Chapter 2: အပိုင်း (၁) ဒုတိယနေရာက လေကို သူမရှူဖူးဘူး

My other halfWords: 29650

မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးက ဖြာကျလာတဲ့အခါ သက်ဝင်လှုပ်ရှားနေကြတဲ့ ကျောင်းဝင်းကြီးထဲ က ကျောင်းသား ကျောင်းသူများရဲ့ အပြုံးကို ပို၍ လှပသွားစေသည်။ ဒီနေ့က ကျန်းဟောက်ရဲ့ ကိုးရီးယားနိုင်ငံ S မြို့မှာ ပထမဆုံး ကျောင်းတက်ရတဲ့ရက်ဖြစ်သည်။ Z အထက်တန်းကျောင်းက S မြို့ရဲ့ အကောင်းဆုံး အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည်။ ကျန်းဟောက်လို တရုတ်ကနေ ပြောင်းလာတဲ့ကျောင်းသားတစ်ယောက်က ဒီလိုနာမည်ကြီးကျောင်းမှာ ဝင်ခွင့်တန်းရသွားတာက အဆန်းတော့မဟုတ်။ နေရာသစ်မှာ သူငယ်ချင်းသစ်တွေနဲ့ တွေ့ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေရမဲ့အစား Z ကျောင်း ကန်တင်းရဲ့ အစားသောက်က ဘယ်လိုနေမလဲဆိုတာက ကျန်းဟောက်တွက် ပို၍ စိတ်ဝင်စားစရာကောင်းနေသည်။

ကျောင်းဝင်းကြီးထဲ သူသူငါငါ သူငယ်ချင်းတွေကို လှမ်းခေါ်နေကြတဲ့ အော်ဟစ်သံကိုယ်စီနဲ့ ဆူညံနေပေမယ့် ကျန်းဟောက်ကတော့ တိတ်ဆိတ်နေမိပြီး သူ့ရဲ့စာသင်ခန်းရှိရာသို့သာ ဖြည်းဖြည်းနဲ့ မှန်မှန် တစ်လှမ်းချင်း လှမ်းနေမိသည်။ ပြီးနောက်သူ့ရဲ့စာသင်ခန်းဖြစ်တဲ့ 1(B) ရှေ့မှာ သူရပ်လိုက်မိသည်။

အခန်းရှေ့မှာ ရပ်နေတုန်း အထဲက ဆူညံနေသံတွေကို သူကြားနေရသည်။ ပထမဆုံးကျောင်းတက်ရက်မို့ ထိုင်ခုံနေရာ လုကြသူများ၊ သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပျော်ပါးဖို့ မစောင့်နိုင်တော့တဲ့ သူတွေကြောင့် အခန်းထဲမှာ အရမ်းစည်းကားနေတာကို သူကြားရုံနဲ့ ခန့်မှန်းလို့ ရသည်။ သူ့ထံတွင်သာ ထိုကဲ့သို့သော စိတ်အားထက်သန်မှုများရှိမနေ။ သူ့အတွက်ကတော့ စာသင်ခန်းရဲ့ ဘယ်နေရာမှာထိုင်ထိုင် သူ့ရဲ့ စာလုပ်နိုင်စွမ်းက အနှောင့်ယှက်မရှိသလို သူငယ်ချင်းဆိုတာကလဲ သူ့တွက် ထင်သလောက်ကြီးလဲ မလိုအပ်နေခဲ့ပါ။

အသက်တစ်ချက်ခပ်ပြင်းပြင်းရှူ လိုက်ပြီးနောက် ကျန်းဟောက် စာသင်ခန်းတံခါးကို ဆွဲဖွင့်ကာ ပုံမှန်နှုန်းအတိုင်း ဝင်သွားလိုက်သည်။ ထိုအခိုက်တန့်မှာဘဲ 1(B) ထဲမှာ အစောက ဆူညံနေသမျှအသံတွေအကုန် လေနှင့်အတူလွင့်ပါသွားသလို ပျောက်ကုန်၏။ သို့ပေမယ့် ဒီလိုပြောင်းလဲမှုကြီးက သူနဲ့မဆိုင်သလို ကျန်းဟောက် ခေါင်းမော့လာပြီး စာသင်ခန်းကို scan ဖက်သလို ကြည့်လာသည်။ အလယ်တန်းရဲ့ နောက်ဆုံးနဲ့ နံရံထောင့်နားက နောက်ဆုံး ၄ ခုံ ကျန်နေတာကို မြင်တော့ နံရံထောင့်နားက ခုံကို ရွေးကာ ထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

