Chapter 28: အပိုင်း (၂၇) Meow~

My other halfWords: 49474

"နောက်ဆုံးတော့.....!"

"နောက်ဆုံးတော့!!!!!!"

"နွေရာသီပိတ်ရက်ရပြီဟေးးးးးရေးးးးး"

ဂယူဘင်နဲ့ မတ်သရူးမှာ စာမေးပွဲခန်းထဲက ထွက်လာသည်နှင့် တစ်ယောက်လက်တစ်ယောက်ကိုင်ကာ အသံကျယ်ကြီးဖြစ် အော်ဟစ်ရင်း ခုန်ပေါက်နေကြတော့သည်။ သို့ပေမယ့် ထိုကဲ့သို့ဖြစ်နေသည်မှာ သူတို့နှစ်ယောက်တည်းမဟုတ်ဘဲ ကျောင်းသားတိုင်းလိုလို အော်ဟစ်ကာ ရွှင်မြူးနေကြတော့သည်။ ထိုအချိန် ရုပ်သံလွှင့်တဲ့ဆီကနေ သတိပေးပြောကြားချက်ထွက်လာခဲ့သည်။

"အားလုံးဘဲ မင်္ဂလာပါ ကျောင်းသားတို့၊ ဆရာမက Z အထက်တန်းကျောင်းရဲ့ ကျောင်းအုပ် ဘဲဖြစ်ပါတယ်။ အရင်ဦးဆုံး မင်းတို့ရဲ့ စားမေးပွဲကို အောင်အောင် မြင်မြင်နဲ့ဖြေဆိုနိုင်မယ်လို့ ဆရာမ ယုံကြည်ပါတယ်။ မင်းတို့ရဲ့ စာမေးပွဲရလဒ်တွေကို တစ်ပတ်အတွင်း ကြေညာပေးသွားမှာဖြစ်ပြီး ရလဒ်မကောင်းတဲ့ ကျောင်းသားတွေကတော့ အားနည်းတဲ့ဘာသာရပ်ကို နွေရာသီအားလပ်ရက်မှာ အချိန်ပိုအနေနဲ့ ကျောင်းက ခေါ်ပေးပါမယ်။"

ထိုစကားသံဆုံးသည်နှင့် ကလေးတိုင်း၏ ညည်းညူသံများဖြင့် ဆူညံသွားရသည်။

"ဒါကြီးကမလွန်လွန်းဘူးလား? ငါတို့ အခုမှ စာမေးပွဲခန်းထဲကနေ ထွက်လာရတာလေ"

"အားးးး တော်ပါတော့!!! မကြားချင်ဘူး"

တချို့တွေဆို နားတွေပိတ်ထားကြကာ တချို့တွေဆို ရှိသည့် ဘုရား ဘယ်ဘုရားမဆို 'တ' ကုန်ကြတော့သည်။

"စာမေးပွဲရလဒ်တွေကို ကျောင်းရဲ့ website ကနေပါ ကြေညာပေးမှာမို့လို့ အလုပ်ရှုပ်ခံပြီး ကျောင်းကိုလာကြည့်စရာမလိုတော့ဘူးပေါ့၊ နောက်ဆုံးတစ်ခုပြောချင်တာက၊ ဆရာမတို့တွေ မင်းတို့အတွက် နွေရာသီခရီးစဉ် စီစဉ်ထားတာလေးရှိပါတယ်"

ကျောင်းဝင်းထဲ တစ်ဖန်ထပ်၍ ဆူညံသွားပြန်သည်။

"ရေးးးးးး!!!!!"

"စာမေးပွဲမကျပါစေနဲ့၊ တောင်းပန်ပါတယ် ခရီးစဉ်ထဲမပါရရင်နေပါ၊ အချိန်ပိုတော့ မတက်ရပါစေနဲ့"

"ဘယ်ကိုပို့ပေးမလဲဆိုတာကို အခုထိမပြောရသေးဘူးနော်"

"ဟဲ့ နင်သိလား? နင့်အစ်ကိုက ကျောင်းသားကောင်စီရဲ့ အဖွဲ့ဝင်မလား?"

"မသိရပါဘူးဟာ၊ စာအုပ်ကြီးက နှုတ်လုံတယ် ဘယ်လောက်မေးမေးမပြောဘူး၊ တကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလားတောင် မသိတော့ဘူး"

ထို့နောက် ဆရာမက စကားဆက်ပြောလာသည်။

"ခရီးစဉ်နဲ့ပတ်သက်ပြီး အားလုံးလဲ သိချင်နေကြလောက်ရောပေါ့၊ ဆရာ ဆရာမတွေ အားလုံး တိုင်ပင်ပြီး မင်းတို့လူငယ်တွေ စိတ်ကြိုက်ဖြစ်မဲ့နေရာမျိုးကိုဘဲ ရွေးထားပေးတာမို့ ဒီနှစ်နွေရာသီမှာ ကောင်းမွန်တဲ့အမှတ်တရလေးတွေကို အတူဖန်တီးကြရအောင်။ အခုဆိုရင် ခရီးစဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးလဲ အတည်ပြုပြီးပြီဖြစ်တာကြောင့် အထက်တန်း ပထမနှစ်တွေက မနက်ခင်းစုစည်းတဲ့ ဟောခန်းမထဲကိုသွားပေးပါ၊ အထက်တန်းဒုတိယနှစ်တွေကတော့ ပြင်ပအားကစားကွင်းထဲမှာ လူစုပေးရမှာဖြစ်ပြီး အထက်တန်း တတိယနှစ်တွေကတော့ မိုးလုံလေလုံ အားကစားကွင်းထဲမှာ လူစုပေးကြဖို့ ပြောချင်ပါတယ်၊ အဲ့မှာ မင်းတို့ရဲ့ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက ခရီးစဉ်အတွက် လိုအပ်တဲ့အရာတွေကိုပြောပေးပါလိမ့်မယ်၊ စုစည်းကြတဲ့အခါ ပြဿနာတစ်စုံတစ်ရာမဖြစ်အောင် သက်ဆိုင်ရာ အတန်းခေါင်းဆောင်များနဲ့ ဒုအတန်းခေါင်းဆောင်များက တာဝန်ယူပေးကြဖို့ မေတ္တာရပ်ခံပါတယ်၊ ကဲ....ကလေးတွေအားလုံးဘဲ ပင်ပန်းသွားကြပါပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ နွေရာသီအားလပ်ရက်လေးဖြစ်ပါစေ"

