Chapter 36: အပိုင်း (၃၅) မြန်မြန် ကြိုက်တယ်ပြော

My other halfWords: 50954

Luggage တစ်လုံးကို ဆွဲရင်း ကျောင်းဝင်းထဲ ဝင်လာသည့် ကျန်းဟောက် တစ်ယောက် စိတ်လှုပ်ရှားနေသည်လား မပြောတတ်။ အေးချမ်းတဲ့ ရာသီဥတုမှာတောင် သူ့လက်က ချွေးစေးတွေ ထွက်နေသည်။ သွားနေရင်း သူ့အဖေရဲ့ စကားကိုလဲ ပြန်ကြားယောင်ရင်း တစ်လှမ်းချင်းစီ ခပ်သွက်သွက်လှမ်းနေခဲ့သည်။

"ရှောင်ဟောက်! အထက်တန်းတောင် ရောက်နေပြီ၊ အခုထိ သူငယ်ချင်းတစ်ယောက်ရယ်လို့ မယ်မယ်ရရ လဲမရှိဘူး၊ ဒီတိုင်းဆို စိတ်ပူရတယ်၊ ဒီနှစ်တော့ ကျောင်းအဆောင်မှာ သွားနေကြည့်ပါလား? ကိုယ်နဲ့သက်တူရွယ်တူတွေနဲ့ အမြဲ ထိတွေ့ဆက်ဆံနေမှ သူငယ်ချင်းလေး ဘာလေးရလာမှာပေါ့"

"တစ်ရက်မှာ ၈ နာရီ၊ တစ်ပတ်ဆို နာရီပေါင်း ၄၀ လောက် တွေ့နေရရင် တော်ပြီပေါ့"

"ဘာဆင်ခြင်မှမပေးနဲ့ ငါ ကျောင်းကို ပြောထားပြီးပြီ"

ကျောင်းအဆောင်လျှောက်တာ နောက်ကျခဲ့ပေမယ့် ကံတရားက သူ့အဖေဘက်ပါကာ အဆောင်ခန်းရခဲ့သည်။ ရုံးခန်းတွင် ရောက်ရှိကြောင်း သတင်းပေးပြီး အဆောင်ခန်းရှေ့တွင် ရပ်နေလိုက်သည်။ ဘယ်လိုလူမျိုးနဲ့ သူတစ်ခန်းထဲ နေရပါမည်နည်း။ တံခါးတစ်ချက်ဖွင့်လိုက်ရုံနဲ့ သိရပြီဆိုပေမယ့် ငယ်ငယ်လေးကတည်း "I" ဖြစ်သည့် ကျန်းဟောက်မှာ တံခါးကိုဖွင့်ဖို့ တွန့်ဆုတ်နေသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူကာ တစ် နှစ် သုံးရေပြီး တံခါးကို ဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျန်းဟောက်တစ်​ယောက် မထိတ်လန့်ဘဲ မနေနိုင်။

ဘယ်လိုလူက ခန္ဓာကိုယ်တစ်ခုလုံးကို ၁၈၀ ဒီဂရီကွေးပြီး နေနိုင်ရတာလဲ? ထိုလူက တံခါးဖွင့်သံကြောင့် လိမ်ယှက်နေတဲ့ သူ့ရဲ့ခြေထောက်တွေကြားထဲရောက်နေတဲ့ ခေါင်းက မော့ကြည့်လာသည်။ မြွေတစ်ကောင်အလားပျော့ပြောင်းသည့် အခန်းဖော်က သူ့အား ပြုံးပြကာ နှုတ်ဆက်လာသည်။

"ဟယ်လို....ငါက ချန်ကွမ်းရွေ့"

"ဟယ်...လို"

ကျန်းဟောက်မှာ သူ့ရှေ့က မြင်ကွင်းကြောင့် စကားပင် ကောင်းကောင်းမပြောနိုင်ချေ။ ခနလောက်ရပ်နေပြီးမှ

"မင်း ဘာလုပ်နေတာလဲ"

"ငါလား အကြောလျှော့နေတာလေ"

"ဒါကအကြောလျှော့နေတာ?"

သူ့မှာတော့ ခါးကိုကိုင်းကာ ခြေဖျားလေးတွေထိဖို့ မနည်းကြိုးစားနေရသည်။ ဒီသူငယ်ချင်းလေးက သာမန်မဟူတ်ပေ။

"ငါက ရိုးရာအက ကတဲ့သူတွေလေ"

"အာ....."

အခန်းထဲဝင်ကာ အိတ်တွေကို နေရာချပြီးမှ သူ့ကိုယ်သူ မိတ်ဆက်ဖို့ သတိရလိုက်သည်။

"ငါက ကျန်းဟောက်"

"ငါ မင်းကို သိတယ်၊ မင်းက နာမည်ကြီးဘဲလေ၊ ရွှေတံဆိပ်ဆုတွေ အများကြီးရထားတဲ့ တယောပညာရှင်လေး"

ကျန်းဟောက် ခေါင်းသာညိတ်လိုက်ပြီး တစ်ဖက်လူအား ဘာပြန်ပြောရမှန်း မသိပေ။

"ငါ့ကိုရော မသိဘူးလား? ငါ့မှာလဲ ရွှေတံဆိပ်ဆုတွေ နည်းတာမဟုတ်ဘူး"

ကျန်းဟောက်က အပြင်လောက ကို သိပ်ပြီး အာရုံမစိုက်တတ်တာကြောင့် တစ်ဖက်လူကို အားနာသွားသည့် မျက်နှာဖြင့် ကြည့်လိုက်သည်။

"Sorry"

"ရပါတယ်၊ ငါသိနေတယ်ဆိုတာကလဲ၊ ပြိုင်ပွဲရှိတဲ့အခါ တစ်ခါတစ်လေ ငါတို့ ပြိုင်ရတဲ့ ဟိုတယ် ဒါမှမဟုတ် ခမ်းမတွေ တူနေတဲ့အခါမျိုးရှိတယ် အဲ့လိုနဲ့ မင်းကို သတိထားမိခဲ့တာ"

"ဟုတ်လား?"

