Chapter 10: အပိုင်း (၉) ပထမဦးဆုံး သတိထားမိတဲ့အရာ

My other halfWords: 47695

ညက တကယ်ကိုပင် မိုးလင်းပေါက်

ဂိမ်း ခိုးဆော့ခဲ့ကြတာဖြစ်လို့ အတန်းတက်ခါနီးသည်အထိ မတ်သရူးတို့ သုံးယောက် ရောက်မလာကြသေးပါ။ ကျန်းဟောက် နာရီကို တစ်ချက်ကြည့်ကာ မတ်သရူးအား ဖုန်းခေါ်ကြည့်လိုက်သည်။ ဖုန်းက ဝင်သွားပေမယ့် တစ်ဖက်တွင်ဖြေဆိုသူ မရှိ။ ထို့နောက် သူ စာပို့လိုက်သည်။

Zhalways_1 : မတ်သရူး၊ မင်းတို့ မနိုးကြသေးဘူးလား?

မိနစ်အနည်းငယ်ကြာသည်အထိ ပြန်စာ မရခဲ့ပါ။ အတန်းက မကြာခင် စ တော့မည်။ နောက်ကျမှ ရောက်လာပါက သူတို့သေချာပေါက်ကို အပြစ် ပေး ခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ ဆောင်းဟန်ဘင်းကို ဆက်သွယ်ကြည့်ဖို့ တွေးလိုက်သည်။

Zhalways_1 : ဆောင်းဟန်ဘင်း?

တစ်အောင့်နေတော့ ဆောင်းဟန်ဘင်းက စာပြန်လာသည်။

Shanbin : ဟင်?

Zhalways_1 : မင်းက နိုးနေတာဘဲ

Shanbin : အင်း အခု ခေါင်းသိပ်မကြည်လို့ သောက်စရာတစ်ခုခုထွက်

ဝယ်နေတာ

ဆောင်းဟန်ဘင်း မနေ့က မနက် ၃ နာရီကျော်လောက်မှ အိပ်ပျော်သွားခဲ့တာ ဖြစ်သည်။ သူတို့ ၅ ယောက်ထဲတွင် ဆောင်းဟန်ဘင်းက ပထမဆုံးအိပ်ပျော်သွားတဲ့သူဖြစ်တာမို့ ကျန်တဲ့သူတွေ ဘယ်ချိန်အိပ်ကြမှန်း သူမသိ။

သူက အအိပ်ဆက်သူမို့ နိုးနေကျ အချိန်အတိုင်း နိုးလာတာကြောင့် ကျောင်းတော့ နောက်မကျခဲ့ပါ။ အိပ်ရေးမဝတာကြောင့် ခေါင်းနောက်နေဆဲ ဖြစ်ကာ၊ မျက်လုံးကိုလဲ အားတင်းကာ ဖွင့်ထားရတာမို့ ကော်ဖီဘူးဝယ်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။

Zhalways_1 : မတ်သရူးတို့ သုံးယောက်လုံး အခန်းထဲမရောက်လာကြသေးဘူး

Shanbin : သူတို့ကို ငါနဲ့ ဂွန်ဝု

သေချာပေါက် နှိုးခဲ့တာပါ

Zhalways_1 : အိပ်ပျော်နေကြတုန်း ထင်တယ်၊ မင်းလဲ အခန်းထဲ အမြန်ရောက်အောင် ပြန်ဦး

ကျန်းဟောက်ဆီကရတဲ့ သတင်းကြောင့် ဆောင်းဟန်ဘင်း ပြဿနာတော့ တက်ပြီဟု တွေးလိုက်မိသည်။ မနေ့က သူက အဆောင်မှူးကို အကျိုးအကြောင်း သွားပြောထားရတာဖြစ်သည်။ ဒီနေ့မှာ မတ်သရူးတို့ သုံးယောက် ကျောင်းပျက်ခဲ့ပါက သံသယဝင်စရာကောင်းနေမှာ အမှန်ပင်။

သူကော်ဖီဘူး ဝယ်ပြီး စာသင်ခန်းရှိရာသို့ ပြန်လာနေရင်း မတ်သရူးဆီကို ဆက်သွယ်ကြည့်ဖို့ ဖုန်းကိုထုတ်လိုက်

စဉ်မှာပင် ကျန်းဟောက်က စာထပ်ပို့လာခဲ့သည်။

Zhalways_1 : ရောက်လာကြပြီး

ထို့နောက်ပုံတစ်ပုံ

ထိုပုံမှာ သုံးယောက်သား ခေါင်းငုံ့ကာ အတန်းချိန်ဝင်တဲ့ ဆရာဆီက

နောက်ကျသောကြောင့် ဆူခံနေရသောပုံဖြစ်သည်။

ဆောင်းဟန်ဘင်း သက်ပြင်းချလိုက်ရင်း

Shanbin : အတန်းချိန်မှာ ဖုန်းမသုံးနဲ့တော့

ဆောင်းဟန်ဘင်း စာပြန်ပြီးတာနဲ့ typing...... ပေါ်လာတာမို့ ကျန်းဟောက်ဆီက ပြန်စာကို စောင့်နေပေမယ့် တော်ရုံနဲ့ ပြန်စာမရတာကြောင့် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ကာ စာသင်ခန်းဆီသို့သာအလျင်အမြန်ပြန်သွားလိုက်သည်။ သူ ကျောင်းအဆောင်ဆီသို့ရောက်သောအခါ ကျောင်းတက်နေပြီးမို့ လျှောက်လမ်းတွင် လူရှင်းနေပြီဖြစ်သည်။ ဒုတိယထပ်သို့ တက်လာပြီးနောက် ရှင်းလင်းနေသော လျှောက်လမ်း တစ်လျှောက်တွင် ဒူးထောက်ကာ အရှေ့သို့ လက်ဆန့်ထားတဲ့ ဂယူဘင်းကို တွေ့လိုက်ရသည်။ ထို့နောက် အနားသို့ တဖြည်းဖြည်းလျှောက်သွားသည်နှင့် ဂယူဘင်အနားတွင် Ricky ပြီးနောက် မတ်သရူးနဲ့ ကျန်းဟောက်ပါ အပါအဝင် လေးယောက်ကို သူတွေ့လိုက်ရသည်။

