Chapter 27: အပိုင်း (၂၆) ခဲဖျက်လေးပျောက်သွားပြီ

My other halfWords: 22596

"အဆောင်မှာဘဲ ရှိနေသေးတာလား"

"အင်း အခန်းတံခါးပိတ်နေပြီ"

"မြန်မြန်လာလေ၊ ငါဗိုက်ဆာနေပြီ"

"ခနလေးဘဲစောင့်!"

ဖုန်းချလိုက်ပြီးနောက် ဆောင်းဟန်ဘင်း အဆောင်အခန်းတံခါးကို မြန်မြန်ပိတ်လိုက်ရသည်။ သူလုပ်သမျှကို ဘေးနားကနေ မတ်သရူးက ရပ်ကြည့်နေသည်။

"Why I feel like this? So lovey dovey"

"Haha! မြန်မြန်သွားရအောင် ကျန်းဟောက်က ဗိုက်ဆာနေပြီပြောတယ်"

ဒီလိုနဲ့ သူတို့နှစ်ယောက် ကျောင်းကန်တင်းဘက်ကို ခပ်သွက်သွက်ထွက်လာခဲ့ကြသည်။ သွားနေရင်းနှင့်ပင် သူတို့အဆောင်ဘက်ခြမ်းသို့ ဦးတည်ကာ လမ်းလျှောက်လာနေသည့် ကျန်းဟောက်အား တွေ့လိုက်ရသည်။ ထို့ကြောင့် ဆောင်းဟန်ဘင်း အပြေးတစ်ပိုင်းလေးဖြင့် ကျန်းဟောင်ရှိရာသို့ ပြေးသွားရင်း မေးလိုက်သည်။

"အယ်? ဘာလို့ လိုက်လာတာလဲ?"

"မင်းတို့က ကြာတာကိုး၊ ငါ ဂုတ်ကနေဆွဲပြီး လာခေါ်တော့မလို့"

သူတို့လဲ အလျင်စလိုထွက်လာရတာမို့ ကျောင်း အင်္ကျီပင် သေချာမဝတ်ခဲ့ရတာကြောင့် ကော်လာကို ခေါက်ချရင်း မတ်သရူးက မခံနိုင်စွာ ပြောလာခဲ့သည်။

"အစားသရဲက ဗိုက်ဆာရင် စိတ်ကိုမရှည်တော့ဘူး"

သူ့ကိုပြောနေသည်အား မကြားချင်ယောင်ဆောင်ကာ ရှေ့ကနေ ဦးဆောင်၍ ကန်တင်းဘက်သို့ ပြန်လျှောက်သွားလိုက်သည်။

သူတို့သုံးယောက်အတူ မနက်စာ အတူစားကြသည်။ ပြီးနောက် မီနီမတ်ဆီမှ သောက်စရာတချို့နှင့် ပါမုန့်တချို့ဝယ်ကာ စာမေးပွဲ ဖြေရမည့်အခန်းသို့ အတူထွက်လာကြသည်။

ပါမုန့်ကို တစ်ကိုက်ပြီး တစ်ကိုက်စားနေရင်း ကျန်းဟောက် တစ်စုံတစ်ခုကို ခံစားနေရသည်။ သူ လှည့်ကြည့်လိုက်တော့ သူ့လက်ထဲမှ ပါမုန့်အား ဆောင်းဟန်ဘင်းက မျက်လုံးဝိုင်းများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သို့ဖြစ်၍ သူ ပါမုန့်ကို ဆောင်းဟန်ဘင်း၏ ပါးစပ်နားသို့ တိုးပေးလိုက်သည့်အခါ ဆောင်းဟန်ဘင်းကလဲ တစ်ကိုက် ကိုက်လာသည်။ ပြီးနောက် အရသာ ခံရင်း မျက်မှောင်အနည်းငယ်ကြုံ့သွားသည်ကို တွေ့လိုက်ရသည်။

"မကြိုက်ဘူးလား"

"အင်းး....? နည်းနည်း...?"