ကျန်းဟောက် နေရခက်စွာဖြင့် ထ လိုက်ပြီး အခန်းထဲ လှည့်ပတ်ကြည့်လိုက်သည်။ အခန်းမှာ လေးယောက်တစ်ခန်းဖြစ်ကာ တစ်ဖက်ဆီတွင် နှစ်ထပ်ကုတင်များရှိသည်။ ညာဘက်ခြမ်းရှိ အောက်ကုတင်တွင် ချန်ကွမ်းရွေ့၏ ပစ္စည်းများရှိနေတာကြောင့် ဘယ်ဘက်ခြမ်းက အောက်ထပ်ကုတင်ကို ရွေးလိုက်သည်။

ထိုအခါ ချန်ကွမ်းရွေ့က သူ့အား သတိပေးလာသည်။

"အဲ့ကုတင်ကို သွားမထိတာကောင်းမယ်"

ဒါပေမယ့် သူ့က အောက်ထပ်တွင်သာနေချင်သည်။ အပေါ်တက်ရ ဆင်းရသည်က အလုပ်ရှုပ်သည်။

"ဒါပေမယ့် ငါ အောက်ထပ်မှာဘဲ နေချင်လို့လေ"

ချန်ကွမ်းရွေ့က အကြောလျှော့နေရာမှ ထ လာပြီး သူ့ကုတင်ပေါ်က ပစ္စည်းတွေကိုရွှေ့ပေးလာသည်။

"ဒါဆို မင်းဒီနေရာကိုသုံးလိုက်၊ ငါ အပေါ်ဘက်ရွှေ့လိုက်မယ်"

တစ်ဖက်လူက ပြောရင်း ပစ္စည်းတွေကိုရွှေ့နေပြီမို့ ကျန်းဟောက် တားဖို့ နောက်ကျသွားပြီဖြစ်သည်။

"ဒီဘက်က ဘာဖြစ်လို့လဲ?"

"မင်း ချန်ရိမင် ဆိုတဲ့နာမည်ကြားဖူးလား"

ကျန်းဟောက် ခေါင်းခါပြလိုက်သည်။ ချန်ရိမင်နဲ့ ချန်ကွမ်းရွေ့က မျိုးရိုးနာမည်က အသံထွက်တူနေတာဖြစ်ပြီး အမျိုးမတော်ကြပေ။

"မင်းလိုလူက မသိတာထက် သိနေမှ ထူးဆန်းနေဦးမယ်၊ ချန်ရိမင်က ကျောင်းလူဆိုးလို့ ပြောရမလား? သူလဲ ဒီအခန်းမှာ နေမယ်ကြားတယ်၊ သူနဲ့က ဘယ်သူမှမနေချင်ကြဘူး၊ အ့ကြောင့် ဒီအခန်းထဲ မင်းအပါအဝင် လူ ၃ ယောက်ဘဲရှိမယ်"

"ဘာလို့မနေချင်ကြတာလဲ? မင်းကရော"

"သူက ဒုတိယနှစ်၊ သူ့ကို တခြားကျောင်းကတောင် ရန်မစရဲဘူးလို့ ကြားတယ်၊ ရန်ဖြစ်တိုင်း သူရှုံးတယ်လို့ မကြားဖူးဘူး၊ ရန်ဖြစ်တဲ့နေရာမှာ ၁၊ ရုပ်ရည်မှာ ထိပ်တန်း၊ စာမှာကတော့ နောက်ဆုံးကနေဆို ၁၊ ကောင်မလေးတွေရဲ့ အသည်းကျော်လေး၊ မိန်းကလေးတွေက အဲ့လို ကြမ်းရမ်းတာတွေကြိုက်တယ်လေ၊ငါကကျတော့ များသောအားဖြင့် လေ့ကျင့်ခန်းထဲမှာဘဲ အိပ်ပျော်သွားတတ်တာ၊ ဒီအခန်းကို သိပ်တောင် သုံးဖြစ်မယ်မထင်ဘူး"

ထိုအချိန်တွင် ရန်ဖြစ်ထားတာ ရက်ပိုင်းမျှသာကြာသေးပုံရသည့် ပုံစံနှင့် လက်ဆစ်တွေ ညိုမဲနေကာ မေးစေ့တွင်လဲ ပလာစတာ တစ်ခုကပ်ထားပြီး ကျောင်းရဲ့ အင်္ကျီက သပ်သပ်ရပ်ရပ်မရှိပေမယ့်လဲ ကြည့်ကောင်းသည့် ရုပ်ရည်ကြောင့် ပေါ်လွင်နေဆဲပင်။

ထိုလူက အခန်းတံခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ကာ ဝင်လာပြီး တံခါးကိုလဲ ဒုန်းခနဲ ဆောင့်ပိတ်လိုက်သည်။ ပြီးနောက် ကျန်းဟောက်ရှေ့၌ ရပ်ကာ မျက်နှာအား စူးစူးစိုက်စိုက်ကြည့်လာသည်။ သူ့စိတ်ကြိုက်ကြည့်ပြီးတော့မှ သူ့အိပ်ရာပေါ်ရှိ ကျန်းဟောက်၏ လွယ်အိတ်အား ကြမ်းခင်းပေါ်သို့ ပစ်ချကာ သူကိုယ်တိုင်ကတော့ ကုတင်ပေါ်တွင် ပစ်လှဲကာ အိပ်ချလိုက်သည်။

ထို့နောက်ပြောလိုက်သည်က

"စကားများမယ်ဆို ထွက်သွားကြ၊ မဟုတ်ရင် ငါ့အဆိုး မဆိုနဲ့"

ကျန်းဟောက်မှာ ထိုလူနဲ့ပြန်မချနိုင်တာကြောင့် စိတ်တိုသွားပေမယ့်လဲ ထိန်းလိုက်ကာ သူ့ရဲ့လွယ်အိတ်ကို ပြန်ကောက်ပြီး ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ အသံကျယ်သွားပေမယ့်လဲ တစ်ဖက်လူက တစ်ချက်သာ ကြည့်လာပြီး ဘာမှ ထ မလုပ်၍ တော်သေးသည်။

