Chapter 3: အပိုင်း (၂) ကျန်းဟောက်မှာ လုံးဝကြီးကို ဆွဲဆောင်ခံလိုက်ရတော့သည်

My other halfWords: 36907

"တကယ်တော့ ထမင်းစားကတ် ထုတ်လဲ သိပ်မထူးပါဘူး၊ ငါတို့တွေ အမြဲ အပြင်ကနေဘဲ ဝယ်စားဖြစ်တာ"

ဆော့မတ်သရူးရဲ့ စကားကြောင့် ကျန်းဟောက် မျက်မှောင်ကြုတ်လိုက်မိပြီး

"ငါက မင်းနဲ့ နေ့လည်စာအမြဲ အတူစားမယ်လို့ မပြောမိပါဘူး"

"ရင်နာစရာ အကောင်းဆုံးက နေ့လည်စာကို တစ်ယောက်တည်း အဖော်မရှိဘဲ စားရတာဘဲ"

ကျန်းဟောက်ကတော့ ထိုအရာတွေကို တကူးတက ဂရုစိုက်နေတာမျိုးမရှိပါ။

သူအေးအေးဆေးဆေး နေရရင်ကို အဆင်ပြေပြီးဖြစ်သည်။ အခုတောင် ဆော့မတ်သရူးနဲ့ အတူရှိနေရတာက မလွှဲသာလို့ပင်။ သူတို့ ကျောင်းတက်နေတာ တစ်ပတ်ကျော်နေပြီး ဖြစ်ပေမယ့် ဆော့မတ်သရူးပြောသလိုပင် ကျောင်းအပြင်ဘက်က ဆိုင်ကနေသာ ဝယ်စားဖြစ်နေတာမို့ သူတို့ ထမင်းစားကတ်ထုတ်ဖို့ ဒီနေ့မှ သတိရကြတာ ဖြစ်သည်။ ဝယ်စားဖြစ်ရတဲ့ အကြောင်းရင်းကလဲ Ricky က ကန်တင်းက အစားအသောက်တွေကို ခံတွင်းမတွေ့တာကြောင့်ဖြစ်သည်။

အခုဆို သူလဲကျောင်းနဲ့  နေသားကျနေပြီးမို့ မတ်သရူးရဲ့ အကူညီကို မလိုတော့ပေ။ သူ့ရဲ့နေ့စဉ်လုပ်နေကြက မနက်ကျောင်းကိုလာမယ်၊ ပြဿနာ မဖြစ်အောင် အတတ်နိုင်ဆုံးနေမယ်၊ ကျောင်းလွှတ်တာနဲ့ ပျော်ပါးဖို့ စီစဉ်နေကြတဲ့ ရွယ်တူအုပ်စုတွေကို ရှောင်ပြီး သူ့အဖေ ဝယ်ထားပေးတဲ့ ကွန်ဒိုကို ရောက်အောင် အမြန်ပြန်မည်ဖြစ်သည်။

ပထမကတော့ သူ ကျောင်းအဆောင်လျှောက်ဖို့ တွေးလိုက်ပေမယ့် ထိုအတွေးက တစ်စက္ကန့်ပင်မကြာ ပျောက်ပျက်သွားရသည်။

စာကြည့်မီးဖွင့်ကာ အိမ်စာလုပ်နေရင်း အိပ်ယာပေါ်မှာ ဖုန်းကမြည်လာတာကြောင့် စာကြည့်ခုံမှ ထ ကာ ယူကြည့်လိုက်တော့ ခေါ်လာသူမှာ

"အဖေ" ဟူ၍ဖြစ်သည်။

တစ်စက္ကန့်တောင် တုံ့ဆိုင်းမနေဘဲ ဖုန်းကို အိပ်ယာပေါ် ပြန်ပစ်တင်လိုက်ကာ ကျန်းဟောက် စာကြည့်ခုံကို ပြန်သွားလိုက်သည်။

သို့ပေမယ့် တစ်ဖက်လူမှာ အလျှော့ပေးမည့်ပုံမပေါ်ပေ။ ဖုန်း ringtone မှာ မရပ်မနား။ ဒီပုံစံနဲ့ဆို ဆက်ပြီး စာလုပ်နိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ကျန်းဟောက်က ဖုန်းဖြေလိုက်ရသည်။

"မင်း ငါ့ဖုန်းကို တမင် မကိုင်ဘဲ နေပြန်ပြီလား"

