Chapter 37: အပိုင်း (၃၆) မိုထယ် ဆိုလို အီ..မီ ဒါးး~

My other halfWords: 43577

ကျန်းဟောက် ဗိုက်ဆာနေပြီဆိုမှ သူ ကျန်းဟောက်တွက် ယူခဲ့ပေးသည့် အဆာပြေ မုန့်လေးတွေမှာ လက်ထဲတွင်မရှိတော့ဘဲ တစ်နေရာရာတွင် ကျကျန်ခဲ့တာဖြစ်နိုင်သည်။ သူတို့နှစ်ယောက် လက်ချင်းတွဲရင်း ဝင်္ကပါထဲတွင် အတော်တန်ပတ်သွားပြီးကာမှ ထွက်ပေါက်ကို တွေ့ခဲ့ရသည်။

ဖြစ်ချင်တော့ ဗိုက်ဆာနေသည့် ကျန်းဟောက်မှာ အစားအသောက်အတွက် အလျင်မလိုနေဘဲ သူ့ထံတွင်ပါလာသည့် item ကိုထုတ်ပြီး မီးထွန်းရန် ပြင်ဆင်တော့သည်။ ကျန်းဟောက်မှာ အများကြီး မစဉ်းစားဘဲ တွေ့ရာ ဆွဲယူခဲ့တာကြောင့် သူ့ဆီတွင် ဖယောင်းတိုင် မီးခွက်လေးက ရှိနေသည်။ သို့ဖြစ်၍ တစ်ဖက်မှာ ဆောင်းဟန်ဘင်းက item ကို မထုတ်ဘဲ နေနေတာမို့ ကျန်းဟောက် စိတ်ထဲ ဝမ်းနည်းသွားရသည်။

ကလေးဆန်လွန်းပါသည့် ကျန်းဟောက်ကို ကြည့်ရင်း ဆောင်းဟန်ဘင်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ ထို့ကြောင့် သူထပ်၍ မစတော့ဘဲ သူ့ဘောင်းဘီအိတ်ကပ်ထဲက မီးခြစ်ဆံဘူးလေးအား ထုတ်ပေးလိုက်သည်။

ထိုမီးခြစ်ဆံဘူးလေးကို တွေ့တော့မှ ကျန်းဟောက်မှာ ပျော်ရွှင်စွာ ပြန်ပြုံးနိုင် တော့သည်။ သူ မီးခြစ်ဆံလေးကို ထုတ်ကာ မီးထွန်းပေးလိုက်သည့်အခါ သူသဘောကျရပါသည့် မျက်ဝန်းတစ်စုံက အမှောင်ထဲတွင် ပို၍ တောက်ပလာကာ လှချင်တိုင်းလှနေတော့သည်။ သူ Ricky အား ကျေးဇူးမတင်ဘဲမနေနိုင်ပေ။

"ငါသာ မီးခြစ်ဆံဘူးကို မယူခဲ့ဘူးဆိုရင် မင်း တခြားသူကို သွားရှာမှာလား?"

ထိုအခါ ကျန်းဟောက်က သူ့အား မော့ကြည့်လာပြီး

"ဂိမ်းဘဲအရှုံးခံလိုက်မယ်"

ထို့နောက် ဆောင်းဟန်ဘင်း၏ လက်ကိုဆွဲကာ ရှေ့မှ ဦးဆောင်၍ ဝင်္ကပါမှ ထွက်ခဲ့ကြသည်။

ထမင်းစားဆောင်ရောက်သည့်အခါ ကျန်းဟောက်မှာ ခေါင်းပင်မဖော်နိုင်အောင် စားတော့သည်။ သူ့ရှေ့က ဆောင်းဟန်ဘင်းမှာတော့ မေးတစ်ဖက်ထောက်ကာသာ ကြည့်နေတော့သည်။

ဒီနေ့က သူတို့နှစ်ယောက်ရဲ့ ချစ်သူ စ ဖြစ်တဲ့ရက်လေးဖြစ်သည်။ သူ ထင်ထားသလောက်လဲ ရှုပ်ထွေးမနေဘဲ အလျင်အမြန်ပင် ကိစ္စရှင်းသွားတာကြောင့် ဆောင်းဟန်ဘင်း စိတ်သက်သာရာ ရသွားခဲ့သည်။

ပထမကတော့ သူ့ရဲ့ခံစားချက်ကို သိရတဲ့အချိန်မှာ လက်မခံနိုင်ဖြစ်ခဲ့ရသေးသည်။ ထို့ကြောင့် သေချာအောင် အချိန်ယူကာ တစ်ယောက်တည်း တွေးတောခဲ့ရသည်။ ကျန်းဟောက်အပေါ် သူ့ရဲ့ ခံစားချက်တွေ တဖြည်းဖြည်းလေးနက်လာသည့်အခါ ဆောင်းဟန်ဘင်း ထိုခံစားချက်တို့ကို ဖုံးကွယ်ထားဖို့သာ ကြိုးစားခဲ့သည်။ အကြောင်းမှာ ကျန်းဟောက်က ဘယ်အခြေနေမျိုးမှာမဆို သူဟာ ယောကျ်ားချင်းစိတ်မဝင်စားကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြနေခဲ့တာကြောင့်ဖြစ်သည်။ ဒီလိုနဲ့ဘဲ ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်အပေါ် သူ့ရဲ့ ခံစားချက်တွေ တဖြည်းဖြည်း ကြီးထွားလာမှာကို စိုးရိမ်ခဲ့တာကြောင့် ထိုခံစားချက်တွေကို မျိုသိပ်ထားခဲ့သည်။