သူတို့အားလုံး နွေရာသီခရီးစဉ်မှာသွားဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့ မနက် ၉ နာရီအရောက်ဆိုပြီး ချိန်းထားကြတာဖြစ်သည်။ သို့ပေမယ့် အချိန်မှာ ၁၁ နာရီထိုးတော့ဖြစ်ပြီး တစ်ယောက်မှ ရောက်မလာကြသေးပေ။

သူတို့သွားမဲ့နေရာက ကျန်းဟောက်၏ အိမ်ကနေ ၁၅ မိနစ်ခန့်သာ ကားစီးရတာမို့ ကျန်းဟောက်က အိမ်ကနေသာစောင့်နေခြင်းဖြစ်သည်။

Visual after Visual

Zhalways_1 : မင်းတို့ဘယ်နားရောက်ပြီလဲ?

Ricky : ကားပိတ်နေတယ်

Shanbin : ရောက်တော့မယ် ကားနည်းနည်းကြပ်နေတာ အောက်ရောက်ရင် ဖုန်းဆက်လိုက်မယ်

Zhalways_1 : မတ်သရူးရောက်နေပြီး

Zhalways_1 : ဂွန်ဝုရော

canada_oppa ^_^ : ကျန်းဟောက် မင်းက သခင်လေးလား? ဒီလိုနေရာမျိုးမှာ နေနေတာ

Zhalways_1 : ၅ လွှာက အခန်း **** ကို လာခဲ့ ကျန်တဲ့လူတွေက ကြာဦးမှာ

I,mgyu : ကျန်းဟောက် အိမ်ကို ငါလဲ ရောက်ဖူးချင်တယ်လို့

သူတို့နှစ်ယောက်က ဆိုင်ကယ်နဲ့မို့ မြန်မြန်ရောက်လာကြတာဖြစ်သည်။

ထိုစဉ် သူ့အား ဆောင်းဟန်ဘင်း ဖုန်းဆက်လာသည်။

"ရောက်နေပြီနော် ဆင်းလာတော့"

"Okok"

ကျန်းဟောက် မတ်သရူးတို့ကို အခန်း ဝ တွင်သာ စောင့်နေရသည်။

"ဆောင်းဟန်ဘင်းတို့ ရောက်နေပြီး၊ လစ်မယ် လစ်မယ်"

အခုမှ တက်လာသည့် မတ်သရူးမှာ သက်ပြင်းချရင်း ညည်းညူလာသည်။

"နေပူကြီးထဲ လာရတာကို ရေလေးတောင် သောက်ဖို့အချိန်မရှိဘူး"

"သွားရအောင်ပါ ဟိုရောက်ရင် ငါကျွေးပါ့မယ်"

ကျန်းဟောက် မတ်သရူးအား နောက်ကျောမှ တွန်းကာ အောက်ထပ်သို့ပြန်ဆင်းရသည်။ သူတို့အောက်ထပ်ရောက်သည့်အချိန် ကားနှစ်စီးရပ်ထားသည်ကို တွေ့လိုက်ရသည်။ Ricky တို့ပါရောက်နေကြပြီးဖြစ်ကာ ပို၍ အဆင်ပြေသွားသည်။ ဆောင်းဟန်ဘင်းက ကားတံခါးမှန်ချကာ ကျန်းဟောက်အား ခေါ်လေသည်။ နေကလဲ အလွန်ပူတာကြောင့် ကျန်းဟောက် အလျင်အမြန်ပင် ကားပေါ်ပြေးတက်လိုက်သည်။

"အပြင်မှာ တအားပူတာဘဲ"

အာရမ်က သူ့အား သကြားလုံးတစ်လုံး လှမ်းပေးလာသည်။

"ဒါလေးစားလိုက်!"

ထိုအခါမှ ဆောင်းဟန်အာရမ်ပါ ပါလာမှန်း သူသိလိုက်ရသည်။ ပြီးနောက် သူ့အရှေ့က ခုံပေါ်တွင် ထိုင်နေသူမှာ ဆောင်းမားမားဖြစ်ပြီး မောင်းသူနေရာတွင် ဆောင်းပါးပါးဖြစ်သည်။ ပြောရရင် တစ်မိသားစုလုံး လိုက်လာကြတာပင်။

"အန်တီ အန်ကယ်၊ မင်္ဂလာပါ၊ ကျွန်တော်က ပါလာမယ်မထင်လို့"

"ဟုတ်တယ် အန်တီတို့လဲ အစီစဉ်မရှိဘူး၊ နောက်မှ ကျောင်းမှာကိစ္စပေါ်လာလို့ တစ်ခါထဲ ထွက်ရင်း သူတို့နှစ်ယောက်ကို လိုက်ပို့တော့ နောက်ကျသွားတာ၊ ဟန်ဘင်း တစ်ယောက် အိမ်မှာ မနက် ၈ နာရီလောက်ကတည်းက ဖင်တကြွကြွဖြစ်နေတာ၊ ဟောက်ဟောက်လေး အကြာကြီးစောင့်လိုက်ရတယ်မလား"

ကျန်းဟောက်တစ်ယောက် လက်တကာကာဖြင့်

"မဟုတ်ပါဘူး၊ ကျွန်တော်လဲ ကျောင်းပိတ်ရက်မို့ အိပ်လိုက်တာ ၉ နာရီကျော်မှ နိုးတာပါ၊ အကြာကြီးမစောင့်လိုက်ရပါဘူး၊ တခြားသူတွေလဲ အခုမှရောက်တာဆိုတော့ ကွက်တိဖြစ်သွားတာပေါ့"

