Chapter 23: Part_23

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 37374

ကျယ်ပြန့်သော လွင်ပြင်ကြီးထဲတွင် မြက်ပင်ရိုင်းတွေဟာ အဆုံးမဲ့ ပေါက်ရောက်နေခဲ့ပြီး ထိုမြက်ပင်ရှည်တွေကြား တိုးဝှေ့သွားနေရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော် ခန္ဓာကိုယ်ဟာလဲ မောပန်းပင်ပန်းစပြုလာသည် ။

တိုးဝှေ့နေရသောအရှိန်ကြောင့် လက်တို့ဟာ နာကျင်လာသလို မောဟိုက်လာသော ခန္ဓာကိုယ်ကြောင့် နေရာမှာပင် ဆောင့်ကြောင့်ထိုင်ချကာ ကလေးတစ်ယောက်လို ငိုကြွေးနေမိသည် ။

" မောင်လေး "

ရှိုက်သံတို့နှင့်ရောထွေးစွာ မပြတ်မသားကြားလိုက်ရသော အသံတစ်ခု‌ကြောင့် ခေါင်းထောင်ကြည့်မိသည် ။

" မောင်လေး .."

ပြတ်သားစွာပြန်လည်ကြားလိုက်ရသော အသံကြောင့် ဘေးဘယ်ညာလိုက်ကြည့်ကာ...

" ကိုကို... ကိုကိုလား ... မောင့်ကိုကယ်ပါအုံး.. မောင်ဘယ်ရောက်နေမှန်းမသိလို့ .. ကယ်ပါအုံး... ကိုကို...ကိုကို "

" မောင်လေး "

အသံလာရာဘက်သို့ ဦးတည်ကာ ပြေးလိုက်သွားသော်လည်း ဒီမြက်ပင်ရှည်တွေကြားထဲမှာပင် တဝဲလည်လည် ။

" ကိုကို... ကိုကို "

လိုတာမရတော့တဲ့ ကလေးလို ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ကာ ကိုကိုဟုသာ ထပ်တလဲလဲ ခေါ်ရင်း တဖန်ငိုကြွေးနေပြန်သည် ။

"မောင်လေး "

နီးကပ်စွာကြားလိုက်ရသော အသံကြောင့် ခေါင်းမော့ကြည့်လိုက်ရာ ကိုကိုဟာ မောင့်မျက်စိရှေ့တွင် ရောက်ရှိနေခဲ့ပြီး ခုနကမြက်ပင်ရှည်တွေဟာလဲ ရုတ်ချည်းပျောက်ကွယ်သွားသလို ကွင်းပြင်ကျယ်ကြီးတွင် ကိုကိုနှင့် မောင်နှစ်ယောက်တည်းသာ ။

" ကိုကို .."

မျက်ရည်စတို့နှင့် ငိုကြွေးနေခဲ့သော မောင်ဟာ ကိုကိုဟုဆိုသော သုတထက်ကို ပြေးကာဖက်လိုက်သည် ။

" သုတမောင်က ကလေးလား ...

ကြည့်ပါအုံး ငိုထားတာ ကလေးလေးကျနေတာဘဲ နှပ်တွေတောင်ထွက်လို့ "

ရင်ခွင်ထဲမှ ထွက်လာသော မောင်လေးရဲ့ ပါးပြင်ထက်တွင် ပေကျံနေသော မျက်ရည်စတို့ကို သုတ်ပေးလိုက်ပြီး ခေါင်းလေးကို အသာပုတ်ကာ ပြုံးပြလိုက်သည် ။

ကိုကိုခေါင်းလေးကို အသာပုတ်လိုက်တဲ့ အချိန်တွင် ခပ်ဝါးဝါး ပုံရိပ်တချို့ဟာ ခေါင်းထဲတွင်ဖြတ်ကနဲ ပေါ်လာသည် ။

" မောင်က ကိုကို့ကို အရမ်းလွမ်းနေတာ "

အရှေ့တွင်ရပ်ပြီး ပြုံးနေတဲ့ကိုကို့ကို အငယ်ပီပီ ချွဲတော့သည် ။

" ကိုကိုလဲ မောင်လေးကို လွမ်းတာဘဲ "

" ကိုကို မောင်တို့က ဘယ်ရောက်နေတာလဲ ... ဒီမှာ ဘာမှလဲ မရှ်ိဘူး "

