Chapter 25: Part.25

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 31239

လူအများနှင့်ရှုပ်ယှက်ခက်နေသော နေရာတွင်တောင် ဘယ်အရာကိုမှ မျက်လုံးထဲမမြင်သလို ဆူညံနေသောအသံတို့ဟာလဲ နားအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိပေ ။

စိတ်အစုံတို့လွှင့်ပြယ်သွားတဲ့အခါ

အတွေးတို့နယ်လွန်သွားတဲ့အခါတို့တွင်

ပုံမှန်လှုပ်ရှားလည်ပတ်နေသော ပတ်ဝန်းကျင်သည်လည်း အသက်မဲ့သွားနိုင်သည် ။

ဝီစကီခွက်ကိုကိုင်ထားသော ဖြူဖြူသွယ်သွယ်လက်လေးဟာ စီးကရက်တစ်လိပ်ကိုလဲ ကြားညှပ်တတ်သေးသည် ။

အမှောင်ကျသွားတဲ့နေ့ရက်တွေမှာ ဝီစကီတွေဟာ အဖော်ကောင်းတစ်ခု ဖြစ်ခဲ့သလို စီးကရက်တွေကလဲ စိတ်ထွက်ပေါက်တစ်ခု ဖြစ်လိမ့်မယ် ။

" မတွေ့ရတာ‌တောင် အတော်ကြာပြီဘဲ "

မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လာသောလူကို စီးကရက်အငွေ့တွေကြားမှာ မသဲမကွဲမြင်လိုက်ရသည် ။

ကြားလိုက်ရတဲ့အသံဟာ ရင်းနှီးတယ်ဆိုတာထက် မှတ်မိနေသော အသံဖြစ်သည် ။

" ဘာကိစ္စရှိလို့လဲ "

ဆူညံစွာထွက်ပေါ်နေသောသီချင်းသံများဟာ စိတ်ကိုရှုပ်ထွေးစေသလို တဖျက်ဖျက်လင်းနေသော ရောင်စုံမီးတို့ကြာင့် မျက်ခုံးတို့စုကြုံလာရသည် ။

ဒါတွေဟာ အရင်နေ့ရက်တွေက ပုံမှန်လိုဖြစ်နေသော်လည်း ဒီနေ့မှစိတ်ရှုပ်စရာကောင်းအောင် အကျည်းတန်နေသလိုပင် ။

" ဒီမှာပြောလို့အဆင်မပြေဘူးထင်တယ် ... အချိန်ရရင် အပြင်ခဏလောက်ထွက်ခဲ့ပေးပါလား "

စိတ်ရှုပ်ဟန်ဖြင့် ဆံပင်တို့ကိုထိုးဖွလိုက်ပြီး ထထွက်သွားသော ကျောပြင်နောက်သို့ လိုက်လာခဲ့ရသည် ။

စကားပြောပုံသာအနည်းငယ် ပြောင်းလဲသွားပေမဲ့ အပြုအမူကတော့ အရင်အတိုင်း မာန်တက်နေဆဲ ။

ဘေးတွင်ယှဉ်ရပ်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ ဖွာရှိုက်လာသည် ။

" ဘာပြောစရာရှိလို့လဲ "

စီးကရက်သောက်ကာ နားစွင့်နေသော်လည်း စီးကရက်တစ်လိပ်ကုန်သည်အထိ ဘာစကားမှပြောလာခြင်းမရှိခြင်းကြောင့် စိတ်မရှည်တော့စွာနဲ့မေးလိုက်ရသည် ။

လက်ကိုခပ်တင်းတင်းပိုက်ထားကာ ပေါ်လွင်နေသော မေးရိုးတို့ကြောင့် အံကြိတ်ထားဟန်တူသည် ။

မနှစ်မြို့ဘဲနဲ့များ ဘာလို့လာတွေ့နေသေးသလဲ ။

" တော်တော်ပြောင်းလဲ သွားတာဘဲ "

ဂရုမစိုက်ဟန်ဖြင့် စီးကရက်တစ်လိပ်ကိုထုတ်ကာ မီးညှိဟန်ပြင်လိုက်သည် ။

" တော်ပြီ မသောက်နဲ့တော့ "

ရုတ်တရက် ပါးစပ်တွင်တေ့ထားသော စီးကရက်ကိုဆွဲယူလိုက်ပြီး အောက်သို့ပစ်ချလိုက်တာကြောင့် အနည်းငယ်တော့ ကြောင်အသွားရသည် ။

" ဘာပြောစရာ ရှိလို့လဲ ... နောက်ပြီး ဘယ်လိုရှာတွေ့ခဲ့တာလဲ "

" မင်းကိုရှာတွေ့ဖို့က ငါ့အတွက် ခက်ခဲတဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူး ...

