Chapter 29: အပိုင်း (၂၈) ကြောင်ပေါက်ကလေး

My other halfWords: 39580

ညကသာ အများကြီးပြင်ဆင်နေပေမယ့် တကယ်တမ်းတွင် ကျန်းဟောက်ယူလာသည်မှာ ကျောပိုးအိတ်တစ်လုံးသာစာသည်ရှိသည်။ ကျောင်းက သတ်မှတ်ထားတဲ့အတိုင်း အားကစားဝတ်စုံကိုသာ ဝတ်လာလိုက်သည်။ မနက် ၇ နာရီကျောင်းအရောက်ဟုပြောထားပေမယ့် အခုမှ ၆ နာရီဘဲရှိသေးတာမို့ အစောကြီးထွက်လာမိတာပင်။ ထို့ကြောင့် taxi မောင်းသူဦးလေးကြီးအား ဖြည်းဖြည်းသာမောင်းရန် ပြောလိုက်သည်။

သို့ပေမယ့် မနက်အစောကြီးရှိသေးကာ လူရော ကားရောရှင်းနေတာကြောင့် ကျောင်းကို အချိန်တိုအတွင်းမှာရောက်ခဲ့သည်။ ၆ နာရီခွဲဖို့ မိနစ်အနည်းငယ်သာလိုတော့ပေမယ့် ကျောင်းတွင် လူအတော်စည်နေပြီးဖြစ်သည်။ ဆင်တူ ကျောင်းအားကစားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အားလုံးမှာ ဟိုတစ်စု ဒီတစ်စုဖြင့် ရှိနေတာကြောင့် ကျန်းဟောက် မတ်သရူးတို့အား ရှာကြည့်လိုက်သည်။ အရိပ်ရသည့်ထောင့်နားတစ်နေရာတွင် ခပ်ရှည်ရှည်ပုံသဏ္ဌာန်တစ်ခုက အတောင့်လိုက်ကြီးရပ်နေပြီး ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကျန်းဟောက် ထိုသူရှိရာသို့လျှောက်သွားလိုက်သည်။

"မင်းအစောကြီးရောက်နေတာဘဲ"

ဂယူဘင်မှာ ညိုမဲနေတဲ့မျက်လုံးများနှင့် ကျန်းဟောက်အား ကြည့်လာသည်။

"ငါ မနက် ၅ နာရီကတည်းက ရောက်နေတာ"

သူ့ထက်ပိုစောတဲ့လူရှိနေသေးတာမို့ ကျန်းဟောက် တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။

"မင်း မျက်နှာက အခြေနေမကောင်းပါလား? အဆင်ပြေရဲ့လား? Ricky ရော?"

"ငါတစ်ညလုံး ဘယ်လိုမှ အိပ်လို့မရခဲ့ဘူး၊ Ricky က ခရီးစဉ်က ပြန်ရောက်တာနဲ့ ရှန့်ဟိုင်ပြန်မယ်ပြောတယ်၊ ငါ ဘယ်လိုလုပ်အိပ်လို့ပျော်တော့မှာလဲ"

"ဒါဆို မင်းလိုက်သွားပေါ့"

"သူ့အဖေကိုကြောက်လို့လေ!"

"..........."

ဂယူဘင်က သက်ပြင်းချရင်း ဆက်ပြောလာသည်။

"ဒီတစ်ခေါက်က သူ့အမေက ကိစ္စရှိလို့ ပြန်ခေါ်တာဆိုတော့ ပြန်တော့လာမှာပါနော် ဟုတ်တယ်မလား?"

"သူ့အမေက မင်းတို့ကိစ္စကို သိလား"

"နှစ်ယောက်လုံးသိတယ်၊ ဒါပေမယ့် သူ့အဖေက သိပ်သဘောမကျဘူး၊ ဒါပေမယ့် Ricky က ဂရုမစိုက်ဘူးလေ"

ကျန်းဟောက်မှာ ဂယူဘင်အား ထိုကိစ္စသိရပြီးကတည်းက စိတ်ပူခဲ့ရတာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂယူဘင်ကသာ ချစ်လွန်း၍ တစ်ဖက်သက် လိုက်ကပ်နေသည့်ပုံစံဖြစ်နေသောကြောင့်ဖြစ်သည်။ ပြောရရင် သခင်ဆီက အာရုံစိုက်မှု လိုချင်နေသည့် ခွေးပေါက်ကလေးလိုပင်။ ဒါပေမယ့် နားထောင်ကြည့်ရသလောက်တော့ Ricky က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အလေးနက်ထားသည့်ပုံပင်။

ဒီလိုကျတော့လဲ Ricky က ဘယ်ဆိုးလို့လဲ?

