Chapter 9: အပိုင်း (၈) အန္တရာယ်များတဲ့ ယောကျ်ား

My other halfWords: 29508

ည ၈ နာရီထိုးတော့မှာ ဖြစ်သည်။ ကျောင်းဂိတ်တံခါးက ကျောင်းအဆောင်နေ ကျောင်းသားတွေအတွက် ည ၉ နာရီထိတော့ တံခါးဖွင့်ထားပေးပေမယ့် သူတို့အပြင်ထွက်ချင်တိုင်း ထွက်ခွင့်မရပေ။ အဆောင်မှူး ဆရာဖြစ်သူထံမှ ခွင့်ပြုချက်တောင်းရတာဖြစ်သည်။ ဆောင်းဟန်ဘင်းမှာတော့ အပြင်သင်တန်းရှိတဲ့ရက်ဆို အထူးခွင့်ပြုချက်ဖြင့် ည ၁၀ နာရီမှ ပြန်ရောက်တတ်သည်။

ဒီနေ့အဖို့တော့ စာအတူကြည့်တာ လုံလောက်ပြီးမို့ စာအုပ်တွေ ကိုယ်စီသိမ်းလိုက်ကြသည်။ စာကြည့်တိုက်ထဲ တွင်လဲ လူသိပ်မကျန်တော့ပေ။ ဟိုနေရာ ဒီနေရာကိုမှ ကျောင်းသား အနည်း ငယ်သာကျန်တော့သည်။ ထိုကျောင်းသားတွေကလဲ အဆောင်နေ ကျောင်းသားတွေဖြစ်နိုင်သည်။

ပြန်ဖို့အဆင်သင့်ဖြစ်ပြီမို့ ကျန်းဟောက် လွယ်အိတ် လွယ်ကာ ထ ရပ်လိုက်ကာ ပြောလိုက်သည်။

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ မင်းဆီက အကူညီအများကြီး ရ လိုက်ပါတယ်"

"မင်းလဲ ရူပနဲ့ သိပ္ပံမှာ တော်ပါတယ်၊ မင်းရဲ့ရှင်းလင်းချက်တွေနဲ့ မှတ်သားပုံတွေက လုံးဝမိုက်တယ်"

"ဒါဆို ငါသွားတော့မယ်"

ဆောင်းဟန်ဘင်းကလဲ ထရပ်ကာ လွယ်အိတ်လွယ်ရင်း ပြောလိုက်သည်။

"ဘတ်စ်ကားမှတ်တိုင်ထိ လိုက်ပို့ပေးမယ်"

"ကျောင်းအဆောင်နေတာမလား၊ မပို့နဲ့တော့ တံခါးပိတ်သွားရင် ဘယ်လိုလုပ်မလဲ? နောက် မင်းလေ့ကျင့်ရဦးမှာလေ"

"မိနစ်နည်းနည်းလေးလောက်က ဘာမှ မဖြစ်ပါဘူး"

သို့ပေမယ့် ကျန်းဟောက်က လက်မခံ

"ရပါတယ် ငါ့ဟာငါ ပြန်လိုက်မယ်၊

မင်းက နတ်သားလား အကုန်လိုက်ဂရုစိုက်နေရအောင်၊ ဒီလောက်ထိ မင်းရဲ့အချိန်ကို ယူထားတာ တော်ပြီပေါ့၊ နောက်နေ့မှ တွေ့မယ်"

ဟုဆိုကာ လက်ယမ်းပြရင်း ထွက်လာခဲ့သည်။ ထိုအခါ ဆောင်းဟန်ဘင်းကလဲ အတူလိုက်ထွက်လာရင်း

"ဒါဆို ကောင်းကောင်းပြန်ပါ၊ တစ်ခုခုဆို ဖုန်းဆက်လိုက်"

"အဲ့လောက်ကြီးလဲ စိတ်မပူပါနဲ့ ငါက ယောကျ်ားပါ"

ကျန်းဟောက်က သူ့ရင်ဘက် သူပုတ်ပြရင်း ပြောလာသည်။

ဆောင်းဟန်ဘင်း ပြုံးကာ လက်ယမ်းပြလိုက်သည်။

"ဟုတ်ပါပြီး၊ ကောင်းကောင်းသွား"

