Back
/ 33
Chapter 2

အပိုင်း(၁)

ကိုကို့ကို[completed]

မနက်ခင်းနေက ခပ်ဖျော့ဖျော့သာ လင်းသေးသည်။ပြင်းပြင်းထန်ထန်မပူသေး။

ဘုရားရှိခိုးသံသဲ့သဲ့လေးကို ခြံ၀န်းထဲကနေကြားနေရ၏။နေရှင်းမြတ်ကို ဆွမ်းတော်ကပ်ပြီဖြစ်သည်။

သစ်အိမ်ကလေးရှေ့မှာချွေးတရွှဲရွှဲ ထင်းပေါက်နေသည့် ညီစေကတော့ မမောနိုင်မပန်းနိုင် ။ဘုရားရှိခိုးသံကလေးကို နားစွင့်ပြီး ထင်းတုံးကြီးတွေကို မနားတမ်းပေါက်ခွဲနေသည်။နှုတ်ကလည်း မင်္ဂလာရှိလိုက်တာကွာ လို့ တိုးတိုးရွတ်လိုက်သေးသည်။

''ကိုကိုရှင်းမြတ်''

''ကိုကိုရှင်းမြတ်ရေ''

ခြံပြင်ကခေါ်သံကြားတော့ ထင်းပေါက်နေရင်းညီစေစိတ်ထဲကလိလိဖြစ်လာသည်။

''ဘယ်ကောင်လဲကွ''

အသံကျယ်ကြီးနဲ့လှမ်းဟောက်တော့ ခေါ်သံထပ်ထွက်မလာတော့ပေ။ ကိုကိုဘယ်လောက်ပြောထား​ဆူထားထား ကိုကို့ကို ကိုကိုခေါ်ရင် သူ့နားကဘယ်လိုမှမခံနိုင်။ကိုကို့ကို သူကလွဲလို့တခြားသူ ကိုကိုခေါ်ရင် သူနားကလောသည်။ကလေး မကလို့ ဘာပဲဖြစ်ဖြစ် ကိုကို့ကို ကိုကိုခေါ်တိုင်း သူနဲ့စကားများရမြဲပင်။

သူလှမ်းကြည့်တော့ မကြည်ညိုက သားနှစ်ယောက်လက်ကိုဆွဲပြီး ခြံထဲ၀င်လာနေသည်။

''ငါ့သား အငယ်လေးပါဟယ် နင်ထင်းပေါက်နေမှန်းသိလို့ ငါကစချင်လို့ လှမ်းခေါ်ခိုင်းတာပါ

ကိုစေရယ်''

''ကိုကြီးခေါ်စမ်းကွာ ဟေ့ကောင် သြော်

စာသင်လာမှာဆို ဆရာလေးလို့ခေါ် ၊ကိုကိုက ဆရာလေးလို့မခေါ်ရင် စာသင်မပေးဘူးတဲ့ ကြားလား''

အကောင်ပေါက်ကလေးကိုလှမ်းပြောတော့ ပါးစပ်ထဲ လက်ညှိုးထည့်နေရင်းကနေ ခေါင်းငြိမ့်ပြသည်။အမေနားကုပ်နေတာလေး ကြည့်ရတာ

ညီစေကိုလန့်သွားပုံပါပဲ။

''သြော် မကြည်ညို အလည်လာတာလား''

တီရှပ်အဖြူနဲ့ ပုဆိုးခပ်နွမ်းနွမ်း ၀တ်ထားသည့်တိုင် သန့်ပြန့်နေသော အမျိုးသားက အိမ်ထဲကထွက်လာပြီးနှုတ်ဆက်တော့သည်။

''ညီညီ ကလေးကို စနေတာလား''

သူ့ဘက်လှည့်ပြီးမေးတော့ မသိယောင်ဆောင်ပြီးထင်းဆက်ပေါက်နေလိုက်သည်။ကိုကိုခေါ်လို့ ဟောက်တာပြောရင်လည်း ဆူခံထိအုံးမည်လေ။

''သားလတ်က ကန်တော့ချင်တယ်ဆိုလို့လိုက်ပို့တာရှင်းမြတ်ရေ နင့်တပည့်က အဆင့်၃ ရတယ်လေ''

