Back
/ 33
Chapter 17

ဇာတ်သိမ်းပိုင်း

ကိုကို့ကို[completed]

ဂစ်တာကတစ်ဖက် ကိတ်မုန့်က တစ်ဖက်နဲ့ ခြေသံမကြားအောင် ခြေဖော့နင်းရတာ မလွယ်လှ။စားပွဲပေါ်ကို ကိတ်ကို အသာလေးတင်လိုက်သည်။စာကို အာရုံစိုက်နေသူက ဘေးဘီကို အာရုံမရ။Inventorနားရောက်တာနဲ့ ခလုတ်ကို ပိတ်ချလိုက်သည်။

''ဂျောက်"

မီးကပိတ်ပြီး မှောင်ကျသွားသည်။

''အဲ ဘာဖြစ်-- --ညီရေ"

အလန့်တကြားအော်ခေါ်သံကလေးကအစ မြတ်နိုးချင်စရာ။

''ချောက်"

မီးခြစ် ခြစ်ပြီး ဖယောင်းတိုင်ထွန်းလိုက်တော့ ခုံပေါ်ကနေ မျက်လုံးလေးဝိုင်းပြီးကြည့်လာပါသော

ညီစေရဲ့ ကိုကို။

''ညီ ဘာလုပ်မလို့လဲ"

''ရှူး တိုးတိုး  ကိုကိုအဲ့တိုင်းလေးထိုင်နေ"

ညီစေကကြမ်းပြင်ပေါ်မှာ ထိုင်နေရင်း ဂစ်တာကို ပိုက်လိုက်သည်။နှစ်လလောက်ကြိုးစားပမ်းစား လေ့ကျင့်ထားရတဲ့ပညာကို ထုတ်ပြရတော့မည်။

ထွက်ပေါ်လာသော ဂစ်တာသံနှင့် သူ့သီချင်းဆိုသံ။ရင်တုန်နေတာကြောင့် အသံကလည်း တုန်ကောင်းတုန်နေမည်ပင်။

🎵🎵အချိန်တွေကုန်လွန်ပြီးဆုံးကာ ပြောင်းလဲသွားပြီလား

ဒီနေရာဟာ ကိုယ့်အတွက် သူစိမ်းလူဖြစ်သွားပြီးလား

ရင်ခွင်မှာ ချစ်ဆုံးမင်းကိုတောင်းဆုခြွေ ပြန်ဆုံဖို့

အကြင်နာတွေနဲ့အိပ်မက်ကို အသက်သွင်းကာ

အချိန်မှန်အိမ်ပြန်လမ်းလေး မင်းမှန်းဆလွမ်းနေလား

မမြင်တာကြာပြီပဲမို့ မင်းမေ့ကာနေဦးမလား

ရင်ခုန်စွာ မျှော်ကြည့်မိတယ် သူရှိရာနေရာကို

ကိုယ်မြင်နေကျမင်းမျက်နှာ အရင်ကလို

မျက်လုံးချင်းမင်းနဲ့ တွေ့ဆုံခိုက်

အချစ်များနဲ့အားလုံးကိုသိမ်းပိုက်

ဒီဘ၀ကိုပုံအပ်လိုက်မယ်

ယုံထားလိုက်ကွယ်

ဒီတစ်ယောက်သာကြင်နာမှာ

ကိုယ့်ဘေးနားမင်းလေး လှမ်းလာလိုက်

လက်ကလေးအားဆွဲလို့ ကိုယ်ထွေးပိုက်

ဘယ်တော့မှ ထွက်မသွားဘူးကွယ်

ဒါနောက်ဆုံးရင်ခွင်ပါ🎵🎵

''ဘယ်တော့မှ ထွက်မသွားဘူးကိုကို

ကိုကိုက ကျွန်တော်ခိုလှုံမိတဲ့ ပထမဆုံးနဲ့နောက်ဆုံးရင်ခွင်ပါ"

ကိုကိုနားထောင်နေကျသီချင်းလေးကို ဂစ်တာတီးပြီး ဆိုပြပြီးတဲ့နောက် ကိုကို့ကို မော့ကြည့်ပြီး သူတိုးတိုးလေးပြောလိုက်မိသည်။ ဖယောင်းမီးမှိန်မှိန်ကြားမှာ ကိုကို့မျက်လုံးလေးတွေဟာ မျက်ရည်

