Chapter 30: အပိုင်း (၂၉) ခံစားချက်တို့ ထပ်တူညီ

My other halfWords: 34064

အပိုင်း (၂၉)

ဆောင်းဟန်ဘင်းကျွေးသည့် မနက်စာကို စားပြီးနောက် ကျန်းဟောက် စတင်၍ငိုက်မြည်းလာသည်။ ကားစီးလာသည်မှာလဲ အချိန်တချို့ကြာလာပြီးမို့ ပျင်းရိလာကာ အိပ်ချင်စိတ်က ပြည့်နှက်လာသည်။

တဖြည်းဖြည်းနှင့် ခေါင်းက အထိန်းအကွတ်မရှိ ယိမ်းနေသည့် ကျန်းဟောက်ကို ကြည့်ရင်း ခေါင်းထိသွားမှာ စိတ်ပူတာကြောင့် ဆောင်းဟန်ဘင်း ထိန်းကိုင်ပေးထားလိုက်သည်။ ထိုအခါ ကျန်းဟောက်က မျက်လုံးတို့ဖွင့်လာပြီး သူ့အားလှည့်ကြည့်လာသည်။

"ဟင်? ဘာဖြစ်လို့လဲ"

"ခေါင်းထိမှာစိုးလို့"

ထိုအချိန်မှ ကျန်းဟောက်တစ်ယောက် မှေးခနဲအိပ်ပျော်သွားမှန်း သူ့ကိုယ်သူ သိလိုက်သည်။

ဆောင်းဟန်ဘင်းက သူ့ပုခုံးအား ပုတ်ပြကာ ပြောလာသည်။

"လာ....တစ်ရေးအိပ်လိုက်"

ကျန်းဟောက်တစ်ယောက် အလယ်တွင်ရှိနေသည့် လက်ကိုင်ကို ခေါက်တင်လိုက်ပြီး ဆောင်းဟန်ဘင်း အနားတိုးသွားလိုက်ကာ ခေါင်းကိုမှီချလိုက်ပြီး သက်သောင့်သက်သာရှိစေရန် နေရာရွေးနေတာကြောင့် ဆံနွယ်လေးတွေက သူ့ပါးပြင်နှင့် လည်ပင်းတလျှောက်ကို ထိခတ်နေတော့သည်။ နေရာရှာတွေ့ပြီးနောက် မပြီးသေးပါ။ ဆောင်းဟန်ဘင်း၏ လက်အား ဆွဲယူကာ ဖက်ထားလိုက်သေးသည်။ သူ့အတွက် အဆင်ပြေမယ့် နေရာကိုရှာတွေ့ပြီးနောက် တစ်ခနအကြာတွင် အိပ်မောကျသွားတော့သည်။

ကျန်းဟောက်၏ဆံနွယ်မှ shampoo နံ့လေးရနေတာကြောင့် တစ်ချိန်က ကျန်းဟောက်ထံမှ သူ့ရဲ့ ကိုယ်ပိုင် ရနံ့ကိုရခဲ့သည့်အချိန်ကို ပြန်သတိရမိသွားသည်။ ပန်းရနံ့လေးလို့ထင်ရပေမယ့်လဲ ပူရှိန်းရှိန်းဖြစ်စေတဲ့ ရနံ့လေးလဲရတာမို့ စိတ်ကိုလန်းဆန်းစေကာ စိမ်းလန်းစိုပြေသည့် ခံစားချက်ကို ပေးသည်။ သူ့နားတစ်ဝိုက်တွင် ကျန်းဟောက်၏ ရနံ့က လွှမ်းခြုံနေပေမယ့် ဆောင်းဟန်ဘင်းတစ်ယောက် ကျန်းဟောက်၏ ဆံနွယ်အား မနမ်းကြည့်ဘဲ မနေနိုင်ပေ။

ပြီးတော့မှ သူ့ရဲ့လုပ်ရပ်က မသင့်တော်မှန်း သတိထားမိတော့မှ တစ်ဖက်သို့ပြန်လှည့်ကာ တည်ငြိမ်အောင်လုပ်ချင်ပေမယ့် သူ့အား ကြည့်နေသည့်မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

