Chapter 31: အပိုင်း (၃၀) ဒီတစ်ခါ မင်းလက်ကိုမလွှတ်တော့ဘူး

My other halfWords: 40717

"ဒဏ်ရာရသွားသေးလား? ကျောင်းသားဆောင်းဟန်ဘင်း ထ နိုင်လား?"

ဆရာမတွေ အနားရောက်လာတော့မှ လူစုကွဲသွားကြတော့သည်။

"ကျွန်တော်က အဆင်ပြေတယ်၊ ကျန်းဟောက်က လက်တော့ပွန်းသွားတယ်"

"ဟုတ်ပြီး ဆေးအိတ်တွေ ဘယ်သူသယ်လာကြတာလဲ?...... ကောင်းပြီ ကလေးတွေကို ခေါ်သွားပေးပါဦး"

PE ဆရာတစ်ယောက်က ကျန်းဟောက်အား လက်ဆေးထည့်ရန်ခေါ်သွားတာကြောင့် ဆောင်းဟန်ဘင်းလဲ အတူလိုက်သွားခဲ့သည်။ လက်ကိုဆေးကြောပြီးနောက် ဆေးထည့်ရန် ဆရာ ရှိရာသို့ အတူသွားလိုက်ကြသည်။

"ဒီလက်ဘဲလား? ဘယ်နားထိသွားသေးလဲ"

"တံတောင်ဆစ်လဲ နည်းနည်းနာသလိုဘဲ၊ ခုနက ထောက်မိသွားတာဖြစ်မယ်"

ဆောင်းဟန်ဘင်း ကျန်းဟောက်၏ အင်္ကျီလက်ကို ဆွဲတင်လိုက်သည့်အခါ တံတောင်ဆစ်နားတွင် နီနေသည်ကို တွေ့လိုက်ရသည်။ သူ အလျင်မြန်ဆုံး တုံ့ပြန်နိုင်ခဲ့ပေမယ့် အဆုံးသတ်တွင် ကျန်းဟောက်က ဒဏ်ရာရသွားဆဲပင်။

သူ့လက်အား ဆေးထည့်ပေးကာ ဆူပုတ်နေသည့် ဆောင်းဟန်ဘင်းကို ကြည့်ကာ ဆောင်းဟန်ဘင်း ပါးကို လက်ညိုးဖြင့် ထိုးလိုက်ရင်း

"ဘာတွေ အဲ့လောက်ဆူပုတ်နေတာလဲ? ဒဏ်ရာက သေးသေးလေးပါ"

တကယ်တော့ သူပြောသလို သေးသေးလေးမဟုတ်ဘဲ နေရာတော်တော်များများတွင် ပွန်းပဲ့သွားခဲ့သည်။

ဘေးနားတွင် ထိုင်စောင့်ပေးသည့်ဆရာက ထိုင်နေရာမှ ထ ကာ ဆောင်းဟန်ဘင်း၏ နောက်ကျောကို စစ်ဆေးပေးနေရင်း မေးလာသည်။

"ခန္ဓာကိုယ်ကို လှည့်သွားတာမြန်နေရော၊ သာမန်လူ ဒီလိုလုပ်ဖို့က ခက်တယ်၊ အရင်က တစ်ခုခု ကစားဖူးလား?"

"ဟုတ်ကဲ့ ကျွန်တော် မူလတန်းတုန်းက တိုက်ကွန်ဒို ကစားခဲ့ဖူးတာပါ"

"တော်သားဘဲ အခုရော ဆက်ကစားသေးလား?"

"မကစားဖြစ်တော့ပါဘူးဆရာ၊ ကျွန်တော့်ရဲ့ အိပ်မက်အတွက် ခန္ဓာကိုယ်ကို ဂရုစိုက်ရမှာမလို့ပါ"

သူပြောနေရင်းနဲ့မှ တစ်စုံတစ်ခုကို သတိရသွားတာမို့ ပို၍ စိတ်မကောင်းဖြစ်သွားကာ ကျန်းဟောက်အား မော့ကြည့်လာသည်။ ဒီတစ်ခါ အဆူခံရမည့်သူမှာ ကျန်းဟောက်ဖြစ်သည်။

"လက်ကို ဂရုစိုက်မှပေါ့၊ မတော်လို့-"

နောက်ဆက်တွဲ စကားလုံးတွေကို သူပြောမထွက်တော့ပေ။ ထို့ကြောင့် အောက်နှုတ်ခမ်းကိုသာ ဖိကိုက််ရင်း ဆေးသာ ပြန်ထည့်ပေးနေလိုက်သည်။

"ငါတကယ် အဆင်ပြေတယ်"

".............."

"အဆင်ပြေတယ်လို့!"

"............"

