Chapter 4: အပိုင်း (၃) ဆောင်းဟန်ဘင်း!!!!!!

My other halfWords: 44589

နောက်ဆုံးမှာတော့ ကျန်းဟောက် ဂီတ ကလပ်ကိုသာ ဝင်ဖို့ ဆုံးဖြတ်လိုက်

သည်။ solo အနေနဲ့ သို့မဟုတ် team အနေနဲ့လားတော့ သူမဆုံးဖြတ်ရသေးပါ။ တချို့တွေကတော့ team အနေနဲ့ရှိပြီးသားဖြစ်ပြီး တချို့တွေက ရန်ပုံငွေတွက်ဖြစ်စေ ဖျော်ဖြေပွဲရှိလာသည့်အခါမှသာ team အနေနဲ့ စုပေါင်းကာဖျော်ဖြေကြတာလဲရှိသည်။

ဆော့မတ်သရူးကတော့ သူတို့ ကျန်းဟောက်ကို ကောင်းကောင်း မဆွဲဆောင်နိုင်ခဲ့ဘူးဆိုပြီး အားမလို အားမရ ဖြစ်နေခဲ့သည်။ တကယ်တော့ ကျန်းဟောက် ထိုနေ့က အံ့ဩမင်သက်ခဲ့ရတာ အမှန်ပင်။ မတ်သရူးအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကလဲ ပြောင်းလဲ စ ပြုနေတယ်ဆိုတာ ကျန်းဟောက်ကိုယ်တိုင်သာသိသည်။ ထို့နေ့က မြင်ကွင်းက သူ့စိတ်ထဲ စွဲထင်ကျန်ရစ်နေတုန်းဘဲဆိုတာကိုတော့ သူ ဝန်ခံမည် မဟုတ်ပါ။

ယခုဆို ကျန်းဟောက် ကိုယ်တိုင်တောင် သတိမထားမိပါဘဲ ဆော့မတ်သရူးနဲ့ တပူးပူး တတွဲတွဲ ဖြစ်လာခဲ့သည်။ နေ့လည်စာ စားချိန်တွေဆိုလဲ အတူ စားဖြစ်ကြသလို၊ ညနေ အသင်းလှုပ်ရှားမှုအတွက် အဆောင်ဘက် သွားရင်လဲ အတူတူ ဖြစ်လာသည်။

"ကျန်းဟောက် မင်းရဲ့ ဖုန်းနံပါတ် ငါ့မှာမရှိသေးဘူး"

"ငါ စာပို့ရတာကို ပိုသဘောကျတယ်"

"ဖုန်းဆက်ပြီးပြောလိုက်ရင် ပိုမမြန်ဘူးလား"

"မင်းနဲ့ငါက ဖုန်းခေါ်စရာလိုနေသေးတာလား"

ကျန်းဟောက်ရဲ့ တုံ့ပြန်မှုကြောင့် ဆော့မတ်သရူး ဆွံ့အသွားကာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့ပေ။

သူ့အတွေးထဲမှာတော့ သူငယ်ချင်းတွေကြား ဒီတိုင်း ဖုန်းနံပါတ်လေး လဲကြတာပင်၊ ဒါက ပုံမှန်ဘဲဖြစ်သည်။

ဆော့မတ်သရူး ငြိမ်သွားတာမြင်မှ ကျန်းဟောက်က လှည့်ကြည့်လာပြီး

"ငါပြောချင်တာက မင်းနဲ့ငါက ထိုင်ခုံချင်းလဲ ကပ်လျက်ဘဲ၊ အားလပ်ချိန်တွေမှာလဲ အတူရှိဖြစ်ကြတယ်လေ၊ အိမ်ပြန်ကြတဲ့အချိန်လေးဘဲ ငါတို့ မတွေ့ဖြစ်တာမလား၊ အဲ့ချိန်တွေမှာလဲ ငါနဲ့ မင်းက ပြောစရာထွေထွေထူးထူး မရှိဘူးလေ၊ အဲ့တော့ ဖုန်းဆက်စရာ အကြောင်းက ဘယ်လိုလုပ်ရှိမှာလဲ"

"........" ဆော့မတ်သရူးက ဘာမှပြန်မပြောဘဲ သူ့အား အကြောင်သား ငေးကြည့်နေတာမို့ ကျန်းဟောက် ထပ်ပြီး ပြောလိုက်သည်။

"..........ပြီးတော့ ငါတကယ် ဖုန်းပြောရတာ သိပ်သဘောမကျလို့"

ထိုအခါ ဆော့မတ်သရူးက လမ်းအတူလျှောက်နေရာမှ ရပ်လိုက်တာကြောင့် အနောက်မှာကျန်ခဲ့တော့သည်။

ကျန်းဟောက်မှာလဲ သူ ဘာဆက်လုပ်ရမလဲ တကယ်မသိတော့ပေ။ သူ ဆက်ပြောလေ အခြေနေက ပိုဆိုးလေ ဖြစ်ပုံရသည်မို့ ကျန်းဟောက်တစ်ယောက်အခက်တွေ့လာရသည်။

