Chapter 33: အပိုင်း (၃၂) On & Off

My other halfWords: 26113

Tent ထဲရောက်သည့်အခါ ဆောင်းဟန်ဘင်းက ကျန်းဟောက်ရဲ့ sleeping bag zip ကိုဆွဲပေးလိုက်ပြီးနောက် ကျန်းဟောက်မှာ မျက်နှာလေးသာ ပေါ်နေပြီး ခူကောင်လေးလို ဖြစ်နေသည်။ ပြီးနောက် ဆောင်းဟန်ဘင်းလဲ အိပ်ဖို့ အဆင်သင့်ဖြစ်ပြီမို့ ကျန်းဟောက်ထက် အရင် အိပ်ပျော်သွားခဲ့သည်။

မအိပ်နိုင်ဘဲရှိနေသည်မှာ ကျန်းဟောက်ဖြစ်သည်။ သူ့ဘေးနားရှိ ဆောင်းဟန်ဘင်းကို ကြည့်ရင်း ခူကောင်လေးနဲ့တူတာမို့ ခက်ခက်ခဲခဲပင် သူ့ဖုန်းကို ထုတ်ပြီး ဓာတ်ပုံရိုက်ထားလိုက်သေးသည်။ ပြီးနောက် သူ့ကိုယ်သူ ကင်မရာမှတဆင့် ပြန်ကြည့်ပြီး ကြိတ်ရယ်နေတော့သည်။ သူ ဆောင်းဟန်ဘင်းနားသို့ တဖြည်းဖြည်း ရွှေ့သွားလိုက်ပြီး ကင်မရာကို အပေါ်သို့ မြှောက်ကာ ခူကောင်လေး နှစ်ကောင်ပုံအား ရိုက်ထားလိုက်ပြီး အပေါ်တွင် ချိတ်ထားသည့် ဓာတ်မီးလေးကို ပိတ်ကာ အိပ်စင်အနားယူတော့သည်။

နေ့အလင်းရောင်မရှိသေးပေမယ့် အပြင်ဘက်က လှုပ်ရှားသံများကြောင့် ဆောင်းဟန်ဘင်း အိပ်နေရာမှ နိုးလာခဲ့သည်။ သူ့ဘေးရှိ ကျန်းဟောက်မှာတော့ ပါးစပ်လေးဟကာ ပုစွန်ထုတ်လေးလို ကွေးပြီး အိပ်ပျော်နေဆဲပင်။ ဖုန်းမှ နာရီကိုကြည့်လိုက်ရာ ၄ နာရီခွဲကျော် ၅ နာရီထိုးခါနီးဖြစ်သည်။ နေထွက်ချိန် မြင်ကွင်းကို ရှူစားဖို့အတွက် အများသူငှါ အလုပ်ရှုပ်နေကြတာမို့ ဆောင်းဟန်ဘင်းလဲ အိပ်ရာမှ ထ လိုက်သည်။

Sleeping bag ထဲမှ ထွက်ပြီးနောက် အပြင်ထွက်ကြည့်လိုက်ရာ ဂွန်ဝုတို့မှာ သုံးချောင်းထောက်ကိုပြင်ဆင်ကာ နေထွက်ချိန်ရှူခင်းကို မှတ်တမ်းတင်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။

ပြီးနောက် ကျန်းဟောက်ရှိရာသို့ ပြန်လာပြီး ပုစွန်ထုတ်လေးအား အိပ်ရာမှ ခေါ်နှိုးလိုက်သည်။ အိပ်ရေးမဝတာကြောင့် အိအိအဲ့အဲ့လုပ်နေရင်း နောက်ဆုံးမှာတော့ ပုစွန်ထုတ်လေးဟာ ထ ထိုင်လာခဲ့သည်။ အိပ်ချင်နေသေးတဲ့ ကျန်းဟောက်ကို ခေါ်နှိုးရတာ စိတ်ထဲမကောင်းပေမယ့်လဲ ဆောင်းဟန်ဘင်း ရက်စက်ဖို့ကိုသာ တွေးလိုက်ပြီး zip ကို ဆွဲချလိုက်သည်။ အအေးဓာတ်က တိုးဝင်လာသည့်အခါ ကျန်းဟောက်မှာ တုန်တက်သွားရပြီး မျက်နှာကြီးရှုံ့မဲ့ကာ sleeping bag ဖြင့် သူ့ခန္ဓာကိုယ်ကို ကွယ်ထားဖို့ ကြိုးစားနေသည်။