မင်းသူငယ်ချင်းတွေပြောတဲ့အတိုင်း မင်းကတော်တော်ပျက်စီးနေပြီဘဲ "

" ဟက် ... စိတ်ပူပြနေတာလား "

" ဟုတ်တယ် ...

ငါချစ်ရတဲ့သူအတွက် မင်းကိုစိတ်ပူတယ် "

ခနဲ့စွာပြောလိုက်သော်လည်း တစ်ဖက်မှပြန်ဖြေလာသောစကားကြောင့် စွံ့အသွားရသည် ။

" ဆူးခက်နွယ် .... အခုလိုလုပ်နေတာတွေကို ရပ်လိုက်တော့ "

" ကျွန်မကိုအမိန့်လာမပေးနဲ့ "

" အမိန့်ပေးနေတာ မဟုတ်ဘူး.. တောင်းဆိုနေတာ ...

ငါတို့နောက်ဆုံးတွေ့တဲ့အချိန်က ပြောခဲ့တဲ့စကားကို မှတ်မိသေးလား "

" ရှင့်ဆန္ဒအတိုင်း... မောင့်အနားက ထွက်သွားဆို ထွက်သွားပေးမယ် ... ဒါပေမဲ့ တစ်ခုတော့ရှိတယ် ...

မောင်က ကျွန်ကိုလိုအပ်တဲ့အချိန်ကျရင် ကျွန်မကိုပြန်လာခွင့်ပေး ဒါတော့လိုက်လျောပေးပါ..."

စကားသံအချို့ကို နားထဲပြန်ကြားယောင်လာပေမဲ့ ဒါတွေဟာ အတိတ်တွေမှာ ကျန်နေခဲ့ပြီ ။

" ရှင့်သဘောအတိုင်း မောင်နဲ့အဝေးဆုံးမှာ နေပေးခဲ့ပြီလေ ... ဘာတွေများ ထပ်လုပ်ပေးရအုံးမှာလဲ "

မောင်ဆိုတဲ့နာမ်စားလေးကို ပြောထွက်လိုက်တာနဲ့ ခက်ခက်ခဲခဲ ချိုးနှိမ်ထားခဲ့ရတဲ့ မောင့်ကိုသတိရတဲ့ စိတ်တွေဟာ အထိန်းအချုပ်မဲ့ကုန်ခဲ့သည် ။

ဒီလတွေထဲမှာ မောင့်ကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ ။

နာပ်စားလေးတောင် ခေါ်ခွင့်မရခဲ့တော့တဲ့အချိန်‌တွေမှာ ရူးမတက်ဘဲ ။

အရမ်းလွမ်းတယ် မောင် ...။

" ပြန်လာခဲ့... မောင်ဆီကိုပြန်လာခဲ့...

မောင်ကနင့်ကိုလိုအပ်နေတယ် ... "

မျက်ရည်တွေကြားထဲမှ မယုံနိုင်စွာမော့ကြည့်လိုက်သည် ။

မောင်က ကျွန်မကို လိုအပ်နေသည်တဲ့လား...

" မောင်... မောင်က ငါ့ကိုလိုအပ်တယ်ဟုတ်လား "

" ဟုတ်တယ် ... ငါအတွေးမှားသွားခဲ့တယ် ထင်တယ် .. မောင့်အနားမှာ နင်မရှိတော့ရင် မောင်လဲမနာကျင်ရတော့ဘူးလို့ထင်ခဲ့တာ ... အဟင်း...

တကယ်တော့ မောင့်ရဲ့ပျော်ရွှင်မှုက နင်ဖြစ်တယ် ..