အိပ်ချင်စိတ်တို့ ပျောက်သွားပြီး

ဆောင်းဟန်ဘင်းရဲ့ အသိအာရုံထဲ ရယ်ချင်စိတ်တို့သာ ဝင်ရောက်လာ

သည်။ ကျန်းဟောက်မှာတော့ ခြေသံကြားကတည်းက စိတ်မလုံတော့တာမို့ အနောက်ကို တမင်ဆုတ်ကာ မတ်သရူးရဲ့ ခန္ဓာကိုယ်နဲ့ ကာထားဖို့ ကြိုးစားပေမယ့် အရာမထင်။

ထိုခြေသံရဲ့ပိုင်ရှင်မှာ သူ မရောက်လာစေချင်တဲ့ ဆောင်းဟန်ဘင်းရဲ့ ခြေသံဖြစ်ပြီး၊ 1(A) ကိုရောက်ဖို့ 1(B) ကို ဖြတ်သွားရမည်ဖြစ်သည်။

ပုန်းနေလို့ရတဲ့ အနေအထား မဟုတ်တာကြောင့် မျက်နှာကို ဖွက်မထားတော့ဘဲ ရှေ့သို့ တည့်တည့်ကြည့်ကာ၊ ခါးကိုမတ်မတ်ထားရင်း၊ လက်ကို သေချာဆန့်တန်းထားလိုက်သည်။

မတ်သရူးမှာတော့ မျက်လုံးဖွင့်မနိုင် တာကြောင့် မျက်လုံးတို့မှိတ်ကာ

ငြိမ်သက်နေသည်မှာ အိပ်ပျော်နေသည့်အလား။ ကျန်နှစ်ယောက်မှာမူ အလွန်အမင်း ညှင်းပန်းနှိပ်စက်ခံနေရပုံ မျက်နှာမျိုးဖြင့် ရှိနေခဲ့သည်။

ခြေသံကြားရာဘက် လှည့်ကြည့်လိုက်တော့ ပြုံးစိစိမျက်နှာဖြင့် ဆောင်းဟန်ဘင်းကို တွေ့လိုက်ရတာမို့ ဂယူဘင် မျက်မှောင်ကြုတ်ပြလိုက်သည်။ ပြီးနောက် ဆန့်တန်းထားတဲ့ လက်ကိုချကာ ဆောင်းဟန်ဘင်းကို လက်ယက်ခေါ်လိုက်သည်။

ထို့နောက်လေသံလေးဖြင့်

"ဘာတွေ ဝယ်လာတာလဲ ငါ့လဲ နည်းနည်းတိုက်ဦး"

ဆိုကာ အနားရောက်လာသည့် ဆောင်းဟန်ဘင်း ဆီမှ ကော်ဖီဘူးကို ယူကာ တစ်ငုံမော့သောက်လိုက်သည်။

ထို့နောက် Ricky အား ဘူးကမ်းပေးကာ မေးလိုက်သည်။

"သောက်မလား"

Ricky ကခေါင်းသာခါပြလိုက်ပြီး အပြစ်ဒဏ်ကို သေချာလေး လိုက်နာနေသည်။ မတ်သရူးနဲ့ ကျန်းဟောက်ကို ကြည့်တော့လဲ အတည်ကြီး လုပ်နေကြတာမို့ သူ့ဟာသူ နောက်တစ်ငုံပြန်သောက်လိုက်ပြီးမှ ကော်ဖီဘူးကို ပြန်ပေးလိုက်သည်။

"မင်းတို့ သုံးယောက်ကတော့ ဟုတ်ပါပြီး၊ ဘာလို့ ကျန်းဟောက်ပါ အပြစ်ပေးခံထိတာလဲ"

ထိုအခါ ဂယူဘင်က ကျန်းဟောက်ကို တစ်ချက်ကြည့်လိုက်ပြီး

"သူ့ကို ဘယ်သူက အတန်းချိန်ကြီး ဖုန်းသုံးခိုင်းလို့လဲ"

ကျန်းဟောက်မှာလဲ ငြိမ်ခံမနေပါ။

"မင်းတို့သာ အချိန်မှီရောက်အောင်လာရင် ငါ ဖုန်းသုံးစရာလို မှာတဲ့လား"

ထိုအခါ မတ်သရူးက မျက်လုံးတို့

မှိတ်ထားကာ တည်ငြိမ်နေတဲ့အသံဖြင့်

"တော်ကြတော့၊ ခုနကလဲ မင်းတို့ စကားများကြလို့ နေရာခွဲထားလိုက်ပြီးပြီကို၊ အခု ထပ်ပြီး စကားမများကြပါနဲ့တော့၊ ခနလောက် အေးဆေးမှေးပါရစေ"

Ricky ကလဲ တည်ငြိမ်နေတဲ့လေသံဖြင့်

"သေချာငြိမ်ငြိမ်လေးနေနိုင်တဲ့လူကို အထဲပေးဝင်မယ်ပြောတယ်မလား၊ မင်းတို့ တစ်ချက်လေးငြိမ်ငြိမ်နေလို့မရဘူးလား"