ကျန်းဟောက်ရဲ့ ပါးနှစ်ဖက်ကို သူ့လက်တစ်ဖက်ဖြင့် အသာဆွဲညှစ်ရင်း လှုပ်နှိုးရတော့သည်။

"ထရပါတော့မယ် မဟုတ်ရင် မင်းတစ်ယောက်ထဲ တောင်ပေါ်မှာပစ်ထားခဲ့မယ်"

ထိုအခါ ကျန်းဟောက် ပထမဦးဆုံး လုပ်သည်မှာ သူ့မျက်လုံးတို့ကို ကြိုးစားဖွင့်ပြီး ဆောင်းဟန်ဘင်းအား မျက်စောင်းထိုးတာပင်။ ထိုမျက်စောင်းကို ကျေကျေနပ်နပ် ခံယူရင်း ကျန်းဟောက်အား tent အပြင်ဘက်သို့ ဆွဲထုတ်လာတော့သည်။

ကင်မရာရှေ့တွင် ပို့စ်ပေးနေကြသည့် ဂယူဘင်းတို့ရှိရာသို့ သွားလိုက်ပြီး ကျန်းဟောက်အား ကင်မရာရှေ့သို့ ပို့ပေးလိုက်သည်။

"နှုတ်ဆက်လိုက်ဦး!"

ဆောင်းဟန်ဘင်း ခေါ်ဆောင်ရာသို့ မျက်လုံးမှိတ်ပြီး ပါလာသည့် ကျန်းဟောက်မှာ အထွေအထူးမစဉ်းစားနိုင်ဘဲ လက်ပြကာ ရှုံ့မဲ့နေတဲ့ မျက်နှာဖြင့် နှုတ်ဆက်လာခဲ့သည်။

"ငါက ကျန်း....ဟောက်...."

အိပ်ရာ ထ ကာစမို့ အသံမှာလဲ လေးပင်ကာ လုံးထွေးနေပြီး ရှုပ်ပွနေသည့် ငှက်သိုက်ဆံပင်ပုံစံနှင့် မျက်လုံးမဖွင့်ဘဲ နှုတ်ဆက်နေသည့် ကျန်းဟောက်မှာ ဂွန်ဝုရဲ့ vlog လေးထဲ ပါသွားရသည်။

"ဟားးဟားးဟားးဆံပင်တွေက!"

ဘေးနားရှိ ဂယူဘင်ရဲ့ ရယ်သံမှာ ကျယ်လောင်စွာထွက်ပေါ်လာပြီး ကျန်းဟောက်ဆံပင်အား ကြည့်ကောင်းသွားအောင် လုပ်ပေးဖို့ ကြိုးစားတော့သည်။

ထိုကဲ့သို့ အပြုအမူက ကျန်းဟောက်အား ပို၍ အိပ်ချင်စိတ်ဖြစ်စေတာမို့ သူ့ပုခုံးကို ဖက်ထားသည့် ဆောင်းဟန်ဘင်းထံသို့ မှီချကာ အိပ်ဖို့ကြိုးစားတော့သည်။

ထို့ကြောင့် ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်ကို ထိန်းကိုင်ရင်း ထိုင်စရာ နေရာရှာလိုက်ပြီး ကျန်းဟောက်အား သူ့ပုခုံးပေါ်တွင် မှီကာ အိပ်စေလိုက်သည်။