သို့သော် ကျန်းဟောက်၏ ပွင့်လင်းမှုတွေကလဲ သူ့အား ဒွိဟဖြစ်စေသည်။ သို့ဖြစ်၍ သူ့ရင်ထဲက ရှုပ်ထွေးနေမှုကို စတင်ရှင်းလင်းဖို့အတွက် ကြိုးစားခဲ့သည်။ ထိုအချိန်မှာဘဲ ကျန်းဟောက်က တောင်ပေါ်တွင် သူ ဘယ်သူ့ကိုမှ မချစ်ဖူးပါကြောင်း ထုတ်ပြောလာချိန်တွင် သူ့မှာ လမ်းပျောက်ခဲ့ရပြန်သည်။ သူတစ်ယောက်တည်းကသာ အတွေးလွန်နေခဲ့ပြီး ကျန်းဟောက်အတွက်တော့ သူက သူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့ဟု ထင်ခဲ့သည်။

သို့ပေမယ့် ဂျန်ယူရီနဲ့သူနဲ့ အတူတွဲထိုင်နေသည့်အခါ ဖြစ်သွားတဲ့ ကျန်းဟောက်ပုံစံက သူ့အား ရှေ့ဆက်တိုးဖို့ ယုံကြည်ချက်များစေခဲ့သည်။ သူ့ရှေ့ကလူမှာ အရင်အတိုင်းပင် ကလေးဆန်ကာ အစားဘီလူးလေးဖြစ်နေသေးပေမယ့်လဲ အရင်ကလိုမဟုတ်တော့သည်မှာ သူ့ရဲ့ ချစ်သူကောင်လေးဖြစ်နေပြီ ဖြစ်သည်။

သူ့အား ပြုံးပြုံးကြီး ထိုင်ကြည့်နေသည့် ဆောင်းဟန်ဘင်းကြောင့် ကျန်းဟောက် စားနေသည်ကို ရပ်လိုက်ကာ ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး အခြားသူတွေ မကြားနိုင်အောင် တိုးတိုးလေး မေးလိုက်သည်။

"မင်း ငါ့ကို ဘယ်လိုသဘောကျသွားတာလဲ?"

"အမ်.....ဘယ်ချိန်လဲတော့ သေချာမမှတ်မိတော့ဘူး၊ သတိထားမိတဲ့အချိန်က ငါ့မွေးနေ့မှာ? အွန်း ဟုတ်လောက်တယ်"

ထိုအခါ ကျန်းဟောက်မှာ သိချင်စိတ်ဖြင့် အရှေ့သို့ ထပ်တိုးလာကာ

"လက်ဆောင်လေးကြောင့်မလား?"

ကျန်းဟောက်မှာ အရွေးတော်သည့် သူ့ကိုယ်သူ ချီးကျူးဖို့လဲ မမေ့ပေ။ ထိုလက်ဆောင်လေးနဲ့ ဆောင်းဟန်ဘင်းရဲ့ နှလုံးသားကို ဖမ်းစားနိုင်လိုက်ပြီးလို့ တွေးကာ မျက်နှာကိုပင်မော့ထားလိုက်သေးသည်။

"လက်ဆောင်လေးကို ကြိုက်ပါတယ်၊ ဒါပေမယ့် မဟုတ်ဘူး"

ဆောင်းဟန်ဘင်းမှာ ယခုအချိန်ထိ သူ့ပေးထားသည့် လည်ဆွဲလေးအား ဝတ်ဆင်ထားသည်။

"ဒါဆို ဘာကြောင့်လဲ"

"ငယ်ငယ်ကပုံလေးကို ချစ်ဖို့ကောင်းတယ်ဆိုပြီးပြောဖူးတယ်လေ၊ အဲ့ကနေ စ ပြီး တဖြည်းဖြည်းလေးနက်လာတယ် ထင်တာဘဲ"

ကျန်းဟောက်မှာ သူ ပြောနေသည်ကို ဂရုတစိုက်နားထောင်နေသည်။

"ဒါပေမယ့် မင်းကို ချစ်ရေးမဆိုရဲဘူး၊ ဘယ်လိုဘဲရင်းနှီးတယ်ပြောပြော လုံးဝ ယောကျ်ားလေးချင်းမကြိုက်ပါဘူးဆိုပြီး ပြောထားတော့ မျှော်လင့်ချက်မရှိဘူးဘဲဆိုပြီး တိတ်တိတ်လေးနေဖို့ တွေးခဲ့တာ"

ထိုအခါ ကျန်းဟောက်က ခေါင်းလေး စောင်းရင်း

"ဒါပေမယ့် Ricky ပြောတာက ငါမင်းကို သဘောကျနေတာ သူတို့တောင် မြင်နိုင်တယ်တဲ့"