ကိုကိုဟာ ဘာမှပြန်‌မဖြေဘဲ ပြုံးသာပြုံးနေခဲ့သည် ။

" ကိုကို မောင်ပြောတာကြားရဲ့လား ... မောင်တို့ဘယ်ရောက်နေတာလဲလို့ "

" ဒီနေရာက မောင်လေးမလာသင့်တဲ့ နေရာလေ "

" ဟင် "

ကိုကို့အဖြေကြောင့် မောင် ခေါင်းလေးကုတ်ကာ စဉ်းစားနေရသည် ။

မောင်မလာသင့်တဲ့နေရာဆို မောင်က ဒီမှာရောက်တောင်ရောက်နေပြီလေ ။

" မောင်လေးက ခဏတာရောက်လာတာပါ .. မောင်‌လေးဒီမှာ အကြာကြီးနေဖို့မသင့်ဘူး ... ဟိုမှာ မောင်လေးကို စောင့်နေကြတဲ့ သူတွေရှိတယ် "

ကိုကို့ရဲ့စကားတွေကို မောင်လိုက်ပြီးတော့တောင် မစဉ်းစားနိုင်တော့ပေ ။

မောင်စဉ်းစားလေ အဖြေဟာ ထွက်မလာဘဲ ပိုပိုရှုပ်လာခဲ့သည် ။

မောင်ကဒီကို ခဏရောက်လာတာ

ဟိုမှာ မောင့်ကို စောင့်နေတဲ့သူတွေ ရှိတယ်တဲ့ ဘာတွေလဲ ....

" မောင်လေး စဉ်းစားရခေါင်းရှုပ်နေပြီမလား "

ခေါင်းတဆက်ဆက်ငြိမ့်ပြနေတဲ့ မောင်လေးဟာ တကယ့်ကလေးလေးတစ်‌ေယာက်ပမာ ..

" ဒါဆို ကိုကိုပြောပြမယ် ... ကိုကို‌နဲ့ မောင်လေး နောက်ဆုံးတွေ့ခဲ့တာ ဘယ်နေရာလဲ စဉ်းစားကြည့် "

ကိုကိုနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့နေရာ စဉ်းစားပေမဲ့ ခေါင်းထဲတွင်ဘာမှပေါ်မလာ ဝေဝေဝါးဝါးသာ ..

" မောင်စဉ်းစားလို့မရဘူး ကိုကို "

" သေချာစဉ်းစားကြည့်ပါအုံး သုတမောင်ရဲ့ "

" သုတမောင် "

သံယာင်လိုက်ကာ ခေါင်းထဲတွင် ပုံရိပ်တချို့ဟာ ဝိုးတိုးဝါးတား...

" ငါ့ရှေ့ကနေ ဖယ်စမ်.. သုတမောင် !! "

အပြင်းအထန်ဒေါသ ထွက်နေခဲ့တဲ့ကိုကို

" ဟင့်အင်း မဖယ်ပေးဘူး ကိုကို .. ကိုကို အခုချိန်မှာ အပြင်သွားရင် ကိုကို့အတွက် အန္တရာယ်ရှိတယ် "

မျက်ရည်တွေနဲ့ တားဆီးနေတဲ့ သုတမောင်ကြောင့် သုတထက် ဒေါသတို့ကို လျှော့ကာ ...

" မောင်လေး... ကိုကို့ကိုကြည့် ... "

မျက်ရည်တွေနဲ့ မော့ကြည့်လာတဲ့ မောင့်ရဲ့ ပါးပြင်ထက်က မျက်ရည်များကို အသာသုတ်ပေးလိုက်ပြီး

" ကိုကိုက သန်မာတယ်ဆိုတာ မောင်လေးသိတယ်မလား .. အဲ့ဒါကြောင့် ကိုကို့ကို စိတ်မပူနဲ့နော် .. ကိုကိုအပြင်ခဏဘဲသွားမှာ .. ပြန်လာခဲ့မယ် "

" ဒါပေမဲ့..."