ဝေလီဝေလင်းဖြစ်နေတဲ့ ကောင်းကင်ယံကို ငေးမောနေရင်း ထိုမြင်ကွင်းလေးက သူ့ဘဝတွင် အလှဆုံးတွေထဲက တစ်ခုအဖြစ် သတ်မှတ်လိုက်သည်။ အဖြူရောင်တိမ်တိုက်များက တောင်ထိပ်ပိုင်းများကို ဖြတ်တိုက်သွားပြီး လွတ်လပ်စွာ လွင့်မျောနေသည်။ တိုက်ခတ်နေသည့် လေအားများက သူ့ရဲ့ စိတ်အာရုံကို လှုံ့ဆော်ပေးနေတာကြောင့် ကျန်းဟောက်များ အေးနေမလားဟု တွေးမိကာ လက်တစ်ဖက်ဖြင့် ဖက်ထားပေးကာ သူ့အနားသို့တိုးလာစေလိုက်သည်။

နေရောင်က တဖြည်းဖြည်းထွက်ပေါ်လာတော့မည်ကို တွေ့ရတာကြောင့် သူ ကျန်းဟောက်အား နှိုးလိုက်သည်။ မထင်မှတ်ထားစွာပင် ကျန်းဟောက်က တစ်ချိန်လုံးနိုးနေခဲ့တာပင်။

"နိုးပြီးဆိုလဲ ထ တော့ပေါ့၊ ဘာလို့ သူများကို မှီပြီး တစ်ချိန်လုံး အိပ်ချင်ယောင် ဆောင်နေတာလဲ?"

"ဒီလိုလေး နေရတာက ပိုပြီး သက်သောင့်သက်သာရှိလို့လေ၊ နောက်ပြီး မနေ့ညက မင်းသက်သောင့်သက်သာရှိအောင် ငါ့မှာ တစ်ချိန်လုံး ငြိမ်ငြိမ်လေးနေပေးခဲ့ရတာ၊ အခုမင်းအလှည့်ဘဲ၊ မင်းကိုယ်က နွေးနေတာဘဲ"

ဟုဆိုကာ ကျန်းဟောက်က သူ့အနားပို၍ တိုးကပ်လာတာကြောင့် ဆောင်းဟန်ဘင်းမှာ တစ်ဖက်သို့ပင် ယိုင်နဲ့သွားသည်။

နံနက်ခင်းရဲ့ နေရောင်ခြည်က ကမ္ဘာမြေပေါ်သို့ စ တင်ဖြာကျလာသည့် မြင်ကွင်းကိုကြည့်နေရင်း သူတို့နှစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်နေမိသည်။

စိတ်နှလုံးတို့ အေးချမ်းနေပြီး မျက်နှာတွင် အပြုံးတစ်ပွင့်ရှိနေကာ အေးမြတဲ့ လေညင်းက တိုက်ခတ်နေသည်။ မနေ့က ပင်ပန်းလာသမျှ ယူပစ်သလို ပျောက်ကင်းသွားပြီး တစ်ဖန်ပြန်၍ အားအင်ပြည့်ကာ လန်းဆန်းတက်ကြံလာရသည်။ သူ့ပုခုံးပေါ်တွင် မှီနေသည့် ကျန်းဟောက်အား လှည့်ကြည့်လိုက်ရာ ပါးစပ်လေးအဟောင်းသားနဲ့ သူ့ရှေ့က မြင်ကွင်းအား မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာတွေ တွေးနေလဲ?"

"ဟင်?"

"ဘာတွေ တွေးနေတာလဲလို့?"

"အရမ်းလှတာဘဲဆိုပြီး"

"ဓာတ်ပုံရိုက်ပေးရမလား?"

"ဟင့်အင်း...ဒီတိုင်းလေးဘဲ...."

ရှူခင်းကြည့်နေသည့် ကျန်းဟောက်ကို ထပ်ပြီး မနှောင့်ယှက်ချင်တာကြောင့် သူတိတ်တိတ်လေးသာနေလိုက်သည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ကျန်းဟောက်က

"ဟန်ဘင်း...."

"........"

"ကျေးဇူးတင်ပါတယ်"

"ဘာကိုလဲ"

"ငါနဲ့အတူရှိနေပေးလို့"

"အို? ရုတ်တရက်ကြီး?"