ဆောင်းဟန်ဘင်းက တစ်ချက်စဉ်းစားလိုက်ပြီနောက်

"အဲ့ဒါကြောင့်လဲ ငါ့စိတ်တွေ ရှုပ်ကုန်တာ၊ ဒီတိုင်းထားလိုက်ရမလား? ရှေ့ဆက်တိုးရမလား? ဒါပေမယ့် ရှေ့ဆက်တိုးဖို့ကိုဘဲ ရွေးလိုက်ပေမယ့် မင်းက ခြေတစ်လှမ်းသာသွားပြန်တယ်"

ကျန်းဟောက်က သူအရင်စနမ်းခဲ့သည့် အဖြစ်ပျက်အား ပြန်တွေးမိပြီး ဆောင်းဟန်ဘင်းက အရင်ချစ်ရေးဆိုမဲ့အခြေအနေနဲ့ လွဲသွားတာကြောင့် နောင်တရသွားတော့သည်။ ဆောင်းဟန်ဘင်းကလဲ သူ့စိတ်အား မြင်နိုင်ခဲ့တာကြောင့် ရှေ့ဆက်ဖို့ကြိုးစားခဲ့သည်တဲ့။ ဒီလိုဆို သူတစ်ယောက်တည်းကသာ ကိုယ့်စိတ်ကိုမသိတဲ့ အရူးလေးဖြစ်နေခဲ့တာပေါ့။

"မင်းတို့အားလုံး ငါ့ခံစားချက်ကို သိနေခဲ့ကြတာဘဲ? ဘယ်လိုများနေခဲ့လို့ သိသာနေတာလဲ?"

ထိုအခါ ဆောင်းဟန်ဘင်းက ပြုံးကာကြည့်ရင်းပြောလိုက်သည်။

"ငါပြောပြရမလား?"

"အင်း ပြောပြကြည့်"

"ဘယ်ကနေ စရင်ကောင်းမလဲ? လောလောလတ်လတ်ဖြစ်ထားတာကနေ ပြောရမလား?"

လောလောလတ်လတ် ဖြစ်ထားတာ? ကျန်းဟောက် သူ့ရဲ့ဦးနှောက်အား အသည်းအသန် အလုပ်ပေးတော့သည်။ ဂျန်ယူရီနဲ့ အတူထိုင်နေလို့ သဝန်တိုခဲ့တာကို ပြောတာများလား?

"ဘာများလဲ?"

"မင်း ပစ်ထုတ်လိုက်တဲ့ ခဲဖျက်လေး"

"........."

"ငါ ပြန်ရှာပြီး-"

ကျန်းဟောက် အလျင်အမြန်ပင် ဆောင်းဟန်ဘင်း စကားဆက်ပြောလို့ မရတော့အောင် သူ့လက်ဖြင့် ကာထားလိုက်သည်။ သူရှက်လွန်း၍ ဆောင်းဟန်ဘင်းနဲ့ပင် မျက်နှာချင်းမဆိုင်ရဲတာကြောင့် ခုံအောက်ထဲသာ ဝင်ပုန်းလိုက်ချင်တော့သည်။

ထိုနေ့က ဂျောင်ဆိုမီက ဆောင်းဟန်ဘင်းရဲ့ လက်ချောင်းလေးတွေအား ထိသွားတာကို သူအလိုမကျပေ။ သူ့ရင်ထဲ ဖြစ်ပေါ်လာတဲ့ ထူးထူးဆန်းဆန်း ခံစားချက်ကြီးကြောင့် လူအလစ်တွင် ခဲဖျက်ကို အမှိုက်ပုံးထဲသို့ တမင်ပစ်ထုတ်ခဲ့လိုက်သည်။ ထိုသို့ လုပ်လိုက်သည်အား ဆောင်းဟန်ဘင်းက သိနေတဲ့အပြင် ခဲဖျက်ကိုပါ ပြန်ရှာခဲ့သေးသည်။

ထို့အပြင်!!!!!

ဆောင်းဟန်ဘင်းက အဲ့နေ့က သူ့လက်ကိုပင် တမင်ဆုတ်ကိုင်ထားကာ စ နောက်နေလိုက်သည်။ သူ့ရဲ့အပြုအမူတိုင်းကို ဆောင်းဟန်ဘင်းက တကယ်ကို သိနေခဲ့တာပင်။ ဒါဆို သူ သဝန်တိုနေမှန်းလဲ ဆောင်းဟန်ဘင်းက ရိပ်စားမိခဲ့မှာမလွဲချေ။ ကျန်းဟောက် ရှက်လွန်း၍ သူ့အရှေ့က အစားသောက်ကိုပင် မစားနိုင်တော့ပေ။

ဆောင်းဟန်ဘင်းက သူ့လက်ဖဝါးလေးအား နှုတ်ခမ်းစူကာ နမ်းလာတော့မှ သူ့လက်ကို ဖယ်ပေးလိုက်တော့သည်။

"သွားတော့မယ် ဗိုက်တင်းပြီ"

