Chapter 12: Part.12

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 15737

စားနေတဲ့ မနက်စာကိုရပ်ပြီး ချက်ချင်းဘဲ ထွက်သွားရမလို ဆက်ပြီးဘဲစားရမလိုလိုနဲ့ လမ်းပျောက်နေခဲ့သည် ။ အကြောင်းမှာ ...

အကြည့်တစ်ချက်မလွှဲဘဲ အရှေ့ကနေ တောက်လျှောက်ထိုင်ကြည့်နေသော မကြောင့်ပင် ...

" မနက်စာက စားမကောင်းလို့လား "

" မဟုတ်ပါဘူး...မ..မက အရှေ့ကနေထိုင်ကြည့်နေတော့ ...အဲ့တာ ကျနော်နေရခက်လို့ "

" အော်... နေရခက်ရင် နေရာပြောင်းပေးမှာပေါ့ "

ဘေးခုံသို့ပြောင်းထိုင်လာခဲ့သော မကြောင့်  လူချင်းကပ်ရပ်ဖြစ်သွားရသည် ။

နှာခေါင်းထဲသို့ ချက်ချင်းတိုးဝင်လာသော မရဲ့ကိုယ်သင်းနံ့‌လေးကြောင့် လှုပ်စပြုနေတဲ့ ရန်ခုန်နှုန်းတွေဟာ မြန်ဆန်လာခဲ့ပြီး လူကပါ ကတုန်ကယင် ဖြစ်ချင်လာခဲ့သည် ။

" ဒီလိုဆိုရင်ရော နေရခက်သေးလား "

ပီတီတီမျက်နှာထားနဲ့ မေးလာသော မကြောင့် ခေါင်းကိုသာ ခါရမ်းမိသည် ။

ပုံမှန်ထက် အခုန်မြန်နေတဲ့ ရင်ခုန်သံရယ် ဘေးမှာထိုင်နေတဲ့ မကြောင့် နံနက်ခင်းလေးဟာ ခြောက်ကပ်ခြင်းကင်းမဲ့နေခဲ့သည် ။

တစိမ့်စိမ့်ထိုင်းကြည့်နေတဲ့ မကြောင့်

ဒီအခြေအနေကို နားခည်ရခက်စွာ ဖြစ်မိသော်လည်း သဘောကျမိပါတယ် ။

ကိုယ်ချစ်ရတဲ့သူအနားမှာ ကပ်တွယ်ရခြင်းဟာ ကိုယ်ကိုယ်တိုင်ဖန်တီးတဲ့ ပျော်ရွှင်ခြင်းဖြစ်သလို နာကျင်ခြင်းလဲ ဖြစ်နိုင်သည် ။

>>>>>>>>>>>>

" ကြီးတင်  "

မေးခွန်းတွေများစွာနဲ့ သိချင်နေတဲ့အရာတွေကြောင့် လူကနေမထိထိုင်မသာ ဖြစ်နေမိသည် ။

ဆူးရဲ့မေးခွန်းတွေကို အဖြေပေးနိုင်မဲ့ တစ်ဦးတည်းသော သူဟာ ကြီးတင်သာဖြစ်နိုင်သည် ။

" ဘာခိုင်းစရာရှိလို့လဲ မမလေး "

" အလုပ်အရမ်းရှုပ်နေလား "

မီးဖိုခန်းထဲမှာ ယမင်းနဲ့အတူ ချက်ပြုတ်နေတာတွေ့တော့ ဝတ္တရားအရမေးမိသည် ။

" မရှုပ်ပါဘူး မမလေး ... ဘာခိုင်းစရာရှိလို့လဲ "

" ဆူး.... ကြီးတင်နဲ့ ပြောစရာစကားလေးတွေရှိလို့ "

" အင်း.. ဧည့်ခန်းထဲမှာ စောင့်နေလိုက်လေ .. ကြီးကြီးလိုက်ခဲ့လိုက်မယ် "

ကြီးတင်ကိုခေါင်းငြိမ့်ပြလိုက်ပြီး ဧည့်ခန်းထဲတွင်သာ ထိုင်စောင့်နေလိုက်သည် ။

သိချင်နေသည့်အရာတွေဟာ များလွန်းသဖြင့် ခေါင်းထဲ မေးခွန်းတွေနဲ့ ရှုပ်ယှက်ခက်နေခဲ့သည် ။

" မမလေး ဘာပြောစရာများရှိလို့လဲ "

မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာတဲ့ ကြီးတင်ရဲ့ အမေးကို ချက်ချင်းမဖြေနိုင်သေးဘဲ ခေါင်းထဲရှိနေတဲ့ မေးခွန်းများစွာကြောင့် ခေတ္တတိတ်ဆိတ်နေမိသည် ။

" သုတထက် ..မဟုတ်ဘူး... မောင်... မောင့်အကြောင်း သိချင်လို့ "