"အ့ဆို ဘာလို့ ခုနက စားချင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာလဲ"

"ဘာအရသာလဲဆိုတာသိချင်လို့လေ"

"ငါ့လဲတစ်ကိုက်"

ထိုအခါ ဆောင်းဟန်ဘင်းကလဲ သူ့လက်ထဲမှ အရသာမတူသည့် ပါမုန့်အား ကျန်းဟောက်ကို ကျွေးလိုက်သည်။

"အွန်းးး!!! အရသာရှိသားဘဲ"

"ငါအကြိုက်ဆုံးအရသာလေ"

"နောက်ခါဆို ဒါဝယ်စားရမယ်"

ဒီလိုနဲ့ သူတို့ရဲ့ စာမေးပွဲခန်းရှိရာသို့ ရောက်လာကြသည်။ ကျောင်းသားတော်တော်များများက အခန်းရှေ့တွင် နေရာယူထားကြကာ တချို့မှာ စာပြန်ကြည့်နေပြီး တချို့မှာ ယူလာသည့်ပစ္စည်းတွေ စုံ မစုံပြန်စစ်နေကြတတ်သည်။ သူတို့ အခန်းထဲတွင် ပထမနှစ်ချည်းဘဲ အယောက်ပေါင်း ၂၅ ယောက်ရှိပြီး (B) ခန်းထဲကဆိုလို့ သူတို့ အုပ်စုသာရှိပြီး အများဆုံးမှာ (A) ခန်းမှ ကျောင်းသား၊ သူများဖြစ်ကြသည်။

"ငါ ခဲဖျက်မပါလာဘူးဘဲ"

"ငါ့မှာလဲ အပိုမပါလာဘူး၊ သွားပြေးဝယ်ရင် မှီလောက်လား"

"နောက် ၁၅ မိနစ်လောက်ဆို ဝင်ရတော့မှာမလား? မီနီမတ်ကိုဆို ဒီကနေ အသွားအပြန်မမှီဘူး၊ ပြီးတော့ အခန်းစောင့်ဆရာထဲ ဆရာချွဲပါတယ်လေ၊ ငါကြောက်တယ်"

သူတို့ဘေးနားရှိကျောင်းသူလေးနှစ်ယောက်၏ ပြောစကားကိုကြားသည့်အခါ ဆောင်းဟန်ဘင်းက သူ့လွယ်အိတ်ထဲမှာ တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်သည်။

"ဂျောင်ဆိုမီ ငါ့ဆီမှာ အပိုပါတယ်"

"အတန်းခေါင်းဆောင် နင်က ဘယ်နေရာမှာမဆို အားကိုးရတယ်၊ ကျေးဇူးဘဲနော်"

ဂျောင်ဆိုမီ ဆိုသည့်ကျောင်းသူလေးမှာ ဆောင်းဟန်ဘင်းအား ပြုံးပြရင်း ခဲဖျက်လေးကို လှမ်းယူလိုက်သည်။ ခဲဖျက်က သေးတာမို့ လက်ချောင်းချင်း ထိမိသည်က ပုံမှန်ဆိုပေမယ့် ကျန်းဟောက်ကတော့ ထိုသို့မခံစားရပေ။ ဂျောင်ဆိုမီမှာ တမင်ကို ဆောင်းဟန်ဘင်း၏ လက်ချောင်းလေးတွေကို ကိုင်သွားသည်အား သူတွေ့လိုက်ရသည်။ ထို့ကြောင့် သူဆောင်းဟန်ဘင်းအား ကြည့်လိုက်သည့်အခါ ဘာအမူအရာမှ မတွေ့ရပေ။

ဘာလဲဟ? တကယ်မသိလိုက်တာလား?

အခုလေးတင် မင်းအသားယူခံလိုက်ရတာလေ

တကယ်ကြီး သတိမထားမိဘူးပေါ့?

ဆောင်းဟန်ဘင်းမှာလဲ ကျန်းဟောက်က သူ့အား နားမလည်နိုင်စွာကြည့်နေတာမို့ ပြန်ကြည့်ရင်း ရှင်းပြလေသည်။

"ပုံမှန်ဆိုလဲ ဒီလိုဘဲ ပစ္စည်းအပိုဆောင်တတ်လို့ပါ၊ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကျန်တတ်လို့လေ"