မောင်ကနင်ရှိမှပျော်ရွှင်ရမှာ .... မောင့်ဆီပြန်လာခဲ့ပါ "

အရောင်မဲ့ခဲ့ရတဲ့ နေ့ရက်တွေ

အိပ်စက်မရခဲ့တဲ့ ညတာရှည်တွေဟာ ကြာရှည်ခဲ့ပေမဲ့ ....

မောင့်အနားသာ ပြန်လာခွင့်ရခဲ့ရင် ဒီလူဟာ ဒီကမ္ဘာမှာ ကံအကောင်းဆုံးလူသားတစ်ဦးသာဖြစ်မည် ။

မောင့်အနားမှာ ရှိနေရတဲ့အချိန်တွေဟာ ဘာနဲမှအစားထိုးမရသလို တန်ဖိုးအရှိဆုံး အချိန်တွေသာ ဖြစ်မည် ။

ဒီတစ်ခါဖမ်းဆုပ်မဲ့လက်ဟာ အချစ်တစ်ခုတည်းမဟုတ်တေ့ာကြောင်း မောင့်ကိုသက်သေပြချင်သည် ။

နက်မှောင်သော ကောင်းကင်ယံထက်တွင် ကြယ်ရောင်စုံများနှင့် လမင်းကြီးဟာ အချိန်မှန် ထွက်ပေါ်လာကြသည် ။

တဖျက်ဖျက်လင်းနေသော ကြယ်ရောင်စုံတို့ဟာ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ဝန်းရံကာ အဖော်ပြုနေကြသယောင် .....

တစ်ယောက်တည်း လမင်းကြီးကို မော့ကြည့်ရတဲ့အချိန်ဟာ အထီးကျန်ဆုံးဖြစ်မည်ထင်တယ် ။

အလွမ်းဓာတ်ခံရှိနေတဲ့ စိတ်တို့ဟာလဲ အခုချိန်မှာမှ ပိုပြီး သိမ်ငယ်ရသလိုပင် ။

အဝေးတစ်နေရာမှာ ရှိနေတဲ့သူမကရော

ဘယ်သူတွေနဲ့ရှိနေပြီ ဘာတွေများလုပ်နေမလဲ

အဆင်ပြေပြေရှိနေပါ့မလား အစရှိတဲ့အတွေးတွေဟာ အခုချိန်မှာမှ ပိုပြီးစိုးမိုးထားသယောင် ....

အတူရှိခဲ့တဲ့နေ့ရက်တွေဟာ မနေ့တ‌‌နေ့ကလိုဘဲ တစ်ခုချင်းစီကို အမှတ်ရနေတုန်း .....

" ‌မောင့်ဆီပြန်မလာတော့ဘူးလား ... "

နှုတ်မှထွက်ကျလာတဲ့ စကားသံတို့ဟာ နှလုံးသားစီမှ လိုလိုလားလားတောင့်တနေသော အရာသာဖြစ်သည် ။

ထွက်သွားတဲ့လူကို ပြန်လာမယ်ဆိုတဲ့အတွေးနဲ့‌ စောင့်နေရခြင်းဟာလဲ နာကျင်ခြင်းတစ်မျိုးသာဖြစ်သည် ။

အနားမှာမနေချင်တော့လို့ ထွက်သွားမှန်းသိသိရက်နဲ့ စောင့်စားနေတဲ့ဒီလူဟာ အရူးတစ်ယောက်များဖြစ်နေပြီလား ။

" မောင်.. လေအေးတွေတိုက်နေတယ်လေ."

" မမမေ ပြန်ရောက်ပြီလား... နောက်ကျတယ်နော် "

" အင်း... မမအလုပ်တွေမပြီးသေးလို့ ...

