Chapter 16: Part .16

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 24641

မှောင်မဲနေတဲ့ ကောင်းကင်ယံတွင် လမင်းကြီးကတော့ သဘာဝအတိုင်းထိန်ထိန်သာနေခဲ့သည် ။

ကြယ်ရောင်စုံများကတော့ မိုးရာသီ၏ အမှတ်အသားဖြစ်တဲ့ မိုးတိမ်တချို့ရဲ့ ဖုံးလွှမ်းခြင်းကိုခံထားရခြင်းကြောင့် ဟိုတစ်ပြောက်ဒီတစ်ပြောင်သာ ထွက်ပေါ်နေ၏ ။

စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ပါးစပ်ထဲခဲကာ ညဘက်တိုက်ခတ်လာတဲ့ လေအေးများနှင့်အတူ စီးကရက်ငွေ့များဟာလဲ ပတ်ဝန်းကျင်သို့ပြန့်နှံ့လျက်..

လသာဆောင်ကနေ မြင်နေရတဲ့ လမင်းကြီးကိုငေးကာ ရင်ထဲကစကားများကို တိတ်တဆိတ်ရင်ဖွင့်နေမိပြီး စီးကရက်ကိုလဲ တစိုက်မတ်မတ်သောက်နေခဲ့သည် ။

ခါးပေါ်သို့ကျရောက်လာသော လက်လေးနဲ့အတူ ကျောဘက်ကနွေးထွေးမှုကိုတဆက်တည်း ခံစားလိုက်ရသည် ။

ခါးသို့ယှက်နွယ်လာတဲ့လက်ကလေးကို လက်ဖြင့်တစ်ဖန် ပြန်အုပ်မိုးလိုက်ပြီး အနောက်သို့ တစ်ချက်စောင်းငဲ့ကြည့်လိုက်သည် ။

မြင်လိုက်ရသော ပါးချိုင့်နက်နက် အပြုံးချိုချိုလေးကြောင့် လက်တွင်ညှပ်ထားသော စီးကရက်ကို အောက်သို့ပစ်ချကာ မီးငြိမ်းသတ်လိုက်သည် ။

" မ .. ဘာလို့ စီးကရက်တွေ သောက်နေတာလဲ

မမှာ စိတ်ညစ်စရာတွေ ရှိလို့လား "

စိတ်ပူနေသော အသံလေးရဲ့အဆုံးတွင် ခပ်ဖွဖွတစ်ချက်ရယ်လိုက်ပြီး ကလေးနဲ့မျက်နှာချင်းဆိုင်သို့ လှည့်လိုက်သည် ။

နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို အသာဖွလိုက်ပြီး ခပ်ဖွဖွနမ်းကာ..

" ဘာစိတ်ညစ်စရာမှ မရှိပါဘူး ကလေးရဲ့ ...

ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်လုံး အနားမှာရှိနေမှတော့ မကအမြဲစိတ်ချမ်းသာနေရတာပေါ့ "

" ဒါဆို ဘာလို့ အဲ့စီးကရက်တွေသောက်နေတာလဲ "

" မောင်က မကြိုက်လို့လား "

" မောင်မကြိုက်လို့မဟုတ်ပါဘူး "

ရုတ်တရက် နှုတ်ခမ်းပေါ်သို့ ထိကပ်လာသော မောင့်နှုတ်ခမ်းလေးကြောင့် ကြောင်တောင်တောင်ဖြစ်သွားရပေမဲ့ ချိုမြိန်မှုကိုတော့ အပြည့်အဝခံစား လိုက်ရသည် ။

" စီးကရက်နံ့လေးစွဲနေတဲ့ မရဲ့နှုတ်ခမ်းက အရမ်းစွဲမက်ဖို့ကောင်းတယ် ...

ဒါပေမဲ့ မ ကျန်းမာရေးထိခိုက်မှာစိုးလို့

မောင်ကစိတ်ပူလို့ "

" အင်းပါ မောင်ကစိတ်ပူတယ်ဆိုတော့ နောက်ဆိုမသောက်တော့ဘူးနော် "

ဖြူစင်စွာပြုံးနေတဲ့ မောင့်မျက်နှာလေးဟာ မက်မောဖို့ကောင်းသည် ။

ထိုအပြုံးချိုချိုလေးတွေကို မောင့်မျက်နှာထက်တွင် ထာဝရပန်ဆင်ထားစေချင်သည် ။

" မောင် "

" ဗျာ "

"အဟွန်း..ချစ်ဖို့ကောင်းလိုက်တာ "

ရယ်လိုက်တိုင်းပေါ်လာတဲ့ သွားစွယ်လေးနဲ့ ပါးချိုင့်နက်နက်လေးက ဒီလူကိုရုန်းထွက်မရအောင်ပင် ချုပ်နှောင်ထားသလား .....

