Chapter 11: Part .11

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 19870

‌"မောင် ! "

ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် ကိုယ့်နားကိုယ်ပင်မယုံနိုင် ။

အံ့ဩမှုများစွာနဲ့ မော့ကြည့်လိုက်တော့ မဟာ ကျနော့်ကို စိုက်ကြည့်နေခဲ့သည် ။

မဟာ သိသွားခဲ့ပြီလား ....မဖြစ်နိုင်တာ

" ဟုတ်နေတာဘဲ ... ဘာလို့လဲ! ..

ဘာလို့လိမ်ခဲ့ရတာလဲ "

ရုတ်တရက်ထိုင်ချလာခဲ့တဲ့မရဲ့ လက်ချောင်းလေးတွေဟာ ကျနော့်ရဲ့ပါးပြင်ထက်သို့ နူးညံ့စွာ ထိတွေ့လာခဲ့သည် ။

" ဘာလို့ လိမ်ခဲ့တာလဲ ... ပင်ပန်းမယ်ဆိုတာ သိသိရက်နဲ့ ဘာလို့ လိမ်ခဲ့ရဝာာလဲ "

ပါးပြင်ပေါ်က မျက်ရည်တွေကို အသာသုတ်ပေးပြီး ဆိုလာတဲ့ မရဲ့စကားကြောင့် ခေါင်းထဲအတွေးတွေဟာ စုံနေခဲ့သည် ။

" ကျ... ကျနော်က ဘာကို လိမ်ရမှာလဲ ... ကျနော်ဘာမှ မလိမ်ထားဘူး "

မရဲ့ လက်ကိုအသာပုတ်ချပြီး အကြောက်အကန်ငြင်းဆိုမိသည် ။

အဖြစ်မှန်တွေကို မ သိသွားလို့ မဖြစ်ဘူးဆိုတဲ့အသိဟာ ခေါင်းထဲထပ်လဲလဲပေါ်နေခဲ့သည် ။

မသာ အဖြစ်မှန်တွေသိသွားခဲ့ရင် ကျနော့်ကို သနားစရာကောင်းတဲ့လူတစ်ယောက်လို့ မြင်သွားလိမ့်မည် ။

" ဘာလို့ အခုချိန်ထိ အမှန်တရားတွေကို ဖုံးကွယ်ထားချင်နေရတာလဲ "

" မဟုတ်ဘူး... ကျနော် ဘာမှဖုံးကွယ်မထားဘူး .. ဖြစ်ပျက်ခဲ့သမျှတွေဟာ အမှန်တရားတွေဘဲ ..

ကျနော်က မရဲ့ချစ်သူကို သတ်ခဲ့တဲ့လူ ... အဲ့တာကြောင့် မက ကျနော့်ကို မုန်းနေခဲ့တာ ဒါတွေက အမှန်တရားတွေဘဲ  "

" လိမ်နေတာ...

ကိုယ်မလုပ်ခဲ့တဲ့ အပြစ်အတွက် ဘာလို့ အပြစ်ခံယူနေရတာလဲ ... မပင်ပန်းဘူးလား "

မရဲ့စကားအဆုံးမှာ မျက်ရည်တွေဟာ ပိုမိုစီးကျလာခဲ့သည် ။

ပင်ပန်းတာပေါ့ ... အရမ်းကို ပင်ပန်းခဲ့ရတာ ။

" မဟုတ်ဘူး ... မရဲ့ ... ကျနော်က ကျနော်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် အပြစ်ဒဏ်ခံယူနေတာ ..

မ ဘာတွေသိထားလဲမသိပေမဲ့ အဲ့တာတွေက အမှန်တွေမဟုတ်ဘူး "

" မ သိထားတာ အမှန်တွေမဟုတ်ရင် .. ဒါကရော "

အဖြူရောင်ဆိုပေမဲ့ နှစ်တွေကြာလို့ ဝါကျင့်ကျင့်ဖြစ်နေတဲ့ လက်ကိုင်ပုဝါလေးဟာ မျက်စိရှေ့သို့ရောက်လာခဲ့သည် ။

မနက်ကတည်းက ပျောက်လို့လိုက်ရှာနေခဲ့ရတဲ့ လက်ကိုင်ပုဝါလေးဟာ ဘယ်လိုလုပ် မရဲ့လက်ထဲမှာရှိနေရတာလဲ ။

" ဒါ ....ဒါက ဘယ်လိုလုပ် မရဲ့လက်ထဲရောက်နေရတာလဲ "

" အမှတ်တမဲ့ တွေ့မိလို့သိမ်းထားလိုက်တာ.. ဘယ်လိုလဲ ငြင်းအုံးမှာလား "