မတ်သရူးက ဘာစကားမှပြောမလာတာကြောင့် ကျန်းဟောက်နေရခက်လာသည်။ ခါတိုင်း ဘာအမူရာမှမရှိတဲ့အကြောသေနေကြ မျက်နှာက နောက်ဆုံးမှာတော့ မျက်မှောင် အနည်းငယ်ကြုတ်လာသည်။ သေချာသတိထားပြီး ကြည့်မယ်ဆို အောက်နှုတ်ခမ်းလေးက အနည်းငယ် ဆူထွက်လာချင်သလိုပင်။ သို့ပေမယ့် ကျန်းဟောက်က ထိန်းထားတာကြောင့် သိပ်မသိသာပေ။

ဆော့မတ်သရူး ကျန်းဟောက်ကို ကြည့်ရင်း မနေနိုင်စွာ ထ ရယ်မိတော့သည်။

အရင်လို စိတ်ခံစားချက် ထုတ်ပြလေ့မရှိတဲ့ မျက်နှာက သူ့ကြောင့် အခက်တွေ့နေတာ မြင်တော့ ဆော့မတ်သရူး သူ့သူငယ်ချင်းလေးကို ထပ် မစ ဖို့ဆုံးဖြတ်လိုက်တော့သည်။

"ကျန်းဟောက် မင်းက ချစ်ဖို့ကောင်းသားဘဲ၊ ငါ မင်းရဲ့ ဒီပုံစံကို အခုမှ တွေ့ဖူးတာ၊ မင်း ငါစိတ်ဆိုးသွားတယ် ထင်ပြီး စကားအများကြီးပြောပြီး ရှင်းပြနေတာ မြင်ရတာ မင်းမဟုတ်သလိုဘဲ"

"မင်းက အဖက်လုပ်ဖို့ မတန်ဘူးဘဲ"

ကျန်းဟောက် မျက်လုံးလှိမ့်လိုက်ပြီး ဆော့မတ်သရူးကို မစောင့်တော့ဘဲ လှည့်ထွက်သွားလိုက်သည်။ မတ်သရူးက သူ့နောက် အပြေးလိုက်လာပြီး

"မင်းကလဲကွာ စိတ်ကြီးဘဲ၊ လုပ်ပါ မင်းရဲ့ ဖုန်းနံပါတ် ငါ့ကိုပေးဦး"

ဒီလိုနဲ့ ကျန်းဟောက်ရဲ့ ဖုန်း list ထဲ မတ်သရူးက တရုတ်မဟုတ်တဲ့ ပထမဆုံး လူဖြစ်လာခဲ့သည်။ ကိုးရီးယားမှာက WeChat အသုံးမများတာကြောင့် ကျန်းဟောက် Kakao talk ကို down လိုက်ရသေးသည်။ သူ့ရဲ့ Kakao Talk ကြီးက ရှင်းလင်းနေတာကြောင့် ဆော့မတ်သရူးက ဂယူဘင် နဲ့ Ricky ရဲ့ acc တွေကိုပါ ပေးခဲ့သည်။ ပြီးတော့ ဆော့မတ်သရူးရဲ့ "visual after visual" ဆိုတဲ့ friend group တစ်ခုထဲကိုလဲ ထပ်ထည့်ပေးခဲ့သည်။

သူ့ရဲ့ chat list ထဲမှာ ၄ ခုသာရှိသည်။ ဘာမှအထွေထူး ကြည့်စရာဟူ၍မရှိ။ group ထဲကို သူ အပေါ်ယံ တစ်ခေါက်လောက် ဝင်ကြည့်လိုက်သေးသည်။ group ထဲတွင် လူက သိပ်မများပေ။ သူမသိတဲ့လူတွေမို့ အပေါ်ယံသာ ကြည့်လိုက်ပြီး group ကို mute ထားလိုက်တော့သည်။

ကျန်းဟောက် Z ကျောင်းမှာတက်နေတာ တစ်လကျော်ပြီး ဖြစ်သည်။ အချိန်တွေ တဖြည်းဖြည်းကုန်လာသည်နှင့်အမျှ ကျောင်းသားတိုင်း မလိုချင်တဲ့ အရာက တဖြည်းဖြည်း ပို၍နီးကပ်လာလျက်ရှိသည်။ ထိုမဝေးတော့တဲ့ အရာက သိပ်မကြာခင်လောက် ရောက်လာတော့မှာ ကျောင်းသားတိုင်း သိနေပေမယ့်လဲ သူတို့ရဲ့ အတန်းပိုင်ဖြစ်သူက ဒီနေ့ သေချာအောင် ထပ်ပြီး အတည်ပြုလာခဲ့သည်။

"အားလုံး သိတဲ့အတိုင်းဘဲ စာမေးပွဲ နီးလာပြီး"

ထိုအခါ 1(B) တစ်ခန်းလုံး အော်ဟစ် ညည်းညူသံများဖြစ် ပြည့်နှက်သွားရသည်။

ထိုအခါ ဆရာမက ခုံကို ရိုက်ကာ သတိပေးလာပြီး

"1(B) ဖြစ်တဲ့အတွက် ပျမ်းမျှ အမှတ်ကိုတော့ အာရုံစိုက်စရာမလိုပေမယ့် ထပ်ဆုံး ၁၀ ဦး စာရင်းထဲတော့ ဒီအခန်းထဲက ကလေးတွေကို ပါစေချင်တယ်။ ဆိုတော့ မင်းတို့အတွက် အစမ်းဖြေဖို့ မေးခွန်း သုံးစုံ ပြင်ဆင်လာခဲ့တယ်။"

ထိုအခါ ပထမ တစ်ကြိမ်ကထက် ပိုကျယ်လောင်တဲ့ အော်ဟစ်ငိုကြွေးသံ ထွက်ပေါ်လာခဲ့သည်။

"သုံးစုံတောင်!!!!!"

