Back
/ 33
Chapter 3

အပိုင်း(၂)

ကိုကို့ကို[completed]

''ညီညီရေ ၆နာရီထိုးပြီ''

ကုတင်မှာ၀င်ထိုင်ကာ စောင်တွေခေါက်ရင်းသူ့ကို နှိုးလာသူကြောင့် ညီစေ အပျင်းကြောဆန့်ရင်း မျက်လုံးကို ဖြည်းဖြည်းဖွင့်လိုက်သည်။ရေချိုးဆပ်ပြာနံ့သင်းသင်းက နှာဝဆီလာ ကျီစယ်တော့ သူ့စိတ်ဟာကြည်လင်လန်းဆန်းလာသည်။၂၉နှစ်အရွယ်အမျိုးသားရဲ့ မျက်နှာဟာ ဒီလောက်ထိ နုနယ်လတ်ဆတ်ဖို့လိုလို့လား ။ချိုမြနေသောအပြုံးနဲ့ သူ့ကိုပြုံးပြလာပြီး

''အိပ်ရေး၀ရဲ့လား'' တဲ့။

''အင်း ကိုကိုရေချိုးထားတာလား''

''ဟုတ်တယ် ချွေးတွေပျံပြီးပူလာလို့ချိုးလိုက်တာ''

''မွှေးတယ်''

ကိုကို့ ပုခုံးစွန်းဆီ ဖျတ်ကနဲနမ်းပြီး အိပ်ရာကထတော့ ကိုကိုဘာမှမပြောတော့ ။ကလေးတုန်းကလိုတအားကြီး အနားကပ်မခံတော့ပေမယ့် သူအဲ့ဒီလိုနမ်းတာလောက်တော့ ကိုကိုက သိပ်အကြောက်အကန်မငြင်း။အထူးသဖြင့် ဒီလို မွှေးနေတဲ့အချိန်လေးတွေဆို အသည်းယားတာကြောင့် ပုခုံးစွန်းဖြစ်ဖြစ်၊လက်ဖြစ်ဖြစ်၊ဆံစတွေဖြစ်ဖြစ် တစ်နေရာရာတော့မွှေးလိုက်ရမှ သူကကျေနပ်တတ်သည်။ဒါကို ကိုကိုကလည်း ခွင့်ပြုထားတာကြောင့် အကျင့်လိုဖြစ်နေသည်။ငယ်ငယ်ကလို

''ကိုကို ညီ့ကို အာဘွားပေး''

ဆိုတာမျိုးတော့ တောင်းမရတော့။အသက်တွေလည်းမငယ်တော့ဘူးလေ။ အသက်တွေဘယ်လောက်ကြီးကြီး ငယ်ငယ်တုန်းကလို ကိုကို့ကို စိတ်ပူတာ၊ဂရုတစိုက်ရှိချင်တာ နဲ့ ချစ်တာကတော့ နည်းနည်းမှ ပြောင်းလဲမသွားမယ့်အရာတွေပင်။

''မနက်စာဘာနဲ့စားရမှာလဲ''

သူမျက်နှာသစ်ပြီးတော့ ကိုကိုက မနက်စာပြင်ပြီးနေပြီ။ဆွမ်းတော်လည်း ကပ်ပြီး၊ဘုရားပန်းလည်းရေလဲပြီးမှာတော့ အသေအချာ။ဘာလို့ဆိုကိုကိုက မနက်တိုင်း ၄နာရီခွဲဆို အိပ်ရာက အမြဲထပြီး အိမ်မှုကိစ္စ လုပ်တတ်သော အလိမ္မာလေးဖြစ်တာကြောင့်ပင်။

''ဒီမှာ ပဲပြုတ်ထမင်းကြော်နဲ့ ချဥ်ပေါင်ကြော် အင်္ကျီ၀တ်ပြီးမှ လာစား''

''မ၀တ်ဘူး ပူလို့ စားပြီးမှ၀တ်မယ်''