ကျန်းဟောက်က ပြန်ပြီမို့ ဆောင်းဟန်ဘင်းလဲ အဆောင်မပြန်သေးဘဲ ကလပ်ရှိရာသို့သာ ထွက်လာခဲ့သည်။

သူတံခါးဖွင့်လိုက်သည်နှင့် မလေ့ကျင့်ဘဲ PUBG ဆော့နေကြတဲ့ မတ်သရူးတို့ အုပ်စုကို တွေ့လိုက်ရသည်။ ဂယူဘင်နဲ့ Ricky တို့ပါရောက်နေကြတာ ဖြစ်သည်။

"မင်းတို့တွေ မလေ့ကျင့်ဘဲ ဆော့နေကြတာလား?"

ဂယူဘင်က အဆော့မပြတ်ဘဲ ပြန်ပြောလိုက်သည်။

"အိုက်ယိုးးးး ခေါင်းဆောင်က အခုမှ ရောက်တာလေ၊ တခြား အသင်းသားတွေတောင် ပြန်ကုန်ပြီး"

မတ်သရူးကလဲ သူ knocked out ခံလိုက်ရတာမို့ မော့ကြည့်လာပြီး

"ယူဂျင်းကလဲ မင်းကိုသတိရလို့ လာလည်သွားသေးတယ်၊ ဒါပေမယ့် သူက အခုမှ အလယ်တန်းဘဲရှိသေးတော့ အချိန်အကြာကြီးနေမရလို့ ပြန်သွားနှင့်ပြီ"

"ဟုတ်လား နောက်မှ သူ့ကို ဖုန်းဆက်လိုက်မယ်"

ဟန်ယူဂျင်းက သူတို့အဖွဲ့ထဲမှာ အငယ်ဆုံးလေးဖြစ်သည်။ ဆောင်းဟန်ဘင်းနဲ့ ယူဂျင်းက အကသင်တန်း အတူတက်ကြတာဖြစ်သည်။ ယူဂျင်းက ဆောင်းဟန်ဘင်းကို အရမ်းသဘောကျတာဖြစ်ပြီး အစ်ကိုလို ဆရာလို ဆက်ဆံရေးမျိုးဖြစ်သည်။ အလယ်တန်းတုန်းကလဲ ကျောင်းတူကာ စီနီယာ နဲ့ ဂျူနီယာဆက်ဆံရေးမျိုးရှိခဲ့ဖူးပြီး အခု ဆောင်းဟန်ဘင်းက အထက်တန်းဖြစ်သွားတော့ သနားစရာ ယူဂျင်းလေးက အဖော်မဲ့ပြီး ကျန်ခဲ့တာဖြစ်သည်။

"မင်းတို့ကရော ဘာလာလုပ်တာလဲ"

Ricky ရဲ့ ပေါင်ကို ခေါင်းအုံးလုပ်ကာ လှဲရင်း ဂိမ်းဆော့နေတဲ့ ဂယူဘင်ကို ကြည့်ကာ ဆောင်းဟန်ဘင်းမေးလိုက်သည်။

"Ricky က ပျင်းတယ်ဆိုလို့လေ ဂိမ်းလာဆော့တာ၊ မင်းတို့က အဆောင်မှာမှ ရှိမနေဘဲ အဲ့ဒါနဲ့ ဒီကိုရောက်ချလာတာ"

ဂယူဘင်စကားဆုံးသည်နှင့် Ricky ကလဲ မေးလာသည်။

"မင်းကရော ဘယ်တွေရောက်နေတာလဲ၊ လေ့ကျင့်ရေး လစ်တာလား"

"ကျန်းဟောက်နဲ့ အတူရှိနေတာ"

ထိုအခါ အကုန်လုံးက သူ့ကို မော့ကြည့်လာကာ သူတို့ခေါင်းပေါ်တွင် "?" လေးတောင် မြင်နေရသည်။

"စာအတူလုပ်ကြတာပါ"

လေးယောက်လုံး မတိုင်ပင်ထားဘဲ ဆောင်းဟန်ဘင်းဆီက အကြည့်လွှဲကာဂိမ်းပြန်ဆော့နေလိုက်သည်။

