Chapter 35: အပိုင်း (၃၄) ကျန်းဟောက် : နမ်းပြီးရင် ဘယ်လိုမေးခွန်းမျိုး မေးရတာလဲ?

My other halfWords: 51398

ကျန်းဟောက်၏ စိတ်ခံစားချက်မှာ အခုချိန်တွင်အကောင်းဆုံးဖြစ်သည်။ အပြုံးတို့မှာ ပိုမိုတောက်ပလာကာ ဂိမ်းဆော့ရမှာကို ပို၍ တက်ကြွလာပြီး သူ့ပတ်ဝန်းကျင်ရှိလေထုမှာ ကြပ်တည်းနေသည့် အနေထားသို့ ရောက်နေမှန်းတောင် သတိမထားမိသည်အထိ။ ဖြစ်စဉ်တစ်ခုလုံးရဲ့ ပဲ့ကိုင်ရှင် ဆောင်းဟန်ဘင်းကိုယ်တိုင်မှာတော့ ကျန်းဟောက်အား သူ့ဘေးရှိနေရာလေးတွင် လာထိုင်ရန် လက်ဖြင့်ပုတ်ပြနေခဲ့သည်။

ဂျန်ယူရီက ဆောင်းဟန်ဘင်းကို တစ်ဖက်သတ်ချစ်နေသည်မှာ အချိန်အတော်ကြာပြီးဖြစ်တဲ့အကြောင်းကို လူတိုင်းသိကြသလို တစ်ဖက်တွင်လဲ ကျန်းဟောက်မှာ လအနည်းငယ်အတွင်းမှာပင် ဆောင်းဟန်ဘင်းနဲ့ အတူတူ အတွေ့ရဆုံးလူဖြစ်လာပြီး နှစ်ယောက်သားကို ဝိုင်း ship နေကြသည်မှာလဲ ဖုံးကွယ်မထားသည့် အရာတစ်ခုဖြစ်သည်။

စစ်ကြေညာခံလိုက်ရသည့် ကင်ဂျီအွန်းမှာလည်း သူ့ရှေ့က လူနှစ်ယောက်ကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းကကွေးညွှန့်သွားပြီး ခပ်ဖွဖွရယ်မောလိုက်သည်။ ဒါကမှ ဖုံးကွယ်ထားသည့် ဆောင်းဟန်ဘင်း၏ပုံစံဖြစ်သည်။ ဒီပုံစံဖြစ်သွားဖို့က ရှားပါးပေမယ့် ကျန်းဟောက်နဲ့ပတ်သက်နေလိမ့်မည်ဟု မထင်ထားခဲ့မိ။

အားလုံးမှာ တီးတိုးပြောနေကြပြီး ဂျန်ယူရီမှာလဲ မျက်နှာလုံးဝ မလှပေ။ ထို့ကြောင့် အတန်းဖော်တစ်ယောက်က ထိုအခြေနေကို ဖြေရှင်းရန် စကား စ လိုက်သည်။

"ဒီဂိမ်းက ပျင်းလာပြီ၊ ငါတို့ တခြားဟာ ဆော့ကြမလား?"

"Okay okay ကောင်းတယ်! ဘာဆော့ ကြမလဲ?"

"Mafia?"

"ကောင်းပြီ စ ကြတာပေါ့"

ဂိမ်းတွေ တစ်ခုပြီးတစ်ခု ပြောင်းဆော့နေကြပေမယ့် တဖြည်းဖြည်းနဲ့ ကျန်းဟောက်၏ စိတ်ပါဝင်စားမှုအာရုံမှာ ဂိမ်းအပေါ်တွင် နည်းသည်ထက်နည်းလာရသည်။ ထို့ကြောင့် သူ မနေနိုင်တော့ဘဲ သူ့ဘေးရှိလူအား မေးလိုက်သည်။

"မင်း ငါအိပ်ပျော်နေတဲ့ချိန် ဘာလုပ်နေတာလဲ?"

"ငါလား?"

သူ ဆောင်းဟန်ဘင်း မျက်နှာအားကြည့်နေရင်း အဖြေကိုစောင့်နေလိုက်သည်။

"ဘာမှ မလုပ်ပါဘူး၊ တစ်ရေးခနအိပ်ပြီး ရေမိုးချိုး၊ ထမင်းစားပြီးတော့ ဒီကို ရောက်လာတာဘဲ"

ကျန်းဟောက် မျက်ဝန်းတို့ မှေးကျဉ်းလာကာ ဆောင်းဟန်ဘင်း၏ အဖြေအား ဘဝင်မကျသည့်သူ့ရဲ့စိတ်သဘောထားအား ဖော်ပြလာသည်။

"ဒါဘဲလား?"

ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်ကို ကြည့်ရင်း မရယ်ဘဲမနေနိုင်။ သို့ဖြစ်၍ တစ်ဖက်လူ စိတ်ဆိုးသွားမှာကိုလဲ မလိုလားတာကြောင့် ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံးထိန်းထားခဲ့သည်။

ကျန်းဟောက်မှာ ဘယ်တုန်းကမှ ဖုံးကွယ်မထားတတ်ပေ။ လိုရင်းရောက်အောင် တိုက်ရိုက်သာ ပြောဆိုတတ်တဲ့ ကျန်းဟောက်မှာ အခုဆိုရင်တော့ သူလိုချင်တဲ့ အဖြေ မရ ရအောင် သွယ်ဝိုက်၍ မေးနေသည်ကို တွေ့ရတော့ ဆောင်းဟန်ဘင်း၏ ရင်ထဲမှ ရှုပ်ထွေးနေသည့် ပုစ္ဆာအားဖြေရှင်းရန် တဖြည်းဖြည်းချင်း နည်းလမ်းတွေ့လာရသည်။

"နောက်တော့ ဂျန်ယူရီက ဓာတ်ပုံရိုက်ပေးဆိုလို့ ရိုက်ပေးရသေးတယ်"

ထိုအခါ ကျန်းဟောက်က အကြည့်လွှဲသွားပြီး တိုးတိုးလေးမေးလာခဲ့သည်။

"ဘာလို့ ငါ့ကို မစောင့်တာလဲ?"