"ဆရာမရေ ပေးနားပါဦး!!!!!"

"ဒါပြီးရင် self study ချိန်လေ၊ အိပ် မယ်လို့ တွေးထားတာကို"

ဒုံးးး ဒုံးးး ဒုံးးးး

"မင်းတို့တွေ 1(B) ခန်းကရော ဟုတ်ရဲ့လား သိက္ခာလေး ဘာလေးရှိကြပါဦး"

တစ်ခန်းလုံး အသံတိတ်သွားပေမယ့် မျက်နှာတွေကတော့ မိုးတိမ်မဲကြီးတွေလို မဲမှောင်နေကုန်ပြီးဖြစ်သည်။

"ကဲ.... မေးခွန်းလွှာတွေ လက်ဆင့်ကမ်းတော့"

"ဟုတ်!!!!"

ပြီးနောက် အကုန်လုံး တိတ်တဆိတ်ဖြင့် မေးခွန်းလွှာတွေ ဝေနေကြချိန်မှာဘဲ ဖုန်း noti သံတစ်ခုက ထွက်ပေါ်လာရသည်။ အသံလာရာ အနောက်ဘက်ကို တစ်ခန်းလုံး လှည့်ကြည့်လာကြသည်။

သူက အများအာရုံစိုက်ရာ ပစ်မှတ်ဖြစ်နေတာကြောင့် ကျန်းဟောက် မော့ကြည့်လိုက်တော့ ဆရာမက သူ့အနားလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"ကျန်းဟောက် မင်း စာသင်ချိန်ကြီးမှာ ဖုန်းခိုးသုံးနေတာလား"

ကျန်းဟောက်လဲ သူ ဖုန်းကို သုံးမနေခဲ့တာကြောင့်

"မဟုတ်ပါဘူး"

"တကယ်လား? မင်းဖုန်းကို အခု ထုတ်လာခဲ့"

ထိုအခါ ကျန်းဟောက်လဲ သူ့ဘောင်းဘီအိတ်ထဲကနေ ဖုန်းကို ထုတ်ပေးလိုက်သည်။

ဆရာမကလဲ ဖုန်းကို ယူကြည့်ပြီးနောက်

"မင်း ဘာငြင်းချင်သေးလဲ? ဒီမှာ စာက အခုလေးတင် ဝင်ထားတာ"

"ဟမ်?"

ရုတ်တရက်မို့ ကျန်းဟောက် နားမလည်နိုင် ဖြစ်သွားရသည်။ သူ တကယ်ကို ဖုန်းမသုံးနေခဲ့ပါ။ ဒါပေမယ့် ဘာလို့ သူက ဆရာမ ဆီကနေ ဆူခံနေရတာလဲ? ထို့ကြောင့် ကျန်းဟောက် ထပ်ပြောလိုက်သည်။

"ကျွန်တော် တကယ် ဖုန်းမသုံးနေခဲ့—-"

သူ့စကားကို ဆရာမက ကြားဖြတ်ပြောလိုက်သည်။

"ဂယူဘင်!!!!"

"ဟုတ်!!!!!"

"မင်းက မေးခွန်းဖြေရမဲ့ဟာကို ဖုန်းသုံးဖို့ အချိန်ရှိနေသေးတယ်ပေါ့လေ ဟုတ်လား?"

ဆရာမက ပြောရင်း ဆိုရင်းဖြင့် ဂယူဘင်ရဲ့ အနားကိုရောက်သွားကာ နားရွက်ဆွဲတော့သည်။

"အာ့ အာ့ အားးး!!!! မသုံးတော့ပါဘူး၊ လွှတ်ပေးပါတော့"

"မင်းရဲ့ဖုန်းကို ထုတ်ပေးစမ်း"

ဂယူဘင်က လိမ်လိမ်မာမာနဲ့ပင် စားပွဲခုံအောက်မှ ဖုန်းကို ထုတ်ပေးလာခဲ့သည်။

"ကျန်းဟောက်နဲ့ ဂယူဘင် မင်းတို့ရဲ့ ဖုန်းတွေကို သိမ်းထားလိုက်မယ်၊ မေးခွန်း သုံးစုံဖြေပြီးမှ ပြန်ပေးမယ်"

"....."

"အမှတ်တွေကိုလဲ ကြည့်မှာနော် တစ်စုံစီကို ၉၀ မကျော်ရင် ဖုန်းပြရဖို့ မစဉ်းစားနဲ့တော့"

ဆရာမရဲ့ စကားအဆုံး၌ ဂယူဘင်မှာ ငိုချတော့မဲ့ ရုပ်ကြီးဖြင့် မေးခွန်းကိုသာ သဲကြီးမဲကြီး စူးစိုက်ကြည့်ကာ ဖြေနေတော့သည်။ ဖုန်းက သူ့အသက်ဖြစ်သည်။ ထို့ကြောင့် self study အချိန်မှာတောင် နည်းနည်းလေးမှ အချောင်မခိုရဲဘဲ ကြိုးစားဖြေနေရှာသည်။

