Chapter 17: Part .17

ကျနော်ချစ်သော ထိုအမျိုးသမီးWords: 27028

ကြောက်လန့်မှုဟာ မောင့်မျက်နှာထက်တွင် အတိုင်းသားပေါ်နေခဲ့သည် ။

သူတို့ဆိုတာ ဘယ်သူတွေမှန်းမသိပေမဲ့ မောင့်ပုံစံကြောင့် သူတို့ဟာ မောင့်အတွက် အနှောင့်အယှက်ဖြစ်မဲ့ သူတွေဆိုတာကို ခန့်မှန်းမိသည် ။

" မောင်.. အဆင်ပြေရဲ့လား "

" ဟင် ..ဟုတ် ..အ..အဆင်ပြေပါတယ် "

အထစ်ထစ်အငေါ့ငေါ့ ထွက်လာတဲ့ မောင့်စကားတွေဟာ မောင်အဆင်ပြေမနေမှန်း သက်သေပြနေခဲ့သည် ။

" မ..အနားမှာရှိတယ်နော် .. ဘာမှမကြောက်နဲ့ "

မောင့်လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး အားပေးတော့ မောင်ဟာ ခေါင်းလေးတဆက်ဆက်ငြိမ့်ပြနေသည် ။

မောင့်ရဲ့တုန်လှုပ်နေတဲ့ ပုံစံကြောင့် စိတ်မသက်မသာဖြစ်နေမိတာတော့အမှန်ပင် ။

မျက်လုံးစုံမှိတ်ကာ အသက်ပြင်းပြင်း ရှူထုတ်ပြီး

အိမ်ထဲသို့ ဝင်သွားသော မောင့်‌အနောက်သို့ ကောင်းမြတ်နဲ့အတူ  လိုက်ဝင်ခဲ့လိုက်သည် ။

ဧည့်ခန်းတွင် ထိုင်နေသော အသက်၄၀‌ကျော်လောက် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည် ။

သူတို့ကိုတွေ့သည်နှင့် မောင့်ရဲ့လက်သီးဆုပ်ကလေး တင်းကနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည် ။

ကျယ်ဝန်းလှသော ဧည့်ခန်းထဲတွင် လေထုကအေးစက်နေသယောင် အပ်ကျသံပင်မကြားရချေ ။

မောင်ဆီကဘာအသံမှမကြားရသလို ထိုလူနှစ်ယောက်ဆီမှလဲ ဘာအသံမှ ထွက်မလာဘဲ မျက်နှာချင်းဆိုင်သာ စိုက်ကြည့်နေခဲ့ကြသည် ။

ခဏကြာ အမျိုးသမီးကြီးသည် ထိုင်ရာမှထလာခဲ့ပြီး မောင့်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့သည် ။

ထိုအမျိူသမီး မောင့်အနားသို့ ရောက်ခါနီးတွင် မောင်ဟာ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည် ။

" မောင်လေးက ကြောက်နေတုန်းလား "

ထိုအမျိုးသမီးကြီးဆီမှ အသံထွက်လာခဲ့သည် ။

ငြိမ်သက်နေသော လေထုတွင်

မောင်ဟာ မျက်ရည်အဝိုင်းသားနှင့် ထိုအမျိုးသမီးကြီးကို စိုက်ကြည့်နေခဲ့သည် ။

ထိုအမျိုးသမီးဟာ မောင့်အနားသို့ ဆက်လျှောက်သွားခဲ့သည် ။

အနားရောက်‌တော့ မောင့်ကို ဆွဲဖက်လိုက်ကာ..

" မောင်လေး အရမ်းပင်ပန်းခဲ့မှာဘဲ ... မေမေတို့ တောင်းပန်ပါတယ်ကွယ် ..