"ကျွန်တော် အိမ်စာတွေလုပ်နေတာ"

"မင်းအရမ်းအလုပ်များနေလို့ ငါ့ဆီကိုတောင် ဖုန်းလေးတစ်ချက်မဆက်နိုင်တာလား"

"ဖုန်းဆက်မယ်လို့လဲ မပြောထားမိပါဘူး"

"ရှိတာမှ မင်းနဲ့ငါ နှစ်ယောက်တည်းလေကွာ၊ အခု မင်းက တစ်နိုင်ငံ၊ ငါက တစ်နိုင်ငံ၊ ငါ မင်းနဲ့အတူပြောင်းလာမယ်ဆိုတော့လဲ လက်မခံဘူး၊ နေ့တိုင်းဖုန်းခေါ်ပါဆိုတော့လဲ မင်းလက်မခံပြန်ဘူး"

".........."

ကျန်းဟောက် ပြန်မပြောနေတော့ဘဲ ငြိမ်နေဖို့သာ ရွေးချယ်လိုက်သည်။

"ရှောင်ဟောက်"

".........."

"ငါက အပြောမချိုတာ မင်းလဲသိပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းရှိတဲ့ ငါ့သားလေးကို အဝေးမှာ တစ်ယောက်တည်းကျ ငါစိတ်မချနိုင်ပြန်ဘူး။

တရုတ်မှာကတည်းက မင်း ငါ့အစီစဉ်တွေကို လက်မခံဘဲ မင်းဟာမင်း လုပ်ချင်ရာလုပ်သွားတာ၊ ဒီတစ်ခုတော့

မင်းငါ့ကို လက်လျောပေးရမယ်၊ နေ့တိုင်းဖုန်းခေါ်ပါ့မယ်လို့ အခုချက်ချင်း ကတိပေးစမ်းပါ"

ကျန်းဟောက်မှ ကတိမပေးရင် ကျန်းပါပါး က ဆက်ပြီး ရစ်နေဦးမှာမို့

"ကျွန်တော် သိပါပြီး၊ စာလောက်တော့ပို့မယ်၊ နေ့တိုင်းတော့ ဖုန်းမခေါ်ချင်ဘူး၊ အထက်တန်းကို တခြားနိုင်ငံမှာ တက်ရတာ လွယ်တာမဟုတ်ဘူး။"

"ကောင်းပြီး အဆက်သွယ်မရတာထက်တော့ တော်သေးတာပေါ့၊ အခုဆို တစ်ပတ်ကျော်ပြီး မင်းနဲ့အဆက်သွယ်မရတာ၊ နောက်တစ်ခေါက်ဆို ငါတကယ် ကိုးရီးယားကို လိုက်ပြောင်းလာမယ်"

"အင်း သိပြီ"

ထို့နောက် ကျန်းဟောက် ဖုန်းချလိုက်သည်။ သူ့အဖေက လိုက်ပြောင်းလာချင်ရင်တောင် သူ့အလုပ်တွေကြောင့် နှစ်ဝက်လောက်တော့ အချိန်ယူရဦးမည်ဖြစ်သည်။ သူ့အဖေကိုသာ စောင့်နေရင် သူ ဒီစာသင်နှစ်ကို မမှီဘဲ နောက်စာသင်နှစ်မှ တက်ရတော့မှာဖြစ်သည်။ အဲ့လိုသာဆို သူပိုပြီး စာ လိုက်ရတော့မှာပင်။ အခုတောင် တခြားဘာသာတွေအဆင်ပြေပေမယ့် သူ့ရဲ့ ကိုးရီးယားစာက သိပ်မကောင်းလှ။

နောက်တစ်နေ့တွင်

ကျန်းဟောက် စာသင်ခန်းထဲ ဝင်လာရုံမှာတင် မတ်သရူးရဲ့ အသံကို ကြားလိုက်ရသည်။

"ကျန်းဟောက် မင်းကို လာတွေ့တဲ့လူရှိတယ်"

ဘယ်သူလဲ သူမသိချင်ပါ။ သူရဲ့ ကျောင်းပထမရက်ကတောင် မနက်တစ်ပိုင်းက အဆင်ပြေသေးပေမယ့် နေ့လည်ပိုင်းကျတော့ သူ့ခုံမှာ ချစ်စရာကောင်းတဲ့ သကြာလုံးလေးတွေ၊ စတစ်ကာလေးတွေ ရောက်နေခဲ့ပြီးဖြစ်သည်။ အခုလဲ ဘယ်လိုမိန်းကလေးတွေက သူ့ကို လာတွေ့ပြန်ပြီလဲ သူမသိ။