" ကိုကိုသိတယ် ... သူတို့ ကိုကို့ကို ထိခိုက်အောင် မလုပ်လောက်ပါဘူး .. စိတ်မပူနဲ့နော် "

ခေါင်းလေးကိုအသာပုတ်ပြီး ကားပေါ်သို့တက်သွားသော ကိုကို့ကို မျက်တောင်မခတ် ကိုကို့ကားလေး ခြံပြင်ရောက်သွားသည်အထိ လိုက်ကြည့်နေမိသည် ။

ကိုကို့မျက်နှာကို မော့ကြည့်လိုက်တော့ ကိုကိုဟာ ပြုံးနေခဲ့သည် ။

" မှတ်မိပြီမလား "

" ကို.ကိုကို... မောင်.. မောင် အရမ်းကြောက်ခဲ့ရတာ "

" မောင်က ကိုကိုပြန်လာမယ်ဆိုပြီး ယုံကြည်ပြီး စောင့်နေခဲ့တာ ..

ကိုကိုက မောင့်ကို ချစ်တယ်လေ ..

မေမေတို့ရှေ့မှာသာ မောင့်ကို အော်ငေါက်ခဲ့ပေမဲ့ မေမေတို့မရှိချိန်ဆို မောင့်ကိုပြန်လာပြီးချော့ခဲ့တာလေ ..

ကိုကိုက မောင့်ကိုချစ်တော့ ကိုကိုပြန်လာမယ် ထင်ပြီး တစ်ညလုံး ထိုင်စောင့်နေခဲ့တာ ...

ကိုကို ကတိမတည်ဘူး... မောင်ဘယ်လောက် ကြောက်ခဲ့ရလဲသိလား... "

" အင်း.. ကိုကိုသိတယ်.. မောင်လေးအရမ်းကြောက်နေမယ်ဆိုတာ ကိုကိုသိတယ် တောင်းပန်ပါတယ်နော် ဂတိမတည်ပေးခဲ့လို့ "

ရင်ခွင်ထဲမှာ ရှိုက်ကြီးတငင်ငိုနေတဲ့ မောင်းလေးရဲ့ ‌ေခါင်းကို အသာပွတ်ကာ ချော့မြူရတော့သည် ။

မောင်လေးက သိပ်ကို ဝမ်းနည်းလွယ်တဲ့ ကလေးလေးလေ ...

တခါအော်လိုက်ပြီဆို မျက်ရည်လေးတွေဝဲပြီး ငိုတော့တာဘဲ ..

ဖေဖေနဲ့မေမေက မောင့်ကိုမလိုချင်ဘဲရလာလို့ မုန်းတီးနေကြပေမဲ့ ကျနော်ကတော့ မောင့်ကို အရမ်းချစ်သည် ။

ရုပ်ချင်းဆင်တဲအမွှာ‌လေးရထားတော့ ပိုတောင်ပျော်မိသေးသည် ။

သို့သော် မွေးဖွားလာရတဲ့ ကံကြမ္မာတွေဟာ မှားယွင်းနေခဲ့သလား အတ္တတွေကြောင့်ဘဲလား မသိ

မောင်လေး မပျော်ရွှင်ခဲ့ရသလို ကျနော်လဲ စိတ်ချမ်းသာမှုမရခဲ့ ။

" မောင်လေး ဒီမှာနေလို့ မရတော့ဘူး .. ဟိုမှာ မောင်လေးကို စောင့်နေကြတဲ့ သူတွေရှိတယ် "

" မောင့်ကို စောင့်နေကြတဲ့သူတွေ "

မျက်လုံးလေးပေကလပ်လကပ် ဖြစ်နေတဲ့ မောင်ဟာ အူယားစရာကောင်းလှသည် ။

" အာဟား .. မောင်လေးက မောင်လေးသိပ်ချစ်ရတဲ့ မမကို မေ့နေပြီပေါ့ "

" မမ.....မ!"

အခုမှသတိရဟန်ဖြင့် အလန့်တကြားထအော်တဲ့ မောင်လေး..

သိပ်သိတာပေါ့ ဆူးခက်နွယ်ဆိုတဲ့ အမျိုးသမီးဟာ မောင်လေး သိပ်ချစ်ရတဲ့ အမျိုးလေးဆိုတာ သိတာပေါ့ ...

ဟိုးအစကတည်းက သိခဲ့တာ ...

ဒီအမျိုးသမီးဟာ သိပ်ကိုကံကောင်းလွန်းတယ်

သူမကို ချစ်ကြတဲ့သူတွေဟာ အများသား..

ကျနော်ကိုယ်တိုင်လဲ အပါအဝင်ပေါ့ ...