"နောက်နေ့တွေလဲ ကျောင်းဆင်းတာနဲ့ စာကြည့်တိုက်အရင်သွားမှာ၊ ဒီကို ၈ နာရီမှ လာခဲ့တော့မယ်၊ တခြား အသင်းသားတွေကိုလဲ အဲ့တိုင်းဘဲ ပေးသိထားလိုက်"

ဂွန်ဝု က အင်း ဟုသာတုံ့ပြန်လာပြီး ဂိမ်းသာ ဆက်ဆော့နေသည်မို့ ဆောင်းဟန်ဘင်းမနေနိုင်စွာ မေးလိုက်သည်။

"မင်းမပြန်သေးဘူးလား၊ ကျောင်းတံခါးပိတ်တော့မှာနော်"

"သူ ဒီနေ့ ငါနဲ့ အတူအိပ်မှာ၊ သူ့ အစ်ကိုနဲ့ သိပ်အဆင်မပြေဘူးဆိုလို့"

"အွန်း ငါ ဒီညအိမ်မပြန်ဘူး၊ မတ်သရူးနဲ့ အိပ်မှာ"

ထိုအခါ ဂယူဘင်က စိတ်လှုပ်ရှားစွာဖြင့် ထ ထိုင်လာကာ

"Ricky ငါတို့ ဒီနေ့ မတ်သရူးအခန်းထဲ သွားလည်ရအောင် မိုးလင်းပေါက် ဆော့ကြမယ်"

"မဆိုးဘူးဘဲ"

ဆောင်းဟန်ဘင်း ထိုစကားဝိုင်းကို နားထောင်ရင်း သူတော့ ဒီနေ့ အိပ်ရေးပျက်တော့မည်ဟု တွေးလိုက်မိသည်။

ကျောင်းအဆောင်ခန်းက နှစ်ယောက်ခန်းလေးတွေဖြစ်တာမို့ မတ်သရူးက ဆောင်းဟန်ဘင်းရဲ့ အခန်းဖော်ဖြစ်သည်။ ပုံမှန် ဂွန်ဝုတစ်ယောက်တည်း လာအိပ်တဲ့ ညတွေဆိုရင်တောင် သူတို့တွေ တော်ရုံနဲ့အိပ်ယာမဝင်ဖြစ်ကြပေ။

သုံးယောက်က စာသင်ခန်းလဲ မတူကြကာ ဆောင်းဟန်ဘင်းက (A) ,

မတ်သရူးက (B) , ဂွန်ဝုက (C) က ဖြစ်သည်။ ထို့ကြောင့် သုံးယောက်သား ဆုံလိုက်တိုင်း လူငယ်ပီပီ ပြောစရာက မကုန်နိုင်သလို လုပ်စရာတွေကလဲ များသည်။ အခုဆို ဂယူဘင်နဲ့ Ricky ပါ ပါလာပြီးမို့ သူတို့အခန်းကတော့ စည်ကားနေတော့မှာပင်။

သူတို့ ထိုအတိုင်းသာ ဆုံးဖြတ်လိုက်ကြပြီး တာဝန်တွေ ခွဲယူလိုက်ကြသည်။

Ricky နဲ့ ဂယူဘင်က သူတို့အခန်းကို ပြန်ကာ စောင်နဲ့ ခေါင်းအုံးသွားပြန်ယူသည်။ မတ်သရူးနဲ့ ဂွန်ဝုက မိုးလင်းပေါက်ဂိမ်းဆော့ရန်အတွက် အဆာပြေမုန့်နှင့် သောက်စရာတို့ကို သွားဝယ်ကြသည်။ ဆောင်းဟန်ဘင်းက အဆောင်မှူးဖြစ်တဲ့ ဆရာဆီသွားကာ ဂွန်ဝုက အဆောင်မှာ အိပ်မည့်အကြောင်းနှင့် Ricky နဲ့ ဂယူဘင်မှာလဲ စာအတူလုပ်ကြရန် သူတို့အခန်းထဲရှိနေမည်ဖြစ်ကြောင်း၊ အဆောင်အခန်းတွေကို လိုက်စစ်သည့်အခါ မတွေ့ခင်ရင် စိတ်ပူစရာမရှိကြောင်း သွားပြောရမည်ဖြစ်သည်။