"ဒီမှာ သူက ဂီတ club က ဥက္ကဌ၊ မင်းနဲ့တွေ့ချင်လို့တဲ့"

ကျန်းဟောက် ခေါင်းသာညိတ်ပြပြီး တုံ့ပြန်လိုက်သည်။

"မင်္ဂလာပါ ကျန်းဟောက်၊ မင်းက တယောထိုးတာ ဝါသနာပါတယ်လို့ ကြားမိလို့လေ၊ ငါတို့ရဲ့ club ထဲ ဝင်ချင်လားမေးချင်လို့ပါ"

"Club?"

"ဟုတ်တယ်၊ မင်း သာ club ထဲဝင်မယ်ဆိုရင် ရမဲ့အခွင့်အရေးတွေက၊ ကျောင်းကထောက်ပံ့တွေ တူရိယာတွေကို အသုံးပြုခွင့်ရမယ်၊ မင်းကိုယ်ပိုင်ရှိတယ်ဆိုရင်လဲ ရတယ်၊ ပြိုင်ပွဲတွေလဲ ဝင်ပြိုင်နိုင်ခွင့်ရပြီး ကျောင်းဂုဏ်ကိုလဲ ဆောင်နိုင်တာပေါ့၊ ပြီးရင် club လှုပ်ရှားမှုတွေက မင်းရဲ့ ကျောင်းစာနဲ့ပတ်သက်တဲ့ အဆင့်ကိုလဲ အထောက်ကူပြုလိမ့်မယ်။ ပြီးရင် ငါတို့ကျောင်းရဲ့ ဂုဏ်သတင်းကြောင့် တချို့ပညာရှင်တွေ လာရောက်သင်ကြားပေးတာကိုလဲ မင်းအလကားသင်ယူရမှာနော်၊ နောက်ဆုံး အကောင်းဆုံးအခွင့်အရေးကတော့ club မှာ snack တွေ လုံးဝ ထောက်ပံ့ပေးထားတာဘဲ၊ လိုချင်တာကို တောင်းလို့လဲရတယ်"

နောက်ဆုံးတစ်ခုကို နားထောင်ပြီးနောက် ကျန်းဟောက်ရဲ့ မျက်လုံးကလေးများ လတ်သွားရသည်။ သို့ပေမယ့်လဲ အမြန်ပြန်ထိန်းလိုက်ကာ ဘေးနားမှ မတ်သရူးကို မေးလိုက်သည်။

"မင်းရော club တွေဘာတွေ ဝင်လား"

"ငါလား ဝင်ထားတယ်၊ အခုတော့ ဘာလှုပ်ရှားမှုမှမရှိသေးဘူး၊ ငါက Dance club ကလေ"

ကျန်းဟောက် 'ဟုတ်ပြီး' လို့တွေးမိလိုက်သည်။ မတ်သရူးနဲ့ club ပါတူနေလို့ မဖြစ်၊ မတ်သရူးက စကားများလွန်းသည်။ ထိုင်ခုံနေရာတောင် သူ့ဘေးနားက မတ်သရူးမှန်းသိရင် သူရွေးခဲ့မှာမဟုတ်၊ ထို့ကြောင့် Ricky ကို ခုံချင်းလဲဖို့ မေးဖူးပေမယ့် ဂယူဘင်က သဘောမတူပေ။ သို့နှင့် သူ မတ်သရူးနဲ့သာ ဆက်ထိုင်နေဖြစ်သည်။

မတ်သရူးရဲ့ စကားကို နားထောင်ပြီးနောက် အလယ်တန်း နောက်ဆုံးတန်းက ဂယူဘင်နဲ့ Ricky ကို ကြည့်လိုက်မိသည်။ မတ်သရူးကလဲ အလိုက်သိစွာဖြင့်

"သူတို့နှစ်ယောက်က basketball club ကလေ"

သူသိချင်တာတွေ သိရပြီး ကျန်းဟောက် ဂီတ club က ဥက္ကဌ ဖြစ်သူကို ကြည့်လိုက်ပြီး

"ကျွန်တော်စဉ်းစားကြည့်လိုက်ပါ့မယ်"