Ricky က အဓိပ္ပာယ်ပါသည့်အကြည့်မျိုးတစ်ချက်ပေးကာ သူ့ပုခုံးပေါ်တွင် မှီကာ အိပ်နေသည့် ဂယူဘင်အား တစ်ချက်နမ်းပြလာတာမို့ ဆောင်းဟန်ဘင်း အလျင်အမြန်ပင် လှုပ်ရှားကာ ရှင်းပြဖို့ ကြိုးစားတော့သည်။

"မ- မဟုတ်- "

"အင်းးး~ ဟန်ဘင်း မလှုပ်နဲ့"

ကျန်းဟောက်၏လက်တစ်ဖက်က သူ့ခါးတစ်ဝိုက်ကိုပါ ဖက်တွယ်လာပြီး ငြိမ်ငြိမ်နေရန်ပြောလာတာကြောင့် ဆောင်းဟန်ဘင်း တစ်ကိုယ်လုံးတောင့်တင်းသွားကာ မလှုပ်ရဲတော့ပေ။  ခနလောက်စောင့်ပြီးမှ Ricky ဘက်သို့ပြန်လှည့်ကာ ရှင်းပြချင်ပေမယ့် "ငါနားလည်ပါတယ်" ဆိုတဲ့ အကြည့်မျိုးဖြင့် ပြုံးပြုံးကြီးကြည့်နေတာမို့  လက်လျှော့လိုက်ရတော့သည်။

တိန်.....တိန်......တိန်..... ချလပ်!

"ဟာ!!!! ဒီကောင်မ နင့်ဖုန်းက အသံကြီးနဲ့"

ရုတ်တရက် ခေါင်းနောက်က အအုတ်ခံလိုက်ရသည့် ကျောင်းသူလေးမှာ စိတ်တိုစွာဖြင့် ပြန်အော်လေသည်။

"အဲ့ဒါက ခုနက နင်ဘဲ ပုံရိုက်မယ်ဆိုပြီး timer ထည့်ထားတာလေ"

"ဟဲ့ ဟဲ့ ဟဲ့!!!!! ပြေးတော့ နိုးလာကြပြီ"

အရင်ဦးဆုံးနိုးလာသူမှာ ဆောင်းဟန်ဘင်းဖြစ်သည်။ ကြည့်ရတာ သူလဲအိပ်ပျော်သွားသည့်ပုံပင်။ ကားပေါ်တွင်လဲ သူတို့နှစ်ယောက်ကလွဲ၍ ဘယ်သူမှ မရှိတော့ပေ။ ကားပြတင်းပေါက်မှ တဆင့် လှမ်းကြည့်လိုက်တော့ ယာဉ်ရပ်နားစခန်းထဲ ရောက်နေခြင်းဖြစ်သည်။ အိပ်ပျော်နေဆဲ ဖြစ်နေသည့်  ကျန်းဟောက်ကို ခေါ်နှိုးတော့ ကျန်းဟောက်က မ ထ ချင်ပေ။

"ခန အညောင်းပြေလမ်းလျှောက်ရအောင်၊ ဒူရင်းသီးကိတ်လဲ စားရဦးမှာ"

ကျန်းဟောက် သူ့ရဲ့ ဒူရင်းသီးဆိုတဲ့အသံလေး ကြားတော့မှ မျက်လုံးတို့ပွင့်လာကာ တစ်ခနလောက်ငြိမ်သက်နေသည်။ သူ၏အနေအထားမှာ ဆောင်းဟန်ဘင်းပေါ်တွင် တစ်ကိုယ်လုံးမှီကာ ဖက်ပါ ဖက်ထားလိုက်သေးသည်။ ခေါင်းကြည်လာတော့မှ မော့ကြည့်လိုက်သည့်အခါ သူ့အားငုံ့ကြည့်နေသည့် ဆောင်းဟန်ဘင်းအား တွေ့လိုက်ရတာမို့ အလျင်အမြန် ထထိုင်လိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ လုံးဝကို အိပ်ပျော်သွားတာ"

သူ့လက်မောင်းမှာ ထုံကျဉ်နေတာကြောင့် လှုပ်မရဘဲ ငြိမ်နေရင်းမှ ကျန်းဟောင်အား အပြုံးလေးဖြင့် နှစ်သိမ့်ဖို့လဲ မမေ့ပေ။

"နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလို့

တော်သေးတာပေါ့"

"အရမ်းညောင်းနေပြီလား?"

