Chapter 34: အပိုင်း (၃၃) King Sung

My other halfWords: 52215

နေထွက်သည်ကို ကြည့်ပြီးသည်နှင့် မနက်စာအတွက် အဆာပြေကို အဆင်ပြေသလိုသာ စားကြပြီး တောင်အောက်သို့ ပြန်ဆင်းရန် ပြင်ဆင်ကြသည်။

ကံကောင်းစွာပင် ဆောင်းဟန်ဘင်း စိတ်ပူနေခဲ့သလို ကျန်းဟောက်မှာ တောင်တက်ထားသည့် ဒဏ်ကြောင့် ကိုယ်လက်သာ ကိုက်ခဲနေပြီး အရင်တစ်ခါကဲ့သို့ ဖျားခြင်းမရှိပေ။

ပင်ပန်းနွမ်းနယ်နေသည့်ဒဏ်ကြောင့် ကျန်းဟောက်မှာ အတက်တုန်းကလို သိပ်မဆော့တော့ဘဲ ဆောင်းဟန်ဘင်းနောက်ကနေ ငြိမ်ငြိမ်လေး လိုက်နေခဲ့သည်။ ကြိုးတံတားတွင်လဲ ဆော့မှာ စိတ်ပူတာကြောင့် ကျန်းဟောက်၏ လက်အားကိုင်ထားခဲ့ရသေးသည်။ သို့ပေမယ့် ကျန်းဟောက်မှာ အိပ်ရေးပါ မဝ ဖြစ်နေတာမို့ ကြိုးတံတားပေါ်တွင် မူးဝေကာ အန်ချင်နေဆဲပင်။

ဒီလိုနဲ့ သူတို့တွေ တောင်ကျရေကန်သို့ ရောက်လာသည့်အခါ ဦးဆောင်သည့် ဆရာဖြစ်သူက ခန္ဓာကိုယ်သန့်ရှင်းဆေးကြောဖို့အတွက် အနားယူရန် အချိန်ပေးခဲ့သည်။ မိန်းကလေးများမှာတော့ တစ်နေရာတွင် စုကာ ခြေလက်ဆေးကြောခြင်းပြုကြပေမယ့် ယောကျ်ားလေးများမှာတော့ တစ်ကိုယ်လုံးမှ စီးကပ်နေမှုများကို ဆေးကြောရန် အင်္ကျီချွတ်ကာ ဒိုင်ဗင်ထိုးတဲ့သူက ထိုးကုန်ကြသည်။ အားလုံးကိုယ်စီ သန့်ရှင်းဆေးကြောနေကြပေမယ့် ခပ်လှမ်းလှမ်းက ရေစီးဆင်းရာ တစ်နေရာရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ ခြေထောက်ကို ရေစိမ်ထားပါသည့် ကျန်းဟောက်အား တွေ့လိုက်ရသည်။ ဆောင်းဟန်ဘင်း အပေါ်ပိုင်း အဝတ်ဗလာဖြင့်ပင် ကျန်းဟောက်နားသို့ သွားလိုက်သည်။

"ကိုယ်လက်သန့်ရှင်းရေး မလုပ်ဘူးလား?"

ကျန်းဟောက်မှာ တစ်ချက်လှည့်ကြည့်ပြီးနောက် အပေါ်ပိုင်း အဝတ်ဗလာနဲ့ဖြစ်နေသည့် ဆောင်းဟန်ဘင်းအား တွေ့သည်နှင့် မျက်ဝန်းများ ဝိုင်းစက်သွားပြီး ခပ်မြန်မြန်ပင် အကြည့်လွှဲကာ ခေါင်းခါပြလိုက်သည်။

"ငါ့မှာ အဝတ်ပို မပါလာဘူး"

ကျန်းဟောက်မှာ မနေ့ကတည်းက ဝတ်ထားသည့် ကျောင်းအားကစားဝတ်စုံ ကိုသာ ဝတ်ဆင်ထားဆဲပင်။

ကြည့်ရသည်မှာ ကျန်းဟောက်က အများနဲ့ ရေအတူချိုးရသည်ကို ကျင့်သားရသည့်ပုံမပေါ်ပေ။ ထို့ကြောင့် ယောကျ်ားလေးဖြစ်နေပါသည့်တိုင် အဝတ်မချွတ်ရဲပေ။

"ငါ့မှာပါတယ် လိုက်ခဲ့"

"ဟန်ဘင်း!"

ကျန်းဟောက်၏ လက်ကောက်ဝတ်အား ဆွဲကာခေါ်သည့်အခါ ရုန်းရင်း ကန်ရင်းဖြင့် ပါလာခဲ့သည်။

ရေထဲရှိ ဂယူဘင်မှာလဲ သူတို့အား လက်ယပ်ခေါ်ကာ ရေနဲ့ပင် လှမ်းပက်နေသည်။

"ဘာလုပ်နေကြတာလဲ? မြန်မြန်ဆင်းလာကြလေ"

ဆောင်းဟန်ဘင်း သူဆွဲခေါ်လာသည့် လူအား လှည့်ကြည့်လိုက်တော့ နေရခက်သည့် မျက်နှာလေးဖြင့် နားရွက်လေးနှစ်ဖက်မှာလဲ သိသိသာသာကိုပင် နီရဲလို့နေသည်။ ရေထဲဆင်းရန် ပြင်သည့်အခါ ကျန်းဟောက်က သူ့လက်မှ လွတ်အောင် ရုန်းတော့သည်။

"ဟန်ဘင်း... ငါတကယ်-"

"တကယ် ဘာဖြစ်လဲ"

ရှက်တယ်လို့လဲ ကျန်းဟောက်မပြောရဲပေ။ ရှက်သည်ဆိုတာထက် အများရှေ့ အင်္ကျီချွတ်ရ လဲရ မလုပ်ချင်တာကြောင့်ဖြစ်သည်။ ထိုကဲ့သို့ ကိစ္စမျိုးက ကျန်းဟောက်အတွက်တော့ ကျင့်သားရအောင် အချိန်ယူရဦးမည်ဖြစ်သည်။

"ငါ ရေမကူးတော့ဘူး"