ကျန်းဟောက်မှာလဲ စကားတစ်ခွန်းမှမဆိုဘဲ မေးခွန်းကိုသာ အာရုံစိုက်ပြီး ဖြေနေခဲ့သည်။

ဖုန်းကိုပြန်လိုချင်သည်ဆိုတာထက် သူ ဘာမှမလုပ်ပါဘဲ ဆူခံထိခဲ့ရတာကြောင့် မကျေနပ်နေရုံပင်။ ဒီလိုအဖြစ် မျိုးကို သူ သည်းမခံနိုင်ပေ။ သို့ပေမယ့် အပြင်ပန်း ပုံစံကတော့ တည်ငြိမ်းလွန်းနေတာမို့ ဘေးနားမှ မတ်သရူးတောင် သတိမထားမိခဲ့ပါ။

Self study ချိန်ပြီးဖို့ ၅ မိနစ်အလိုမှာ ကျန်းဟောက်တစ်ယောက် ထိုင်ရာမှ ထ လာခဲ့သည်။ ပြီးနောက် မေးခွန်း သုံးစုံကို လက်မှာသေချာကိုင်ရင်း ဆရာ၊ ဆရာမ ရုံးခန်းရှိရာသို့ ထွက်လာခဲ့လိုက်သည်။

သူ အခန်းထဲက ထွက်လာပြီး သိပ်မကြာ ဂယူဘင်လဲ သူ့အနောက်မှ လိုက်လာခဲ့သည်။

"ကျန်းဟောက်! ငါ့ကို စောင့်ပါဦး အတူသွားရအောင်"

"......."

"မင်းက စိတ်ဆိုးနေတာလား၊ ငါလဲ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် မင်းကလဲ ဖုန်းကို အသံမပိတ်ထားဘူးလေ"

"အဲ့တော့ ငါ့အမှားပေါ့?"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မှားတာတဲ့သူ ငါပါ"

ပြန်တွေးကြည့်မှ ကျန်းဟောက် မှာ ဖုန်းအသံပိတ်ထားတတ်တဲ့အကျင့်မရှိပါ။ ဘယ်သူနဲ့မှလဲ အဆက်သွယ် သိပ်မရှိတာကြောင့်ဖြစ်သည်။ သူ့အဖေနဲ့တော့ စာတွေ ပို့ဖြစ်ပေမယ့် သူ့အဖေကို mute ထားခဲ့တာပင်။ မတ်သရူးကလဲ ကျောင်းဆင်းချိန်တွေမှ စာတွေပို့လာတာဖြစ်သည်။ ပို့သမျှကလဲ သူ ဘာစားနေတယ်ဆိုတဲ့အကြောင်းနဲ့ သူ ဘာစားချင်တယ်ဆိုတဲ့ အကြောင်းတွေချည်းသာ။ ဂယူဘင်ကလဲ ပုံမှန်ဆို Ricky နဲ့ အနေများတာမို့ ကျန်းဟောက်နဲ့ သိပ်မရင်းနှီးသေးပါ။ နောက်ဆို ဂယူဘင်ကိုပါ mute ထားမည်ဟု သူတွေးလိုက်သည်။

"မင်းဆီကိုက မှားပို့မိတာပါ။ တကယ်တော့ ငါ မတ်သရူးကို ပို့တာ၊ ဒါပေမယ့် လက်ချော်ပြီး မှားပို့လိုက်တာ မင်းဆီကိုဖြစ်နေတော့တာဘဲ"

ကျန်းဟောက် ပြန်မဖြေဘဲ ဆရာ၊ ဆရာမ ရုံးခန်းသို့ ဆက်သွားနေလိုက်သည်။

"ကျန်းဟောက် စိတ်မဆိုးပါနဲ့တော့၊ ဖုန်းကလဲ ခနနေပြန်ရတော့မှာဘဲကို"

"ငါ ဖုန်းသိမ်းခံထိလို့ စိတ်ဆိုးတယ်လို့ ထင်နေတာလား"

ဂယူဘင်က မျက်လုံးလေး အဝိုင်းသားဖြင့်

"မဟုတ်ဘူးလား"

ကျန်းဟောက် စကားဆက်မပြောဖို့သာဆုံးဖြတ်လိုက်သည်။

"ဘယ်လိုလုပ်ပေးမှ စိတ်ဆိုးပြေမှာလဲ"

"......."

"မင်းရဲ့ သန့်ရှင်းရေး duty ချိန်ကို ငါအစားဝင်လုပ်ပေးမယ်လေ"

"........."

"မင်းကို ကိုးရီးယားစာ လေ့လာတဲ့နေရာမှာ ကူညီပေးရင်ရော? မင်းက တရုတ်ကနေ ပြောင်းလာတော့ ခက်ခဲနေမှာဘဲ"

"......."

"မင်းစားချင်တာ အကုန်ဝယ်ကျွေးမယ်"

"Ok!"