ကျန်းဟောက်က သူ့လက်မောင်းအား နှိပ်ပေးပေမယ့် ကျဉ်နေတာမို့ ဆောင်းဟန်ဘင်း ဟန်မဆောင်နိုင်တော့ဘဲ ထ အော်မိလိုက်သည်။

"ဒီတိုင်း ကျဉ်နေတာ ခနနေကောင်းသွားလိမ့်မယ်၊ ဆင်းရအောင်လေ၊ ရောက်နေတာ ဘယ်လောက်ကြာပြီလဲမသိဘူး၊ ကားပေါ်မှာ ငါတို့နှစ်ယောက်ဘဲ ကျန်တော့တာ"

သူတို့ကားပေါ်က ဆင်းကာ သန့်စင်ခန်းဝင်ကြပြီးနောက် မုန့်ထိုင်စားနေကြသည့် မတ်သရူးတို့ဆီ သွားလိုက်သည်။ ရောက်သည်နှင့် ဂွန်ဝုက မုန့်ကိုပင် ကုန်အောင် မဝါးနိုင်ဘဲ ရယ်မောကာ ဗလုံးဗထွေးပြောလာသည်။

"မင်းတို့က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေကြတော့ ငါမနှိုးရက်တာနဲ့ ဒီတိုင်းထားခဲ့လိုက်တာ၊ မင်းတို့အခန်းက လူစာရင်းကို ငါစစ်ထားပေးတယ်၊ ကျန်းဟောက်ကိုက မတ်သရူး စာရင်းထည့်ထားပေးတယ်"

ထယ်ရယ်ကလဲ ရေခဲမုန့်တစ်ဇွန်းစားလိုက်ပြီးနောက် ဝင်ပြောလာသည်။

"ဂျန်ယူရီတစ်ယောက် မျက်နှာကြီးက မဲမှောင်နေရော၊ ငါ့စိတ်ထင် သူ ချက်ချင်းကြီး နေလောင်သွားတယ်ထင်နေတာ"

ထယ်ရယ်၏စကားဆုံးသည်နှင့် သူတို့ ရယ်ချင်စိတ်ကိုမထိန်းနိုင်ကြတော့ပေ။ ဂယူဘင်ဆို သဘောကျမဆုံးဖြစ်ကာ ထယ်ရယ်နှင့် လက်ဝါးချင်းပင် ရိုက်လိုက်ကြသေးသည်။

ဆောင်းဟန်ဘင်း သူ့သူငယ်ချင်းတွေကို ထိန်းမနိုင်စွာ ကြည့်လိုက်ရင်း ကျန်းဟောက်အား ဒူရင်းသီးကိတ်အဖုံးကိုဖွင့်ကာ ပေးလိုက်သည်။

ကိတ်ဘူးလေးကို လှမ်းယူရင်း ကျန်းဟောက် ဝိုင်းရယ်နေကြသူများအား ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ ဂျန်ယူရီက"

"Sun cream လိမ်းဖို့မေ့လာတယ်နေမှာမျက်နှာကြီး မဲမှောင်နေလို့"

ထယ်ရယ်က မျက်နှာတည်ကြီးနဲ့ နောက်ပြောင်နေတာမို့ ကျန်းဟောက်မှာ တကယ်ထင်သွားပေမယ့် အနားရှိ ဂယူဘင်မှာ ရယ်နေသည်ကို မရပ်နိုင်တော့ပေ။

"တော်သေးတယ်၊ ငါမနေ့က နေလောင်ဒဏ်ခံတာတွေ ဝယ်လာလိုက်လို့"

ထို့နောက် သူ ဆောင်းဟန်ဘင်းက လှည့်ကြည့်ကာမေးလိုက်သည်။

"ငါ့မျက်နှာရော အဆင်ပြေလား?"