ကျန်းဟောက် ထိုလူနဲ့ ခပ်ခွါခွါနေဖို့သာ တွေးလိုက်သည်။

ချန်ကွမ်းရွေ့ပြောသလိုပင် အခန်းထဲတွင် များသောအားဖြင့် ကျန်းဟောက်တစ်ယောက်ထဲသာ ရှိနေတတ်သည်။ ချန်ကွမ်းရွေ့မှာ တစ်ခါတစ်ရံ ပြန်လာတတ်ပေမယ့် ထိုသူငယ်ချင်းလေးကြောင့်နဲ့တော့ ကျန်းဟောက် နေရမခက်ဘဲ အဆင်ပြေသည်။ ချန်ရိမင်မှာလဲ အခန်းထဲတော့ နေပေမယ့် ညနက်မှသာ ပြန်လာသည်က များပြီး ကျန်အချိန်များတွင် ဘယ်ရောက်နေသည်မသိ။ သူငယ်ချင်းရအောင် အဆောင်နေခိုင်းပါသည့် သူ့အဖေကို အားနာမိပေမယ့် ကျန်းဟောက်ကတော့ ကံတရားက သူ့ကိုမျက်နှာသာပေးလာတာကြောင့် ကြိတ်၍ ဝမ်းသာနေတော့သည်။ ဒီလိုနဲ့ သူ့ရဲ့အဆောင်နေဘဝက သာယာအေးချမ်းနေခဲ့သည်။

တစ်နေ့

ထိုနေ့က ည ၁၀ နာရီထိုးခါးနီးဖြစ်ကာ အဆောင်က မီးဖြတ်ဖို့ချိန်မရောက်ခင် ကျန်းဟောက် စာကြည့်ခုံတွင် ထိုင်ကာ သူ့ရဲ့ တယောကို သန့်ရှင်းရေးလုပ်နေချိန်ဖြစ်သည်။ အခန်းတံခါးက ကြမ်းတမ်းစွာဖွင့်ခံလိုက်ရပြီး ကျယ်လောင်သည့် အသံတစ်ခုနဲ့အတူ ဆောင့်ပိတ်ခံလိုက်ရသည်။ လှည့်ကြည့်စရာပင်မလို ထိုလူက ချန်ရိမင်ဖြစ်ပြီး အယ်ကိုလ်ရနံ့ကလဲ အတူကပ်ပါလာသည်။

ခါတိုင်းလို ကုတင်ပေါ်လှဲကာ သွားအိပ်နေရမည့်အစား သူ့အရှေ့လာရပ်ကာ တယောသန့်ရှင်းရေးလုပ်နေသည့် လက်အား ဆောင့်ဆွဲလိုက်တာကြောင့် ကျန်းဟောက် လက်ထဲမှ တယောက ပြုတ်ကျပြီး ကြိုးပျက်သွားသည်။

"ဘာ-"

"မင်းနဲ့ ဒီနေ့အတူဖျော်ဖြေခဲ့တဲ့ မိန်းကလေးက ဘယ်သူလဲ? ဘာကိစ္စနဲ့ မင်းက သူပေးတဲ့ ပန်းကိုလက်ခံရတာလဲ?

ထို့နောက်ပြောပြောဆိုဆိုဖြင့် စားပွဲခုံပေါ်က တစ်ပွင့်ထဲသော နှင်းဆီပန်းပွင့်လေးအား ချိုးပစ်ကာ လုံးချေလိုက်ပြီး ပစ်ပေါက်လိုက်သည်။ နှင်းဆီဆူးတွေကြောင့် ချန်ရိမင်၏ လက်မှာ သွေးအနည်းငယ်ထွက်လာသည်။

ပုံမှန်ဆို ကျန်းဟောက်က ပေးလာသမျှ လက်ဆောင်ပစ္စည်းများနှင့် ချစ်ရေးဆိုခံရသမျှကို ငြင်းနေကြပင်ဖြစ်သည်။ ဒီနေ့ကတော့ မိန်းကလေးဘက်က သဘောရိုးဖြင့် စင်ပေါ်တွင် ပေးခဲ့တာကြောင့် ငြင်းလို့မကောင်း၍ လက်ခံခဲ့ခြင်းဖြစ်သည်။

သူ့ရဲ့တယောမှာလဲ ပြုတ်ကျကာ ကြိုးပျက်သွားသလို ပန်းကိုလဲ လုံးချေကာ ပစ်ချပြီး လက်ကိုပါ ပိုင်စိုးပိုင်နင်းနဲ့ ကိုင်ထားသည့် ချန်ရိမင်ကြောင့် ကျန်းဟောက် ဒေါသတွေမထိန်းနိုင်တော့ပေ။

မလိမ်တမ်းပြောရပါလျှင် ချန်ရိမင်ပြောနေသည့် မိန်းကလေးကို သူ့မှာ နာမည်ပင် မသိတော့ချေ။ ပွဲရက်မတိုင်ခင် လေ့ကျင့်တဲ့ချိန်တစ်ခနတွေ့ပြီး ပွဲရက်ရောက်တော့ အတူဖျော်ဖြေကြသည်။ ကျန်းဟောက်တွက် ဒီလောက်သာ။ သို့သော် တစ်ဖက်လူမှာ သူ့အား ဒေါသဖြင့် တိုက်ခိုက်နေပုံကိုကြည့်ခြင်းအားဖြင့် ထိုကောင်မလေးက ချန်ရိမင်၏ ကောင်မလေးဖြစ်နိုင်သည်။

"ငါနဲ့က ဘာမှမဆိုင်ဘူး၊ မင်းသူ့ကိုကြိုက်တယ်ဆိုလဲ ငါ့ကို ပန်းပေးတဲ့ သူ့ကို ရန်သွားရှာလေ၊ ဘာကိစ္စ ငါ့ကို လာပေါက်ကွဲနေတာလဲ? မင်းမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူးလား"

ချန်ရိမင်မှာ တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်အောင် ရယ်မောလာပြီး ကျန်းဟောက်၏ လက်နှစ်ဖက်လုံးကို ဆုတ်ကိုင်ထားလိုက်သည်။

"ကျန်းဟောက် မင်းက အရင်ကလို ခပ်တုံးတုံးပုံစံမျိုးဖြစ်နေတုန်းဘဲ"

"မင်း ဘာစောက်စကားပြောလိုက်တာလဲ?"