"သူ မင်းကိုတော့ အလေးနက်ထားရှာပါတယ်"

"အပေါ်ယံကြည့်ရင်တော့ Ricky ကအေးစက်စက်နိုင်တယ်လို့ ထင်ကြလိမ့်မယ်

Ricky ရဲ့ ခံစားချက်ကို ငါ့လောက်သိတဲ့သူ ကိုးရီးယားမှာ တကယ်မရှိဘူး"

ထိုစဉ် ကာယကံရှင် Ricky မှာ energy drink တွေပါသည့် အိတ်လေးကိုဆွဲရင်း သူတို့ရှိရာရောက်လာသည်။

"ခေါင်းမူးနေသေးလား?"

သခင်ရောက်လာသည်နှင့် ခွေးပေါက်လေးတို့ ဗီဇအတိုင်းချွဲပါတော့သည်။

"Ricky နဲ့မခွဲချင်ဘူး"

"အမေက ပြန်ခေါ်တာဆိုတော့ စိုးရိမ်စရာကိစ္စမဟုတ်ဘူးလို့ ပြောထားရဲ့သားနဲ့"

ကျန်းဟောက် သိချင်စိတ်ဖြင့် ဝင်မေးလိုက်သည်။

"မင်း အမေက ဘာတဲ့လဲ"

"ရှန့်ဟိုင်မှာ သူ့ရဲ့တစ်ကိုယ်တော် fashion show ရှိတယ်လေ၊ အဲ့အတွက် model လုပ်ပေးရမှာ"

"ဝါးးးးအမေက ဒီဇိုင်နာဘဲ"

"ငါ့ကိုငယ်ငယ်လေးကတည်းက သူက ပြင်ပေးဆင်ပေးရတာကို သဘောကျတယ်၊ ငါကလဲ အဲ့လိုလုပ်ပေးတာကို သဘောကျတယ်လေ၊ အဲ့လိုနဲ့ ငါက ဒီပုံစံဖြစ်နေတာ"

Ricky ကသာမန် အထက်တန်းကျောင်းသားနဲ့မတူဘဲ celebrity တစ်ယောက်နဲ့တူနေရသည့် အရင်းခံအကြောင်းပြချက်မှာ အမေဖြစ်သူကြောင့်ဖြစ်သည်။

"Model ဆိုမှ ဂယူဘင်ကိုပါခေါ်သွားလိုက်ပေါ့၊ သူ့အရပ်အမောင်းက အဆင်ပြေတယ်လေ"

Ricky ခေါင်းခါပြလိုက်ပြီ

"ငါ့ အားလပ်ရက်မှာ အငြင်းမပွါးချင်ဘူး"

ပြီးနောက် Ricky ကဝယ်လာသည့် energy drink အချိုရည်အား ဖောက်ကာ ဂယူဘင်ကိုပေးလိုက်သည်။

"နေလို့ကောင်းသွားအောင် ဒါလေးသောက်လိုက်၊ ပြီးတော့ စိတ်မပူပါနဲ့ ငါ မင်းဆီကို နေ့တိုင်း စာပို့မယ်၊ video call ပြောကြမယ်၊ မင်းတစ်ယောက်တည်း အထီးမကျန်စေရဘူး"

အချိန်က တဖြည်းဖြည်းကုန်ဆုံးလာပြီး နေလုံးကလဲ ကိုယ်ရောင်ကိုယ်ဝါ အပြည့်အဝ ပြသလာသည်နှင့်အမျှ အပူချိန်မှာလဲ တဖြည်းဖြည်း မြင့်တက်လာသည်။ မတ်သရူးနဲ့ ဂွန်ဝုအပြင် ထယ်ရယ်ပါ ရောက်လာပြီဖြစ်သည်။

မတ်သရူးက ပူနေတာကြောင့် hand fan လေးကို ကိုင်ရင်း မေးခွန်းထုတ်လာသည်။

"နွေရာသီကြီးကို ပင်လယ်ဘက်မသွားဘဲ ဘာလို့ တောင်တက်ခိုင်းတာလဲ၊ ငါ နည်းနည်းလေးမှ နားမလည်ဘူး"

ထိုအခါ ထယ်ရယ်က ရှင်းပြလာသည်။

"အခုပို့ပေးတဲ့နေရာက တောင်ခြေအောက်မှာဆိုရင် campaign site တွေရှိပြီး လေကောင်းလေသန့်လဲ ကောင်းတယ်၊ အပန်းဖြေတဲ့နေရာတွေကိုလဲ သေချာလေးလုပ်ထားတာမို့ အရမ်းလှတယ်၊ တောင်ပေါ်တက်ပြီး view point ကြည့်လို့လဲရတယ်၊ tent ထိုးပြီးနေလို့လဲရသေးတယ်၊ ဒါကြောင့် tent တွေဝယ်ဖို့ပြောတာပေါ့၊ ပြီးရင် တောင်ကျရေတွေ စုနေတဲ့ ရေကန်လဲရှိတယ်၊ အဲ့ဒါက အဓိကဘဲ၊ ဒီမှာသာ ပူနေတာ ဟိုမှာက အပူချိန်သိပ်မမြင့်ဘူး"