"အင်း ပြေတယ်၊ အရင်အတိုင်းဘဲ"

ထယ်ရယ်က မနေနိုင်ဘဲ ဝင် စ ပြန်သည်။

"ဘယ်လိုအရင်အတိုင်းရမှာလဲ? အရင်ကထက်တောင် ပိုကြည့်ကောင်းလာတဲ့ဟာကို၊ ဒါတွေက နေလောင်ဒဏ်နဲ့မဆိုင်ဘူး၊ ခံစားချက်နဲ့ဘဲဆိုင်တာ"

"ဖြစ်နိုင်တယ်၊ ငါ စိတ်ခံစားချက်ကောင်းနေတယ်"

နောက်ဆုံးတွင် ဘုမသိ ဘမသိ ကျန်းဟောက်လေးအား ထယ်ရယ်က အရှုံးပေးလိုက်ကာ ထပ် မစတော့ဘဲ ရယ်သာရယ်နေတော့သည်။

"မင်းတို့တွေ တော်ရုံပဲ စ ကြစမ်းပါ"

ထယ်ရယ်နဲ့ ကျန်းဟောက်က တွေ့ဖူးတာ နှစ်ကြိမ်ဘဲရှိသေးပေမယ့် ခပ်မြန်မြန်ပင် ရင်းနှီးသွားကြသည်။ ဒါပေမယ့် ထယ်ရယ်က ဘာကိုဆိုလိုချင်နေမှန်း ကျန်းဟောက်က မသိသေးပင်။ ဆောင်းဟန်ဘင်းကိုယ်တိုင်လဲ ဂဃနဏ မသိပေမယ့် သူမှန်းကြည့်လို့ရသည်။ ဖုန်းကင်မရာသံကြောင့် သူနိုးလာကာ သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ကျောင်းသူလေးနှစ်ယောက် ထွက်ပြေးသွားတာကိုတွေ့လိုက်ရတာကြောင့်ဖြစ်သည်။ ပြောရရင် ကားပေါ်က လူတိုင်းလဲတွေ့ကြမှာပင်။ ဂျန်ယူရီကတော့ ကားမတူတာကြောင့် ဘယ်လိုသိလဲတော့ သူမတွေးတတ်ပေ။

"ကားထွက်တော့မယ် အဆင်သင့်ဖြစ်ရင် ကားပေါ်ပြန်တက်ပေးကြပါ"

ဒီလိုနဲ့ သူတို့အားလုံး ခရီးပြန်ဆက်ရသည်။ အားလုံးပေါင်း ၄ နာရီဝန်းကျင်လောက် ကားစီးပြီးသည်နှင့် SeoRkS သို့ရောက်လာကြသည်။

မြို့ပြဖြစ်သည့် S မြို့နှင့် ကွဲပြားစွာ SeoRkS တွင် ရိုးရာအိမ်များသာတွေ့ရသည်။ တောတောင် သဘာဝရဲ့ ရနံ့နှင့်အတူ ကျေးငှက်တွန်ကျူးသံများနှင့် ဘုန်းကြီးကျောင်းတွေဆီက တုံးထုသံတွေကိုတောင် ကြားနေရသည်။ နေရမည့် တည်းခိုဆောင်မှာလဲ နောက်ခံ တောင်များ၏ အလှတရားနှင့် ခြံဝန်းကျယ်ကြီးထဲတွင်ရှိသည့် ရိုးရာအိမ်လေးများဖြစ်သည်။