ဟုဆိုကာ စားစရာကိုယူရင်း တချိုးတည်း လစ်ပြေးတော့သည်။ ရှက်ရှက်နဲ့ ထွက်ပြေးသွားတဲ့ သူ့ကောင်လေးဖြစ်သူအား ကြည့်ရင်း ရှေ့ဆက်ရမဲ့ ရက်တွေကို မျှော်မှန်းနေမိတော့သည်။

မနက်ဖြန် မနက် အစောကြီး S မြို့ကို ပြန်ရမှာဖြစ်တာကြောင့် ကျောင်းသား ကျောင်းသူတော်တော်များများက အစောကြိီး အိပ်ရာဝင်ကုန်ကြသည်။ တချို့မှာလဲ မအိပ်ကြသေးဘဲ ညကောင်းကင်ကြီးကို မော့ကြည့်ကာ တည်းခိုဆောင်ဝန်းထဲ စကားထိုင်ပြောနေကြဆဲပင်။ ကျန်းဟောက်မှာလဲ ဦးဦးဖျားဖျား ရထားတဲ့ ကောင်လေးဖြစ်သူနှင့် မျက်နှာချင်းမဆိုင်ရဲတာကြောင့် တည်းခိုဆောင် အပြင်ဘက် ခြံဝန်းလေးတွင်သာ ဟန်ယူဂျင်းနဲ့ အတူထိုင်နေခဲ့သည်။

"Hyung တို့တောင်ပေါ်မှာ ပျော်ခဲ့ကြလား?၊ ကျွန်တော်က လိုက်ချင်တာ၊ အာရမ်ကြောင့်ပေါ့"

ဟန်ယူဂျင်း၏ စကားကြောင့် ကျန်းဟောက်မှာ သူမေ့ကျန်ခဲ့သည့်အရာအား သတိရသွားတော့သည်။ သူ ဟန်ယူဂျင်းတစ်ယောက်လုံးကို မေ့သွားခဲ့သည်။

"ဂွန်ဝု hyung ကလဲ vlog ရိုက်ခဲ့သေးတယ်ပြောတယ်၊ ပျော်စရာကောင်းမှာဘဲ"

ကျန်းဟောက် သူ့ဖုန်းထဲမှ တောင်ပေါ်တွင် ရိုက်ခဲ့သည့်ပုံများကို ထုတ်ပြလိုက်သည်။ ကြည့်နေရင်း sleeping bag ထဲ အိပ်ပျော်နေသည့် ဆောင်းဟန်ဘင်း ပုံကိုကြည့်ရင်း အလွန်ချစ်စရာကောင်းနေတာကြောင့် သူ့မှာ အူယားလို့မဆုံးပင်။

ထိုအချိန်မှာ ဆောင်းဟန်ဘင်းက သူတို့ရှိရာကို လျှောက်လာသည်ကိုတွေ့လိုက်ရသည်။

"လူကို ဘယ်ချိန်ထိရှောင်နေမှာလဲ? ဒီတိုင်း ပစ်ထားတာ ရက်စက်တယ်လို့ မထင်ဘူးလား?"

ကလေးရှေ့တွင် မသိသာစေချင်တာကြောင့် ကျန်းဟောက် ချောင်းတစ်ချက်ဟန့်ကာ

"မရှောင်ပါဘူး! ငါဒီတိုင်း ယူဂျင်းနဲ့ စကားပြောနေတာ"

ဟန်ယူဂျင်း လက်ထဲက ကျန်းဟောက်၏ ဖုန်းအား ဆောင်းဟန်ဘင်းက ယူလိုက်ပြီးနောက် ပုံအားကြည့်လိုက်သည်။ ထို့နောက် ဟန်ယူဂျင်းအား သူ့တည်းခိုဆောင်ကိုပြန်ခိုင်းတော့သည်။

"မနက်ကျ အစောကြီး ထကြရမှာ၊ ဟန်ယူဂျင်း ကိုယ့်နေရာကိုယ်ပြန်တော့"

"ကျွန်တော် ဒီမှာဘဲ အိပ်သွားလိုက်မယ်"

"မရဘူး၊ လူများလို့ နေရာမလောက်တော့ဘူး"

ဟန်ယူဂျင်းသာ ပါလာရင် ကျန်းဟောက်က သူ့အား ရှောင်ဖယ်နေဖို့ အကြောင်းပြချက်ရသွားမှာဖြစ်သည်။ ထို့ကြောင့် သူ ဟန်ယူဂျင်းအား ကျန်းဟောက်အနားမှ ခွါထုတ်ရမည်။

ဒီလိုနဲ့ အပြစ်ကင်းတဲ့ယုန်ပေါက်လေးမှာ နှင်ထုတ်ခံလိုက်ရပြီး ကျန်းဟောက်မှာတော့ ဆောင်းဟန်ဘင်းနဲ့ အတူပါလာခဲ့သည်။ တည်းခိုဆောင်တွင် အခန်းသီးသန့်ဟူ၍ မရှိ။ အားလုံးမှာ ဖော့ချပ်လေးတွေကို အောက်က ခင်းကာ တန်းစီ၍ အိပ်ရသည်။ ဆောင်းဟန်ဘင်းက ကျန်းဟောက်နေရခက်မှာ စိုး၍ နံရံထောင့်နားကနေရာအား ကျန်းဟောက်တွက် နေရာလုပ်ထားပေးပြီး သူ ခြုံရမည့်စောင်ကို ကျန်းဟောက်ကောင်းကောင်း အိပ်နိုင်ရန်အတွက် ခင်းထားပေးလိုက်သေးသည်။