ဟုဆိုကာ ဆောင်းဟန်ဘင်းထံမှ သူ့လက်ကို ဆွဲထုတ်နေတော့သည်။ ထိုအခါ ဆောင်းဟန်ဘင်းက လက်အား လွှတ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် ခါးမှ ဆွဲဖက်ကာ သူနှင့်အတူ ရေထဲကို တစ်ခါတည်း ဆွဲခေါ်သွားသည်။

သနားစရာကျန်းဟောက်လေးမှာ ကူကယ်ရာမဲ့စွာ ဆောင်းဟန်ဘင်းကို ပြန်ဖက်ထားရင်း ရေထဲအတူပါသွားတော့သည်။

ဗွမ်းး*

သာယာသည့်နေရောင်ခြည်နံနက်ခင်းအောက်တွင် ကြည်လင်အေးမြသည့်ရေကန်ထဲ ရောက်သွားချိန်တွင် လန်းဆန်းမှုကို ခံစားလိုက်ရပေမယ့် တစ်ဖက်တွင် ဆောင်းဟန်ဘင်းအား စိတ်ဆိုးဖို့ကိုလဲ မမေ့ချေ။

"မင်း ငါ့ကို သက်သက် အနိုင်ကျင့်နေတာ!!"

အဝတ်မကပ်သည် ဆောင်းဟန်ဘင်းက သူနဲ့နီးကပ်စွာရှိနေတာကြောင့် အလျင်အမြန်ပင် တွန်းထုတ်လိုက်ပြီး စိတ်ဆိုးဆိုးဖြင့် ရေနှင့်ပက်နေတော့သည်။

"လန်းဆန်းသွားတယ်မဟုတ်လား၊ နေပါဦး...အားး! ခနလေး"

ကျန်းဟောက်၏ ရေသိုင်းကွက်များကြောင့် ဆောင်းဟန်ဘင်းမှာ ရှေ့ကိုပင် ကောင်းကောင်း မမြင်ရတော့တာကြောင့် ရေထဲသို့ ငုံ့ဝင်သွားပြီး ကျန်းဟောက်၏ နောက်ဘက်သို့ ကူးခတ်သွားလိုက်သည်။ ပြီးနောက် ပြန် ထ လာကာ ကျန်းဟောက်အား သူတို့ရဲ့အလယ်သို့ တွန်းပို့ပြီး ရေနဲ့ဝိုင်းပက်နေကြတော့သည်။ ရန်သူများသွားတဲ့ ကျန်းဟောက်လေးမှာ မနိုင်တော့ဘဲ ရေမွှန်ကာ ချောင်းဆိုးလာတော့မှ ဆောင်းဟန်ဘင်းတို့က ရပ်ပေးလိုက်ကြကာ ရေသာပြန်ကူးနေကြသည်။

အဝတ်လဲရန် စိတ်ညစ်နေသည့် ကျန်းဟောက်မှာ ကျောက်ဆောင်တစ်ခုနဲ့ ကွယ်ရင်း အောင်မြင်စွာပင် အဝတ်စား လဲနိုင်ခဲ့သည်။ သူ့ရဲ့ဝတ်စုံက စိုကုန်တာကြောင့် ဆောင်းဟန်ဘင်း၏ အဝတ်စားများကိုသာ ဝတ်ထားလိုက်သည်။

သူတို့ တည်းခိုဆောင်ကို ပြန်ရောက်သည့်အချိန်တွင် ကျန်ခဲ့တဲ့ ကျောင်းသား/ သူများက အထင်ကရနေရာတချို့ကို သွားလည်နေကြတာမို့ လူသိပ်မရှိပေ။ တချို့တောင်ပေါ်ကနေ ပြန်ဆင်းလာကြသည့် လူများမှာလဲ သာမန်နဲ့မတူစွာ အားအင်ပြည့်ဝနေတဲ့ သူတချို့ရှိကာ နားဖို့ မစဉ်းစားဘဲ လျှောက်သွားဖို့ စီစဉ်ကြပြန်သည်။

"လာပါ!!!! သွားရအောင် မနက်ဖြန်ဆိုရင်ဘဲ ပြန်ရတော့မှာကို"

မတ်သရူးမှာ အန်နာဂျီအပြည့်နှင့်ဖြစ်နေကာ ဂွန်ဝုအား တစ်နေရာသို့ သွားရန် ခေါ်နေခြင်းဖြစ်သည်။

တစ်ဖက်ရှိ ဂွန်ဝုမှာတော့ ပင်ပန်းတာကြောင့် အနားယူချင်နေပြီဖြစ်သည်။

မနေ့ညက သူ တစ်ညလုံးကောင်းကောင်း အိပ်မပျော်ခဲ့ချေ။

"တစ်ရေးလောက် အရင်အိပ်ရအောင်လား?"

"နောက်မှအိပ်...အရင်သွားရအောင်၊ နေ့လည်စာလဲ စားရင်းပေါ့"

သူ့လက်အား ကိုင်ရင်း ခုန်ဆွခုန်ဆွနှင့် တောင်းဆိုနေသည့် မတ်သရူးကို လိုက်လျောချင်ပေမယ့် စိတ်ကသာပါပြီး ခန္ဓာက မပါနိုင်တော့ပေ။

"ခနလောက်ဘဲ ၂ နာရီလောက်ဘဲ ပေးအိပ်"

ထိုအခါ မတ်သရူးမှာ ဂွန်ဝုလက်ကို လွှတ်ပေးလိုက်ပြီး နှုတ်ခမ်းက မဆိုသလောက်လေး ဆူလာသည်။

"အင်းပါ... နားတော့ အ့ဆိုရင်လဲ"

ဟုဆိုကာ လှည့်ထွက်သွားပုံမှာ သူတစ်ယောက်တည်းဘဲ သွားပါတော့မည်ဆိုသည့်အထာ။ တစ်ယောက်တည်း လွှတ်လိုက်ဖို့ကိုလဲ စိတ်မချတာကြောင့် ဂွန်ဝုမှာ အရှုံးပေးလိုက်ပြီး မတ်သရူးနောက်မှ ပြေးလိုက်သွားတော့သည်။