"ဘာပြောလိုက်တာလဲ?"

"ဘာမှမဟုတ်ဘူး"

ဟုဆိုကာ ကစားပွဲထဲသာ အာရုံစိုက်ဖို့ ကြိုးစားနေသည့် ကျန်းဟောက်၏ လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး

"အကိုက်ခဲပျောက်ဆေး တိုက်ဖို့ လာတဲ့ချိန်မှာ မင်းက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာလေ၊ အခုရော ဘယ်လိုနေလဲ ထမင်းရော စားပြီးရဲ့လား?"

"အင်း ဒီလိုပါဘဲ အဆင်ပြေပါတယ်"

သူလိုချင်သည့်အဖြေမဟုတ်ပါသည့်တိုင် ဆောင်းဟန်ဘင်းက သူ့အား ဂရုစိုက်သေးတာကြောင့် စိတ်ထဲ နေလို့ကောင်းသွားသည်။ သူ့ရဲ့မျက်နှာရှိကြွက်သားတစ်ခုလုံးကို ထိန်းသိမ်းရင်း နောင်ဆုံးမှာတော့ မပြုံးမိသွားအောင် ကြိုးစားနိုင်ခဲ့သည်။ ထိုအချိန် တချို့လူများမှာ ထထွက်သွားကြဖို့ လုပ်နေကြပြီး တခြားဂိမ်းကစားဖို့ လုပ်နေကြသည်။

"အို? ဘယ်သွားကြမလို့လဲ?"

သူတို့နှစ်ယောက်က နှစ်ယောက်တည်း ကမ္ဘာလုပ်နေကြကာ စကားပြောနေခဲ့တာမို့ ဘာတွေဖြစ်သွားမှန်း မသိလိုက်ကြပါ။

"ဟိုးဘက်ခြမ်းမှာ ဝင်္ကပါကြီး တစ်ခုရှိတယ်လေ၊ အဲ့ဘက်ကို သွားကြမှာ"

အတူသွားနေစဉ် အတန်းဖော်တစ်ယောက်က ဂိမ်းကစားနည်းအား ရှင်းပြလာသည်။

ဂိမ်း၏ စည်းမျဉ်းမှာ ထိုအတိုင်းဖြစ်သည်။

ပါဝင်ကစားသူတိုင်းက ပေးထားသည့် item နှစ်ခုထဲက တစ်ခုကိုယူကာ မှောင်မဲနေတဲ့ ဝင်္ကပါကြီးထဲ ဝင်သွားရမည်ဖြစ်ပြီး ထွက်လမ်းကို ရှာရမည်ဖြစ်သည်။

ပေးထားသည့် item မှာ မီးခြစ်ဆံဘူးလေးနဲ့ ဖယောင်းတိုင်မီးကွက်လေး ဖြစ်ပြီး ကစားသူက ကြိုက်နှစ်သက်ရာကို ယူသွားခွင့်ရှိသည်။

ဝင်္ကပါထဲတွင် ကိုယ်နဲ့မတူသည့် item ရှိသည့် သူနှင့် ပူးပေါင်း၍ ဖယောင်းတိုင် မီးကို ထွန်းကာ ထွက်ပေါက်ကိုရှာ၍ ပြန်ထွက်လာရမည်ဖြစ်သည်။

တစ်ယောက်တည်း ထွက်လာလို့လဲ မရသလို ဝင်္ကပါထဲ တွေ့ဆုံသည့် သူနှင့် item တူနေပါက တခြားတစ်ယောက်ကို ထပ်ရှာရမည်ဖြစ်သည်။

ဒါက ဘယ်လိုဂိမ်းပါလိမ့်? ဒီတိုင်း စိတ်ကူးယဉ်ဆန်ကာ ပျင်းစရာကောင်းသည့် ကစားနည်းပင်။

သို့ပေမယ့် သူ့အနားရှိကျန်းဟောက်မှာ စိတ်အားထက်သန်စွာဖြင့် ပြောလာသည်အား ကြားလိုက်ရသည်။

"ရိုမန့်တစ်ဖြစ်လိုက်တာ၊ စိတ်လှုပ်ရှားဖို့ကောင်းနေမှာဘဲ သေချာပေါက် ဆော့ရမယ်"

ကောင်းပြီး။ ဒီလိုဆိုမှတော့ သူလဲ ဝင် ဆော့ရတော့မည်ဖြစ်သည်။ သို့သော် ကံကြမ္မာဆိုသည့်အရာကို သူမယုံပေ။ ထိုကံကြမ္မာဆိုသည့်အရာက လူက လုပ်လို့ဖြစ်လာသည့်အရာများသာ။

တစ်ယောက်တစ်လှည့်ဆီ item တွေယူကာ ဝင်္ကပါထဲ ဝင်နေကြစဉ် ဘာမှမစားထားရသည့် ကျန်းဟောက်မှာ ဆာလောင်မှုဒဏ်ကို စတင်၍ ခံစားရတော့သည်။

"ခနစောင့်နေဦး"

နှုတ်ခမ်းဆူကာ ဗိုက်လေးအားပွတ်နေသည်ကိုတွေ့တော့ ဗိုက်ဆာနေပြီမှန်း သိတာမို့ ဆောင်းဟန်ဘင်း က စားဖို့အတွက် တစ်ခုခုသွားရှာရန် ထွက်သွားလိုက်သည်။ သူ့အလှည့်ရောက်ဖို့ကလဲ လိုသေးတာမို့ ကျန်းဟောက် ဘေးထွက်နေကာ စောင့်နေလိုက်သည်။ ထိုအချိန်တွင် မဖိတ်ခေါ်ထားပါသည့် ဧည့်သည်က သူ့ရှေ့သို့ရောက်လာသည်။

"ငါ ပြောစရာရှိလို့ အချိန်ခနလောက် ပေးနိုင်မလား?"