''သြော် ရပါတယ်ဗျာ ဖိုးခွားတော်လို့ အဆင့်၀င်တာပဲ ကျွန်တော်လည်း မနေ့က အောင်စာရင်းပြေးကြည့်လိုက်သေးတယ်  ဖိုးခွားဖို့တောင် သော့ချိတ်ကလေး၀ယ်လာသေးတယ် ဆုရတော့ အမှတ်တရလေးဖြစ်အောင် ဘာပေးရမှန်းမသိလို့ လာ အိမ်ထဲ၀င် လာ ဖိုးသားလေးရောလာ''

ဖိုးသားလက်ကိုဆွဲပြီး ကိုကိုက အိမ်ထဲ၀င်တော့ မကြည်ညိုနဲ့ ဖိုးခွားကနောက်ကလိုက်သည်။ ဖိုးခွားလက်ထဲမှာတော့ မုန့်ထုပ်ကလေးပိုက်လို့ သူ့ဆရာလေးဖို့ထင်ရဲ့။

ကိုကိုက ဒီကျေးရွာအုပ်စုတစ်ဝိုက်မှာ နာမည်ရနေ

သည့် ကျူရှင်ဆရာလေး ၊အထူးသဖြင့်အစိုးရစစ် အတန်းတွေဖြစ်သည့် ၄တန်း ၈တန်း ၁၀တန်းတွေဆို ကိုကို့ဆီမှာနွေကျူရှင်ရော ၊ ကျောင်းတက်ရက်ညကျူရှင်ရော တက်ကြသည်။အဖိုးအခနည်းနည်းနှင့် စာနားလည်အောင် စိတ်ရှည်လက်ရှည်သင်တတ်သဖြင့် တခြားအတန်းက ကလေးတချို့လည်း ကိုကို့ကျူရှင်မှာလာတက်ကြသည်။မနေ့ကအောင်စာရင်းထွက်ပြီဆိုတော့ နောက်တစ်ရက်လောက်နေရင် ကိုကို့နွေကျူရှင်က စဖွင့်တော့မည်။သင်္ကြန်မတိုင်မီကတည်းက လာအပ်ထားတာလည်းမနည်း။ စာသင်တာဝါသနာ ပါတဲ့ကိုကိုဟာ သူ့ရဲ့

ကဖျက်ကယက်လုပ်မှုကြောင့် ကျောင်းဆရာ မလုပ်ဖြစ်ခဲ့တာ ကို သူတွေးမိတိုင်းစိတ်မကောင်းဖြစ်ရသည်။ သို့ပေမယ့် ကိုကို့ကို သူ့မျက်စိအောက်မှာပဲ ထားခွင့်ရတာကိုလည်း တစ်ဖက်ကစိတ်ချမ်းသာရသည်။ဆရာဖြစ်လို့နယ်ဝေးတွေကျရင် ဘယ့်နှယ်လုပ်မလဲ။သူက ကိုကိုနဲ့ တစ်ရက်တောင်ခွဲမနေနိုင်တဲ့ကောင်။မခွဲနိုင်လို့ကို ကိုကိုဆယ်တန်းအောင်တဲ့နှစ်မှာပဲ ကျောင်းကနေထွက်ပြီး ကိုကိုတက္ကသိုလ်တက်တဲ့မြို့ပေါ်ထိဇွတ်တရွတ်လိုက်ပြီး မရရတဲ့အလုပ်ကို လုပ်ခဲ့တဲ့ကောင်။တက္ကသိုလ်ကျောင်းသားတွေနေတဲ့အဆောင်မှာ ကိုကိုနဲ့လိုက်နေပြီး အလုပ်လုပ်ရင်း ပိုက်ဆံရှာခဲ့တဲ့ကောင်။သူ့ဘ၀မှာခင်မင်တွယ်တာစရာ သည်တစ်ယောက်ပဲရှိလို့လားမသိ ကိုကို့အနားမနေရရင် ဘယ်လိုမှမနေတတ်ခဲ့။သိတတ်စအရွယ်ကတည်းက သူအမြဲချစ်ခင်တွယ်တာခဲ့ရတာ

နေရှင်းမြတ်ကိုဆိုတဲ့ ကိုကိုတစ်ယောက်တည်းသာ။

12/4/24

Mya Thandar Naing

(၁၀တန်းပညာရေးစနစ်တုန်းကအတိုင်းရေးထားတာပါ တစ်စုံတစ်ရာအမှားပါခဲ့ရင် ခွင့်လွှတ်နားလည်ပေးကြပါနော်)

Share This Chapter