"အိုးးး ကောင်းသားဘဲ"

"ပြီးတော့ ပင်လယ်ဘက်သွားရင် ငါတို့ လူစုက ထောင်နဲ့ရှိတာလေ၊ အခုချိန်က ပင်လယ်ဘက်ကို လူသွားများတော့ တည်းခိုဆောင်ရှာရခက်တယ်၊ ဒီဘက်ကလဲ မလွယ်ပေမယ့် ပိုစျေးသက်သာတယ်၊ ဒီလိုသွားနိုင်အောင် ကျောင်းဘက်က အစောကြီးကတည်းက ကြိုစီစဉ်ထားရတာ"

"ကောင်းကောင်းသိနေတာဘဲ"

"ငါ့မိဘတွေက ဒီခရီးစဉ်အတွက် စပွန်ဆာပေးတဲ့ထဲ ပါတယ်လေ၊ ကျန်းဟောက်ရဲ့ အဖေတောင် ပါသေးတယ်"

ကျန်းဟောက် တစ်နေရာရာကို မျှော်ကြည့်နေရင်းမှ ထယ်ရယ်စကားကြောင့် သူတို့စကားဝိုင်းထဲ ပါဝင်သွားသည်။

"ငါ့အဖေ?"

"ဘာလဲ မသိဘူးလား?"

"အွန်းးး တကယ်မသိတာ"

"ငါလဲ သိတာ သိပ်မကြာသေးဘူး၊ မင်းအဖေ ဒီလုပ်ငန်းစဉ်ထဲပါလာတာ မကြာသေးဘူး၊ တရုတ်က လုပ်ငန်းရှင်ဆိုလို့ Ricky အဖေများလားလို့ တွေးလိုက်သေးတယ်၊ နောက်မှ ကျန်းလူကြီးမင်းဆိုတော့ ကျန်းဟောက်ရဲ့အဖေလို့ ခန့်မှန်းလိုက်တာ"

ထိုအခါ Ricky က လက်ခါပြရင်း

"ငါ့အဖေက လုပ်မှာမဟုတ်ဘူး၊ ငါ ဒီမှာ ကျောင်းတက်နေတာတောင် သူက သဘောကျတာမဟုတ်ဘူး"

ထိုစဉ် သူတို့ဆီကို ဆောင်းဟန်ဘင်းရောက်လာသည်။

"ငါဘဲနောက်ကျနေတာလား?"

"ဘာတွေသယ်လာတာလဲ? အများကြီးဘဲ"

"အမေက မနက်စာအတွက်ဆိုပြီး ကားပေါ်မှာဖြစ်ဖြစ် စားဖို့ အားလုံးတွက်ထည့်ပေးလိုက်တာ"

"ဝါးးးး၊ အခုမှဘဲ အစာအိမ်လေးက နေလို့ကောင်းသွားတော့တယ်"

"ဂယူဘင်အတွက် သရက်သီးတွေ ထည့်ပေးလိုက်သေးတယ်"

"တကယ်လား?!"

အားမရှိသလိုဖြစ်နေသည့် ဂယူဘင်မှာလဲ ခေါင်းထောင်လာကာ အားရပါးရစားတော့သည်။

ဆောင်းဟန်ဘင်း သူ့အမေထည့်ပေးလိုက်သည့် စားစရာတွေကို ဖွင့်ကာ ကျွေးလိုက်သည်။ သို့သော် တခြားလူတွေနဲ့ မတူစွာ ကျန်းဟောက်မှာ ထောင့်နားလေးတွေငြိမ်သက်နေပြီး စကားလဲ ဝင်မပြောသလို၊ အစားအသောက်တွေကိုလဲ မထိပေ။ ပုံမှန်ဆို အစားသောက်ကြိုက်သည့် ကျန်းဟောက်မှာ ယခုတော့ သူမဟူတ်သည့်အတိုင်းပင်။ ဆောင်းဟန်ဘင်း သတိထားမိလို့ မော့ကြည့်တော့မှ ကျန်းဟောက်က သိသိသာသာကို သူ့အကြည့်တွေကို ရှောင်နေသည်ကို တွေ့လိုက်ရသည်။

"ကျန်းဟောက်.... အမေက မင်းအတွက်လဲ ထည့်ပေးလိုက်တယ်"

ကျန်းဟောက် သူ့အား တစ်ချက်ကြည့်လာပြီးမှ အကြည့်ပြန်လွှဲသွားကာပြောလိုက်သည်။

"ဟင့်အင်း... ငါမနက်စာစားလာလို့"

"ဟုတ်လား?"