ဂျန်ယူရီမှာ ခါတိုင်းလို မထီမဲ့မြင်ပုံစံမျိုးဖြင့် မဟုတ်ဘဲ အလေးနက်ထားကာ ပြောလာတာကြောင့် ကျန်းဟောက် ငြင်းမနေတော့ဘဲ ဂျန်ယူရီခေါ်သည့် နောက်သို့ လိုက်သွားလိုက်သည်။

မှောင်ရိပ်ကျကာ လူရှင်းသည့် တစ်နေရာသို့အရောက်တွင် ရှေ့ကသွားနေသည့် ဂျန်ယူရီက သူ့အားလှည့်ကြည့်လာသည်။

"ငါ ဒီနေ့ ဆောင်းဟန်ဘင်းကို ဖွင့်ပြောမှာ"

ကျန်းဟောက် တိတ်ဆိတ်နေပြီး ဂျန်ယူရီ ပြောလာသည်ကိုသာ နားထောင်နေသည်။

"အဲ့ဒါကြောင့် နင်ရှောင်ပေးလို့ရမလား?"

ဂျန်ယူရီ၏ စကားအဆုံး၌ ကျန်းဟောက်မှာ မျက်နှာအမူအရာကိုပင် ထိန်းထားမနိုင်တော့ဘဲ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့လက်ဖဝါးက ချွေးစေးတွေထွက်နေကာ ရင်တွေတုန်ပြီး သူ့ရှေ့က ဂျန်ယူရီကိုပင် မြင်ရတစ်ချက် မမြင်ရတစ်ချက်ဖြစ်လာသည်။ အသက်ရှူနေတာလား? အောင့်ထားတာလား မသိပေမယ့် သေချာတာတော့ သူအသက်ရှူရခက်ခဲလာသည်ဟု ခံစားနေရသည်။ ဗလောင်ဆူနေသည့် ရင်ခုန်သံများက သူ့ကို တုန်လှုပ်စေသည်။ ချဉ်စူးစူး ခံစားချက်တစ်ခုက ရင်ထဲပျံ့နှံ့သွားပြီး နှာခေါင်းထိပ်ဖျားတွေက စူးလာကာ သေချာတာတော့ သူ အခုလို ခံစားနေရတာကို မကြိုက်ပေ။

"ငါဆောင်းဟန်ဘင်းကို အရမ်းချစ်တယ်၊ ငယ်ငယ်လေးကတည်းက သူနဲ့အတူကြိီးပြင်းလာကြတာ၊ သူက ငါ့အတွက် အရမ်းအရေးပါတယ်၊ သူမရှိလို့ မဖြစ်ဘူး၊ ဒါကြောင့် ငါသူ့ကို ချစ်ခွင့်ပန်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒီတစ်ကြိမ်ဘဲ တောင်းဆိုပါတယ်၊ သူနဲ့ဝေးဝေးနေပေးပါ"

သူ့ရင်ထဲ အမျိုးအမည်မသိ ခံစားချက်များ ပြည့်နှက်လာသည်။ သူ ပိုင်ဆိုင်ထားရသည်ဟု ထင်မှတ်ထားသည့် အရာမှာ အချိန်မရွေး လုယူခံရနိုင်သလို သူတကယ် ပိုင်ဆိုင်ထားခြင်းမဟုတ်ကြောင်းကို သိမြင်သွားရသည်။ ကျန်းဟောက်၏ ခံစားချက်များ ရှုပ်ထွေးလာပြီး သူဘယ်အရာကိုမှ ကောင်းကောင်းတွေးတောနိုင်ခြင်းမရှိတော့ပေ။ သူက ဆောင်းဟန်ဘင်းနဲ့ ဝေးဝေးနေနိုင်ရင် ရပြီမဟုတ်ပါလား?

သို့သော် သူ မနေချင်ပါ။

သူ့ရဲ့ကမ်းလှမ်းချက်ကို ငြင်းဆိုခြင်းလဲ မရှိသလို လိုက်လျောခြင်းလဲမရှိသည့် ကျန်းဟောက်ကိုကြည့်ရင်း ဂျန်ယူရီက ထပ်ပြောလာသည်။

"အထင်မလွဲပါနဲ့၊ ငါပြောတဲ့ ရှောင်ပေးဆိုတာက အရင်တစ်ခါလို အဓိပ္ပာယ်မဟုတ်ဘူး၊ ငါသူ့ကို ချစ်ရေးဆိုမှာမလို့  ငါတို့နှစ်ယောက်ကို သီးသန့်အချိန်ပေးဖို့ ပြောချင်တာ၊ နင်တို့နှစ်ယောက်က အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဘဲလေ ငါ နားလည်ပေးနိုင်ပါတယ်၊ တကယ်လို့ ငါတို့ချစ်သူတွေဖြစ်သွားတဲ့အခါကျရင်လဲ ဆက်ခင်သွားလို့ရသေးတာဘဲ၊ ဟုတ်တယ်မလား?"

ကျန်းဟောက်မှာ သူ့ကိုသာ စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှမဆိုချေ။

"နင် ဘာမှမပြောဘူးဆိုတော့ ငါ့ကမ်းလှမ်းချက်ကို သဘောတူတယ်လို့ဘဲ သတ်မှတ်လိုက်မယ်နော်၊ ငါ အရင်သွားနှင့်ပြီ"

ဟင့်အင်း သဘောမတူဘူး

မင်းတောင်းဆိုသလို မလုပ်ပေးနိုင်ဘူး

သို့သော် ထိုစကားလုံးတွေက သူ့ပါးစပ်ကနေ တစ်ခွန်းမှ ထွက်မလာဘဲ ရင်ထဲ၌ သာကျန်ရစ်ခဲ့သည်။

သူတို့က သူငယ်ချင်းတွေဟုတ်ပေမယ့် ဆောင်းဟန်ဘင်းက ဂျန်ယူရီနဲ့တွဲသွားမဲ့ အခြေနေမျိုးကိုတော့ သူမလိုချင်ပေ။ ဆောင်းဟန်ဘင်းကလဲ ဂျန်ယူရီအား စိတ်ဝင်စားနေရင်ရော? ဒါက ဖြစ်သင့်တဲ့အရာပင်။ သို့ပေမယ့် ထိုကဲ့သို့ဖြစ်သွားတာကို မလိုချင်သလို မလိုချင်ရသည့်အကြောင်းရင်းတို့ကလဲ ခေါင်းစဉ်ရေရေရာရာ မရှိ။

"ကျန်းဟောက်!"