ကြည်တို့ ရစ်သိုင်းနေသည်။

ဂစ်တာကိုချခဲ့လိုက်ပြီး  ဒူးထောက်လျက်သား

ကိုကို့ ခြေရင်းနားတိုးကပ်သွားလိုက်သည်။

''ပျော်ရွှင် စရာ သုံးဆယ့်သုံးနှစ်ပြည့်မွေးနေ့ပါကိုကို ၂၇နှစ်လုံးလုံး ကျွန်တော့ဘေးမှာ ရှိပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

ထိုင်ခုံပေါ်က နေရှင်းမြတ်ကိုလေးက ဘာမှပင် ပြန်မပြောနိုင်ရှာဘဲ သူ့ကိုသာ ငေးကြည့်နေသည်။

''ကိုကိုမွေးဖွားလာတာကိုက ကျွန်တော့အတွက် အဖိုးမဖြတ်နိုင်တဲ့ ကံကောင်းခြင်းပါ

ကျွန်တော်ကိုကို့ကိုချစ်တယ်"

လက်ဖဝါးလေးကို ဆွဲယူပြီး ညီစေမြတ်မြတ်နိုးနိုးနမ်းရှိုက်သည်။

''ကိုကိုလည်း ညီ့ကိုချစ်ပါတယ်ညီရယ် "

''ကိုကို့အတွက် မွေးနေ့လက်ဆောင်"

သူ့အိပ်ကပ်ထဲက ရွှေဘူးကလေးကို ထုတ်ဖွင့်ပြီး လက်စွပ်ကလေးကို ထုတ်ယူလိုက်သည်။ဘယ်ဘက်လက်သူကြွယ်မှာ ၀တ်ပေးလိုက်တော့ ကိုကို့လက်သွယ်သွယ်လေးနဲ့ ကွက်တိပင်။

''ညီ ဘယ်ချိန် ဘယ်လိုတွေစီစဉ်ထားတာလဲ ကိုကိုတစ်ခုမှ မရိပ်မိခဲ့ဘူး "

''အဟင်းး တိတ်တိတ်ကလေးစီစဉ်ရတာပေါ့ ဒီလက်စွပ်ရဲ့အတွင်းထဲမှာ N´Kလို့ပါတယ် ညီ့ရဲ့ကိုကိုပေါ့ ပထမဆင်တူဝတ်ဖို့ပဲ ကျွန်တော်က မနေတတ်လို့လေ ကိုကို့ဖို့ပဲ လုပ်လိုက်တာ

ကိုကိုနဲ့လိုက်တယ်"

''ဒီကိုလာပါဦး"

ကိုကိုခေါ်တော့ ချက်ချင်းပင်ထပြီး ကိုကို့ရင်ခွင်ထဲတိုးသည်။နွေးထွေးငြိမ်းချမ်းတဲ့ ဒီရင်ခွင်လေးက ညီစေတစ်ယောက်ထဲရဲ့အပိုင်။

''သြော် ကိတ်ခွဲရအုံးမယ်"

ကိတ်ကိုယူပြီး စားပွဲပေါ်တင်သည်။ဖယောင်းတိုင်မီးညှိလိုက်ပြီး ကိုကို့နားတိုးပေးလိုက်သည်။

''ကိုကိုဆုတောင်းပြီး မီးမှုတ်လိုက်တော့´´

ကိုကိုက လက်အုပ်ကလေးချီပြီး မျက်လုံးကလေးမှိတ်သည်။

''ညီ့တစ်သက်တာလုံး ကျန်းမာပျော်ရွှင်ပြီး ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာ ရှင်သန်နိုင်ပါစေ"

ဆုတောင်းပေးတော့လည်း သူ့အတွက်တဲ့။နဖူးကလေးကို လှမ်းနမ်းမိလိုက်သည်။

''ဆုတောင်းက ကျွန်တော့အတွက်ပဲလား"

''အင်း "

''ဒါဆိုကျွန်တော်လည်း ပြန်တောင်းမယ်"

မျက်လုံးတွေမှိတ်ပြီး ကိုကို့ဆုတောင်းအတိုင်း ပြန်ရွတ်လိုက်သည်။

''ကိုကို့တစ်သက်တာလုံး ကျန်းမာပျော်ရွှင်ပြီး ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာရှင်သန်နိုင်ပါစေ

ကျွန်တော့ကိုလည်း ဒီထက်ပိုချစ်နိုင်ပါစေ''