"ဟန်ဘင်း? ငါ့ကိုကြည့်ပါဦး"

ဆောင်းဟန်ဘင်း ကိုင်ထားသည့် ဂွမ်းဖက်လေးကို ပစ်လိုက်ပြီး ပလာစတာ ကပ်ပေးလိုက်သည်။

"နောက်တစ်ခါ ဒီလိုမလုပ်ဘူးလို့ ကတိပေး"

"ဒါပေမယ့် မင်း-"

"ငါဖြစ်နေရင်တောင်မှ......၊ မင်း ကတိပေးရမယ်"

"အိုကေ ငါကတိပေးတယ်၊ အခုတော့ ပျော်ပျော်ပြန်နေရအောင်လေ၊ ငါ ကစားချင်နေပြီး၊ မင်းရော ဘယ်လိုလဲ တအားနာနေလား"

တကယ်တော့ သူ ကစားချင်နေပြီးဆိုတာထက် ဆောင်းဟန်ဘင်းအား စိတ်မကောင်းမဖြစ်စေချင်သောကြောင့် စိုးရိမ်စရာမလိုအောင်နေခြင်းဖြစ်သည်။ ဆောင်းဟန်ဘင်းအစား ဆရာက ခါးနဲ့ကျောကိုနှိပ်ပေးရင်း ပြောလာသည်။

"အဆင်ပြေပါတယ်၊ ညကျ နာတဲ့အခါ ဆရာ့ဆီ ပြန်လာခဲ့"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ"

"အိုကေသွားကြရအောင်"

သွားတဲ့လမ်းမှာလဲ ဆောင်းဟန်ဘင်းက မျက်နှာမကောင်းတာမြင်တော့ ကျန်းဟောက်မနေနိုင်စွာ လိုက် စ နေတော့သည်။

"မင်းက ဘာလေးလဲ? ဆူပုတ်နေတာ စိတ်ပုတ်တဲ့ကြောင်ကလေးကျနေတာဘဲ"

ကျန်းဟောက်က အရမ်းကြိုးစားနေတာမြင်တော့ ဆောင်းဟန်ဘင်း စိတ်ပြေဖို့သာ ရွေးချယ်ရတော့သည်။ သူတို့ ပြန်ရောက်သည့်အခါ ကစားပွဲက စ နေပြီဖြစ်သည်။ အသင်းသားတွေက ဘေးပတ်ပတ်လည်တွင် အုပ်စုလိုက်ထိုင်နေကြပြီး တစ်ဖွဲ့ချင်းစီက ကိုယ်စားပြုအနေနဲ့နှစ်ယောက်ထွက်လာပြီး ပြိုင်ရတာဖြစ်သည်။ ကစားနည်းမှာ ခြေထောက်တစ်ဖက်ထောက်ကာ သွားနေရပြီး တခြားသူများကို လိုက်တိုက်ရကာ နောက်ဆုံးကျန်တဲ့သူက အောင်နိုင်သူဖြစ်သည်။

"ဂွန်ဝု!!!! ဂွန်ဝု!!!!!"

ရောက်သည်နှင့် အားလုံးက ဂွန်ဝု နာမည်အား ခေါ်ကာ ဝိုင်း၍ အားပေးနေကြတာမို့ ကျန်းဟောက်လဲ သူအသင်းဖွဲ့ဆီပြေးသွားကာ ဂွန်ဝု နာမည်အား အော်ရင်း အားပေးလိုက်သည်။

အားလုံးခန့်မှန်းထားသလိုပင် ပထမပွဲစဉ်တွင် ဂွန်ဝုအနိုင်ရသွားခဲ့သည်။

"ကဲ....ဒုတိယပွဲစဉ်ကို ဆက်ပြီးယှဉ်ပြိုင်ပါမယ်၊ ဒီတစ်ခါ တစ်သင်းဆီကနေပြီးတော့ ကိုယ်စားပြုအနေနဲ့ ၅ ယောက်စီထွက်ရမှာပါ။ ပြိုင်ရမဲ့ကစားနည်းကတော့ ခြေထောက်တွေကို ပူးတွဲကြိုးချည်ပြီး လျှောက်ရမှာဖြစ်ပြီး အရင်ဦးဆုံးပန်းတိုင်ရောက်တဲ့ အဖွဲ့က နိုင်မှာဖြစ်ပါတယ်"

ကျန်းဟောက်အသင်းမှ Ricky၊ ဂယူဘင်၊ မတ်သရူး၊ ဆောင်းဟန်ဘင်းနှင့် ဂျန်ယူရီတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျန်းဟောက်က သူပါဝင်ချင်တယ်လို့ပြောပေမယ့် ဆောင်းဟန်ဘင်းက မပါစေချင်တာကြောင့် ဒီတစ်ခါတွင်လဲ ကျန်းဟောက်က တခြားသူတွေနဲ့အတူ ထိုင်နေရပြန်သည်။