ဆောင်းဟန်ဘင်းဖြစ်တာကြောင့် အဆောင်မှူးဖြစ်တဲ့ ဆရာမှာလဲ သံသယဝင်ခြင်း လုံးဝမရှိ၊ ထိုကျောင်းသားတွေက တစ်ကျောင်းလုံးရဲ့ ထိပ်ဆုံး ၅၀ ထဲတွင်ရှိကြတာမို့ အသာတကြည်ပင် ခွင့်ပြုပေးလိုက်သည်။

ဒီလိုနဲ့ မိနစ်အနည်းငယ်အတွင်း သူတို့တွေ ဆောင်းဟန်ဘင်းနဲ့ မတ်သရူးအခန်းထဲတွင် လူစုလိုက်ကြတော့သည်။

လူနှစ်ယောက်စာအခန်းဆိုပေမယ့် တစ်ယောက်အိပ်ကုတင်နှစ်လုံး၊ စာကြည့်စားပွဲက နှစ်ယောက်စာနှင့် သန့်စင်ခန်း တစ်ခန်းပါဝင်ပြီး မကျဉ်းမကျယ် အနေထားလေးဆိုပေမယ့် လူကောင်ကြီး ကြီး ကျောင်းသား ၅ ယောက်နေဖို့ နေရာ အလုံအလောက်ရှိသည်။ သူတို့တွေ ကုတင် နှစ်ခုကြားက လျှောက်လမ်းအနေနဲ့ လွတ်တဲ့နေရာအလယ်မှာ ဝယ်လာတဲ့ မုန့်နဲ့ သောက်စရာတွေကို နေရာချလိုက်သည်။ ထို့နောက် အသီးသီး နေရာယူကြပြီးနောက် အခန်းမီးကိုပိတ်ပြီး စာကြည့်မီးလုံးလေး နှစ်ခုကိုသာ ဖွင့်ထားလိုက်သည်။

"ဝိုးးးး ခံစားချက်ကောင်းတယ်"

Ricky ကစိတ်လှုပ်ရှားစွာ ပြောလာလေသည်။ မတ်သရူးက-

"ငါတို့ မိုးလင်းပေါက် ဆော့လို့ အဆင်ပြေပါ့မလား၊ ၁၁ နာရီဆို မီးဖျက်ပြီလေ"

ဂယူဘင်က သူ့အိတ်ထဲမှ ပါဝါဘန့်တွေ ထုတ်ပြလာသည်။

"ငါ ထယ်ရယ်ဆီက တောင်းလာတာ"

Ricky က ထပ်ဖြည့်ပြောလာသည်။

"သူက ဂိမ်းကိုစွဲလမ်းနေတာလေ၊ ပါဝါဘန့်တွေ ဆောင်ထားတတ်တယ်၊ အဲ့ဒါကိုတောင် ထယ်ရယ်ဆီက သွားတောင်းလာသေးတာ"

"ထယ်ရယ်ကိုပါ ခေါ်လာရမှာ၊ ဖုန်းဆက်ကြည့်လိုက်မယ်"

"မခေါ်နဲ့တော့ မတ်သရူး၊ ပါဝါဘန့် တောင်းတုန်းက ငါမေးပြီးပြီ၊ သူ သီချင်းရေးမှာမို့ မဆော့တော့ဘူးတဲ့"

ထိုအချိန်တွင် ဂွန်ဝုက ဂိမ်း စ ကစားဖို့ ပြောလာသည်။

"ကဲ ကဲ အချိန်တွေမဖြုန်းတော့ဘဲ ဆော့ရအောင်၊ အခုတောင် ၉ နာရီထိုးတော့မယ်"

"အွန်း ခန၊ မင်းတို့ ဂိမ်းထဲ ဝင်နှင့်ကြ"

ဂယူဘင်က စိတ်မရှည်စွာဖြင့်

"ဘာရစ်ဦးမလို့လဲ hamja-nim၊ မြန်မြန်ဆော့ရအောင်ပါ"

