကိုမှ ရက်စက်လိုက်ကြတာ ...

" ဟိုအဘိုးကြီးသာ သူ့ကတိအတိုင်း စည်းစိမ်တွေကို ငါ့ဆီသာ လွှဲပြောင်းပေးခဲ့ရင် အခုလိုတွေ ဖြစ်လာစရာ အကြောင်းမှမရှိတာ ... သစ္စာဖောက်ပြီး တခြားတစ်ယောက်ကို လွှဲပြောင်းပေးခဲ့တာကို "

ကိုယ့်အမှားကို အခုထိဝန်မခံတဲ့ ဦးရှိုင်းသုတဟာ  အခုလဲ သူလောဘကြီးတာကို မမြင်ဘဲ ကိုယ့်အဖေကို အပြစ်တင်နေခဲ့သည် ။

ဒီလိုလူမျိုးကို အဖေတော်ရတဲ့ မောင်နဲ့သုတထက်ဟာ အများကြီး  ပင်ပန်းနာကျင်ခဲ့ရမှာ ။

" ရှင်လောဘကြီးလို့လေ ... ရှင်လောဘကြီးလို့ ...

အမွေတွေကို တခြားသူစိမ်းကို လွှဲပြောင်းပေးခဲ့တာလဲမဟုတ်ဘူး.. ရှင့်ရဲ့သား သုတထက်ကိုဘဲ လွှဲပေးခဲ့တာလေ ....

ရှင်က အဲ့တာကို မကျေနပ်လို့ ... သုတထက်ကို .. သုတထက်ကို ရှင်ကိုယ်တိုင်သတ်ခဲ့တာ မဟုတ်ဘူးလား ...... ရှင်က စည်းစိမ်အတွက် ကိုယ့်သွေးသားကိုတောင် ပြန်သတ်တဲ့ လူသတ်သမား !  လူစိတ်မရှိတဲ့ အတ္တသမားဘဲ "

ပေါက်ကွဲထွက်လာတဲ့ ဒေါသတွေဟာ အရာအားလုံးကို ချုပ်တည်းနိုင်းစွမ်းတွေ လျော့နည်းစေသည် ။

‌မောင်တစ်သက်လုံး ဖုံးကွယ်ထားခဲ့တဲ့ အမှန်တရားတွေဟာ သိပ်ရင်နာစရာကောင်းသော အကြောင်းအရာများ ဖြစ်သည် ။

မောင်တစ်ယောက်တည်း ဆုပ်ကိုင်ထားရတာ ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ .....

" မဟုတ်ဘူး ... ငါသုတထက်ကို မသတ်ဘူး... ဒီတိုင်း.. ဒီတိုင်းခြိမ်းခြောက်ခိုင်းလိုက်ရုံဘဲ ... မတော်တဆ ... အားလုံးက မတော်တဆ ဖြစ်သွားရတာ "

ကိုယ့်သားသမီးအရင်းကို ပြန်သတ်ရတဲ့အထိ ကျနော်ဟာ လူစိတ်မရှိတဲ့အထိ မမိုက်မဲပါဘူး ။

ဘယ်နေရာကစပြီး လွဲချော်သွားခဲ့လဲ မသိပေမဲ့ သုတကို သေစေလိုစိတ်မရှိခဲ့သည်မှာ အမှန် ။

မောင့်ကိုလဲ အခုလိုအခြေအနေထိ မရောက်စေချင်ခဲ့သည်မှာအမှန် ။

အားလုံးဟာ မှန်ကန်နေခဲ့ပြီး မှားနေခဲ့သည်မှာ ကျနော် ...

ကျနော်သာ ဒီစည်းစိမ်းတွေကို မမက်မောခဲ့ရင် တကယ်ဘဲ သူပြောသလို ပျော်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ခဲ့ရမှာလား ။

ဒါပေမဲ့ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ပြန်ပြင်လို့ မရတော့သည်က ပစ္စုပ္ပန်မှာရော အနာဂတ်ကိုပါ ဝေးဝါးကာ အရောင်မှိန်စေခဲ့သည် ။

မရည်ရွယ်ပေမဲ့ ရည်ရွယ်ချက်ရှိနေခဲ့သည် ။

" မတော်တဆ ... ဟုတ်တာပေါ့.. မတော်တဆ.. ရှင်‌ ရော ရှင့်မိန်းမပါ မနက်ဖြန်မှာ မတော်တဆဆိုတဲ့ ခေါင်းစဉ်နဲ့ မှုခင်းစာရင်းထဲမှာပါတော့မှာဘဲ ...