" မက မောင့်ကို မုန်းနေတာ.. မောင့်ကိုမမြင်ချင်ဘူး ဆိုပြီး ထွက်သွားတာ အဲ့တာကြောင့် အဲ့တာကြောင့် ..."

" မောင်လေး ကိုကို့ကိုကြည့် ...ကိုကို့ကိုကြည့်လို့ "

အာရုံလွင့်နေတဲ့ မောင်လေးရဲ့ ပခုံးလေးကို ကိုင်လှုပ်ကာ ..

" ဆူခက်နွယ်ကို မချစ်ဘူလား "

" ချစ်တယ် "

" သူတို့မုန်းလား "

" မမုန်းဘူး "

" မုန်းနိုင်လား "

" ဟင့်အင်း ... လုံးဝမမုန်းနိုင်ဘူး .. အဲ့အမျိုးသမီးကို မောင်လုံးဝမုန်းလို့မရဘူး... မောင်အရမ်းချစ်လို့ လုံးဝမုန်းလို့မရဘူး "

" အဟင်း...

ရပြီလေ အဲ့တာဆို ... သူမုန်းနေတုန်းကတောင် မောင်လေးချစ်နေခဲ့သေးတာဘဲ .. အခုထပ်မုန်းတော့ရော ဘာဖြစ်လဲ ဆက်ချစ်ပေါ့ "

" ဒါပေမဲ့ မက မောင့်ဆီကနေ ထွက်သွားတာလေ "

" သူမောင်လေးကို စောင့်နေတယ် .. မောင်လးပြန်လာမှာကို စောင့်နေတယ် "

" စောင့်နေတယ် "

" ဟုတ်တယ် မောင်လေး ကိုကို့ကိုယုံ သူမောင်လေးကို စောင့်နေတယ် .... အဲ့တာကြောင့် မောင်လေးဒီမှာ မနေသင့်တော့ဘူး ... မေမာန်ထက်လဲ မောင်လေးကို စောင့်နေတာ "

" မမမေရော...."

" ဟုတ်တယ် .. မောင်လေးကို ချစ်တဲ့သူတွေက မောင်လေးကို စောင့်နေကြတဲ့အတွက် မောင်လေးပြန်သင့်ပြီ ..."

" ကိုကိုကရော "

" ကိုကိုက မောင်လေးအနားမှာ အမြဲရှိနေမှာပါ ..

လာပါအုံး ... ဒီကို ..."

ရင်ခွင်ထဲသို့ သိမ်းကြုံးဖက်လိုက်သော ကိုယ်လေးဟာ နွေးထွေးနေသလို မကြာခင်မှာဘဲ ဒီနွေးထွေးမှုလေးနှင့် ပြန်လည်ခွဲခွာရတော့မည် ။

ကိုကိုတို့ရဲ့ တွေ့ဆုံချိန် ရေစက်တွေဟာ တိုတောင်းပေမဲ့ မောင့်လေးကို ကာကွယ်ခွင့်ရခဲ့တဲ့ အတွက် ကိုကိုကျေနပ်တယ် ။

ကိုကိုသိပ်ချစ်ရတဲ့ အမျိုးသမီးလေးနဲ့ မောင်လေးပေါင်းဖက်ခွင့်ရတဲ့အတွက် ကိုကိုဝမ်းသာတယ် ။

ရှေ့ဆက်လျှောက်ရမဲ့ မောင်လေးရဲ့ ဘဝလေးကို အပြုံးပန်းလေးတွေနဲ့ဘဲ ရှေ့ဆက်စေချင်တာ ကိုကို့ရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့အတွက် ကိုကိုဆုတောင်းပေးခဲ့ပါတယ် ။

***************

" ဒီ projectအတွက် ကျနော်တို့မြုပ်နှံထားတဲ့ ငွေတွေကနည်းတာမဟုတ်ဘူး ... ဥက္ကဌဘက်က သေချာတယ်ဆိုလို့ ကျနော်တို့က အရဲစွန့်ခဲ့တာ "

" ဒီလတွေထဲမှာ ဥက္ကဌရဲ့လုပ်ဆောင်ဆောင်ချက်တွေက အများကြီးကောင်းမွန်ခဲ့ပါတယ် .. အဲ့ဒါကြောင့်လဲ ကျနော်တို့က ဥက္ကဌကို ယုံယုံကြည်ကြည်နဲ့ လက်တွဲခဲ့တာ ... ဒီ project သာမအောင်မြင်ခဲ့ရင် ကျနော်တို့ဘက်က ဆုံးရှုံးမှုက အရမ်းကြီးမားလိမ့်မယ် ... ဒါကြာင့် ဥက္ကဌအနေနဲ့ ဆုံးဖြတ်ချက် တစ်ခုခုတော့ချရလိမ့်မယ် .."