" မစိတ်ထဲမှာ မောင်နဲ့ပတ်သတ်ပြီး အရမ်းသိချင်နေတဲ့ အရာတွေရှိတယ် ...

မအတင်းအကြပ်လဲ မမေးချင်ဘူး မောင်စိတ်ညစ်သွားမှာ စိုးတယ် "

သက်ပြင်းခပ်ဖွဖွချကာ မနဲ့မျက်လုံးချင်းစုံကြည့်လိုက်သည် ။

" မ သိချင်ရင် မောင်ဖြေပေးမှာပေါ့ .. မက မောင်နဲ့ပတ်သတ်ပြီး ဘာတွေသိချင်တာလဲ "

တကယ်တမ်းမေးရမဲ့ အချိန်ကျတော့ သိချင်နေတဲ့အရာတွေများနေလို့ဘဲလား ဘာရယ်ကြောင့်မှန်းမသိ ခေါင်းထဲ ခဏတာ ဗလာနတ္ထိဖြစ်သွားခဲ့သည် ။

" မောင်ငယ်ငယ်က အကြောင်းတွေကို ကြီးတင်ပြောပြလို့ တချို့တစ်ဝက်ကို သိခဲ့ရတယ် ... မောင်နဲ့ သုတထက်က အမွှာဆိုတာလဲ မ သိခဲ့ရတယ် "

" မက ဒီအထိတောင်သိပြီးနေခဲ့ပြီလား "

" အင်း ."

" နောက်သိချင်တာရော "

" မောင်က ဘာလို့ သုတထက်လို ဟန်ဆောင်နေရတာလဲ "

သိလိုစိတ်ပြင်းပြနေတဲ့ မရဲ့မျက်ဝန်းတွေကိုကြည့်ကာ

" သုတစံအိမ်ကိုဆက်ခံနိုင်မဲ့ သူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ အစွဲတစ်ခုရှိတယ်...

လူအများသိထားတာဟာ ဦးရှိုင်းသုတ မွေးထားတဲ့ကလေးဟာ သားယောကျာ်းလေးတစ်ယောက်သာ ...

အဲ့တာကြောင့် အစ်ကိုသုတထက်က သုတစံအိမ်ကို ဆက်ခံမဲ့သူတစ်ယောက် ဖြစ်ခဲ့တယ် "

" ဒါဆို သူကအခုဘယ်ရောက်နေတာလဲ "

မောင်ဟာ ကျမကိုကျော်ကာ လျှောက်သွားပြီး ဝရံတာကိုလက်ထောက်ကာ ကောင်းကင်ယံကိုကြည့်နေခဲ့သည် ။

" မောင်ငယ်ငယ်က နားထောင်ဖူးတဲ့ပုံပြင် ရှိတယ် ..

လူတွေသေသွားရင် ဟိုးကောင်းကင်ထက်မှာ ကြယ်လေးတွေဖြစ်သွားတယ်တဲ့ "

မောင်ပြောတဲ့ စကားဟာ ကလေးဆန်သည် ။

မောင်လက်ညှိုးထိုးပြနေတဲ့ ကောင်းကင်ထက်ကို မော့ကြည့်မိတော့ ဟိုတပြောက် ဒီတပြောက်ကြယ်လေးများကို တွေ့ရသည် ။

မောင့်ကိုကြည့်လိုက်ပြန်တော့ မောင်ဟာပြုံးနေခဲ့သည် ။

လှည့်ကြည့်လာတဲ့ မောင့်မျက်လုံးတွေဟာလဲ ခန့်မှန်းရခက်‌နေသည် ။

" အစ်ကိုသုတထက်လဲ အဲ့ကြယ်တွေထဲကတစ်လုံးအဖြစ် တည်ရှိနေမှာ "

" ဒါဆိုသူက "

ကျလုဆဲဆဲမျက်ရည်စတွေကို မောင်ဟာခပ်မြန်မြန်ဆွဲသုတ်လိုက်ကာ မျက်နှာလွှဲသွားခဲ့သည် ။

" ဟုတ်တယ် အကိုသုတက လွန်ခဲ့တဲ့တစ်နှစ်ကဘဲ ဆုံးသွားခဲ့တာ "

" ဘာလို့လဲ "

အဓိပ္ပာယ်မဲ့နေတဲ့ မျက်လုံးတွေနဲ့ မောင်ဟာ ပြုံးပြလာခဲ့သည် ။

မောင်ဟာ တစ်ခုခုကို ဖုံးကွယ်ထားသလို တဖြည်းဖြည်းနဲ့ နားလည်ရခက်တဲ့ လူတစ်ယောက်ဖြစ်လာခဲ့သည် ။

" တချိန်ချိန်တော့ မ သိလာရမှာပါ ...