မ ကိုင်ထားတဲ့ လက်ကိုင်ပုဝါလေးရဲ့ အဖျားနားမှာ အပ်ချည်အနီလေးနဲ့ ထိုးထားတဲ့ စာလုံးလေး သုံးလုံးကို ငေးကြည့်နေမိသည် ။

" S K N "

စကား မပီတပီလေးနဲ့ပြောနေတဲ့ ဆူးရှေ့က ကလေးလေးဟာ သိပ်ကိုချစ်ဖို့ကောင်းလွန်းသည် ။

မမနဲ့ နေ့တိုင်းကစားချင်တယ်ဆိုတာကြောင့် နေ့တိုင်းအတူကစားပေးရပြီး တစ်နေ့ထက်တစ်နေ့ ပိုပြီးချစ်စရာကောင်းလာတဲ့ ကလေးလေးကြောင့် သံယောဇဉ်ပိုမိသည် ။

ကလေးလေးဟာ တကယ့်အကြည့်ခံလေး ။

အအေးပတ်လွယ်တဲ့ ကလေးလေးဟာ နှာစေးချောင်းဆိုး ခဏခဏဖြစ်တတ်လို့ လက်ကိုင်ပုဝါလေးကို လက်ဆောင်ပေးတော့ ပုဝါ အစွန်းနားလေးမှာ ရေးထားတဲ့ စာလုံးလေးတွေကို ဖတ်ကြည့်နေခဲ့သည် ။

" အဲ့တာဘာအဓိပ္ပာယ်လဲ သိလား ကလေး .."

မျက်လုံးပြူးလေးနဲ့ ကြည့်ပြီး ခေါင်းခါပြနေတဲ့ ကလေးလေးကို အူယားလွန်း၍ ပါးလေးကို အသာဆွဲညစ်လိုက်ပြီး ...

" အဲ့တာ မမနာမည် အတိုကောက်...ဒီမှာကြည့် ..

ဆူး.....ခက်.....နွယ်တဲ့  "

စာလုံးလေးတွေကို လက်ညှိုးလေးနဲ့ တစ်လုံးချင်းစီထောက်ပြပြီး ရွတ်ပြလိုက်တော့ စိတ်ဝင်တစားနဲ့ လိုက်နားထောင်နေခဲ့သည် ။

" ရှူး.. ခက်..နွယ် "

မပီကလာလေးနဲ့ လိုက်ဖတ်နေတဲ့ ကလေးလေးကြောင့် ဆူးရယ်မောလိုက်မိသည် ။

" ရှူး.. မဟုတ်ဘူး ကလေးရဲ့ ဆူး..ဆူး ..ဆူး ခက်နွယ် "

"ရှူး...."

" ဟားဟား....ဒီကလေးလေးကတော့ "

ပျော်ရွှင်စွာ ရယ်မောနေ‌တဲ့ ကလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးကို မျက်လုံးထဲတွင် ပြန်မြင်ယောင်လာမိသည် ။

အဲ့အချိန်တုန်းက  ပျော်ရွှင်မှုတွေဟာ အစစ်အမှန်တွေ ထင်ပါရဲ့ ... အပြုံးတွေဟာ အမှန်တကယ်  အသက်ဝင်ခဲ့သည် ။

" အမှန်တရားဆိုတာ ကြာကြာဖုံးလို့မရဘူး  ကလေးရဲ့ "

" ဘယ်...ဘယ်ကတည်းက သိနေခဲ့တာလဲ "

" ကွာရှင်းဖို့တောင်းဆိုတဲ့ နေ့ကတည်းက "

" ကြာနေပြီဘဲ ...

ဘာလို့အခုမှလဲ "

" ပိုပြီးသေချာအောင်လို့ "

မျက်ရည်တွေဟာ ပိုမိုစီးကျလာခဲ့ပြီး...

မရဲ့ အမြင်မှာ ကျနော်ဟာ သိပ်သနားစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပြီလား ။

" မငိုနဲ့ တိတ်တော့ ..

ပိုပြီးပင်ပန်းလိမ့်မယ် ..

အများကြီး ပင်ပန်းခဲ့ရပြီးပြီကို ...

ထပ်ပြီးအပင်ပန်း မခံတော့နဲ့ "

မျက်ရည်များကို ဖယ်သုတ်ပေးပြီး နူညံ့လွန်းတဲ့ မရဲ့လက်ဖဝါးလေးဟာ ကျနော့်ပါးပြင်ပေါ်ကို အုပ်မိုးလာခဲ့သည် ။

နှာခေါင်းထိပ်လေးတွေနီရဲနေခဲ့ပြီး ကလေးတစ်ယောက်လို တရှုံ့ရှုံ့နဲ့ရှိူက်ငိုနေတဲ့ အရှေ့က ကလေးမကျ လူကြီးမကျလေးကို အသဲယားမိသည် ။

ငယ်ငယ်ကလို ပါးဖောင်းဖောင်းလေးတွေ မရှိတော့ပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ ချစ်စရာကောင်းဆဲ ။

အမုန်းတွေကြီးစိုးနေခဲ့တဲ့ချိန်က သတိမထားခဲ့မိပေမဲ့

ကလေးဟာ ကလေးတစ်ယောက်လို ဖြူစင်နေတုန်း ။

အများကြီးလဲ ပင်ပန်းခဲ့ရတယ် ။

အများကြီးလဲ အမုန်းခံခဲ့ရတာဘဲ ....