ရှယ်ယာဝင်တွေရဲ့ တစ်ယောက်ချင်း အကြံပြုချက်တွေကိုနားထောင်ရင်း ကိုယ်တိုင်လဲအဘက်ဘက်ကို တွေးတောနေရသည် ။

Project အတွက်အားလုံးစီစဉ်ပြီးမှ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပြည်ပကတင်သွင်းခွင့် ပိတ်ပစ်လိုက်သည့်အတွက် လုပ်ငန်းစဉ်တွေအားလုံး ရပ်တန့်နေရသည် ။

ကုန်ကြမ်းပစ္စည်းမရှိဘဲ projectက ရှေ့ဆက်လို့မရသလို ဖျက်သိမ်းလိုက်ရင်လဲ ဆုံးရှုံးမှုက သိပ်ကိုကြီးမားသည် ။

" ရှယ်ယာရှင်တွေအားလုံး ကျွန်မကိုယုံကြည်ပြီး အခုချိန်ထိ အတူတူလက်တွဲလုပ်ဆောင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ် ...

ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်တဲ့အတွက် စိတ်ချပါ ဒီကိစ္စကို ကျွန်မ‌အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ် .... အချိန်လေးခဏဘဲ စောင့်ပေးပါ "

အခန်းထဲမှ ရှယ်ယာရှင်တွေထွက်သွားတော့မှ စိတ်ကိုလျှော့ကာ ထိုင်ခုံပေါ်သို့ အားလျော့စွာ ထိုင်ချမိတော့သည် ။

ရှုပ်ထွေးနေသော အခြေအနေများကြောင့် နထင်ကိုလက်နဲ့ အသာဖိကာ မျက်လုံးကို အသာမှိတ်ထားလိုက်သည် ။

" အဆင်ပြေရဲ့လား ... တော်တော် ပင်ပန်းနေပြီထင်တယ် "

မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဦးကောင်းသုတ ..

" ခံနိုင်ရည်ရှိပါသေးတယ် ... ကျွန်မပင်ပန်းတယ်ဆိုတာ မောင့်ကိုမမှီသေးပါဘူး "

ကျွန်မအပြောကြောင့် ဦးကောင်းသုတဟာ လူကြီးပီပီ အသာပြုံးကာ ခေါင်းတညိမ့်ညိမ့်နှင့်သာ ...

📲📲📲📲📲

ခွင့်တောင်း ဟန်ဖြင့် ကြည့်လာသောကြောင့် ခေါင်းသာ ညိမ့်ပြလိုက်သည် ။

" သမီးမေ ပြောလေ .. ဘာကိစ္စရှိလို့လဲ "

တဖက်ကဘာပြောမှန်းမသိပေမဲ့ တအံ့တဩနှင့်ကြည့်လာသော ဦးကောင်းသုတကြောင့် စိတ်လှုပ်ရှားမိသည် ။

" အင်း ... ဖေဖေအခုလိုက်လာခဲ့မယ် "

" စိတ်ချ .. သေချာပေါက် ခေါ်လာခဲ့မယ် "

ဦးကောင်းသုတရဲ့ ပုံမှန်ထက်ထူးခြားနေတဲ့ အပြုအမူတွေကြောင့် တစ်ခုခုဖြစ်မှာကို စိုးထိတ်မိသလို သိချင်စိတ်လဲဖြစ်မိသည် ။

" ဦးလေးတို့ ဆေးရုံသွားရအောင် "

" ရှင် .. ဘာကိစ္စများရှိလို့လဲ "

" အင်း ဟိုရောက်ရင်တော့ သိရမှာပေါ့ .. "

ဘာကိစ္စမှန်းမသိရဘဲ ဦးကောင်းသုတခေါ်ရာနောက်သို့ လိုက်လာခဲ့ရသည် ။

လမ်းတစ်လျှောက်လုံးလဲ ဘာတစ်ခွန်းမှမပြောသဖြင့် စိတ်ထဲတွင်ဧကန် မရိုးမရွဖြစ်ရသည် ။

ဆေးရုံတစ်ခုရှေ့ ကားရပ်လိုက်သောအခါ အနည်းငယ်ရိပ်မိခဲ့သည် ။

ဒီဆေးရုံကို သေချာပေါက်သိတာပေါ့..