ကျန်းဟောက်က သူ့အားမှီနေရာမှ ထလိုက်ပြီး

"ငါလဲမသိဘူး၊ ရုတ်တရက်ကြီး ပြောချင်လာလို့"

ကျန်းဟောက်က သူ့အားမျက်နှာချင်းဆိုင်လာကာ တောက်ပနေသည့်မျက်လုံးများဖြင့်ကြည့်လာသည်။

"ငါတောင် သတိမထားမိဘဲ မင်းက ငါ့အတွက်အရေးပါလာတယ် ထင်တယ်၊ မင်းတို့အားလုံးနဲ့တွေ့ခဲ့ရလို့ ငါပျော်တယ်"

ပြောပြီးသည်နှင့် ကျန်းဟောက်က ထိုရှုခင်းအား သူ့အဖေဆီပြရမယ်ဆိုပြီး ဖုန်းကိုထုတ်ရင်း video ရိုက်နေတော့သည်။

ကျန်းဟောက်၏ စကားကိုကြားပြီးနောက် ဆောင်းဟန်ဘင်း မည်ကဲ့သို့တုံ့ပြန်ရမည်မသိပေ။ ကျန်းဟောက်က သူတွေ့ဖူးသမျှလူတွေထဲမှာ အထူးခြားဆုံးပင်။

ကျန်းဟောက်နှင့် ဆောင်းဟန်ဘင်းမှာ တကယ်ဆို ဆန့်ကျင့်ဘက်ဖြစ်သည်။ ဆောင်းဟန်ဘင်းက လူတွေနဲ့ ပြောဆိုနေထိုင် ဆက်ဆံရာတွင် ကျွမ်းကျင်ပြီး ကျန်းဟောက်က အမြဲစည်းတစ်ခုခြားကာနေတတ်သည်ဖြစ်သည်။

ထိုအချက်နဲ့ပတ်သက်ပြီး ဆောင်းဟန်ဘင်းကိုယ်တိုင်မသိသည်က သူကိုယ်တိုင်က ကျန်းဟောက်ထက် ပို၍ပင် စည်းခြားတတ်သည်ဆိုတာကိုပင်။ ကျန်းဟောက်မှာ မာကြောသယောင်နှင့် စိတ်ထားလေးက နူးညံ့ကာ မဖုံးကွယ်တတ်ဘဲ ခံစားလွယ်တတ်သူဖြစ်ပြီး ဆောင်းဟန်ဘင်းမှာတော့ ဘယ်အရာမဆို အပြုံးလေးနဲ့ရင်ဆိုင်နိုင်ကာ သူ့ရဲ့ တခြားတစ်ဖက်ကို အလွယ်တကူပြတတ်တဲ့သူမဟုတ်ပေ။

သို့သော်......

ကျန်းဟောက်နဲ့ တဖြည်းဖြည်းရင်းနှီးလာပြီးနောက်ပိုင်းမှာ လူချစ်လူခင်ပေါများသည့် ဆောင်းဟန်ဘင်းက ကျန်းဟောက်အနားတွင်သာ ကပ်နေတတ်ပြီး  သူနဲ့အသက်တူပါသည့် ကျန်းဟောက်အား မျက်စိထောင့်ထောက်ကြည့်ကာ ဂရုစိုက်ရသည်ကို အကျင့်ဖြစ်လာသည်။ ဘာကြောင့် ဒီလိုဖြစ်ရသည်ကို သူကိုယ်တိုင်လဲ မသိသလို ရေးကြီးခွင်ကျယ်လုပ်ကာ မစဉ်းစားခဲ့ပါ။

ကျန်းဟောက်က သူတွေ့ဖူးနေကြလူတွေလိုမဟုတ်ဘဲ သူ့ကို လျစ်လျူရှူထားခဲ့တာကြောင့် ဒီသူငယ်ချင်းလေးအား စိတ်ဝင်တစားရှိလာပြီး ခင်မင်ချင်လာခဲ့သည်။ ကျန်းဟောက်မှာ ဟန်ဆောင်မှုကင်းကာ အပေါ်ယံသာ ဆက်ဆံတတ်သည့် တခြားသူတွေလိုမဟုတ်ဘဲ သူ့ရဲ့အတွင်းစိတ်အား လူတိုင်းကို ထုတ်ပြတတ်သူဖြစ်သည်။ ထိုအချက်ကပင် ဆောင်းဟန်ဘင်း တိတ်တိတ်လေး အားကျခဲ့ရသည့် ကျန်းဟောက်၏ အားသာချက်ဖြစ်သည်။ ထို့ကြောင့် သူ့ရဲ့ ကျန်းဟောက်အပေါ်ထားသည့်စိတ်ခံစားချက်က တဖြည်းဖြည်းကောင်းလာပြီး တခြားသူများထက် ကျန်းဟောက်အားပို၍ ပွင့်လင်းစွာ ဆက်ဆံခဲ့သည်။