ဂျန်ယူရီရဲ့ ခြေထောက်တစ်ဖက်နှင့် သူ့ရဲ့ခြေထောက်တစ်ဖက်ကို ပူးတွဲကာ ကြိုးချည်နေသည့် ဆောင်းဟန်ဘင်းကိုကြည့်ရင်း ကျန်းဟောက်တစ်ယောက် ဘဝမကျစိတ်က ကြီးစိုးလာသည်။ ထိုပြိုင်ပွဲတွင် ဆောင်းဟန်ဘင်းတို့က ဒုတိယရခဲ့သည်။

နောက်တစ်ပွဲက အပျော့ပျောင်းဆုံးလူသား ပြိုင်ပွဲဖြစ်သည်။ ဒီလိုပြိုင်ပွဲမျိုးက သေချာပေါက်ကို ကျန်းဟောက်တွက်မဟုတ်ပေ။ ထို့ကြောင့် တတိယပြိုင်ပွဲတွင်လဲ ကျန်းဟောက်က ငုတ်တုတ်လေးသာ။ အလိုမကျမှုတွေကို ပုံချစရာ နေရာမရှိတာကြောင့် ထိုင်နေရင်း မြက်တွေသာ နုတ်နေလိုက်သည်။ ထိုအချိန်မှာ သူ မထင်ထားတဲ့လူက ကိုယ်စားပြုအနေနဲ့ ထွက်သွားတာကြောင့် ကျန်းဟောက်မှာ ပါးစပ်အဟောင်းသားဖြင့်။

"ကင်ထယ်ရယ်!!! ကင်ထယ်ရယ်!!!"

ထယ်ရယ်မှာ အတော်ပင်ပျော့ပျောင်းကာ တရုတ်က သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကိုတောင် သတိရမိသွားစေသည်။ ထိုသူငယ်ချင်းကို စ တွေ့တုန်းက ကျန်းဟောက်တစ်ယောက် ဘယ်လောက်တောင် လန့်သွားခဲ့လဲဆိုတာ......။

တတိယပွဲစဉ်တွင် ထယ်ရယ်က အနိုင်ရသွားခဲ့သည်။

"နောက်တစ်ပွဲက ဦးနှောက်သုံးပြီး စကားရမဲ့ဂိမ်းဘဲ ဖြစ်ပါတယ်၊ အလီဇယားမေးမှာပါ၊ ဒါပေမယ့် အဖြေကို တစ် ပေါင်းပေးရမှာပါ။ မေးခွန်း ၅ ခု မေးပါမယ်၊ တစ်ခုကို ၁၀ စက္ကန့်အချိန်ရပြီး ၁၀ စက္ကန့်အတွင်းမဖြေနိုင်တဲ့အဖွဲ့က ရှုံးမှာဖြစ်ပါတယ်"

ထိုအခါ သူ့အနားမှ ဆောင်းဟန်ဘင်းက သူ့အား ထိုင်နေရာမှ ဆွဲထကာ ပြိုင်ပွဲဝင်ရန် တွန်းပို့လိုက်တော့သည်။ ကျန်းဟောက်နာမည်ကို အကျယ်ကြီး အော်ဖို့ကိုလဲ မမေ့ပေ။

"ကျန်းဟောက်!!!!! ကျန်းဟောက်!!!!!!!"

ထိုအခါမှ သူ့ရဲ့ကျနေတဲ့ စိတ်ဓာတ်လေးက ပြန်မြင့်တက်လာပြီး ရင်ကော့ကာ တခြားအသင်းမှ လူများနှင့် ယှဉ်ရပ်နေတော့သည်။

အမြန်ဆုံးလုဖြေနိုင်ရင် ရပြီမလား? လွယ်ပါတယ်

"13 x 13"

"169!!"

ကျန်းဟောက်အရင်ဆုံးဖြေနိုင်လို့ ဂုဏ်ယူမလို့ရှိတုန်း သူ့အသင်းသားတွေရဲ့ အော်သံကို ကြားလိုက်ရသည်။ ဂယူဘင်ဆို အော်ရယ်ရင်း နောက်ပြန်ပါလဲကုန်သည်။

"ဟားးဟားးဟားး သူစည်းမျဉ်းကို နားမလည်ဘူး"

"အဟားးးဟားးး၊ ကျန်းဟောက်ရေ"

"မဟုတ်ဘူးဟ! တစ် ပေါင်းရဦးမှာလို့၊ တစ်!! တစ်!!"

သူ့အဖွဲ့သားတွေက သူ့ကို ရယ်လာကြတာမို့

ကျန်းဟောက် ပြန်လှည့်ကြည့်ရင်း နားမလည်သည့်အမူအရာပြလာသည်။

"ဟမ် ဘာကြီးလဲ?"

"ဆရာမရေ၊ ကျန်းဟောက်က ဒီကစားနည်းရဲ့ စည်းမျဉ်းကို သိပ်မနားလည်လို့ပါ၊ ပြန် စ ပေးလို့ရမလား?"

