Chapter 26: အပိုင်း (၂၅) အိမ်အတူပြန်ရအောင်

My other halfWords: 37780

ညနေကျောင်းဆင်းချိန်ဆိုပေမယ့် ကျောင်းသား ကျောင်းသူများမှာ အိမ်မပြန်ကြရသေးဘဲ တာဝန်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ ကျောင်းသားဥက္ကဌအဖွဲ့က စာမေးပွဲအချိန်စာရင်း၊ ထိုင်ခုံနံပါတ်နှင့် အခန်းစာရင်းများကို လိုက်ကပ်ကြပြီး ကျန် ကျောင်းသား ကျောင်းသူများမှာ အတန်းပိုင်ဆရာ ဆရာမများ၏ ညွှန်ကြားချက်အတိုင်းခုံစီရန် တာဝန်ယူရသည်။

ခုံစီပြီးနောက် သူတို့၏စားပွဲခုံအောက်မှ စာအုပ်တချို့ကို အိမ်ပြန်မယူသွားချင်တာကြောင့် အခန်းထဲရှိလော့ကာထဲတွင်သာ ထည့်ထားလိုက်သည်။

"ကျန်းဟောက် ပြီးပြီဆိုရင် အခန်းနံပါတ်သွားကြည့်ရအောင်"

"အခန်းက ပြောင်းရဦးမှာလား?"

"ဟုတ်တယ် မင်း က ကျောင်းသားသစ်မို့ အရင်တစ်ခေါက်က နောက်ဆုံးခုံနံပါတ်နဲ့ဖြေခဲ့ရတာမလား? ဒီတစ်ခေါက်တော့ ငါတို့ တစ်ခန်းထဲ ကျလောက်တယ်"

Z ကျောင်းတွင် စာမေးပွဲဖြေသည့်အခါ ခုံနံပါတ်ကို ကျောင်းသားတွေ ပထမစာမေးပွဲကရခဲ့တဲ့ အဆင့်အတိုင်း သတ်မှတ်ပေးတာဖြစ်သည်။ ကျန်းဟောက်မှာ ကျောင်းသားသစ်ဖြစ်နေတာကြောင့် Z ကျောင်း၏အဆင့်သတ်မှတ်ချက်မရှိသေးတာမို့ ပထမစာမေးပွဲတွင် နောက်ဆုံးခုံနံပါတ်နဲ့ဖြေခဲ့ရတာဖြစ်သည်။ ထို့ကြောင့် ပထမစာမေးပွဲတွင် ကျန်းဟောက်က တစ်ကျောင်းလုံး၏ပထမနှစ်တွေထဲတွင် ဒုတိယရခဲ့တာကြောင့် ဒီပထမနှစ်ဝက်၏ ဒုတိယစာမေးပွဲအတွက် ကျန်းဟောက်၏ ခုံနံပါတ်မှာ နံပါတ် (၂) ZH-10002 ဖြစ်သည်။

သူတို့ လေးယောက်အတူထွက်လာစဉ် လမ်းတွင် ဂွန်ဝုနဲ့စုံကြသည်။

"အခန်းသွားရှာကြမှာမလား? အတူသွားရအောင်"

ဂွန်ဝုက မတ်သရူး၏အနားသို့ ရောက်လာကာ ပုခုံးလှမ်းဖက်ရင်း အရှေ့သို့ဆွဲခေါ်သွားတာကြောင့် ကျန်းဟောက်မှာ ကြောင်တောင်တောင်လေးဖြင့် ကျန်ခဲ့ရသည်။ များသောအားဖြင့် သူတို့လေးယောက် တစ်နေရာသို့ သွားလျှင် ကျန်းဟောက်နှင့် မတ်သရူးက ဘေးချင်းယှဉ်၍ အရှေ့က သွားပြီး Ricky နှင့် ဂယူဘင်က အနောက်က လိုက်သည်။ အခုတော့ မတ်သရူးကို ဂွန်ဝုက ခေါ်သွားတာကြောင့် ကျန်းဟောက်တစ်ယောက်သာ လျှောက်ရတော့မည်ဖြစ်သည်။

ပတ်ဂွန်ဝု၏လှုပ်ရှားမှုမှာ လျင်မြန်လွန်းတာကြောင့် ကျန်းဟောက် ထိတ်လန့်သွားကာ ခြေလှမ်းတွေ ရပ်တန့်သွားရသည်။

လန့်သေတော့မှာဘဲ!