သက်ပြင်းတစ်ချက်ချသံကို ကြားလိုက်ရပြီး ပြောပြရမှာကို ဝန်လေးနေသည့်ဟန် ။

" မမလေးက .. အကိုလေးရဲ့ ဘယ်အကြောင်းကိုသိချင်တာလဲ "

" မောင့်အကြောင်းအကုန်သိချင်တာ ... အဓိကက မောင်နဲ့ သုတထက်နဲ့ ဘယ်လိုပတ်သတ်သလဲဆိုတာကို သိချင်တာ ကြီးတင်ပြောပြပေးနိုင်မလား "

နောက်ထပ်သက်ပြင်းချသံတစ်ချက်ကို ပြန်ကြားလိုက်ရပြီး ပြောလာမဲ့စကားတွေကို ရင်လေးစွာ မျှော်နေမိသည် ။

" အကိုလေးက အရမ်းသနားစရာကောင်းတဲ့ ကလေးတစ်ယောက်ပါ ... အများကြီး နာကျင်ခဲ့ရသလို အများကြီးလဲ ပင်ပန်းခဲ့ရတာ .... ဒီကြားထဲ

မမလေးကပါ နာကျင်စရာတွေပေးတော့ အကိုလေးပိုပင်ပန်းခဲ့ရမှာ "

လက်သီးဆုပ်လေးက တင်းကနဲဖြစ်သွားခဲ့ပြီး ရင်ဘတ်ထဲလဲ စူးအောင့်သလို ခံစားမိလိုက်သည် ။

" မမလေးသိလား ... အကိုလေးရဲ့ ပထမဆုံးမွေးနေ့‌ပွဲလေးကို မမလေးကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တာ "

" ရှင်!!"

" ဟုတ်တယ်မမလေး ..အဲ့တာ အကိုလေးရဲ့ဘဝမှာ ပထမဆုံးလုပ်ဖူးခဲ့တဲ့ မွေးနေ့‌ပွဲလေးဘဲ "

ကလေးရဲ့ ပထမဆုံးမွေးနေ့ပွဲလေးကို ကျွန်မကိုယ်တိုင်ဖျက်ဆီးခဲ့တာတဲ့လား ။

ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့တာမှန်ပေမဲ့ ကလေးကိုနာကျင်စေဖို့တော့ မရည်ရွယ်ခဲ့ပါဘူး ။

ကလေးဘယ်လောက်များ ခံစားလိုက်ရမလဲ...

ဘယ်လောက်နာကျင်ခဲ့ရမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ရင်ဘတ်ထဲတွင် အောင့်သက်စွာနဲ့..

မျက်လုံးကိုမှိတ်ချလိုက်တော့ ဝဲတက်နေခဲ့တဲ့ မျက်ရည်တွေဟာ ပါးပြင်ပေါ်သို့ အထိန်းအကွပ်မဲ့စွာ စီးကျလာခဲ့သည် ။

" ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ မမလေးက အကိုလေးကို ထိခိုက်စေချင်လို့ လုပ်ခဲ့တာမှမဟုတ်ဘဲ ...

အကိုလေးကလဲ မမလေးကို အပြစ်မမြင်ပါဘူး "

" ဆူးကို မောင့်အကြောင့် အကုန်ပြောပြပါလား "

" မမလေးသိချင်တယ် ဆိုရင်တော့ ပြောပြပေးလို့ရပါတယ် "

ကြီးတင်ပြောလာမဲ့ မောင့်အကြောင်းတွေကို သိချင်လွန်း၍ စိတ်လှုပ်ရှားမှုဟာ အမြင့်ဆုံးတွင် ။

1997ခုနှစ် ....

11.55

နန်းတော်သမျှ ကြီးမားထည်ဝါသော အိမ်တော်ကြီးတွင် လူအများလှုပ်လှုပ်ရှားရှားဖြင့် ရုတ်ရုတ်သည်းသည်းဖြစ်နေသည် ။

အခန်းတစ်ခုရှေ့တွင်တော့ ယောကျာ်းကြီးတစ်ယောက် ခေါက်တုန့်ခေါက်ပြန်လျှောက်နေခဲ့ပြီး ဘေးကအခြွေအရံတွေကတော့ အသံတိတ်စွာ‌ရပ်နေခဲ့ကြသည် ။

" အူဝဲ!!!!!"

အခန်းထဲမှ ကလေးတစ်ယောက်အော်သံကို ကြားလိုက်ရတော့ ထိုယောကျာ်းကြီးဟာ တံခါးနားကို ပြေးကပ်သွားခဲ့သည် ။

အခန်းတံခါးပွင့်လာပြီး အမျိုးသမီးတစ်ယောက်နဲ့အတူ အနှီးထုပ်လေးနဲ့နီတာရဲကလေးလေးပါ အတူပါလာခဲ့သည် ။

" ယောကျာ်းလေးပါ သခင်ကြီး "

" ယောကျာ်းလေး !!!"