ခပ်မှန်မှန်ခြေလှမ်းများဖြင့် ဆေးရုံထဲသို့ ဝင်ရောက်လာသော ကျွန်မရဲ့အတွေးထဲတွင်တော့ အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေသည် ။

မျှော်လင့်ချက်ရောင်ခြည်သန်းသလို အတွေးမျိုးဝင်ရောက်လာသလို စိုးထိတ်တုန်လှုပ်စရာကောင်းတဲ့ အတွေးတွေဟာလဲ ထပ်တူဝင်ကောက်လာခဲ့သည် ။

ဒွိဟစိတ်များဖြင့် လျှောက်လှမ်းလာလိုက်တာ ရင်နှီးပြီးသော အခန်းရှေ့၌ ဦးကောင်းသုတရော ကျွန်မပါစုံချရပ်လိုက်မိသည် ။

စိုးရိမ်ပူပန်ဟန်ရှိသော ဦးကောင်းသုတရဲ့မျက်နှာကြောင့် ချွေးစေးများပင်ပြန်လာခဲ့သည် ။

အခန်းတံခါးကိုဖွင့်မည်အလုပ် အချိန်ကိုက်စွာ အခန်းထဲမှ ထွက်လာကြသော လူတချို့ ....

ဂျူတီကုတ်များဖြင့် ဆုရာဝန်နှစ်ယောက်အပြင် သူနာပြုမလေး သုံးယောက်နှင့် မေမာန်ထက်ကိုပါ တပါတည်း မြင်လိုက်ရသည် ။

" လူနာအခုလို ပြန်ပြီးသတိရလာလို့ ကျနော်တို့ဝမ်းသာပါတယ် ...

လူနာကအရမ်းကံကောင်းတယ် ဒီလိုကိုမာဝင်သွားတဲ့လူတွေဆို နှစ်နဲ့ချီပြီးကြာမှ ပြန်သတိရလာတတ်ကြတာ ပြန်သတိရမလာတော့တဲ့ လူတွေလဲရှိတယ် ..

အခုလူနာက ၆လလောက်နဲ့ ပြန်သတိရလာတာဆိုတော့ တော်တော်လေးကိုကံကောင်းတာ "

" ကျေးဇူးတင်ပါတယ် ... ဆရာတို့လဲ ပင်ပန်းသွားကြပြီ "

" ကျန်တဲ့စစ်ဆေးမှုတွေကတော့ လူနာနိုးလာမှဘဲ ဆက်လုပ်ကြတာပေါ့.. ဒါဆို ကျနော်တို့ကို သွားခွင့်ပြုပါအုံး "

ဆရာဝန်များထွက်သွားကြတော့ အခန်းရှေ့မှာကျန်ခဲ့သည်က လူသုံးယောက်သာ ။

မေမာန်ထက်ရဲ့မျက်နှာဟာ တည်ငြိမ်နေခဲ့ပြီး ဦးကောင်းသုတကတော့ ပြုံးနေခဲ့သည် ။

ကျွန်မကတော့ အခုချိန်ဟာ အိမ်မက်လား လက်ရှိလားကို ဝေခွဲလို့မရနိုင်သေး ။

မောင်သတိရလာပြီလို့ စကြားလိုက်ရတဲ့ အချိန်ဟာ ကျွန်မရဲ့ကမ္ဘာဟာ ပြန်ပြီးအသက်ဝင်လာသလို အမှောင်ထဲမှာ လမ်းပျောက်နေတဲ့ကလေးက အိမ်ပြန်လမ်းကို ပြန်ရှာတွေ့လိုက်သလို ခံစားချက်တို့ဟာ  လင်းလက်နေခဲ့သည် ။

" ဖေဖေ .. မောင့်ကို ခဏလောက်စောင့်ထားပေးပါအုံး သမီး ဆူးခက်နွယ်နဲ့စကားပြောချင်လို့ "