ကျန်းဟောက်သိချင်တဲ့ အကြောင်းအရာက ထိုအရာမဟုတ်ပေ။ သို့ပေမယ့် သူမမေးဖြစ်ဘဲ အလိုက်အထိုက်သာနေဖို့တွေးလိုက်သည်။ သူက skinship နဲ့ပတ်သက်ပြီး အထူးသတိထားလို့သာ တွေးမိပြီး ဆောင်းဟန်ဘင်းကတော့ ထိုသို့တွေးမိလိမ့်မည်မဟုတ်ပေ။

"အော်....ကောင်းပါတယ်"

ကျန်းဟောက်၏လေသံမှာ သိပ်ပြီး မူမမှန်ပေ။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်သွားလဲ ဆောင်းဟန်ဘင်းမသိပေ။

သိပ်မကြာခင်မှာ စာမေးပွဲအခန်းထဲဝင်ရန် အချက်ပေးသည့် ခေါင်းလောင်းသံအား ကြားလိုက်ရတာကြောင့် ကျောင်းသားတွေအားလုံး အသီးသီး ကိုယ့်နေရာ ကိုယ်ဝင်ထိုင်လိုက်ကြသည်။ အခန်းစောင့်ဆရာထဲတွင် ဆရာချွဲဆိုတဲ့သူပါလာတာကြောင့် ဘယ်သူမှ မလှုပ်ရဲကြပေ။ ကျန်းဟောက်ကိုယ်တိုင်လဲ ထိုဆရာနှင့် အပြစ်ပေးခံထိဖူးတာ့မို့ ငြိမ်ငြိမ်လေး နေရမယ်ဆိုတဲ့ အသိပေးချက်ကြောင့်က ခေါင်းထဲ အလိုလိုဝင်နေခဲ့သည်။ သို့ပေမယ့် ဆရာ အနောက်တန်းတွေဆီရောက်သွားသည့်အခါ ဘေးနားခုံရှိ ဆောင်းဟန်ဘင်းအား မျက်လုံးလေးထောင့်ကပ်ကာ ကြည့်လိုက်မိသည်။ သူ့အကြည့်ကို သတိထားမိသည့်အခါ ဆောင်းဟန်ဘင်းက မျက်နှာကို သူ့ဘက်ဆီသို့ အနည်းငယ်စောင်းကာ မျက်လုံးတစ်ဖက်မှိတ်ပြလာသည်။

မထင်မှတ်ထားသည့် အပြုအမူကြောင့် ကျန်းဟောက် ခေါင်းကိုလှည့်ကာ ကြည့်လိုက်မိချိန်တွင် သူ့ခေါင်းအား လက်ကြီးကြီးတစ်ခုက အုပ်ကိုင်ကာ လှည့်လိုက်ခြင်းကို ခံလိုက်ရသည်။

"ဟိုလှည့် ဒီလှည့် လုပ်မနေနဲ့၊ အရှေ့တည့်တည့်ကိုဘဲကြည့်"

ပြီးနောက် ဆရာက ရှေ့ဆုံးတန်းမှနေ၍ နောက်ဆုံးတန်းသို့ ပြန်လျှောက်သွားပြန်သည်။ တရားခံ ဆောင်းဟန်ဘင်းမှာ ခိုးကာ ကြိတ်ရယ်နေသည်ကို မြင်ရသည့်အခါ မတရားခံရသလို ခံစားလိုက်ရသည်။

တကယ်ဆို သူက ခံရသူပါနော်။

တီ.....တောင်.....တီ.....တောင်

စာမေးပွဲဖြေဆိုချိန် ကုန်ဆုံးပြီဖြစ်သည်။ ဆရာချွဲက အဖြေလွှာတွေကို လိုက်သိမ်းရင်း သတိပေးစကားပြောဖို့ကိုလဲ မမေ့ပေ။

"နေ့လည် တစ်နာရီကျရင် နောက်တစ်ဘာသာ ထပ်ဖြေရဦးမယ်၊ ဂျန်ယူရီ၊ ကင်ဂယူဘင်၊ ရှန်Ricky ထပ်ပြီးနောက်မကျစေနဲ့၊ နောက်တစ်ခါ ထပ်ဖြစ်ရင် စာမေးပွဲခန်းထဲ ပေးမဝင်ဘူး"

"ဟုတ်"

"ဟုတ်ကဲ့!!"

"မင်းက ငါအသက်ကြီးနေလို့ နားပါလေးနေပြီလို့ ထင်နေတာလား?"