အများကြီး ပင်ပန်းခဲ့ရတဲ့ က‌လေးကိုမှ အမုန်းတွေနဲ့ နာကျင်စရာတွေသာ ပေးခဲ့မိတာ ။

ပေးခဲ့တဲ့ အမုန်းတွေ နာကျင်စရာတွေအတွက် ပြန်ပြီးပေးဆပ်ပါရစေ ကလေးရယ် .......

******************

မနက်ခင်းမှာ တိုက်ခတ်လာသော လေပြင်းညင်းနဲ့အတူ ခပ်နွေးနွေးနေရောင်ခြည်လေးဟာ ပိတ်ထားခြင်းမရှိတဲ့ ပြတင်းပေါက်ကို ကာရံထားသော လိုက်ကာစ အဖြူလေးကို ဖြတ်ကာ ဝင်ရောက်လာခဲ့သည် ။

ဝင်ရောက်လာတဲ့ အလင်းရောင်ကြောင့် မျက်လုံးမှိတ်ထားသော်လည်း အလင်းရောင်စူးစူးကို ခံစားမိနေတာကြောင့် တစ်ဖက်သို့လှည့်အိပ်လိုက်သည် ။

ရုတ်တရက် တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်သွားသလို ခံစားလိုက်ရပြီ...

ခပ်နွေးနွေးရနေသော အငွေ့အသက်ကြောင့် သေ‌ချာပေါက် ဘေးမှာ တစ်ယောက်ယောက်ရှိနေသည်ကို သိလိုက်ရသည် ။

ပိတ်ထားသော မျက်လုံးကို တ‌ဖြေးဖြေး အားယူဖွင့်လိုက်သော ပထမဆုံးမြင်လိုက်ရသည်က ကျော့ရှင်းလှပသော လည်တိုင်ဖြူဖြူလေး....

တဆက်တည်း  jawline ထင်းထင်းလေးကိုပါ မြင်လိုက်ရသည် ။

အဝေးကနေတောင် ငေးကြည့်ခွင့်မရခဲ့တဲ့ မျက်နှာလေးကို အခုလို အနီးကပ်မြင်ရချိန်မှာတော့ ရင်ခုန်မှုတွေဟာ မြန်ဆန်သည်ထက် မြန်ဆန်လာခဲ့သည် ။

ထိတွေ့ဖို့ စိတ်တောင်မကူးခဲ့ဖူးတဲ့ မရဲ့မျက်နှာလေးကို လက်လေးနဲ့ အသာထိမိလိုက်ချိန် ရင်ဘတ်ထဲတွင် ဆစ်ကနဲနာကျင်မှုကိုခံစားလိုက်ရသည် ။

ဘာလို့နာကျင်မှန်းမသိပေမဲ့ သေချာတာကတော့ ကျနော်ပျော်လို့ဖြစ်တဲ့ နာကျင်မှုသာဖြစ်နိုင်သည် ။

မကျဉ်းအကျယ် နဖူးပြင်ပေါ် ကျရောက်နေတဲ့ ဆံနွယ်အချို့ကို သပ်တင်းပေးလိုက်ပြီး...

မရဲ့ မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်ကြည့်နေမိသည် ။

ပိတ်ထားတဲ့ မျက်ခွံလေးကြောင့် ရှည်ကော့နေတဲ့ မျက်တောင်လေးတွေဟာ အထင်းသား ။

ဖြောင့်ဆင်းသွားသော နှာတံနဲ့အတူ အနားမှာလုံးသွားသော နှာခေါင်းလုံးလုံးလေးနဲ့ မဟာသိပ်ချစ်ဖို့ကောင်းလှသည် ။

ပင်ကိုယ် ပန်းဆီရောင်သန်းနေသော နှုတ်ခမ်းပါးပါးလေး အရောက်မှာ ညကအဖြစ်အပျက်ကို သတိရမိတော့သည် ။

ဖိကပ်နမ်းရှိုက်လာတဲ့ မရဲ့နှုတ်ခမ်းပါး အထိအ‌တွေ့ဟာ အခုထိလတ်ဆတ်နေသယောင် နွေးထွေးမှုကိုခံစားမိနေတုန်း ။