မေမေတို့ကြောင့် မောင်လေး ဒုက္ခရောက်ခဲ့ရတာ "

ထိုအမျိုးသမီးထံမှ ကြားလိုက်ရသော မေမေဆိုသော အသံကြောင့် မောင်တုန်လှုပ်နေရသည့် အကြောင်းအရင်းကို သဘောပေါက်သွားခဲ့သည် ။

ငွေအလွဲသုံးစားလုပ်မှုဖြင့် တရားစွဲဆိုခံထားရတဲ့ မောင့်မိဘတွေဟာ စံအိမ်ထဲသို့ ဘယ်လိုနည်းနဲ့ ဝင်ရောက်လာခဲ့ပြီး မောင့်အနားကို ဘာအကြောင်းကြောင့် ရောက်လာရသည်ကို ယခုချိန်တွင် ခန့်မှန်းလို့မရချေ ။

ကောင်းသောလာခြင်း ဖြစ်ပါစေလို့သာ ဆု‌တောင်းမိသည် ။

ထိုအမျိူသမီးကသာ တောင်းပန်စကားများ တတွတ်တွတ်ပြောနေသော်လည်း မောင့်ဆီကတော့ အသံတစ်သံမှ ထွက်ပေါ်လာခြင်းမရှိ ။

ထိုအမျိူသမီးအား ပြန်လည်ဖက်ထားခြင်း မရှိသလို လက်သီးကိုသာ တင်းတင်းဆုပ်ကာ မျက်ရည်တွေသာ တသွင်သွင်စီးကျနေခဲ့သည် ။

" မေမေတို့အမှားကို မေမေတို့သိပါတယ် ...

မောင်လေးအပေါ်ကို မေမေတို့အပြစ်တွေအများကြီး လုပ်ထားခဲ့မိတာ ...ငယ်ငယ်ကတည်းက မောင်လေးကိုဂရုမစိုက်ပေးဘဲ ပြစ်ထားမိခဲ့တာ မေမေတို့နောင်တရမဆုံးပါဘဲကွယ်....

မောင်လေးအပေါ်မှာ မကျေခဲ့တဲ့ မိဘဝတ္တရား တာဝန်‌တွေကို အခုချိန်ကစပြီး မေမေတို့ပြန်ဆပ်ပါ့မယ်  မေမေတို့ကို ခွင့်လွှတ်ပေးပါနော် .. "

" ဖေဖေတို့ အတွေးတွေတိမ်သွားခဲ့လို့ မောင်လေးစိတ်ဒဏ်ရာတွေရခဲ့မှာ သိပါတယ် ... ဖေဖေတို့အမှားတွေကို ပြန်ပြင်ဆင်ခွင့်ရချင်လို့ ဖေဖေတို့ကို ခွင့်လွှတ်ပေးပါကွာ "

ငယ်ငယ်ကတည်းက မောင့်အတွက်ဆို ဂရုစိုက်ခြင်းတစ်စုံတစ်ရာ မရှိဘဲ အမြဲဥပက္ခာပြု လျစ်လျှူရှူထားတတ်တဲ့ မောင့်မိဘတွေက မောင့်ဆီကနေ ခွင့်လွှတ်မှုတောင်းခံနေခြင်းကို ဘဝင်မကျသော်လည်း ..

မိဘမေတ္တာရယူလိုခြင်းကြောင့်လား ၊ သွေးသားကြောင့်လားမသိ ခွင့်လွှတ်ကြောင်းဖော်ပြနေတဲ့ မောင့်မျက်ဝန်းတွေကြောင့် တိတ်ဆိတ်စွာငြိမ်နေလိုက်‌ေတာ့သည် ။

ဒါဟာ မောင့်မိသားစုအရေးမို့ ဘေးလူ ဝင်ပါဖို့မသင့်မှန်းတွေးမိသည် ။

စာချုပ်အရ မောင်နဲ့လက်ထပ်ထားသော်လည်း တကယ်တမ်းလက်တွေ့ကျ ကျွန်မဟာဘေးလူ တစ်ယောက်သာ ။

ဘေးနားတွင် တစ်လျှောက်လုံး တိတ်ဆိတ်စွာရပ်နေခဲ့သော ကောင်းမြတ်ရဲ့ အတွေးဟာလဲ ကျွန်မနည်းတူသာ ဖြစ်နိုင်သည် ။

မောင့်မိဘတွေကသာ စကားတွေတွတ်ထိုးပြောနေကြပေမဲ့ မောင့်ဆီကတော့ ပြန်ဖြေခြင်း ပြန်ပြောခြငတစ်စုံ တစ်ရာမှမရှိသေးချေ ။