ထို့ကြောင့် သူ့နေရာသို့ရောက်သည်နှင့် စောင်ကို ခြုံကာ နံရံဘက်သို့ မျက်နှာမူကာ ကွေးနေလိုက်သည်။ ဆောင်းဟန်ဘင်းက ကျန်းဟောက်လုပ်သမျှကို ရယ်ရင်းသာ ကြည့်နေပြီး ဘာမှမပြောဘဲ ကျန်းဟောက်နားက သူ့နေရာတွင် လဲချကာ အနားယူဖို့ပြင်တော့သည်။ တစ်အောင့်ကြာတော့ နောက်ဆုံးဝင်လာသူက မီးပိတ်လိုက်သည်။ သို့ပေမယ့် လူငယ်သဘာဝအလျောက် ဒီလိုအခြေနေမျိုးမှာ ဘယ်သူမှ မအိပ်ကြပေ။ စကားပြောသူကပြောနှင့် ရှိနေပြီး နံရံထောင့်နားက စောင်ပုံလေးကသာ ငြိမ်သက်နေသည်။

သူ ဆောင်းဟန်ဘင်း နဲ့ ရင်မဆိုင်ရဲသေးလို့ ကျောခိုင်းထားပေမယ့် တစ်ဖက်တွင်လဲ ဆောင်းဟန်ဘင်း ဘာများလုပ်နေလဲ အိပ်နေပြီလားဆိုတာကို သိချင်နေသေးပြန်သည်။ သို့ဖြစ်၍ သူ့မှာ ကျောခိုင်းထားပေမယ့် တစ်ဖက်သို့ လှည့်ရမည်လား မလှည့်ရမည်လားကို ဝေခွဲရခက်နေသည်။ ဆောင်းဟန်ဘင်းက သူ့ရဲ့စောင်ကို မခြုံဘဲ ကျန်းဟောက်တွက် ခင်းထားပေးခဲ့သည်။ ဆောင်းဟန်ဘင်းမှာ နဂိုကတည်းက လွယ်လွယ်ပူတတ်သည့် လူဖြစ်တာသိပေမယ့် ဆောင်းဟန်ဘင်းက သူနဲ့ဆို အမြဲစောင်မပါဘဲ အိပ်နေရတာကို တွေးမိတော့ စိတ်မကောင်းတော့ဖြစ်မိသည်။ ထို့ကြောင့် သူ ကျောခိုင်းနေရာမှ ဆောင်းဟန်ဘင်းဘက်သို့ ဖြည်းဖြည်းချင်းလှည့်သွားလိုက်သည်။

ဆောင်းဟန်ဘင်းမှာ သူရွေးပေးထားသည့် အင်္ကျီအမဲလေးကိုဝတ်ထားသည်။ သူလဲ ထိုအင်္ကျီနှင့်ဆင်တူ အဖြူလေးကို ဝတ်ထားသည်။ ဆောင်းဟန်ဘင်းမှာ လက်ကိုပိုက်ကာ သူ့ဘက်သို့သာ မျက်နှာမူရင်း အိပ်နေခြင်းဖြစ်သည်။ ဖြောင့်စင်းနေသည့် ဆံနွယ်များက မျက်နှာမှာ လာအုပ်နေတာကြောင့် ဖယ်ပေးချင်ပေမယ့် သူမလုပ်ရဲပေ။ လည်တိုင်က Star of David pendant လေးမှာလဲ အမှောင်ထဲတွင် တောက်ပနေသည်။ အခု သူ့ရှေ့က သူမြင်နေရသည့် ဆောင်းဟန်ဘင်းမှာ သူ့ကောင်လေးဖြစ်သွားသည်မှာ အိပ်မက်ဆန်လွန်းတာကြောင့် သူ့မှာ မယုံကြည်နိုင်သလို ဖြစ်နေရသည်။

"ဘယ်အချိန်ထိကြည့်နေမှာလဲ? အဲ့လိုသာဆက်ကြည့်နေရင် တကယ်မနေတတ်တော့ဘူး"

အိပ်နေပါပြီလို့ ထင်ထားသည့် ဆောင်းဟန်ဘင်းက တကယ်တမ်းတွေ အိပ်မပျော်သေးပေ။ ကျန်းဟောက် သူ့စောင်အား အသာမကာ ဆောင်းဟန်ဘင်းအား ခေါ်လိုက်သည်။

"မင်းစောင်ကို ငါ့တွက်ခင်းပေးထားတာလေ၊ ငါတို့မျှသုံးလို့ရတယ်"