ကျန်းဟောက်မှာတော့ ရောက်ရောက်ချင်းပင် တည်းခိုဆောင်ရဲ့ လှေကားနှစ်ဆင့်လေးကိုတောင် လေးဘက်ကုန်းတက်နေရသည့် အနေထားဖြစ်သည်။ သူအရမ်းကိုပင်ပန်းကာ လှုပ်ကို မလှုပ်ချင်တော့ပေ။ ထို့ကြောင့် အဝင်ဝ နားလေးမှာပင် ခြေကား လက်ကားအနေထားဖြင့် ပက်လတ်လန်နေတော့သည်။

ကျန်းဟောက်ပစ်ချထားသည့် ပစ္စည်းတွေကို ဆောင်းဟန်ဘင်းကဘဲ ကောက်သိမ်းသွားပြီး တည်းခိုဆောင်က ပေးသည့် အိပ်ရာကို ယူကာ ခင်းပေးလိုက်သည်။ အိပ်ရာခင်းက ပါးတာကြောင့် သူ့ရဲ့စောင်ကိုပါ ထပ်၍ ခင်းပေးလိုက်သည်။

"ကျန်းဟောက်၊ အိပ်ရာခင်းထားပေးတယ် ခနလောက် အိပ်လိုက်"

"အင်း....ငါ့ကိုတွဲပါဦး"

ဟုဆိုကာ လက်နှစ်ဖက်ကို ဆန့်တန်းပေးလာသည်။ ဆောင်းဟန်ဘင်း ကျန်းဟောက်ကို ဆွဲထူပေးလိုက်ပြီး အိပ်ရာပေါ်တွင် အိပ်စေလိုက်သည်။ ပြီးနောက်  ဆေးသေတ္တာမှ အကိုက်ခဲပျောက်ဆေး ယူကာ ပြန်လာသည့်ချိန်တွင် ကျန်းဟောက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေပြီး ပင်ပန်းသည့်ဒဏ်ကြောင့် ဟောက်တောင် ဟောက်နေလိုက်သေးသည်။

ကျန်းဟောက် နိုးလာသည့်အချိန်မှာ အတော်တန်နောက်ကျပြီဖြစ်ကာ ပတ်ဝန်းကျင်တွင် မှောင်ရိပ်သန်းနေတော့သည်။ အိပ်ရာမှ ထ၍ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး တခြားသူများကို ရှာရန် တည်းခိုဆောင်မှ ထွက်ခဲ့လိုက်သည်။

ပန်းခြံဘက်တွင် ဆူညံသံများကြားသည့်အခါ ပန်းခြံသို့သာ ဦးတည်လိုက်သည်။ ကျောင်းသားတော်တော်များများ ထိုနေရာတွင်သာ စုနေကြပြီး ကိုယ့်အဖွဲ့နဲ့ ကိုယ်ထိုင်နေကြသည်ကိုတွေ့လိုက်ရသည်။ ဆင်တူဝယ်လာခဲ့ကြတဲ့ အင်္ကျီတွေကြောင့် သူ့ရဲ့ သူငယ်ချင်းတွေကို တစ်ခနလေးအတွင်းမှာ ရှာနိုင်ခဲ့သည်။ ထို့ကြောင့် သူ တခြားအုပ်စုများကို ဖြတ်ကျော်၍ ဆောင်းဟန်ဘင်းတို့ ရှိရှာသို့ ဦးတည်လိုက်သည်။ တခြားအတန်းမှ လူတွေလဲရှိနေကြပြီး ဂစ်တာတီးနေတဲ့ ထယ်ရယ်နဲ့အတူ သီချင်းဆိုနေကြသည်။

သူရောက်သည့်အခါ ဆောင်းဟန်ဘင်းနားတွင် ဂျန်ယူရီက ထိုင်နေသည်ကိုတွေ့ရပြီး ဖုန်းထဲတွင် တစ်ခုခုကို အတူတူကြည့်ကာ ရယ်မောနေကြသည်။ ကြည့်ရသည်မှာ နှစ်ယောက်သား ဓာတ်ပုံအတူတွဲရိုက်ထားသည်များကို ပြန်ကြည့်နေကြတာ ဖြစ်နိုင်သည်။ ဒီတိုင်းရပ်နေသည့် ကျန်းဟောက်ကို ဂယူဘင်က အရင်တွေ့သွားတာကြောင့် အော်ခေါ်လိုက်သည်။ ထို့ကြောင့် ကျန်းဟောက် ဂယူဘင်ရှိရာသို့သာသွားပြီး ထိုင်ချလိုက်သည်။

သူထိုင်ချလိုက်သည်နှင့် သူ့အားလှမ်းကြည့်နေသည့် ဆောင်းဟန်ဘင်းအား တွေ့လိုက်တာမို့ အသာပြုံးပြရင်း ဂယူဘင်တို့နဲ့သာ စကားပြောနေလိုက်သည်။

"မင်းတို့ ဒီမှာရောက်နေကြတာ ကြာပြီလား?"

"နာရီဝက်လောက်တော့ရှိနေပြီး၊ မင်းက တအားဟောက်နေတော့ ငါ့မှာ အိပ်လို့တောင်မရဘူး"

ကျန်းဟောက် ချောင်းတစ်ချက်ဟန့်ကာ သူ့ကိုယ်သူပြန်ကာကွယ်လိုက်သည်။

"ပင်ပန်းလို့လေ၊ ပုံမှန်ဆိုရင် ငါက မဟောက်တတ်ဘူး"

ထိုအချိန်တွင် ကျန်းဟောက်၏ အနားတွင် လူတစ်ယောက်ထိုင်လိုက်သည်ကို ခံစားလိုက်ရသည်။

"Hyung ဒီမှာ ထိုင်မယ်နော်"

အသံကြားရာဘက်လှည့်ကြည့်လိုက်တော့ ကင်ဂျီအွန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းဟောက် တစ်ချက်လှည့်ကြည့်လိုက်ပြီး ဒီတိုင်းသာ နေလိုက်သည်။ ဂယူဘင်ကတော့ ဒီတိုင်းမနေနိုင်တာကြောင့်-

"ခင်ဗျား ဘာလာရှုပ်နေပြန်တာလဲ?"