သူအမှန်အတိုင်းဖြေပေမယ့် မှားနေတာကြောင့် သူလဲ ချော်လဲရောထိုင်လုပ်ရတော့သည်။

"ကျွန်တော် စည်းမျဉ်းကိုသိပ်နားမလည်လို့လေ၊နိုင်ငံခြားသားမို့ အခွင့်ရေးတစ်ခါလောက် ပေးလို့မရဘူးလား"

ဒိုင်လုပ်တဲ့ ဆရာမ က လက်ခံကာ နောက်တစ်ခေါက်ပြန်ရှင်းပြပြီးနောက် ဂိမ်းကို စ ပြန်ကစားကြသည်။

"14 x 10"

"141!!"

"7 x 9"

"37!"

"14 x 15"

"211!"

"27 x 5"

"136!!"

ကျန်းဟောက်က အရှေ့က မေးခွန်း ၄ ခုလုံးကို အမြန်ဆုံးဖြေနိုင်ခဲ့တာကြောင့် ဒီတစ်ပွဲနိုင်ပါက သူတို့အသင်းက ပထမရပြီးဖြစ်သည်။

"နောက်ဆုံးတစ်ခုကို အခက်ဆုံးမေးမှာဖြစ်လို့ သေချာပေါက် ပြင်ဆင်ထားနော်"

ကျန်းဟောက် တံတွေးတစ်ချက်မြိုချပြီးနောက် အဆင်သင့်ပြင်ထားလိုက်သည်။

"2 x 4"

"9!"

"ယေးးးးးး"

"ကဲ အားလုံးဘဲ ပထမရသွားတဲ့အသင်းက တည်းခိုဆောင်မှာ နေ့လည်စာ သွားစားလို့ ရပါပြီး၊ ကျန်တဲ့အသင်းတွေကတော့ ကိုယ်တိုင်ချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအတွက် ယှဉ်ပြိုင်ရဦးမှာမို့ အားတင်းထားကြပါဦး"

သူတို့ အသင်းအပြင် တခြား အလယ်တန်းနှင့် ဒုတိယနှစ်၊ တတိယနှစ်ထဲက ပထမရသည့်သူများပါ နေ့လည်စာ စားခွင့်ရခြင်းဖြစ်သည်။

အတူထိုင်ကာ စားသောက်ဖို့ပြင်ဆင်နေကြတုန်း အလယ်တန်းကျောင်းက ကလေးတွေပါ ဝင်လာကြတာကို တွေ့လိုက်ရသည်။ ဆောင်းဟန်ဘင်းက သူ့ညီမအား တွေ့လိုက်ရတာကြောင့် လှမ်းခေါ်လိုက်သည်။

"ပထမရလာတာလား?"

"ဟုတ်တယ် လက်မောင်းအားလှဲလာတာလေ၊ အပြတ်အသတ်နဲ့ကို နိုင်ခဲ့တာ"

"အင်းလေ ညီမလေးလောက် ဘယ်မိန်းကလေးက အားသန်မှာလဲ"

"Oppa!!!"

အာရမ် သူ့အစ်ကိုရဲ့ ကျောကို အားဖြင့် တစ်ချက်ထုချလိုက်သည်။

"Ah! Sry sry! ချစ်လို့ စ တာကို၊ ဒါနဲ့ ဟန်ယူဂျင်းရော?"

"သူတို့အဖွဲ့က ရှုံးတယ်လေ၊ အခုထိ ပြိုင်နေရတုန်း"

ကျန်းဟောက် စားနေရင်းမှ အငယ်တန်းတွေ ရှိတဲ့နေရာကို လှမ်းကြည့်လိုက်သည်။ ပြီးနောက်

"အာရမ်... ဟန်ဘင်းက ကျောမှာ ဒဏ်ရာရထားတာ အားအရမ်းမသုံးနဲ့"

အာရမ်တစ်ယောက် ခုနလေးတင် သူမရဲ့ အစ်ကိုဖြစ်သူအား ကျောကို ထုထားတာမို့ ထိတ်လန့်သွားရသည်။

"Oppa ဒဏ်ရာ ရထားတယ်? ဘယ်လိုဖြစ်ရတာလဲ? တောင်းပန်ပါတယ် ညီမလေးက မသိလို့"

"ခုနက ကစားကြရင်း ပြုတ်ကျတာ၊ ကြီးကြီးမားမား မဟုတ်ဘူး၊ နာရင် အခုချိန် Oppa ငိုနေမှာပေါ့"

သူမ၏ အစ်ကိုမှာ စ နောက် နိုင်နေသေးတာမို့ ကြီးကြီးမားမား မဟုတ်လောက်ပေ။

"အမေ့ကို သွားမပြောနဲ့ဦးနော်"

"Ok! သွားစားတော့မယ် ဗိုက်ဆာနေပြီ"

မိနစ်အနည်းငယ်ကြာပြီးနောက် တခြား ကျောင်းသားတွေပါ ရောက်လာကြသည်။ ရောက်လာကြသည့် ကျောင်းသားတွေကြားထဲတွင် ဟန်ယူဂျင်းမှာ နေပူထိထားတာကြောင့် ပါးလေးနှစ်ဖက်တောင် နီရဲနေပြီးဖြစ်သည်။

"ယူဂျင်း!!"