ဆောင်းဟန်ဘင်းက သူ့အနားတိုးမလားဘဲ သူကသာ ဆောင်းဟန်ဘင်းအနားသို့ ဆွဲခေါ်ခံလိုက်ရသည်။ ထို့ကြောင့် ရှက်စိတ်တွေဘာညာတွေ ဂရုစိုက်မနေတော့ဘဲ ဆောင်းဟန်ဘင်းနားသို့ တိုးသွားလိုက်သည်။ ဆောင်းဟန်ဘင်းက ကျန်းဟောင်အား အနားသို့ဆွဲခေါ်ပြီးနောက် ခါးကိုဖက်ရင်း နဖူးအားနမ်းပြီးနောက် ဆိုသည်။

"မင်းက ငါ့ကောင်လေးဖြစ်နေပြီဆိုတာကို မယုံနိုင်သေးဘူးဖြစ်နေတယ်"

ပြီးနောက် ကျန်းဟောက်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကျန်းဟောက်ခန္ဓာကိုယ်လေးအား တင်းကြပ်စွာဖက်ထားလိုက်သည်။ ကျန်းဟောက်၏ ကိုယ်သင်းနံ့လေးအား ရှူရှိုက်ရင်း ထိုလူက သူ့အပိုင်ဖြစ်နေပြီကြောင်း အကြိမ်ကြိမ်စိတ်ထဲမှ ရေရွတ်နေမိသည်။ တဒုတ်ဒုတ် ခုန်နေသည့် ရင်ခုန်သံအား နားဆင်ရင်း အဖြစ်ပျက်တွေက အိပ်မက်မဟုတ်ကြောင်း အတည်ပြုနေခဲ့သည်။

သူ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို တိုးဝင်လာသည့် ဆောင်းဟန်ဘင်း၏ ဆံနွယ်များကို ပွတ်သပ်ပေးနေမိသည်။ ဖက်ထားသည်မှာလဲ သူအကြိုက်ဆုံးအရုပ်လေး အလုခံရမှာစိုးရိမ်နေသည့်အတိုင်းပင်။ ထို့နောက် သူဆောင်းဟန်ဘင်း၏ နောက်ကျောအား ခပ်ဖွဖွပုတ်ကာ ချော့မြူးနေလိုက်သည်။

"ကောင်ကောင်းအိပ်....မနက်ဖြန်ရောက်သွားလဲ ငါက မင်းကောင်လေးဘဲ"

ကျန်းဟောက်၏ စကားကိုကြားပြီးနောက် ဆောင်းဟန်ဘင်းက သူ့အား ပို၍ တင်းကြပ်စွာဖက်တွယ်လာခဲ့သည်။

"ငါ့ကို သဘောကျပါတယ်လို့ နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါဦး၊ မဟုတ်ရင် ငါ ဒီည အိပ်လို့ပျော်မှာမဟုတ်ဘူး"

ဆောင်းဟန်ဘင်း၏ ကျောကုန်းအား ပွတ်သက်ရင်း ကျန်းဟောက် ခပ်တိုးတိုးလေးပြောလိုက်သည်။

"ဟန်ဘင်း... ငါမင်းကို အရမ်းသဘောကျတယ်၊ မင်းက ငါ့ကောင်လေးဘဲ"

ဆောင်းဟန်ဘင်းက သူ့ရင်ခွင်ထဲမှထွက်လာပြီး သူ့နှုတ်ခမ်းတို့ ခပ်ဖွဖွလေး နမ်းလာပါသည်။ အနားတွင်လဲ လူတွေအများကြီးရှိနေကာ တချို့မှာ မအိပ်ကြသေးပေ။ ထို့ကြောင့် ကျန်းဟောက်မှာ မလှုပ်ရဲသလို တစ်ဖက်တွင်လဲ လွန်စွာမှ စိတ်လှုပ်ရှားနေခဲ့သည်။ သို့ဖြစ်၍ သူ့ရဲ့ တစ်ယောက်ခြုံစောင်လေးကိုသာ အားကိုးနေရတော့သည်။ စိတ်ကြိုက်နမ်းလို့ဝမှ လွှတ်ပေးလာပြီး သူ့ပါးမို့မို့လေးကို ပွတ်သပ်ရင်း ပြုံးကာ

"တော်သေးတာပေါ့ အိပ်မက်မဟုတ်နေလို့"

ဒီလိုသာဆို သူအိပ်ပျော်သွားမှာကို မစိုးရိမ်တော့ပေ။ ထို့နောက် ကျန်းဟောက်အား သူ့ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက်ပြီး အိပ်သွားတော့သည်။ ၁၅ မိနစ်တောင် မကြာလိုက်ပါ။ ဆောင်းဟန်ဘင်း၏ အသက်ရှူနှုန်းနဲ့ ရင်ခုန်သံတို့မှာ ပုံမှန်ဖြစ်သွားပြီ ဆောင်းဟန်ဘင်းမှာ အိပ်မောကျသွားတော့သည်။ စိတ်လှုပ်ရှားမှုတွေနဲ့ အိပ်မပျော်နိုင်သည့်ကျန်းဟောက်မှာတော့ ဆောင်းဟန်ဘင်း၏ ရင်ခုန်သံကို နားထောင်ကာ ရင်ခုန်သံစည်းချက်တွေကို ရေတွက်ကာ အိပ်ပျော်သွားရန်ကြိုးစားလိုက်သည်။