တစ်ကျောင်းလုံးမှာ ပထမ ရထားပါသည့် သူ့ကို တုံးပါသည်ဟုပြောလာတာလောက် စိတ်တိုစရာမရှိတော့ပေ။ ဘယ်ကရသည့် သတ္တိတွေမှန်းမသိ။ ကျန်းဟောက် စိတ်တိုကာ သူ့ရှေ့က လူအား တစ်ခုခုလုပ်ပစ်ချင်စိတ်ပေါက်ကာ သူ့ရဲ့ လက်နဲ့ခြေထောက်ဖြင့် ထိုလူအား တိုက်ခိုက်ရန်ကြိုးစားလာတော့သည်။ တစ်ဖက်လူက တိုက်ခိုက်နေကြလူမို့ သူ့ရဲ့ ကလေးသာသာ လှုပ်ရှားမှုတွေကို အလွယ်တကူ တားဆီးနိုင်လိုက်သည်။

"ကျန်းဟောက်... မင်းဘာလို့ ငါ့အိမ်ရှေ့က ပန်းခြံလေးထဲမှာ လာမဆော့တော့တာလဲ?"

ပန်းခြံ.... ဘာပန်းခြံလဲ?

သူ လေးနှစ်သားတုန်းက တစ်ခါဘဲ သွားဖူးခဲ့တဲ့ ရပ်ကွက်ထဲကပန်းခြံလား?

ချန်ရိမင် ပြောသည့်စကားများကို သူနားမလည်ချေ။

"မင်း ဘာတွေ လာပြောနေတာလဲ?"

"ငါ မင်းကို အမြဲ စောင့်ကြည့်နေခဲ့တာ၊ မင်းကျတော့ ငါ့ကို ဘာလို့ နည်းနည်းလေးတောင် သတိမထားမိရတာလဲ?"

သူက တစ်ချိန်လုံး စောင့်ကြည့်ခံနေရတယ်?

ထိုအတွေးကြောင့် ကျန်းဟောက် ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ကြက်သီးများပင် ထ လာသည်။

"မင်း စောက်ရူးလား?"

"ဟုတ်တယ် ငါကစောက်ရူးဘဲ၊ ဘယ်လောက် ထိရူးနှမ်းနေလဲဆိုတာ မင်းကိုပြမယ်"

တစ်ဖက်လူက သူမထင်မှတ်ထားသည့် အရာအား လုပ်လာတာကြောင့် အန္တာရာယ်ကို ကြိုမြင်သည့်အလား ကျန်းဟောက်မှာ ရုန်းကန်လာတာမို့ နှစ်ယောက်သား လုံးထွေးကာ ရုန်းရင်းဆန်ခတ် ဖြစ်နေတော့သည်။

"မင်း!!! ဒီ ချီးလို အရူးကောင်၊ မင်းကိုယ်မင်း ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား?"

တစ်ဖက်လူရဲ့ မျက်နှာက လိုအပ်သည်ထက် ပို၍ နီးကပ်လာတာကြောင့် ကျန်းဟောက် ရှောင်တိမ်းကာ ရှိသမျှ အားတွေ အကုန်ထုတ်သုံးပြီး ချန်ရိမင်လက်မှ လွတ်မြောက်ရန် ကြိုးစား နေရသည်။

"ငါ ကြိုက်နေတဲ့သူက မင်းဆိုတာကို သိစေချင်လို့လေ၊ ဒီလိုမှဘဲ မင်းလို ငတုံးက သိတော့မှာ"

ထိုစဉ် သူတို့ရဲ့ အခန်းတံခါးက ပွင့်လာပြီး ဝင်လာသူမှာ ချန်ကွမ်းရွေ့ဖြစ်သည်။

"ကျန်းဟောက်ရေ.. ငါဒီနေ့ မင်းအတွက် ဘာပါလဲ ကြည့်စမ်း! ပြန်လာတဲ့လမ်းမှာတွေ့လို့-"

ကပွဲ ကနေပြန်လာသည့် ချန်ကွမ်းရွေ့မှာမိတ်ကပ်ပင် မဖျက်ရသေးတာကြောင့် ည ၁၀ နာရီကြီး ထို မိတ်ကပ် ထိုအဝတ်စားနဲ့လျှောက်သွားနေသည်မှာ ပုံမှန်မဟုတ်ပေမယ့် သူ့ရှေ့က မြင်ကွင်းက ပို၍ပင် ပုံမှန်ဟုတ်မနေချေ။

ချန်ကွမ်းရွေ့အပေါ် အာရုံရောက်သွားသည့် ချန်ရိမင်၏ အလစ်မှာ ကျန်းဟောက် ထိုလူအား တစ်ကိုယ်လုံးနဲ့ တိုက်တွန်းလိုက်ကာ အခန်းထဲမှ ထွက်ပြေးတော့သည်။ အခန်း ဝ ရှိ ချန်ကွမ်းရွေ့ကို ဝင်တိုက်မိပြီး အခန်းထဲမှ လူတွေအား လှည့်မကြည့်ဘဲ ထွက်ပြေးတော့သည်။

ချန်ရိမင်မှာလဲ ကျန်းဟောက်တွန်းလိုက်တာကြောင့် အပေါ်ထပ်ကုတင်နှင့် ခေါင်းဆောင့်သွားပြီး ချန်ကွမ်းရွေ့မှာလဲ ဝင်တိုက်ခံရတာကြောင့် ခြေခွေကျကာ ကျန်ရစ်ခဲ့သည်။