ပြီးနောက် ကျန်းဟောက် ထပ်တိုးပြီး ပြောလိုက်သေးသည်။

"သန့်ရှင်းရေးလဲ လုပ်ပေးရမယ် နှစ်ပတ်စာ"

ဂယူဘင်လဲ မတတ်နိုင်တဲ့အဆုံး ကျန်းဟောက် သဘောအတိုင်း လိုက်လျောပေးလိုက်ရသည်။

ရလဒ်အနေနဲ့ ကျန်းဟောက်က မေးခွန်း သုံးစုံကို အမှတ်ပေါင်း ၁၀၀/၁၀၀/၉၈ နဲ့ ဖုန်းပြန်ရလာပေမယ့် ဂယူဘင်ကတော့ အမှတ်ပေါင်း ၈၉/၈၅/၉၀ နဲ့ ဖုန်းကို ဆရာမအား စာမေးပွဲရလဒ်အတွက် အာမခံချက် အထပ်ထပ်အခါအခါ ပေးပြီးမှ ဖုန်းပြန်ရလာခဲ့သည်။

ပြီးနောက် ကျန်းဟောက်စားချင်တာမှန်သမျှ လိုက်ဝယ်ကျွေးရပြီး၊ သန့်ရှင်းရေးကို ဝိုင်းလုပ်ပေးခဲ့ရသည်။

ကိစ္စက ဒီလိုနဲ့ မပြီးသွားဘဲ ကျန်းဟောက်မှာတော့ နေ့တိုင်း တောက်လျှောက် ဂယူဘင် စာပို့တာခံရတဲ့ သူတွေထဲမှ တစ်ယောက်ဖြစ်လာတော့သည်။ အများစုက စတစ်ကာနဲ့ ကျောင်း ပေ့ချ်ရဲ့ link တချို့ဖြစ်သည်။ ကျန်းဟောက်လဲ စိတ်မဝင်စားတာမို့ ဝင်မကြည့်ဖြစ်ခဲ့။ တစ်ခါတစ်လေမှ စတစ်ကာလေးတွေကို လက်မထောင်နေတဲ့ react လေး ပေးဖြစ်သည်။

အချိန်တွေ တရွေ့ရွေ့ကုန်လာပြီးနောက် စာမေးပွဲလဲ နီးလာပြီး ဖြစ်သည်။ ထို့ကြောင့် အသင်းလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ကျောင်းလွှတ်တာနဲ့ ကျန်းဟောက် အိမ်ကိုသာ ပြန်ဖို့ တွေးလိုက်သည်။

"မင်း ဒီနေ့ ကလပ်ကို မသွားဘူးလား"

"စာမေးပွဲပြီးမှ သွားတော့မယ်"

"မင်းက တော်တာဘဲကို စာကြည့်နေစရာ လိုသေးတာလား"

"အင်း ငါ ကိုးရီးယားဘာသာကို နည်းနည်း ထပ်လုပ်ရဦးမယ်"

"Ok ok တစ်ခုခု သိချင်တာဆို ငါ့ကို မေးနော်"

"ငါပြန်ပြီ"

ဆော့မတ်သရူးကို နှုတ်ဆက်ကာ ကျန်းဟောက် အိမ်ကိုဘဲ ပြန်လာခဲ့လိုက်သည်။

အိမ်ရောက်သည်နှင့် သတိတရ ဦးဆုံးလုပ်သည်က သူ့အဖေဆီကို စာပို့တာပင်။

'စာမေးပွဲဖြေရတော့မှာ၊ ဒီတလော စာပို့ဖြစ်မှာမဟုတ်ဘူး'

ကျန်းပါးပါး - 'မင်း စာပို့ရတာကို အလုပ်ရှုပ်တယ်ထင်လို့ တမင် စာမေးပွဲကို အကြောင်းပြနေတာမလား'

ကျန်းဟောက် ဘာဖြေရှင်းချက်မှ ပေးမနေဖို့သာ ဆုံးဖြတ်လိုက်သည်။

ပြီးနောက် ရေမိုးချိုးကာ ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့ အင်္ကျီတစ်ထည် ထုတ်ဝတ်လိုက်ပြီး စာကြည့်စားပွဲတွင်သာ အချိန်ကုန်သွားခဲ့သည်။

စားမေးပွဲဖြေတဲ့ အချိန်အတွင်း ကျန်းဟောက် အကောင်းဆုံးလုပ်နိုင်ခဲ့တာကြောင့် စိတ်ကောင်းဝင်နေမိသည်။ ကျန်းဟောက်ကိုယ်တိုင်ကတောင်

တရုတ်ကနေပြောင်းလာတာမို့ အနည်းငယ်စိုးရိမ် စိတ်ရှိနေပေမယ့်လဲ တကယ့် တကယ်မှာတော့ အခြေနေမဆိုးလှပေ။

အနည်းဆုံးတော့ သူက အထက်တန်းကျောင်းသားလေး တစ်ယောက်ဘဲလေ၊ စာမေးပွဲနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုရှိကတော့ သူမှာရှိသေးသည်။

"စစ်ပွဲကာလကြီး ပြီးပြီ ဆိုတော့ အပန်းဖြေဖို့ သွားရအောင်"

မတ်သရူးစကားဆုံးသည်နှင့် ဂယူဘင်က

"ငါ တခြားသူတွေကိုတောင် စာပို့ထားပြီးပြီ"

"ကျန်းဟောက်၊ မင်းရောလိုက်မလား?"