မောင်ပင်ပန်းနေပြီ မ..

မောင်အိပ်တော့မယ် "

မောင်စိတ်မကျဉ်းကြပ်စေဖို့ သိချင်စိတ်တွေကို မြိုသိပ်လိုက်ကာ .....

" အင်း ..အိမ်ထဲဝင်ရအောင် "

တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပေါ်လာမဲ့ အမှန်တရားအတွက် မောင့်ကိုနားလည်နိုင်ပါ့မလား ။

မောင်ဟာ မ ထင်သလောက် ရိုးရှင်းနေတဲ့ လူသားတစ်ယောက်တော့ မဟုတ် ။

မောင်က ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်တာ

မောင်ဟာ သိပ်ဟန်ဆောင်ကောင်းတဲ့ လူတစ်ယောက် ဆိုတာ တချိန်ကျရင် မ သိလာမှာပါ ။

***************

" ငါတို့သိထားတဲ့ သဲလွန်စတွေကို ဆက်လိုက်လို့မရ‌ တော့တဲ့အထိ အချက်အလက်တွေက ပြတ်တောက်ကုန်တာ ... သေချာတာကတော့ တ‌စ်ယောက်ယောက်က ငါ့တို့ထက် ခြေတစ်လှမ်းစောနေခဲ့တာ "

ညသန်းခေါင်ယံမှာ ဆက်လာတဲ့ ဖုန်းဟာ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်သလို

မောင့်ကို ကာကွယ်ချင်တဲ့စိတ်နဲ့ အန္တရာယ်ကြားထဲ ခုန်‌ဆင်းခဲ့တာ‌တောင် ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မလာခဲ့ ။

" ဆူး ...ငါတို့ ဒီမှာဘဲရပ်လိုက်ရအောင် ... ဆက်လိုက်နေရင် ငါတို့လဲ အန္တရာယ်ရှ်ိလာနိုင်တယ် ..

တစ်နှစ်တောင်ရှိနေပြီ သုတမောင်နားမှာ ဘာအန္တရာယ်အရိပ်အယောင်မှမတွေ့ခဲ့ရတာ ...

အခုအခြေအနေလေးကလဲ အဆင်ပြေနေတယ်မဟုတ်လား "

သက်ထားပြောတဲ့စကားဟာ မှန်သည် ။

မောင်နဲ့လက်ထပ်ပြီးကတည်းက မောင့်အနားပတ်ဝန်းကျင်မှာ မူမမှန်တာတစ်ခုမှ မရှိခဲ့ ။

ကျွန်မဘဲ စိုးရိမ်လွန်နေခဲ့တာဖြစ်မည် ။

" အင်း ...သက်ထား ငါတို့ ဒီမှာဘဲရပ်လိုက်ကြမယ် ..

အခုအခြေအနေလေးအတိုင်းဘဲ မောင့်ဘေးမှာနေပြီး မောင့်ကိုကာကွယ်ပေးမယ် "

" ငါတို့လဲ အတူကာကွယ်ပေးမယ် .. နင်ချစ်ရတဲ့သူကို နောက်ထပ်မဆုံးရှုံးစေချင်တော့ဘူး "

" အင်း "

ကျသွားတဲ့ဖုန်းလေးကို စားပွဲပေါ်သို့အသာလှမ်းတင်လိုက်ပြီး ကုတင်ပေါ်တွင်အိပ်ပျော်နေသော မီးရောင်မှိန်မှိန်အောက်က မောင့်မျက်နှာလေးကို ငေးကြည့်နေမိသည် ။

ပထမဆုံး ဖြစ်ပေါ်ခဲ့ရတဲ့ ရန်ခုန်ခြင်းခံစားချက်ဟာ မောင်နဲ့စတင်ခဲ့ပြီး အခုတော့တဖြည်းဖြည်းနဲ့ နက်ရှိုင်းလာသယောင် ....