"မဟုတ်ပါဘူး ဆရာ!!"

"မင်းတို့လူငယ်တွေ ပြောလို့ဆိုလို့ကို မကောင်းဘူး"

စာမေးပွဲခန်းထဲ တိတ်ဆိတ်နေချိန် ဂယူဘင်က အသံကို မထိန်းမိဘဲပြောလိုက်တာကြောင့် သူ့အသံကကျယ်လောင်စွာထွက်ပေါ်လာသည်။

နဂိုကတည်းကမှ တည်ကြည်ကာ စည်းကမ်းကြီးသည့် ဆရာချွဲမှာ အမြဲ ပေါက်ကရလုပ်ကာ ဗရုတ်သုတ်ခနိုင်သည့် ဂယူဘင်ကို အမြဲမျက်လုံးထဲတန်းမြင်တာကြောင့် တစ်ခုမဟုတ် တစ်ခုတော့ အမြဲဆူခံရမြဲပင်။

ဒီလိုနဲ့ သူတို့တွေ နေ့လည်စာ စားကြပြီး နားဖို့အချိန်မရှိဘဲ နောက်တစ်ဘာသာဖြေရန် အဆင်သင့်ပြင်ရပြန်သည်။

"အို? ငါ့ခဲဖျက်ဘယ်ရောက်သွားပါလိမ့်?"

ဒီလိုအဖြစ်အပျက်မျိုး မနက်ကတင် ဖြစ်ခဲ့တာကြောင့် သူရင်းနှီးနေသည်။ ဆိုပေမယ့် ဒီတစ်ခေါက် ခဲဖျက်ပျောက်သွားသူမှာ ကျန်းဟောက်ဖြစ်နေသည်။

ကျန်းဟောက်မှာ တမင်ပင် အသံကို အနည်းငယ်မြှင့်၍ ထပ်ပြောလာသည်။

"အို? ရှာမတွေ့တော့ဘူး၊ ဘယ်ရောက်သွားတာပါလိမ့်?"

ဆောင်းဟန်ဘင်းထံတွင်လည်း ခဲဖျက်တစ်တုံးသာ ကျန်တော့သည်။ သို့ပေမယ့် ရှိတဲ့တစ်တုံးကို တွေဝေခြင်းမရှိဘဲ ထုတ်ပေးလာသည်။

"ငါ့ဆီကဟာ ယူထားလိုက်"

ကျန်းဟောက် လွယ်အိတ်ထဲတွင် ခဲဖျက်ရှာနေရင်း မော့ကြည့်လိုက်သည်။

"မင်းမှာ ဒီတစ်ခုဘဲကျန်တော့တာမလား"

"ခဲတံမှာ ပါတဲ့ခဲဖျက်ကို သုံးလိုက်မယ်"

ကျန်းဟောက် ဆောင်းဟန်ဘင်း ကမ်းပေးလာသည့် ခဲဖျက်ကိုကြည့်ရင်း ယူသင့် မယူသင့် တွေဝေနေချိန် သူ့ဘေးဘက်မှနေ၍ အသံတစ်သံထွက်လာသည်။

"ဟန်ဘင်း နင် ဒီဟာကို သုံးလို့ရတယ်"

သူလှည့်ကြည့်လိုက်တော့ မနက်က ကျောင်းသူ ဂျောင်ဆိုမီပင်။ သို့ပေမယ့် ခဲဖျက်က မတူတော့ပေ။ သူမ ပေးလာသည့် ခဲဖျက်မှာ ပန်းရောင်လေးဖြစ်သည်။ ချစ်စရာကောင်းသည့် စက္ကူပတ်လေး၏ အောက်တွင် တစ်စုံတစ်ခုကိုရေးထားသလို အစလေး အနည်းငယ်ထွက်နေသည်ကို မြင်နေရသည်။

ကျန်းဟောက် ထိုခဲဖျက်ကို ငုံ့ကြည့်ရင်း မဲ့ပြုံး မပြုံးဘဲ မနေနိုင်တော့ပေ။

ကျန်းဟောက်တစ်ခုခုပြောဖို့ ပြင်လိုက်ချိန်မှာပင် ဆောင်းဟန်ဘင်းက သူ့ခဲဖျက်ကို လက်ဖြင့်ပင် နှစ်ပိုင်း ပိုင်းလိုက်ကာ ဂျောင်ဆိုမီပေးလာသည့် ခဲဖျက်အား ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်သည်။