သူက နဂိုကတည်းက ပတ်ဂွန်ဝုကို မြင်တိုင်း သတိထားနေတာမို့ ယခုလို အနောက်ကနေ ဘွားခနဲပေါ်လာပြီး သူ့အနားကလူမှာလဲ ဆက်ခနဲ ဆွဲခေါ်ခံသွားရသည်။ ကျန်းဟောက်က အရှေ့ကနေ သွားနေရင်း ရပ်လိုက်တာမို့ သူ့အနောက်က နှစ်ယောက်ကလဲ လိုက်ရပ်ရသည်။

"သွားရအောင်လေ"

ထို့နောက် Ricky တို့က သူ့ကိုကျော်တက်သွားပြီး အနောက်တွင် ချန်ထားခဲ့တာကြောင့် ကျန်းဟောက် သူတို့နောက်မှ အပြေးတစ်ပိုင်းလေးဖြင့် လိုက်သွားရသည်။

"ဟိတ်!"

"အ!*****"

"ဖွီးးးးဟားးးဟားး"

အနောက်ကနေ တစ်ယောက်ယောက်က သူ့အားခြောက်လိုက်တာမို့ ဒီတစ်ခါတော့ သူ မနေနိုင်ပါဘဲ တရုတ်လိုပင် ဆဲမိသွားသည်။ လျှောက်လှမ်း တစ်လျှောက်တွင် သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာတာမို့ အကုန်လုံးက လှည့်ကြည့်လာကြသည်။

ထိုလူတွေထဲတွင် ကျန်းဟောက် အား နားလည်သူမှာ Ricky တစ်ယောက်တည်းသာရှိတာမို့ Ricky မှာ အောင့်ထားနေရာမှ မထိန်းချုပ်နိုင်တော့ဘဲ ဗိုက်ကိုဖိကာ အသံထွက်ရယ်မိတော့သည်။

တရားခံဖြစ်သူ ဆောင်းဟန်ဘင်းမှာလဲ သူ့အားမျက်မှောင်ကြုတ်ကာ ဆူပုတ်နေသည့် မျက်နှာနှင့် ကြည့်နေသည့် ကျန်းဟောက်အား ကြည့်ကာ ရယ်မောနေသည်။

"မင်း ငါ့ကို လန့်သေအောင်လုပ်နေတာလား?"

"ဟားးဟားးး မင်းက စ လို့ကောင်းလို့လေ၊ ဒါနဲ့ ခုနက ဆဲလိုက်တာမလား"

ကျန်းဟောက်မှာ ဗြောင်ငြင်းသည်။

"မဆဲပါဘူး၊ ဒီတိုင်း လန့်ပြီး တရုတ်လို စကားတချို့ထွက်သွားတာ"

ထိုအခါ သူတို့ပြောနေတာကို အကုန်ကြားနေရသည့် Ricky က နောက်လှည့်လာကာ ဖော်ကောင်လုပ်တော့သည်။

"သူ ဆဲလိုက်တာ"

"မင်း!"

"ဘာလဲ?"

ဟုဆိုကာ Ricky က သူ့အား လျှာလေးထုတ်ပြကာ ပြောင်ပြပြီးနောက် အရှေ့ပြန်လှည့်သွားတော့သည်။ ရှေ့လှည့်သွားသည့် Ricky အား လက်သီးလက်ဟန်ပြပြီးနောက် ဆောင်းဟန်ဘင်း ဆီသို့ ပြန်လှည့်ကာ မကျေနပ်ကြည့်ဖြင့် ကြည့်ပေးလိုက်သည်။

"မင်းက ငါ့ကို လန့်အောင် စ တာကိုး၊ အဲ့တော့ ဆဲခံရမှာဘဲ"

"ဟမ်?.... တကယ်ကြီး ဆဲမလို့လား?"