"ကောင်းပြီး သေချာအချိန်ယူပြီး စဉ်းစားပါ၊ ကြာတော့ မကြာစေနဲ့ပေါ့၊ မင်းကို form ပါ တစ်ခါတည်း ပေးခဲ့လိုက်မယ်"

ကမ်းပေးလာတဲ့စာရွက်ကို ယူလိုက်ပြီး ကျန်းဟောက်က ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်ကစပြီး သူ့ကို club ဌာနတွေ တစ်ခုပြီး တစ်ခု လာကမ်းလှမ်းကြတော့သည်။ ရုပ်ရှင် club ကဆိုလဲ သူ့ရဲ့ ချောမောလှတဲ့ ရုပ်ရည်ကြောင့် သူတို့ဆီကိုလာသင့်ကြောင်းပြောကာ form ကို လာထည့်ပေးသွားပြန်သည်။ ဓာတ်ပုံဌာနကလဲ မော်ဒယ်လုပ်ပေးပါရန် တောင်းဆိုသွားသည်။ ဒီလိုနဲ့ သူ့လက်ထဲ ကမ်းလှမ်းစာတွေနဲ့သာ ပြည့်နှက်နေသည်။ သို့ပေမယ့် သူ club ထဲ ဝင်ရမည်ကို မဆုံးဖြတ်ရသေးပေ။ တရုတ်မှာတုန်းကလဲ သူ အသင်းလှုပ်ရှားမှုတွေထဲ မပါဝင်ဖူးပေ။ တယောကိုလဲ အိမ်မှာ ဆရာခေါ်ပြီးသင်ထားခဲ့တာဖြစ်သည်။ ငယ်ငယ်က အမေဖြစ်သူက တယောဆရာမ ဖြစ်တာကြောင့် သူကိုယ်တိုင်လဲ သင်ယူခဲ့ပြီး သူ့အမေ မရှိတော့သည့်နောက်ပိုင်းတွင်မှ ဆရာခေါ်သင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် အသင်းလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အတွေ့ကြုံမရှိတာမို့ နောက်တစ်နေ့တွင် ကျောင်းဆင်းတာနဲ့ လျှောက်ပတ်ကြည့်ဖို့ သူတွေးလိုက်သည်။

ဒီလိုနဲ့ နောက်တစ်နေ့ကျောင်းဆင်းတော့ သူအိမ်ကို တန်းမပြန်တော့ဘဲ club တွေရှိတဲ့ အဆောင်ဘက်ကို လမ်းလျှောက်သွားလိုက်သည်။ ကျောင်းက ပိုက်ဆံအတော်တတ်နိုင်သည်ဟုပြောရမည်။ အားကစား သမားတွေတွက်ဆိုလဲ indoor or outdoor လေ့ကျင့်ရန် နေရာအလုံအလောက် ပေးထားသည်။ ကျန်းဟောက်တို့ ကာယချိန်ဆို အားကစားရုံထဲမှာဘဲမို့ အပြေးလေ့ကျင့်တဲ့နေရာကိုတော့ သူမရောက်ဖူးခဲ့ပေ။ ထို့နောက် ဘောလုံးကွင်း၊ ဘတ်စကတ်ဘောကစားကွင်း တစ်ခုစီကို သူဖြတ်သန်းလာခဲ့သည်။ ထို့နောက် မီနီမတ် အသေးစားလေးကို သူတွေ့လိုက်ရသည်။ မီနီမတ်ထဲက ထွက်လာတဲ့ ကျောင်းသားတစ်ယောက်ကိုမေးကြည့်တော့ တခြားအသင်းလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခန်းတွေက အပေါ်ထပ်မှာ ဖြစ်တာကြောင့် သူအပေါ်ထပ်ကို တက်လာလိုက်သည်။ ပထမအလွှာကနေ သူလျှောက်လာကတည်းက လူအနည်းငယ်သာ တွေ့ရသည်။ မတ်သရူးပြောသလို အသင်းလှုပ်ရှားမှုတွေ မရှိသေးတာကြောင့်လဲ ဖြစ််နိုင်သည်။ ဘဲလေးကနေတဲ့ ကျောင်းသူလေးတွေကိုတွေ့လို့ သူခနလောက်တော့ ရပ်ကြည့်လိုက်သေးသည်။ ပြီးနောက် တစ်ခန်းပြီးတစ်ခန်းကြည့်လာရင်း တံခါးပိတ်ထားတဲ့ အခန်းရှေ့တွင် သူရပ်လိုက်မိသည်။ ထို့နောက် သူတံခါးဖွင့်ကြည့်လိုက်တော့ အခန်းထဲ အနည်းငယ်မှောင်နေကာ ပြတင်းပေါက် အလင်းရောင်မှိန်မှိန်လေးသာ ရှိသည်။