မျက်ရည်စများဖြင့် လှည့်ကြည့်လာခဲ့သော မောင့်ကို အသာပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည် ။

ဒါဟာ မျက်ရည်စက်များ ရွှဲစိုနေသော မောင့်မျက်ဝန်းဆီက မေးခွန်းရဲ့အဖြေသာဖြစ်လိမ့်မည် ။

စကားလုံးတွေ ထွက်ကျမလာပေမဲ့ မျက်ဝန်းတွေကတော့ စကားပြောနေခဲ့သည် ။

မောင်ဘယ်လိုဆုံးဖြတ်ချက်ဘဲ ချပါစေ အကုန်လက်ခံပေးနိုင်သည် ။

အဓိကက မောင်ပျော်ရွှင်ရဖို့အတွက်သာ ။

" ဖေဖေနဲ့မေမေတို့က မောင့်ရဲ့မိဘတွေပါ ..

ဘယ်လိုအပြစ်တွေဘဲ လုပ်ထားလုပ်ထား မောင်ကခွင့်လွှတ်ပါတယ် .. လူတိုင်းက အမှားနဲ့ကင်းကြတာမှမဟုတ်ဘဲ "

" ဝမ်းသာလိုက်တာ မောင်လေးရယ် ..

မေမေတို့ အခုချိန်ကစပြီး မောင်လေးအနားမှာနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖန်တီးကြမယ်နော်  .... လာပါအုံး မေမေ့ဆီကို "

မိဘနှစ်ပါးရင်ခွင်ထဲ ရောက်နေသော မောင့်ပုံစံလေးကို မြင်ရတော့ ကြည်နူးမိပေမဲ့ အပြည့်မဝမပျော်နိုင်ပေ ။

စိတ်ထဲတွင် တစ်စုံတစ်ခုကတစ်ဆို့နေသယောင် စိုးရိမ်မကင်းဖြစ်နေမိသည် ။

ပါးချိုင်းလေးများဖြင့် ပြုံးပျော်နေသော မောင့်ပုံစံလေးကြောင့် ကျွန်မပါ အတူလိုက်ပြုံးမိသလို

အကြောင်းပြချက်ကတော့ ကျွန်မဟာ မောင်နဲ့ထပ်တူကျနေခြင်းကြောင့် ဖြစ်သည် ။

မောင်ပြုံးနေရင် ပျော်ရွှင်မိသလို ..

မောင့်မျက်နှာလေးများ ညှိုးသွားရင် မောင့်နည်းတူ ဝမ်းနည်းခံစားရသည်အထိ မောင်နဲ့ ထပ်တူကျနေမိသည် ။

ချစ်ခြင်းမေတ္တာဆိုတာ ငြင်းပယ်လို့မရတဲ့ အရာမှန်းနားလည်သဘောပေါက်ခဲ့သည် ။

***************

" မောင်လေး ကြိုက်တတ်တာလေးတွေကို ဒေါ်တင်ကိုမေးပြီး မေမေကိုယ်တိုင်ချက်ထားတာ ... အများကြီးထည့်စားနော် "

" ကျေးဇူးတင်ပါတယ် ..မောင်အများကြီး  ထည့်စားပါ့မယ် "

လူစုံနေသော ညစာထမင်းဝိုင်းလေးဟာ သက်သောင့်သက်သာရှိမနေမှာတော့ အမှန် ။

သူစိမ်းသာသာအခြေအနေကနေ ရင်းနှီးမှုပြန်ရယူဖို့ အချိန်တစ်ခုလိုအုံးမယ် ထင်သည် ။

စားပွဲတစ်ခုထဲတွင် ထိုင်နေကြပြီး လွတ်လပ်မှုကို မခံစားရသော ဒီအခြေအနေဟာ နေရခက်လှသည် ။