ဆောင်းဟန်ဘင်းမှာ ထိုသို့မေးလာပြီး ပြုံးရွှင်နေတဲ့မျက်နှာလေးက ညှိုးငယ်သွားတာကို ကြည့်ရင်း ကျန်းဟောက်တစ်ယောက် သူ လွန်သွားသည်ဟု ခံစားလိုက်ရသည်။

"အဲ့.....အဲ့လိုတော့လဲ မဟုတ်ပါဘူး၊ မင်းကို ဆဲတာမှ မဟုတ်တာ၊ ဒီတိုင်း ယောင်ပြီးထွက်သွားတာ"

ထိုအခါ ဆောင်းဟန်ဘင်း၏မျက်နှာတွင် အပြုံးတစ်ပွင့်ထွက်ပေါ်လာပြီး

"မင်း ဆဲလဲ ကိစ္စမရှိပါဘူး၊ ငါက စ မှာဘဲ"

ဟုဆိုကာ လျှာထုတ်ပြရင်း ကျန်းဟောက်၏ ပါးကို လိမ်ဆွဲကာ ထွက်ပြေးတော့သည်။ အငိုက်မိသွားတဲ့ ကျန်းဟောက်မှာ ဆောင်းဟန်ဘင်းနောက်မှ ပြေးလိုက်တော့သည်။

"ဆောင်းဟန်ဘင်း!!!! မင်း ရပ်နေလိုက်"

ကျန်းဟောက်မှာ နဂိုကတည်းက ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် ဆောင်းဟန်ဘင်းကို မှီအောင် မလိုက်နိုင်ပေ။ သို့ပေမယ့် အရှုံးမပေးဘဲ အနောက်က ပြေးလိုက်နေဆဲပင်။ ဆောင်းဟန်ဘင်းမှာ နောက်ပြန်လှည့်ကြည့်ရင်းတောင် ပြောင်ပြလိုက်သေးတာကြောင့် ကျန်းဟောက် အားတချို့စိုက်ထုတ်ကာ အရှိန်တင်လိုက်တော့သည်။

ထိုစဉ် လမ်းထောင့်ချိုးတစ်နေရာမှ တစ်စုံတစ်ယောက်က ထွက်လာတာကြောင့် အရှိန်ဖြင့် ပြေးလာသည့်ကျန်းဟောက်မှာ မထိန်းနိုင်ဘဲ ထိုလူအား ပြေးဆောင့်သလိုဖြစ်သွားတော့သည်။ ရုတ်တရက်ဖြစ်သွားသလို အရှိန်လဲ များတာကြောင့် ကျန်းဟောက်ရော ထိုလူပါ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။

ကျန်းဟောက်က ထိုလူ၏ကိုယ်ပေါ် ပြုတ်ကျတာကြောင့် အနာတရသိပ်မရှိပေမယ့် တစ်ဖက်လူက ပင့်သက်ရှိုက်လိုက်သံကို ကျန်းဟောက် ကြားလိုက်ရသည်။ ထိုလူမှာ သတိရှိစွာပင် ခေါင်းကို ထိန်းထားနိုင်တာမို့ ကြမ်းပြင်နှင့် ခေါင်း မထိမိပေမယ့် ကျောတော့ အတော်အောင့်သွားပုံရသည်။

"အ!!!"

"ကျန်းဟောက်!!"

တစ်ဖက်လူနဲ့ တိုက်မိကာ လဲကျသွားတာကို မြင်လိုက်သည့် ဆောင်းဟန်ဘင်းမှာလဲ ကျန်းဟောက်တို့ရှိရာသို့ အမြန်ပြန်ပြေးလာနေသည်။

ကျန်းဟောက် မော့ကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏ တွန့်ချိုးနေတဲ့ မျက်ခုံးနှင့် အောင့်အီးသည်းခံနေရသည့် မျက်နှာထားကို တွေ့လိုက်ရတာကြောင့် အလျင်အမြန်ပင် လဲနေရာမှ ထ ဖို့ပြင်လိုက်သည်။

အနားရောက်လာသည့် ဆောင်းဟန်ဘင်းမှာလဲ ကျန်းဟောက်ကို အရင်ထူပေးလိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် လဲကျနေသည့် ထိုလူကို လက်မောင်းမှ ဆွဲထူကာ ကူပေးရသည်။

တစ်ဖက်လူကို ထ ထိုင်နိုင်အောင် ကူညီပေးပြီးနောက် အနားရှိကျန်းဟောက်၏ အခြေနေကို စစ်ဆေးဖို့ကိုလဲ မမေ့ပေ။

"အဆင်ပြေရဲ့လား? ဘယ်နား နာသွားသေးလဲ"

သွေးပူနေ၍လား ဘာလားတော့မသိ၊ ကျန်းဟောက် တစ်ယောက် နာကျင်မှုကို မခံစားရပေ။

ထို့ကြောင့် ခေါင်းခါပြလိုက်သည်။

"တော်သေးတာပေါ့"