ဘယ်သူမှမရှိနေတာကြောင့် သူအခန်းထဲဝင်သွားလိုက်ကာ မီးခလုတ်ရှာပြီးဖွင့်လိုက်သည်။ သူ့အမြင်အရတော့ ထိုအခန်းက တူရိယာတွေ ထားတဲ့အခန်းဖြစ်နိုင်သည်။ အခန်းထဲတွင် piano၊ ဂစ်တာ၊ တယော၊ စသည်ဖြင့် တူရိယာမျိုးစုံရှိနေသည်။ ထိုကြောင့် ကျန်းဟောက် အခန်းထဲလိုက်ကြည့်နေမိသည်။ ထို့နောက် တယောကို ကိုင်လိုက်ကာ ထိုင်စရာနေရာရှာက ကြိုးညှိနေလိုက်သည်။ သူ့လို ကျွမ်းကျင်သူအတွက် ကြိုးညှိခြင်းလုပ်ငန်းစဉ်က လျင်မြန်စွာပြီးစီးသွားသည်။

တစ်ခနအကြာ၌ သာယာလှတဲ့ တယောသံလေးက အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားရသည်။ Beethoven sonata no.5 ကို တီးခတ်နေရင်း သူ့ရဲ့ စိတ်အာရုံတစ်ခုလုံးကို သီချင်းထဲ နှစ်မြုပ်ထားလိုက်ပြီး သီချင်းရဲ့ ခေါ်ဆောင်ရာကို လိုက်ပါသွားတော့သည်။ Beethoven sonata no.5 က အပြစ်နာဆာ မရှိဘဲ ပြီးဆုံးသွားပြီးနောက် Rewrite the stars ကို တီးဖို့ ဆုံးဖြတ်လိုက်သည်။ သူသီချင်းကို စ တင်တော့မဲ့ အချိန်မှာဘဲ အခန်းတံခါးဝမှ အသံကြားလိုက်ရသည်။

ကျန်းဟောက်လှည့်ကြည့်လိုက်တော့ အခန်းတံခါးဝမှ လူက ပါးစပ်လေး အဟောင်းသားနှင့် သူ့အား မျက်လုံးလတ်လတ်ကလေးများနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက်မို့ ထိုကဲ့သို့ အကြည့်မျိုးနဲ့ ကျန်းဟောက် ဘယ်လိုရင်ဆိုင်ရမှန်းမသိ ဖြစ်သွားတာကြောင့် လက်ထဲက တယောကို သူ့နေရာသူ ပြန်ချထားလိုက်သည်။ ထိုအခါမှ တစ်ဖက်လူက စကား စ ပြောလာသည်။

"တယောထပ်ပြီးမထိုးတော့ဘူးလား၊ အနှောင့်ယှက်ပေးမိသွားတယ်ဆို တောင်းပန်ပါတယ်"

"ဒီတိုင်း လိုက်ကြည့်ရင်း တွေ့လို့ စမ်းကြည့်လိုက်ရုံပါ"

ကျန်းဟောက် တစ်ဖက်လူကို ကြည့်လိုက်တော့ ထိုလူက ချွေးတွေ တအားထွက်နေပြီး နဖူးပေါ်က ဆံပင်တွေမှာလဲ ချွေးစိုနေကာ ဆံပင်နဲ့ နဖူးကြား တစ်သျှူး ခံထားသည်။ ထိုမျက်နှာကို ရင်းနှီးသလို ဖြစ်နေပေမယ့် သူမမှတ်မိ။ ထိုလူက အခဲရောင် sweat pants နဲ့ အမဲရောင် sleeveless shirt ကို တွဲဖက်ဝင်ဆင်ထားသည်။ လက်တစ်ဖက်မှာလဲ ကြွတ်ကြွတ်အိတ်ကို ဆွဲထားတာကြောင့် အခုလေးတင် အောက်ထပ် မီနီမတ်က ပြန်လာတာဖြစ်ရမည်။