ပင်လယ်ဘက်မသွားရလို့ သဘောမကျဖြစ်နေသည့် မတ်သရူးပင်လျှင် သဘောမကျဘဲမနေနိုင်။ ထယ်ရယ်ပြောသလိုပင် ရာသီဥတုက ကောင်းပြီး အပူချိန်လဲ မမြင့်တာကြောင့် နေရတာ သက်သောင့်သက်သာရှိလှသည်။ လေထုမှာလဲ လတ်ဆတ်ကာ နေရောင်အောက်တွင် ပြေးလွှားဆော့ကစားဖို့ မစောင့်နိုင်တော့ပေ။

ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်ဖြစ်တာကြောင့် တည်းခိုဆောင် ခြံဝန်းတော်တော်များများက သူတို့ ကျောင်းက လူများနှင့်သာ ပြည့်နေတာကြောင့် လာရောင်လည်ပတ်သူ အနည်းစုသာ တွေ့ရသည်။

"မိန်းကလေးတွေက ပန်းခြံရဲ့ ညာဘက်ခြမ်းက တည်းခိုဆောင်ကိုသွားပေးပါ၊ ယောကျ်ားလေးတွေကတော့ ဒီမှာ နေရာချလို့ရပြီး၊ ပစ္စည်းတွေ နေရာချပြီးတာနဲ့ ကျောင်းသား ကျောင်းသူတွေ အားလုံးဘဲ ပန်းခြံထဲမှာ လူစုပေးကြပါ"

ပစ္စည်းတွေ ကိုယ်စီနေရာချပြီးတာနဲ့ ကျောင်းသား ကျောင်းသူတွေ အားလုံး ပန်းခြံထဲတွင် ခပ်မြန်မြန်ပင် လူစုလိုက်ကြသည်။

"ဟိုမှာ ဝင်္ကပါကြီး ရှိတယ်ရော"

ပန်းခြံက အလွန်ပင်ကျယ်ဝန်းသည်။ တောင်အောက်ခြေတွင်ရှိကာ အပန်းဖြေနေရာကဲ့သို့ လုပ်ထားပေးတာကြောင့် လျှောက်လမ်းလေးတွေလဲ ရှိသလို ရေကန်ငယ်တွေနဲ့ အတူ တံတားငယ်လေးတွေလဲရှိကာ တောင်ပေါ်မတက်နိုင်သည့် အသက်ကြီးရွယ်အိုများအပြင် ကလေးသူငယ်များအတွက်ပါ သင့်တော်အောင် ဆောက်လုပ်ထားသည့် ပန်းခြံကြီးဖြစ်သည်။

"ဘယ်လိုလဲ နေရာလေးကို သဘောကျရဲ့လား?"

"သဘောကျပါတယ်!!!!!!!"

"ပျော်ရောပျော်ကြရဲ့လား?"

"ဟုတ်ကဲ့!!!!!!"

"ကားလဲ အကြာကြီးစီးလာရတာဆိုတော့ ပင်ပန်းပြီး ဗိုက်ဆာနေကြတော့မှာပေါ့"

"အမဲသား ဝယ်ကျွေးပါ!!!!"

"သုံးထပ်သား!!!!!"

အစားအသောက်နာမည်တွေ မျိုးစုံရေရွတ်နေကြတာကြောင့် ကျန်းဟောက် သူ့ဗိုက်ကိုပွတ်လိုက်မိသည်။ သူ ဗိုက်ဆာနေပြီဖြစ်သည်။ မနက်ကတည်းက သေချာကောင်းကောင်း မစားခဲ့ရတာကြောင့် အစောကြီးရှိသေးပေမယ့်လဲ သူ ဗိုက်ဆာလို့နေပြီဖြစ်သည်။

"ဒါပေါ့ အားရှိအောင် အသားစားရမှာပေါ့! ဒါပေမယ့်....."

"ဒီလိုမျိုးဖြစ်လာတော့မယ်ဆိုတာ သိသားဘဲ"

မတ်သရူးရဲ့ နှလုံးခုန်သံတွေ မြန်ဆန်လာပြီး ဘာဖြစ်တော့မလဲဆိုတာ သူ ကြိုတင်ခန့်မန်းလို့ ရနေသည်။

"နေ့လည်စာ စားနိုင်ဖို့အတွက် ဂိမ်းကို နိုင်အောင် ဆော့ရမှာပါ"

"ဟာ......!!!!!!"