"ငါတို့ကို ဘယ်သူမှ စောင့်မကြည့်နေဘူးလေ၊ အခန်းရှေ့မှာ ဆော့နေမှာစိုးလို့ တမင်ပြောသွားတာကို တကယ်ယုံနေတာလား"

ကျန်းဟောက်နဲ့ ဂယူဘင်ရဲ့ တစ်ပြိုင်

နက်တည်း ထွက်လာတဲ့လေသံကြောင့်

စာသင်ခန်းထဲမှ ဆရာဖြစ်သူက ခေါင်းပြူထွက်လာပြီး

"ဟေး မင်းတို့တွေ၊ တကယ်ကြီး လုပ်ချင်ရာလုပ်လို့ရမယ် ထင်နေတာပေါ့လေ၊ မတ်သရူးနဲ့ ricky နောက် ငါးမိနစ်နေရင် ဝင်လာတော့၊ ကျန်းဟောက်နဲ့ ဂယူဘင်က အဲ့တိုင်းဆက်နေရမယ်၊ မင်းတို့အရွယ်ကောင်လေးတွေက ထိန်းရကိုခက်တယ်"

ဆရာက ပြန်ဝင်မယ်လုပ်ပြီးမှ ခေါင်းပြန်လှည့်လာပြီး

"ဆောင်းဟန်ဘင်း အခန်းထဲပြန်တော့ မင်းက တစ်ကျောင်းလုံး ပထမဆိုရင်တောင် စာသင်ချိန်မှာ စာသင်ခန်းထဲရှိနေဖို့ လိုအပ်နေတုန်းဘဲ"

"ဟုတ်ကဲ့ပါ"

ဆောင်းဟန်ဘင်း ဦးညွတ်ကာ ပြောလိုက်သည်။ ပြီးနောက် ဂယူဘင်ကို ကြည့်ကာ စကားမများဖို့ လက်ညိုးကို နှုတ်ခမ်းရှေ့ထားရင် လုပ်ပြကာ ကျန်းဟောက်ကို ကြည့်လိုက်တော့ အလိုမကျစွာ ဆူပုတ်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူလဲ သူ့အတန်းသို့သာ သွားလိုက်သည်။

နောက် ၁၅ မိနစ်ကြာတော့ ဆရာက ကျန်းဟောက်တို့နှစ်ယောက်ကို အခန်းထဲ ဝင်ခွင့်ပြုလိုက်သည်။ ကျန်းဟောက် အတန်းထဲ ဝင်လာချိန်တွင် တွေ့လိုက်ရသည်မှာ Ricky က သူ့နေရာတွင် ထိုင်နေတာဖြစ်သည်။

ဆရာက စာသင်နေတုန်းမို့ သူ မမေးနေတော့ဘဲ ဂယူဘင်နားက ခုံမှာဝင်ထိုင် လိုက်ရတော့သည်။ ဂယူဘင်က ကျေနပ်ပုံမပေါ်။ ထို့နောက် မတိုင်ပင်ပါဘဲ နှစ်ယောက်သား ဆန့်ကျင်ဘက်ဆီသို့ ထိုင်ခုံကိုကိုင်ကာ အတူ ရွှေ့လိုက်ကြ

သည်။

ဂယူဘင်ကလဲ ကျန်းဟောက်ရဲ့လုပ်ရပ်ကြောင့် အံ့အားသင့်သွားရပြီး ကျန်းဟောက်မှာလဲ ထို့အတူပင် မကျေနပ်သည့် မျက်လုံးများဖြင့် ပြန်ကြည့်လာသည်။

ဆရာအတန်းချိန်ပြီးလို့ ထွက်သွားသည်နှင့် ကျန်းဟောက်မှာ အတင်း အောင့်အီးနေခဲ့ရပုံဖြင့်

"Ricky မင်းနေရာ မင်းပြန်လာနေ"

Ricky မှာ လှည့်ပင်ကြည့်မလာပေ။

ထိုအခါ ဂယူဘင်မှာလဲ ပြာပြာသလဲလဲ ဖြင့်

"Ricky ပြန်လာခဲ့"

Ricky မှာ လှည့်ကြည့်မလာသည့်အပြင် မှောက်ပါအိပ်သွားသေးသည်။

ထို့ကြောင့် မတ်သရူးကို လှမ်းပြောရတော့သည်။

"ဒါမှမဟုတ် မတ်သရူး မင်းဒီမှာ လာ ထိုင်"

ထိုအခါ မတ်သရူးက လှည့်ကြည့်လာသည်။

"မင်းအရင်က ငါနဲ့မထိုင်ချင်ဘူးမလား၊ အခု ဆန္ဒပြည့်သွားတယ်မှတ်လိုက်"

"ဘယ်ကလာ မင်းနဲ့ထိုင်ရတာက ဂယူဘင်နဲ့ အတူနေရတာထက် အများကြီးကောင်းတယ်"

မတ်သရူးကပါ သူ့ကို လျစ်လျူရှုပြီး မှောက်အိပ်သွားတာမို့ ကျန်းဟောက် ဘာမှ မတတ်နိုင်။ နာနေတဲ့ သူ့ဒူးခေါင်းကို ပွတ်ရင်းသာ နေရာတွင် ဆူပုတ်ပုတ်ဖြင့် ထိုင်နေသည်။

နေ့လည်စာ စားချိန်တွင်လဲ မတ်သရူးနဲ့ Ricky က သူတို့နှစ်ယောက်ကို လျစ်လျူရှုထားကြသည်။