လှည့်ကြည့်လိုက်တော့ Ricky က သူ့နားရောက်နေသည်ကို တွေ့လိုက်ရသည်။

"မင်း ဘာဆက်လုပ်မှာလဲ?"

"မင်း ကြားလိုက်တာလား"

Ricky က ခေါင်းညိတ်ပြကာ တူညီတဲ့ မေးခွန်းကိုဘဲ ဆက်မေးလာသည့်အခါ သူ့ထံတွင်ဖြေစရာမရှိ။ ဆောင်းဟန်ဘင်းနဲ့ ဂျန်ယူရီအား ချစ်သူတွေမဖြစ်စေချင်သည့်သူ့ရဲ့ ဆန္ဒကို ထုတ်ပြဖို့အတွက် ခိုင်မာသည့် အကြောင်းပြချက်က သူ့ထံတွင်မရှိပေ။

ခံရခက်သည့်မျက်နှာမျိုးဖြင့် အံကိုတင်းတင်းကြိတ်ကာ စကားပြောဖို့ကို ငြင်းဆန်နေသည့် ကျန်းဟောက်ကိုကြည့်ရင်း Ricky သင်ပြင်းသာ ချမိလိုက်သည်။

"ကျန်းဟောက်... မင်း ဆောင်းဟန်ဘင်းကို သဘောကျနေတာ"

ကျန်းဟောက်၏ ခုန်ပေါက်နေသည့် နှလုံးသားလေးမှာ ငြိမ်သက်သွားပြီး ဗုံးတစ်လုံးပေါက်ကွဲသွားသလို ဦးနှောက်က ထွေပြားလာပြီး နားတွေပင် အူလာရသည်။ Ricky ရဲ့စကားကို ငြင်းဆန်လိုက်ချင်ပေမယ့် ဘယ်ကနေ စ ပြောရမလဲ သူမသိ။

"မင်းရဲ့ ခံစားချက်ကို ဘယ်အချိန်ထိ မသိချင်ယောင်ဆောင်နေဦးမှာလဲ? ဒီအတိုင်းသာဆို မင်း သဘောကျရတဲ့လူက သူများနောက်ပါသွားတော့မယ်"

စကားပြောဖို့ကြိုးစားလိုက်ပေမယ့် သူ့နှုတ်က ဘာအသံမှထွက်မလာတာကြောင့် ပါးစပ်ကိုသာ ပြန်ပိတ်လိုက်သည်။

"မဟုတ်ဘူးလို့ ငြင်းချင်နေတာလား? ကျန်းဟောက် မင်းက skinship ကြိုက်တဲ့သူမဟုတ်ဘူး၊ ဒါကြောင့်လဲ မတ်သရူးနဲ့ ဂယူဘင်ကတောင် မင်းနဲ့ဆို သတိထားပြီး ဆင်ခြင်ပေးတယ်၊ ဒါပေမယ့် ဆောင်းဟန်ဘင်းနဲ့ကျတော့ရော?"

"........."

"ဆောင်းဟန်ဘင်းမပါရင် ငါတို့နဲ့ ဘယ်မှ မလိုက်ချင်တဲ့ရက်တွေ၊ ဆောင်းဟန်ဘင်းမလာမချင်း အခန်းတံခါးဝကိုဘဲ မျှော်ကြည့်ပြီး စောင့်နေတဲ့ရက်တွေ၊ ဆောင်းဟန်ဘင်းက ကန်တင်းမှာဘဲ စားတတ်တာများလို့ ငါတို့ဆီကနေတောင် ခွဲထွက်ပြီး နေ့လည်စာ အတူစားတာတွေ၊ ဆောင်းဟန်ဘင်းနဲ့ စာအတူမလုပ်ရလို့ သူ့ရဲ့ dance club အထိလိုက်သွားတာတွေ၊ ဒီနေ့တင် ဆောင်းဟန်ဘင်းနဲ့အတူမထိုင်ရလို့ မင်းရဲ့ခံစားချက်တွေ မကောင်းနေဘူး၊ ကျန်းဟောက် မင်းသိလား မင်းက စိတ်ခံစားချက်ကို မဖုံးကွယ်တတ်ဘူး၊ အရမ်း တုံးလွန်းတဲ့ မတ်သရူးတောင် မင်း ဆောင်းဟန်ဘင်းကို သဘောကျနေမှန်းသိတယ်၊ အဲ့ဒါကြောင့် မင်းကို မခံစားစေချင်လို့ တောင်ပေါ်မှာ အဲ့ကိစ္စကို တမင်ပြောခဲ့တာ"

ကြောင်အကာ ငေးမောနေသည့် ကျန်းဟောက်ရဲ့ ပုခုံးကို ဆုတ်ကိုင်ကာ လက်ရှိအချိန်သို့ ပြန်ဆွဲခေါ်လိုက်သည်။

"ငါတို့ အားလုံး မင်းကို မခံစားစေချင်လို့ တိတ်တိတ်လေးနေပေးခဲ့ကြတာ၊ ကျန်းဟောက် ဘယ်အချိန်မှ မင်းနှလုံးသားထဲက စကားကိုနားထောင်မှာလဲ?

ဆောင်းဟန်ဘင်းက တခြားတစ်ယောက် ရင်ခွင်ထဲရောက်သွားမှလား?"