"အော် ကျွန်တော့်စိတ်ထင် ဂီတ ကလပ် ကလို့တောင် ထင်လိုက်တာ အရမ်းနားထောင်ကောင်းတယ်"

"ပုံမှန်အတိုင်းဘဲ ပြောလို့ရပါတယ်၊ ငါက ပထမနှစ်က"

"အို့ အတူတူဘဲ၊ ငါလဲ ပထမနှစ်ကဘဲ"

"အင်း"

နှစ်ယောက်သား စကား စ ပြတ်ကာ တိတ်ဆိတ်သွားကြသည်။ သူကြည့် ကိုယ်ပြန်ကြည့်အနေထားက အနည်းငယ်တော့ ကျန်းဟောက်ကို နေရခက်စေသည်။ ထို့ကြောင့် သူဒီတိုင်းဆက်ပြီး ရပ်နေသင့်သလား၊ အခန်းထဲကနေ ထွက်ခဲ့လိုက်ရမလား မသိတာမို့ တစ်ယောက်တည်း အတွေးလွန်ဆွဲနေသည်။

သို့ပေမယ့် တစ်ဖက်လူကဘဲ ထိုအခြေနေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပုံရသည်။

"ခုနက ဒီမှာ လိုက်ပတ်ကြည့်နေတာလို့ ပြောတယ်မလား? ကျွန်တော်က ဒီနေရာကို တော်တော်သိတယ်၊ အတူ လိုက်ခဲ့မလား"

အံ့ဩစရာကောင်းစွာပင် ကျန်းဟောက် ထိုကမ်းလှမ်းချက်ကို မငြင်းလိုက်ပါဘဲ ထိုလူနဲ့ တူရိယာတွေ ထားတဲ့အခန်းကနေ အတူ ထွက်လာခဲ့ကြသည်။

အတူလျှောက်လာစဉ်အတွင်း ထိုလူက သူ့ကို တွေ့သမျှအခန်းတွေ ဘယ် ကလပ်က ဖြစ်ကြောင်းတွေကို သေချာလေးရှင်းပြပေးသည်။ မတ်သရူးနဲ့ မတူတဲ့ အချက်က မတ်သရူးက ကျန်းဟောက်လို introvert တစ်ယောက်အတွက် အရမ်းတက်ကြွလွန်းနေတာဖြစ်သည်။ သာမန်လူတစ်ယောက်ရဲ့ အန်နာဂျီ အမြင့်ဆုံး အမှတ်က ၁၀၀% ဆို မတ်သရူးမှာက ၁၂၀% ဖြစ်နေသည်။

ထိုလူကတော့ စကားပြောတဲ့နေရာမှာလဲ အေးအေးဆေးဆေး ပြောတတ်သလို စကားပြောလဲကောင်းသည်။ သက်သောင့်သက်သာ ဖြစ်စေတဲ့ ခံစားချက်မျိုးပေးသည်။ လမ်းတစ်လျှောက်တွေ့သမျှလူတိုင်းကလဲ ထိုလူ့ကို သိကာ နှုတ်ဆက်သွားတတ်သည်။ ကျန်းဟောက် ဒီလိုအခြေနေမျိုးကို ရင်းရင်းနှီးနှီးကို သိနေသည်။

ထို့နောက် ပြဇာတ် ကလပ်ရှေ့ရောက်တော့ သူတို့ ခန အထဲ ဝင်ကြည့်ခဲ့ကြသေးသည်။

"ပြဇာတ်ကလပ် ဝင်ချင်လား၊ မင်းမှာ အရမ်းချောတဲ့ မျက်နှာလေးရှိလို့လေ"

"အင်း စဉ်းစားနေတုန်း"

"မင်းကို ကမ်းလှမ်းတဲ့လူတွေများမယ်ထင်တယ်"

"အင်း"

"ဒီတစ်ခေါက် ငါတို့ club ကိုလိုက်ပြပေးမယ်"

"မင်းတို့ဆီမှာ အသင်းလှုပ်ရှားမှု စ နေပြီးလား"

ထိုလူက လက်ခုံးနဲ့ သူ့မျက်နှာက ချွေးတွေကို သုတ်လိုက်ပြီးနောက်

"စ တော့ မစ သေးပါဘူး၊ ဒါပေမယ့် တချို့ အသင်းသားတွေလဲရှိတယ်၊ ငါ အမြဲ ကျောင်းဆင်းရင် ဒီမှာ လာလေ့ကျင့်နေကြဘဲ၊ idol ဖြစ်ချင်တာလေ။"