ကျန်းဟောက် ထိုကလေးအား လှမ်းခေါ်လိုက်ပြီး အနားရောက်သည်နှင့် ဆွဲခေါ်ကာ သူ့အနားတွင် ထိုင်ခိုင်း၍ သူ့ဝေစုထဲက ယူဂျင်းတွက် ဖယ်ထားသည်များကို ထုတ်ကျွေးတော့သည်။

"ဗိုက်ဆာနေမှာပေါ့၊ ဘယ်သူမှ သတိမထားမိလောက်ဘူး မြန်မြန်စား"

"ကျေးဇူးဘဲ hyung၊ ဂိမ်းက တအားခက်တာဘဲ၊ ဘယ်သူက အဲ့အလီဇယားတွေကို ကျက်မှတ်နိုင်မှာလဲ? ဒီကြားထဲ တစ်ကလဲ ပေါင်းရသေးတယ်"

ထိုဂိမ်းကို နိုင်ခဲ့သည့်ကျန်းဟောက်မှာ ယူဂျင်း စိတ်ကောက်သွားမှာစိုး၍ ဘာမှမပြောဘဲ တိတ်တိတ်လေးသာ နေနေလိုက်သည်။

ဂယူဘင်ကလဲ သူ့ဝေစုထဲက တချို့ကို အငယ်လေးအားပေးလာသည်။ ဆောင်းဟန်ဘင်းကလဲ ဟန်ယူဂျင်းကို သူများတွေ မမြင်အောင် ကွယ်ထားပေးလိုက်သည်။

"Hyung က အကောင်းဆုံးဘဲ"

ဂယူဘင်မှာ ထိုစကားလေးတစ်ခွန်းကြောင့် အပျော်လွန်ကာ ရှိသမျှ အကုန် ထည့်ပေးနေတော့သည်။ ကျန်းဟောက်ကလဲ ဒီလိုနည်းနဲ့တော့ အကြောမခံပေ။

"ဒါဆို hyung ကရော?"

"Hyung လိုလူက ထပ်မရှိနိုင်တော့ဘူး"

ကျန်းဟောက် အားရပါးရစားနေသည့် ဟန်ယူဂျင်း ခေါင်းကို ခပ်ဖွဖွပုတ်ပေးနေမိသည်။

"မင်းမျက်နှာက တော်တော် နေလောင်ထားတာဘဲ၊ hyung ဝယ်ပေးလိုက်တာတွေ မသုံးဘူးလား"

"မနက်က အိပ်ယာထ နောက်ကျလို့ မျက်နှာပြောင်နဲ့ထွက်လာလိုက်တာ"

"Hyung တို့အဆောင်က ဘယ်နားမှာလဲ"

"ပန်းခြံရဲ့ ဘယ်ဘက်ခြမ်းကိုမှ ဟိုဘက်ထိပ်ဆုံး"

"ကျွန်တော်တို့နဲ့ ဘေးချင်းကပ်ဘဲ၊ ညကျ hyung တို့ဆီဘဲလာခဲ့လိုက်မယ်"

ဟန်ယူဂျင်းရဲ့အဖွဲ့သားတွေက သူ့ကိုခေါ်နေကြပြီးမို့ အလျင်အမြန်စားသောက်ပြီးနောက် ထွက်သွားတော့သည်။

အားလုံး စားလို့သောက်လို့ ပြီးကျပြီးနောက် တောင်ပေါ်တက်ကြဖို့ လူစုရသည်။ မတက်နိုင်သူများက နေခဲ့လို့ရပြီး တက်မည့်သူများမှာ လိုအပ်သည်များကို စ တင်ထုတ်ပိုးကြပြီး ပြင်ဆင်ကြတော့သည်။ ဂျန်ယူရီမှာ အတူသွားချင်ပေမယ့် တောင်ပေါ်မှာ tent ထိုးကာ တစ်ညအိပ်ရမည်ကို မနေနိုင်တာကြောင့် မလိုက်ဘဲ နေခဲ့ရသည်။

"ညနေ မစောင်းခင် သွားကြရအောင်၊ အားလုံး မြန်မြန်လေး ပြင်ဆင်ပေးကြပါ"