"ကျန်းဟောက် စာပို့လာလို့"

သူ့စကားဆုံးသည်နှင့် မတ်သရူးနဲ့  ဂယူဘင်ရဲ့ တစ်ပြိုင်နက်တည်း အော်သံအား ကြားလိုက်ရသည်။

"ဘာ!!!! ကျန်းဟောက်က မင်းဆီ စာပို့တယ်"

"ဘာဖြစ်လို့ ထ အော်ရတာလဲ၊ ရုတ်တရက်ကြီး"

"ငါဆို ကျန်းဟောက်က စာအရင်ပို့ဖို့ မပြောနဲ့၊ ငါပို့သမျှကိုတောင် ဝင်ကြည့်ပြီးရင် react တွေဘဲ ပေးသွားတာ၊ တစ်ခါတစ်လေ အဖက်တောင်မလုပ်ဘူး"

"ငါ့ကိုတော့ စာပြန်တယ်"

ဂယူဘင်ရဲ့ အနာပေါ် မတ်သရူးက ဆားပတ်လိုက်တာမို့ ဂယူဘင်မှာ အနိုင်ကျင့် ခံနေရသည်ဟု ခံစားလိုက်ရသည်။

"ဘာလဲ ငါ့တစ်ယောက်တည်းကိုဘဲ

အဲ့လိုဆက်ဆံတာလား?"

ဆောင်းဟန်ဘင်း ထိုခွေးပေါက်လေးကို အဖက်မလုပ်တော့ဘဲ ကျန်းဟောက်နှင့်သာ စကားဆက်ပြောနေလိုက်သည်။

Zhalways_1 : အိမ်ရောက်ပြီး

ကျန်းဟောက်နဲ့မတူစွာပင် ပုံတစ်ပုံ ပို့လာပေးသေးသည်။ ပုံထဲတွင် ညကောင်းကင် နဲ့ မီးရောင်စုံတောက်ပနေတဲ့ အဆောက်အဦးတွေရဲ့ပုံ ဖြစ်သည်။ မှန်ရိပ်ထဲတွင်လဲ ကျန်းဟောက်က ယောင်ဝါးဝါးလေး ပါနေသေးသည်။

Shanbin : မြန်သားဘဲ

Zhalways_1 : လေ့ကျင့်နေတာမဟုတ်ဘူးလား၊ ဘာလို့ စာပြန်တာ အဲ့လောက် မြန်နေရတာလဲ

ထိုအခါ ဆောင်းဟန်ဘင်းကလဲ ကျန်းဟောက်နည်းတူ ပုံပို့ဖို့ တွေးလိုက်သည်။

"ကဲ အားလုံး 1....2....3"

ဆောင်းဟန်ဘင်းက ကင်မရာကို သူတို့ဘက်ချိန်ထားတာလဲ မြင်ရော ဂယူဘင်က Ricky နားတိုးကပ်သွားပြီး သူ့ရဲ့လက်နှစ်ဖက်ဖြင့် Ricky ရဲ့လည်ပင်းအား ဖက်ထားလိုက်ပြီး ပါးချင်းကပ် ထားလိုက်သည်။ Ricky မှာတော့ ဂယူဘင်ရဲ့ အပြုအမူကြောင့် စိတ်အနှောင့်ယှက်ဖြစ်မှုနည်းနည်းလေးတောင်မရှိဘဲ ဖုန်းကိုသာ ငုံ့ကြည့်နေသည်။

မတ်သရူးနဲ့ ဂွန်ဝုကတော့ ပုံမှန်အတိုင်းပင် ဖုန်းကိုကြည့်နေခဲ့ကာ လက်ကတော့ peace sign လေး လုပ်ထားခဲ့သည်။

Shanbin : ဒီနေ့ မလေ့ကျင့်ဘဲ အခန်းထဲ လူစုပြီး ဂိမ်းဆော့ကြမလို့

ဆောင်းဟန်ဘင်းပို့လာတဲ့ ပုံကိုကြည့်ရင်း ကျန်းဟောက် အနည်းငယ် နေထိုင်မတတ်ဖြစ်သွားရသည်။