သူခုံမှာထိုင်လိုက်သည်နှင့် စာသင်ခန်းထဲ စကားသံများ ဟိုတစ်စ ဒီတစ်စ ဆီ ပြန်ကြားလာရသည်။ မိန်းကလေးအများစုဆီကတော့ သူဘယ်လောက်ချောကြောင်း ကြည့်ကောင်းကြောင်း တိုးတိုးတိတ်တိတ်ပြောနေကြတာ ဖြစ်ပြီး ယောကျ်ားလေးတွေက အထူးဆန်းကြီး တစ်ခုလို သူ့ကို ကြည့်နေကြသည်။

အကုန်လုံးရဲ့ အာရုံစူးစိုက်မှုက သူ့ဆီရောက်နေတာကြောင့် မှောက်အိပ်နေဖို့ တွေးလိုက်ပေမယ့် ညက ကောင်းကောင်း အိပ်ခဲ့ရတာမို့ တစ်စက်ကလေးမှ မအိပ်ချင်နေပါ။ ထို့ကြောင့် ကျန်းဟောက် ဘာကိုမှ အာရုံမစိုက်ဘဲ အကြောသေနေတဲ့ မျက်နှာကြီးနဲ့ ထိုင်နေလိုက်သည်။

ထိုအချိန်မှာဘဲ အခန်းတံခါးက ရုတ်တရက်ပြန်ပွင့်သွားပြီး အရပ်ပုပုနဲ့ ကောင်လေး တစ်ယောက်ဝင်လာသည်။ သူ့နောင်တွင်လဲ အရပ်မြင့်ကောင်လေး နှစ်ယောက်က ပါလာသည်။ စာသင်ခန်းထဲ သူမမြင်ဖူးတဲ့လူတွေ ထပ်ဝင်လာတာမို့ ကျန်းဟောက် သူတို့ကိုသာ ကြည့်နေလိုက်သည်။ ကြည့်နေရင်းနဲ့ပင် အရပ်ပုပုနဲ့ ကောင်လေးက သူ့ကို လုံးဝကြီးကို ပြုံးပြနေတာကို မြင်လိုက်ရသည်။ အခုမှတွေ့ဖူးတဲ့လူတွေကို ဒီလို ရင်းရင်းနှီးနှီးပြုံးပြတာက ပုံမှန်လားဆိုတာ ကျန်းဟောက်မတွေးတတ်ပါ။

" ကျောင်းသားသစ် ဖြစ်ရမယ်"

ထိုလူရဲ့ ကိုးရီးယား စကားသံ ဝဲဝဲလေးကို သူကြားလိုက်ရသည်။

ဖြစ်နိုင်တာက နိုင်ငံခြားသား?

"ငါက ဆော့မတ်သရူး၊ မင်းထိုင်နေတာ ငါ့ခုံဘေးမှာလေ၊ ဆိုတော့ ငါကမင်းရဲ့ ထိုင်ခုံဖော်ဆိုလဲဟုတ်တယ်"

ဟုပြောကာ ဆော့မတ်သရူးက ကျန်းဟောက်အား လက်ကမ်းလာသည်။

"ငါ အခုမှ စ သိတဲ့သူနဲ့ အသားချင်းမထိချင်ဘူး"