သူက "ကျန်းဟောက်တွက် အရေးပါသည်" တဲ့

ကျန်းဟောက်ကရော သူ့အတွက် ဘယ်လိုဖြစ်တည်မှုမျိုးကို ဖော်ဆောင်ပေးသနည်း။

ဒီမေးခွန်းက သူအချိန်အတော်ကြာ ချောင်ထိုးထားပြီးမှ အမှတ်မထင် ပြန်ပေါ်လာသည့် မေးခွန်းဖြစ်သည်။

ဆောင်းဟန်ဘင်း၏ ဘဝမှာ မသေချာ မရေရာမှုများက မရှိသလောက်ရှားသည်။ သူ လုပ်နိုင်သည်ဟု ခံယူထားပါက ဖြစ်အောင် လုပ်သည်။ မဖြစ်နိုင်ပါဟု တွေးထားပါက ထိုအရာနဲ့ပတ်သက်ပြီး အချိန်ကုန် မခံပေ။

သို့သော် ကျန်းဟောက်ရဲ့ ဖြစ်တည်မှုက အခြေခိုင်လာသည့် သူ့ဘဝနဲ့ စိတ်ခံစားချက်တွေကို စတင်၍ ဒွိဟဖြစ်စေလာခဲ့သည်။ ရှောင်တိမ်းဖို့ ကြိုးစားနေတဲ့ ထိုအတွေးနွံထဲ ထပ်၍ နစ်သွားပြန်သည်။

ဂျန်ယူရီအပေါ်ထားသည့် သူ့ရဲ့ စိတ်ခံစားချက်ကို ဘာကြောင့် ကျန်းဟောက်အား မသိစေချင်ရပါသနည်း။

သေချာပေါက်ကို သူ ဂျန်ယူရီအား ချစ်ခင်နှစ်သက်ခြင်းမရှိပါ။ သို့ပေမယ့် ငယ်ငယ်ကတည်းက ပေါင်းသင်းလာကြတဲ့ သူငယ်ချင်းဆက်ဆံရေးလဲရှိသလို သူ့ရဲ့ အဆိုး အကောင်း အဖြစ်ပျက်များထဲတွင် ဂျန်ယူရီက အမြဲအနားတွင် ရှိပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် ဂျန်ယူရီသာ သူ့အပေါ်လက်မလျှော့ခဲ့ပါလျှင်၊ လက်မလျှော့သေးပါလျှင် မချစ်ခင်မနှစ်သက်ပါသည့်တိုင် အဆင်ပြေနိုင်ပါသည်ဟု သူ တစ်ချိန်လုံး တွေးနေခဲ့သည်။

ကျန်းဟောက်ဆီက ကြားလိုက်ရသည့်စကားအဆုံးတွင်တော့ ယိုင်နဲ့နေပါသည့် သူ့ရဲ့ စိတ်ခံစားချက်များက ပြိုလဲကုန်ရသည်။ရလဒ်တစ်ခုအနေနဲ့ အဖြေတစ်ခု ထွက်ပေါ်လာသည်။

ရှေ့ဆက်လျှောက်ရမည့် သူ့ဘဝတွင် အတူရှိနေစေချင်တဲ့သူမှာ ဂျန်ယူရီ မဟုတ်ချေ။

"ဆောင်းဟန်ဘင်း! မင်း ဘာတွေ ငိုင်နေတာလဲ? မြန်မြန်ပြုံးပြ"