ဦးကောင်းသုတဟာ ခေါင်းတညိတ်ညိတ်နှင့် အခန်းတံခါးဖွင့်ကာ ဝင်သွားခဲ့သည် ။

အခန်းတံခါးဖွင့်ချိန် ဖြတ်ကနဲမြင်လိုက်ရတဲ့ ပုံရိပ်လေးကြောင့် ရင်ထဲတွင်လှိုက်ကနဲ့ ။

" ဆူးခက်နွယ် ငါတို့စကားခဏပြောရအောင် "

" အင်း "

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ဆိုသော်လည်း သီချင်းသံခပ်ငြိမ့်ငြိမ့်လေးကို ကြားနေရသည် ။

ရှေ့တွင်ချထားသော ကော်ဖီခွက်လေးဟာလဲ အငွေ့တလူလူနှင့် ...

ဘေးပတ်လည်တွင် အေးချမ်းတည်ငြိမ်နေပါသော်လည်း စိတ်အစုံတို့ဟာတော့ တည်ငြိမ်မှုမရှိ ..

" မောင့်အနားမှာ နင့်ကို ထပ်မမြင်‌ချင်တော့ဘူး "

တည်ငြိမ်မှုမရှိနေတဲ့ စိတ်အစုံတို့ဟာ စကားတစ်ခွန်းကြောင့် တုန်လှုပ်သွားရသည် ။

လက်သီးဆုပ်ကလေးဟာလဲ တင်းကနဲဖြစ်သွားခဲ့ပြီး

မေမာန်ထက်ရဲ့ မျက်နှာသို့မော့ကြည့်ကာ အကြည့်ချင်းဆုံစေခဲ့သည် ။

" မောင်က နင့်ကြောင့်နဲ့ အများကြီးနာကျင်ခဲ့ရပြီးပြီ ... နင့်အတွက် အများကြီးပေးဆပ်ခဲ့ပြီးပြီ...

ငါမယုံတော့ဘူး ...အကြိမ်ကြိမ်သတိပေးခဲ့ရက်နဲ့ ..

မောင့်ကို နင့်ကြောင့်နဲ့ ထပ်ပြီးမနာကျင်စေချင်တော့လို့... မောင့်အနားက ထွက်သွားပေးပါ "

ဒါဟာ တစ်ဖက်သတ်ဆန်လွန်းပေမဲ့ မေမာန်ထက် မလွန်ပါ ...

ကိုယ်တိုင်ကလဲ အကြိမ်ကြိမ်အပြစ်လုပ်ခဲ့မိသည့်အတွက် ဘယ်လိုစိတ်နဲ့များ မောင့်အနားကို ထပ်သွားနိုင်မည်နည်း ။

ပြောစရာစကားများ ပျောက်ရှနေခဲ့ပြီး ကျွန်မရဲ့ အဖြေဟာလဲ ခေါင်းခါသလား ခေါင်းညိမ့်သလား မသိ...

မေမာန်ထက်ဟာတော့ ကျွန်မရှေ့ကပင် အေးအေးဆေးဆေးပင် ထွက်ခွာသွားခဲ့သည် ။

ကောင်းခြင်း ဆိုးခြင်းတွေကို မသိတော့ဘဲ အတွေးထဲ ခေါင်းထဲမှာ ဗလာနတ္ထိဖြစ်နေတဲ့ အခြေအနေတွေဆိုတာ တကယ်ရှိလေသည် ။

ဘာကိုမှတွေးတောခြင်း မရှိတော့ဘဲ

ဘာကိုများ လုပ်ချင်နေမှန်း မသိဘဲ

ဘာကိုများ အလိုရှိနေမှန်းမသိဘဲ

ဘာဆိုဘာမှ မသိတော့တဲ့ မသိချင်တော့တဲ့ ဒီအခြေအနေမျိုးဟာ စိတ်အစုံတို့ သေဆုံးသွားခဲ့ပြီ ဖြစ်သည် ။

သေဆုံးသွားခဲ့သော စိတ်အစုံတို့ကြောင့်

မြင်နေပေမဲ့ မတွေ့တော့တာမျိုး

ကြားနေပေမဲ့ မကြားတော့တာမျိုး

တကယ်ပါ လူမသေပေမဲ့ စိတ်သေသွားခဲ့ရင် လှပတဲ့သက်ရှိကမ္ဘာကြီးတောင် အသက်မဲ့သွားတော့တာမျိုး

မင်းမရှိရင် သေမှာဆိုတဲ့အတိုင်းဘဲ ကိုယ့်ရဲ့ စိတ်အစုံတို့ဟာ တကယ်သေဆုံးသွားခဲ့ပြီ ။

လွမ်းတယ်...