မီးရောင်မှိန်မှိန်လေးနဲ့ အခန်းထဲတွင် သူငယ်ချင်းတွေစုကာ ပျော်ပျော်ပါးပါး မုန့်စားကြရင်း မိုးလင်းပေါက်နေတာမျိုးက အတွေးနဲ့တင်ပျော်စရာ အလွန်ကောင်းနေပြီး ဖြစ်သည်။ သူ့မှာတော့ မီးမှိန်မှိန်နဲ့တိုက်ခန်းကျယ်ကြီးထဲ သူတစ်ယောက်တည်းသာ။ ပုံထဲမှာတော့ လူငယ်အငွေ့အသက်များအပြည့်ဖြင့် ပျော်စရာကောင်းနေချိန် သူ့ဘက်မှာတော့ ဘယ်သူမြင်မြင် အထီးကျန်တဲ့ ခံစားချက်ကြီးကိုသာ ခံစားရလိမ့်မည်။

ကျန်းဟောက် ပထမဦးဆုံးအကြိမ်အဖြစ် ကျောင်းအဆောင်မလျှောက်ခဲ့သည်ကို နောင်တရမိသွားသည်။

သူ တစ်ချက်တော့ စာဘယ်လိုပြန်ရမလဲ မတွေးတတ်ခဲ့ပေ။ တစ်ဖက်လူကို သူ အားကျနေကြောင်း၊ တစ်ယောက်တည်း အထီးကျန်နေကြောင်း မပြချင်ပါ။

ကျန်းဟောက် တစ်ယောက် စာကိုရေးလိုက် ပြန်ဖျက်လိုက်ဖြင့် အလုပ်ရှုပ်နေစဉ် ဆောင်းဟန်ဘင်းဆီမှ  voice message ကဝင်လာတာကြောင့် သူ့နှလုံးသားလေး ဒိန်းခနဲ ခုန်သွားရသည်။

သူ VM ကို ချိတုံချတုံဖြင့် ဖွင့်လိုက် တော့ ကြားလိုက်ရသည်မှာ ဂယူဘင်ရဲ့ အသံဖြစ်သည်။

Shanbin : (ဂယူဘင်) ကျန်းဟောက် ငါတို့ မင်းကို အရမ်း သတိရတာဘဲ၊ မင်းပါ အတူရှိနေရင် ကောင်းမယ်"

Zhalways_1 : ငါမှ ဂိမ်းမဆော့တတ်တာ

နောက်ထပ် အသံမတ်ဆေ့ဘဲ ထပ်ပို့လာပြန်သည်။ ဒီတစ်ခါတော့ သူ ဖွင့်နားထောင်ဖို့ မတွန့်ဆုတ်နေတော့။

Shanbin : (မတ်သရူး) မဆော့တတ်လဲ တခြားဟာလုပ်လို့ရတယ်လေ၊ အခုတောင် မတိုင်ပင်ဘဲ ဖြစ်သွားလို့၊ နောက်မဟုတ်ရင် မင်းကိုပါ ခေါ်ထားမှာ"

ကျန်းဟောက်က အနည်းငယ် မူ နေလိုက်သည်။ တကယ်က သူ ကျောင်းကို ဘယ်လောက်တောင် ပြေးသွားချင်လဲ သူသာသိမည်။ သူ ဝန်ခံရရင် မတ်သရူးတို့ကို စိတ်ရင်းနဲ့ ခင်တာဖြစ်သည်။ ဒီသူငယ်ချင်းအသစ်တွေကြောင့်ဘဲ အရင်က စဉ်းတောင်မစဉ်းစားဖူးတဲ့ တခြားအသစ်သစ်သော အရာတွေကို စမ်းကြည့်လုပ်ကြည့်ချင်လာရသည်။

မတ်သရူးတို့ကြောင့်ဘဲ အရင်က ကျန်းဟောက်နဲ့ မတူတဲ့ ကျန်းဟောက်ဖြစ်လာသည်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့။