ကင်မရာကို သူ့ဘက်လှည့်ကာ ချိန်ထားရင်း သူ့အား ပြုံးကာ ကြည့်နေတဲ့ ကျန်းဟောက်ကို ကြည့်ရင်း ဆောင်းဟန်ဘင်း အသံတိတ် သက်ပြင်းချလိုက်သည်။

ပါးနပ်ပါသည့် ဆောင်းဟန်ဘင်းမှာ ဟန်ဆောင်ကောင်းလွန်းစွာပင် ကင်မရာအား အင်မတန်မှ သက်ဝင်စွာ ပြုံးပြနိုင်ခဲ့ပါသည်။ သူ့ရင်ထဲမှ မဖြေရှင်းနိုင်ပါသည့် စိတ်ခံစားချက်တွေကို နှလုံးသားရဲ့အောက်ခြေထိတွန်းပို့ကာ လူမမြင်အောင် ဖုံးကွယ်ထားလိုက်သည်။

ကျန်းဟောက်မှာ သူ့အတွက် ဖြေရှင်းရခက်ခဲလှသည့် ပုစ္ဆာတစ်ခုဖြစ်နေလိမ့်မည်ဟု ဆောင်းဟန်ဘင်း ဘယ်တုန်းကမှ မထင်ထားခဲ့မိချေ။

========

Tbc.......

February 24, 2025

Update ကြာသွားတယ်

ဘာလို့ဆို ဆောင်းဟန်ဘင်းရဲ့ pov က အရမ်းရေးရခက်လို့ပါ။

တစ်ဖက်မှာ အလုပ်လဲများသွားသလို အမေကပါ နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲသွားတော့ သူ့ရဲ့ character ကို ရေးဖို့အတွက် ကောင်းကောင်းတွေးမရခဲ့ဘူး။

ကိုယ် ဒီ fic ကို ရေးဖို့ စ တွေးထားကတည်းက ကျန်းဟောက်ရဲ့ ကာရိုက်တာက ပွင့်လင်းတယ်၊ မသွယ်ဝိုက်ဘဲ ဒဲ့တိုးဆန်တယ်။ စိတ်ခံစားချက်ကို ဦးစားပေးတဲ့ type ပါ။

ဆောင်းဟန်ဘင်းက လူတိုင်းအပေါ်ကြင်နာတတ်ပေမယ့် ဖုံးကွယ်တတ်တယ်၊ အလွယ်တကူ မထုတ်ပြတတ်ဘူး။ သူ့အတွက် သေချာတယ်ဆိုတဲ့အရာတွေအပေါ်ဘဲအာရုံစိုက်ပြီး မသေချာရင် အချိန်ကုန်မခံတဲ့ လူစားမျိုးပါ။အရာရာကို တွေးတောကြံဆတတ်တဲ့ type မျိုးပါ။

အဲ့ဒါကြောင့်ဘဲ သူ့ရဲ့အတွင်းစိတ်ကို ဘယ်သူမှ မမြင်နိုင်ဘူး။ ဒါကြောင့် သူ့ရဲ့ sign တွေက On & Off ပုံစံမျိုးသွားပြီး တစ်ဖက်လူကို နားလည်ရခက်စေပါတယ်။

ပြောရရင် ကိုယ်တောင် နားမလည်ဘူး သူ့ကို။ အဲ့ဒါကြောင့် သူ့ရဲ့ pov ကိုရေးဖို့ တွေးတိုင်း အော်ဘဲငိုလိုက်ချင်ပါတော့တယ်။

စပွိုင်လာ ပိစိလေးပေးရမယ်ဆိုရင်-

အတွေ့ကြုံမရှိတဲ့ ကျန်းဟောက်လေးဟာ သူ့ရဲ့ခံစားချက်ကို သူ မသိသေးတာပါ။ (p.s သူများဟာကျ မြင်တယ်နော် သူက🤧)

ဆောင်းဟန်ဘင်းဟာဆိုရင်တော့ ရင်မဆိုင်ချင်လို့ ဒီတိုင်းထားခဲ့တဲ့ သူ့ရင်ထဲရှုပ်ထွေးနေတဲ့ ပုစ္ဆာကို အခုချိန်မှာ ဖြေရှင်းဖို့ ကြိုးစားပါတော့မယ်