"ဝင်ရှုပ်နေတယ်? ဒီမှာ တခြား တတိယနှစ်တွေလဲရှိနေပါသေးတယ်"

ထိုအခါမှ ဂယူဘင်က မကျေမနပ်ဖြင့် ပါးစပ်ပိတ်သွားပြီး ကင်ဂျီအွန်းကိုသာ စိုက်ကြည့်နေသည်။ ကျန်းဟောက် ဂယူဘင်၏ မျက်နှာကို Ricky ဆီသို့ ဆွဲလှည့်ပေးလိုက်ပြီး ကင်ဂျီအွန်းအား ပြောလိုက်သည်။

"Hyung ဒီမှာထိုင်လို့ရပါတယ်"

ကင်ဂျီအွန်းက ခေါင်းညိတ်ကာပြုံးပြလာပြီး အနှောင့်ယှက်တစ်စုံတစ်ရာမပေးဘဲ သူ့နားတွင် ငြိမ်ငြိမ်လေးထိုင်ကာ သီချင်းလိုက်ညည်းနေသည်။ တစ်ချက် တစ်ချက် ကျန်းဟောက်အား မသိမသာ လှည့်ကြည့်လာတာကို တွေ့ရပေမယ့် ထိုထက်ပိုပြီး ဘာမှလုပ်လာခြင်းမရှိပေ။ တဖြည်းဖြည်းနဲ့ အခြေနေက ပြေပြစ်လာပြီး နှစ်ယောက်သားအတူတူသီချင်းလိုက်ညည်းကာ အကြည့်ချင်းဆုံသည့်အခါ ပြုံးလိုက်မိကြသေးသည်။

ထယ်ရယ်၏ သီချင်းသံပြီးဆုံးသွားသည်နှင့် လက်ခုတ်တီးသံများဖြင့် ဆူညံသွားရသည်။ ကျန်းဟောက်တို့ အခန်းထဲမှ ဒုအတန်းခေါင်းဆောင်က ထရပ်ကာ အားလုံးရဲ့ အာရုံစိုက်မှုကို ရယူလိုက်သည်။

"ငါတို့တွေ ဂိမ်းကစားကြမလား!"

ထိုအခါ အားလုံးဆူညံကာ တစ်ဖန်ပြန်၍ တက်ကြွသွားကြသည်။

"ခနလေး ငါ ပြင်ဆင်လာတာတွေလေးတွေ ရှိတယ်"

ဟုဆိုကာ သူ့အနောက်ဘက်ရှိ လွယ်အိတ်ထဲမှ ကစားစရာမျိုးစုံကို ယူထုတ်နေသည်။ အံစာတုံးခေါက်ကာ block တုံးလေးတွေကို ပြိုမကျသွားအောင် ဆွဲထုတ်ရသည့် ကစားနည်းအပြင် မိချောင်း၏သွားကို ဖိကာ ဆော့ကစားရသည့်ဂိမ်းမျိုးနှင့် Uno card များ စသဖြင့် အစုံကို ရှိနေသည်။တချို့ကစားနည်းတွေမှာ ကျန်းဟောက် ဒရမ်မာတွေထဲတွင်သာ မြင်ဖူးပြီး အပြင်မှာတစ်ခါမှ မကစားဖူးပေ။

ယခုကစားရတော့မှာဖြစ်လို့ ကျန်းဟောက်၏ အကြည့်များ လင်းလတ်သွားရသည်။

"အဲ့လောက်တောင်ပျော်သွားတာလား?"

ကင်ဂျီအွန်းရဲ့အမေးကို ခေါင်းညိတ်ပြလိုက်ပြီး

"ကျွန်တော် ဒရမ်မာထဲမှာဘဲ တွေ့ဖူးတာ ဆော့ကြည့်ချင်နေတာကြာပြီ"

"ဆော့ရော ဆော့တတ်ရဲ့လား?"

"တစ်ခါကြည့်ပြီးရင်တော့ နားလည်သွားမယ်ထင်တယ်"

သူက မဆော့ဖူးတာကြောင့် ဂိမ်းနဲ့ပတ်သက်ပြီး မကျွမ်းကျင်ပေမယ့် ဦးနှောက်သုံးကာ ကစားရသည့် ဂိမ်းမျိုးတွင် ယုံကြည်မှုပြည့်ဝသူဖြစ်သည်။

"ငါတို့ လူများတယ်၊ King Game ဆော့ကြမလား?"

သူတို့လူအုပ်စုကများတာကြောင့် အများနဲ့ဆော့လို့ရသည့် ဂိမ်းကိုသာ ရွေးချယ်လိုက်ကြသည်။ ထိုကစားနည်းကို ကျန်းဟောက် မသိတာကြောင့် သူ့အနားက လူတွေကို မေးကြည့်လိုက်သည်။

"King Game က ဘယ်လိုလဲ"

"မဲနှိုက်ရမှာ၊ အဲ့မှာ King card ရတဲ့လူက နံပါတ်စဉ်ပြောပြီး ဘာမဆို ခိုင်းလို့ရတယ်၊ King က အမိန့်ပေးတာကို လိုက်လုပ်ရတာမျိုး"

ကျန်းဟောက် စိတ်လှုပ်ရှားစွာဖြင့် သူ့ပေါင်ကို သူပြန်ရိုက်ရင်းပြောလာသည်။

"အာ... သိတယ် သိတယ် ဒါမျိုး ဒရမ်မာထဲမှာ ခနခန မြင်ဖူးတယ်"

ထိုအခါ ဂျီအွန်းက

"ဒရမ်မာ ဒီလောက်ကြိုက်တာ၊ ဘာလို့ ရုပ်ရှင်ကလပ်ထဲဝင်ဖို့ကျမတွေးရတာလဲ?"