ဟင့်အင်း

သူမလိုချင်ဘူး

ဆောင်းဟန်ဘင်းကို သူ့အနားမှာဘဲရှိစေချင်သည်။

"မင်း တကယ်ဘဲ နည်းနည်းလေးမှ မခံစားရဘူးလား? ဂျန်ယူရီပြောသွားတဲ့ စကားတွေကို ကြားပြီးတာတောင် မင်း ဘာမှမခံစားရဘူးဆိုရင်တော့ ငါပြောခဲ့တာတွေကို မေ့လိုက်တော့"

Ricky ၏ စကားအဆုံး၌ ကျန်းဟောက်ရဲ့ နှလုံးသားထဲ သူအရင်က မသိခဲ့ပါသည့် ခံစားချက်များက အလျင်မြန် တိုးဝင်ရောက်ရှိလာသည်။

Dance practice room ထဲ လေ့ကျင့်နေပါသည့် ဆောင်းဟန်ဘင်း

ကျန်းဟောက်ဘက်က လိုလိုလားလားနှင့် ပထမဦးဆုံးအကြိမ် ဖုန်းနံပါတ်ချင်းလဲခဲ့သည့် ဆောင်းဟန်ဘင်း

ဆောင်းဟန်ဘင်းနှင့် အတူ ပြန်ရာတွင် စီးနေကြ ဘတ်စ်ကားလေး

ဆောင်းဟန်ဘင်း၏ အသံမတ်ဆေ့ဂျ်ကို နားထောင်ပြီး ရင်ခုန်ခဲ့ရသည့် အချိန်တွေက သူ့အာရုံထဲ အနှေးပြကွက်လို ပြန်လည်ပြသလာသည်။

ဆောင်းဟန်ဘင်းကိုယ်တိုင် ig ပေါ်မှာတင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံလေးကိုခနခန သွားကြည့်မိတဲ့အချိန်တွေ

မွေးနေ့လက်ဆောင်အတွက် ကြိုးစားကာ အချိန်ယူပြီး စဉ်းစားပေးခဲ့ရတာတွေ၊ သူ့လိုလူမျိုးက ထိုကဲ့သို့ လုပ်မည့် လူစားမျိုးမဟုတ်ပေမယ့် ဆောင်းဟန်ဘင်းအတွက် အလေးနက်ထားကာ အချိန်ယူတွေးတောခဲ့ရချိန်ကို ပြန်တွေးနေမိသည်။

အစစ အရာရာ အရိပ်တကြည့်ကြည့်နဲ့ ရှိခဲ့သည့် ဆောင်းဟန်ဘင်းနဲ့ roommate ဖြစ်ချင်ခဲ့ဖူးသည်။ ဆောင်းဟန်ဘင်း ထိခိုက်မှာစိုးလို့ သူ့အတွက် သူတောင် စိတ်မပူနိုင်ဘဲ ကာကွယ်ပေးခဲ့ဖူးသည်။

ဒါတွေအားလုံးက ဆောင်းဟန်ဘင်းကို သဘောကျလို့ ဖြစ်လာတဲ့ ခံစားချက်တွေတဲ့လား?

ဆောင်းဟန်ဘင်းက အချိန်တိုင်းလိုလို သူ့အနားမှာအမြဲရှိနေခဲ့တာကြောင့် ဆုံးရှုံးနိုင်သည်ဆိုသော ခံစားချက်ကို မသိခဲ့ရခြင်းဖြစ်သည်။ ယခု ထိုခံစားချက်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ သူ မည်သို့ လုပ်ရမည် မသိပေ။

"ငါ...ဘာဆက်လုပ်ရမလဲ မသိဘူး"

Ricky က သူ့အား စိတ်ပျက်သလို ကြည့်လာသည့်အခါ ricky ရဲ့ လက်အား အားကိုးတကြီးနဲ့ဆုတ်ကိုင်လိုက်သည်။

"မင်း မသိဘူးဆိုလဲ သူ တခြားသူဆီပါ သွားတာကို ဒီတိုင်းထိုင်ကြည့်နေလိုက်ပေါ့"

Ricky ရဲ့ စကားသံတွေက သူ့ရင်ကို ဓားနဲ့ခွဲနေသလိုပင် နာကျင်ရပါသည်။

အမြင်အာရုံတွေ ဝေဝါလာတော့မှ သူ ငိုချင်နေမှန်း သတိထားမိလိုက်သည်။

သူ့ရဲ့ ပထမဦးဆုံး အချစ်ကို သိလိုက်ရချိန်မှာ ထင်ထားသလို နူးညံ့လှပကာ ချိုမြိန်မနေဘဲ ဆုံးရှုံးရပါတော့မည်ဟု အချက်ပေးသံများသာ မြည်ဟီးနေတော့သည်။

ဆောင်းဟန်ဘင်း ပြန်ရောက်လာချိန်တွင် ဝင်္ကပါရှေ့တွင် လူသိပ်မရှိတော့ပေ။ ထို့ကြောင့် မြက်ခင်းပြင်ပေါ်တွင် ထိုင်နေသည့် Ricky အားတွေ့သည့်အခါ ပြေးသွားလိုက်ကာ မေးလိုက်သည်။

"ကျန်းဟောက်ရော....?"

"သူလား? ဝင်္ကပါထဲ ဝင်သွားပြီ"

Ricky က ဆောင်းဟန်ဘင်းအား တစ်ဘူးတည်းကျန်တော့သည့် မီးခြစ်ဆံဘူးလေးအား ကမ်းပေးလာသည်။

ကံကြမ္မာဆိုသည့် အရာမျိုးကို မယုံကြည်သည့် ဆောင်းဟန်ဘင်း တွေးထားသည်မှာ ကျန်းဟောက် ယူသွားတဲ့ item ကို ကြည့်ထားပြီးမှ အနောက်ကနေ လိုက်သွားမည်ဟု တွေးထားခဲ့တာ ဖြစ်သည်။ အခုတော့ နောက်ကျသွားပြီမို့ ကျန်းဟောက်ရဲ့ item ကိုလဲ သူ မသိလိုက်ရသလို ရွေးစရာပစ္စည်းကလဲ မီးခြစ်ဆံဘူးလေးသာ ကျန်တော့သည်။

ထို့ကြောင့် သူ Ricky ပေးသည့် မီးခြစ်ဆံဘူးကို မယူဘဲ မေးလိုက်သည်။

"သူ ဝင်သွားတာကြာပြီလား?"