ထမင်းပန်းကန်ထဲ ဟင်းတွေခပ်ခပ်ထည့်ပေးနေသော မေမေကြောင့် ထမင်းပင်ပျောက်လုနီးနီး ။

ဘေးတွင်ထိုင်နေသော မကိုလှည့်ကြည့်လိုက်တော့ မဟာ အသာလေးပြုံးပြနေသည် ။

မရဲ့အပြုံးတွေနဲ့ တစ်ကမ္ဘာတည်ဆောက်ထားသူမို့ မရဲ့အပြုံးတွေနဲ့သာ အရာရာကိုရင်ဆိုင်ရဲနေတာ ။

မရဲ့အပြုံးတွေသာ ပျောက်ပျက်သွားခဲ့ရင် မောင်ဆိုတဲ့ ကျနော့်ရဲ့ကမ္ဘာလေးဟာ ပြိုလဲပျက်စီးသွားမှာ ။

ရှေ့ဆက်လျှောက်ရမဲ့ ဘဝခရီးမှာ မကို မရှိမဖြစ်လိုအပ်မိသည် ။

" ခရီးပန်းလာကြတာဆိုတော့ စောစောအနားယူပါတော့  ဖေဖေနဲ့မေမေ "

အခေါ်အဝေါ်လေးတစ်ခု ထွက်ဖို့ကို မနည်းအားယူလိုက်ရသည် ။

အတိတ်တွေထဲ ပြန်မရောက်သွားဖို့ စိတ်တွေကိုသတိနဲ့ကပ်ထားသော်လည်း အကြောက်တရားဟာတော့ ဆက်လက်ရှင်သန်နေဆဲ ။

" မေမေတို့မနက်ဖြန် အပြင်သွားကြမလား မိသားစုလိုက်လေ "

" မနက်ဖြန်‌တော့မရဘူး ..မောင်သွားစရာလေးရှိသေးလို့ "

" အင်းပါ မောင်လေးအားတဲ့ရက်ပေါ့ .. ဒါဆို အေးဆေးနားကြတော့နော် Good night my son "

" သုတမောင် ...မင်းဒီလောက်ပျော့ညံ့နေရင် မင်းကို လူတကာတက်နင်းသွားကြလိမ့်မယ် သိလား "

လမင်းကြီးကို ကြည့်ရင်း တစ်စုံတစ်ယောက်ပြောခဲ့ဖူးတဲ့ စကားသံတွေဟာ နားထဲတွင် ပဲ့တင်ထပ်ကာထပ်ကာ ကြားယောင်နေရသည် ။

ဒေါသကြောင့် နီရဲနေသော မျက်ဝန်းတွေ

ခပ်တင်းတင်းဆုပ်ထားသော လက်သီးတွေ

ဒေါသကြောင့် ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့အသံတွေဟာ ကြောက်စရာကောင်းသလို မျက်လုံးထဲတွင်လဲ ထိုပုံရိပ်တွေဟာ ထင်ရှားပြတ်သားစွာ မြင်ယောင်နေတုန်း ။

" မောင် ..."

နူးညံ့မှုအပြည့်ပါဝင်သော ခေါ်သံလေးဟာ သောကတွေများနေသော စိတ်အစုံကို အေးချမ်းသွားစေသည် ။

" လေအေးတွေတိုက်နေတယ်လေ နေမကောင်းဖြစ်နေပါအုံးမယ် "

ခေါင်းလေးကို အသာပုတ်ပြီး ဆံပင်လေးကို ဖွတတ်တဲ့ မရဲ့အကျင့်လေးကို မြတ်နိုးသည် ။

လ‌ရောင်အောက်က စိုးရိမ်မှုအပြည့်နဲ့ မရဲ့မျက်ဝန်းများကိုလဲ မြတ်နိုးသည် ။

မရဲ့ ဆံနွယ်လေးတွေကအစ မအနားက ဖြတ်တိုက်လာတဲ့ မရဲ့ကိိုယ်သင်းနံ့‌လေးတွေ ရောယှက်နေတဲ့ လေပြေညှင်းတွေအဆုံး မနဲ့ပတ်သတ်တဲ့အရာရာတိုင်းဟာ မြတ်နိုးစရာကောင်းလှသည် ။