"ကျွန်တော်က ကြည့်ရတာဘဲကြိုက်တာ၊ ကိုယ်တိုင် သရုပ်မဆောင်ချင်ဘူး"

အချိန်အားဖြင့် နာရီဝက်ပင် မရှိသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် စကားအပြန်အလှန်ပြောကာ အဆင်ပြေနေကြသည့် ကျန်းဟောက်နဲ့ ကင်ဂျီအွန်းကို ဆောင်းဟန်ဘင်းကြည့်နေမိသည်။ ကျန်းဟောက်နဲ့အကြည့်ချင်းဆုံအောင် ကြိုးစားပေမယ့် သူ့အားပြုံးပြပြီးသည့်နောက် ကျန်းဟောက်ရဲ့ မျက်ဝန်းတွေက သူ့ဆီကိုရောက်မလာတော့ပေ။ ထို့ကြောင့် သူ ဒီတိုင်းလေး ကြည့်နေဖို့သာ တတ်နိုင်ခဲ့သည်။

"ကဲ... စမယ်နော် အားလုံးပေါင်း လူက ၁၉ ရောက်ရှိနေတာမို့ ဘုရင်အပါဝင် ၁ ကနေ ၁၈ ထိ ကြိုက်တဲ့ နံပါတ်ကို ပြောနိုင်တယ်၊ ကဲ... စပြီးနော်"

ဟုဆိုကာ တစ်ယောက်ချင်းဆီကို မဲနှိုက်ခိုင်းတော့သည်။

ကျန်းဟောက် အလျင်အမြန်ပင် သူ့ကတ်ကို ကြည့်လိုက်သည်။ King မဟုတ်ပေ။ ကင်ဂျီအွန်းကလဲ သူ့ကတ်ကို အသာချောင်းကြည့်လာတာမို့ အမြန်ပင် ဖွက်လိုက်သည်။

"Hyung ခိုးကြည့်လို့မရဘူး"

"Hyung က king မဟုတ်ပါဘူး"

အားလုံးမဲနှိုက်ပြီးသည့်အခါ ကစားပွဲ စတင်ကာ King အားဖော်ထုတ်တော့သည်။ ဒုတိယနှစ်ထဲက တစ်ယောက်က King ရပြီး နံပါတ်တစ်ခုကိုပြောကာ အမိန့်ပေးတော့သည်။

"နံပါတ် ၅ က ထွက်လာပြီးတော့ ဘဝမှာ အရှက်ရစရာအကောင်းဆုံး ကိစ္စတစ်ခုကိုပြောပြပါ"

အတန်းဖော်တစ်ယောက်မှာ စိတ်ပျက် လက်ပျက်အသံဖြင့် ထလာကာ အလယ်တွင်ရပ်လိုက်သည်။

"ငါ....ကျောင်းဘောင်းဘီက ပြဲနေတာကို မသိဘဲ ကျောင်းကနေ အိမ်ထိ လမ်းလျှောက်ပြန်ဖူးတယ်၊ ပြဲနေတာက နည်းနည်းလေးတောင် မဟုတ်ဘူး"

အားလုံးပွဲဆူကာ ရယ်မောလိုက်ကြပြီးနောက် တစ်ပွဲထပ်စသည်။ ကျန်းဟောက်ရဲ့ စိတ်လှုပ်ရှားမှုမှာ မကုန်သေးပေ။ သို့သော် သူက King card မရခဲ့ပါ။

"နံပါတ် ၁၄ က နံပါတ် ၁၀ ကို ဖွင့်ပြောပါ"

"ငါက ၁၄!"

မတ်သရူးရဲ့ အသံကိုကြားလိုက်ရတာကြောင့် ကျန်းဟောက် နံပါတ် ၁၀ က ဘယ်သူလဲဆိုတာ သိချင်နေပြီဖြစ်သည်။ ထိုအခါ စိတ်ပျက်လက်ပျက်နှင့် ထ ပြေးဖို့ ကြိုးစားနေသည့် ထယ်ရယ်အား တွေ့ရတာကြောင့် အနားကလူတွေ ဝိုင်းဆွဲထားကြပြီး ကွင်းအလယ်ရှိ မတ်သရူးထံသို့ တွန်းပို့တော့သည်။

ဒီလိုနဲ့ မတ်သရူးရဲ့ အံ့ဩဖွယ်ရည်းစားစကားပြောစွမ်းရည်နှင့် ထယ်ရယ်ရဲ့ သည်းမခံနိုင်စွမ်းတို့ ပေါင်းစပ်ထားသည့် ဟာသ ဇာတ်လမ်းတိုကို ကောင်းကောင်းကြီး ကြည့်လိုက်ရသေးသည်။

"နံပါတ် ၈ နဲ့ ၃ က ၁၀ စက္ကန့်အကြည့်ချင်းဆုံရပါမယ်၊ မနေနိုင်ဘဲ အကြည့်အရင်လွှဲတဲ့သူက အပြစ်ပေးခံရမယ်"

နံပါတ် ၈ ဖြစ်တဲ့ ဂျန်ယူရီက သူမရဲ့ မျက်နှာတစ်ဝက်ကို လက်ဖြင့်ဖုံးရင်း ကွင်းအလယ်သို့ ထ လာသည့်အခါ အကြောင်းသိကြသည့်သူများမှာ နံပါတ် ၃ မှာ ဆောင်းဟန်ဘင်းဖြစ်စေရန် အားပေးအားမြောက်ပြုလာတော့သည်။

"ဆောင်းဟန်ဘင်း! ဆောင်းဟန်ဘင်း! ဆောင်းဟန်ဘင်း!"

အားလုံးက ဆောင်းဟန်ဘင်းနာမည်အား ဝိုင်းခေါ်နေကြချိန်တွင် ဆောင်းဟန်ဘင်းမှာ နေရာတွင်သာ ရယ်ရယ်မောမောနဲ့ထိုင်နေသည်။ အားလုံးနဲ့ ဆန့်ကျင်စွာ ကျန်းဟောက်မှာတော့ ဆောင်းဟန်ဘင်းကို နံပါတ် ၃ မဖြစ်စေချင်ဘဲ တခြားတစ်ယောက်သာဖြစ်ဖို့ ဆုတောင်းနေလိုက်သည်။

သို့ပေမယ့် နံပါတ် ၃ က တော်ရုံနဲ့ ထွက်မလာပေ။ အားလုံးကလဲ ဆောင်းဟန်ဘင်းဟု ထင်ကြေးဝိုင်းပေးနေသည့်အခါ ဆောင်းဟန်ဘင်းက သူ့ ကတ်အား ထုတ်ပြလာသည်။ ဆောင်းဟန်ဘင်းရဲ့ ကတ်မှာ နံပါတ် ၇ ဖြစ်ပြီး ၃ မဟုတ်ပေ။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျန်းဟောက် တစ်နည်းနည်းနဲ့တော့ အသက်ရှူချောင်သွားရသည်။

ထို့နောက် ကျန်းဟောက်ကတ်အား မြင်လိုက်သည့် ကင်ဂျီအွန်းက ဆိုသည်။

"ကျန်းဟောက်က နံပါတ် ၃ ဘဲ"

"ဟမ်?"