ကိုယ့်ဆီကနေ ထွက်ပြေးသွားခဲ့တဲ့ မင်းကိုလွမ်းတယ်

ဘယ်အချိန်ပြန်မလဲ မသိတဲ့ မင်းကိုလဲ လွမ်းတယ်

ဘယ်သောအခါမှ ပြန်မလာခဲ့တဲ့ မင်းကိုလွမ်းတယ်

တကယ်ပါ ကိုယ်မင်းကို အချိန်တိုင်းလွမ်းနေခဲ့တာ...

" မောင်လေး နိုးနေပြီလား "

ခုတင်ပေါ်ကနေ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေတဲ့ မောင့်ရဲ့မျက်ဝန်းတို့ဂာ အသက်မဲ့နေသယောင်....

မောင် ကြည့်နေသော မောင့်ပတ်ဝန်းကျင်ဟာ မောင့်မျက်ဝန်းထဲတွင် ရှိမနေဘူးဆိုတာ သေချာသည် ။

ဆေးရုံတွင် ပြန်နိုးထလာကတည်းက မောင့်ရဲ့ မျက်ဝန်းတို့ဟာ အဓိပ္ပာယ်မဲ့နေသည် ။

ခံစားချက်မရှိတဲ့ လူတစ်ယောက်လို ပြုမူနေထိုင်ခဲ့သည်မှာ ဆေးရုံကဆင်းပြီး တစ်လကျော် အခုချိန်ထိပင် ။

" မောင်ထတော့မလား ... မမမေ ထူပေးမယ်လေ "

၆လကျော် ဆေးရုံတွင် လဲနေခဲ့ရသော ဒဏ်ကြောင့် မောင့်ခြေထောင်တို့ဟာ အကြောတို့အားနည်းကာ အသုံပြုရန် မလွယ်ကူသေးချေ ။

မောင့်ကိုဆွဲထူ မကူပေးပြီး ခုတင်ခေါင်းရင်းတွေမှီစေကာ ရေစိုဝတ်လေးဖြင့် မျက်နှာသစ်ကိုယ်လက်သန့်စင်ခြင်းအမှုကို လုပ်ဆောင်ပေးရသည် ။

မောင်ကလေ ကလေးလေးအတိုင်းဘဲ လုပ်ပေးရင် လုပ်ပေးတဲ့အတိုင်း ဘာမှမပြောဘဲ ငြိမ်ခံနေတတ်တယ် ။

အင်း ဘာမှမပြောဘဲ ဟုတ်တယ် သတိပြန်ရလာကတည်းက မောင်ဟာ အခုချိန်ထိ စကားတစ်ခွန်းတ‌လေမှ မပြောသေးချေ ။

ဟိုတစ်ချိန်က မောင်‌သေးသေးလေး အတိုင်းပင် အခန်းထဲတွင်သာ တစ်နေ့လုံးနေတတ်ပြီး ပြတင်းပေါက် မဟုတ်ရင် တစ်နေရာရာကို မျက်လုံးသေများဖြင့် စိုက်ကြည့်နေတတ်သည် ။

မောင့်ကို အခုလိုပုံစံဖြင့် မြင်နေရသည်မှာ ရင်တွေအောင့်လှသည် ။

မိန်းမတစ်ယောက်အတွက်နဲ့ မောင်အခုလိုဖြစ်သွားရသည်ကို ပို၍ရင်နာသည် ။

မောင့်ကို ဘယ်အရာတွေကများ ပျော်စေနိုင်မှာလဲ ..

မောင့်အတွက် ပျော်စရာရပ်ဝန်းလေးများကို အမြဲဖန်တီးပေးချင်သည် ။

ထိုရပ်ဝန်းလေးမှာသာ မောင့်ကို တစ်သက်တာခိုနား‌စေချင်သည်  ။

သိပ်လှတဲ့ အပြုံးတွေရှိ‌တဲ့ မောင်ဟာ အပြုံးလေးတွေနဲ့ဘဲ လိုက်ဖက်သည် ။

ထိုအပြုံးလေးတွေကို ဘယ်အရာကများ ဖော်ဆောင်ပေးနိုင်မည်နည်း ။

################