မ ကြိုက်တတ်တဲ့ အဖြူရောင်နှင်းဆီတွေလိုဘဲ မဟာ မြတ်နိုးစရာတွေအပြည့်နဲ့ မိန်မတစ်ဦးဖြစ်သည် ။

" ဒီနေ့ လမင်းကြီးက အရမ်းလှနေတယ် "

ကောင်းကင်ယံကိုမော့ကြည့်မိတော့ မောင့်စကားကြောင့်များလား လမင်းကြီးဟာ ထူးဆန်းနေသယောင် ။

" မောင့်ဘေးမှာရပ်နေတဲ့ မကပိုလှတယ် "

ထပ်ကြားလိုက်ရသော မောင့်စကားကြောင့် အသံထွက်အောင်ပင်ရယ်မိသည် ။

မောင်ဟာ ဒီလိုလဲ စကားတတ်သေးတာဘဲလား ။

" မောင် "

" ဗျာ "

" အဆင်ပြေရဲ့လား "

ကျွန်မလက်တစ်ဖက်ကို ဆုပ်ကိုင်လာပြီး မောင်ဟာ အသာလေးပြုံးလာခဲ့သည် ။

" မောင့်အနားမှာ မ ရှိနေသ၍ ... ဘယ်လိုအခြေ‌အနေတွေဘဲ ဖြစ်ဖြစ် မောင်အဆင်ပြေတယ် ..

မောင့်အနားမှာ မ ရှိမှဖြစ်မှာမို့လို့ မောင့်ကို မောင်းမထုတ်ပါနဲ့ ....

နောက်ပြီး  ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် မောင့်ကို ယုံကြည်ပေးပါ မောင့်ဘက်မှာရှိနေပေးပါနော် "

" ဘာတွေဘဲ ဖြစ်လာဖြစ်လာ မောင့်ဘက်မှာဘဲ အမြဲရပ်တည်ပေးမှာ ....

မက မောင့်ကို ချစ်တဲ့အတွက် အရာရာယုံကြည်ပြီးသား ဘာမှမစိုးရိမ်နဲ့နော် "

မြိုသိပ်ထားရတာတွေ များလာတဲ့အခါ ပင်ပန်းလာတတ်ကြတာ ထုံးစံပါ ။

ဖုံးကွယ်ထားရတဲ့ အကြောင်းအရာတွေဟာ ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားမည်လား သို့မဟုတ် ပေါ်ပေါက်လာမည်လား ။

အမှန်တရားဟာ အမြဲတမ်းအနိုင်ရကြေးဆို ကျနော်ဆုပ်ကိုင်ထားတဲ့ အမှန်တရားကြောင့် ကျနော်ဟာ ရှုံးနိမ့်ရပေအုံးမည် ။

***************

" မင်းအခုလိုလုပ်ရတဲ့အထိ အဲ့လူတွေနဲ့တန်လို့လား !!"

ဦးကောင်းသုတတစ်ယောက် သူ့အရှေ့တွင် ဒူးထောက်နေသော တူဖြစ်သူ သုတမောင် (အများအမြင် သုတထက် )ကို ဒေါသဖြင့် အော်ဟစ်ပြောဆိုနေခဲ့သည် ။

" ပြန်ဖြေစမ်းပါအုံး ... သုတမောင်! ... မင်းအခုလိုလုပ်ရတဲ့အထိ သူတို့တွေက မင်းအပေါ်ဘာကောင်းခဲ့ပေးလို့လဲ!! "

ခေါင်းမဖော်စတမ်း ဒူးထောက်နေခဲ့သော သုတမောင်ကို ဒေါသထွက်နေသော်လည်း စိတ်ကိုတစ်ထစ်လျှော့လိုက်ရသည် ။

" သုတမောင် "

မျက်ရည်အဝိုင်းသားနဲ့ မော့ကြည့်လာခဲ့တဲ့ မျက်နှာလေးကြောင့် ဒေါသထွက်ခဲ့ရတာကိုတောင် အားနာမိသည် ။

အားနည်းပါတယ်ဆိုတဲ့ သူကိုမှ ကြောက်လန့်အောင် ပြောဆိုမိခဲ့ပြီသလား ။

" ထ .... မင်းအဲ့တိုင်းနေနေတာကြာနေပြီ .. ဒူးနာလိမ့်မယ် ထတော့ "

" ကျနော် ဒူးနာရတာကိစ္စမရှိပါဘူး ...