"မနက် ၇ နာရီတောင်မထိုးသေးတဲ့အချိန် ဖုန်းဆက်ခေါ်နှိုးတာ ဘယ်သူလဲ"

အနားက အငြိမ်မနေတဲ့ ဆောင်းဟန်ဘင်းကို လက်တစ်ဖက်က ပါးစပ်ကို အုပ်ရင်း ကျန်တစ်ဖက်က ပေါင်ကို ဆွဲလိမ်ပေးလိုက်သည်။ထိုအခါ ဆောင်းဟန်ဘင်းက ပါးစပ်ကိုအုပ်ထားသည့် လက်ကိုဖယ်ရင်း လေသံလေးဖြင့် ဆိုလာသည်။

"နာတယ်လေ"

ဆောင်းဟန်ဘင်းကို သူနောက်ထပ် တစ်ချက် ထပ်ရိုက်ပေးလိုက်သည်။ ထိုအခါမှ ဆောင်းဟန်ဘင်းမှာ ဆွဲဆိတ်ကာ အရိုက်ခံထားရသည့် သူ့ပေါင်ကို ပွတ်ရင်း ငြိမ်ငြိမ်လေးသာ ထိုင်နေတော့သည်။ ညီမဖြစ်သူမှာ သူ့အစ်ကို ခံနေရတာကို ကြည့်ရင်း ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ကြိတ်ရယ်နေတော့သည်။

"အာရမ်တို့ အလယ်တန်းတွေရော သွားရမှာလား"

"ဟုတ် ပါတယ်၊ အ့ကြောင့် လိုအပ်တာတွေဝယ်ရအောင် တစ်ခါတည်း လိုက်လာတာ"

"ဒါဆို ယူဂျင်းလဲပါမှာပေါ့"

"အခုတောင်ပါလာသေးတယ်၊ သူ့ကို gyubin oppa မိသွားလို့ ဟိုဘက်ကားမှာ သူက၊ သူ့မှာ ငိုမဲ့မဲ့မျက်နှာလေးနဲ့ ပါသွားတာ၊ တရားခံက......"

အာရမ်က ဆောင်းဟန်ဘင်းဘက်ဆီသို့ မျက်စ ပစ်လာသည်။ ဆောင်းဟန်ဘင်းကလဲ ထိုအကြည့်ကို သတိထားမိပြီး စွတ်စွဲခံရသလို မေးခွန်းထုတ်လာခဲ့သည်။

"ဘာလဲ? ဘာလုပ်လို့လဲ"

ကားပိတ်နေတော့ နာရီဝက်လောက် ကားစီးပြီးမှ သူတို့သွားချင်သည့် shopping mall သို့ရောက်လာသည်။ ဆောင်းမိဘတွေကတော့ သူတို့ကို ပို့ပေးပြီးတာနဲ့ နေ့ကလေးထိန်းကျောင်းကိုသွားကြတာမို့ သူတို့ လူငယ်တွေချည်းဘဲ ကျန်ခဲ့တာဖြစ်သည်။

သူတို့ လူ (၈) ယောက်အုပ်စုကို ပတ်ဂွန်ဝုက ဦးဆောင်ကာ

"ဘာဝယ်ကြမလဲဆိုတာ စဉ်းစားပြီးပြီမလား?"

"ငါက ဖိနပ်"

"ငါရော"

"အဝတ်စားနည်းနည်းဝယ်ချင်တယ်၊ နွေရာသီအတွက် အင်္ကျီက သိပ်မရှိဘူး"

"Tent ရော ဝယ်ရဦးမယ်လေ"

"ဟိုရောက်မှ ဝယ်မလား ဒီကနေ တစ်ခါတည်း ဝယ်ပြီး သယ်သွားရင် ပစ္စည်းတွေများနေမှာပေါ့"

"အွန်းကောင်းသားဘဲ"

"ဒါပေမယ့် ဟိုမှာထက် ဒီဘက်မှာက ပိုစျေးတော်တယ်နော်"

"ငါတို့ အုပ်စုနဲ့က tent ၃ ခုလောက်ဆိုရပါပြီး၊ အတူနေမဲ့လူတွေ စိုက်ဝယ်ကြပေါ့"

ထိုအခါ သူ့ရဲ့အစ်ကိုကြီးတွေပြောနေကြတာကို ဟိုကြည့် ဒီကြည့်ကာ နားထောင်သည့် ယူဂျင်းက

ဝင်ပြောလာသည်။

"ဒါဆို ကျွန်တော် ကျန်းဟောက် hyung နဲ့ အတူနေမယ်"

"ဒါဆို tent ကို hyung ဘဲဝယ်လိုက်မယ်"

ဟန်ယူဂျင်း၏ အတွေးကို ဆောင်းဟန်အာရမ်တို့ကတော့ နည်းနည်းလေးမှ သဘောမတူချပေ။ သူရဲ့ သူငယ်ချင်းလေးမှာ ဖြူစင်လွန်းကာ အလိုက်ကန်းဆိုးမသိ ဝင်ရှုပ်ချင်နေသည်။

"နင်က အထက်တန်းတွေ အုပ်စုကြား ဘာသွားဝင်လုပ်မှာလဲ"

"ဟန်ဘင်း hyung ကသာ ပြောပေးရင် ဆရာမတွေက ခွင့်ပြုပေးလိမ့်မယ်"

ထိုအခါ အာရမ်က သူ့အစ်ကိုအား အလိုမကျစွာကြည့်လာသည်။ သူ့အစ်ကိုကလဲ အကောင်လိုက်ကြီးပြလဲ အရိပ်မမြင်တာကြောင့်

"တောင်ပေါ်တက်တဲ့ တစ်ချက်တော့ပြောပေးမယ်လေ၊ ကျန်တဲ့ချိန်ကတော့ ကိုယ့်ကျောင်းနဲ့ ကိုယ်နေတာ ပိုကောင်းတယ်"