အသက်ရှူသံတိုင်းကို‌တောင် မောင်နဲ့ထပ်တူကျချင်မိတော့သည် ။

ကိုကိုဆုံးပြီးနောက်ပိုင်း ရည်မှန်းချက် အိမ်မက်တွေပျောက်ဆုံးသွားခဲ့တဲ့ ကျွန်မမှာ မောင်နဲ့ဆိုပြီး စိတ်ကူးအိမ်မက်တွေဟာ တစ်ဖန်ရှင်သန်လာရသည် ။

တစ်ချိန်ကသေလောက်အောင် မုန်းတီးခဲ့တဲ့မောင့်ကို အခုချိန်မှာအသက်တမျှချစ်နေရတယ်ဆိုတာ မုသားကင်းတဲ့ စကားသာဖြစ်သည် ။

*****************

" မ..ဒီဘက်လှည့် "

" တော်ပြီလေ မောင်ရဲ့... မကိုဘဲရိုက်နေတာ ဘယ်နှစ်ပုံတောင်ရှိနေပြီလဲ "

" မက ဒီအဖြူရောင်ပန်းခင်းကြီးထက်ကို လှပလွန်းနေတာကို "

မောင်ဟာ ခြံအနောက်ဘက်က ပန်းခင်းကြီးနဲ့ ဓာတ်ပုံရိုက်ပေးချင်တယ်ဆိုတာကြောင့် ဓာတ်ပုံရိုက်လေ့ရိုက်ထမရှိတဲ့ ကျွန်မအတွက်တော့ နည်းနည်းအခက်အခဲဖြစ်ရသည် ။

ပန်းခင်းထဲရောက်ကတည်းက သိသိသာသာရော မသိမသာရော ဆက်တိုက်ရိုက်နေခဲ့တဲ့ မောင်ဟာ အခုထိလဲ ဆက်ရိုက်နေတုန်းပင် ။

" မောင်တော်ပြီလို့ ... အများကြီး ရိုက်ပြီးပြီမဟုတ်လား "

" အများကြီးရိုက်တော့ မရဲ့ပုံတွေ အများကြီးသိမ်းထားလို့ရတာပေါ့ မရဲ့ "

" တော်ပြီ ဆက်မရိုက်နဲ့တော့ ... လာ အနားကိုလာခဲ့ "

မရဲ့စကားဆို တသွေမတိမ်းလိုက်နာတတ်တဲ့ ကျနော်ဟာ အခုလဲမအနားကို လျှောက်သွားခဲ့ရသည် ။

အမိန့်မဆန်သော်လည်း နှလုံးသားဟာ မရဲ့စကား တစ်ခွန်းဆိုတစ်ခွန်း လိုက်နာတတ်လေသည် ။

" ပုံမှန်ဆို ဆူးရှိတဲ့နှင်းဆီတွေကိုဘဲ မြင်ဖူးတာ ..

ဒီနှင်းဆီဖြူလေးတွေမှာ ဘာလို့ဆူးတွေရှိမနေတာလဲ "

မောင်ဟာ ပန်းတစ်ပွင့်ကို အသာကိုင်လိုက်ပြီးသည်နှင့်တပြိုင်နက် နှုတ်ခမ်းနှစ်လွှာလဲ အနည်းငယ်ကွေးညွတ်သွားသည် ။

" နှင်းဆီပန်းလေးတွေဟာ အချစ်ရဲ့သ‌‌ေင်္ကတ တစ်ခုလေ ...

အချစ်ဟာ နူးညံ့ခြင်း ၊ ချိုမြန်ခြင်း ၊ ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေတယ် မရဲ့...

ဆူးတွေသာ ဝန်းရံထားနေရင် အချစ်ရဲ့ကြည်နူးမှုတွေကို ဘယ်ခံစားလို့ရပါတော့မလဲ.. နာကျင်ရမှာပေါ့...

အဲ့တာကြောင့် မောင်က ဆူးမရှိတဲ့ နှင်းဆီလေးတွေကိုဘဲ သဘောကျတာ ...

ဆူးတွေသာမရှိရင် နာကျင်ခြင်းတွေနဲ့ကင်းဝေးမယ်ထင်လို့ "

" ဒါဆို မကိုရော သဘောကျရဲ့လား ...မနာမည်မှာက ဆူးပါတယ်လေ "

" မက မောင့်ကိုနာကျင်စေမဲ့ ဆူးတစ်ချောင်းဖြစ်နေခဲ့ရင်တောင် မောင်ကအနာခံပြီး ဖက်တွယ်ထားမိမှာ ..."