နေ့လည် ၃ နာရီလောက်မှာ စ ထွက်ကြသည်။ မနက်ပိုင်း သူတို့ရောက်တုန်းက နေပူမပြင်းသေးပေမယ့် ယခုအချိန်တွင်တော့ နေပူပြင်းလွန်းတာကြောင့် ကျောင်းသူတော်တော်များများမှာ အားအင် ကုန်ခမ်းနေပြီဖြစ်သည်။ တောင်တက်လမ်းမှာ တအား မဆိုးဝါးပေမယ့် လှေကားတွေချည်းတက်နေရတာမို့ အချင်းချင်း တစ်ယောက်လက် တစ်ယောက်ဆွဲကာ အားပြုရင်း သွားကြရသည်။ တစ်ခါတစ်ရံ တောင်နံရံမျက်နှာပြင်မှာ ဆောက်လုပ်ထားတဲ့ လှေကားတွေတောင် ပါသေးသည်။ ကျောင်းသူများနှင့် ဆန့်ကျင်ကာ ကျောင်းသားတွေမှာ တက်ကြွနေကြပြီး လမ်းတစ်လျှောက်လုံး ဆူညံပွတ်လောရိုက်နေတော့သည်။

သူတို့ကို ဦးဆောင်ကာ ခေါ်သွားပေးသည့် ဆရာတစ်ယောက်က စ ကားပြောလာသည်။

"မရောက်ခင် ရှေ့နားလေးမှာ တောင်ကျရေကန်လေး ရှိတယ်၊ အဲ့ရောက်ရင် ခန နားကြမယ် နောက်ကျမှာ စိုးလို့ ဒီနေ့တော့ ရေကစားလို့မရဘူး"

"ဟုတ်ကဲ့!!!"

တောင်နံရံဘက်က လှေကားကိုရောက်လာတော့ ကျန်းဟောက်မှာ လက်ရန်းကို ကိုင်ရင်း တုံ့ဆိုင်းသွားသည်။ တစ်ဘက်ခြမ်းတွင်တော့ တောင်နံရံရှိပြီး နောက်တစ်ဘက်ကိုကြည့်ပါကာ ချောက်ကမ်းပါးသာ ရှိသည်။

ကျန်းဟောက်က အနောက်က ပါမလာတာမို့ ပြန်လှည့်ကြည့်လိုက်တော့ ထိုအတိုင်းလေး ရပ်နေသည်အား တွေ့လိုက်ရသည်။ ထို့ကြောင့် ဆောင်းဟန်ဘင်း တစ်ယောက် တခြားသူများအတွက် နေရာဖယ်ပေးရကာ နောက်ပြန်လှည့်ပြီး ကျန်းဟောက်ကို သွားခေါ်လိုက်သည်။

"ဆက်သွားနိုင်သေးလား?"

ကျန်းဟောက် နောက်ပြန်မလှည့်ချင်တာကြောင့် ခေါင်းညိတ်ပြလိုက်သည်။

"နောက်က တစ်ခုထက် နည်းနည်းမြင့်နေလို့ပါ"

ကျန်းဟောက်မှာ အမြင့်ကြောက်ရောဂါတော့ မရှိပေမယ့် နည်းနည်းတော့ ကြောက်နေပါသေးသည်။

ဆောင်းဟန်ဘင်းက သူ့လက်အား ကမ်းပေးလာသည်။

"အတူတူသွားရအောင်"

ကျန်းဟောက်က သူ့လက်အား ပြန်ဆုတ်ကိုင်လာပြီး လှေကားထစ်တွေကို အတူတူတက်သွားလိုက်ကြသည်။

"ဒီတစ်ခါ ငါမင်းလက်ကို မလွှတ်တော့ဘူး"

ဆောင်းဟန်ဘင်းက ကစားပွဲတုန်းက ကိစ္စကို ပြန်ပြောနေမှန်း သိတာကြောင့် ကျန်းဟောက် ပြုံးကာ ပြန်ပြောလိုက်သည်။

"အင်း ငါလဲ မလွတ်သွားအောင် သေချာကိုင်ထားမယ်"

သူတို့နှစ်ယောက် လက်ဆွဲကာ အတူသွားလိုက်ကြသည်မှာ တောင်ကျရေကန်နား ရောက်သည့်အထိပင်။ အရိပ်ရသည့် တစ်နေရာတွင် လွယ်အိတ်တွေကို ချကာ ရေသောက်နေရင်းမှ ကျန်းဟောက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

"ငါတို့ တစ်ခုခု မမေ့ခဲ့ဘူးလား?"

ဆောင်းဟန်ဘင်းကလဲ စဉ်းစားမရဘဲ ရှိ၏။

"ဘာပါလိမ့်?"