ကျန်းဟောက်က ထိုလက်ကိုသာ စိုက်ကြည့်နေရင်း ပြန်ပြောလိုက်သည်။

သို့ပေမယ့်လဲ ဆော့မတ်သရူး က စိတ်မကွတ်သွားတဲ့အပြင် ပို၍ ချိုချိုသာသာ ပြုံးလာကာ

"အဆင်ပြေပါတယ် နောက်တော့ရင်းနှီးလာမှာပါ၊ ငါ့လောက် ပေါင်းတတ် သင်းတတ်တဲ့လူက ဒီအခန်းမှာ မရှိဘူးလေ"

ဆော့မတ်သရူးပြောတာဖြစ်နိုင်တယ်။

သူအခန်းထဲ စ ရောက်ကာစက ဖြစ်နေတဲ့ နေရထိုင်ရခက် လေထုကြီးက ဆော့မတ်သရူး ရောက်လာချိန်မှာ ပျောက်ကွယ်သွားခဲ့သည်။ မသိရင် ကျောင်းသားသစ်ကို ကိုင်တွယ်ရန်တာဝန်မှာ ဆော့မတ်သရူး၌ ရှိနေသယောင်။ အားလုံးကလဲ ဆော့မတ်သရူး ကို လုံးဝယုံကြည်ထားပုံပင်။

"အင်း" ဟုသာ ကျန်းဟောက် ပြန်တုံ့ပြန်လိုက်သည်။

"ဒါက ငါ့အခင်ဆုံးသူငယ်ချင်းတွေလေ၊ ဒါက ဂယူဘင်၊ ဒါက ရှန် မင်းသူ့ကို Ricky လို့လဲ ခေါ်လို့ရတယ်"

ကျန်းဟောက် တစ်ခုခုပြောဖို့ ပြင်နေ စဉ် စာသင်ခန်းထဲ သူတို့ရဲ့ အတန်းပိုင် ဆရာမ ဝင်လာခဲ့သည်။

"ကျောင်းသားတွေ ကိုယ့်နေရာကိုယ်ထိုင်ကြပါ။ တို့က ဒီနှစ်မင်းတို့ရဲ့ အတန်းပိုင်အဖြစ် တာဝန်ယူရတဲ့ ဆရာမဘဲ"

ပြီးနောက် ဆရာမက အတန်းကို တစ်ချက်ကြည့်လိုက်ရင်း ကျန်းဟောက်ကို တွေ့သွားသည်နှင့်

"စာသင်နှစ် အစဆိုပေမယ့် မင်းတို့ အချင်းချင်းရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်၊ ဘာလို့ဆို မင်းတို့အကုန်လုံးက Z အလယ်တန်းကျောင်းကနေဘဲ ပြောင်းလာကြတာလေ၊ ဒါပေမယ့် တို့တွေရဲ့ အတန်းမှာ တရုတ်ကနေပြောင်းလာတဲ့ ကျောင်းသားသစ်တစ်ယောက်ရှိတယ်"

ဆရာမရဲ့ စကားအဆုံးမှာ ကျောင်းသားအကုန်လုံးက သူ့အားလှည့်ကြည့်လာကြသည်။ မိန်းကလေးတချို့ဆို မျက်လုံးတွေက တလတ်လတ်နှင့် သူ့အကြောင်းသိရဖို့ မစောင့်နိုင်တော့ဟန်ဖြင့်။ သူ့ဘေးနားမှာထိုင်တဲ့ ဆော့မတ်သရူးလဲအပါအဝင်ဖြစ်သည်။ ထို့နောက် ဆော့မတ်သရူးက သူ့ဘက် ခေါင်းအနည်းငယ်စောင်းကာ

"တရုတ်ကလား? Ricky လဲတရုတ်ကဘဲ၊ မင်းတို့နှစ်ယောက် သူငယ်ချင်း ဖြစ်လို့ရတယ်"

ကျန်းဟောက် ဆော့မတ်သရူးကို အဖက်မလုပ်ဖို့ဘဲ ဆုံးဖြတ်လိုက်ကာ ဆရာမ ဆက်ပြောလာမည့် စကားကိုဘဲ ဆက်နားထောင်နေလိုက်သည်။

" ကဲ ကျောင်းသားသစ်က အတန်းရှေ့ထွက်လာပြီး နာမည်မိတ်ဆက်ရင်ရော?"