ကျန်းဟောက် ခေါင်းသာညိတ်ပြလိုက်သည်။ တကယ်တော့ သူဘာမှ မစားရသေးပေ။ ဘာကြောင့်ရယ်မသိ ဆောင်းဟန်ဘင်းကို စ မြင်လိုက်ကတည်းက မျက်နှာက ပူထူလာကာ ရင်ထဲကလဲ တဒုတ်ဒုတ်ခုန်နေသံကိုကြားနေရပြီး ခေါင်းထဲတွင် ထို "meow~" ဆိုတာကြီးက သူ့ခေါင်းထဲ တိုးဝင်ရောက်လာသည်။

ထိုစဉ် သူတို့တွေအားလုံး ဖုန်းမှ အချက်ပေးသံကို လက်ခံရရှိလိုက်သည်။ ထို့ကြောင့် အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဖုန်းထုတ်ကာ ကြည့်လိုက်ကြသည်။

"ဂုဏ်ယူပါတယ် ကျောင်းသား ဆုန့်မတ်သရူး၊ ပထမနှစ်ဝက်ရဲ့ ဒုတိယစာမေးပွဲမှာ သင်ဟာ အဆင့် ၁၅ ဖြင့် အောင်မြင်ခဲ့ပါတယ်"

"အဆင့်တွေသိရပြီလား?"

"အာ..... ဒီတစ်ခါ ငါအဆင့်ကျသွားတာဘဲ ၂၉ တဲ့၊ အမေတော့ပြောတော့မှာဘဲ"

Ricky က ဂယူဘင်ရဲ့စိတ်အခြေနေက မကောင်းတာမို့ နှစ်သိမ့်ပေးဖို့မမေ့ပေ။

"အဆင်ပြေပါတယ် ထိပ်ဆုံးအယောာက် ၃၀ ထဲ စာရင်းဝင်ပါသေးတယ်၊ ဒီတစ်ခါက အပျော်မက်သွားလို့ပါ"

"ဒါက နှစ်သိမ့်နေတာလား?"

ဂွန်ဝုကလဲ မျက်နှာကို မော့ကာ ပြောလာသည်။

"ဒီတစ်ခါ အဆင့် (၅)"

ဆောင်းဟန်ဘင်း သူ့ဖုန်းကိုကြည့်ပြီးနောက် ကျန်းဟောက်၏ အမူအရာကိုကြည့်လိုက်သည်။ ကျန်းဟောက်မှာ ဖုန်းကိုငုံ့ကြည့်နေပြီး ဘာအမူအရာမှမတွေ့ရပေ။ ပြီးနောက် ဖုန်းကို ပိတ်ကာ အိတ်ကပ်ထဲ ပြန်ထည့်ကာ သူ့ဆီအကြည့်ရောက်လာပြီး အထိတ်တလန့်ဖြင့် ချက်ချင်းပြန်လှည့်သွားသည်။

"ဆောင်းဟန်ဘင်းက တစ်ဘဲ"

ထိုအခါမှ (B) ခန်းက သုံးယောက်လုံး ကျန်းဟောက်ကို သတိရသွားကာ လှည့်ကြည့်လာကြသည်။

"ကျန်းဟောက် မင်းဒီတစ်ခေါက် အဆင့်ဘယ်လောက်လဲ?"

"၂"

"အို့ တော်တာဘဲ"

ကျန်းဟောက်မှာ အကြောသေနေတဲ့မျက်နှာကြီး ဖြစ်နေတာကြောင့် မတ်သရူးက ပုခုံးဖက်ကာ ပြောလာသည်။

"စုစုပေါင်းအမှတ်တော့ တက်လာမှာပါ"

"၂ က ၂ ဘဲလေ"

"ပျော်ပျော်နေစမ်းပါ၊ မင်းကလဲ ဆူပုတ်နေတယ်၊ ပျော်စရာကောင်းတဲ့အချိန်မှာ ဒီလိုကြီးမနေရဘူးလေ"

ပြောရင်း ဆိုရင်း မတ်သရူးက သူ့အား ရေညှိထမင်းလိတ် တစ်ခု ခွံ့ကျွေးလာသည်။ အစားက ပါးစပ်ရှေ့ရောက်နေမှတော့ မစားရင် ကျန်းဟောက်မဟုတ်ပေ။ ထို့ကြောင့် သူစားလိုက်ပြီး ဆူပုတ်ပုတ်ဖြင့်သာ ဝါးနေလိုက်သည်။