ထိုလူ့ရဲ့ အဖြေစကားကြောင့် ကျန်းဟောက် လှည့်ကြည့်လိုက်မိသည်။

ချောမောခန့်ညားတဲ့ မျက်နှာနဲ့ ကိုယ်လုံးကိုယ်ထည်က ချွေးထွက်နေတာတောင် ဆွဲဆောင်မှုက လျှော့မသွားဘူး။ အရပ်ကလဲ ကျန်းဟောက်နဲ့ အတူတူလောက်ဘဲ ဖြစ်သည်။

"မင်းလုပ်နိုင်မှာပါ"

"ဒါပေါ့"

ထို့နောက် သူတို့ အခန်းရှေ့တစ်ခုမှာ ရပ်လိုက်ကြပြီး တံခါးဖွင့်ဖွင့်ချင်းပင် အထဲက သီချင်းသံတွေနဲ့ ကြမ်းခင်းနဲ့ ဖိနပ် ထိခတ်သံတွေကို ကြားလိုက်ရတာကြောင့် ကျန်းဟောက် အနည်းငယ် တန့်သွားရသည်။

"Dance club ကနေ ကြိုဆိုပါတယ်"

စကားအဆုံး၌ မတ်သရူးရဲ့ အသံကိုထပ်ကြားလိုက်ရသည်။

"ဆောင်းဟန်ဘင်း မင်းသွားတာ ကြာလိုက်တာ၊ အချောင်ခိုချင်နေတာလား၊ ဒီနေ့ လောင်းထားတာနော် မင်းနဲ့ငါ ဘယ်သူ အားအရင်ကုန်... ကျန်းဟောက်က ဘာလို့ ဒီမှာရှိနေတာလဲ?"

ကျန်းဟောက် ပြန်ဖြေမည် အလုပ် ဆောင်းဟန်ဘင်းကဘဲ ဝင်ပြောလိုက်သည်။

"ငါ မီနီမတ်သွားရင် လမ်းမှာ ကျန်းဟောက်နဲ့တွေ့လာတာ၊ အဲ့လိုနဲ့ တစ်ခါတည်း နည်းနည်းပါးပါး လိုက်ပြပေးနေတာ"

ဆောင်းဟန်ဘင်းက သူ့နာမည်ကို သိနေတာကြောင့် ကျန်းဟောက် အံ့ဩသွားရသည်။ သူတောင် ခုနကလေးတင် ရင်းနှီးနေတဲ့မျက်နှာ ရင်းနှီးနေတဲ့ လေထုအခြေနေကို ဆော့မတ်သရူးကြောင့် ထိုလူက ဆောင်းဟန်ဘင်းမှန်းသိရတာဖြစ်သည်။

ဆောင်းဟန်ဘင်းရဲ့ စကားဆုံးသည်နှင့် ဆော့မတ်သရူးက ကျန်းဟောက်အနားကို ကပ်သွားပြီးနောက်

"ဟန်ဘင်း မင်းသိလား၊ သူ့ကို အခု ကလပ်တိုင်းက လိုက်နေတာ၊ တစ်နေ့ တစ်နေ့ သူ့ခုံမှာ အခုဆို ပိုးပန်းစာထက်

ကလပ်ထဲဝင်မို့ ကမ်းလှမ်းစာတွေ ပိုများနေတာ၊ ကြုံတုန်း ငါတို့ ကလပ်ထဲ ဝင်လာအောင် ဆွဲဆောင်ကြည့်ရင်ရော?"

'မင်းရှိနေတယ်ဆိုကတည်းက ငါဒီ ကလပ်ကို မဝင်ဖို့ ဆုံးဖြတ်ပြီးသား' ဆိုတဲ့ အတွေးကိုတော့ တခြားလူတွေလဲရှိနေတာကြောင့် ကျန်းဟောက် ထုတ်မပြောလိုက်မိပါ။

"မင်းတို့ စကားများမနေဘဲ မြန်မြန်လာကြစမ်းပါ၊ ဒီနေ့ ဘယ်သူ MVP လဲ ကြည့်မယ်"

"ဟေးးး ဂွန်ဝု၊ စိန်ခေါ်တာလား၊ မတ်သရူးတို့က twerking မှာ ဆရာတစ်ဆူနော်"