"အပန်းဖြေစခန်းဆို? လေ့ကျင့်ရေးစခန်းနဲ့ မှားလာမိတာများလား?"

"အာရုံစိုက်ကြပါ။ ဂိမ်းပွဲစဉ်မှာ ပထမရတဲ့သူတွေကတော့ တည်းခိုဆောင်က စားဖိုမှူးတွေချက်ထားတာကို အဆင်သင့် ထိုင်စားရမှာဖြစ်ပြီးတော့ ဒုတိယ နဲ့ တတိယရတဲ့သူတွေက ကိုယ်တိုင် ချက်ပြုတ်စားရမှာပါ။ အဲ့ဒါအပြင် နေ့လည်စာချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုလဲ ဂိမ်းနိုင်အောင်ကစားပြီး လုရဦးမှာပါ"

"ဒီနေ့တော့ ငါ ပထမဘဲ"

ဂွန်ဝုက ယုံကြည်ချက်ရှိရှိပြောလာခဲ့သည်။

" ၃ မိနစ်အတွင်း ၂၀ ယောက်တစ်ဖွဲ့  ဖွဲ့ရမှာပါ။ ကိုယ်အဖွဲ့ ဖွဲ့ချင်တဲ့သူငယ်ချင်းရဲ့လက်ကို ကိုင်ထားလိုက်ပါ။ အခု အချက်ပေးသံကြားပြီးဆိုတာနဲ့ အဖွဲ့ဖွဲ့လို့ရပါပြီး၊ ကိုယ်လိုချင်တဲ့အဖွဲ့သားက တခြားအသင်းထဲရောက်နေတယ်ဆို ဆွဲထုတ်လို့ရပါတယ်"

အချက်ပေးသံ မကြားရသေးပင်မယ့် ဆောင်းဟန်ဘင်းတစ်ယောက် ကျန်းဟောက်လက်ကို ဆုတ်ကိုင်ထားလိုက်သည်။ သူကိုယ်တိုင်လဲ ဆောင်းဟန်ဘင်းနဲ့ တစ်ဖွဲ့ထဲနေချင်တာမို့ ဆောင်းဟန်ဘင်းလက်ကို ပြန်၍ ဆုတ်ကိုင်ထားလိုက်သည်။

"START!!!!!!"

ကျောင်းသားတွေ အားလုံး ပြေးလွှားကာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီး အသင်းဖွဲ့ဖို့အတွက် လက်တွေ တွဲထားလိုက်ကြတော့သည်။

ထိုအချိန်မှာ အသင်းသားလုသည့်ပွဲက စ တင်လာသည်။ ဂျန်ယူရီက ဆောင်းဟန်ဘင်း၏ ကျန်နေသည့် လက်တစ်ဖက်အား ဆုတ်ကိုင်လာသည်။

"ငါတို့အသင်းဖွဲ့ရအောင်"

သူတို့ထဲမှာလဲ အယောက် ၂၀ မပြည့်သေးတာကြောင့် ဂျန်ယူရီအား သူတို့အဖွဲ့ထဲ ထည့်လိုက်သည်။ ပထမနှစ်ထဲတွင် ဂိမ်းနှင့်ပတ်သက်ပြီး အတော်ဆုံးမှာ ပတ်ဂွန်ဝုဖြစ်တာကြောင့် ကျောင်းသား တော်တော်များများက ဂွန်ဝုအား ဆွဲရန် ရောက်လာကြတော့သည်။ သို့ပေမယ့် ဂွန်ဝုက မတ်သရူးအား လက်ဆွဲထားရင်း ခပ်စူးစူး ပြန်ကြည့်လာသည့်အခါတွင် သူ့အား ဘယ်သူ့မှ ဝင်မဆွဲရဲတော့ပေ။ ထို့ကြောင့် အားကစားတော်တော်များများမှာ တော်သည့် ဂယူဘင်အား ပစ်မှတ်ထားလိုက်ကြသည်။ သူ့တို့ဆီပြေးလာနေကြသည့် ကျောင်းသားတွေကိုကြည့်ရင်း Ricky က ဂယူဘင်လက်ကို ဆွဲကာ ကျန်းဟောက်တို့နဲ့ အသင်းဖွဲ့ရန် ပြေးရတော့သည်။ ထို့ကြောင့် လူအာရုံစိုက်မခံရသည့် သူတို့ သုံးယောက်မှာ တဖြည်းဖြည်းဖြင့် လူသတိထားမိစရာဖြစ်လာခဲ့သည်။ ဒီလောက်ထိ လှုပ်လှုပ်ရှားရှားနှင့် ရင်ဖိုစရာကောင်းတာမျိုး အခုမှ ကြုံဖူးတာမို့ ကျန်းဟောက် ရင်တွေ တလှပ်လှပ်ခုန်နေကာ စိတ်လှုပ်ရှားလာရသည်။