ဟိန်းထွက်လာတဲ့ အသံကြီးဟာ ဘယ်လောက်ပျော်ရွှင်နေကြောင်းကိုဖော်ပြနေသည် ။

" အမွှာလေး သခင်ကြီး .. သခင်မကြီး ဆက်ကြိုးစားနေတယ် "

12.03

တစ်ခဏအကြာ အခန်းထဲမှ ကလေးအော်သံကို ထက်ကြားခဲ့ရသည် ။

" ဒီတစ်ယောက်ကမိန်းကလေး... သခင်ကြီး "

" ဘာ!! မိန်းကလေး "

ပျှော်ရွှင်နေခဲ့တဲ့ ထိုယောကျာ်းကြီးရဲ့ မျက်နှာဟာ ချက်ချင်းပင် ဆန့်ကျင်ဘက်အဖြစ် ပြောင်းလဲသွားခဲ့သည် ။

သူ့လက်ထဲက အနှီးထုပ်ကလေးကိုကြည့်လိုက် အရှေ့က အမျိုးသမီးကိုင်ထားတဲ့ အနှီးထုပ်ထဲက‌ ကလေးကို ကြည့်လိုက်နှင့် ........

" ဒီနေ့ဒီချိန်မှာ မွေးခဲ့တဲ့ကလေးဟာ တစ်ယောက်ထဲဖြစ်တယ် ... သုတgroupကိုဆက်ခံမဲ့ ယောကျာ်းလေးတစ်ယောက်သာ ဖြစ်တယ် "

အမိန့်ပေးသလို ကြွေးကြော်တဲ့ အသံကို တုန့်ပြန်မဲ့သူတစ်ယောက်မှမရှိသလို အားလုံခေါင်းငုံ့ကာ နာခံနေကြသည် ။

" မင်းရူးနေလား ..ရှိုင်းသုတ ...

နောက်တစ်ယောက်ကလဲ မင်းရဲ့သွေးသားဘဲလေ "

တိတ်ဆိတ်မှုကြားထဲမှ ထွက်ပေါ်လာသော ထိုအသံဟာ ကျယ်လောင်လွန်းနေခဲ့သည် ။

" ကျနော်မရူးဘူး အကို ... သုတစံအိမ်ပေါ်ကို ပြန်တက်နိုင်ဖို့က ယောကျာ်းလေးတစ်ယောက်ထဲ မွေးမှသာရမှာ "

" အဖေ့ရဲ့ ရှေးရိုးစွဲအယူတွေကြောင့်နဲ့ မင်းသွေးသားကို မင်းရက်စက်မလို့လား .. မင်းမှာအကြင်နာတရားမရှိဘူးလား "

ကောင်းသုတ ဒေါသထွက်စွာနဲ့ ညီဖြစ်သူကို ရန်တွေ့နေမိတော့သည် ။

ပိုင်ဆိုင်မှုနဲ့ စံအိမ်ကို မြေးဖြစ်သူဟာ ‌ယောကျာ်းလေးဖြစ်မှသာ လွှဲပြောင်းပေးမယ်ဆိုတဲ့ စကားအောက်မှာ ညီဖြစ်သူဟာ ကိုယ့်သွေးသားအရင်းကို ရက်စက်တော့မည် ။

" ဘာလဲ .. အကိုက သမီးမိန်းကလေးမွေးထားတော့ အမွေတွေမရနိုင်တော့လို့ ကျနော်ရသွားမှာကို ကြောက်နေတာလား "

" ဘာကွ!!!

မင်း ဘာစကားပြောလိုက်တာလဲ ... ညီအစ်ကိုအရင်းကြီးကိုကွာ .... ဒီမှာ ရှိုင်းသုတ..

ငါအဲ့အမွေတွေကို မက်လဲမမက်ဘူး လိုလဲမလိုချင်ဘူး ... မင်းရဲ့လောဘစိတ်ကြောင့် ဒီကလေးက မိဘမဲ့တစ်ယောက်လို ရှင်သန်ရမှာစိုးလို့ကွ "

" အဲ့လောက်စိုးရိမ်နေရင် အကိုဘဲ မွေးစားထားလိုက် .. ကျနော်ကတော့ ကျနော့်သွေးသားအဖြစ် မသတ်မှတ်နိုင်ဘူး ....

ရှိုင်းသုတရဲ့ သွေးသားဟာ သုတထက်ဆိုတဲ့ ယောကျာ်းလေးတစ်ယောက်ထဲဘဲ ရှိတယ် "

လောဘစိတ်ကြောင့် ကိုယ့်သွေးသားအရင်းကိုတောင် စွန့်ပစ်ရက်တဲ့အထိ ရက်စက်ခဲ့တဲ့ ဖခင်တစ်ယောက်ကြောင့် လောကထဲကို နာနာကျင်ကျင်နဲ့ စတင်ဝင်ရောက်လာခဲ့ရတဲ့ လူသားတစ်ဦး

လောကထဲကို စဝင်ရောက်တာနဲ့ ကြိုဆိုလိုက်ပုံက နာကျင်ခြင်းတွေနဲ့သာ ။

#############