အာရမ်စိတ်မရှည်စွာ မျက်လုံးလှိမ့်လိုက်မိသည်။

"ဟုတ်ပြီး၊ ကျန်းဟောက်နဲ့ ယူဂျင်း၊ ပြီးရင် ငါက ဂွန်ဝုနဲ့"

"ငါနဲ့ Ricky"

"ဒါဆို ဟန်ဘင်းက ငါတို့နှစ်ယောက်နဲ့လာ join လေ"

ကျန်းဟောက်၏ စကားကြောင့် အာရမ်၏ မျက်လုံးတွေ အရောင်ပြန်တောက်သွားသည်။

"Tent ဝယ်ဖို့ တစ်ဝက်စိုက်ပေးပါ့မယ်"

"ဘာတစ်ဝက်စိုက်မှာလဲ? မင်းဝယ်ရမှာပေါ့"

"ဟုတ်ပါပြီး ဝယ်ပေးပါ့မယ်"

ဒီလိုနဲ့ သူတို့တွေ tent အရင်ဝယ်ကြသည်။ ကျန်းဟောက်က ပိုက်ဆံမစိုက်ပေးဘူး ပြောခဲ့ပေမယ့် တကယ်တမ်းဝယ်ကြသည့်အခါတွင် တစ်ဝက်စိုက်ပေးခဲ့သည်။ ပြီးနောက် ဖိနပ်ဝယ်ကြသည်။ တောက်တက်ရမည်ဟု ကြားထားတာကြောင့် နေလောင်ဒဏ်ကာကွယ်သည့်အရာတွေကို ဝယ်ခဲ့ကြသည်။ အများဆုံးဝယ်သူမှာ ကျန်းဟောက်ဖြစ်သည်။ ကျန်းဟောက်မှာ ပစ္စည်းများများစားစား သိပ်မရှိတာကြောင့်ဖြစ်သည်။ ထို့နောက် ထိုပစ္စည်းတွေကို သယ်မနိုင်တော့တော့ကြောင့် delivery ဖြင့်သာ အပ်လိုက်တော့သည်။

"ဟို အင်္ကျီလေးတွေ discount ချနေတာထင်တယ်၊ သွားကြည့်ကြမလား?"

ကျန်းဟောက်ညွှန်ပြရာ ကြည့်လိုက်တော့ တီရှပ်ကိုမှ စာတန်းအနည်းငယ်ပါသည့် ဒီဇိုင်းရိုးရိုးရှင်းရှင်းနှင့် တီရှပ်များကို တွေ့လိုက်ရသည်။

ဂယူဘင်နဲ့ ယူဂျင်းမှာလဲ သဘောတူတာကြောင့် သူတို့တွေ ထိုဆိုင်ထဲသို့ ဝင်သွားလိုက်ကြသည်။

"အသားလေးမဆိုးဘူးရော"

"ဝယ်ကြမလား"

မတ်သရူးကလဲ အင်္ကျီကို ကိုင်ကြည့်ရင်း

"မဆိုးဘူးဘဲ၊ ငါတို့တွေ ဆင်တူဝယ်ကြမလား?"

အားလုံးက တက်ညီလက်ညီ သဘောတူလိုက်ကြတာမို့ free size ဖြစ်တာမို့ အရောင်က သုံးရောင်ရှိတာမို့ အရောင်ရွေးကြတော့သည်။

"ထယ်ရယ်အတွက်ပါ ဝယ်သွားရအောင်"

ဂွန်ဝုက သူတို့နဲ့အတူ လိုက်မလာနိုင်သည့် ထယ်ရယ်အတွက် အဖြူရောင်လေး ရွေးပေးခဲ့ပြီး သူတို့နှစ်ယောက်လုံး အမဲရောင်ကိုရွေးကြသည်။ မတ်သရူးနဲ့က အတော်ဘဲဆိုပေမယ့် ခန္ဓာကိုယ်ထွားသည့် ဂွန်ဝုကျတော့ size က fit ဖြစ်နေသည်။

တစ်ဖက်တွင်လဲ ဂယူဘင်နဲ့ Ricky မှာ အငြင်းပွါးမှုအသေးစားလေးဖြစ်ခဲ့သည်။

"အခဲရောင်လေးယူရအောင်လေ၊ ဘာလို့ အမြဲ အမဲရောင်ချည်းဘဲ ဝတ်ချင်နေရတာလဲ"

"မင်း အခဲရောင်ကြိုက်ရင် အခဲယူပေါ့"

"အရောင်တူတူဝတ်ချင်လို့ပါဆို"

"အ့ဆို မင်းလဲ အမဲဘဲယူ"

"အခဲလေး ယူရအောင်လေ"

ဂယူဘင်က ခါတိုင်းနဲ့မတူစွာ ဇွတ်တရွတ်နိုင်နေပြီး တစ်ဖက်တွင် Ricky မှာလဲ အလျှော့မပေးချင်ပေ။ ဒီလိုနဲ့ သူတို့နှစ်ယောက်လုံး အဖြူရောင်သာ ရွေးလိုက်ပြီး ကျေအေးခဲ့ကြသည်။

"အာရမ် ဘာအရောင်ယူမှာလဲ ဝယ်ပေးမယ်"

ကျန်းဟောက်မှာ အငယ်နှစ်ယောက်ဘာဘဲ လိုချင် လိုချင် သူကိုယ်တိုင် ပိုက်ဆံထုတ်နေတော့သည်။ အင်္ကျီသုံးထည်အား အာရမ်နဲ့ တိုက်ကြည့်ပြီးမှ အခဲရောင်လေး ရွေးပေးလိုက်သည်။

"ယူဂျင်းက အဖြူလေးယူ"

ဆောင်းဟန်ဘင်းအတွက်လဲ သူဘဲရွေးပေးသည်။

"ဘယ်အရောင်လဲကြိုက်လဲ?"