အသံလာရာဘက် လှည့်ကြည့်လိုက်တော့ ဝါးးးး ဒီခန္ဓာကိုယ်မျိုးက ဘယ်လိုတောင် မိုက်ရတာလဲ? ခန္ဓာကိုယ်အပေါ်ပိုင်းက ကြံခိုင်သန်မာပြီး ဆွဲဆောင်မှုရှိတဲ့ ခြေတံရှည်တွေနဲ့.....။

ပြီးတော့ သူ့ဆီကရတဲ့ အရှိန်ဝါကလဲ မသေးလှပေ။ တော်ရုံလူ အနားသွားကပ်လို့ရတဲ့ အနေထားမျိုးမဟုတ်ပေ။

၃ စက္ကန့်လောက်တော့ ကျန်းဟောက် မနာလို ဖြစ်သွားရသည်။

ဆောင်းဟန်ဘင်းက သူ့လက်ထဲ ရေတစ်ဘူး ထည့်ပေးလာပြီး

"ဟိုနားလေးမှာ ထိုင်ကြည့်လို့ရတယ်၊ ကလပ်တိုင်းက လိုချင်နေတဲ့ လူကို ဒီကလပ်ရဲ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆွဲဆောင်ကြည့်မလို့လေ"

ပြောပြီးနောက် ထိုလူက သီချင်းရွေးရန် သွားနှင့်ပြီးဖြစ်သည်။ မတ်သရူးနဲ့ ဂွန်ဝုကလဲ နေရာယူကာ အဆင်သင့် ပြင်နေကြပြီး ဖြစ်သည်။

Bad boy ဆိုတဲ့ သီချင်းသံထွက်လာပြီးနောက် သူ့ရှေ့ရှိ ယောကျ်ား သုံးယောက်မှာ အစွမ်းကုန် က ခုန်နေကြတော့သည်။ ကျန်းဟောက်ကြည့်နေရင်း တစ်ခုနားလည်လိုက်သည်က ဒါက သူမမြင်ဖူးသေးတဲ့ ဆော့မတ်သရူးရဲ့ ပုံစံပင်။ အရင်လို တက်ကြွလန်းဆန်းတဲ့ ကနေဒါ အိုပါးအနေနဲ့ မဟုတ်ဘဲ သူ့ရဲ့ ဆွဲဆောင်မှုတွေက တဟုန်ထိုး လျှံကျလာသည်။ မတ်သရူးနားက လေထုနဲ့ အရှိန်အဝါတွေမှာလဲ အရင်ကနဲ့ မတူတော့ပေ။

ဂွန်ဝုဆိုတဲ့ လူက ခန္ဓာကိုယ်က ထွားပေမယ့် သူ့ကြည့်ရတာ ပေါ့ပါးလွတ်လပ်စွာ ကနိုင်သည်။ ပုံမှန်ဆို ဒီလို ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ လူတွေ က ရင် ကြည့်ရမဆိုးနိုင်ဘူးလား?

တစ်မိနစ်ကျော်လောက်ကြာတော့ ဆောင်းဟန်ဘင်း တစ်ယောက်တည်း solo ကတဲ့ နေရာဆီရောက်လာသည်။

ဆောင်းဟန်ဘင်း သူ့ရဲ့ လက်တွေကို လှုပ်ရှားတာမြန်လွန်းလို့ ကျန်းဟောက်မှာ မျက်တောင်ပင်မခတ်ရဲ။ ထိုရှည်လျား သွယ်လျတဲ့ လက်တွေရဲ့ လှုပ်ရှားမှု တစ်ခုလေးကိုတောင် လွတ်သွားမှာ စိုးရိမ်နေဟန်ဖြင့် ကျန်းဟောက် ထိုင်ကြည့်နေမိသည်။

ဒါက လူတစ်ယောက် လုပ်နိုင်တဲ့အနေထားလား? ဘာလို့ အဲ့လောက်တော်ရတာလဲ?

ဆောင်းဟန်ဘင်းက သူ့စကား သူတည် သူ ဖြစ်သည်။

ကျန်းဟောက်မှာ လုံးဝကြီးကို

ဆွဲဆောင်ခံလိုက်ရတော့သည်။

========

TBC.........

1 Nov,2024

ဖုန်းအား ၂၃ တဲ့လေ၊ စာလုံးပေါင်းတွေ နောက်မှ လာစစ်ပါတော့မယ်။🫶