အပြင်မှာအေးတယ် ...ဖျားနေပါအုံးမယ် ..အထဲဝင်ပါတော့လား "

" မောင် ခဏလောက်နေချင်သေးတယ် "

" အင်း... ဒါဆို မမအနွေးထည်လေး သွားယူပေးမယ် "

ထွက်သွားသော မမမေရဲ့ ကျောပြင်ကိုကြည့်ကာ သက်ပြင်းအသာချလိုက်သည် ။

မမမေကို မြင်တိုင်းအားနာရသည် ။

အမြဲတမ်း မောင့်အတွက် မောင့်အတွက်ဘဲ စဉ်းစားပေးခဲ့တဲ့ မမမေအတွက် မောင့်ဘက်က ဘာမှပြန်မလုပ်ပေးနိုင်တဲ့အတွက် ပိုပြီးအားနာရသည် ။

သက်ပြင်းနောက်တစ်ကြိမ်ပြန်ချကာ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ခုနကထိန်ထိန်သာနေတဲ့ လမင်းကြီးကို မတွေ့ရတော့ချေ ။

မိုးတိမ်မဲတို့၏ ဖုံးလွှမ်းမှုအောက်တွင် လမင်းကြီးရဲ့အေးချမ်းမှုဟာ ကွယ်ပျောက်သွားရသည် ။

" မိုးတွေရွာရင် ပိုပြီးသတိရမိမယ်ထင်တယ် "

လက်ကောက်ဝတ်မှာချည်ထားတဲ့ လက်ကိုင်ပုဝါလေးကို ကြည့်ရင်းပြုံးလိုက်မိသည် ။

အငွေ့အသက်လေးတွေကတောင် ပြုံးအောင်ပြုလုပ်နိုင်သည် ။

မျင်လုံးကို အသာမှိတ်ချလိုက်တော့ အမှတ်တရတွေဟာ စိတ်အစုံကို ကျီစားလာပြန်သည် ။

အမှတ်တရတစ်ခုချင်းစီတိုင်းကို အသေးစိတ်ကအစ မှတ်မိနေမိတာ မနဲ့ပတ်သတ်လို့သာ ဖြစ်လိမ့်မည် ။

ဒီနေ့ကျမှ မကို ပိုပြီးလွမ်းနေမိတယ် ။

ရုတ်တရက် ကျောဘက်သို့ကျရောက်လာသော အနွေးဓာတ်တစ်ခုကိုခံစားလိုက်ရသည် ။

တစ်စုံတစ်ခုလွှမ်းခြုံခြင်းခံလိုက်ရသလို မမမေအနွေးထည်ခြုံပေးလိုက်ခြင်းသာ ဖြစ်လိမ့်မည် ။

သို့သော် လေအဝှေ့မှာ ရင်းနှီးနေခဲ့သော ရနံ့တစ်ခုဟာ နှာခေါင်းဝသို့တိုးဝင်လာခဲ့သည် ။

" ဒီအနံ့!....."

ချက်ချင်းဆိုသလို မျက်လုံးဖွင့်ပြီး အနောက်သို့ လှည့်ကြည့်လိုက်မိသည် ။

မျှော်လင့်ခြင်းတွေ အပြည့်နဲ့ဆုတောင်းတွေဟာ ပြည့်ဝခဲ့သလား အသက်ဝင်ခဲ့သလား...

မြင်နေရတဲ့ပုံရိပ်ကို‌တောင် မယုံကြည်နိုင်စွာနဲ့ ရပ်ကြည့်ခြင်းသာ တတ်နိုင်ခဲ့သည် ။

အိမ်မက်လား လက်တွေ့လားကို မဝေခွဲနိုင်‌ေလာက်အောင် အလုံးစုံသော အာရုံတို့ဟာ ထိုပုံရိပ်စီမှာသာ....

" မောင့်ကို အရမ်းလွမ်းနေခဲ့တာ "

အံ့ဩစွာနဲ့ မျက်တောင်မခတ်ရပ်ကြည့်နေသော မောင့်ကို ရင်ခွင်ထဲပွေ့ဖက်ထားချင်မိသည် ။

မောင့်ကို ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ..