"အကုန်အဆင်ပြေတယ်ရော?"

ကျန်းဟောက် တစ်ချက်တွေးလိုက်ပြီးနောက်

"အမဲရောင် ယူလိုက်"

ဆောင်းဟန်ဘင်းကလဲ နာနာခံခံပင်

"ကောင်းပါပြီး"

"ငါ့ကိုလဲ ပြန်ကြည့်ပေးဦး"

ကျန်းဟောက်က တစ်ထည်ချင်းစီ သူ့ကိုယ်ပေါ်မှာ ကပ်ပြရင်း မေးလာသည်။

"အကုန်လိုက်တယ်..... အခဲရောင်လေး ယူလိုက်မလား?"

ဆောင်းဟန်ဘင်းစကားကို ကလေးနှစ်ယောက်ကလဲ ထောက်ခံလာတာမို့ ကျန်းဟောက် အခဲရောင်လေးကို ရွေးခဲ့လိုက်သည်။ ကျန်းဟောက်က ကလေးနှစ်ယောက်အတွက် ဝယ်ပေးတာမို့ ဆောင်းဟန်ဘင်းက ကျန်းဟောက်အတွက် သူပေးပါရစေဟု တောင်းဆိုလာသည်။ ဆောင်းဟန်ဘင်း၏ တောင်းဆိုလာမှုကို ကျန်းဟောက်က နားမလည်စွာဖြင့်

"အတူတူဘဲလေ ဘာမှမပြောင်းလဲသွားတာကို"

"မင်းက အငယ်နှစ်ယောက်ကိုဝယ်ပေးတယ်လေ၊ ငါကကျတော့ မင်းအတွက် ဝယ်ပေးတာပေါ့၊ မတူဘူး"

"ဒါဆို ငါ သုံးထည်လုံးဝယ်လိုက်ရမလား? ငါနဲ့ အကုန်လုံးလိုက်တယ်ဆိုတော့......."

"......."

ဆောင်းဟန်ဘင်း တကယ်ပင် ကျန်းဟောက်အား အင်္ကျီသုံးထည် ဝယ်ပေးလိုက်ရသည်။

ည ၉ နာရီလောက်ရှိနေပြီးဆိုပေမယ့် ကျန်းဟောက်မှာ စိတ်တွေလှုပ်ရှားနေပြီး မနက်ဖြန်သွားရမဲ့ ကျောင်းလေ့လာရေးခရီးအတွက် ပြင်လို့ ဆင်လို့ကို မပြီးနိုင်ဖြစ်နေတော့သည်။

"ဟောက်ဟောက်ရယ်.... မသွားဖူးမှန်း သိသာလိုက်တာ"

ခွဲရတဲ့ ၂ လကျော်ကာလအတွင်းမှာ အခုမှ သူတို့သားအဖနှစ်ယောက် ပထမဆုံး အကြိမ် video call ပြောဖြစ်ကြတာဖြစ်သည်။

"Oh! သတိရပြီး PE ဝတ်စုံလဲ ထည့်ခဲ့ခိုင်းသေးတာ"

သူ့အဖေပြောသည်ကို ဂရုမစိုက်အားပေ။ ဟိုလျှောက် ဒီလျှောက်လုပ်နေရင်းမှ အဝတ်ဗီရိုဆီပြေးကာ ကျောင်းအားကစားဝတ်စုံကို ထုတ်ရသေးသည်။ တစ်စုံကိုက သွားကတည်းက ဝတ်သွားရမှာဖြစ်ပြီး၊ နောက်တစ်စုံကိုက လိုရမယ်ရ ထည့်သွားဖို့တွေးလိုက်သည်။ ပြီးနောက် ယူသွားရမည့် ပစ္စည်းတွေကို ကြည့်ရင်း အလေးအနက်တွေးနေပြန်သည်။

"ဟောက်ဟောက်! မျက်နှာလေး တစ်ချက်လာပြပါဦး၊ နာရီဝက်လောက် ဟိုလျှောက် ဒီလျှောက်လုပ်နေတာကိုကြည့်ရင်း မူးလာပြီ"

ထိုအခါမှ သူ့အဖေနဲ့ video call ပြောနေမှန်း သတိပြန်ရကာ ဖုန်းရှေ့သွားထိုင်ဖြစ်သည်။

မျက်နှာသေချာမြင်ရသည့်အခါ သူ့အဖေက စိတ်မကောင်းဖြစ်စွာပြောလာသည်။

"ပိန်သွားလိုက်တာ၊ အစားအသောက်ရော ဂရုစိုက်ရဲ့လား"

ကျန်းဟောက်မှာ ဒီတလော စားဝင်အိပ်ပျော်နေတာမို့ သူ့ကိုယ်သူ ဝ လာတယ်လို့တောင် တွေးနေမိတာပင်။ သို့ဖြစ်၍ ဖုန်းကင်မရာမှတဆင့် သူ့မျက်နှာ သူကြည့်လိုက်တော့ မူမမှန်ပေ။ သူ့မျက်နှာမှာ V shape ပေါ်ကာ လုံးဝကို ပိန်ပိန်သွယ်သွယ်လေးဖြစ်နေပြီး နဂိုကတည်းက မျက်ဝန်းအိမ်ကျယ်သည့် ကျန်းဟောက်မှာ သူ့မျက်လုံး သူကြည့်ရင်း လန့်သွားရသည်။

"ခနလေး"

ကျန်းဟောက် auto ဖြစ်နေတဲ့ filter ကို ဖျက်လိုက်တော့မှ သူ့နဂိုမျက်နှာလေးပေါ်လာတော့သည်။

"ခုနက filter ဝင်နေတာ၊ ဘယ်လိုလူတွေက ဒါကြီးကို သုံးနိုင်ကြတာလဲ? ကိုယ့်ရုပ်ကိုယ်တောင် လန့်သွားတာဘဲ"