ကြည့်ရတာ ဒီတစ်ခါတော့ ရန်ဖြစ်လွန်းတဲ့ နှစ်ယောက်ကြား ပေါင်းကူးတံတား မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပုံရသည်။ဂယူဘင်ကတော့ နောက်မှ ထပ်ကြပ်မခွါ လိုက်သွားပေမယ့် ကျန်းဟောက်ကတော့ နေခဲ့ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူနဲ့ဂယူဘင်က ကတောက်ကဆ ဖြစ်နေကြပင်။ ဒီတစ်ခါလဲ သူတို့နှစ်ယောက် စကားများကြပြီး အပြစ် အတူပေးခံခဲ့ရသေးသည်။

အကြောင်းမှာ ကျန်းဟောက်က ဖုန်းခိုးသုံးနေတာ မိသွားတာကြောင့်

နောက်ကျမှ ရောက်လာတဲ့ မတ်သရူးတို့နဲ့ အတူ အပြစ်ပေးခံခဲ့ရသည်။

ပြဿနာက ထိုနေရာမှာတင် စ တာဖြစ်သည်။ ဂယူဘင်က ဗီဇအတိုင်း ကျန်းဟောက်ကို အပြစ်အတူပေးခံရတာမို့ စ နောက်လာခဲ့သည်။ ကျန်းဟောက်ကလဲ သူ့ဘဝ မှာ ဒီလိုဒူးထောက်အပြစ်ပေးခံရတာမျိုးက မကြုံဖူးတာမို့ စိတ်ဆိုးဆိုးဖြင့် ပြန်ပြောရာကနေ စကားများကြတာ ဖြစ်သည်။

အခုလဲ သူဘဲ အမှားလုပ်ထားသလို ဆက်ဆံခံရတာမို့ နောက်ကနေ လိုက်မခေါ်ချင်တော့ပါ။ ထို့ကြောင့် တစ်ခါမှ မသုံးဖြစ်တဲ့ ထမင်းစားကတ်ကို

ကိုင်ကာ ကျောင်းကန်တင်းဆီသို့ ခြေထောက်လေး ထော့နဲ့နဲ့ဖြစ် ဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။

သူ့မှာ ပထမဦးဆုံးကျောင်းကန်တင်းထဲ ရောက်ဖူးတာမို့ အနည်းငယ်ကြောင်အနေကာ လစ်ဟာနေသလိုလဲ ခံစားနေရသည်။ သူ့ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေရတာကို နေသားကျလာပေမယ့် ၂ လ တာအချိန်အတွင်းမှာ မတ်သရူးတို့နဲ့ဘဲ အတူရှိလာတာဖြစ်ပြီး အခုကျ သူတစ်ယောက်တည်းဖြစ်သွားတာမို့ ဟာတာတာ ခံစားချက်က စ တင်ပေါ်ပေါက်လာသည်။

"တစ်ယောက်တည်းလား မတ်သရူးတို့ရော"

ဆောင်းဟန်ဘင်းက ဘယ်နားကနေမှန်း မသိ သူ့အနားရောက်လို့နေသည်။

တစ်ချက်လှည့်ကြည့်ပြီးနောက် အလိုမကျတဲ့ မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

"မသိဘူး"

"အတူတူစားရအောင်"

"Ok"

သူတို့ စားချင်တဲ့ ဟင်းတွေရွေးထည့်ပြီးနောက် ခုံနေရာရှာကာ ထိုင်လိုက်ကြသည်။ စိတ်အခြေနေမကောင်းပေမယ့် ကျန်းဟောက် အစားတော့ ကောင်းကောင်းစားသည်။ တကယ်တော့ ကျောင်းကန်တင်းက အစားအသောက်ရဲ့ အရသာမှာ မဆိုးလှ။ အရမ်းကြီးကောင်းနေတာမျိုး မဟုတ်ပေမယ့် စားလို့ရတဲ့ အနေအထားမျိုးဖြစ်သည်။

"အရမ်းကြီးလဲ အခြေနေမဆိုးပါဘူး"

ကျန်းဟောက် စားနေရင်း စဉ်းစဉ်းစားစားဖြင့် ပြောထွက်မိလိုက်သည်။

"ဟမ် ဘာကိုလဲ"

"ကန်တင်းက အစားအသောက်ကို ပြောတာ၊ သူတို့နဲ့ဆို အမြဲဝယ်စားဖြစ်တယ်လေ ကန်တင်းကဟာ မကြိုက်လို့ဆိုပြီး"

"အော်..... Ricky က တော်ရုံတန်ရုံအရသာဆို ခံတွင်းမတွေ့ဘူးလေ၊ သူကြိုက်ပြီးဆို အရမ်းကောင်းနေလို့ဘဲ"

"မင်း သူတို့အကြောင်းတော်တော်သိတာဘဲ"

"မတ်သရူးနဲ့ အခန်းဖော်လဲဟုတ်သလို အလယ်တန်းတုန်းကလဲ အတူတူဘဲ၊ ဂယူဘင်နဲ့လဲ သိတာကြာပြီး၊ Ricky ကတော့ နောက်ဆုံးမှ သိတာဆိုပေမယ့် နှစ်နှစ်လောက်တော့ရှိပြီးထင်တယ်"

ဆောင်းဟန်ဘင်း စကားကြားတော့ ကျန်းဟောက် သိချင်စိတ်ဖြင့် မေးရန်တွေးလိုက်သည်။

"ဒါဆို မင်းကိုဘာလို့ သူတို့နဲ့ အတူမတွေ့မိတာလဲ"