Zhalways_1 : မင်းတို့ အားလုံးက ဂိမ်းဆော့တတ်တယ်လေ၊ ငါ့ကြောင့်နဲ့ မဆော့ရဘဲ တခြားဟာလုပ်ရင် ပျင်းစရာကောင်းနေမှာပေါ့"

ထို့နောက် ချက်ချင်းပင် အသံဖိုင်နောက်တစ်ခု ထပ်ရောက်လာခဲ့သည်။

ဒီတစ်ခါမှာတော့ အသံဖိုင်ပို့လာသူမှာ ဆောင်းဟန်ဘင်း ကိုယ်တိုင်ပင် ဖြစ်သည်။

Shanbin : အဲ့လိုမဖြစ်ပါဘူး၊ နောက်တစ်ခါကျ လာခဲ့ပါ

ကျန်းဟောက် နှစ်စက္ကန့်လောက် ငြိမ်သက်သွားပြီး အသံဖိုင်ကို နောက်တစ်ခေါက် ပြန်နားထောင်လိုက်သည်။

ဆောင်းဟန်ဘင်းရဲ့ အသံကို အပြင်မှာမဟုတ်ဘဲ ဖုန်းကတစ်ဆင့် ကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအသံက အနည်းငယ် ဩရှရှဖြစ်နေကာ ဆွဲဆောင်မှုရှိလှသည်။ ပုံမှန်အပြင်မှာ ကြားနေရတဲ့ ဆောင်းဟန်ဘင်းရဲ့အသံကအေးအေးချိုချိုလေးနဲ့ နားဝင်ချိုကာ နားထောင်တိုင်း သက်သောင့်သက်သာရှိသည်။ ယခု ကျန်းဟောက်ကြားလိုက်ရတဲ့အသံမှာ ခါတိုင်းထက် အနည်းငယ် deep ဖြစ်တဲ့ အသံနှုန်းဖြစ်နေသည်။ အခန်းထဲ သူတစ်ယောက်တည်းရှိကာ တိတ်ဆိတ်နေတာမို့ ဆောင်းဟန်ဘင်း ကိုယ်တိုင် သူ့အနားမှာ လာပြောနေသလိုပင်။

သူဖုန်းကို လွှတ်ချလိုက်ကာ သူ့လက်တွေဖြင့် နားနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။

ဘာလို့ ရုတ်တရက်ကြီး အသံဖိုင် ထ ပို့ရတာလဲ လန့်စရာကောင်းအောင်လို့

ဂိမ်းဆော့နေပြီဆိုလဲ စာမပြန်ဘဲ

နေလိုက်လေ

Zhalways_1 : ငါ အနားယူတော့မယ်

ဆောင်းဟန်ဘင်းက တကယ်ပင် ဂိမ်းဆော့နေပြီးမို့ အသံဖိုင်သာ ထပ်ပို့လာသည်။

Shanbin : အင်း ကောင်းကောင်းအနားယူနော်"

ကျန်းဟောက်မှာတော့ ဖုန်းကို မီးခဲတုံးကြီးသဖွယ် ခပ်ကြမ်းကြမ်းပစ်ထုတ်လိုက်မိပြီး သူ့နားနှစ်ဖက်ကိုသာ လက်ဖြင့် ထိုင်ပွတ်နေရသည်။

ဘာနတ်သားလဲ?!!!!

ဒီ အန္တရာယ်များတဲ့ ယောကျ်ားကတော့!

ကျန်းဟောက် သူ့နားကို ခပ်ကြမ်းကြမ်းပွတ်ရင်း ကျိန်ဆဲနေလိုက်သည်။

တရားခံဖြစ်သူ ဆောင်းဟန်ဘင်းမှာတော့ မမြင်ဖွယ်ရာ၊ မကြားဖွယ်ရာ တစ်ခုလို သူ့ကိုထိုင်ကြည့်နေကြတဲ့ လေးယောက်ကို သတိမထားမိဘဲ ဂိမ်းကိုသာ အာရုံစိုက်၍ ဆော့နေသည်။

==============

TBC.......

15 November, 2024

ဒီအပိုင်းကတော့ နည်းနည်းတိုမယ်။

စာလုံးရေ ၃ ထောင်တောင် မပြည့်ဘူး။

ယေးးးးးး 🎉