ထိုအခါ သူတို့ဘေးမှ လူက စကားပြောလာလေသည်။

"သူက hyung အပေါ်ကို ကျတာလေ၊ နာသွားရင်တောင် ထူးဆန်းနေဦးမယ်"

ထိုအခါမှ သူတို့တစ်ဖက်လူဆီကို အာရုံရောက်သွားကြပြီး လှည့်ကြည့်တော့မှ ထိုလူက စီနီယာ ကင်ဂျီအွန်းဖြစ်နေမှန်း သိလိုက်ရသည်။

ကျန်းဟောက်က အရပ် ၁၈၀ စင်တီမီတာ ရှိသည့် ယောကျ်ားလေးတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့ အရပ်ရှည်သည့် ယောကျ်ားလေးတစ်ယောက်က အရှိန်ဖြင့် ပြေးဝင်တိုက်သည်ကို ခံလိုက်ရပါက နာကျင်မှုက နည်းမည်မဟုတ်။ ကျန်းဟောက် ကင်ဂျီအွန်းအား ကြည့်ရင်း အားနာစွာ စကား စ လိုက်လေသည်။

"Hyung အဆင်ပြေရဲ့လား?"

ကင်ဂျီအွန်းက မျက်မှောင်ကြုတ်ရင်း သူ့ခါး သူပွတ်ကာ ညည်းညူလာသည်။

"အားးး~ခါးနာသွားပြီထင်တယ်၊ မင်းဘယ်လို ပြန်လုပ်ပေးမှာလဲ"

သူ့ကြောင့်ဖြစ်တာဆိုတော့ ဒီတိုင်းပစ်ထားလိုက်လို့တော့ မရပေ။

"ဒါဆို ကျွန်တော် ဆေးပေးခန်းကို တွဲပို့ပေးပါ့မယ်"

ကျန်းဟောက်က ပြောရင်း ဆိုရင်း ကင်ဂျီအွန်းအား တွဲထူရန်လုပ်တော့သည်။ ထိုအခါ သူတို့ကြားတွင်ရှိနေသည့် ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်၏လက် မရောက်ခင် သူကအရင် ကင်ဂျီအွန်းအား တွဲထူပေးရန် လက်မောင်းအား လှမ်းကိုင်လိုက်သည်။

"တကယ်တော့ ကျွန်တော့်အပြစ်ပါ၊ ကျွန်တော်သာ မ စ ရင် သူလဲပြေးမှာမဟုတ်ဘူး၊ အ့ကြောင့် ကျွန်တော်ဘဲ hyung ကို လိုက်ပို့ပေးပါ့မယ်"

ပြီးနောက် တစ်ဖက်လူ၏ တုံ့ပြန်လာမည့်အရာကိုပင် မစောင့်တော့ဘဲ ဆွဲထူကာ ကုန်းပိုးလိုက်တော့သည်။ ကင်ဂျီအွန်းအား ကုန်းပို့ထားရင်း ကျန်းဟောက်ကို မှာဖို့လဲမမေ့ပေ။

"ငါ ဆေးပေးခန်းခေါ်သွားပေးလိုက်မယ်၊ မင်းက Ricky တို့နဲ့ အတူသွားလိုက်၊ အဆောင်နဲ့ အခန်းနံပါတ်ကို မင်းဘဲကြည့်ခဲ့ပေးလိုက်နော်၊ ငါတို့ တစ်ခန်းထဲအတူတူဖြေရမှာ၊ ပြီးရင် ဖုန်းဆက်လိုက်မယ်၊ သွားပြီနော်"

ဆောင်းဟန်ဘင်းက ကင်ဂျီအွန်းကို ကုန်းပိုးသွားသည်ကို တွေ့လိုက်တာကြောင့် နောက်မှလိုက်လာကြသည့် Ricky နဲ့ ဂယူဘင်မှာ ကျန်းဟောက်အား ကြည့်လာကြသည်။

"ငါနဲ့ ဝင်တိုက်မိပြီး အရှိန်နဲ့ဆိုတော့ နှစ်ယောက်လုံး လဲကျသွားတာ၊ အဲ့လိုနဲ့ စီနီယာက ခါးနာသွားလို့ ဆောင်းဟန်ဘင်းက ဆေးပေးခန်းခေါ်သွားတာ"

"အင်း နောက်ခါဆို သတိထားပေါ့၊ အခု မြန်မြန် အခန်းသွားရှာရအောင်"