ထိုအခါ အားလုံးက လက်ခုတ်တီးလာကြသည်။ ဘာလို့မှန်းတော့ သူမသိပေ။ သို့ပေမယ့် ထိုင်နေရာမှ မထဘဲ ထိုင်နေမိသည်။ လက်ခုတ်သံတွေ တိတ်သွားပြီးနောက် ကျန်းဟောက် ပြောလာသည်က

" ကျွန်တော်က သူတို့အတွက် အသစ်ဆိုပေမယ့် သူတို့ကလဲ ကျွန်တော့အတွက် အသစ်ဘဲလေ၊ ဘာလို့ ကျွန်တော်တစ်ယောက်တည်း ထွက်နှုက်ဆက်ရမှာလဲ"

ထိုအခါ အခန်းထဲ ဝိုးးးးး ဆိုတဲ့ အသံတွေချည်းသာ ထွက်လာသည်။

ကျန်းဟောက်ကတော့ သူဘာတစ်ခုမှ အမှားမလုပ်ထားပုံဖြင့်သာ။

ထိုအချိန် ဆော့မတ်သရူးက အတန်းရှေ့ ထ ထွက်သွားပြီး

"ကဲ ကဲ ကျွန်တော့်ကနေဘဲ စ လိုက်မယ် ရတယ်မလား"

ဆော့မတ်သရူးက အမြဲ ထိုကဲ့သို့သော နေရာမျိုး၌တော်သည်။ ထို့ကြောင့် ဆရာမဘက်ကနေလဲ ငြင်းစရာမရှိပါ။

"ဆော့မတ်သရူးပါ။ တကယ်တော့ အားလုံး သိပြီးသားပါ။ စိတ်အားငယ်နေလား ကနေဒါ အိုပါးရှိတယ်၊

ဗိုက်ဆာနေလား ကနေဒါ အိုပါးရှိတယ်"

ဟုပြောကာ သူ့ရဲ့ ရှိသမျှ အိတ်ကပ်ထဲမှ မုန့်တွေ ထုတ်ပြလာတော့သည်။

ဆော့မတ်သရူး ပြီးနောက် တစ်ယောက်ချင်းစီ အချင်းချင်း မိတ်ဆက်လာကြသည်။ နောက်ဆုံးမှာတော့ ကျန်းဟောက်ရဲ့ အလှည့်ရောက်လို့လာခဲ့သည်။

အရှေ့ကလူတွေနဲ့မတူစွာပင် သူ့အလှည့်ကျမှ အားလုံးတိတ်ဆိတ်နေကြသည်။ တိတ်ဆိတ်မှုတွေကြားထဲ ဆောင်းဦးမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ နေရောင်အလား၊ အသံလေးက အခန်းတစ်လျှောက်ဖြတ်သန်း သွားခဲ့သည်။

"ကျန်းဟောက်"

"........."

"တရုတ်ကနေပြောင်းလာခဲ့တာ၊ ဘာလို့ပြောင်းလာတာလဲဆိုတဲ့ မေးခွန်းကလွဲ ကြိုက်တာမေးလို့ရတယ်"

ထိုစဉ် အရင်ကနေမတူစွာ အခန်းထဲ တစ်ယောက်တစ်ပေါက် မေးသံများနှင့် ပြန်ဆူညံလာခဲ့သည်။

"ရည်းစားရှိလား"

"မရှိဘူး"

"မင်းရဲ့ ဖုန်းနံပါတ်ဘယ်လောက်လဲ"

"အဲ့မေးခွန်းလဲ မေးလို့မရဘူး"

"ဝါသနာက?"

"တယောထိုးတာ၊ သီချင်းဆိုတာ"

"ကိုးရီးယားလို ဘယ်တုန်းကသင်ထားတာလဲ"

"ဒီကိုမလာခင်"

"ဘယ်လိုမိန်းကလေးမျိုး ကြိုက်လဲ"

"ပြောစရာမရှိဘူး"

"ယောကျ်ားလေးဆိုရင်ရော?"