ကျနော်မိဘတွေကိစ္စတွေကိုသာ သဘောတူပေးပါ ဦးလေး... ကျနော့်မိဘတွေကို တရားစွဲဆိုထားတာ ဖျက်သိမ်းပေးပါ... ... ကျနော်တောင်းဆိုတာလေးကို လိုက်လျောပေးပါ ...ဦးလေးခိုင်းတာအကုန် လုပ်ပေးပါ့မယ် "

" အရင်ဆုံး ...ခုံပေါ်မှာလာထိုင်လိုက် ပြီးမှ ဆက်ဆွေးနွေးကြမယ် "

အချိန်တစ်ခုကြာ ထောက်ထားရတဲ့ ဒူးဟာ ထရပ်လိုက်ချိန် နာကျင်မှုနဲ့အတူ ယိုင်နဲ့တော့မယ် ခြေ‌ေထာက်တို့ကို ဟန်ချက်ထိန်းကာ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည် ။

" မင်းမိဘတွေက အဲ့လိုလုပ်ခိုင်းလို့လား "

" သူတို့ခိုင်းလို့မဟုတ်ပါဘူး ... ကျနော့်ဘာသာ ကျနော် လာ‌တောင်းဆိုတာပါ "

" ဘာလို့လဲ "

" ကျနော့် မိဘတွေမို့လို့ပါ "

ချက်ချင်းပြန်ဖြေလာတဲ့ အဖြေဟာ ဦးကောင်းသုတကို မျက်ခုံးပင့်သွားစေသည် ။

သွေးသားဆိုတာ ဘယ်သောအခါမှ ဖြတ်တောက်လို့ မရချေ......

" သဘောတူညီချက်တစ်ခုရှိတယ် .....အဲ့တာကို လက်ခံနိုင်မှ မင်းတောင်းဆိုတာကို လိုက်လျောပေးနိုင်မယ် "

" ပြောပါ "

" မင်းမိဘတွေကြောင့် မင်းကိုယ်တိုင်ဖြစ်စေ ကုမ္ပဏီကိုဖြစ်‌စေ တစ်ခုခုထိခိုက်ပျက်စီးခဲ့ရင် .. အဲ့ချိန်ကျရင် သူတို့ကို ဒီအတိုင်းမထားတော့ဘူး...

ပြောချင်တဲ့အဓိပ္ပါယ်ကို နားလည်မှာပါ "

" ကျနော်နားလည်ပါတယ် ... နောက်ဆုံးအနေနဲ့ ဒီတစ်ခါတော့ခွင့်လွှတ်ပေးချင်သေးတယ် ...

... ကျနော်တောင်းဆိုတာကို လိုက်လျောပေးလို့ ကျေးဇူးပါ "

" အစစအရာရာ ဂရုစိုက်ပါ "

လမင်းကြီးနဲ့ ကြယ်ရောင်စုံတွေဟာ ညစဉ်ညတိုင်း ကောင်းကင်ယံမှာ တည်ရှိနေကြပါတယ်

တစ်ခါတစ်ရံ ဖြစ်ပေါ်လာသော ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံရှိတဲ့ မိုးတိမ်များကြောင့်သာ တစ်ခါတစ်လေ မမြင်ရနိုင်ဝာာ

လမင်းကြီးနဲ့ ကြယ်ရောင်စုံတို့ကတော့ နဂိုအတိုင်းတည်ရှိနေမြဲ .....

လူတစ်ယောက်၏ စိတ်ထဲတွင်လဲ စိတ်အရိုင်းတို့၏ဖုံးလွှမ်းခြင်းကို ခံရပါက တစ်ဖက်လူအပေါ် အပြစ်သာ မြင်တတ်ကြတော့သည် ။

ထိုသူ၏ကောင်းကွက်များသည် တည်ရှိခဲ့ပါသော်လည်း ပျောက်ကွယ်သွားတတ်တော့သည် ။

####################