"အခန်းမတူတာကြောင့်လဲပါတယ်၊ ပြီးတော့ မတ်သရူးက တစ်ယောက်တည်းဆို မနေတတ်တဲ့သူမျိုး၊ ဂယူဘင်ကလဲ Ricky နဲ့ဘဲအနေများတယ်ဆိုတော့၊ ကျောင်းဆင်းချိန်တွေမှာဘဲ တွေ့ဖြစ်ကြတာ၊ မနေ့ညကလိုပေါ့"

မနေ့က အကြောင်းက ပါလာတာမို့ ကျန်းဟောက် အလိုလိုနေရင်း မျက်နှာမကောင်းဖြစ်သွားတာကို ဆောင်းဟန်ဘင်း သတိထားမိလိုက်သည်။

"ရန်ဖြစ်ထားတာလား"

"အင်း"

"ဂယူဘင်နဲ့လား"

ကျန်းဟောက် ခေါင်းသာညိတ်ပြပြီး ထမင်းစားနေလိုက်သည်။

"ဂယူဘင်ကိုက စိတ်မဆိုးပါနဲ့၊ သူက တကယ်စိတ်ထားကောင်းပါတယ်၊ နည်းနည်း စ နောက်တတ်တာလေးဘဲရှိတာ"

ကျန်းဟောက် ဆောင်းဟန်ဘင်းကို ကြည့်လိုက်ကာ စကားပြောဖို့အတွက် ထမင်းကို အရင်မြိုချပြီး

"ဟိုနှစ်ယောက်လဲ အမြဲအဲ့တိုင်းပြောပြီး ဒီနေ့ကျတော့မှ ပစ်ထားဖို့ တွေးလိုက်ကြတာလေ"

ကျန်းဟောက် စိတ်မကျေနပ်စွာ တူဖြင့် နှစ်ချက် ဆောင့်လိုက်ပြီး

"သူတို့သာ အမြန် အချိန်မှီလာရင် ငါ ဖုန်းသုံးနေစရာအကြောင်းမရှိဘူးလေ"

ဆောင်းဟန်းဘင်းပြုံးလိုက်သည်။ နဂိုကတည်းက ကလေးဆန်တဲ့ ပုံစံရှိတာလား၊ ဂယူဘင်ကြောင့်ဘဲ ဒီလိုပုံစံ ထွက်လာတာလဲ သူမတွေးတတ်။ အခု သူ့ရှေ့က ကျန်းဟောက်မှာ မူလတန်း ကလေးတစ်ယောက်လိုပင် အလိုမကျသည်များကို ပွစိပွစိလုပ်ကာ ပြောနေတော့သည်။

"ကဲပါ.... ထမင်းအရင်ပြီးအောင် စားရအောင်၊ ပြီးတာနဲ့ ဆေးပေးခန်းသွားကြမယ်"

"ဆေးပေးခန်း?"

"အင်း ခြေထောက်နာနေတာမလား"

ထိုအခါမှ ကျန်းဟောက်တစ်ယောက် ဒူးခေါင်းက ဝေဒနာကို သတိရသွားပြီး

"ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး"

"သွားလိုက်ပါ မနက်ဖြန်ဆို ညိုနေလိမ့်မယ်"

ကျန်းဟောက်ငြင်းဆန်ဖို့ ကြိုးစားလိုက်ပေမယ့် ဆောင်းဟန်ဘင်းက လက်မခံတာမို့ သူငြိမ်နေလိုက်ရသည်။

စားသောက်ပြီးနောက် သူတို့ ဆေးပေးခန်းကို အတူသွားလိုက်ကြသည်။ ခြေထောက် အနည်းငယ်သာ နာနေတာမို့ ကူတွဲပေးစရာတော့ မလိုပေ။ သို့ပေမယ့် ဖြည်းဖြည်းလေးသာလျှောက်နေတဲ့ ကျန်းဟောက်အနားကနေ အဖော်ပြုကာ ဆောင်းဟန်ဘင်းက စိတ်ရှည်ရှည်ဖြင့် လိုက်ပေးခဲ့သည်။

ဆေးပေးခန်းရောက်တော့ ဒေါက်တာဖြစ်သူ ဆရာဝန်မက အကျိုးအကြောင်းမေးလေသည်။

"ဆရာချွဲတို့ကတော့ အရင်အတိုင်း ဒေါသကြီးနေတုန်းဘဲ၊ တခြားအချိန်ဆို ကိစ္စသိပ်မရှိပေမယ့် သူ့အချိန်ဆို ရင်တော့ ဆင်ခြင်သင့်တယ်"

ကျန်းဟောက် ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်သည်။

"ဒါလေး လိမ်းထားလိုက်၊ ညကျရင်လဲ တစ်ခေါက်ထပ်လိမ်း"

ဒေါက်တာက လိမ်းဆေးဘူးလေး ပေးကာ ထွက်သွားပြီဖြစ်သည်။

ကျန်းဟောက် သူ့ဘောင်းဘီတွေကို ဒူးပေါ်ဆွဲတင်လိုက်တော့ ဒူးနှစ်ဖက်မှာ အနည်းငယ် နီမြန်းနေသည်။ နာနေရုံလေးဘဲဟု တွေးထားခဲ့တာမို့ ဒီလိုနီနေမယ်လို့ မထင်ထားတာကြောင့် ကျန်းဟောက် အံ့ဩသွားရသည်။

"ဆေးပေးခန်းသွားရမယ်လို့ပြောသားဘဲ၊ ငါလိမ်းပေးမယ်"