''အဟင်း ဖယောင်းတိုင်တွေ တူတူမှုတ်မယ်"

အပြာရောင် အနားသတ်တွေနဲ့ ကိတ်ဖြူဖြူလေးကို ကိုကိုကခွဲပြီး သူ့ကိုခွံ့သည်။သူကလည်းကိုကို့ကို ပြန်ခွံ့ကျွေးလိုက်သည်။

''ကိုကို"

''ဟင်"

''ကိုကိုက အမြဲ ပြောတယ် သံသရာကလည်ပတ်နေတာမို့ ဘ၀တွေဆက်ဖြစ်ကြအုံးမှာဆို ကျွန်တော် ကိုကိုနဲ့အတူကုသိုလ်တွေအမြဲပြုချင်တယ် သံသရာမဆုံးသရွေ့ ဖြစ်သမျှဘ၀တွေမှာ ကိုကိုနဲ့ပဲရေစက်ဆုံချင်တယ် "

''အင်း"

''အဆုံးနိဗ္ဗာန်၀င်ရင်တောင် ကိုကိုနဲ့ပဲ"

''ညီရယ်"

ကိုကိုက သူ့နဖူးကို တစ်ချက်နမ်းပြီး နဖူးချင်းထိတိုက်ထားသည်။

''ကိုကို အဖိုးကြီးလေးဖြစ်ပြီး ဆံပင်တွေဖြူလာတဲ့ထိ ကြည့်ကောင်းနေအုံးမလား ကျွန်တော်သိချင်တယ် ပါးရေနားရေတွေတွန့်ပြီး အိုမင်းသွားတဲ့ထိ ကျွန်တော် နဲ့ ကိုကို အတူတူရှိသွားမယ်နော် "

''သေချာပေါက်ပေါ့ညီရယ်

ဘ၀ရဲ့နေဝင်ချိန်ထိပေါ့"

''ခြံထဲမှာ ပန်းတွေဝေဆာလာအောင် ကိုကိုပျိုးခဲ့လို့ ကျွန်တော်တို့ခြံလေးက အမြဲစိုပြေနေတာသိလား"

နဖူးချင်းခွာပြီး မျက်နှာလေးကို သူ့လက်တွေနဲ့ထိရင်းမေးတော့ ခေါင်းငြိမ့်ပြသည်။

''ကျွန်တော်လည်းအဲ့လိုပဲ ကိုကိုပျိုးထားတဲ့အချစ်တွေကြောင့်  ကျွန်တော့ဘဝက

အမြဲစိုပြေနေခဲ့တာ"

''ညီ့ကိုချစ်တယ်"

''ကိုကို့ကို သိပ်ချစ်တယ်

ပြောပြလို့ မရအောင်ထိ"

မျက်ဝန်းချင်းဆုံကြည့်မိတဲ့အခိုက် ကမ္ဘာကြီးက ခဏရပ်တန့်သည်။အနမ်းတွေ အသက်ဝင်လာတော့မှ ပုံမှန်အတိုင်းပြန်လည်ပတ်သည်။

ဖယောင်းမီးမှိန်မှိန်မှာ

လင်းလက်နေတဲ့ ချစ်ခြင်းမေတ္တာတွေဟာ

တဖျတ်ဖျတ်နှင့်။

တောက်ပနေတဲ့ အကြင်နာတွေဟာ

တလက်လက်နှင့်။

ဘ၀မှာ မရေမတွက်နိုင်တဲ့လူတွေနဲ့ ဆုံခဲ့ရပေမယ့် ညီစေဟာ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့ပါ။

အသက်သုံးနှစ်ကနေ အသက်သုံးဆယ်ထိ နှစ်ဆယ့်ခုနှစ်လုံးလုံး လူသားတစ်ယောက်ကိုသာ အရိပ်တကြည့်ကြည့် ချစ်မြတ်နိုးခဲ့ရသည်။အသက်သုံးဆယ်ကနေ ဘ၀ရဲ့ နောက်ဆုံးအခိုက်အတန့်ထိလည်း တစ်ယောက်ထဲသောသူကိုသာ မြတ်နိုးသွားမည်ဖြစ်သည်။

ညီစေသည်

ကိုကို့ကို

ကိုကို့ကိုသာ

ကိုကိုတစ်ယောက်တည်းကိုသာလျှင်----။

29/4/24

Myathandarnaing

အဆုံးထိဖတ်ပေးလို့ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ရှင်☘️

Share This Chapter