တခြားသူတွေတော့မသိပေမယ့် ကျန်းဟောက်တစ်ယောက် မူမမှန်ဘူးဆိုတာကိုတော့ ဆောင်းဟန်ဘင်းတစ်ယောက်သာ သတိထားမိသည်။ မနေ့ညကတင် စကားပြောတုန်းက အကောင်း၊ အခုမနက်မှ သူ့အပေါ်ပြောင်းလဲသွားတဲ့ ကျန်းဟောက်ရဲ့ ပုံစံကို ကြည့်ရင်း ဆောင်းဟန်ဘင်း မတွေးတတ်တော့ပေ။

"ကျောင်းသားတွေ ဒီဘက်မှာ လူစုပေးကြပါ၊ ကိုယ့်အတန်းနဲ့ကိုယ် နေမယ်နော်

ကျောင်းသားတွေ ဒီဘက်မှာ လူစုပေးကြပါ၊ ကိုယ့်အတန်းနဲ့ကိုယ် နေမယ်နော်

ကျောင်းသားတွေ ဒီဘက်မှာ လူစုပေးကြပါ၊ ကိုယ့်အတန်းနဲ့ကိုယ် နေမယ်နော်"

ဆရာမတွေက လော်စပိီကာသုံးကာ ပြောလာတာကြောင့် ကျောင်းသားတွေ ကိုယ်စီအထုတ်ဆွဲရင်း တန်းစီလိုက်ကြသည်။

"တစ်နေရာကိုရောက်တာနဲ့  ဘာအရင်ဆုံးလုပ်ရမလဲဆိုရင် လူစစ်ပေးရမှာပါ၊ သက်ဆိုင်ရာ အတန်းခေါင်းဆောင်တွေက ကိုယ့်အခန်းက လူတွေကို စာရင်းလုပ်ထားပေးပါ။ ပြီးသွားရင်တော့ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ်ပျော်လို့ရပါတယ်၊ အဲ့ခါကျရင်လဲ ကိုယ့်ရဲ့အဖွဲ့ထဲမှာ လူဘယ်နှယောက်ရှိတယ်ဆိုတာကိုလဲ သေချာမှတ်ထားပေးကြပါ။ ဆရာ၊ ဆရာမတွေက မင်းတို့ရဲ့ အနီးနားမှာဘဲ ရှိနေကြမှာမို့လို့ တစ်ခုခုဆိုတာနဲ့ အမြန်ဆုံးအကြောင်းကြားပေးစေချင်ပါတယ်။ ဒါမှလဲ ဆရာ၊ ဆရာမတွေက ပြဿနာကို အချိန်မှီဖြေရှင်းပေးနိုင်မှာမို့လို့ပါ

နောက်တစ်ခုပြောချင်တာက အခုမင်းတို့အားလုံး စာမေးပွဲရလဒ်ကို တွေ့ပြီးကြပြီးဟုတ်?"

"ဟုတ်ပါတယ်!!!!!!"

"ဆိုတော့ စာမေးပွဲကျတဲ့လူတွေက ပြောထားတဲ့အတိုင်း ခရီးစဉ်မှာ......."

"............."

"ခရီးစဉ်မှာ လိုက်ပါလို့ရပါတယ်၊ ပြန်ရောက်မှ အချိန်ပိုတက်ရမှာပါ"

"ဘယ်လို!!!!!!!!"

"ငါ နားကြားမှားတာလား?"

"ဘုရားသခင် ကျွန်တော့် တောင်းဆုတွေကို ကြားတယ်ပေါ့!!!!!!"

"ယေးးးးးးးး"

"ကဲ....ဒါဆို အတန်းခေါင်းဆောင်တွေက နာမည်စာရင်းမှတ်ပြီး လူဦးရေကို အတန်းပိုင်ဆရာ၊ ဆရာမတွေဆီကို အပ်မယ်နော် ပြီးတာနဲ့ မင်းတို့ ကားပေါ်တက်ပြီးနေရာယူလို့ရပါပြီး"

"ဟုတ်ကဲ့ပါ!!!!!!!"