အလျင်အမြန်ပင် Ricky လက်ကို ဆုတ်ကိုင်ထားလိုက်ပြီး ဂယူဘင်အား သူတို့ကြားထဲတွင် ထည့်ကာ ကာကွယ်ပေးနေရတော့သည်။ ဆွဲလားရမ်းလား ဖြစ်လာတာမို့ ကျန်းဟောက် ထိုလူတွေနဲ့ ညှိနှိုင်းရတော့သည်။

"မဟုတ်သေးဘူးလေ၊ မင်းတို့ ဂယူဘင်ကို လိုချင်တယ်ဆိုရင် ဘာလို့ ငါတို့နဲ့ လာ join တာလဲ တစ်သင်းကို အယောက် ၂၀ တောင်လေ"

ကျန်းဟောက်တို့အဖွဲ့တွင် ၆ ယောက်သာရှိသေးတာမို့ ၂၀ ပြည့်ဖို့က ကျောင်းသားတွေ ထပ်လိုသေးသည်။ ဂွန်ဝုတို့ လာ join ပါမှ ၈ ယောက်ဘဲရှိသေးသည်။ ထို့ကြောင့် လုနေရာမှ အသင်းဖွဲ့ရန် လက်ကိုင်ထားလိုက်ကြသည်။ သူတို့ အုပ်စုက ခပ်မြန်မြန်ပင် အယောက် ၂၀ ပြည့်သွားခဲ့သည်။

"တစ်မိနစ်ဘဲကျန်တယ်နော်!!!!!!!"

တချို့အသင်းတွေမှာက အသင်းသား လု ရင်းဖြင့် မပြီးကြသေးပေ။ ထိုစဉ် သူတို့ထဲမှ ဂွန်ဝုက စ တင်၍ အဆွဲခံရတော့သည်။ ထို့ကြောင့် ဂွန်ဝုကို လူစုကြားထဲ ဆွဲထည့်ကာ ကာထားပေးရတာမို့ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။ လစ်ရင် လစ်သလို ဝင်ဆွဲကုန်တာမို့ ဂယူဘင်မှာ တခြားအဖွဲ့ဆီ ပါလုနီးပါးပင်။ အားလုံးရှုပ်နေသည့်ကြားမှ count down စ လာခဲ့သည်။

"၁၀...........၉............"

ကျန်းဟောက်၏ လက်တစ်ဖက်မှာ ဆွဲဖြုတ်ခံလိုက်ရတာကြောင့် သူ့လှည့်ကြည့်လိုက်သည့်အချိန်တွင် ဆောင်းဟန်ဘင်းမှာ ဆွဲခေါ်ခံသွားရပြီဖြစ်သည်။

"ဆောင်းဟန်ဘင်း!!!!!"