ထိုအခါမှ သားဖြစ်သူရဲ့ မျက်နှာပြည့်ပြည့် ပါးမို့မို့လေးကို မြင်တော့မှ ကျန်းပါးပါးမှာလဲ စိတ်အေးရတော့သည်။

"စိတ်လှုပ်ရှားနေတာလား"

ဒီတစ်ခါတော့ ကျန်းဟောက် မူမနေတော့ဘဲ အမှန်တိုင်း ဝန်ခံလိုက်သည်။

"ဟုတ်တယ်"

"ပစ္စည်းတွေရော သေချာထည့်ပြီးပြီလား"

ကျန်းဟောက် သူ့အနောက်က ပစ္စည်းတစ်ပုံကို ပြန်လှည့်ကြည့်လိုက်သည်။

"ပထမဦးဆုံးဆိုတော့ ဘာထည့်သွားရမှန်း တကယ်မသိဘူး"

"တစ်ကိုယ်ရေသုံးဖို့ လိုအပ်တာတွေ ဦးစားပေးထည့်သွား၊ ကျန်တာက အဲ့လောက်အရေးမကြီးပါဘူး၊ နှစ်ညအိပ် သုံးရက်ခရီးဘဲကို"

"သိပါပြီး"

"စောစောလဲအိပ်ဦး၊ မနက်ကျ အစောကြီး ကျောင်းကို ထ သွားရမှာမလား? စိတ်လှုပ်ရှားပြီး ညည့်နက်တဲ့ထိ မနေနဲ့ဦး၊ ပြီးသွားရင် ပုံတွေလဲ ရိုက်ပို့ပေးဖို့မမေ့နဲ့ဦး၊ သူငယ်ချင်းကရော ဘယ်နှယောက်လဲရပြီးလဲ?"

"သိပ်တော့မများပါဘူး၊ ရှန့်ဟိုင်က သူငယ်ချင်းတစ်ယောက်လဲရှိတယ်၊ ဟိုတစ်ခါ အဖေ ကြည့်ကောင်းတယ်လို့ပြောတဲ့တစ်ယောက်၊ သူက ကျွန်တော်နဲ့ တစ်ခန်းထဲ၊ တစ်ခုခုဆို သူရှိနေတော့ ဘာသာစကားအခက်အခဲက တော်တော်လေး နည်းသွားတယ်

ထိုင်ခုံဖော်ကလဲ တော်တော်လေး တက်ကြွတယ်၊ သူ့ကြောင့်သာမဟုတ်ရင် ဒီနေ့လိုဖြစ်လာမှာမဟုတ်ဘူး ထင်တယ်၊ သူက ကျွန်တော့်အနားကို လူကောင်းတွေခေါ်လာပေးတာ၊

သူ့ထက် တက်ကြွတဲ့လူလဲရှိတယ်၊ တစ်ချိန်လုံးရန်ဖြစ်နေရလို့ ပျင်းချိန်တောင်မရှိဘူး၊

Ollie နဲ့ ရွယ်တူ ကောင်လေးတစ်ယောက်လဲရှိသေးတယ်၊ သူက Zအလယ်တန်းကျောင်းက၊ Ollie နဲ့တောင် မိတ်ဆက်ပေးချင်နေတာ၊ ဒါပေမယ့် ယူဂျင်းက အငြိမ်လေး ရှက်လဲရှက်တတ်သေးတော့ Ollie ကို မျက်စိနောက်သွားမလားလဲ စိတ်ပူတယ်၊

ခန္ဓာကိုယ်ခပ်ထွားထွားနဲ့တစ်ယောက်လဲရှိသေးတယ်၊ သူ့ကိုက အနားသိပ်မကပ်ရဲဘူး၊

တော်တော်လှတဲ့ အပြုံးနဲ့ သီချင်းဆိုကောင်းတဲ့ သူငယ်ချင်းလဲရှိသေးတယ်၊ အခုမှ တစ်ခါဘဲ အပြင်မှာ သေချာဆုံဖူးသေးပေမယ့်လို့

ပြီးတော့........."

ကျန်းပါးပါးမှာ သူ့သားပြောပြနေသည့် သူငယ်ချင်းအကြောင်းတွေကို တစ်ဖက်တွင် မေးလေးထောက်ကာ ပြုံး၍ နားထောင်ခဲ့သည်။ ဒီလို အခိုက်တန့်မျိုးကို သူရော ကျန်းမားမားရော နှစ်ယောက်လုံး မြင်ချင် ကြားချင်ခဲ့ကာနှစ်ရှည်လများ စောင့်ခဲ့ရသည်။ ထိုအခိုက်တန့်ရောက်လာသည့်တစ်နေ့မှာ ကျန်းမားမားက မရှိတော့ပေ။ ကျန်းပါးပါးစိတ်ထဲ ဝမ်းသာသလို ကြေကွဲသည့် ခံစားချက်ကြီးကလဲ ရင်ထဲဆို့တက်လာသည်။ ထိုစဉ် သားဖြစ်သူမှာ မရပ်မနားတတွတ်တွတ်ပြောလာပြီးမှ ရုတ်တရက်ဆို ရပ်ပစ်လိုက်လေသည်။

"ပြီးတော့?"

ကျန်းဟောက် တစ်ချက်လောက်တွေးလိုက်ပြီးမှ

"သူကနည်းနည်းတော့ ထူးခြားတယ်"

"ဘယ်လိုထူးခြားလဲ"

"သူ့အနားမှာ လူတွေအများကြီးဘဲ၊ လူမှုဆက်ဆံရေးကောင်းတဲ့လူလို့ပြောရမလား?