"၅မိနစ်လောက်တော့ ရှိတော့မယ်ထင်တယ်"

ဆောင်းဟန်ဘင်း ဝင်္ကပါထဲသို့သာ လိုက်ဝင်သွားဖို့ ပြင်နေချိန်တွင် Ricky က တားလိုက်သည်။

"မင်း ကျန်းဟောက်ကို မြန်မြန်ရှာနိုင်ဖို့ မျှော်လင့်တယ်၊ မဟုတ်ရင်နောက်ကျသွားလိမ့်မယ်"

ဟုဆိုကာ မီးခြစ်ဆံဘူးလေးကို ဆောင်းဟန်ဘင်းထံသို့ ပစ်ပေးလိုက်သည်။

"ဒါကို ယူသွားဖို့လဲ မမေ့နဲ့ဦး၊ ငါ့ကိုယုံ"

Ricky ဘာကိုဆိုလိုချင်မှန်း သူနားလည်လိုက်သည်။ ထို့ကြောင့် Ricky အား ခေါင်းညိတ်ပြရင်း ဝင်္ကပါထဲသို့ ဝင်သွားလိုက်သည်။

ဝင်္ကပါထဲတွင် အလွန်ပင် မှောင်မဲနေကာ အရှေ့ကို ရောက်ဖို့ သတိထားကာ သွားနေရသည်။ ဒီလိုဂိမ်းမျိုးကိုမှ ကြံကြံဖန်ဖန် ဆော့ကြသည့် သူများကို မကျေမနပ်ဖြစ်မိသည်။ သို့သော် သူ လုပ်နိုင်သည်က ထို ဝင်္ကပါထဲသို့ လိုက်ဝင်ကာ ကျန်းဟောက်ကို ရှာရုံသာ ရှိသည်။ စိတ်ကလောနေလို့လားမသိ၊ ဝင်္ကပါမှာ ထင်ထားတာကို ပိုကျယ်ပြီး သူသွားနေသည့် တစ်လျှောက်လူတစ်ယောက်မှ မတွေ့ရသေးပေ။ ထို့ကြောင့် သူစိတ်ကိုရှည်ရှည်ထားကာ မနှေးမမြန် နှုန်းဖြင့် ဝင်္ကပါထဲ ပတ်သွားနေရသည်။

ထိုစဉ် ခြေသံသဲ့သဲ့လေး အားကြားလိုက်ရသည်။ ခြေသံနောက်ကို မှန်းဆကာ ပြေးလိုက်ရင်း ခြေသံနှင့်တဖြည်းဖြည်း နီးလာသည်ဟု ခံစားရသည်။ ကျန်းဟောက် မဟုတ်ပါက ကိစ္စမရှိပေ။ တစ်ဖက်လူကို သူ ဒီတိုင်းကျော်သွားကာ ကျန်းဟောက်အား တွေ့သည်အထိ ပြန်ရှာမည်ဖြစ်သည်။ သွားနေရင်းဖြင့် အရိပ်လေးတစ်ခုက သူ့ရှေ့က ဖြတ်သွားတာမို့ ပြေးလိုက်ကာ လှမ်းဆွဲလိုက်သည်။

ကံကြမ္မာ.....

ကံကြမ္မာဆိုသည့်အရာက သူ့အား လှောင်ရယ်နေသလား ထင်ရသည်။

"ဟန်ဘင်း! ငါ အရမ်းပျော်တာဘဲ"

ဂျန်ယူရီမှာ အသံလေးပင် တုန်ယင်နေကာ သူမ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေမှန်း ဆောင်းဟန်ဘင်း မှန်းဆလို့ ရသည်။

"Sorry ငါ လူမှားသွားတယ်"

ထို့နောက် ပြန်လှည့်ထွက်ဖို့ ပြင်လိုက်သည့်အခါ ဂျန်ယူရီက သူ့လက်ကို ကိုင်ဆွဲထားတော့သည်။

"လူမှားတယ်ဆိုတာ ဘာကိုပြောတာလဲ? နင် ဒီဂိမ်းရဲ့ စည်းမျဉ်းကို မသိဘဲ လာကစားတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ဘူး ဂျန်ယူရီ၊ ငါ့ကို ဒီတစ်ခါဘဲ လွှတ်ပေးပါ-"

ဂျန်ယူရီက ဆောင်းဟန်ဘင်း စကားအား နားမထောင်ချင်တာကြောင့် ဖြတ်ပြောလိုက်သည်။

"ငါနင့်ကို လွှတ်ပေးခဲ့ပေါင်းများပြီး ဟန်ဘင်း၊ ဒီတစ်ခါ ထပ်ပြီး ငါ့ဘက်က သဘောထားမကြီးနိုင်တော့ဘူး"

ကျန်းဟောက်ပေါ်လာပြီးနောက်ပိုင်း တဖြည်းဖြည်းပြောင်းလဲသွားတဲ့ ဆောင်းဟန်ဘင်းရဲ့ သဘောထားတွေကို သူမက အသိဆုံးဖြစ်သည်။ ထိုဖြစ်ရပ်မှန်ကို လက်မခံနိုင်ဘဲ အတ္တစိတ်တို့က ကြိီးစိုးလာကာ နှစ်ရှည်လများသိုသိပ်ထားခဲ့ရသည့် ပိုင်ဆိုင်လိုစိတ်များက ပေါက်ကွဲထွက်လာသည်။

"ဟန်ဘင်း နင့်ရဲ့ item က ဘာလဲ"

ဆောင်းဟန်ဘင်း စိတ်မရှည်စွာ စုတ်တစ်ချက်သက်လိုက်မိသည်။ ဂျန်ယူရီမှာ စိတ်ရှုပ်စရာကောင်းကြောင်း ဒီနေ့ မှသူ သိလိုက်ရသည်။ ဖော်ရွေတတ်သည့် မင်းသားလေးဇာတ်ရုပ်ကိုလဲ ထပ်ပြီး မထိန်းထားနိုင်တော့ချေ။