သူတို့ သုံး​ယောက် ကျောင်း၏ main notice board ဆီရောက်သည့်အခါ မတ်သရူးနဲ့ ဂွန်ဝုကို တွေ့လိုက်ရသည်။ သူတို့ရောက်သည့်အခါ မတ်သရူးက ပြောလာသည်။

"ငါတို့ အကုန်လုံး အခန်းအတူတူဘဲ"

"ဟုတ်လား? ဘယ်အဆောင်မှာလဲ"

"***** ရဲ့ တတိယအထပ်"

"ဆောင်းဟန်ဘင်းရော? မင်းတို့နဲ့ အတူပါလာမယ်ထင်နေတာ"

အစက ဂွန်ဝုနဲ့ ဆောင်းဟန်ဘင်းက လမ်းတွင် စုံဖြစ်ကြပြီး အတူလာရာမှ လူစုကွဲသွားတာဖြစ်သည်။ ကျန်းဟောက် notice board မှ သူတို့၏ ခုံနံပါတ်ကို ဓာတ်ပုံရိုက်နေရင်း ပတ်ဂွန်ဝုအား ပြန်ဖြေလိုက်သည်။

"ဆေးပေးခန်းသွားတယ်"

မတ်သရူးမှာလဲ စိုးရိမ်တကြီး ကြည့်ကာ မေးလေသည်။

"ဘယ်လို? တစ်ခုခုဖြစ်လို့လား"

"သူက ဘာမှမဖြစ်ဘူး၊ စီနီယာ ကင်ဂျီအွန်းက ဖြစ်သွားတာ......"

ကျန်းဟောက် အကြောင်းစုံအား မတ်သရူးနှင့် ဂွန်ဝုကို ရှင်းပြပြီးနောက် မျက်နှာမလှပေ။ တကယ်ဆို သူ့အမှားဖြစ်သည်။ ဘယ်လိုဘဲ ဆောင်းဟန်ဘင်းက စ နောက်လို့ ဖြစ်ဖြစ် တကယ် ဝင်တိုက်မိလိုက်သူမှာ သူကိုယ်တိုင်ဖြစ်တာမို့ အနာတရ ဖြစ်သွားသည့် စီနီယာကိုလဲ အားနာသလို သူ့အစား ဝင်ကူညီပေးသည့် ဆောင်းဟန်ဘင်းကိုလဲ အားနာစိတ်ဖြစ်မိနေသည်။

ကျန်းဟောက်ရဲ့ အမူအရာကြောင့် မတ်သရူးက ကျောကိုပွတ်ပေးရင်း နှစ်သိမ့်လာသည်။

"အဆင်ပြေသွားမှာပါ၊ စာမေးပွဲနီးနေပြီးဆိုပေမယ့် ဒီနေ့က သောကြာနေ့မို့ သုံးရက်လောက် နားဖို့ အချိန်ရှိပါသေးတယ်၊ ကြီးကြီးမားမား ထိခိုက်သွားမှာ မဟုတ်ပါဘူး၊ အရမ်းစိတ်မပူနဲ့"

"အင်း"

ကျန်းဟောက် တစ်ချက်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ပြီးနောက် သူ ဓာတ်ပုံရိုက်ယူထားသည့် ခုံနံပါတ်စာရင်းအား ဆောင်းဟန်ဘင်းကို Kakao Talk မှတဆင့်ပို့ပေးလိုက်သည်။

"ပတ်ဂွန်ဝုကလဲ ငါတို့နဲ့ အခန်းအတူတူဘဲလား?"

ကျန်းဟောက် ရုတ်တရက် ထိုစကားအား ပါးစပ်ကနေ လွှတ်ကနဲ ထွက်သွားပြီးတော့မှ သူ စိတ်ထဲကဘဲ တွေးနေတာမဟုတ်မှန်း သိလိုက်ရချိန်မှာ နောက်ကျသွားပြီဖြစ်သည်။