ကဲ... မသွားခင်လေး ဘာပြောစရာ ဘာမှာစရာများရှိသေးလဲ "

" တောင်းပန်ပါတယ် ... အရာအားလုံးအတွက် ..မောင်လေးကို... မောင်လေးကို အများကြီးနာကျင်စေခဲ့မိလို့ တောင်းပန်ပါတယ် ...

တာဝန်မကျေတဲ့ မိဘဖြစ်ခဲ့ရတဲ့အတွက်..

နောက်ဘဝများရှိခဲ့ရင် ဒီလိုမိဘမျိုးနဲ့ ထပ်မဆုံတွေ့ပါစေနဲ့လို့ ...

အများကြီးပင်ပန်းစေခဲ့လို့ တောင်းပန်ပါတယ် ..

ဘဝကိုပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းရအုံးမှာမို့လို့  အမြန်ဆုံး ပြန်သတိရလာပါစေလို့ ဖေဖေ နောက်ဆုံး ဆုတောင်းပေးလိုက်ပါတယ် ..."

မျက်ရည်များဖြင့် ဝမ်းနည်းပက်လက်ပြောနေတဲ့ ဦးရှိုင်းသုတကို ကြည့်ကာ မောင့်ကို ပို၍သနားမိသည် ။

နောင်တတွေကို အချိန်လွန်မှရလျှင် ဖြစ်ခဲ့သမျှအရာတွေကို ပြန်ပြင်ခွင့်ရမှာမှ မဟုတ်တာ ။

" မောင်က သိပ်သနားဖို့ကောင်းတယ် ....

သူနာကျင်နေရရင်တောင် အဆင်ပြေပါတယ်ဆိုပြီး အမြဲညာပြောတာ ....

သူဝမ်းနည်းနေရရင်တောင် တခြားသူတွေဝမ်းနည်းမှာကို လိုက်စိုးရိမ်ပေးတာ ...

မောင်ကသိပ်အချစ်ခံချင်ခဲ့တာ ဒါတွေကို သူထုတ်မပြောဘူး... အမြဲတမ်းသူတစ်ယောက်တည်း ကြိတ်ခံစားခဲ့တာ ....

တိမ်တွေတောင် သူတို့သယ်ထားရတဲ့ ထုထည်တွေများလာရင် မိုးအဖြစ်ရွာချကြသေးတာဘဲ ..

မောင်ကလူသားတစ်ယောက်လေ .. သူရင်ထဲမှာ ပြည့်နှက်သိပ်နေတဲ့ နာကျင်မှုတွေထဲကနေ ရုန်းထွက်ခွင့်ရှိတာဘဲ ... မောင်အခုလို လုပ်ရပ်လုပ်ခဲ့တာ မောင်မမှားပါဘူး ...

မောင့်ရဲ့ခံစားချက်တွေကို ဥပေက္ခာပြုခဲ့တဲ့ ကျွန်မတို့မှားတာ "

မတူညီတဲ့ လမ်းတွေဟာ လူတွေရဲ့စိတ်ကို အမျိုးမျိုးပြောင်းလဲစေပြီး လျှောက်တဲ့လမ်းချင်း မတူတဲ့ လူနှစ်ယောက်ဟာလဲ ဘယ်သောအခါမှ စိတ်သဘောထားချင်း တိုက်ဆိုင်မည်မဟုတ် ။

သို့သော် အမြဲတမ်းလမ်းခွဲချည်းဘဲ ရှိမနေပါ

တစ်နေ့နေ့တစ်ချိန်ချိန်မှာ‌တော့ လမ်းဆုံဆိုတဲ့ ဆုံမှတ်မှာ တစ်ကြိမ်တစ်ခါတော့ ဆုံတွေ့ခွင့် ရပါအုံးမည် ။

***********************

အချိန်တစ်ခုကြာ ရပ်နေခဲ့ရတဲ့ခြေထောက်တွေဟာ တောင့်တင်းလာခဲ့သည် ။

တံခါးတစ်ချပ် နံရံတစ်ခုသာခြားထားတဲ့ အကွာအဝေးလေးကို ဝင်ရောက်ရန်အတွက် စိတ်အစုံတို့ဟာ မိုင်ထောင်ချီအကွားအဝေးကို သွားရမည့်နှယ် လေးလံနေမိသည် ။

ယခုချိန်တွင် မောင့်မျက်နှာလေးကို ငေးကာ မောင့်လက်လေးကို ဆုပ်ကိုင်ထားပြီး မောင့်အနားမှာနေချင်မိသော်လည်း မောင့်ကို အခုလိုအခြေအနေထိလုပ်ခဲ့တဲ့ တရားခံမှာ ကိုယ်တိုင်သာဖြစ်နေ၍ အပြစ်ရှိနေတဲ့ စိတ်တို့ဟာ ပိတ်ထားတဲ့ အခန်းတံခါးအရှေ့၌သာ အချိန်ကြာကြာရပ်ခွင့်ပေးထားသည် ။

" မောင်က မ မရှိရင်သေမှာ "

မောင့်ရဲ့စကားသံတချို့ဟာ နားထဲပျံ့လွင့်နေခဲ့ပြီး တိတ်သွားခြင်း မရှိသေးသော မျက်ရည်တို့ဟာလဲ ပါးပြင်တစ်လျှာက် ပျံ့နှံ့လျက် ။

ဒါဟာ မောင့်ကိုချစ်တဲ့အချစ်တဲ့လား...