ကျောင်းတံခါးဝ ထိ ပြေးသွားပြီး သော့မခတ်ထားသည်ကို တွေ့သည်နှင့် တံခါးကိုဆွဲဖို့ကာ ခြေဦးတည့်ရာဆီသို့ ပြေးထွက်လာသည်မှာ အနောက်မှ လိုက်လာသည့် လုံခြုံရေးပင် လက်လျှော့သွားရသည်။ လမ်းဆုံ တစ်ခုရောက်တော့မှ နာကျင်လာသည့်ခြေထောက်က ဆက်၍ ပြေးမနိုင်တော့တာကြောင့် မြေကြီးပေါ်ထိုင်ချလိုက်ကာ အိမ်ကို ဖုန်းဆက်ဖို့ လုပ်တော့လဲ သူ့ထံတွင် ဖုန်းမပြောနှင့် ဖိနပ်ပင်ပါမလာ။ ထို့ကြောင့် နာရီဝက်ကြာသည်အထိ taxi လာမည်ကို ထိုင်စောင့်ရင်း အိမ်သို့ ပြန်ခဲ့ရသည်။

ည သန်းခေါင်ကြီး ချွေးတရွှဲရွှဲနှင့် ဆံပင်တွေ ဖရိုဖရဲဖြစ်ကာ မျက်ဝန်းတွေမှာလဲ နီရဲရဲနှင့် ဖိနပ်မပါဘဲ ပြန်ရောက်လာသည့် ကျန်းဟောက်ကို ကြည့်ရင်း ကျန်းပါးပါးမှာ လွန်စွာ စိတ်ပူသွားခဲ့ရသည်။

ထိုရက်မှ စ၍ ကျန်းဟောက်မှာ ကျောင်းမသွားတော့ဘဲ အိမ်ထဲတွင် တစ်ပတ်ခန့်မျှ နေခဲ့သည်။ နဂိုတည်းက သီခြားနေတတ်သည့် ကျန်းဟောက်မှာ ပို၍ပင် အထိမခံဖြစ်လာပြီး လူများနှင့် ခပ်ဝေးဝေးနေခဲ့သည်။ သင်နေကြ တယောဆရာနဲ့လဲ ဆက်မသင်တော့သလို အားလုံးနဲ့အဆက်သွယ်ဖြတ်လိုက်သည်။ သူအဆက်အသွယ်လုပ်သေးတာဆိုလို့ ချန်ကွမ်းရွေ့တစ်ယောက်တည်းသာ။ ထိုနေ့က သူ့ကြောင့် ချန်ကွမ်းရွေ့မှာ ခြေချင်းဝတ်ခေါက်သွားပြီး အနားယူလိုက်ရသည်ဟု ကြားခဲ့ရသည်။ လူကိုယ်တိုင်မတွေ့ဖြစ်ပေမယ့် ကျန်းဟောက် ထိုသူငယ်ချင်းကိုတော့ အမြဲလိုလို ဖုန်းဆက် အဆက်သွယ်လုပ်ပြီး ဂရုတစိုက် တောင်းပန်ခဲ့သည်။

ကျောင်းလဲ မသွားဘဲ အိမ်တွင်းအောင်းနေသည့် ကျန်းဟောက်မှာ တစ်နေ့တွင်တော့ သူ ကိုးရီးယားကို သွားတော့မည် ဖြစ်ကြောင်း ကျန်းပါးပါးအား အသိပေးခဲ့သည်။ အကြောင်းအရင်းမှာ တရုတ်မှာက စက်တင်ဘာလဆို ကျောင်းစတက်ရပေမယ့် ကိုးရီးယားမှာက မတ်လ မှ စာသင်နှစ် စတာဖြစ်လို့ သူ့အတွက် ပြင်ဆင်ချိန်ရသည်။

"ဘယ်ကျောင်းရွေးထားတာလဲ"

"Z အထက်တန်းကျောင်း"

"အဖေ အဆောင်မေးထားပေးရမလား?"

"မလိုဘူး ကျောင်းနားဝန်းကျင်မှာ ကွန်ဒိုတစ်ခန်း ကြည့်ထားတယ်"

ထိုစဉ် ဖုန်းထဲစာဝင်လာတာကြောင့် ကျန်းပါးပါးက ဖုန်းကိုစစ်လိုက်သည့်ချိန်မှာ ကျန်းဟောက်က location တစ်ခုအား ပို့ထားသည်ကိုတွေ့လိုက်ရသည်။

"အခန်းတောင် ရှာထားပြီးပြီလား? ဘာလို့ အဖေ့ကို ကြိုမပြောတာလဲ"

"ကျွန်တော် အခုပြောတယ်လေ၊ အခန်း decoration ကို သိပ်မကြိုက်လို့ ပြင်ပေးပါဦး၊ အဖေ့ ကုမ္ပဏီက ဒီဇိုင်းဆွဲတဲ့သူကို မေးကြည့်ပေးပါ"

"ကျန်းဟောက်"

သူ့ဟာသူ ကိုယ့်အစီစဉ်နဲ့ကိုယ် လုပ်ချင်တာလုပ်နေသည့် သားဖြစ်သူနဲ့ စကားသေချာပြောဖို့ လိုအပ်လာပြီဖြစ်သည်။

"ကျောင်းအဆောင်မှာ တစ်လ ဘဲနေပြီး မင်း ဘယ်လိုပုံစံနဲ့ ပြန်ရောက်လာလဲ မေ့သွားပြီလား? ဘာဖြစ်လာတယ်ဆိုတာလဲ မင်းမပြောဘူး၊ အခု တခြားနိုင်ငံကိုသွားဖို့ ကြိုးစားနေတယ်၊ အဖေက ဘယ်လိုစိတ်နဲ့ မင်းကို လွှတ်ပေးလိုက်ရမှာလဲ"