"......."

"ကျန်းဟောက် ငါနဲ့တွဲချင်လား"

"မင်းတို့မှာ လေးနက်တဲ့ မေးခွန်း တစ်ခုတောင်မရှိဘူးလား"

ထိုအခါမှ သူ့အနားရပ်နေတဲ့ ဆရာမက လှုပ်ရှားလာခဲ့သည်။

"ကဲ ကဲ သူကအခုမှ စ ရောက်တာ မင်းတို့က နေရခက်အောင် လုပ်နေကြပြီး၊ ကျန်းဟောက် နေရာမှာ ပြန်ထိုင်လို့ရပြီး၊ ကဲ အားလုံး စာအုပ်ထုတ်တော့ စာမျက်နှာ *ကို ဖွင့်"

ဒီလိုနဲ့ ကျန်းဟောက်လဲ သူ့နေရာ သူပြန်လာခဲ့ပြီး လွယ်အိတ်ထဲမှာ စာအုပ်ကို ထုတ်နေစဉ် သူ့ဘေးနားကလူဆီမှ ကြားလိုက်ရသည်။

"စာနဲ့ပတ်သက်ပြီး တစ်ခုခုမေးချင်ရင်လဲ အားမနာနဲ့ ငါက ကျောင်းမှာ ပထမ တော့ မဟုတ်ပေမယ့် ငါ့အဆင့်က တော်တော်လေးမြင့်တဲ့ထဲပါတယ်၊အဲ့ဒါကြောင့်လဲ 1(B) မှာ တက်ရတာပေါ့၊ ငါလဲ စ ရောက်ခါစက ဒုက္ခရောက်ခဲ့တာဆိုတော့ ကိုယ်ချင်းစာလို့လေ၊ အားမနာနေဘဲ အကုန်သာမေး"

ဒါပေမယ့် ကျန်းဟောက်က ဆော့မတ်သရူးကို လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်က

"မင်းအဆင့်ကတော်တော်မြင့်တဲ့ထဲဆို ငါက အမြင့်တွေထဲကမှ အမြင့်ဆုံးဘဲ၊ တစ်ခါမှ ဒုတိယမရဖူးဘူး၊ မင်းတစ်ခုခုလိုအပ်ရင်ပြောလေ"

ဟုပြောလိုက်ပေမယ့် ဆော့မတ်သရူးက အလျှော့မပေးသေးပေ။

"အာ.... မင်း 1(A) က ဆောင်းဟန်ဘင်း ကိုတော့ ကျော်နိုင်မယ်မထင်ဘူး၊ သူက အလယ်တန်းကတည်းက တစ်ကျောင်းလုံးမှာ ပထမ ရနေကြဘဲ"

နောက်ဆုံး ကျန်းဟောက်က ဘာမှမပြောဘဲ စာထဲအာရုံစိုက်နေတာမို့ ဆော့မတ်သရူးလဲ ပါးစပ်ပိတ်လိုက်ရတော့သည်။

ဒီကျောင်းရဲ့ ပထမက ဘယ်သူဘယ်ဝါဆိုတာ ကျန်းဟောက် စိတ်မဝင်စားဘူး၊ အချိန်တန်ရင် ဒီနေရာကနေ ထိုလူက ဖယ်ပေးရမှာဖြစ်သည်။ ကျန်းဟောက်အတွက် ဒုတိယဆိုတာမရှိဘူး၊ ဒုတိယနေရာရဲ့ လေကို သူမရှူဖူးဘူး။

နေ့လည်ထမင်းစားဆင်းချိန်တွင်

"မတ်သရူး၊ Ricky က ဗိုက်ဆာနေပြီးတဲ့၊ ငါတို့ ကျောင်းရှေ့နားကဆိုင်ကို သွားမှာ မင်းလိုက်မယ်ဆို ထ တော့"