သူမော့ကြည့်လိုက်ချိန် ပတ်ဂွန်ဝုက မျက်နှာထားမော့လျက်ပင် သူ့အားပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အောက်က လူကို ကြည့်နေသည့်အတိုင်းပင်။ ထိုကဲ့သို့ အကြည့်မျိုးကို သူကသာ သူများကို ပေးလေ့ရှိပြီး သူကိုယ်တိုင် ပြန်ရသည့်အခါ ဒေါသထွက်မအားပေ။ ဘာလို့ဆို တစ်ဖက်လူက သူ့ထက် လူကောင်ကြီးသည့် ပတ်ဂွန်ဝုဖြစ်နေသောကြောင့် ဖြစ်သည်။ ပတ်ဂွန်ဝုလို အရပ် ၆ ပေ ၁ လက်မ နီးပါးရှိပြီး ကောင်းမွန်သည့် ခန္ဓာကိုယ်တည်ဆောက်ပုံရှိသည့် လူမျိုးနှင့် ကြုံသည့်အခါ သင်သာဦးနှောက်ကောင်းမည်ဆိုပါက ထိပ်တိုက်တွေ့ဖို့ကို ရွေးချယ်လိမ့်မည်မဟုတ်ပေ။

သူတို့နှစ်ယောက်ကြားအခြေနေတင်းမာနေပေမယ့် မတ်သရူးက ပေါ့ပေါ့ပါးပါးပင်ရှင်းပြလာသည်။

"အာ... !အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲဖြေရတဲ့နေ့မှာ ငါက နေမကောင်းဖြစ်နေတာ၊ အဲ့လိုနဲ့ တစ်ခန်းထဲမရမှာစိုးလို့ ဂွန်ဝုက တချို့ဟာတွေ မဖြေဘဲ ထားခဲ့လိုက်တာ၊ အ့နဲ့ သူက (C) ခန်းကိုရောက်သွားတယ်၊ သူ (C) ခန်းရောက်သွားလို့ ငါ့မှာ အံ့အားသင့်ခဲ့ရသေးတာ၊ နောက်မှ သူ ဝန်ခံတယ်၊ အဲ့တုန်းက ငါစိတ်ဆိုးလို့ သူတော်တော် ချော့လိုက်ရသေးတယ်၊ ဒါပေမယ့် ဂွန်ဝုက အရမ်းတော်တာ၊ ဆုတံဆိပ်တွေလဲ အများကြီးဘဲ၊ နှစ်တိုင်းလဲ အတန်းခေါင်းဆောင်၊ ဒီနှစ်တောင် ကျောင်းသားဥက္ကဌရွေးပွဲမှာလဲ ဝင်ပြိုင်ထားသေးတယ်"

အတော်အတန် ချီးကျူးခံလိုက်ရသည့်အခါ ပတ်ဂွန်ဝုမှာ ကျေနပ်သွားပြီး ပြုံးနေသည်မှာ ပါးစပ် နားရွက်ချိတ်တော့မလိုပင်။

"ဆောင်းဟန်ဘင်းက မပြိုင်ဘူးဆိုလို့ပါ၊ သူသာ ပြိုင်ရင် ဒုဥက္ကဌဘဲ ဝင်လျှောက်မှာ"

ကျန်းဟောက် မျက်လုံးတို့ မှေးကျဉ်းသွားရသည်။

'ဒါက ဘယ်လိုအငွေ့အသက်ကြီးလဲ'

သူမတွေးဘဲမနေနိုင်၊ သို့ပေမယ့် ပိုစိတ်ဝင်စားဖို့ကောင်းသည့်အရာကို မေးမြန်းလိုက်သည်။

"ဟန်ဘင်းက ဘာလို့ ဝင်မပြိုင်တာလဲ?"

ထိုအခါ ပတ်ဂွန်ဝုက သူ့အားပြန်ဖြေသည်။

"သူသာ ကျောင်းသားဥက္ကဌဝင်လုပ်ရင် အလုပ်များတော့မှာ၊ အဲ့လိုသာဆို သူ့မှာလေ့ကျင့်ချိန်လဲမရှိသလို မင်းကိုလဲ အချိန်ပေးနိုင်တော့မှာမဟုတ်ဘူး"