ဆရာမတွေ လုပ်ခိုင်းသည်များကို ပြီးစီးတာနဲ့ ကားပေါ်နောက်ဆုံး တက်ရသူများ အတန်းခေါင်းဆောင်များဖြစ်သည်။ သူတို့ကားပေါ်တွင် နှစ်နေရာသာ လွတ်တော့သည်။ နောက်ဆုံးတက်လာသူမှာ (A) ခန်းအတန်းခေါင်းဆောင်ဖြစ်သူ ဆောင်းဟန်ဘင်းနှင့် (C) ခန်း အတန်းခေါင်းဆောင်ဖြစ်သူ ပတ်ဂွန်ဝုတို့ဖြစ်သည်။

မတ်သရူးက ကျန်းဟောက်နှင့်အတူထိုင်နေသည်ကို တွေ့သည်နှင့် ဂွန်ဝုမှာ ကလေးငယ်လေးတွေကိုချီသလို မတ်သရူး၏ လက်မောင်းကနေ မ ချီလိုက်ကာ အနောက်တန်းကလွတ်နေသည့် ခုံသို့ဆွဲခေါ်သွားတော့သည်။

ထိုင်ခုံနေရာက ကျန်းဟောက်နားက တစ်နေရာသာ ကျန်တော့တာမို့ ဆောင်းဟန်ဘင်း ခွင့်ပြုချက်အရင်တောင်းလိုက်သည်။

"အတူတူထိုင်ရအောင်"

ကျန်းဟောက် ဖုန်းသုံးနေသလိုလုပ်ရင်း မော့မကြည့်ဘဲပြောလိုက်သည်။

"ခွင့်တောင်းနေစရာမလိုပါဘူး"

ဆောင်းဟန်ဘင်း အောက်နှုတ်ခမ်းကို အသာဖိကိုက်ရင်း လေးပင်စွာ ထိုင်ချလိုက်သည်။ ဒီနေ့ ကျန်းဟောက်က သူ့အပေါ် စိမ်းသက်သက်ကြီး ဖြစ်နေသည်။ သူဘာအမှားမှမလုပ်ထားသလို ဒီတစ်ခေါက် စာမေးပွဲရလဒ်ကြောင့်နဲ့တော့ ကျန်းဟောက် သူ့ကို ဒီလိုဆက်ဆံမှာမဟုတ်မှန်း သူသိသည်။ သို့ပေမယ့် ဘယ်အရာက ကျန်းဟောက်ကို ဒီလိုပုံစံမျိုးပြောင်းလဲသွားစေမှန်း သူ တကယ်မစဉ်းစားတတ်တော့ပေ။

ကျန်းဟောက် အတတ်နိုင်ဆုံး ဆောင်းဟန်ဘင်းကို အာရုံမစိုက်မိအောင်ကြိုးစားနေရသည်။ ဖုန်းကိုသာ ဟိုပွတ် ဒီပွတ်လုပ်နေပေမယ့် ဘာလုပ်လို့ လုပ်နေမှန်း သူကိုယ်တိုင်ပင် မပြောတတ်။ ဒီလိုနေရခက်မှုကြီးကို ရင်မဆိုင်ချင်လို့ မတ်သရူးနဲ့ အတူထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဂွန်ဝုက အမြဲရောက်ရောက်လာကာ ဆွဲခေါ်သွားတတ်တာမို့ သူ ဘာမှမတတ်နိုင်ပေ။

ကျန်းဟောက် ခေါင်းတစ်ခုလုံး ဖုန်းထဲဝင်တော့ မတတ် စိုက်ကြည့်နေချိန် သူ့ပုခုံးအား လာတိုက်သည်ကို ခံစားလိုက်ရသည်။ သူ မသိချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ ကားအကွေ့ဆို လက်မောင်းချင်း ပုခုံးချင်းက ထိတတ်တာဘဲလေ။ ဖြစ်တတ်တဲ့ကိစ္စမျိုးပင်။

သို့ပေမယ့် သူ့ပုခုံးအား ထပ်တိုက်လာသည်။

ထပ်၍ ထပ်၍

ကျန်းဟောက် စိတ်မရှည်စွာ ဖုန်းမှ အကြည့်လွှဲပြီး ဆောင်းဟန်ဘင်းအား မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

"ကျန်းဟောက်?"

"မနေ့ညက ကောင်းကောင်းအိပ်ပျော်လား?"