"မလိုဘူး-"

ဒေါက်တာက လိမ်းဆေးဗူးကို ဆောင်းဟန်ဘင်း လက်ထဲထည့်ပေးသွားမို့ ဆောင်းဟန်ဘင်းက ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး ဆေးဗူး အဖုံးကို ဖွင့်ကာ လိမ်းပေးဖို့ပြင်နေပြီးဖြစ်သည်။

ထိုစဉ် ဂယူဘင်ရဲ့ အလောတကြီး မေးသံကို ကြားလိုက်ရသည်။

"ဒေါက်တာ ကျန်းဟောက်ဘယ်မှာလဲ"

"ကုတင် နံပါတ် ၂ မှာ"

အလောတကြီး ဝင်လာတဲ့ ဂယူဘင်တို့ တွေ့လိုက်ရသည်မှာ ဒူးလေး တစ်ဖက်ထောင်ထားကာ ငုတ်တုတ်လေးထိုင်နေတဲ့ ကျန်းဟောက်ကို ဆောင်းဟန်ဘင်းက ဆေးလိမ်းပေးနေတဲ့ မြင်ကွင်းဖြစ်သည်။

ထို့နောက် သူ့ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားသည်က

"အို့ နှောင့်ယှက်မိပြီလား"

ကျန်းဟောက် ထိုစကားကြောင့် ပူထူသွားရပြီး

"ငါတို့က ဘာလုပ်နေလို့လဲ"

ပြောရင်း ဆောင်းဟန်ဘင်းလက်ထဲမှ ဆေးဗူးကို ပြန်လုယူလိုက်သည်။

"ငါက မင်းဆေးပေးခန်းသွားရတယ်ကြားလို့ ဘာများဖြစ်တာလဲလို့ လာကြည့်တာ"

"ငါ ဆေးပေးခန်းသွားရတာကို မင်းက ဘယ်လိုသိတာလဲ"

မတ်သရူးနဲ့ Ricky လဲအတူပါလာကြပြီး

"မင်းအကြောင်းဆို မင်းဘာလုပ်တယ် ဘာညာ အကုန် အချိန်နဲ့တပြေးညီသိရတယ်လေ၊ နောက်တော့ ဆောင်းဟန်ဘင်းလဲ ပါတာကိုး"

ထို့နောက် ဂယူဘင်က မျက်နှာထားဖြင့် သူတွေ့ခဲ့တဲ့ ပို့စ်မှာရေးထားတဲ့ စာကို ပြန်ရွတ်ပြလာခဲ့သည်။

"အမယ်လေး ဘယ်လိုတောင်လဲ!!!! ကျန်းဟောက်က ဘယ်နားထိခိုက်သွားလို့ ဆေးပေးခန်းကိုသွားရတာလဲ? ဆောင်းဟန်ဘင်းနဲ့ ဂျန်ယူရီကို လုကြရင်း ရန်ဖြစ်ကြတာလား၊ ဆောင်းဟန်ဘင်းက အရမ်းကြင်နာတတ်တာဘဲ၊ ရန်ဖြစ်ပြီးတာတောင် ဆေးပေးခန်းကို လိုက်ပို့ပေးနေတုန်းဘဲ"

ဂယူဘင် ဆက်တိုက်ပြန်ရွတ်ပြရာကနေ ခနနားပြီးနောက် ဆက်ပြောလာသည်။

"တမင်ကို လုပ်ကြံပြီးပြောထားတာဘဲ၊ ဆောင်းဟန်ဘင်း မင်းရဲ့ တချို့ fan တွေက လွန်ကိုလွန်တယ်"

ထို့နောက် ကျန်းဟောက်ကို ကြည့်ကာ

"မင်းကရော ဘယ်လိုဖြစ်တာတုန်း၊ တကယ်ကြီး ဂျန်ယူရီကို ကြိုက်နေတာလား? တကယ်ကြီး ရန်ဖြစ်ပြီး ခံလိုက်ရတာလား"

ကျန်းဟောက်မှာ စိတ်မရှည်စွာဖြင့် ဘုနဲ့ဘောက်ပြောလိုက်သည်။

"မင်းက ဆောင်းဟန်ဘင်းရဲ့ fan လား? ပြီးတော့ ဂျန်ယူရီက ဘယ်သူလဲ?"

ကျန်းဟောက်နဲ့ ဂယူဘင် သူတစ်ခွန်း ကိုယ်တစ်ခွန်းပြန်ပြောနေကြတုန်း ဆောင်းဟန်ဘင်းက ကျန်းဟောက်ဆီမှ ဆေးဗူးလေးကို ပြန်ယူပြီး ဆေးဆက်လိမ်းပေးနေလိုက်သည်။ ဒါကို မြင်တဲ့ ဂယူဘင်က ထပ်မေးလာသည်။

"ဒူးက ဘယ်တုန်းကထိသွားတာလဲ"

"မနက်က အပြစ်ပေးခံထိတုန်းက"

"မင်းက တကယ်ပျော့တာဘဲ"

"မင်း ဘယ်သူ့ကို ပျော့တယ်လို့ ပြောနေတာလဲ၊ မင်းတို့လဲ ဒူးထောက်ရတာဘဲလေ၊ မင်းတို့ရော မနာဘူးလား?"