အဆင့်တော်တော်လေးမြင့်တဲ့ မတ်သရူးက နေ့လည်အတန်းချိန် ပြီးခါနီးမှာ မတောင့်ခံနိုင်တော့ဘဲ မှေးခနဲ အိပ်ပျော်နေတာကြောင့် ဂယူဘင် သူ့ပုခုံးကို ခက်ဆက်ဆက်ရိုက်ရင်း နှိုးလိုက်သည်။

ထိုအခါမှာ အားကုန် သန်းရင်း ဆော့မတ်သရူးနိုးလာတော့သည်။

"လိုက်မယ်လေ၊ ငါလဲ ထမင်းစားကတ် မထုတ်ရသေးဘူး"

ထို့နောက်တစ်ခုခုကို သတိရသွားကာ

"ကျန်းဟောက် မင်းပါ လိုက်ခဲ့လေ မင်းလဲ ထမင်းစားကတ် မထုတ်ရသေးဘူး မလား၊ ကျောင်းကိုပါ လိုက်ပြလို့ရတာပေါ့"

ဒီတစ်ခါတော့ ကျန်းဟောက် ငြင်းဆန်ချင်း တစ်စက်ကလေးတောင် မရှိဘဲ ဆော့မတ်သရူးနောက် ကောက်ကောက်ပါအောင် လိုက်သွားတော့သည်။

သွားရာလမ်းတစ်လျှောက် ဆော့မတ်သရူးကတော့ စွမ်းအင်အပြည့်နှင့်ပင် တစ်ချက်ကလေးမှ မနားဘဲ စကားကို အသကုန်ပြောလာခဲ့သည်။ သူနဲ့အတူပါလာတဲ့ ဂယူဘင်ကတော့ Ricky ရဲ့ နဖူးထောင့်နားလေးမှာ ချွေးစက်လေးတွေ တွေ့လိုက်တာကြောင့် တစ်သျှူးထုတ်ပေးနေခဲ့ပြီး ကျန်းဟောက်ကတော့ မတ်သရူးညွှန်ပြသမျှနေရာတွေကိုသာ လိုက်ကြည့်နေပြီး ဘာတစ်ခွန်းမှတော့ ပြန်မပြောဘဲ လိုက်လာခဲ့သည်။

ဆိုင်က နာမည်ကြီးပုံပင်။ သူတို့ရောက်တဲ့အချိန်မှာ လူအတော်များနေခဲ့သည်။ ကျန်းဟောက်ကတော့ ဗိုက်ဆာနေပြီးမို့ စားဖို့မစောင့်နိုင်ဘဲ ဖြစ်နေတော့သည်။ ထိုအချိန် ဆော့မတ်သရူးက

"ဟန်ဘင်း!!!! ဆောင်းဟန်ဘင်းး!!!"

ဟုအော်ခေါ်ကာ တစ်စုံတစ်ယောက်အား လက်ကို ဝှေ့ယမ်းပြနေခဲ့သည်။

ပြီးနောက် ကျန်းဟောက်ရဲ့ လက်ကို ဆွဲကာ ထိုလူရဲ့ အနား လျှောက်သွားလိုက်သည်။ သတိမထားမိတဲ့အချိန်မို့ ကျန်းဟောက်လဲ မတ်သရူးဆွဲခေါ်ရာနောက် ပါသွားခဲ့ရသည်။

"မင်းက တန်းစီနေပြီးသားဘဲ ငါတို့အတွက်ပါ တစ်ခါတည်း မှာပေးလိုက်တော့"

ထိုအခါ ဆောင်းဟန်ဘင်းက

"အဲ့လိုလုပ်လို့ ဘယ်ရမလဲ အနောက်ကလူတွေ ဆူပုတ်နေကြပြီး၊ မင်းတို့အတွက် အရင်မှာပေးလိုက်မယ်၊ ငါကနောက်မှ တန်းပြန်စီလိုက်မယ်"

ဆောင်းဟန်ဘင်းစကားကြောင့် အနောက်က ကောင်မလေး သုံးယောက်ရဲ့မျက်နှာမှာ ဆက်ပြီး မဆူပုတ်နိုင်တော့ပါ။