ဒီနေ့က စာမေးပွဲနောက်ဆုံးရက်လဲ ဖြစ်ကာ ကျန်းဟောက် စိတ်လက်ပေါ့ပါးနေတာကြောင့် ကျောင်းဆင်းချိန်

တွင် အိမ်ကို တန်းမပြန်ဘဲ ဆော့မတ်သရူးတို့နဲ့ လျှောက်လည်ဖို့တွေးလိုက်မိသည်။

ထို့နောက် သူတို့ အင်တာနက်ကာဖေးဆီသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာက ကျောင်းသားတိုင်း ပျော်ပါးရာ နိဗာန်ဘုံကြီးလဲ ဖြစ်သလို တစ်ခါတစ်လေ ဆရာတွေလိုက်လို့လဲ ထ ပြေးရသေးသည်။ စာမေးပွဲပြီးကာစမို့ အထဲမှာ စည်ကားနေပြီး ဆရာတွေ လာရောက်မဲ့ ဖမ်းဆီးမဲ့ အရိပ်အရောင်မျိုးလဲ မတွေ့ရပေ။ စာမေးပွဲပြီးတာနဲ့ ကျောင်းသားတွေက လွတ်လပ်သွားပေမယ့် ဆရာတွေအတွက်ကတော့ အလုပ်စ ရှုပ်ရတဲ့အချိန်ဖြစ်သည်။

ကျန်းဟောက် တရုတ်မှာကတည်းက ထိုကဲ့သို့ လျှောက်မသွားဖူးပေ။ အခုမှ ပထမဆုံးရောက်ဖူးတာမို့ သူ နေရာစုံ ထောင့်ပါ မကျန် လိုက်ကြည့်နေမိသည်။ ဒါကိုမြင်တဲ့ Ricky က ကျန်းဟောက် ပုခုံးကို ဖက်လာပြီး

"မင်းကို ဒီနေ့ pro တွေ ဘယ်လိုကစားလဲဆိုတာ ပြပေးမယ်"

"မင်းက ဂိမ်းဆော့တယ်လား"

ဂယူဘင်က Ricky အစားဖြေလာသည်။

"PUBG ကစားတာလေ၊ မင်းကစားဖူးလား"

"ဟင့်အင်း၊ ငါ computer သိပ်မသုံးဖြစ်ဘူး"

တကယ်ပါပင်။ ကျန်းဟောက် တစ်ယောက် computer ကို အခြေခံလောက်သာ အသုံးပြုတတ်တာဖြစ်သည်။ ဂိမ်းဆိုလဲ ဖုန်းထဲက Candy crush လို လွယ်တဲ့ဂိမ်းမျိုးသာ ဆော့ဖြစ်သည်။ သို့ပေမယ့် စွဲစွဲမြဲမြဲ ဆော့ဖြစ်တယ်ရယ်လဲ မဟုတ်ပေ။ သူ အားလပ်ချိန်ရရင် စာလုပ်ကာ အနားယူချိန်တွင် တယောတီးတာ၊ အိပ်တာ၊ စားတာ၊ ရုပ်ရှင်ကြည့်တာလောက်ဘဲ လုပ်နေ

တတ်တာဖြစ်သည်။ သူ့အရင်အတန်းဖော်တွေနဲ့တောင် အပြင်ထွက်ဖြစ်တာ ခပ်ရှားရှားပင်။

ထိုအချိန်တွင် စားစရာတွေ မှာဖို့ထွက်သွားတဲ့ မတ်သရူးပြန်ရောက်လာသည်။

"မင်းတို့ ခုံရွေးပြီးပြီးလား? စ ကြမယ်လေ၊ ဂွန်ဝုကတော့ နောက်နာရီဝက်မှ ရောက်မယ်တဲ့၊ ဆောင်းဟန်ဘင်းကတော့ မလာဖြစ်ဘူးပြောတယ်"

ထိုအခါ Ricky က

"ထယ်ရယ် မလာဘူးလား? PUBG ဆော့လို့ သူမပါရင် အထီးကျန်သလိုဘဲ"

"ငါရှိတယ်လေ၊ ငါလဲ ဆော့နိုင်ပါသေးတယ်"

ဂယူဘင်က အလိုမကျစွာ ပြောလာသည်။

"ထယ်ရယ်နဲ့က လုံခြုံတယ်လို့ ခံစားရတယ်၊ မင်းကတော့ ခနခန knocked out ဖြစ်နေတာလေ"

"ဟေးးး!"

ဂယူဘင်က မကျေနပ်စွာဖြင့် Ricky ရဲ့ လက်မောင်းကို ဖွဖွလေး ထိုးလာသည်။

ထိုအခါ မတ်သရူးက သူတို့နှစ်ယောက်ကြားထဲ တိုးဝင်သွားပြီး

"ကဲ...ကဲ ဆော့ကြမယ်ကွာ၊ ကျန်းဟောက်က ဆော့မလား၊ acc ရှိလား?"