အားကစားသမားဖြစ်တဲ့ Ricky တို့အတွက်တော့ ထိုမျှလောက်ကို နာတယ်လို့ မသတ်မှတ်တော့ပေ။ ထို့ကြောင့် သူတို့ တိတ်တိတ်လေးသာနေ နေလိုက်သည်။ မနေနိုင်တဲ့ ဂယူဘင်ကတော့

"အဲ့ဒါဆို ဘာလို့ မင်းခြေထောက်က ပြောင်ချောပြီးလှနေရတာလဲ"

ဂယူဘင်ရဲ့ စကားကြောင့် ဆေးလိမ်းပေးနေတဲ့ ဆောင်းဟန်ဘင်းမှာလဲ ရပ်တန့်သွားရပြီး ဘာရယ်မဟုတ်ဘဲ ကျန်းဟောက်ရဲ့ ခြေထောက်လေးတွေဆီ အကြည့်ရောက်သွားရသည်။ ကျန်းဟောက်က နဂိုကတည်းက အသားအရည်က ဖြူဖြူကြည်ကြည်လေးဖြစ်သည်။ နေမထိတဲ့ ခြေသလုံးသားလေးတွေဆို သွေးကြောစိမ်းလေးတွေပါ မြင်နေရပြီး၊ ခြေချောင်းတွေဆိုရင်လဲ သေချာသန့်ရှင်းရေးလုပ်ပုံရကာ နီရဲရဲလေး ဖြစ်နေသည်။

ဆောင်းဟန်ဘင်းရဲ့အကြည့်ကို သတိထားမိသွားတဲ့ ကျန်းဟောက်ရဲ့

နားရွက်လေးတွေမှာလဲ တဖြည်းဖြည်း နီမြန်းသွားရသည်။

အရင်ဦးဆုံးတုံ့ပြန်လာသူမှာ ကျန်းဟောက်ဖြစ်ပြီး သူ့ဘောင်းဘီကို ပြန်ဆွဲချလိုက်သည်။ ထိုအခါမှဘဲ ဆောင်းဟန်ဘင်းလဲ အကြည့်လွှဲလိုက်ဖို့ သတိရသွားသည်။

"မင်းက ဘယ်နေရာကိုလာကြည့်နေတာလဲ"

ခြေထောက်လေးဘဲဟာကို ဘာလို့ အဖြစ်သဲနေလဲဆိုတာ ဂယူဘင်မှာ

နားမလည်နိုင်တာကြောင့်

"ဘာလို့ ငါ့ကိုနှာဘူးကြီးလို ဆက်ဆံ-"

"အ့— ဘာလို့ခေါက်တာလဲ"

Ricky က စိတ်မရှည်စွာဖြင့် ဂယူဘင်ရဲ့ ခေါင်းကို လှမ်းခေါက်လိုက်ကာမှ စကား စ ပြတ်သွားရသည်။ မတ်သရူးကလဲ စိတ်မရှည်စွာဖြင့်

"မင်း ဒီကို ပြန်ချော့ဖို့ လာတာမလား? ဘာလို့ အရေးမကြီးတာတွေပြောနေတာလဲ"

ကျန်းဟောက်က နှာတစ်ချက်မှုတ်ကာ အကြည့်လွှဲလိုက်ပြီး ဖိနပ်စီးနေလိုက်သည်။

ဂယူဘင်က ချောင်းတစ်ချက်ဟန့်ကာ

"မင်း စားပြီးပြီးလား"

"ဆောင်းဟန်ဘင်းနဲ့ စားပြီးပြီ"

"ဟုတ်လား ဒါဆို နှမျောစရာဘဲ၊ ငါက ကျောင်းရှေ့ဆိုင်ကနေ မင်းကြိုက်တာတွေ အများကြီးဝယ်လာခဲ့တာ"

"ဘာကို နှမျောစရာဘဲလဲ၊ ငါ မစား

နိုင်တော့ဘူးလို့ ဘယ်သူပြောလဲ"

ဂယူဘင် တစ်ချက်ပြုံးလိုက်ပြီး၊

"ဒါဆို မင်းနဲ့ငါနဲ့ ကျေအေးပြီနော်"

"ဘာကို ကျေအေးရမှာလဲ၊ မင်းချော့တိုင်း ငါ ကျေအေးပေးရမှာလား"

ဖိနပ်စီးလို့ပြီးသွားတာမို့ သူထိုင်ရာမှ ထ ကာ သူ့ထက်အနည်းငယ်ပိုမြင့်တဲ့ ဂယူဘင်ကို မော့ကြည့်လိုက်ပြီး

"ငါလဲတောင်းပန်ပါတယ်၊ ကိုယ့်ဟာကိုယ် အပြစ်ပေးခံထိတာကို မင်းကို အပြစ်မပုံချသင့်ဘူး"

"မဟုတ်တာ ငါလဲ မင်းကို မ စသင့်ဘူး"

ပြန်စဉ်းစားကြည့်ရင် ကျန်းဟောက် အပြစ်ပေးခံထိတာကို ဂယူဘင်တို့အပေါ် အပြစ်တင်လို့မရပေ။ သူကသာ

အပြစ်ပေးခံထိနေတဲ့ သုံးယောက်ကို ဟားတိုက်ချင်တာမို့ ဆောင်းဟန်ဘင်းဆီ စာပို့ဖို့လုပ်ရာကနေ ဆရာက မိသွားတာဖြစ်သည်။ ထို့ကြောင့် သူ့ဘက်ကနေလဲ တောင်းပန်လိုက်ဖို့ တွေးမိတာဖြစ်သည်။

မနက်ကရန်ဖြစ်ကြတာ သူတို့မဟုတ်တဲ့အတိုင်း ပြန်ပြေလည်သွားခဲ့ကြသည်။

"ပြီးတော့ မတ်သရူးနဲ့ Ricky! မင်းတို့ ဘယ်လိုတောင် ငါ့ကို လျစ်လျူရှုနိုင်ရတာလဲ? နောက်တစ်ခါဆို တကယ် မခေါ်ဘဲနေလိုက်မှာ"