မလုပ်နိုင်တာလဲ ဘာမှမရှိဘူး၊ စာလဲတော်တယ်၊ တစ်ကျောင်းလုံးမှာ ပထမရတာပါဆို"

သူမမြင်ဖူးသေးတဲ့ သူငယ်ချင်းလေးကို အားရပါးရ ချီးကျူးနေသော သားဖြစ်သူကို ကြည့်ရင်း မစဘဲမနေနိုင်ဖြစ်လာရသည်။

"အို? ပထမနေရာက လုခံလိုက်ရလို့ စိတ်ဆိုးနေမယ်ထင်တားတာ"

ကျန်းဟောက် မျက်လုံးတို့မှေးကျဉ်းကာ သူ့အဖေကို တစ်ချက်ကြည့်လိုက်ပြီး

"သိပ်တော့မကျေနပ်ပေမယ့်လဲ..... ဘယ်လိုပြောရမလဲ လက်ခံလို့ရပါတယ်၊ ဒါပေမယ့် အရှုံးတော့ မပေးပါဘူး၊ ကျွန်တော် ပထမရအောင် ကြိုးစားမှာ၊ ပြီးတော့ သူက idol ဖြစ်ချင်တာ၊ သီချင်းလဲဆိုတာ ကောင်းသလို၊ အကလဲ တော်တော်ကျွမ်းတယ်၊ ဒီလို ဒီလို လုပ်တာပါဆို!!မြန်နေရော!!!ကျွန်တော်တောင် နည်းနည်းသင်ထားသေးတယ် ကြည့်ကြည့်"

ဆောင်းဟန်ဘင်းဆီက သင်ထားတဲ့ အခြေခံ tutting အကွက်လေးကိုလဲ ပြဖို့မမေ့ပေ။

"ပြီးတော့ ဒီအတောအတွင်း ကိုးရီးယားစာလေ့လာတဲ့အပိုင်းမှာလဲ ကူညီပေးသေးတယ်၊ အခုဆို စာလုပ်ရတာ သိပ်ပြီးအခက်အခဲမရှိတော့ဘူး"

"အဖေ့ရဲ့ ဟောက်ဟောက်လေးက သူငယ်ချင်းကောင်းလေးတွေ ရထားတာဘဲ"

"သူတို့တွေ ကျွန်တော့်အပေါ် တကယ်ကောင်းကြတယ်၊ အထူးသဖြင့် ဆောင်းဟန်ဘင်း၊ တကယ်ဆို သူက ကျောင်းသားဥက္ကအနေနဲ့ ဝင်ပြိုင်ဖို့ တွေးထားခဲ့တာထင်တယ်၊ ဒါပေမယ့် ကျွန်တော့်ကို အချိန်ပေးနေရတဲ့အပြင် သူ့ရဲ့ idol ဖြစ်ချင်တဲ့ အိပ်မက်အတွက်ကြောင့်ရော လေ့ကျင့်နေရတာမို့  ကျောင်းသားဥက္ကဌအနေနဲ့ဝင်ပြိုင်ဖို့ကို လက်လျှော့ခဲ့ရတယ်တဲ့၊ ကျွန်တော့်အတွက်တွေးပေးလို့ ဝမ်းသာပေမယ့် တစ်ဖက်မှာ သူ့အတွက် အခွင့်အရေးကို တားဆီးနေသလိုများဖြစ်နေမလားဆိုပြီး စိတ်မကောင်းတော့ဖြစ်မိတယ်"

"သူငယ်ချင်းတွေ တစ်ယောက်ကို တစ်ယောက် တွေးပေးကြတာကောင်းတယ်၊ အဲ့ကောင်လေးနဲ့ရော စကားပြောကြည့်ပြီးပြီးလား? ဟောက်ဟောက်၊ ဆရာခေါ်သင်ရင်ရော?"

"................."

"အဲ့လိုမလုပ်ချင်ဘူးလား?"

".............."

ကျန်းဟောက် ထိုမေးခွန်းအား မည်သို့တုံ့ပြန်ရမည်မသိပေ။ အစကတော့ ဆရာခေါ်သင်ဖို့ကို တွေးထားခဲ့ပေမယ့် အကြောင်းအရင်းအမျိုးမျိုးကြောင့် မခေါ်နိုင်ခဲ့ရာ ဆောင်းဟန်ဘင်းထံတွင် အကူညီတောင်းဖြစ်ခဲ့သည်။ ဆောင်းဟန်ဘင်းအတွက် တွေးပေးချင်ပေမယ့် တစ်ဖက်မှာ ဆောင်းဟန်ဘင်းနဲ့ဘဲ စာအတူလေ့လာချင်နေပြန်သည်။ ကိုယ့်အတွက်ကိုဘဲ ကြည့်လာသည့် တစ်လျှောက်လုံး ဒီတစ်ကြိမ်တော့ သူ လူဆိုးဖြစ်နေပြီးလားဟု အတွေးဝင်မိသည်ပင်။

သူ့သားက ပါးစပ်ကသာထုတ်မပြောပေမယ့် အဖြေက ပေးပြီးသားပင်။ ထို့ကြောင့် သူ့သားစိတ်ကျေနပ်အောင် လုပ်ပေးရတော့မည်။

"နားထောင်ကြည့်ရသလောက်ကတော့ အဲ့ကောင်လေးက-"

"ပင်းပင်းလို့ ခေါ်လို့ရတယ်"

သူ့အဖေက အလေးနက်ထားကာ အကြံပေးတော့မည့်ပုံပေါက်နေတာမို့ ကျန်းဟောက် ဖုန်းနားသို့ တိုးသွားကာ ထိုင်လိုက်သည်။

"ဟုတ်ပြီး၊ ပင်းပင်းကသာ တကယ်တမ်း ကျောင်းသားဥက္ကဌနေရာတွက် ယှဉ်ပြိုင်ချင်ရင် သူမကူညီပေးနိုင်တော့ကြောင်း သားကိုပြောပြမှာဘဲ၊ အခုနားထောင်ကြည့်ရသလောက်တော့ ဒီအကြောင်းကိုတောင် သူများဆီကတဆင့်ကြားလာခဲ့တာမလား?"