ပတ်ဂွန်ဝုရဲ့ စကားဆုံးသည်နှင့် ကျန်းဟောက်၏ ခေါင်းထဲ အသိတစ်ခုဝင်လာသည်။ ဆောင်းဟန်ဘင်း၏ လုပ်ဆောင်ချက်တချို့နဲ့ ဆုံးဖြတ်ချက်တို့တွင် သူပါဝင်ပတ်သက်နေတာပင်။ ထိုအတွေးက သူ့ကို ကျေနပ်အားရမှုဖြစ်စေပြီး တစ်ဖက်တွင်လဲ အားမလို အားမရစိတ်ဖြစ်စေသည်။ ဆောင်းဟန်ဘင်း သူဖြစ်ချင်တာ လုပ်ချင်တာမှန်သမျှကို ဖြစ်စေ၊ လုပ်စေချင်သည်။ နဂိုကတည်းက လုပ်နိုင် ကိုင်နိုင်စွမ်းရှိသူမို့ ဆောင်းဟန်ဘင်းသာဆို အကောင်းဆုံးလုပ်နိုင်လိမ့်မယ်ဆိုတာ ကျန်းဟောက်သိသည်။

စာပြပေးဖို့ အကူညီတောင်းတော့လဲ သူ့ရဲ့ ရည်မှန်းချက်အတွက် လေ့ကျင့်ရတဲ့အချိန်ကို ရွှေ့ကာ ကျန်းဟောက်အား အချိန်ပေးခဲ့သည်။ နေမကောင်းဖြစ်တုန်းကလဲ ကျောင်းအပျက်ခံကာ သူ့အား ဂရုစိုက်ပေးခဲ့သည်။ ဆောင်းဟန်ဘင်းက ကျောင်းသားဥက္ကဌအနေနဲ့ ဝင်ပြိုင်ခဲ့ပါက အနိုင်ရမှာဖြစ်သလို တာဝန်ကိုလဲ ကျေပွန်အောင် လုပ်နိုင်မှာဖြစ်ပေမယ့် လက်လျှော့ခဲ့ပြီး လက်လျှော့ရသည့်အကြောင်းပြချက်တွင် သူက တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့သည်။

"ပြန်တော့မယ်၊ အမေက ဒီနေ့စောစောပြန်လာဖို့ပြောတယ်၊ စာမေးပွဲနီးတော့ အားရှိအောင် ဟင်းကောင်းချက်ကျွေးမယ်ပြောတယ်"

"အားကျလိုက်တာ၊ ကောင်းကောင်းပြန်ဦး၊ ဆိုင်ကယ်လဲ ဂရုစိုက်မောင်း"

"အင်းပါ"

ဂွန်ဝုက မတ်သရူး၏ ခေါင်းပွပွလေးကို လက်ဖြင့် အသာဖွပြီးနောက် နှုတ်ဆက်ကာပြန်သွားလေသည်။

"ငါတို့လဲ အဆောင်ပြန်တော့မှာ၊ နောက်မှတွေ့မယ် ကျန်းဟောက်"

"ဟမ်? အော်...အင် အင် နောက်မှတွေ့မယ်နော်"

ကျန်းဟောက် အတွေးတို့ရပ်တန့်သွားသည်။

"သွားပြီ ကျန်းဟောက်၊ ဒီတစ်ခေါက် ဆောင်းဟန်ဘင်းကို ကျော်တက်နိုင်ပါစေ"

"အင်း ဘိုင့်ဘိုင်"

မတ်သရူးတို့ သုံးယောက်လဲ အဆောင်ပြန်သွားကြတာမို့ နောက်ဆုံး ကျန်းဟောက်တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ ကျောင်းဝင်းထဲတွင် ကျောင်းသားအချို့ရှိနေကြသေးသည်။ ကျန်းဟောက် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုပြန်ထုတ်ကာ ဆောင်းဟန်ဘင်းဆီ စာပို့ဖို့ တွေးလိုက်သည်။

Zhalways_1 : အိမ်အတူပြ|

ကျန်းဟောက် ထိုစာကိုပြန်ဖျက်လိုက်ပြီး ဖုန်းခေါ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

တူ.........

"ဟယ်လို?"

တစ်ဖက်တွင် ဆောင်းဟန်ဘင်းက ခပ်မြန်မြန်ပင် ဖုန်းဖြေလာသည်။

"ဟန်ဘင်း...အိမ်အတူပြန်ရအောင်"

၁၅ မိနစ်ခန့်စောင့်ပြီးနောက် ကျန်းဟောက်ရှိနေရာသို့ ဆောင်းဟန်ဘင်းရောက်လာခဲ့သည်။ ကျန်းဟောက်မှာ notice board ရှေ့တွင် ငုတ်တုတ်လေးထိုင်ကာ စောင့်နေသည်။ ကျောင်းဝင်းထဲတွင် လူလဲသိပ်မရှိတော့တာကြောင့်တိတ်ဆိတ်ငြိမ်သက်နေပြီး ထိုပတ်ဝန်းကျင်နဲ့အတူ ကျန်းဟောက်မှာလဲ အတွေးလွန်နေပုံရကာ ငြိမ်သက်နေလျက်ရှိသည်။