"ဟင့်အင်း မဆော့တော့ဘူး"

"Okay အင်တာနက်သုံးရင်သုံး၊ ပျင်းလာရင် ငါတို့ ဆော့တာ အနားမှာထိုင်ကြည့်ပေါ့"

"Ok"

ဒီလိုနဲ့ မတ်သရူးတို့ သုံးယောက်က ဂိမ်းကို စ တင်လိုက်ပြီး၊ ကျန်းဟောက်လဲ လုပ်စရာမရှိတာနဲ့ ဟိုကြည့် ဒီကြည့် ကြည့်နေလိုက်မိသည်။

သီချင်းကိုပိတ်ကာ ရေဘူးကို ယူလိုက်ပြီး အဖုံးဖွင့်၍ တစ်ဝက်ကျော်ကျော် လောက်ကို တစ်ခါတည်း မော့သောက်ပစ်လိုက်သည်။ ထို့နောက် အင်္ကျီကို အပေါ်ဆွဲတင်ကာ မျက်နှာပေါ်မှ ချွေးတွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။ လေ့ကျင့်ထားတာကြောင့် မောဟိုက်နေပြီး မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ဘူးလို့ ဆောင်းဟန်ဘင်း ခံစားနေရသည်။ ထို့ကြောင့် သူကြမ်းခင်းပေါ်တွင်သာ ပစ်လှဲချလိုက်ကာ ၅ မိနစ်ခန့်ငြိမ်သက်နေလိုက်သည်။ ထို့နောက် ပျင်းလာတာမို့ လမ်းထလျှောက်မနေတော့ဘဲ ခန္ဓာကိုယ်ကို ဖုန်းရှိရာသို့ လှိမ့်သွားလိုက်သည်။

gp တစ်ခုထဲကနေ noti တွေ ဆက်တိုက်တက်နေတာမို့ သူ ဝင်ကြည့်လိုက်သည်။ ထို gp က သူတို့ကျောင်းရဲ့ အထက်တန်း ပထမနှစ်တွေအတွက် media gp ဖြစ်သည်။ အရေးကြီးတဲ့ အကြောင်းအရာတွေထက် များသောအားဖြင့် အတင်းအဖျင်းတွေနှင့် ကျောင်းရဲ့ နာမည်ကြီးတွေရဲ့ အကြောင်းကို ထို gp ထဲတွင် အချိန်နဲ့ တပြေးညီ သိရှိနိုင်တာဖြစ်သည်။ တစ်ခါတစ်လေမှသာ ကျောင်းသားဥက္ကဌ ကလူတွေက ကျောင်းနဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စတွေပြောတာမျိုးဖြစ်သည်။

သူဝင်ကြည့်လိုက်တာနဲ့ တွေ့လိုက်ရတာက အင်တာနက် ကဖေးတွင် ရှိနေတဲ့ ကျန်းဟောက်ရဲ့ ဘေးတစ်ခြမ်းပုံဖြစ်သည်။

ပုံနှင့်အတူပါလာသော caption မှာ

'တရုတ်က ကောကော ဂိမ်းဆော့နေတဲ့ပုံစံက တအားဆွဲဆောင်မှုရှိတာဘဲ'

ထိုပုံရဲ့အောက်မှာဘဲ တစ်ယောက်က reply ထပ်ပြန်ထားသည်။

'သူ ဂိမ်းဆော့နေတာမဟုတ်ဘူး၊ ဂိမ်းဆော့ဖို့လာကြတဲ့ မတ်သရူးတို့ အုပ်စုနဲ့ လိုက်သွားပြီး ရုပ်ရှင်သွားကြည့်နေတာ၊ ချစ်ဖို့ကောင်းချက်ဘဲဟေးး'

ဟုဆိုကာ အဝေးတစ်နေရာမှ zoom ဆွဲပြီးရိုက်ထားတဲ့ နောက်ကျောပုံလေးက ပူးတွဲပါလာသည်။

ထို့နောက် ကျောင်းသူတစ်ယောက်က

'ငါပုံမှန်ဆို ဂိမ်းကိုရူးသွပ်နေပေမယ့် အခုကျတော့ အင်တာနက်ကဖေးမှာ ကျန်းဟောက်ကိုဘဲ ထိုင်ကြည့်နေမိတော့တယ်' ဟုဆိုကာ ကျန်းဟောက် ရုပ်ရှင်ကြည့်နေတဲ့ ပုံတွေ ထပ်ပါလာသည်။

ဒီလိုနဲ့ တချို့ကျောင်းသူတွေကလဲ သူတို့နောက်လိုက်သွားကာ ဓာတ်ပုံတွေ သွားရိုက်လာကြပုံရသည်။ gp တစ်ခုလုံး ကျန်းဟောက်ပုံတွေနဲ့သာ ပြည့်နှက်နေသည်။

ဆောင်းဟန်ဘင်း အပေါ်ဆွဲလိုက် အောက်ဆွဲလိုက်ကြည့်ရင်း ပြုံးလိုက်မိသည်။ နောက်ပိုင်းတက်လာတဲ့ ပုံတွေထဲတွင် ကျန်းဟောက်က ရုပ်ရှင် ဆက်မကြည့်နေတော့ဘဲ Ricky နဲ့ မတ်သရူးကြားမှ နေ၍ သူတို့ ဂိမ်းဆော့နေတာကို ပါးစပ်လေးအဟောင်းသားနှင့် ထိုင်ကြည့်နေတာဖြစ်သည်။

ကျန်းဟောက်မှာ ဒီလိုပုံစံမျိုးရှိမှန်း သူမသိခဲ့။ ကျန်းဟောက်နဲ့သူ အပြင်မှာ မတွေ့ဖြစ်ကြပေမယ့် နေရာတိုင်းမှာ တွေ့နေရတဲ့ ကျန်းဟောက်ပုံတွေကြောင့် သူ ကျန်းဟောက်နှင့် ရင်းနှီးသလိုတော့ ခံစားရသည်။ များသောအားဖြင့် ကျန်းဟောက်ရဲ့ အမူအရာမရှိတဲ့ မျက်နှာ အနေထားကိုသာ တွေ့ရတတ် သည်။ ထို့ကြောင့် အကြောင်းပြချက် ရေရေရာရာရယ်လို့မရှိပါဘဲ အင်တာနက် ကဖေးက ကျန်းဟောက်ရဲ့ပုံတွေကို သူ အချိန် ခနကြာသည်အထိ ကြည့်နေမိတော့သည်။