သိပ်အပေါစားဆန်လိုက်တာ ... ယုံကြည်မှုလေးတစ်ခုတောင် မပေးနိုင်ဘဲနဲ့ ချစ်တယ်တဲ့လား..

ကိုယ်ချစ်ရတဲ့သူရဲ့ စကားထက် တခြားစကားတွေကို ယုံကြည်ခဲ့တဲ့ မောင့်ကိုချစ်တဲ့ အချစ်တဲ့လား....

" ဆူးခက်နွယ်ဆိုတဲ့ မိန်းမဟာ သိပ်စိတ်ပျက်ဖို့ ကောင်းတာဘဲ "

ကိုယ့်ကိုကိုယ် အံကြိတ်အပြစ်တင်နေတဲ့ ဒီမိန်းမဟာ မောင့်အချစ်နဲ့ တကယ်ကို မတန်တဲ့မိန်းမပါ မောင်ရယ် .....

မောင်ကတော့ အသက်တောင် စတေးခဲ့တယ်တဲ့လား.....

မောင့်အချစ်နဲ့ မတန်တဲ့ မိန်းမက မောင့်ဘေးနားမှာ ဆက်နေဖို့ရောတန်ရဲ့လား ...

စီးကျနေတဲ့ မျက်ရည်တွေဟာ မောင့်အပေါ်ထားတဲ့ အချစ်ဖြစ်သလို ဒီမျက်ရည်တွေကဘဲ မောင့်ရဲ့အနားက ထွက်သွားဖို့ကို တွန်းအားပေးနေခဲ့သည် ။

အမြဲတမ်း‌နာကျင်စေခဲ့ပြီး အမြဲတမ်းထွက်သွားမိခဲ့လို့ တောင်းပန်ပါတယ် ။

တစ်နေ့နေ့တစ်ချိန်ချိန်မှာ‌တော့ မောင်သတိရလာလိမ့်လို့ မ ယုံကြည်တယ် ဘာလို့ဆို မောင်ကမကို သိပ်ချစ်တာလေ ...

မကို တစ်ယောက်တည်း ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး မဟုတ်လား...

မောင်ပြောခဲ့ဖူးတယ်လေ မောင်ကမအနားမှာဘဲ တစ်ချိန်လုံးကပ်တွယ်နေမှာလို့

မလဲ မောင့်အနားမှာဘဲ ကပ်တွယ်နေချင်တော့လို့ အမြန်ဆုံးပြန်ပြီးသတိရလာပေးပါတော့ မောင်ရယ် .။

****************

ကံစီမံရာအတိုင်း လည်ပတ်နေတဲ့ လောကကြီးထဲမှာ မင်းအနားမှာဘဲ ကံကုန်တဲ့အထိ ကပ်တွယ်နေချင်တယ် ။

လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်ပြီး နဖူးထက်ကို ခပ်ဖွဖွ အနမ်းပေးကာ တစ်နေ့တာကို စတင်ပြီး

ပုခုံးထက်ခေါင်းလေးမှီကာ ရင်ခွင်ထဲတိုးဝင်ပြီး လမင်းကြီးရယ် ကြယ်ရောင်စုံတွေရှိတဲ့ ကောင်းကင်ကြီးကို နှစ်ယောက်အတူကြည့်ကာ မင်းရင်ခွင်ထဲမှာဘဲ တစ်ညတာလုံးအိပ်စက်အနားယူချင်သည် ။

ရိုးရှင်းတယ် ...

သိပ်ကိုရိုးရှင်းတယ်....

ဘဝမှာ မက်မက်မောမောနဲ့ဘာများလိုချင်လဲမေးရင် မင်းတစ်ယောက်တည်းလို့ဘဲ ဖြေမိသည့်အထိ ရိုးရှင်းလွန်းတယ် ။

အပိုင်လိုချင်တာ မင်းတစ်ယောက်တည်းရှိပြီး

နဖူးထက်သို့ ခပ်ဖွဖွခြွေလာမည့် မင်းအနမ်းလေးတစ်ပွင့်ကိုသာ မက်မောမိသည် ။

#Smirk123

############