မျက်နှာပူစွာ မရဲ့မျက်နှာပေါ်က လက်ကိုဖယ်မည်အလုပ် ရုတ်တရက် ဖမ်းဆွဲလာသော မကြောင့် သူခိုးလူမိသလို လန့်ဖြန့်သွားရသည် ။

" ပိုင်ရှင်ဆီက ခွင့်မတောင်းဘဲ ဒီလိုကိုင်ချင်သလို ကိုင်လို့ရသလား "

" မဟုတ် ....ဟို...ဟို "

မျက်နှာတည်တည်နဲ့ မေးလိုက်တော့ တဟိုဟိုနဲ့ ဖြေရခက်နေတဲ့ ကလေးဟာ ချစ်ဖို့ကောင်းလှသည် ။

ရင်ခွင်ထဲက ကလေးလေးရဲ့ ပါးပြင်လေးတွေဟာ နီရဲနေခဲ့သည် ။

" မျက်နှာက ဘာလို့ ဒီလောက်နီရဲနေတာလဲ ...

နေမကောင်းလို့လား .."

" ကောင်း.. ကောင်းပါတယ် "

စချင်စိတ်ဖြင့် ကလေးရဲ့ မျက်နှာနားကို တိုးကပ်သွားလိုက်တော့ ခုနကထက်ပိုမို နီရဲလာခဲ့သည် ။

ဟန်ဆောင်ခြင်းကင်းမဲ့တဲ့ ကလေးရဲ့ ခံစားချက်တွေကို နင်းခြေခဲ့မိတာ သိပ်ကိုနောင်တရမိသည် ။

" ဒါဆို ဘာလို့ဒီလောက်နီရဲ နေရတာလဲ "

အရမ်းနီးကပ်လာသော အခြေ‌အနေဟာ မရဲ့ ဝင်လေထွက်လေကိုပါ ခံစားမိသည်အထိ ။

ရင်ဘတ်ထဲက ဆိုးရွားစွာခုန်လာတဲ့ နှလုံးခုန်သံတွေဟာ ကျယ်လောင်လွန်းနေသည် ။

စူးစိုက်ကြည့်လာသော မရဲ့အကြည့်ကြောင့် လူကဆောက်တည်ရာမရ ဖြစ်နေမိတော့သည် ။

" ဒီလောက်လဲမကြောက်ပါနဲ့ မက စတာပါ ...

ကဲထတော့ ..."

တဆက်တည်း နဖူးပေါ်သို့ကျရောက်လာသော အနမ်းတစ်ခုကြောင့် အသက်ရှူရပ်သလိုပင် ခံစားလိုက်ရသည် ။

စိတ်လှုပ်ရှားရပေမဲ့ ဒီအခြေအနေကို သဘောကျမိတာတော့ အမှန်ပင် ။

မနဲ့အတူနိုးထ လာရတဲ့ မနက်ခင်းလေးဟာ လှပသလို အဓိပ္ပာယ်လဲရှိရသည် ။

ကိုယ်ချစ်ရတဲ့လူနဲ့အတူ နိုးထခွင့်ရတဲ့ မနက်ခင်းဟာ ဘယ်လောက် ကြည်နူးဖို့ကောင်းလိုက်သလဲ ။

တကယ်လို့ ဖြစ်နိုင်ခဲ့ရင် ....

မနက်ခင်းနေရောင်ကို မရင်ခွင်ထဲကစီးကြိုချင်တယ်..

ညဘက် ကြယ်ရောင်စုံတဲ့ ကောင်ကင်ကြီးနဲ့အတူ လမင်းကြီးကို မရင်ခွင်ထဲက ကြည့်ပြီး အိပ်စက်ချင်တယ် ...

အခုလို ခြွေချလာတဲ့ မရဲ့အနမ်းတွေကြောင့် ရှက်သွေးဖြာမိမယ်ထင်တယ်  ..

မအပေါ်ဆိုးခွင့်ရှိရင် ဆိုးမယ်

အလိုမကျတာရှိရင် စိတ်ကောက်မယ်

မကပြန်ချော့ထဲအခါ မရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ပြီး ကလေးတစ်ယောက်လို ချွဲနွဲ့မယ် ။

ဖြစ်ချင်တယ် ... ဖြစ်ခွင့်လဲရချင်မိတယ်

အချစ်မခံရတဲ့ ဘဝမို့ ... တစ်ခါလောက်တော့ ကျနော်မှကျနော် အချစ်ခံချင်မိတယ် ။

မဖြစ်နိုင်တာတွေကို ဖြစ်ချင်နေတဲ့အခါ မျှော်လင့်ချက်တွေဟာ သိပ်ကိုကြီးမားလွန်းတယ် ။

# Smirk

################