ဒီနေ့ရဲ့ မနက်ခင်းကလဲ ခါတိုင်းနေ့ရက်တွေလိုပင် ကျောင်းဝင်းကြီးထဲ နုပျိုလတ်ဆက်တဲ့ အငွေ့အသက်များဖြင့် ပုံမှန်အတိုင်း သက်ဝင်လှုပ်ရှားလျက်ရှိသည်။

သူတို့ရဲ့ စာမေးပွဲရလဒ်တွေ ထွက်လာခဲ့ပြီးဖြစ်သည်။ notice board တွေမှာ ရလဒ်အဆင့်တွေကို ကပ်ထားပေးပြီးပြီး ဖြစ်သည်။ အပြေးအလွှားသွားကြည့်နေကြတဲ့သူတွေရှိပေမယ့် ဆော့မတ်သရူးကတော့ မနက်ခင်းအတန်းချိန်မစခင်ကတည်းက တက်ကြွမှု အပြည့်နှင့် မှောက်အိပ်နေပြီးဖြစ်သည်။ ကျန်းဟောက်မှာတော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူ၍ ဦးတည်ရာမရှိ လျှောက်ကြည့်နေမိသည်။

"ကျန်းဟောက်၊ မင်းက တကယ်မိုက်တာဘဲ၊ မင်းတစ်ကျောင်းလုံးမှာ ဒုတိယရတယ်"

ရုတ်တရက်မို့ ဂယူဘင်ရဲ့ စကားကို ကျန်းဟောက် မတုံ့ပြန်နိုင်လိုက်ပါ။

အချိန်အနည်းငယ်ကြာမှ

"ဘာ?!"

ကျန်းဟောက် သူ့နား သူမယုံတာမို့ နောက်တစ်ခေါက်ပြန်မေးလိုက်သည်။

"မင်းက တော်တာသိပေမယ့်၊ ကျောင်းပြောင်းလာတာ မကြာသေးဘူးလေ၊ ဒုတိယနေရာတန်းရသွားတာ နည်းတဲ့ စကေးလား"

ဂယူဘင် ပြောနေသည်ကို နားမထောင်နေတော့ဘဲ ထိုင်နေရာမှ ဆက်ခနဲ ထလိုက်တာကြောင့် ဘေးနားမှ မတ်သရူးလဲ နိုးသွားရသည်။

အလောတကြီး ထ ထွက်သွားတဲ့ ကျန်းဟောက်ကို ကြည့်ရင်း မတ်သရူးက မေးဆတ်ပြကာမေးလိုက်သည်။

ဂယူဘင်လဲ ဘာဖြစ်သွားမှန်းမသိလိုက်။ ထို့ကြောင့် မတ်သရူးတို့ သုံးယောက် နောက်ကနေ လိုက်သွားဖို့သာရှိတော့သည်။

ကျန်းဟောက် notice board ပေါ်က အဆင့်ဖော်ပြချက်တွေကိုကြည့်ရင်း သိထားသမျှ ကိုးရီးယားစာတွေပါ ခေါင်းထဲမှ ထွက်ပြေးကုန်ကြသလားမှတ်ရသည်။ သူ့နာမည်က တစ်ကျောင်းလုံးရဲ့ ဒုတိယတွင် ရှိနေပြီး ပထမနေရာတွင် တခြားတစ်ယောက်ရဲ့ နာမည်ကရှိနေသည်။

ဘယ်သူလဲ?

ဘယ်သူလဲ?!!!!!

ရုတ်တရက် စာဖတ်နိုင်စွမ်းပါ ပျောက်သွားသလားပင်။

မတ်သရူးတို့ကလဲ သူ့အနားရောက်လာကြသည်။

"ကျန်း——"

"မတ်သရူး၊ ပထမနေရာက လူက ဘယ်သူလဲ"

ထို့အခါမှာ မတ်သရူးရဲ့ အကြည့်က အဆင့်ဖော်ပြချက်တွေပေါ်ရောက်သွားပြီး

"အော်.... ဒီလိုဖြစ်လာမယ် ငါပြောသားဘဲ၊ ဆောင်းဟန်ဘင်းလေ၊ သူက အမြဲ ပထမ ရနေကြ၊ မင်းက ဒုတိယဘဲ၊ ဝိုးးး ကြက်သီးပါထတယ်၊ မင်းက တကယ်တော်တာဘဲ"

"ရွှယ်ပါ့"

Ricky ကလဲ ထောက်ခံလာသည်။

ဂယူဘင်ကလဲ ခေါင်းညိတ်ကာ အသိမှတ်ပြုလာသည်။

သို့ပေမယ့် ကျန်းဟောက်နားထဲကို ဆောင်းဟန်ဘင်း ဆိုတဲ့ နာမည်ကလွဲ ဘာစကားမှ နားထဲ ဝင်မလာတော့ပေ။

'ဆောင်းဟန်ဘင်း!!!!!!'

============

TBC........

5 nov, 2024