စာစီလို့တောင်ရေးဖွဲ့လို့မရတဲ့ မောင့်ကိုလွမ်းပြီး နေခဲ့ရတဲ့ နေ့ရက်တွေဟာ ခြောက်ကပ်ပြီး အကျည်းတန်ကြောင်း မောင်သိရင် ရယ်များရယ်မလား ။

စိုးရိမ်စိတ်နဲ့ လွမ်းစိတ်ကို ဒွန်တွဲပြီး စကားတစ်လုံးမှပြောမလာဘဲ ရပ်ကြည့်နေခဲ့သော မောင့်စီသို့ ခြေတစ်လှမ်းတိုးလိုက်မိသည် ။

ချက်ချင်းဆိုသလို နောက်ဆုတ်သွားတဲ့ မောင့်ရဲ့ခြေလှမ်းများကြောင့် ဆက်တိုးမဲ့ခြေလှမ်းတို့ကို ရပ်တန့်လိုက်ရသည် ။

မောင်ဟာ ကျွန်မကိုကြောက်နေဟန်တူသည် ။

မောင်မုန်းသွားပြီထင်တဲ့ စိုးရိမ်စိတ်တို့ဟာလဲ မြှင့်တက်လာချေပြီ ။

ဘာဆက်လုပ်ရမလဲမတွေးတတ်တော့အောင်ထိ ရပ်မြဲအတိုင်းသာ ရပ်နေမိသည် ။

သူစိမ်းဆန်နေတဲ့ မောင့်မျက်ဝန်းတို့ဟာလဲ မျှော်လင့်ချက်တို့ကို ရိုက်ချိုးပစ်သလို ရင်ဘတ်ထဲတွင် စူးအောင့်စွာ နာကျင်ရပြန်သည် ။

" မောင့်ကိုတောင်းပန်ချင်နေခဲ့တာ မောင့်အပေါ်မှာလုပ်ခဲ့မိတဲ့ အမှားတွေအတွက်... မ‌ တောင်းပန်ပါတယ် မောင်ခွင့်လွှတ်ပေးနိုင်မလား "

မောင်ဟာ ဘာစကားမှပြန်ပြောလာခြင်းမရှိသလို မောင့်ရဲ့အကြည့်တို့ကလဲ ပို၍စူးရှလာသည် ။

" မောင်က ဘယ်လိုလုပ်ခွင့်လွှတ်ပေးနိုင်မှာလဲ.. မောင်ခွင့်လွှတ်ပေးစရာအကြောင်းမှ မရှိတာ .. မက မောင့်အပေါ် အပြစ်တွေအများကြီး လုပ်ထားခဲ့မိတာကို ......"

" ဒါပေမဲ့ တောင်းပန်ပါတယ် မောင့်အပေါ်အပြစ်တွေ အများကြီး လုပ်ခဲ့မိတဲ့အတွက် မောင့်ကို နာကျင်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် ... "

စူးရှတဲ့မောင့်ရဲ့ အကြည့်တွေအောက်မှာ ဝမ်းနည်းမှုတွေဟာ လှိုက်တက်လာသလို....

ငိုချင်စိတ်တွေကို အတင်းထိန်းချုပ်ထားရသည် ။ မောင့်ရှေ့တွင် မျက်ရည်တွေနဲ့ ပြိုလဲနေတဲ့ပုံစံကိုပြလို့ မဖြစ်ပေ ။

သို့သော် မျက်ရည်တွေဟာ ဝဲတက်လာခဲ့သည် ။

" တစ်ခါလောက်ဖြစ်ဖြစ် မျက်နှာလေးကို ပြန်မြင်ခွင့်ရချင်ခဲ့တာ... အခုတော့ ပြည့်ဝသွားပြီး..

မကို ခွင့်ပြုပါအုံး "

ကျလုဆဲဆဲမျက်ရည်တို့ကြောင့် မောင့်ရှေ့ကထွက်သွားနိုင်ဖို့သာ ကြိုးစားရတော့သည် ။

မောင့်ကိုကျောခိုင်းလိုက်ချိန် ပတ်ဝနကျင်၏ မြင်ကွင်းတို့ဟာ ဝေဝါးနေသည် ။

မျက်လုံးကို တစ်ချက်မှိတချလိုက်တော့ ထိန်းထားသမျှမျက်ရည်တို့ဟာ ပါးပြင်ပေါ်သို့အလုအယက် ကျဆင်းလာကြသည် ။

လှမ်းရန်ပြင်နေတဲ့ ခြေလှမ်းတို့နဲ့အတူ ခါးထက်သို့ကျရောက်လာခဲ့သော လက်နုနုလေးဟာလဲ တင်းကြပ်စွာနှင့်ပင် ။

ကျောပြင်တစ်လျှောက်နွေးထွေးမှုကို အတွင်းဘက်နှလုံးသားထဲထိ ခံစားလိုက်ရသည် ။

အေးစက်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ ။

" အရမ်းလွမ်းနေခဲ့တာ ... အရမ်းသတိရနေခဲ့တာ ..