"ဘန်ဟင်း ရတယ် ကိစ္စမရှိဘူး၊ အနောက်မှာ တန်းပြန်မစီဘဲ တစ်ခါတည်း မှာပေးလိုက်ပါ၊ မဟုတ်ရင် ဗိုက်ဆာနေလိမ့်မယ်"

ဆောင်းဟန်ဘင်းက ရိုးသားစွာဖြင့်

"အဆင်ပြေရဲ့လား၊ ငါးပွဲစာတောင် စောင့်ရမှာ"

"ပြေတယ် မနက်က အများကြီးစားလာလို့ ဗိုက်သိပ်မဆာဘူး"

ထိုကျောင်းသူတွေက အဆင်ပြေတယ်ဆိုမှ ဆောင်းဟန်ဘင်းကလဲ ဆော့မတ်သရူးပြောသည်ကို လက်ခံကာ သူ့အလှည့်ရောက်တော့ လူ ငါးယောက်စာ မှာပေးလိုက်သည်။

ထိုဖြစ်စဉ်ကို ဘေးကနေကြည့်နေတဲ့ ကျန်းဟောက်မှာတော့ အနည်းငယ် အံ့ဩသွားရတယ်။ တကယ်ဆို ၄ ယောက်စာဘဲ မှာ ရမှာဖြစ်သည်။

ဒါပေမယ့် ထိုလူက သူ့တွက်ပါ ထည့်စဉ်းစားပေးခဲ့သည်။ သို့ပေမယ့်လဲ သူဘာမှ ဝင်မပြောခဲ့ပါ။ မြန်မြန်ရတော့ မြန်မြန်စားရတာပေါ့။

အော်ဒါမှာတာကို စောင့်ရင်း သူတို့ ထိုင်ခုံနေရာယူထားလိုက်ကြသည်။

"သူက 1(A) က ဆောင်းဟန်ဘင်းလေ၊ ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်း"

ဒီတစ်ခါမှာတော့ ကျန်းဟောက်က ဆော့မတ်သရူးအားကြည့်လာသည်။

"မင်းရဲ့ အခင်ဆုံးသူငယ်ချင်းတွေကလဲ များလိုက်တာ"

"နောက်ဆို အဲ့စာရင်းထဲ မင်းလဲ ပါလာမှာ ကြိုပြင်ဆင်ထားလိုက်"

"မလိုဘူး"

ကျန်းဟောက် ဆော့မတ်သရူးကို အဖက်မလုပ်တော့ဘဲ စားစရာ ရလာမှာကိုသာ ထိုင်စောင့်နေလိုက်သည်။

သူ ထိုလူရှိရာကို ကြည့်လိုက်မိတော့ ထိုလူရဲ့အနားမှာ အမြဲစည်းကားနေတာကို သတိထားမိလိုက်သည်။

ဥယျဉ်ထဲက အလှဆုံးပန်းလေးဆီကို လိပ်ပြာတိုင်း ခိုနားချင်နေသကဲ့သို့ ထိုလူ့နားမှာ လူတွေက စုဝေးလို့နေသည်။

ဖြတ်သွားဖြတ်လာအနေနဲ့ နှုတ်ဆက်သွားကြတာလဲရှိသလို၊ လက်ဆောင်ပစ္စည်း သေးသေးလေးတစ်ခု၊ ဒါမှမဟုတ် သူတို့လက်ထဲ ကိုင်ထားတဲ့ စားစရာတွေထဲက တစ်ထုတ်လောက်တော့ ထိုလူ့လက်ထဲ ထည့်ထည့်ပေးသွားကြသည်။

ထိုလူကလဲ အပြုံးလှလှလေးနဲ့ ငြင်းကာ လက်ခံသင့်သလောက်ကိုသာ လက်ခံသည်။ ထိုစဉ် ကျန်းဟောက် တစ်ခုတွေးလိုက်ပြီး အကြည့်လွှဲလိုက်တော့သည်။

ဒီလူက ဆော့မတ်သရူးထက်တောင် ပိုအာရုံနောက်စရာကောင်းသေးတယ်

==========

TBC......

30 oct,2024