"ဂျန်ယူရီ နင်လဲ သိနေတာဘဲမဟုတ်လား? နင်လဲ ခံစားမိတယ်လေ၊ အဲ့ဒါကို ဘာကြောင့် လက်မခံချင်ရတာလဲ၊ ငါ နင့်ကို မနာကျင်စေချင်ဘူး"

"ဒါဆို ငါ့ကို ချစ်ပေးလေ၊ ဘာလို့ ဒီလောက်နှစ်တွေအကြာကြီး မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားနိုင်ရတာလဲ? ဆောင်းဟန်ဘင်း ဒီမကောင်းတဲ့ ကောင်"

မျိုသိပ်ထားသည်များကို ဖွင့်ဟရင်း မျက်ရည်တို့ ကျလာကာ ငိုပါတော့သည်။ ရှိုက်သံများဖြင့် ဝမ်းနည်းစွာ ငိုကြွေးနေသည့် ဂျန်ယူရီအား ခေါင်းအသာပုတ်ကာ ချော့မော့ပေးလိုက်သည်။

"ငါ တကယ်တောင်းပန်တယ်၊ နှစ်တွေအကြာကြီးစောင့်ခိုင်းထားခဲ့ရလို့-"

တစ်စုံတစ်ရာကို ခံစားမိတာကြောင့် လှည့်ကြည့်လိုက်ချိန်တွင် တွေ့လိုက်ရသည်က-

သေချာပါသည်။ ဒီတစ်ကြိမ်တွင်တော့ သူ အမှားမလုပ်တော့ပေ။ သို့သော် ထိုအရိပ်လေးမှာ သူလှည့်ကြည့်လိုက်သည်နှင့် လျင်မြန်စွာ ထွက်ပြေးပုန်းရှောင်းသွားသည်။

ကျန်းဟောက်-

သူရှာနေသည့်သူအားတွေ့ပြီးမို့ ဂျန်ယူရီ၏ လက်ကို ဖြုတ်ချကာ တောင်းပန်လိုက်ရင်း ထိုအရိပ်လေးနောက်သို့ အလျင်အမြန်ပြေးလိုက်တော့သည်။

သနားစရာကောင်းစွာပင် ထိုအရိပ်လေးမှာ သူ့လက်ထဲတွင် ၁၀ စက္ကန့်အတွင်း မိသွားခဲ့သည်။

"ကျန်းဟောက် မပြေးနဲ့တော့"

ကျန်းဟောက်က သူ့အား စကားမပြောသလို လှည့်လဲ မကြည့်ဘဲ အားကုန်သုံးရင်း ရုန်းကန်နေတော့သည်။ ကျန်းဟောက်တစ်ယောက် ဒီလောက်ထိ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသည်အား ဆောင်းဟန်ဘင်း တစ်ခါမှ မကြုံဖူးပေ။ အံ့ဩနေဖို့ အချိန်မရှိတာကြောင့် ရုန်းကန်နေသည့် အဆိုးလေးကို အားသုံးက လက်ကောက်ဝတ်တာကို ဆုတ်ကိုင်ထားပြီး ချုပ်ထားလိုက်သည်။

"အ!"

နာကျင်သွားတာမို့ ထွက်လာသည့်အသံမှာ ရှိုက်သံလေး အနည်းငယ်ပါနေတာမို့ ဆောင်းဟန်ဘင်း ထိတ်လန့်သွားကာ အားကိုလျှော့ပေးလိုက်ချိန်တွင် တစ်ဖက်ကလဲ အခွင့်ကောင်းယူကာ ပိုရုန်းလာတော့ ဆောင်းဟန်ဘင်း သနားမနေတော့ဘဲ တစ်ဖက်လူအား တင်းကြပ်စွာချုပ်နှောင်ထားလိုက်တော့သည်။

"ကျန်းဟောက်...ကျန်းဟောက်... ကျန်းဟောက်!!"

သူခေါ်နေသည်ကိုလဲ ပြန်မထူးသလို အဖက်မလုပ်ဘဲ သူ့လက်ထဲကနေသာ လွတ်မြောက်ဖို့ကြိုးစားနေတာကြောင့် ဆောင်းဟန်ဘင်း၏ လေသံမှာ အနည်းငယ်မာသွားတာကြောင့် ကျန်းဟောက် လန့်သွားသည်ကို ဆောင်းဟန်ဘင်း ခံစားမိလိုက်သည်။ အလုပ်ဖြစ်သည်ထင်ရပါသည်။ ကျန်းဟောက်မှာ သူ့လက်ထဲတွင် ငြိမ်သက်နေသည်။ အသက်ကိုပြင်းပြင်းရှူရင်း ဆောင်းဟန်ဘင်း စကားပြောကြည့်ဖို့ ကြိုးစားလိုက်သည်။

"ဘာဖြစ်နေတာလဲ!"

"မင်းကိစ္စမဟုတ်ဘူး!"

ကျန်းဟောက်၏ အသံမှာ ပုံမှန်မဟုတ်ပေ။ မဟုတ်မှ~

"ဒါဆို ငါ့ဆီက ဘာလို့ထွက်ပြေးနေတာလဲ"

"အစကတည်းက အနားမှာရှိနေရမှာ မဟုတ်လို့လေ"

လွန်ခဲ့တဲ့ နာရီပိုင်းလေးကတင် တက်ကြွကာ ပျော်မြူးနေပါသည့် ကျန်းဟောက်မှာ သူမရှိတဲ့ခနလေးအတွင်းမှာပင် လုံးဝကို ပြောင်းလဲသွားရသည်။

"မင်း ဘာကိုဆိုလိုတာလဲ"

"ငါက မကောင်းဘူး၊ မကောင်းတဲ့လူ၊ အဲ့ဒါကြောင့် မင်းအနားမှာ နေလို့မရတော့ဘူး"

"မဟုတ်ဘူး-"