တုန့်ဆိုင်းခြင်းမရှိဘဲ တည်ငြိမ်စွာနဲ့ပြောထွက်လာတဲ့ မောင့်စကားကြောင့် ရင်ထဲတွင်လှိုက်ကနဲ ခံစားလိုက်ရသည် ။

" မကို အဲ့လောက်ထိ သဘောကျတာလား "

" ဟင့်အင်း.... အဲ့ထက်တောင်ပိုအုံးမယ် "

အဖြူရောင်ပန်းလေးတွေနဲ့ ကောင်းကင်ပြာရဲ့ ဖြစ်တည်မှုအောက်က လူသားနှစ်ယောက်ရဲ့ချစ်ခြင်းဟာ အဖြူစင်ဆုံးနဲ့ ကြည်လင်အေးချမ်းနေခဲ့သည် ။

မနက်ခင်းတိုင်း ပန်းလေးတွေဟာ လှပစွာဖူးပွင့်နေကြသလို ကောင်းကင်ကြီးဟာလည်း ကမ္ဘတည်သ၍ တည်ရှိနေအုံးမည် ။

မျက်ဝန်းချင်းဆုံမိချိန်‌တွေမှာ ရင်ခုန်သံတွေဟာ မူလရင်ခုန်သံ လက်ဟောင်းသံလို လတ်ဆက်နေတုန်း.......

အပြုံးချိုချို ပါးချိုင့်နက်နက်လေးတွေရှိတဲ့ အဖြူရောင်ကိုသာ သဘောကျတဲ့ အဖြူရောင်ကောင်လေးကို မြတ်နိုးနေမိသည်မှာ ဧကန်ပင် ။

မောင့်ရဲ့ရိုးရှင်းဖြူစင်တဲ့ အပြုံးလေးကို နေ့တိုင်းငေးကြည့်ချင်သလို

မောင့်ရဲ့ ရိုးရှင်းဖြူစင်တဲ့ ပုံစံလေးကို နေ့တိုင်းမြင်တွေ့ချင်မိသည် ။

ရိုးရှင်းတဲ့ အချစ်နဲ့ ဖြူစင်တဲ့ မေတ္တာတွေနဲ့အတူ မောင်နဲ့တစ်ဘဝသာကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်မိသည် ။

" အကိုလေး စံအိမ်မှာ ဧည့်သည်ရောက်နေပါတယ် "

အလုပ်သမားတစ်ယောက်ရဲ့ အသံကြားမှသာ မရဲ့မျက်ဝန်းတွေထဲကနေ ရုန်းထွက်နိုင်ခဲ့တာ ..

မရဲ့ မျက်ဝန်း တွေဟာသိပ်ကို ညှို့နိုင်လွန်းသည် ။

စံအိမ်ကို ဧည့်သည်လာတယ်ဆိုတာကို အထူးအဆန်းဖြစ်မိသည် ။

သုတစံအိမ်ကို ဆွေမျိုးများမှလွဲ၍ တခြားဝင်ထွက်သူမရှိ ။

အတွေးများဖြင့်လျှောက်လာရာ အိမ်ရှေ့တံခါးမကြီးအရောက် အကိုကောင်းမြတ်ကို တွေ့လိုက်ရသည် ။

" အ.အကိုလေး ရောက်လာပြီလား "

" အင်း ...ဧည့်သည်ရောက်နေတယ်ဆိုလို့ "

"ဟို .."

တစ်ခုခုကို စိုးရိမ်ပုံပေါက်နေတဲ့ အကိုကောင်းမြတ်ရဲ့ပုံစံကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည် ။

အနားမှာရှိခဲ့တဲ့ တစ်လျှောက်လုံး ရှေ့ကနေရဲရဲဝံ့ဝံ့ကာကွယ်ပေးတတ်တဲ့ အကိုကောင်းမြတ်ရဲ့ တုန်လှုပ်နေတဲ့ ပုံစံဟာ ယခုပထမဆုံးသာဖြစ်သည် ။

" ဘယ်သူတွေမို့လို့လဲ "

" သူ ..သူတို့ "

"သူတို့ဆိုတာ "

ဒီတစ်ခါကြောက်လန့်ရတဲ့သူဟာ ကျနော်သာဖြစ်သည် ။

ခေါင်းထဲတွင်ပေါ်လာသော သူတို့ရဲ့မျက်နှာတွေဟာ အတွေးနဲ့တင်တုန်လှုပ်သွားစေသည် ။

" ဟုတ်တယ် အကိုလေး..သူတို့ရောက်လာပြီ "

လေပြေတွေဟာ မုန်တိုင်းရဲ့ ရှေ့ပြေးများဖြစ်နေမလား ......

ပျော်ရွှင်ချိန်တွေကဘဲ သိပ်ကိုတိုတောင်းနေသလား

မေ့ဖျောက်ခဲ့ရတဲ့ အိမ်မက်ဆိုးတွေဟာ တစ်ဖန်ခြောက်လှန့်လာခဲ့တော့သည် ။

#################