"ဒီတိုင်း မကောင်းတဲ့လူတွေနဲ့ တွေ့လာတာပါ၊ ကိစ္စကြီးကြီးမားမားမရှိခဲ့ပါဘူး"

"ကျန်းဟောက်-"

"အဖေ.... ကျွန်တော် အဲ့ကိစ္စကို မပြောချင်ဘူး၊ ကျွန်တော့်ကို နားလည်ပေးဖို့ဘဲ တောင်းဆိုပါရစေ၊ ပြီးတော့ တောင်းပန်ပါတယ်၊ ကျွန်တော် ကိုးရီးယားကို သွားဖို့ စိတ်ဆုံးဖြတ်ပြီးပြီ"

ကျန်းဟောက်လဲ လူတစ်ယောက်ဘဲမို့ ချန်ရိမင်ရဲ့ လုပ်ရပ်က သူ့အပေါ် သက်ရောက်မှုတွေရှိနေဆဲပင်။ ချစ်ရေး ချစ်ရာ ကိစ္စက ဆယ်ကျော်သက်များနဲ့ မကင်းပေမယ့် အစိမ်းသက်သက်ဖြစ်နေသည့် ကျန်းဟောက်အတွက်တော့ ယောကျ်ားတစ်ယောက်ဖြစ်နေတာကြောင့် မလန့်ဘဲတော့ မနေခဲ့ပါ။

ထိုကိစ္စကြောင့်နဲ့ ကျန်းဟောက် သူ့ဘဝကို အနစ်မွန်းမခံနိုင်ပေ။ ထို့နေ့က အရိပ်မဲကြီးက နေရာတကာလိုက်ပါကာ သူ့ရဲ့ လူနေမှုဘဝပုံစံကို ပျက်စီးအောင် လုပ်မှာကိုလဲ မလိုလားပေ။ ကျန်းဟောက်မှာ အဲ့လောက်ထိ စိတ်အားငယ်တတ်တဲ့သူတစ်ယောက် မဟုတ်ပေ။ မေ့ပစ်လိုက်လို့လဲ ရသည့် ကိစ္စသေးသေးလေး မဟုတ်တာကြောင့် အချိန်ယူကာ ကြိုးစားခဲ့ပြီးနောက် နေရာသစ်တစ်ခုကို သွားဖို့ စိတ်အားထက်သန်ခဲ့သည်။

ချန်ရိမင်က သူ့အား သဘောကျနေကာ သူ့ရဲ့ ပထမဦးဆုံး အနမ်းလေးကို လုယူဖို့တောင် ကြိုးစားလိုက်သေးသည်။ ဒီလို မကောင်းတဲ့လူရဲ့ အနားက အမြန်ဆုံး သူထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သည်။ ဆက်ပြီးတော့လဲ ဒီလိုလူမျိုးနဲ့ သူ ဝေးဝေးနေမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။

ယခုလက်ရှိတွင်တော့ သူရွေးချယ်ထားသည့် နေရာသစ်တွင် သူကိုယ်တိုင်က မကောင်းတဲ့လူကြီးဖြစ်နေခဲ့သည်။

သူမကြိုက်သည့် လုပ်ရပ်မျိုးကို ဆောင်းဟန်ဘင်းအပေါ်တွင် လုပ်မိခဲ့သည်။

သူ ဆောင်းဟန်ဘင်းကို နမ်းခဲ့သည်။ ဒီလုပ်ရပ်ကသာ သူသိတဲ့ဖော်ပြနည်း ဖြစ်တာကြောင့် အဆိုးဆုံးထိတွေးထားခဲ့ကာ လုပ်မိခဲ့သည်။ ထို့ကြောင့် နောက်တစ်နေ့မှာ အထုတ်သိမ်းကာ တရုတ်ကိုပင် ပြန်ပြေးဖို့တွေးထားခဲ့ပေမယ့် သူမထင်ထားခဲ့သည့်မှာ ဆောင်းဟန်ဘင်းကလဲ သူ့လို မကောင်းတဲ့လူ ဖြစ်နေခဲ့သည်။

သူ့စိတ်ထဲ ကြည်နူးလာရကာ မျက်နှာပေါ်ထင်ဟပ်နေသည့် ပျော်ရွှင်မှုက မှောင်ရိပ်၏ ကျေးဇူးဖြင့် ဆောင်းဟန်ဘင်း မမြင်အောင် ဖုံးကွယ်ထားနိုင်ပေမယ့် သူ့နှလုံးသားဆီက ခံစားချက်ကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ သူ ဆောင်းဟန်ဘင်းအား အလွန်ပင် သဘောကျရပါသည်။ သဘောကျရလွန်းလို့ ဒီလိုလုပ်ရပ်မျိုးကိုတောင် လုပ်မိခဲ့သည် မဟုတ်ပါလား?

သူတွေးနေတုန်းမှာပင် ဆောင်းဟန်ဘင်းက သူ့အား နောက်တစ်ကြိမ် ထပ်၍ နမ်းလာခဲ့သည်။ ထိုအနမ်းက ပထမတစ်ခါလို မကြမ်းတမ်းတော့ဘဲ နူးညံ့ကာ သူ့ရဲ့စိုးရိမ်ကြောင့်ကြမှုများကို နှစ်သိမ့်ပေးသည့်အလား။

"မင်းပြောသလိုဆို ငါက အခု စိတ်ရူးပေါက်နေတဲ့ မကောင်းတဲ့ကောင်ဖြစ်သွားပြီ"

".........."

"အဲ့လိုဆိုရင် ငါမင်းအနားမှာ နေလို့ရသေးလား?"