"ကျေးဇူးဘဲ၊ ငါနဲ့ ကျန်းဟောက် မျှသုံးလိုက်မယ်"

ထိုအခါ ဂျောင်ဆိုမီမှာ မျက်နှာအနည်းငယ်ပျက်သွားပြီး  သူမရဲ့ ခဲဖျက်လေးကို ပြန်သိမ်းကာ နှုတ်ဆက်ပြီးနောက် သူတို့အနားကထွက်သွားလေသည်။

"မင်းကို တစ်ဝက်ပေးမယ်"

ဆောင်းဟန်ဘင်းက သူ့အား ခဲဖျက်တစ်ပိုင်းကို ပေးလာခဲ့သည်။ ဆောင်းဟန်ဘင်းရဲ့ လက်ဖဝါးပေါ်တွင် နှစ်ပိုင်း ပိုင်းခံထားရသည့် ခဲဖျက်လေး နှစ်ခုရှိနေသည်။ ကျန်းဟောက်ထိုထဲက တစ်ခုကို ယူလိုက်ချိန် ဆောင်းဟန်ဘင်းအား သူ့လက်ချောင်းအား ဆုတ်ကိုင်လိုက်သည်။

ပထမတစ်ခေါက် ကျန်းဟောက်ရုန်းလိုက်သည်။

မရပေ။

နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်လဲ အချည်းနှီးသာ။

သူဆောင်းဟန်ဘင်းကို မော့ကြည့်လိုက်သည့်အခါ ပြုံးစိစိမျက်နှာထားဖြင့် သူ့အား ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"လွှတ်!"

ဆောင်းဟန်ဘင်းက မလွှတ်ပေးဘဲ သူ့အား မခံချင်အောင် စ လာသည်။

"မင်းရုန်းကြည့်လေ"

ကျန်းဟောက် တတိယအကြိမ်ထပ်ကြိုးစားကြည့်လိုက်သည်။ ဆောင်းဟန်ဘင်းက သူ့လက်အား ပို၍ တင်းကြပ်အောင်ပင် ဆုတ်ကိုင်ထားလိုက်သေးသည်။ ထိုအခါ ကျန်းဟောက် စိတ်ထဲ မရိုးမယွဖြစ်လာကာ ရယ်ချင်စိတ်ကို ထိန်းရန် အောက်နှုတ်ခမ်းကို ဖိကိုက်ထားရသည်။ ပြီးနောက် ကျန်လက်တစ်ဖက်ဖြင့် ဆောင်းဟန်ဘင်းလက်မောင်းအား အားကုန်မသုံးဘဲ ထုလိုက်တော့သည်။ ထိုအခါမှဆောင်းဟန်ဘင်းက နာချင်ယောင်ဆောင်ကာ သူ့အား လွှတ်ပေးတော့သည်။

"Ouch!! Okok လွှတ်ပေးမယ်၊ မထုနဲ့တော့"

ညနေကျောင်းဆင်းချိန်ရောက်သည့်အခါ သူတို့ အားလုံး အတူစားကြဖို့ စီစဉ်ထားပေမယ့် ဆောင်းဟန်ဘင်းက လုပ်စရာရှိလို့ ဆိုကာ သူတို့နဲ့အတူမလိုက်နိုင်ကြောင်းပြောလာသည်။

"မင်းတို့ဘဲ သွားကြတော့၊ ငါကိစ္စရှိလို့"

"ဘာကိစ္စလဲ?"

ဆောင်းဟန်ဘင်းက လက်ညိုးကို နှုတ်ခမ်းရှေ့တွင် ကာပြရင်း

"လျှို့ဝှက်ချက်"

"အိုကေလေ ဒါဆိုလဲ သွားတော့မယ်၊ မနက်ဖြန်တွေ့မယ်"

"မေးချင်တာတစ်ခုခုရှိရင် ဖုန်းဆက်လိုက်လို့ရတယ်၊ ဖုန်းကို အနားမှာဘဲ ထားထားလိုက်မယ်"

"အင်း.... ဆက်လိုက်မယ်"

==============

Tbc..........

February 6, 2025