"ငါ့ကိုလွှတ်ပေး"

ကျန်းဟောက်ပြောသည့်အတိုင်း လုပ်ပေးလိုက်ရအောင် သူ မအပေ။

ကိစ္စတွေက ဆက်တိုက်ဆိုသလို ရှုပ်ထွေးလာတာမို့ ဆောင်းဟန်ဘင်းမှာလဲ ဒေါသထွက်ချင်လာတာကြောင့် လေသံကို မထိန်းနိုင်တော့ပေ။

"ကျန်းဟောက် မင်းတကယ်ဘဲ ဘာတွေ စိတ်ရူးပေါက်နေတာလဲ? ခုနကတောင် အကောင်း-"

ထိုအချိန် သူ့နှုတ်ခမ်းက တစ်ခုခုနဲ့ ခပ်ပြင်းပြင်း အတိုက်ခံလိုက်ရပြီး တစ်ပြိုင်နက်တည်းမှာပင် နူးညံ့သည့် အထိတွေ့ကိုလဲ ခံစားလိုက်ရသည်။

ဆောင်းဟန်ဘင်းပြောသလိုပင် သူ စိတ်ရူးပေါက်သွားတာဖြစ်ရမည်။ သို့သော် သူ့ရင်ထဲက ခံစားချက်တွေကို ဖော်ပြဖို့အတွက် ဒီတစ်နည်းကသာ သူသိထားသည့်အရာဖြစ်သည်။

"မင်း ဂျန်ယူရီကို ကြိုက်လား?"

ဆောင်းဟန်ဘင်း ရင်ထဲမှ ဒေါသတွေက ထိန်းမရ သိမ်းမရဖြစ်ကာ ပေါက်ထွက်လာရသည်။

"ဒါက မင်းငါ့ကို နမ်းပြီးနောက်ပိုင်း မေးရမဲ့မေးခွန်းလား?"

ကျန်းဟောက်အား စကားပြောခွင့်မပေးဘဲ နှုတ်ခမ်းတို့ကို ခပ်ကြမ်းကြမ်း ဖိကပ်ကာ နမ်းရှုံ့လိုက်သည်။ သူ့ရဲ့ ပထမဦးဆုံးအနမ်းက ဒီလိုမျိုး ကြမ်းတမ်းနေလိမ့်မယ်ဟု ဆောင်းဟန်ဘင်း ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။ ကျန်းဟောက်နှင့်သာဆိုလျှင်တော့ ဖြစ်နိုင်ပါသည်။ ထိုလူက မထင်ထားတာတွေလဲ လုပ်တတ်ကာ သူက ချစ်ရေးမဆိုဘဲနဲ့တောင် အရင်တစ်ခါက အငြင်းခံခဲ့ရဖူးသည် မဟုတ်ပါလား။ ကျန်းဟောက်ရဲ့ နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်ပြီးနောက် သူ့ရှေ့က ကျောက်ရုပ်ကြီးလို ငြိမ်သက်နေသူအားကြည့်ကာ မေးလိုက်သည်။

"ဘယ်လိုလဲ ငါ ဂျန်ယူရီကို ကြိုက်နေတယ်လို့ထင်လား?"

ကျန်းဟောက်မှာ သူ့အမေးကိုမဖြေဘဲ အမှောင်ထဲတွင် တောက်ပနေသည့်မျက်ဝန်းတစ်စုံဖြင့်သာ သူ့အား တအံ့တဩစိုက်ကြည့်နေသည်။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် ကျန်းဟောက်၏ နှုတ်ခမ်းဖူးဖူးလေးကို စုတ်ယူစားသုံးတော့သည်။ ဒီတစ်ကြိမ်တွင်တော့ ကြမ်းတမ်းခြင်းမရှိဘဲ ကျန်းဟောက်၏ နှုတ်ခမ်းသားအိအိလေးတွေကို စိတ်ပါဝင်စားစွာ ဖြည်းဖြည်းချင်း အရသာခံနေတော့သည်။

အတန်ကြာသည်အထိ နမ်းရှုံ့ခံနေရသည့် ကျန်းဟောက်မှာ တဖြည်းဖြည်းနှင့် နေသားကျလာပြီး ဆောင်းဟန်ဘင်း၏ ဦးဆောင်ရာ အနမ်းခရီးလမ်းထဲ လိုက်ပါသွားတော့သည်။ နှစ်ယောက်သား အောက်ဆီဂျင်ပြတ်လုနီးပါးအထိ နမ်းပြီးမှ ဆောင်းဟန်ဘင်းက အနမ်းကို ရပ်တန့်လိုက်သည်။ သို့ပေမယ့် သူ့မှာ သောက်လေ သောက်လေ ငတ်မပြေလေ ခံစားရတာကြောင့် ထိုနှုတ်ခမ်းသားတွေကို ပြွတ်ခနမြည်အောင် တစ်ကြိမ်ထပ်နမ်းပြီးတော့မှ-

"မင်းပြောသလိုဆို ငါက အခု စိတ်ရူးပေါက်နေတဲ့ မကောင်းတဲ့ကောင်ဖြစ်သွားပြီ"

"......."

"အဲ့လိုဆိုရင် ငါမင်းအနားမှာ နေလို့ရသေးလား?"

==========

Tbc......

February 27, 2025

ကျန်းဟောက် : နမ်းပြီးတဲ့အခါမျိုးဆိုရင် ဘယ်လိုမေးခွန်းမျိုး မေးတာက သင့်တော်လဲ?

ကျန်းလောင်ရှီးဟာ အပိုင်း(၂) မှာကတည်းက ချစ်မိသွားတာပါ။ သနားစရာကောင်းတာက သူကလွဲရင် အကုန်သိနေတာဘဲ

ကျန်းဟောက်က ဆံပင်ကို ခရမ်းရောင် ဆိုးထားတယ်တဲ့

မနက်ဖြန်တွေ့ရဖို့မစောင့်နိုင်တော့ဘူး😭

ထပ်ပြီးတော့ ပုံလှလှလေးတွေ🩷🩵