"မင်းတို့မှာ ဂွန်ဝုရော ဂယူဘင်ရော ရှိနေပြီလေ၊ ဆောင်းဟန်ဘင်းကိုတော့ ခေါ်သွားမှ ရမယ်"

တစ်ဖက်လူက ပြောရင်း အားကုန်သုံးကာ ဆွဲနေတာမို့ ကျန်းဟောက်လဲ မမိ မိရာ ဆွဲရတာမို့ ဆောင်းဟန်ဘင်း၏ အင်္ကျီကို လှမ်းဆွဲကာ ပြန်ခေါ်ရတော့သည်။ Ricky ကို လက်လွှတ်ကာ ဆောင်းဟန်ဘင်းအား သူ့လက်နှစ်ဖက်လုံးဖြင့် ပြန်ဆွဲထားလိုက်သည်။

"၈.............၇..............၆..............၅..............၄"

နှစ်ယောက်အား ဖြစ်တာကြောင့် ကျန်းဟောက်ဘက်က ပိုအလေးသာနေတာကြောင့်ဆောင်းဟန်ဘင်းက သူ့ဆီပြန်ရောက်လာလုနီးပါး ဖြစ်နေပြီဖြစ်သည်။

"၃.............၂............"

အချိန်ကလဲ စေ့နေပြီး ဖြစ်တာကြောင့် ဆောင်းဟန်ဘင်းအား လာဆွဲသည့် ကျောင်းသားမှာ အလျှော့ပေးကာ လွှတ်ပေးလိုက်တော့သည်။

".............၁!!!!!!!"

ကျန်းဟောက်မှာ အားကုန်သုံးကာ ဆွဲနေတာမို့ ဆောင်းဟန်ဘင်းရော သူပါ အရှိန်လွန်ကာ ပြုတ်ကျတော့သည်။ ထို့ကြောင့် ဆောင်းဟန်ဘင်းက ကျန်းဟောက်အား ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်တာကြောင့် ကျောနှင့်မြေကြီးမိတ်ဆက်သွားသူမှာ ဆောင်းဟန်ဘင်းကိုယ်တိုင်ဖြစ်နေတော့သည်။ ပထမတစ်ခါ အတွေ့ကြုံရှိပြီးသား ကျန်းဟောက်မှာလဲ ဒီတစ်ကြိမ်တော့ ဆောင်းဟန်ဘင်း၏ ခေါင်းအား ကာကွယ်ပေးနိုင်ခဲ့သည်။

"ပီ!!!!!!!!!! အချိန်စေ့ပါပြီ"

"ဟန်ဘင်း!!!!!! ကျန်းဟောက်!!!!!!"

"အဆင်ပြေရဲ့လား?"

အသင်းသားတွေက အနားရောက်လာကာ သူတို့ကို ဝိုင်းကာ ဆွဲထူပေးကြသည်။ ကျန်းဟောက်လဲ ဆောင်းဟန်ဘင်းပေါ်ကနေ ကမန်းကတမ်း ထ ပြီးနောက် ဆောင်းဟန်ဘင်းအခြေနေအား စစ်ဆေးရင်း ဆူဖို့ကိူလဲ မမေ့ပေ။

"ဟန်ဘင်း ရရဲ့လား အဆင်ပြေရဲ့လား? မင်း ဘာလို့ ဆွဲလှည့်လိုက်တာလဲ၊ မင်းခေါင်းကွဲမှာမကြောက်ဘူးလား? မင်းတော်တော် သတ္တိကောင်းနေတယ်ပေါ့လေ!!!"

တစ်ဖက်လူကိုသာ ဆူပစ်နေပေမယ့် ဆောင်းဟန်ဘင်း၏ ခေါင်းကို ကာပေးခဲ့တာကြောင့် သူ့ရဲ့ လက်ခုံးတွေမှာ ပွန်းပဲ့ကာ ဒဏ်ရာ ရခဲ့သည်။

"မင်းကို စိတ်ပူလို့ပေါ့၊ မင်းလဲ စိတ်ပူခဲ့တာဘဲလေ"

ဆောင်းဟန်ဘင်းက သူ့လက်အား ကိုင်ကာ ငုံ့ကြည့်လာတော့မှ သူကိုယ်တိုင်လဲ ဒဏ်ရာ ရသွားမှန်း သိတော့သည်။

=================

Tbc........

February 12, 2025