ထိုအချိန် အပန်းဖြေစခန်းတွင် ကျန်ခဲ့သည့် ယူဂျင်းမှာ အာရမ်နှင့် စိတ်ဆိုးကြကာ မခေါ်နိုင် မပြောနိုင်ဖြစ်နေကြတော့သည်။

"နင်သာ ငါ့ကို အဖော်မလိုက်ခိုင်းရင် ငါကျန်ခဲ့မှာမဟုတ်ဘူး၊ ဒီကြားထဲ လမ်းကလဲပျောက်သေး"

"တောင်းပန်ပါတယ် ငါလဲ တမင်လုပ်တာမှ မဟုတ်တာ ၊ အင်တာနက်မှာ ရှာထားတုန်းက အဲ့နေရာက အစားသောက်က အရမ်းကောင်းတယ်ဆိုလို့ သွားကြည့်ချင်တာနဲ့"

တကယ်တော့ တမင်လုပ်ခဲ့တာပင်။ ဗိုက်ဆာနေတဲ့ ဟန်ယူဂျင်းတစ်ယောက်မှာ အများကြီးမစဉ်းစားဘဲ သူမခေါ်ရာသို့ လိုက်သွားခဲ့သည်။ သူမရဲ့အစ်ကိုနဲ့ ကျန်းဟောက်ကြား သွားဝင်ရှုပ်နေမှာစိုးရိမ်သောကြောင့်ဖြစ်သည်။ tent တစ်ခုထဲ နှစ်ယောက်အတူ အိပ်ကြမှာကို လိုက်ရှုပ်ချင်နေသည့် ဒီယုန်ပေါက်စ ကို အာရမ်တစ်ယောက် အောင်အောင်မြင်မြင်နဲ့ ကုတ်က ဆွဲထားနိုင်လိုက်ပြီဖြစ်သည်။

တောင်ကျရေကန်တွင် နားပြီးသည်နှင့် ကြိုးတံတား တစ်ခုကို ထပ်ဖြတ်ရသည်။ ကြိုးတံတားမှာ လူကလဲများတာကြောင့် ယိမ်းထိုးနေပေမယ့် အစောတုန်းက ကြောက်ဒူးတုန်နေခဲ့သည့် ကျန်းဟောက်မှာ ယခုတော့ ကြောက်စိတ်တွေ ဘယ်ရောက်ကုန်မှန်းမသိ။ ခြေလှမ်းတွေကတောင် တက်ကြွနေလိုက်သေးသည်။

အနောက်ကနေ ထိန်းကာ သွားနေရသည့် ဆောင်းဟန်ဘင်းမှာတော့ ချွေးပြန်နေပြီဖြစ်သည်။ နဂိုကတည်းကမှ balance သိပ်မထိန်းနိုင်တဲ့ ကျန်းဟောက်မှာ ပျော်ပျော်ကြီးကို အထိန်းမကွတ်မရှိ လျှောက်ပြေးနေသောကြောင့် ဖြစ်သည်။ တစ်ခါ တစ်ခါ စိတ်လှုပ်ရှားကာ အပြေးတစ်ပိုင်းသွားနေရာမှ ပြုတ်ကျမလိုက ဖြစ်သေးသည်။ ထိုအခါမျိုးဆို ကျန်းဟောက် တစ်ယောက် ပြုတ်မကျအောင် ဆောင်းဟန်ဘင်းမှာ လိုက်ထိန်းရသည်။ တံတားရဲ့ ဟိုဘက်ခြမ်းကို ရောက်သွားသည့် ဂယူဘင်မှာလဲ စ နောက်ကာ ခုန်နေတာမို့ ကြိုးတံတားမှာ သာမန်ထက်ကို ခါယမ်းနေတော့သည်။

"ဂယူဘင်!!!! မခုန်နေနဲ့!!!"

Ricky က စိတ်မရှည် စွာ အသံကုန်အော်လိုက်တာကြောင့် ကျန်းဟောက်မှာ အံ့ဩသွားရသည်။

Ricky က ဒီလောက်ထိ အသံကျယ်ကျယ်အော်နိုင်မှန်း ကျန်းဟောက် အခုမှ ကြားဖူးတာဖြစ်သည်။ ထိုအခါမှ ဂယူဘင်က ခုန်နေတာကို ရပ်ပြီး Ricky အား သွားခေါ်တော့သည်။ လက်ကမ်းပေးလာချိန်တွင် Ricky လှမ်းဆွဲလိုက်ပေမယ့် ဂယူဘင်က ရှောင်လိုက်ကာ ကြိုးတံတားပေါ်တွင် ခုန်နေလိုက်သေးသည်။

"ဂယူဘင်!!!!"