မနက်မိုးလင်းသည့်အခါ

ဆောင်းဟန်ဘင်းက အရင်နိုးလာပြီး သူ့ရင်ခွင်ထဲမှ အကောင်ပေါက်မှာတော့ သူ့ခါးအား ဖက်တွယ်ရင်း ရင်ခွင်ထဲ ပါးအပ်ကာ အိပ်မောကျနေဆဲဖြစ်သည်။ သူ့ရင်ခွင်ထဲမှ လူသားမှာ အလွန်ချစ်ဖို့ကောင်းစွာ အိပ်စက်နေတာကြောင့် ကျန်းဟောက်ရဲ့ ဆံနွယ်များကို ခပ်ဖွဖွ နမ်းလိုက်သည်။ ချစ်သူတွေဖြစ်တာမကြာသေးပေမယ့်လဲ သူ့မှာ ထိန်းမနိုင်စွာပင် တဖွဖွနမ်းချင်နေရသည်။ ကြည့်လေ အသည်းယားလေဖြစ်လာတာမို့ သတိလွတ်ပြီး ကျန်းဟောက်အား ခပ်တင်းတင်းဖက်လိုက်မိသည်။

သူ့လုပ်ရပ်ကြောင့် အိပ်ပျော်နေသည့် လူသားမှာ လူးလွန့်လာပြီး တစ်ဖက်သို့ လှည့်ရန် ပြင်နေတာကြောင့် ခန္ဓာကိုယ်ကို ဖက်ကာ ဆွဲထားလိုက်သည်။ ဒီလိုနဲ့ ကျန်းဟောက်မှာ စိတ်မကျေနပ်နဲ့စွာနဲ့ အိပ်ရာမှ နိုးလာရတော့သည်။

ခပ်ဖူးဖူး နှုတ်ခမ်းတစ်စုံက အလိုမကျစွာ စူထော်လာပြီး သူ့အားတွန်းဖယ်လာသည်။ အားမမျှတဲ့အဆုံး အလျှော့ပေးကာ ထိုအတိုင်းသာ ဆက်အိပ်နေပြန်သည်။ နှုတ်ခမ်းကို ပြန်သိမ်းရန် မေ့သွားပုံရသည်။ အလိုမကျကြောင်း ပြသနေဆဲပင်။

မနက်ခင်း ၆ နာရီသာရှိသေးပေမယ့် သူတို့တွေ S မြို့ကို ပြန်ရမှဖြစ်တာကြောင့် ဆက်အိပ်နေလို့ မရတော့ပေ။

တစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ ညက ဘယ်အချိန်မှ ဝင်လာကြမှန်း မသိသည့် ဂယူဘင်မှာ Ricky ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ Ricky ရဲ့မျက်နှာမှာလဲ အိပ်ရေးပျက်ထားသည့်နှယ် ချောင်ကြနေကာ မျက်ကွင်းတို့ ညိုနေသည်ကို ကြည့်ခြင်းအားဖြင့် ညက ခွေးပေါက်လေး ရစ်နေတာကြောင့် နောက်ကျမှ အိပ်ရတာဖြစ်နိုင်သည်။

သူ့မှာလဲ ချစ်ရတဲ့ တရုတ်ကောင်လေးရှိနေပြီမို့ ဂယူဘင်၏ ခံစားချက်ကို နားလည်ပေးနိုင်ပါသည်။ သူသာဆိုလဲ နောက်နေ့ ကျန်းဟောက်က တရုတ်ကို ပြန်မည်ဆိုပါက ညလုံးပေါက် မအိပ်ဘဲ ရှိသမျှ အချိန် တစ်စက္ကန့်လေးကိုတောင် အလကား အကုန်မခံဘဲ အနားနေကာ အဖော်ပြုပေးနေမှာဖြစ်သည်။

ကျန်းဟောက်က winter break မှသာ ပြန်မှာဖြစ်လို့ တော်သေးသည်။ မဟုတ်ပါက ပူပူနွေးနွေးရထားတဲ့ ချစ်သူက နောက်တစ်နေ့တွင် တရုတ်ပြန်သွားပါက သူ့အဖြစ်မှာ ဂယူဘင်ထက်ကို ပို၍ သနားစရာကောင်းနေလိမ့်မည်။

သူတွေးရင်းဖြင့် အနားက အိပ်ပျော်နေသည့် ကျန်းဟောက်၏ ပါးလေးကို ဆွဲညစ်လိုက်တော့သည်။ သူ့ရဲ့အိပ်စက်ခြင်းက နှောင့်ယှက်ခံလိုက်ရတာကြောင့် ကျန်းဟောက်မှာ ဗလုံးဗထွေးနဲ့ ဘာတွေပြောမှန်းမသိ။ ကျန်းဟောက်မှာ အစားလဲပုတ်သလို အအိပ်လဲပုတ်သည်။ ရုပ်လေးက ချစ်ဖို့ကောင်းနေလို့သာ တော်ပါသေးသည်။