အိပ်ပျော်တာပေါ့ အိပ်ပျော်လွန်းလို့ ဆောင်းဟန်ဘင်းက 10cm လောက်ရှိတဲ့ ကြောင်အသေးစားလေးတစ်ကောင်လိုပြောင်းလဲသွားပြီး meow~ လို့ အော်ပြီး သူ့နှာခေါင်းအား လာကုတ်နေတာကိုပင် အိပ်မက် မက်ခဲ့သေးသည်။

ထိုအကြောင်းကိုပြန်စဉ်းစားရင်း ကျန်းဟောက် မျက်နှာတစ်ခုလုံးထူပူလာကာ ခရမ်းချဉ်သိီးလေး ဖြစ်လုနီးပါးပင်။ တဖြည်းဖြည်းနီတက်လာတဲ့ ကျန်းဟောက် မျက်နှာကိုကြည့်ရင်း ဘာမှမသိသည့် ဆောင်းဟန်ဘင်းမှာ စိတ်ပူသွားရသည်။

"မျက်နှာတွေနီနေပါလား? နေမကောင်းဘူးလား"

လှမ်းလာသည့် ဆောင်းဟန်ဘင်း၏ လက်ကို အလျင်အမြန်ဆုတ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကလဲ အနောက်ကို အနည်းငယ် ရွှေ့လိုက်ပြီး

"ဘာမှမဖြစ်ဘူး"

အားလုံးမင်းအမှားတွေဘဲလေ!!!!!

ကျန်းဟောက်စိတ်ထဲတွင် အားရပါးရ အော်ဟစ်ပစ်လိုက်သည်။ ပို၍ ရှက်စရာကောင်းသည်က-

ဂွီ!!!!~~~

Timing က.....

ကျန်းဟောက် သူ့မျက်နှာကို လက်ဖြင့် ကာထားရုံအပြင် တခြားတတ်နိုင်သည့်အရာမရှိတော့ပေ။ သူအဖို့ ပြေးစရာလမ်းမရှိ။

"မနက်စာ စားလာခဲ့တယ်ဆို?"

ထိုအခါ ကျန်းဟောက်ရဲ့ အသံသေးသေးလေးက ညည်းညူရင်း ထွက်လာသည်။

"တောင်းပန်ပါတယ် ဘာမှမမေးပါနဲ့တော့ ငါအခု ရှက်လွန်းလို့ သေတော့မယ်"

ဆောင်းဟန်ဘင်း ထိုအခါမှ ရင်ထဲမှ အပူလုံးကြီးကျသွားတော့သည်။ ဒါကမှ သူသိသည့် ကျန်းဟောက်ဖြစ်သည်။ ကျန်းဟောက်လက်ကို ဖယ်ကြည့်ဖို့ကြိုးစားပေမယ့် ရုန်းတာကြောင့် ဆောင်းဟန်ဘင်း အတင်းမကြိုးစားတော့ပေ။ သို့ပေမယ့် သူ့မှာနည်းလမ်းရှိသေးသည်။

သူ ကျန်းဟောက်အနားသို့ ကပ်သွားကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ထမင်းလိတ်တွေ မင်းအတွက်သိမ်းထားပေးတယ်"

ကျန်းဟောက် ပြတင်းပေါက်နားသို့ တိုးကပ်သွားရင်း ပြန်ပြောလိုက်သည်။

"ငါစားမှာမဟုတ်ဘူး!!!"

ဆောင်းဟန်ဘင်းကလဲ အလျှော့မပေးပေ။

"နောက်ပြီး ဒူရင်းသီးကိတ်ရော"

ထိုအခါ ကျန်းဟောက်က သူ့လက်ချောင်းလေးတွေကြားကနေ ဆောင်းဟန်ဘင်းအား ကြည့်လာသည်။

ဘယ်မှာလဲဟူ၍~

ကျန်းဟောက်၏ အကြည့်ကိုနားလည်တာကြောင့် ဆောင်းဟန်ဘင်း သူတစ်ချိန်လုံးသယ်ထားသည့် ဒူရင်းသီးကိတ်ဘူးလေးကို ထုတ်ပြလာသည်။

"ဒါပေမယ့် အခုစားရင် ကားပေါ်က ကလေးတွေ စိတ်ဆိုးလိမ့်မယ်၊ ယာဉ်ရပ်နားစခန်းရောက်မှ စားရင်စားပေါ့၊ အခုလောလောဆယ်က ဒါလေး အဆာပြေ စားထားလိုက်"

ဗိုက်ကလဲဆာနေတာမို့ ကျန်းဟောက် လိမ်လိမ်မာမာပင် ဆောင်းဟန်ဘင်းလက်ထဲက ထမင်းလိတ်ဘူးကို ယူကာ စားနေလိုက်သည်။ သူစားနေသည့်အချိန်တွင် ဆောင်းဟင်းက ရေတစ်ဘူးကို ဖွင့်ရင်း အဆင်သင့်စောင့်နေပေးသည်။

ကျန်းဟောက် စားပြီးသည်အထိ စောင့်ပြီးမှ ထမင်းလိတ်ဘူးကို ပြန်ယူကာ သိမ်းလိုက်သည်။

"ဒါနဲ့ မင်း....."