ကျန်းဟောက်ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ဒါက သူ့ရဲ့ရွေးချယ်မှုဘဲ"

သားဖြစ်သူရဲ့ မျက်နှာအမူအရာက သိသိသာသာ တောက်ပလာသည်ကိုကြည့်ရင်း ထပ်ပြီး မစဘဲ မနေနိုင်ပြန်ပေ။

"သူကိုယ်တိုင်က ရွေးချယ်တာဖြစ်ပေမယ့်လဲ ပြောရမှာ အားနာလို့လဲ ဖြစ်နိုင်တာဘဲ၊ သေချာမေးကြည့်လိုက်တာ ပိုမကောင်းဘူးလား"

ကျန်းဟောက်မှာ ဒီတစ်ကြိမ်တွင်တော့ ဟန်မဆောင်နိုင်စွာ ဆူပုတ်သွားတော့သည်။

"ကဲပါ..... အတွေးလွန်နေတာကိုလျှော့၊ အဖေက စ တာပါကွာ၊ မြန်မြန်ပြင်ဆင်ပြီး အိပ်ရာဝင်တော့ မနက်ကျ မထနိုင်ဘဲ နေလိမ့်မယ်၊ စိတ်လှုပ်ရှားလို့ ဆိုပြီး တစ်ညလုံး မအိပ်ဘဲလဲ မနေနဲ့ဦး"

"ဟုတ်ပါပြီး..... ဒါဆို ဖုန်းချလိုက်တော့မယ်"

သူ အားလုံးပြင်ဆင်ပြီးတာနဲ့ အိပ်ဖို့ကြိုးစားပေမယ့် အိပ်မပျော်ပေ။ ထို့ကြောင့် ဖုန်းသုံးရင်း ဟိုဟို ဒီဒီလျှောက်ကြည့်နေလိုက်သည်။ Visual after Visual gp ထဲ ဝင်ကြည့်တော့လဲ ဘယ်သူမှ မအိပ်ကြသေးပေ။

Visual after Visual

I,mgyu : မင်းတို့ အိပ်ကုန်ကြပြီလား?

Ricky : 🖐️

Giantbaby : ဂိမ်းကစားဖို့မခေါ်နဲ့

I'm_T : ငါတော့ အိပ်ပြီ

Zhalways_1 : အိပ်မရဘူး 🫨

Shanbin : အိပ်သင့်နေပြီး မနက်ကျ ကားအကြာကြီး စီးရမှာ

Zhalways_1 : 🥹

ထို့နောက် ဆောင်းဟန်ဘင်းက သူ့အား private chat မှ စာပို့လာသည်။

Shanbin : စိတ်လှုပ်ရှားနေတာလား

Zhalways_1 : (ခေါင်းညိတ်နေသည့် စတစ်ကာလေး)

Shanbin : ဒါပေမယ့် အိပ်မှရမှာရော၊ မနက်ကျ condition မကောင်းဘဲနေလိမ့်မယ်

Zhalways_1 : ဒါဆို ဘယ်လိုလုပ်ရမလဲ?

Shanbin : သိုးကလေးတွေ ရေတွက်နေရင်ရော

Zhalways_1 : ဘယ်လောက်အထိ ရေတွက်ရမှာလဲ

Shanbin: အိပ်ပျော်သွားတဲ့အထိပေါ့

Zhalways_1 : ဒါပေမယ့် ငါက သိုးလေးတွေကို သိပ်သဘောမကျဘူး

Shanbin : ဒါဆို ဟမ်းစတားလေးတွေရော

>

>

ဆောင်းဟန်ဘင်းက ချစ်စရာကောင်းသည့် ဟမ်းစတားပုံလေးတွေပါ ပို့ပေးလာခဲ့သည်။ တော်တော်များများက ဆောင်းဟန်ဘင်းကို ဟမ်းစတားနဲ့ တူတယ်လို့ ပြောကြသည်။ physical ကဟမ်းစတားနှင့်တူကာ personality က မင်းသားလေးလိုဖြစ်တာကြောင့် hamja-nim ဟုလဲ နာမည်ပြောင်ပေးထားကြသေးသည်။ တစ်ခါတစ်ရံ ဂယူဘင်က ထိုသို့ခေါ်သည်အား ကြားဖူးသည်။

Zhalways_1 : မင်းကို ဟမ်းစတားနဲ့တူတယ်လို့ ပြောကြတယ်မလား?

Shanbin : မှန်တယ်

Zhalways_1 : ငါတော့ အဲ့လိုမထင်ဘူး

Shanbin : ဘာလို့?

Zhalways_1 : ကြောင်ကလေးနဲ့ ပိုတူလို့လေ

Shanbin : meow~

ကျန်းဟောက်၏ ဦးနှောက်မှာ တစ်ခနလောက် အလုပ် မလုပ်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ထို "meow~" ဆိုတာကို သူ့နားထဲတွင်ပါ ကြားယောင်မိသွားတာကြောင့် ဖြစ်သည်။ သူ ရုတ်တရက် ဘာလုပ်ရမှန်းမသိကာ ဖုန်းကို အိပ်ယာပေါ် ပစ်ချရင်း ထ ထိုင်လိုက်မိသည်။

သို့ပေမယ့် သူ အိပ်ပျော်မှဖြစ်မှာမို့ ပြန်လှဲချလိုက်သည်။ ထို့နောက် အသက်ကို ပုံမှန်ရှူကာ တည်ငြိမ်လာမှ ဖုန်းကို ပြန်ကောက်ကိုင်ကာ စာပြန်လိုက်သည်။

Zhalways_1 : အိပ်ပြီ၊ မနက်ဖြန်တွေ့မယ်

Shanbin : good night 🌙

===============

Tbc........

February 9, 2025

အပိုင်း ၂၇ တောင်ရောက်လာပြီး

အတူလိုက်လာပေးကြလို့ ကျေးဇူးပါနော်🫶

Edit- ဒီပုံလေးတွေ့တော့ "Meow~" လေးကို သတိရသွားလို့ ပုံလာထည့်ပေးတာ