ထိုအခါမှ ကျန်းဟောက် သူ့ကတ်ကို သူပြန်ကြည့်မိပြီး နံပါတ် ၃ က သူဖြစ်နေမှန်း သိတော့သည်။ သူများအလှည့်တုန်းကတော့ ဝမ်းသာအားရ ရယ်မောထားပေမယ့် အများရှေ့မှာမို့ ဝန်ပိမှန်း သူ့အလှည့်ကျမှသိတော့သည်။ သူ ကတ်ကို ကိုင်ကာ လျှောက်သွားလိုက်ပြီး ဂျန်ယူရီရှေ့တွင် ရပ်လိုက်သည်။ ပြီးနောက် King အား မေးလိုက်သည်။ ကျန်းဟောက် ထထွက်သွားသည့်အခါ အားပေးအားမြောက်ပြုကာ ထွက်ပေါ်လာသည့် အသံမှာလဲ မတိုးလှပေ။

"ငါတို့ ဘာလုပ်ရမှာလဲ"

"၁၀ စက္ကန့်အကြည့်ချင်းဆုံရမှာ၊ အကြည့်အရင်လွှဲတဲ့သူက ရှုံး"

"စလို့ရပြီလား?"

"ရပြီ"

"၁၀ စက္ကန့် ကွတ်တိရေနော် မကျော်စေနဲ့"

ကျန်းဟောက် သတိပေးလိုက်ပြီးနောက် သူ့ရှေ့က ဂျန်ယူရီနဲ့ မျက်နှာချင်း ဆိုင်လိုက်တော့သည်။ ဒီလောက်ကတော့ သူ့အတွက် အေးဆေးပင်။

ကျန်းဟောက်ရဲ့ ရုပ်ရည်မှာလဲ ထိပ်တန်းထဲကဖြစ်ပြီး အကြည့်တို့မှာ ညှို့ငင်နိုင်စွမ်းရှိမှန်း ဂျန်ယူရီ ယခုမှသာ ကိုယ်တွေ့မြင်လိုက်ရသည်။ ကျန်းဟောက် ကြည့်ကောင်းသည်ကို သတိထားမိပေမယ့် သူ့တစ်ဘဝလုံး ဆောင်းဟန်ဘင်း တစ်မျက်နှာကိုသာ ကြည့်ခဲ့ပြီး ဘယ်ယောကျ်ားကိုမှ ထိုမျှလောက် ဂရုတစိုက်မကြည့်ခဲ့ဖူးပေ။ ယခု သူမရှေ့ရှိ ကျန်းဟောက်မှာ မျက်နှာအသားရေက ချောမွေ့ကာ နုအုနေပြီး မျက်လုံးများကလဲ လှပကာ အကြည့်တို့မှာလဲ စူးရှလှသည်။ ဆက်ကြည့်နေရင် သူမရဲ့စိတ်တွေ ဝေဝါးကုန်မှာစိုးရိမ်တာကြောင့် ၆ စက္ကန့်ထိသာ တောင့်ခံနိုင်ပြီး အကြည့်အရင်လွှဲလိုက်တော့သည်။

ထိုအခါ အားလုံး အံ့ဩကုန်ကာ ဂျန်ယူရီအား ဝိုင်း၍ စ နောက်ကြတော့သည်။

"ယူရီတစ်ယောက် ရင်ခုန်သွားပြီး"

"ဆောင်းဟန်ဘင်းကို ထားခဲ့တော့မလို့လား?"

"တော်တော့ မစကြနဲ့တော့၊ ငါ ဘာအပြစ်ပေးခံရမှာလဲပြော"

"ကျောင်းရဲ့အလှလေးကို အလွန်အကျူးတွေ မလုပ်ခိုင်းပါဘူး၊ သီချင်းလေးဘဲ ဆိုပြပါ"

ရုပ်လေးချောသလို အသံလဲကောင်းသည့် ဂျန်ယူရီရဲ့ ဖျော်ဖြေမှုအပြီး နောက်တစ်ပွဲ စ ကြပြန်သည်။ ဒီတစ်ခါ King Card ရသွားသူမှာ ဂယူဘင်ဖြစ်သည်။

"နံပါတ် ၁၇ က-"

"၁၇ က ငါ၊ တခြားဟာပြောင်းပြော"

နံပါတ် ၁၇ ဖြစ်တဲ့ Ricky က ဖြတ်ပြောလာတာမို့ ဂယူဘင်က ချက်ချင်းပင် နံပါတ်ပြောင်းပြောသည့်အခါ အများက လက်မခံပေ။

"ဟေ့ ဟေ့! အဲ့လို့မရဘူးလေ၊ တစ်ခွန်း စကားဘဲ"

ထိုအခါ သူ့အား ဝင်ထောက်သူအား ဂယူဘင်က king card ကို ထောင်ပြရင်း ပြောလိုက်သည်။

"ငါက Kingလေ၊ စည်းမျဉ်းကို ငါဘဲ ချမယ်၊ နံပါတ် ၁၅ နဲ့ ၁၂ က ခုနကလိုဘဲ ၁၀စက္ကန့်အကြည့်ချင်းဆုံရမယ်၊ မလုပ်နိုင်ရင် အပြစ်ပေးခံရမယ်"