Ricky ရဲ့ အသံကြီး ဟိန်းထွက်သွားတော့မှ ဂယူဘင်မှာ တဟားဟားရယ်ရင်း ထပ် မစတော့ဘဲ Ricky အား လက်ဆွဲကာ တံတားတစ်ဖက်ဆီသို့ ခေါ်သွားပေးလိုက်သည်။

တစ်ဖက်ခြမ်းသို့ရောက်သည်နှင့် Ricky မှာ မထိန်းနိုင်စွာ ထိုးအန်တော့သည်။

ထိုအခါမှ ဂယူဘင်တစ်ယောက် ပိုးသေသွားပြီ Ricky ရဲ့ကျောကုန်းကို ထုပေးကာ တောင်းပန်တော့သည်။

တဟီးဟီး တဟားဟားဖြင့် ရောက်လာသည့် ကျန်းဟောက်မှာလဲ မြေကြီးပေါ် ခြေထောက်ချတာနှင့် ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ ခွေကျကာ အမြင်တွေပါ ဝေဝါးကုန်ပြီး သူ့အနီးနားရှိ ပတ်ဝန်းကျင်မှာ လည်နေတော့သည်။ တံတား တစ်လျှောက် ထိန်းပေးလာသည့် ဆောင်းဟန်ဘင်းမှာလဲ မြေပြင်အနေထားက မတူတော့တာ ကြောင့် ကျန်းဟောက်ကို ကူတွဲရာမှ သူကိုယ်တိုင်လဲ ဖင်ထိုင်လျက်ပြုတ်ကျတော့သည်။

ကျန်းဟောက်၏ စိတ်လှုပ်ရှားနေမှုက မကုန်သေးတာကြောင့် ဖင်ထိုင်လျက် လဲနေရင်းပင် ထိုင်ရယ်နေပြီး တအောင့်နေတော့ သူပါ Ricky နဲ့ အတူ အန်တော့သည်။

"ဆော့လွန်းတာကိုး! မျောက်လေးကျနေရော၊ အခုကျတော့လဲ ပြုတ်ကျမှာ မကြောက်တော့ဘူး"

"ဝေါ့!!!!! မင်းက ငါ့ကို ထိန်းပေး- ဝေါ့!!"

အန်နေရင်းတောင် သူ့အား စကားပြန်ပြောနိုင်သေးသည့် ကျန်းဟောက်ကို မနိုင်စွာ နဖူးက ချွေးကို သုတ်ရင်း ကျောကုန်းကိုသာ ထုပေးနေလိုက်သည်။

"စကားက များလိုက်သေးတယ်"

ကျန်းဟောက်နဲ့ Ricky စိတ်ကြိုက်အန်ပြီးနောက် ပလုတ်ကျင်းကာ ဆက်မသွားသေးဘဲ ခနနားလိုက်ကြသည်။ ကြိုးတံတားက ရှည်တာကြောင့် တချို့မှာလဲ တံတားပေါ်က ဆင်းသည်နှင့် မူးတာကြောင့် ဆက်မသွားဘဲ နားနေခဲ့ကြသည်။

"အရမ်းမဆော့ကြနဲ့ အထူးသဖြင့် ကင်မ်ဂယူဘင်၊  မင်း တအားဆော့လွန်းတယ်"

"ဟုတ်ကဲ့၊ တောင်းပန်ပါတယ် ဆရာ၊ ကျွန်တော်တို့ ခနနေ လိုက်လာခဲ့ပါမယ် ဆရာ"

Ricky မှာအရင်ကနဲ့မတူစွာ ခွန်အားကုန်ဆုံးနေသည့် ပုံပေါက်နေပြီး မျက်နှာလေးတောင် နွမ်းနေခဲ့သည်။ ကျန်းဟောက်မှာတော့ အန်နာဂျီမကုန်သေးဘဲ ပြုံးစိစိလုပ်နေတုန်းပင်။

"ငါတော့ အားကုန်ပြီ၊ ကျန်းဟောက်က ထူးထူးဆန်းဆန်း တက်ကြွနေတယ်"

Ricky သူ့နှုတ်ခမ်းကိုသုတ်ရင်း ပြောလိုက်သည်။

"နည်းနည်းတော့ မူးပေမယ့် တံတားက ယိမ်းနေတာကြောင့် တစ်ချက် တစ်ချက် ခန္ဓာကိုယ်က မြောက်တက်သွားတာ မိုက်လို့လေ၊ ငါ ရုပ်ရှင်ထဲမှာမြင်တုန်းက အရမ်းကြောက်ဖို့ကောင်းမယ်ထင်ခဲ့တာ၊ အခုတော့ နည်းနည်းပျော်ဖို့ကောင်းသလိုဘဲ"

"သွားကြတော့မလား? မှောင်သွားလိမ့်မယ်"

သူတို့ နားလိုက် သွားလိုက်နှင့် အချိန်တောင် တော်တော်ကုန်သွားပြီဖြစ်သည်။ ညနေ ၅ နာရီထိုးတော့မှာ နေစောင်းနေပြီဖြစ်ကာ နောက်ကျသွားပါက လမ်းခရီးမှာ အန္တာရာယ်များတာကြောင့် မိနစ်အနည်းငယ်သာ နားပြီး ခရီးဆက်ခဲ့ကြသည်။

==============

Tbc.........

February 14, 2025