မသွားပါနဲ့... ထွက်မသွားပါနဲ့တော့ .. နောက်တစ်ခါသာ မ ထပ်ပြီးထွက်သွားရင် မောင်တကယ်သေလိမ့်မယ် "

ပုခုံးထက်မှ စိုစွတ်လာသော ခံစားမှုကြောင့် မောင်ငိုနေသည် ။

မောင်နဲ့မျက်နှာချင်းဆိုင်ကို ချက်ချင်းလှည့်လိုက်ပြီး မောင့်ရဲ့မျက်နှာကို ပါးနှစ်ဖက်မှ အုပ်ကိုင်လိုက်သည် ။

" မငိုပါနဲ့ မောင်ရယ် ... မောင်ငိုရင် မ ပိုပြီးနာကျင်ရတယ် "

မျက်လုံးဝိုင်းလေးဟာ အငိုတိတ်ဖို့ကို ချက်ချင်းကြိုးစားတော့သည် ။

မောင်သည် ကျွန်မရဲ့စကားကို အဲ့လောက်‌တောင် အလေးအနက်ထားသည်တဲ့လား ။

ကျွန်မရဲ့ရက်စက်စွာသော စကားတွေဟာလဲ မောင့်ကို သောလောက်အောင်နာကျင်စေခဲ့မှာ အမှန် ။

တစ်ချက်တစ်ချက်ရှိုက်သံလေးတွေ ထွက်လာပေမဲ့ မျက်ရည်ကျခြင်းတော့ မရှိတော့ပေ ။

မောင့်ရဲ့ခေါင်းလေးကိုအသာပွတ်ပေးပြီး ချော့မြူနေရတော့သည် ။

" မောင် "

" အရမ်းလွမ်းနေခဲ့တာ .. မောင်က မကိုနေ့တိုင်းလွမ်းနေခဲ့တာ ...

မက ဘာလို့ထွက်သွားတာလဲ .. ‌မမရှိရင် မဖြစ်တာ သိသိရက်နဲ့ မကဘာလို့ထွက်သွားတာလဲလို့ "

" မောင်နာကျင်မှာစိုးလို့... မက မောင့်ကို နာကျင်အောင်ဘဲ အမြဲလုပ်နေမိလို့ . မောင်ကိုထပ်ပြီး မနာကျင်စေချင်တော့လို့.. "

" မမရှိရင် မောင်ကပိုပြီးနာကျင်ရမှာကို မမသိဘူးလား ..

မဆီကရတဲ့ အမုန်းဘဲဖြစ်ဖြစ် နာကျင်မှုဘဲဖြစ်ဖြစ် မောင်ခံနိုင်တယ် .. ဒါပေမဲ့ မမရှိဘဲ နာကျင်ရမှာတော့ ကြောက်တယ် .. မောင့်အနားမှာ မမရှိရင် မောင်ကပိုပြီးနာကျင်ရတယ်လို့.. သိရဲ့လား "

" မ တောင်းပန်ပါတယ် ... မောင်အများကြီးနာကျင်ခဲ့ရတဲ့အတွက် ..."