ဆောင်းဟန်ဘင်း၏ နှောင့်ယှက်မှုများကြောင့် ဆက်အိပ်လို့မရတဲ့အဆုံး ကျန်းဟောက်မှာ မ ထချင် ထ ချင်ဖြင့် ထ လာရသည်။ ပြီးနောက် အိပ်ရာအတူသိမ်းကြကာ ကိုယ်လက်သန့်ရှင်းရေး လုပ်ကြပြီး S မြို့သို့ ပြန်ရန် အသင့်ပြင်ကြတော့သည်။

ကျောင်းသားတွေအား လူစုံ မစုံ စစ်ဆေးပြီးနောက် သူတို့တွေ ကားပေါ်တက်ကာ နေရာယူလိုက်ကြသည်။

အလာတုန်းကလို သူ့အနားတွင် မတ်သရူးကို ဆွဲမထားတော့ဘဲ သူ့အနားက ခုန်ကို ဆောင်းဟန်ဘင်းလာထိုင်လို့ရအောင် ကာကွယ်ထားခဲ့သည်။ သူတို့ရဲ့ နှစ်ရက်အိပ် ခရီးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပင် ကုန်ဆုံးခဲ့သည်။

"ပြန်ရောက်ရင် ဘာလုပ်စရာရှိလဲ"

"ထွေထွေထူးထူးမရှိပါဘူး"

ကျန်းဟောက်မှာ တရုတ်ကို မပြန်ဖြစ်တာကြောင့် ပြန်ရောက်တာနဲ့ သူ့မှာ ဘာမှ လုပ်စရာမရှိပေ။

"ဒါဆို ဒိတ်လုပ်ရအောင်"

"ဒိတ်လုပ်မယ်?"

ဆောင်းဟန်ဘင်းက ခေါင်းညိတ်ပြလာသည်။

"ဟုတ်တယ်၊ နွေရာသီအားလပ်ရက်မှာ နည်းနည်းအလုပ်များမယ်ထင်တယ်၊ အဲ့ဒါကြောင့် အားတဲ့အချိန်လေးမှာ ဒိတ်လုပ်ရအောင်...."

"ကောင်းပြီလေ"

"လုပ်ချင်တယ်လို့ တွေးထားတဲ့အရာမျိုး၊ သွားချင်တဲ့နေရာမျိုးရှိလား?"

ဒိတ်ဆိုတဲ့အရာနဲ့ သူလဲ တစ်နေ့ကြုံတွေ့ရလိမ့်မယ်လို့ သိထားပေမယ့် ဒီလောက် မြန်မြန်ကြီးလို့တော့ မထင်ထားခဲ့ပေ။ အခုလဲ ဒိတ်လုပ်ဖို့ တွေးရသည့်အခါ ဘာလုပ်ရမှန်း ကျန်းဟောက်မသိပေ။ သို့ပေမယ့် သူလုပ်ချင်သည့် အရာတစ်ခုတော့ရှိသည်။

"ဟိုတစ်ခါ မင်းတို့အဆောင်မှာ သူငယ်ချင်းတွေအားလုံးစုပြီး ဂိမ်းဆော့ကြ မုန့်စားကြလုပ်တာလေ၊ အဲ့လိုလုပ်ရအောင်၊ ငါဝန်မခံချင်ပေမယ့် အဲ့တုန်းက အရမ်း မနာလိုဖြစ်တာဘဲ"

ကျန်းဟောက်က လုံးဝကို သူလုပ်ချင်သည့်အရာအား အားရပါးရပြောလာသည့်အခါ ဆောင်းဟန်ဘင်းမှာ စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ဆွံ့အသွားရသည်။

===============

Tbc.......

March 6, 2025

Edit - ဒီအပိုင်းရဲ့ ခေါင်းစဉ်ကို "မိုထယ် ဆိုလို" လို့ပြောင်းထားတယ် 🤣

ဒီတလော တကယ်မအားလို့ပါ

ဒီသောကြာနေ့ online ကနေ စာမေးပွဲဖြေရမှာလဲရှိလို့လေ

တမင် ပစ်ထားတာ မဟုတ်ရပါဘူး🥺

စာမေးပွဲရှိတဲ့ကလေးတွေလဲ စာမေးပွဲကို အရင်အာရုံစိုက်ကြပါနော်

အကောင်းဆုံးဖြေနိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်😚

ဆောင်းဟန်ဘင်း ဒူးရင်းသီးနံ့ မခံနိုင်ဘူး၊ မကြိုက်ဘူးဆိုတဲ့ သတင်းက အမှားနော်

ဒူးရင်းသီးအနံ့ရလို့ဆိုပြီး လိုက်နမ်းကြည့်နေတာဘဲ ကြည့်တော့

သူ့မှာ အနံ့မခံနိုင်ဘူးပြောပြီး ဝိုင်းလုပ်ပေးနေတာ၊ ဆောင်းဟန်ဘင်း ဒူးရင်းသီးစားတဲ့ reaction ကို တွေ့ချင်နေပြီး🤣