ကျန်းဟောက် ရေသောက်ရင်း လှည့်ကြည့်လာသည်။ ဆောင်းဟန်ဘင်း မသိချင်ရင်တောင် ထူးဆန်းပေလိမ့်မည်။ တကယ်ဆို တစ်ယောက်တည်း ဗျာများနေသူမှာ ကျန်းဟောက်ဖြစ်ပြီး ဆောင်းဟန်ဘင်းက ဘာမှ မသိထားပေ။

ဒါပေမယ့် သူ့ကို ဘယ်သူက...!!!!

"မင်း စိတ်ဆိုးနေတာလား?၊ တစ်ခုခုအမှားလုပ်မိရင်ပြောလေ၊ ငါပြင်ပါ့မယ်"

ကျန်းဟောက် ဆောင်းဟန်ဘင်းကို စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ဆောင်းဟန်ဘင်းတစ်ယောက် သူတကယ်ကို အမှားလုပ်မိပါကြောင်း ဝန်ခံချင်စိတ်က တဖွားဖွားပေါ်ပေါက်လာသည်။ ဘာအပြစ်ရယ်လို့ ခေါင်းစဉ်မရှိလဲ အဆင်ပြေတယ်။ ကျန်းဟောက်ကျေနပ်အောင် သူ တတ်နိုင်သလောက် လုပ်ပေးဖို့တွေးမိသည်အထိ။

"မင်း....ကြောင်လို အော်တတ်လား?"

"အမ်?!"

"မင်းကြောင်လိုအော်တတ်လားလို့"

"Meow~"

"မင်းကို ဘယ်သူက အော်ခိုင်းလို့လဲ!!!"

ဆောင်းဟန်ဘင်းက တကယ်ကြီး သူ့အား မျက်လုံးရွှဲလေးတွေနဲ့ကြည့်လာကာ "meow~" ဆိုတဲ့အသံလေး လုပ်ပြလာမည်ဟု တကယ်မထင်ခဲ့တာကြောင့် သူ့မှာ ထိုအရာနှင့် ရင်ဆိုင်ရန် ပြင်ဆင်ချိန်ပင်မရလိုက်ပါ။

"အော်တတ်လားဆိုလို့လေ    Meow~   "

ကျန်းဟောက် စိတ်တိုစွာ သက်ပြင်းတစ်ချက်ချလိုက်ရင်း

"你不知道吗你真可爱"

စကားပြောနေရင်း တရုတ်လိုတွေ ထ ပြောနေတော့ ဆောင်းဟန်ဘင်းခမျာ နားမလည်နိုင်ဘဲရှိသည်။

"ဘာပြောလိုက်တာလဲ"

ကျန်းဟောက် ဆောင်းဟန်ဘင်း၏ နားရွက်တစ်ဖက်အား ဆွဲရင်း ပြောလာသည်။

"ငါပြောလိုက်တာက...... မင်းကိုတလောကလုံးက ဟမ်းစတားလို့ထင်နေရင်တောင်မှ ငါ့အတွက် မင်းက ကြောက်ပေါက်ကလေးဘဲ"

".......... Meow?"

"ဆောင်းဟန်ဘင်း!!"

ကျန်းဟောက် စိတ်အလိုမကျစွာ နားရွက်ဆွဲထားသည့် လက်ကို အားအနည်းငယ်ထည့်လိုက်သည်။

"မင်းက ငါ့ကို စ နိုင်သေးတယ်ပေါ့လေ"

"မင်းဘဲ ငါက ကြောင်ကလေးဆို? ကြောင်ကလေးတွေက meow လို့မအော်ဘူးလား"

"ငါတကယ် စိတ်ဆိုးလိုက်ရမလား!"

"Okok မစတော့ဘူး၊ စိတ်တော့မဆိုးလိုက်ပါနဲ့"

ကျန်းဟောက် ဆောင်းဟန်ဘင်းကို လွှတ်ပေးလိုက်ကာ အရှေ့သို့ ပြန်လှည့်သွားပြီး လိုချင်တာရသွားသည့်ကလေးလို ကျေနပ်နေသည့် အပြုံးဖြင့် တွေးလိုက်သည်။

အိပ်မက်ထဲမှာထက် အများကြီး နားထောင်လို့ပိုကောင်းတယ်

==============

Tbc.........

February 10, 2025

ကြောင်ပေါက်ကလေးဖြစ်သွားတဲ့ ဆောင်းဟန်ဘင်း🫶

ကိုယ်လဲ ဒီ fic ထဲမှာ သူတို့နှစ်ယောက်ကို ကျောင်းသားဥက္ကဌတွေအနေနဲ့ တွေးထားခဲ့တာ။ ဒါပေမယ့် သူတို့ဘဲ ကျောင်း uniform ကို သေချာမဝတ်ထားတာ 🤣