တရုတ်ကိုပြန်ပြေးဖို့တွေးထားသည့် ကျန်းဟောက်၏ အတွေးများမှာ မလိုအပ်သည့် ဖုန်မှုန့်တွေလို လွင့်စင်ကုန်သည်။ ဆောင်းဟန်ဘင်း၏ အမေးကို မဖြေဘဲ ချုပ်ခံထားရဆဲဖြစ်သည့် သူ့လက်ကို လွှတ်ခိုင်းလေသည်။

"ငါ့လက်ကို လွှတ်ပေးတော့"

ဆောင်းဟန်ဘင်းက ကျန်းဟောက်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"ဘယ်လိုလုပ်လွှတ်ပေးရဲမှာလဲ? ငါ အခုလွှတ်ပေးလိုက်ရင် မင်း တရုတ်ကိုတောင် ပြန်ပြေးသွားလောက်တယ်၊ မင်း တွေးတောင် တွေးထားပြီးပြီး မဟုတ်လား?"

သူ့အတွေးတွေကို သိနေတာကြောင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။

"အစကတော့ အဲ့လိုတွေးထားတာဘဲ၊ ဒါပေမယ့်...."

"အင်း... ဒါပေမယ့်?"

"အခု မတွေးတော့ဘူး"

ထိုအခါမှ သူကျန်းဟောက်ရဲ့ လက်တွေကို လွှတ်ပေးလိုက်ပြီး တစ်ဖန်ထပ်၍ ဆုတ်ကိုင်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ဖန်စလေး ကွဲသွားမှာကြောက်ရွံ့သလို နူးနူးညံ့ညံ့လေး ဆုတ်ကိုင်ထားခြင်းဖြစ်သည်။

"ကျန်းဟောက်.... အရင်တစ်ခါက ငါ့ကို ငြင်းထားဖူးတာ မှတ်မိလား?"

ကျန်းဟောက် မှတ်မိပါသည်။ ကယောင်ခြောက်ခြားဖြင့် ဆောင်းဟန်ဘင်းတို့ အတန်းရှေ့သွားကာ အားလုံးရဲ့ အကြည့်အောက်တွင် ဆောင်းဟန်ဘင်းအား ငြင်းခဲ့ဖူးသည်။ ထိုဖြစ်ရပ်က အနှေးပြကွက်လို ပြန်ပေါ်လာတာမို့ ရှက်စိတ်တို့က တစ်ကိုယ်လုံးပျံ့နှံ့သွားပြီး သူ့ရှေ့ရှိ ဆောင်းဟန်ဘင်းကို မကြည့်နိုင်တော့တာကြောင့် မှောင်နေသည့်ကြားက ခေါင်းငုံ့ကာ သူ့မျက်နှာလေးအား ဖွက်ထားရန် ကြိုးစားနေသည်။

သူနှင့်မျက်နှာချင်းဆိုင်ရန် ငြင်းဆန်လာသည့်အခါ ကျန်းဟောက်ရဲ့ ပါးနှစ်ဖက်ကို လက်ဖြင့်ကိုင်ကာ သူနဲ့ အကြည့်ချင်းဆုံစေလိုက်သည်။ ထိုမျက်ဝန်းများမှာ သူ စတင်၍ သတိထားမိတဲ့အချိန်တုန်းကလိုပင် တောက်ပကာ လှပနေဆဲပင်။

"အခုရော ငြင်းဦးမှာလား?"

ကျန်းဟောက် ဆောင်းဟန်ဘင်းကို သူ့အနားဆွဲခေါ်ကာ နောက်တစ်ကြိမ်ထပ်နမ်းလိုက်ပါသည်။ သို့သော် သူက မနမ်းတတ်တာကြောင့် ထိတယ်ဆိုရုံလေးသာ ဖိကပ်လိုက်တာဖြစ်သည်။

"မင်းက ငါ့ကိုနှစ်ခါတောင်နမ်းထားတာလေ၊ အခုလိုဆိုမှ မျှတမှာပေါ့"

သူ့ရှေ့ကလူမှာ အသားတော့ ယူတတ်ပြီး တာဝန်ကျ မယူတတ်ပေ။ ထို့ကြောင့် ဆောင်းဟန်ဘင်း အလျှော့မပေးဘဲ ဆက်မေးဖို့ ကြိုးစားလိုက်သည်။

"ငြင်းမှာလားလို့? ဖြေဦး!"

ထိုအခါ ကျန်းဟောက်က မျက်လုံးတို့မှေးကျဉ်း၍ ကြည့်လာကာ

"မင်းရော ငါမေးတာကိုဖြေလား? ပြောစမ်းပါ ဂျန်ယူရီကို ကြိုက်လား မကြိုက်ဘူးလား? အကြာကြီးစောင့်ခိုင်းခဲ့မိလို့ တောင်းပန်တာက ဘာအတွက်လဲ"

ဒီခေါင်းကြောမာတာလေးကိုမှ သူက သဘောကျမိခဲ့သည်မဟုတ်ပါလား? ဆောင်းဟန်ဘင်း သက်ပြင်းချကာ အရှုံးပေးလိုက်သည်။

"ကောင်းပြီ၊ ကျွန်တော် ဆောင်းဟန်ဘင်းက ဂျန်ယူရီကို လုံးဝ လုံးဝ သဘောမကျပါဘူး၊ အကြာကြီးစောင့်ခိုင်းမိလို့ တောင်းပန်ပါတယ်ဆိုတာက ဂျန်ယူရီရဲ့ ခံစားချက်ကို သိသိချည်းနဲ့ မငြင်းခဲ့ဘဲ မျှော်လင့်ချက်ပေးထားသလို လုပ်ရပ်မျိုး လုပ်ခဲ့မိလို့ တောင်းပန်တာပါ"

အမှောင်ထဲအသားကျလာသည်နှင့်အမျှ ကျန်းဟောက်ရဲ့မျက်နှာလေးကို အမှောင်ထဲ သူကောင်းကောင်းမြင်နေရပါသည်။ ဟန်မဆောင်နိုင်အောင်ကိုပင် ပျော်နေတာပင်။

"ဒါဆို ငါ့ကိုကရော? ငါကတော့ မင်းကို ကြိုက်လို့ နမ်းလိုက်တာဘဲ၊ မင်းကရော ဘာလို့နမ်းတာလဲ ငါအခု သိရမှဖြစ်မယ်"

ကျန်းဟောက် ဘယ်ကတည်းက ထိုကဲ့သို့ နိုင်ထက်စီးနင်းလုပ်တတ်သွားပါသနည်း။ သူနှင့်ဆို လိုက်လျောညီထွေ နေတတ်ပါသည့် ကျန်းဟောက်က ယခုတော့ သိလိုသမျှ ကြားလိုသမျှကို မသိရ မကြားရ မချင်း မေးနေတော့သည်။

"ဘယ်သူက မကြိုက်တဲ့သူကို နမ်းမှာလဲ?"