ပြောပြောဆိုဆို ကိုယ်လုံးတီးအတိုင်း လက်ဆေးပြီး ထမင်းစားပွဲ၀င်ထိုင်တော့

''အကျင့်ပါနေပြီနော် အိမ်နေရင်အ၀တ်မကပ်တာက''

''ကိုကိုကလည်း ပူလို့ပါ ''

ကိုကိုပူညံလေးကသူ့ပန်းကန်ထဲ ပုစွန်ကောင်တွေဆယ်ထည့်ပေးလာသည်။မြန်မြန်စားပြီးတာနဲ့ အင်္ကျီအစုတ်၀တ်ကာ သူအလုပ်ဆင်းသွားရတော့သည်။ဒီနေ့ကိုကိုလည်း ကျူရှင်စဖွင့်ပြီ။မြောင်းပေါက်ဖို့အလုပ်ခေါ်ထားတာမို့ တစ်နေကုန်အလုပ်ဆင်းရမည်။

''ကိုကို ကျွန်တော်သွားတော့မယ်''

''အင်း သနပ်ခါးသွေးထားတာရှိတယ် မျက်နှာပွတ်သွားအုံး''

''ဟုတ်''

''Roll onလည်းသုတ်အုံး''

''ဟုတ်ကဲ့ပါ''

အိုးခွက်တွေဆေးကြောရင်းလှမ်းမှာနေတာလေးက ချစ်စရာလေး။သူက အမြဲအလုပ်ကြမ်းလုပ်ရတာကြောင့် ချွေးအထွက်များသည်။အလိုက်သိတဲ့ကိုကိုက ချွေးနံ့တွေ နံမှာစိုးလို့တဲ့ Yardley roll on အဝါဘူးလေး၀ယ်ပေးထားသည်။ကိုကိုတော့သူနဲ့ဆန့်ကျင်စွာ ကိုယ်နံ့ကလေးအမြဲမွှေးနေတတ်တာ အံ့သြစရာ။စိတ်ကလေးဖြူစင်သန့်ရှင်းလို့လား၊ဘ၀ပေးကုသိုလ်ကြောင့်လားမသိ နေရှင်းမြတ်ကိုဆိုတဲ့အမျိုးသားက မျက်နှာကလေးကကြည်သန့်နေပြီး

ဆံစတွေကအစ နူးနူးညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်းကလေး။

ခြံထဲကြည့်တော့ ကုက္ကိုပင်ရိပ်အောက်မှာ အခင်း ခင်းပြီး စာရေးခုံလေးတွေ အစီအရီချထားတာတွေ့ရသည်။နွေတစ်လလောက်နားပြီးပြီမို့ ကိုကို့ခမျာတစ်နှစ်လုံး မနားတမ်း စာပြန်သင်ရတော့မှာ။

ကိုကိုနွေကျူရှင်သင်ချိန်ဆို သူအိမ်မှာမနေချင်။သူများ အိမ်တွေကအလုပ် ခေါ်တာပဲလျှောက်လုပ်ဖြစ်သည်။အိမ်မှာဆို ခြံထဲမှာ လိုအပ်တာတွေလုပ်ကိုင်နေရင်း ကိုကို စာသင်နေတာမြင်နေရင် သူနေရတာ သိပ်အဆင်ပြေ။ကိုကိုအာရုံစိုက်နေတဲ့ပုံစံမြင်နေရရင် သူ့အကြည့်တွေကို ကိုကို့ဆီကနေခွာမရတာနဲ့ အလုပ်ကမပြီး။ ပြီးတော့ အတန်းငယ်က ကလေးပေါက်စတွေကို ရင်ခွင်ထဲထည့်ပြီးစာသင်ရင် သူ့စိတ်ထဲ ခိုးလိုးခုလုနဲ့ ဘယ်လိုနေရမှန်းမသိဖြစ်တတ်သည်။ဘာ့ကြောင့်မှန်းမသိပေမယ့် နွေကျူရှင်ချိန်တိုင်း အိမ်မှာသိပ်မနေဘဲ တခြားအလုပ်တွေသာ လိုက်လုပ်ဖြစ်ခဲ့သည်။

13/4/24

Myathandarnaing

Share This Chapter