ကျန်းဟောက်ရဲ့ အာရုံက သူတို့နှစ်ယောက်ဆီ ပြန်ရောက်သွားတာမို့ အကင်းပါးတဲ့ မတ်သရူးက

"အို့ ကျောင်းတက်တော့မှာဘဲ၊ ဝယ်လာတာတွေ အခုမစားရင် နောက် စားမကောင်းဘဲနေတော့မှာဘဲ"

ထိုအခါ ကျန်းဟောက်က ဂယူဘင်ကို ဆွဲခေါ်သွားကာ

"ဘယ်မှာလဲ မင်းတကယ် ဝယ်ခဲ့တာရော ဟုတ်ရဲ့လား"

"အခန်းထဲမှာ၊ မင်းရဲ့စားပွဲပေါ်မှာ တင်ထားခဲ့တာ"

အပေးယူမျှသွားတဲ့ နှစ်ယောက်ကို ကြည့်ရင်း မတ်သရူးတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။

ကျန်းဟောက်က နောက်ပြန်လှည့်

ကြည့်လာပြီး

"ဆောင်းဟန်ဘင်း မင်းပါလိုက်ခဲ့၊ အတူစားကြတာပေါ့"

ဟုဆိုကာ သူ့စကားကိုတောင် မစောင့်ဘဲ ကျန်းဟောက်က ဂယူဘင်နဲ့ အတူထွက်သွားပြီးမို့ သူ ဆေးဗူးကို အဖုံးပိတ်လိုက်ကာ မတ်သရူးတို့နဲ့အတူ လိုက်သွားတော့သည်။

—————————

ညနေ စာကြည့်ချိန်တွင်

ပြဿနာတွေ ဖြေရှင်းပြီးတဲ့ အချိန်က စိတ်ခံစားချက် အကောင်းဆုံးအချိန်ဖြစ်သည်။ သူစာလုပ်နေရင်း စျာန်ဝင်ကာ ဘေးပတ်ဝန်ကျင်ကိုပါ မေ့လျော့သွားရသည်။

"ဆောင်းဟန်ဘင်း ဒီနားလေးမှာ ငါ ဖြေရှင်းလို့မရတာ နည်းနည်းရှိနေတယ်ထင်တယ်၊ ပုံသေနည်းမှား———"

သူလှည့်ကြည့်လိုက်တဲ့အချိန်မှာ ဆောင်းဟန်ဘင်းက သူ့အနားတွင် ဘောပင် ကိုင်ထားရင်း အိပ်ပျော်နေတာဖြစ်သည်။ အချိန်ကို ကြည့်လိုက်တော့ ၇ နာရီ ခွဲတော့မည်။ သူ ဒီနေ့ အာရုံစိုက်လွန်းနေတာမို့ သူ့အနားမှာထိုင်နေတဲ့ ဆောင်းဟန်ဘင်းကိုပင် သတိမထားမိဖြစ်သွားရသည်။ ဆောင်းဟန်ဘင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပုံရတာမို့ အိပ်ပျော်နေတာ အနည်းငယ် ကြာပြီလို့ ယူဆလို့ရသည်။ ထို့ကြောင့်ကျန်းဟောက်သတိမထားမိတာ ထူးတော့ မထူးဆန်ပေ။

ဆောင်းဟန်ဘင်း အိပ်ပျော်နေတာတွေ့တော့ သူလဲ အကြောဆန့်ကာ သန်းလိုက်သည်။

ပြီးနောက် သူလဲ စားပွဲပေါ်ခေါင်းတင်၍ ဆောင်းဟန်ဘင်းဘက်သို့ မျက်နှာမူကာ မှောက်အိပ်လိုက်သည်။

သူ့ရှေ့ကလူမှာ အသက်ရှူနှုန်း ပုံမှန်ဖြင့် အေးအေးချမ်းချမ်းကို အိပ်ပျော်နေတာကိုကြည့်ရင်း သူကိုယ်တိုင်ပါ အိပ်ချင်လာရသည်။ ခေါင်းချလိုက်တာနဲ့ အနားယူချင်စိတ်က တိုးဝင်ရောက်လာပြီး ဘာမှမတွေးဘဲ ဆောင်းဟန်ဘင်းရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို လိုက်ကြည့်နေမိသည်။

ဖြောင့်စင်းနေတဲ့ဆံစတွေက နဖူးပေါ်ဝဲကျနေကာ အနည်းငယ်ရှည်နေတာမို့ မျက်ခုံးအောက်ထိကို ရှိနေပြီးဖြစ်သည်။ ပြီးနောက် သူအကြည့်တွေ ရွှေ့လျားသွားပြီး ဆောင်းဟန်ဘင်းရဲ့ ရှည်လျားတဲ့ မျက်တောင်လေးတွေကို ကြည့်နေမိသည်။ မီးရောင်ကြောင့် အရိပ်ကျနေတာမို့ ပုံမှန်ထက် ပိုရှည်သလိုဖြစ်နေတယ်လို့ သူတွေးလိုက်မိသည်။

'သူ့ရဲ့မျက်တောင်လေးတွေက တော်တော်ရှည်တာဘဲ၊ ဆန်လုံးလေးတွေ တင်ထားလို့ ရနိုင်လောက်လား'

ကျန်းဟောက်တွေးလိုက်ပြီးနောက် မျက်လုံးတို့ မှိတ်လိုက်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

===============

TBC..........

21 November, 2024