ဆောင်းဟန်ဘင်း၏ အဖြေစကားကို ကျန်းဟောက်အလိုမကျစွာ ငြူဆူလာတော့သည်။

"ငါတောင် မင်းကို ကြိုက်ပါတယ်လို့ ပြောပြီးပြီလေ၊ မင်းကျတော့ ငါ့ကို ကြိုက်ပါတယ်လို့ မပြောဘဲ၊ ဘာတွေ ကွေ့ဝိုက်နေတာလဲ"

ကိစ္စတွေက ပြောင်းပြန်တွေဖြစ်ကုန်ပါသည်။ တကယ်ဆို သူ့ဆီကနေ ထွက်ပြေးဖို့ကြိုးစားနေပါသည့် ကျန်းဟောက်အား ချုပ်ထားကာ ထိုကဲ့သို့ မေးနေရမှာက သူ မဟုတ်လား?

စကတည်းက ကျန်းဟောက်မှာ သူ့ထက်အရင် ခြေတစ်လှမ်းပိုသာပြီးသားပင်။ သူအမှီလိုက်နေပါလျက်နဲ့ ကျန်းဟောက်က သူ့အားကျောက်တက်သွားမြဲပင်။ သူနောက်ကျ ကျန်နေခဲ့တာမျိုး ထပ်ပြီးအဖြစ်မခံနိုင်တော့ချေ။

"ငါမင်းကို သဘောကျတယ် ကျန်းဟောက်၊ အရမ်း အရမ်းကိုမှဘဲ၊ အဲ့ဒါကြောင့်လဲ အစစ အရာရာ ဘာမဆို အကုန်လိုက်ကြည့်ပြီး ဂရုစိုက်ပေးမိနေတာ၊ ဒါပေမယ့် တစ်ဖက်မှာ ရှေ့ဆက်တိုးဖို့ကို စိုးရိမ်နေပြီး မင်းရဲ့စိတ်ကို သေချာလေး မမြင်နိုင်ခဲ့လို့ နောက်ကျသွားတယ်၊ တကယ်ဆို ငါမင်းကို ဒီထက်ပိုကောင်းတဲ့ နည်းလမ်းနဲ့ ချစ်ခွင့်ပန်ချင်ခဲ့တာ၊ ငါ့ရဲ့စိတ်ခံစားချက်တွေကို လျစ်လျူရှုပြီး အတွေးများနေခဲ့မိတယ်၊ အဲ့အတွက်လဲတောင်းပန်ပါတယ်"

"........"

"မင်းကို အရမ်းသဘောကျတယ်၊ မင်းရဲ့ကောင်လေး ဖြစ်ခွင့်ပေးနိုင်မလား?"

ချစ်ရေးဆိုခံရသည့်ဖြစ်ရပ်က သူနဲ့ မစိမ်းသက်ပေမယ့် ရည်းစားစကားပြောခံရတာက ဒီလောက် စိတ်ကျေနပ်စရာကောင်းမှန်း ဆောင်းဟန်ဘင်းနဲ့မှ ကျန်းဟောက်သိလိုက်ရသည်။

"ငါလဲ မင်းကို အများကြီး အများကြီး သဘောကျတယ်"

သူတို့နားတစ်လျှောက် ခြေသံ တလျှပ်လျှပ်ကြားကာမှ နှစ်ယောက်သား ဝင်္ကပါထဲမှာ ရှိနေကြမှန်း သတိရကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်မော မိကြတော့သည်။

ကျန်းဟောက် ဆောင်းဟန်ဘင်း၏ လက်တစ်ဖက်ကို ပြန်ဆုတ်ကိုင်လိုက်သည်။

"အပြင်ထွက်ကြတော့မလား? ငါတော်တော် ဗိုက်ဆာနေပြီ"

===========

Tbc......

February 27, 2025

ရုပ်ကိုက တကယ့် ဂျစ်တူးလေး🤧🩷

သူတို့ပြောတဲ့ ရန်ဖြစ်တယ်ဆိုတာက ကျန်းဟောက် ဂျီကျသမျှ ဆောင်းဟန်ဘင်း လိုက်ရှင်းနေရတာဘဲဖြစ်မယ်။

စကားကလဲ တတ်လိုက်တာ မသိရင် သူကမှ ကိုးရီးယား 🥹🙏

ဒီနေ့ ကျန်းလောင်ရှီးက ဆံပင်အရောင်အသစ်နဲ့ တကယ်ကို လိုက်ဖက်နေပါတယ်၊ ဆောင်းဟန်ဘင်းလဲ တအားပင်ပန်းမှာဘဲ ဒီနေ့ 🥺

Coming Friday က စာမေးပွဲဖြေရမယ်လို့ ဆရာက ဒီည online class မှာပြောတယ်။ အကျင့်ကလဲ စာမေးပွဲတို့ project တို့ရှိမှ fic ချည်းဘဲ တောက်လျှောက်ထိုင်ရေးချင်နေတာမျိုး🤧

ဒါနဲ့ Blue paradise album digipack version လေး set share တွေ့ရင်ပြောပေးကြပါဦး Haobin လေးလိုချင်လို့ပါ။

Dugeun Dugeun မှာက မ share တော့ဘူးပြောတယ်။

အဲ့နေ့ က Salon drip ရော foreigner high school ရောရှိလို့ YouTube နဲ့ X မှာ ရှိနေတော့ မမှီလိုက်ဘူးတော်၊ ငိုချင်သွား 😭