" ထွက်မသွားနဲ့တော့ .. မောင်သေလိမ့်မယ် "

" စိတ်ချနော် .. မောင့်အနားက ဘယ်တော့မှ ထွက်မသွားတော့ဘူး "

အဖြူရောင်ကောင်လေးကို ရင်ခွင်ထဲ အမြဲပွေ့ဖက်ထားခွင့်ရဖို့အတွက် ဒါဟာ နောက်ဆုံးအခွင့်အရေးသာ ဖြစ်လိမ့်မည် ။

အကြိမ်ကြိမ်ထွက်ပြေးဖို့သာ ရွေးချယ်မိခဲ့တဲ့ ရွေးချယ်ခြင်းတွေဟာ ဒီကလေးကို အကြိမ်ကြိမ် နာကျင်ဖို့သာ ဖြစ်နေသည် ။

ဒီတစ်ခါတော့ သတ္တိရှိရှိနဲ့ ဒီကလေး ပျော်ရွှင်ဖို့အတွက်သာ နေထိုင်သွားတော့မည် ။

အဖြူရောင်တွေလို ဖြူစင်တဲ့ကလေးဟာ နာကျင်မှုတွေနဲ့ မလိုက်ဖက်ပေ ။

ပျော်ရွှင်သော နာကျင်မှုဆိုတာ ရင်ဘတ်ထဲ အောင့်သက်စွာ ခံစားရသော်လည်း ကိုယ်ချစ်ရသူ ပျော်ရွှင်မှုအတွက် စတေးလိုက်ရသော စွန့်လွှတ်လိုက်ရသော အတ္တတစ်ခုသာဖြစ်သည် ။

ကိုယ်ချစ်ရတဲ့သူကို မပိုင်ဆိုင်ချင်တဲ့လူ ကမ္ဘာပေါ်မှာရှိနိုင်ပါ့မလား ။

ချစ်ပြီဆိုတာနဲ့ ပိုင်ဆိုင်ချင်ကြတာသဘာဝပါ ။

လူနှစ်ဦးရဲ့ပျော်ရွှင်မှုကို ကြည့်ရင်း နံရံအနောက်မှာ ပြိုလဲနေတဲ့ ကောင်မလေးတစ်ယောက်ကတော့

သူချစ်ရတဲ့လူရဲ့ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အနှစ်၂၀လုံး အနားမှာနေပြီး ချစ်ပေးခဲ့တယ် ။

ပေးဆပ်ပြီး ချစ်ပေးခဲ့သလောက် သူမ ချစ်ရတဲ့လူကတော့ နာကျင်ခြင်းဆိုတဲ့လမ်းကိုသာ အကြိမ်ကြိမ်ရွေးချယ်ခဲ့တယ် ။

ထပ်တူနာကျင်ရမယ်ဆိုတာ သိရက်နဲ့တောင် ရွေးချယ်ခဲ့တာ ။

ဒါတွေကို အပြစ်လို့တစ်ခါမှမမြင်ဘဲ နောက်ဆုံးအချိန်ထိ သူပျော်ရွှင်ရဖို့အတွက်ဘဲ ပေးဆပ်ခဲ့တဲ့ ကောင်မလေးရဲ့ အချစ်ဇာတ်လမ်းလေးဟာတော့ နာကျင်စွာနဲ့ အဆုံးသတ်ရတော့မည်  ။

ပိုင်ဆိုင်ချင်တာပေါ့ ...

ကိုယ်ချစ်ရတဲ့လူကို တစ်သက်စာ ပိုင်ဆိုင်ချင်ခဲ့တာ..

ဒါပေမဲ့ မောင်ချစ်တဲ့သူက ကျွန်မမဟုတ်ခဲ့ဘူး...

ဒီစကားတွေကို မောင်ထပ်ကြားနိုင်တော့မှာမဟုတ်‌ေတာ့ပေမဲ့...

မောင့်ကိုအရမ်းချစ်တယ် ကိုယ့်ကိုကိုယ်မချစ်နိုင်တော့အောင်ထိ မောင့်ကိုချစ်ခဲ့တယ်....

မောင်ကြားခွင့်မရှိတော့တဲ့ ဒီစကားတွေကို တစ်သက်တာဒီလူရဲ့ ရင်ထဲမှာ မြှပ်နှံထားတော့မည် ။

ကိုယ့်ရဲ့ပေးဆပ်မှုဟာ ကြီးမားတဲ့အတွက် သေချာပေါက် မောင်ပျော်ရွှင်မှဖြစ်လိမ့်မည် ။

မောင့်ပျော်ရွှင်မှုနဲ့ မမရဲ့နာကျင်မှု

တစ်ချိန်ချိန်တော့ နေသားကျသွားပါလိမ့်မည် ။

#################