အစက အခေါ်မခံရပါသည့် ကျန်းဟောက်မှာ ယခုတော့ ၂ ခါဆက်တိုက်ကို အခေါ်ခံနေရတော့သည်။ သူ ထ လိုက်သည့်အခါ သူ့ဘေးက ဂျီအွန်းပါ ထ လိုက်သည်ကို တွေ့တာကြောင့် လှည့်ကြည့်လိုက်သည့်အခါ ကင်ဂျီအွန်းက သူ့ကတ်လေးအား ပြလိုက်သည်။

"Hyung က ၁၂"

ကျန်းဟောက် ကင်ဂျီအွန်းရဲ့ ကတ်ကို ကြည့်ပြီးနောက် ဂယူဘင်အား ငုံ့ကြည့်လိုက်သည့်အခါ Ricky ရဲ့နံပါတ်ကလွဲ ဘာဖြစ်ဖြစ်ပြောလိုက်သည့် ဂယူဘင်မှာ သူ့အား တောင်းပန်သည့်အကြည့်မျိုးပေးလာသည်။ ဘာဖြစ်ဖြစ် ဒါက ဂိမ်းလေးတစ်ခုဘဲလေ၊ အဆုံးသတ်တွင် ကျန်းဟောက် သူနိုင်မယ်ဆိုတာကို သိပြီးသားပင်။

အားလုံး၏ အလယ်တွင် နေရာယူလိုက်ပြီးနောက် အချိန်စမှတ်လို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။ ကင်ဂျီအွန်းမှာ သူ့ထက်အရပ်နည်းနည်း ပိုမြင့်ပြီး အတော်လေးလဲ ကြည့်ကောင်းလှသည်။ သို့ပေမယ့် သူ သေချာပေါက်ကို ၁၀ စက္ကန့်ကြာအောင် ထိန်းထားနိုင်ဖို့ ယုံကြည်ချက်ရှိပါသည်။ သို့သော်တစ်ဖက်လူမှာ ရင်ခုန်လို့ မထိန်းထားနိုင်ဘူးဆိုတာထက် အခွင့်ရေးရတုန်းလေး သူ့မျက်နှာအား အဝကြည့်နေသလိုမျိုး ချစ်စိတ်ရိုဖိတ်နေသည့် အကြည့်မျိုးဖြင့် ကြည့်လာသည့်အခါ ၁၀ စက္ကန့်က ကြာသည်ဟု ခံစားရသည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ကာ အကြည့်လွှဲဖို့ကို ငြင်းဆန်နေခဲ့ကြသည်။

"၇.....၈.....၉.....၁၀!!!!!"

"ကျန်းဟောက်က တော်တာဘဲ! ဂျီအွန်း hyung ရဲ့ အကြည့်ကို ရင်ဆိုင်နိုင်တာ တော်ရုံစကေးနဲ့မရဘူး"

"ဟုတ်တယ်၊ ဂျီအွန်း hyung က သရုပ်ဆောင်တော်လွန်းလို့ တစ်ခါတစ်လေ သူ mood ဝင်သွားရင် အကြည့်တွေက အသက်ဝင်လွန်းလို့ ငါဆိုကြက်သီးတွေပါ ထ လာတယ်"

ချီးကျူးသံများကြားထဲတွင် ၁၀ စက္ကန့်ပြည့်ပြီးသွားတော့မှ ပေါင်ပေါ်က လက်သီးဆုတ်ကိုဖြေလိုက်နိုင်သူတစ်ယောက်ကတော့ တိတ်ဆိတ်နေခဲ့သည်။ ထို၁၀စက္ကန့်အတွင်း သူ့ခေါင်းထဲဝင်ရောက်လာသည့် အတွေးမှာ-

လူတစ်ယောက်နဲ့တစ်ယောက်က အကြည့်ချင်းဆုံပြီဆိုရင် ၁၅ စက္ကန့်အတွင်းတွင် ချစ်မိသွားနိုင်သည်။

ထိုအချက်က စိတ်ပညာနဲ့ပတ်သက်ပြီး အပြောတမ်းလေ့လာထားရာကနေ သိထားသည့်အချက်ဖြစ်သည်။ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ သူ့မျက်ဝန်းမှ အကြည့်တို့ကို လူမမြင်စေရန် မျက်လွှာချကာ ဖုံးကွယ်ထားလိုက်သည်။

ထိုအချိန်မှာပင် နောက် တစ် around ထပ် စ နေပြီဖြစ်သည်။ ရယ်စရာကောင်းစွာပင် ဒီ Game က အဓိပ္ပာယ်မရှိသည့် ဂိမ်းဟု တွေးလိုက်ရင်းနှင့်ပင် သူ့ လက်ထဲရောက်လာသည်မှာ King Card

ဆောင်းဟန်ဘင်း အောက်နှုတ်ခမ်းကို ကိုက်ထားရင်းနှင့်ပင် ပြုံးလိုက်မိသည်။

King card ရဲ့စွမ်းအားကြောင်းလားမသိ။ သူ့တစ်ကိုယ်လုံးတွင် နိုင်ထက်စီးနင်းလိုစိတ်များ ပျံ့နှံ့သွားသည်။

အဓိပ္ပာယ်မရှိတဲ့အရာကို သူကအဓိပ္ပာယ်ရှိအောင်ကြိုးစားအားထုတ်နိုင်စွမ်းရှိသည်။

ကျန်းဟောက်အား မော့ကြည့်လိုက်သည့်အခါ နံပါတ်ကတ်ကိုကြည့်ရင်း သိသိသာသာကိုပင် ကျေနပ်စွာပြုံးနေသည်ကို တွေ့လိုက်ရသည်။ ကျန်းဟောက်မှာ ဘယ်တုန်းကမဆို ခန့်မှန်းရလွယ်ကူသည်။ ဒီလိုမျိုး ဖုံးကွယ်တတ်တဲ့ အကျင့်မရှိလို့လဲ သူ့မှာ ဒီသူငယ်ချင်းလေးနဲ့ရင်းနှီးချင်ခဲ့ရပြီး ဒီသူငယ်ချင်းရဲ့စိတ်နေသဘောထားနဲ့ အပြုအမူတိုင်းကို သိနေခဲ့တာဖြစ်သည်။

ရုတ်တရက်ဆိုသလို သူ့အား ကြည့်နေသည်ကို အာရုံခံမိတာမို့ မော့ကြည့်လိုက်သည့်အခါ ဆောင်းဟန်ဘင်း၏ အကြည့်များနှင့်ရင်ဆိုင်လိုက်ရသည်။ မကြည့်မိအောင် အတတ်နိုင်ဆုံးကြိုးစားနေခဲ့ပေမယ့် ထပ်ပြီး ထိုအကြည့်နဲ့ရင်ဆိုင်လိုက်ရတာကြောင့် မသိချင်ယောင်ဆောင်ကာ အကြည့်လွှဲလိုက်ပြီး စိတ်ရဲ့ လှုံ့ဆော်မှုအရ သူ့လက်ထဲမှ ကတ်ကိုပင် တခြားသူတွေ မမြင်နိုင်အောင် ဖွက်လိုက်သေးသည်။

"King က ဘယ်သူလဲ?"