"စောင့်နေတာကြာပြီလား"

သူ့အနား ဆောင်းဟန်ဘင်းရောက်လာတော့မှ ဘေးနားတွင်ချထားသည့် လွယ်အိတ်ကိုယူကာ မတ်တပ်ထရပ်လိုက်သည်။

"မကြာပါဘူး၊ စီနီယာရော ဘယ်လိုနေသေးလဲ? ကြီးကြီးမားမား ထိခိုက်သွားသေးလား?"

"ခါးနာသွားပြီး တံတောင်ဆစ်နည်းနည်းထိသွားတယ်၊ ဆရာဝန်က သောက်ဆေးရော လိမ်ဆေးရော အကုန် သေချာပေးလိုက်တာမို့ စိတ်မပူပါနဲ့"

"တော်သေးတာပေါ့"

သူတို့နှစ်ယောက် ဖြည်းဖြည်းချင်းလျှောက်လာရင်းနဲ့မှ ဆောင်းဟန်ဘင်းက ရပ်လိုက်ပြီး

"မင်း မေးချင်တဲ့စာတွေရှိလား? ငါ ဒီနေ့ သင်တန်းမသွားလဲရတာမို့လို့-"

ဆောင်းဟန်ဘင်း၏ စကားမဆုံးခင် ကျန်းဟောက်က ဖြတ်ပြောလိုက်သည်။

"ငါစာတွေရနေပါပြီး၊ မင်းက ငါ့ကိုအထင်သေးနေတာလား? ဒါမှမဟုတ် အဆင့် တစ်ကို ငါယူသွားမှာမကြောက်တာလား?"

သူ ကျန်းဟောက်ကို အထင်သေးခြင်းမဟုတ်ပါ။ ဒီတိုင်း ကျန်းဟောက်အား စာမေးပွဲအတွက် ကူညီပေးချင်ရုံတင်။ သူနဲ့ကျန်းဟောက်က အပတ်တိုင်း စာအတူတူလုပ်ဖြစ်နေတာကြောင့် တစ်ယောက်ကိုတစ်ယောက် ဘယ်အတိုင်းအတာထိ စာတွေရနေပြီးဆိုတာကို သိထားပြီးသားပင်။ သို့ပေမယ့် ကျန်းဟောက်များ တစ်ခုခုမေးချင်တာရှိမလားဟူ၍ တွေးမိကာ ကူညီပေးချင်ရုံသာ။

တစ်ဖက်ရှိ ကျန်းဟောက်မှာလဲ ကိုးရီးယားဘာသာနဲ့ပတ်သက်ပြီး မေးစရာတချို့ရှိနေပေမယ့်လည်း ကျောင်းမှာစာလုပ်ဖြစ်ပါက ဒီနေ့အဖို့ သူတစ်ယောက်တည်း ဘတ်စ်ကားဖြင့် အိမ်ပြန်ရမည်ဖြစ်သည်။ ဒီနေ့တော့ သူတစ်ယောက်တည်း အိမ်မပြန်ချင်ပါ။ ဟန်ဘင်းနဲ့ ဒီသောကြာနေ့လေးဘဲ ဘတ်စ်ကားအတူစီး၍ အိမ်ပြန်ရတာဖြစ်သည်။ ဒီအခွင့်အရေးကို သူလက်မလွှတ်ချင်ပေ။ ထို့ကြောင့် ကျန်းဟောက်ပွင့်ပွင့်လင်းလင်းပင် ထုတ်ပြောလိုက်သည်။

"အိမ်အတူပြန်ရအောင်"

ဖုန်းထဲတွင်ကြားပြီးသား စကားကို ကျန်းဟောက်ထံမှ ထပ်ကြားလိုက်ရသည့်အခါ ဆောင်းဟန်ဘင်း အောက်နှုတ်ခမ်းကို မသိမသာ ဖိကိုက်မိလိုက်သည်။

"ငါ ဒီနေ့တစ်ယောက်တည်း အိမ်မပြန်ချင်ဘူး"

================

Tbc........

February 4, 2025

ဘယ်သူ့ဘက်က အရင် သဘောကျမယ်လို့ထင်လဲ?