ဆောင်းဟန်ဘင်းက သူ့ရဲ့ကတ်ကိုသာ ထောင်ပြလာပြီး ပြုံးနေပြီး ဘာစကားမှမဆို။ ကျန်းဟောက်မှာ ထူးဆန်းစွာပင် အဖမ်းခံရတော့မည့် သားကောင်လို ခံစားလိုက်ရတာမို့ တံတွေးသာမြိုချလိုက်သည်။

"ဘာလုပ်ခိုင်းမှာလဲ"

ဆောင်းဟန်ဘင်း တိတ်ဆိတ်နေသည်မှာ အတန်ကြာသွားပြီးမှ

"နံပါတ် ၁ က....."

ကျန်းဟောက် မျက်လုံးတို့မှိတ်ကာ ဆောင်းဘုရင်က သူ့အားပေးအပ်လာမည့် အမိန့်ကို နာခံရန် အသင့်ပြင်ထားလိုက်သည်။ ဆော့ရတော့လဲ သုံးခါဆက်တိုက် ဘာတွေ လုပ်ခိုင်းမလဲ မသိတာကြောင့် တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံက သူ့နားထဲ ဆူညံလာသည်။

"နံပါတ် ၁ က နံပါတ် ၉ နဲ့နေရာလဲပါ"

ဆောင်းဘုရင်၏ စကားအဆုံး၌ သူတို့ဝိုင်းထဲရှိ အသံများ တိတ်ဆိတ်ကုန်ပြီး ကျန်းဟောက်မှာလဲ ကြောင်အ စွာ မော့ကြည့်လာသည်။

ဆောင်းဘုရင်က ဘာမှ ခက်ခက်ခဲခဲ မလုပ်ခိုင်းတာကြောင့် သူ့လက်ထဲရှိ နံပါတ် ၁ ကတ်ကိုပြပြီး ထိုင်နေရာမှ ထကာ နေရာလဲရန် နံပါတ် ၉ က ဘယ်သူဘယ်ဝါဖြစ်ကြောင်းမေးလိုက်တော့သည်။

"ငါက ၁ ၊ ၉ က ဘယ်သူလဲ"

ထိုအခါ ဆောင်းဟန်ဘင်း၏ အနားတွင် ပျော်ရွှင်စွာ တစ်ချိန်လုံးထိုင်နေခဲ့ပါသည့် ဂျန်ယူရီမှာ ဖြည်းဖြည်းချင်း ထ လာသည်။

တိတ်ဆိတ်နေသည့်ကြားထဲမှ ဖွီးခနဲ အသံတိုးတိုးထွက်လာသူမှာ ထယ်ရယ်ဖြစ်ပြီးRicky မှာလဲ အဓိပ္ပာယ်ပါသည့် အပြုံးဖြင့် လေပါချွန်လိုက်သေးသည်။

"ဖွီးးးးဒုက္ခဘဲ ငါ ဒီမျက်နှာကြီးကို ရင်းနှီးနေတယ်"

တခြားသူတွေရဲ့အကြည့်ကို ရင်မဆိုင်ချင်တာကြောင့် သူ့ခြေထောက်အောက်က မြက်ခင်းပြင်ကိုသာကြည့်ရင်း ကျန်းဟောက်ရဲ့ နေရာသို့ လျှောက်လာကာ ထိုင် လိုက်သည်။

ဘာတွေဖြစ်နေမှန်း နားမလည်သည့် ကျန်းဟောက်မှာ ရပ်နေရင်း ကြောင်တောင်တောင်ဖြင့် ဂျန်ယူရီကို ကြည့်လိုက်ပြီးနောက် ဆောင်းဟန်ဘင်းအား ကြည့်လိုက်သည်။ ဆောင်းဟန်ဘင်းထံတွင် ထူးခြားသည့် အမူအရာမျိုးမတွေ့ရဘဲ ပုံမှန်ပြုံးနေကြအတိုင်းလေးပင် ဖြူဖြူစင်စင် ပြုံးကာထိုင်နေသည်။

ဒီအတိုင်းဆို သူ့ တာဝန်က ဆောင်းဟန်ဘင်းအနားမှာ သွားထိုင်ရမှာဖြစ်သည်။ ထို့ကြောင့် ဂိမ်းပွဲပြန်စနိုင်စေရန် ဆောင်းဟန်ဘင်းနားတွင် ခပ်မြန်မြန်လေး သွားထိုင်နေလိုက်သည်။

============

Tbc.......

February 26, 2025

Salon drip ကြည့်ပြီး အဆင်ပြေကြရဲ့လား?

ကိုယ်တော့ အိပ်မပျော်တော့ဘူး။

အဲ့ဒါကြောင့် အပိုင်းသစ် လာ up တာ

စဉ်းစားကြည့်ကြပါဦး

ကျန်းဟောက်က ဟန်ဘင်းနဲ့ ရန်ဖြစ်ရင်း ကိုးရီးယားစကားတိုးတက်လာတာတဲ့

ဟုတ်ပါပြီ အဲ့ဒါဆို ခေါင်းလျှော်ရည်ကိစ္စကရော? ဆောင်းဟန်ဘင်းက ရေချိုးရင်း တရုတ်စာသင်နေတာလား?

တစ်မျိုးတော့ တစ်မျိုးဘဲ ><

မနက်မှ စာလုံးပေါင်းစစ်တော့မယ်နော်