Chapter 8: အပိုင်း (၇) ခြေတစ်လှမ်း

My other halfWords: 40455

အားအင်မရှိဖြစ်နေတဲ့ ကျန်းဟောက်ကို မတ်သရူးတို့သုံးယောက် ကျောင်းဆင်းတာနဲ့ အိမ်မပြန်အောင် အတင်းဆွဲခေါ်ထားကြသည်။ သူတို့ ကျန်းဟောက်နဲ့ ရင်းနှီးပြီးနောက် သိလာရတာက ကျန်းဟောက်မှာ အစားအသောက်ကို နှစ်သက်ခုံမင်တဲ့ foodie လေးဖြစ်နေတာပင်။ တစ်ခုခု မလုပ်ချင် မကိုင်ချင်တဲ့အချိန်မျိုးဆို အစားနဲ့မျှားခေါ်ရင် ပါလာတတ်သည်။ သူတို့အဖွဲ့ထဲတွင် ဂယူဘင်က ဗရုတ်အကျဆုံးနဲ့ ကျန်းဟောက်ကို စိတ်ဆိုးအောင် အလုပ်တတ်ဆုံးဖြစ်သည်။ ထိုအခြေနေမျိုးရောက်တိုင်း ကျန်းဟောက် စိတ်ဆိုးပြေအောင် စားချင်တာမှန်သမျှ ဝယ်ကျွေးလိုက်ရင် အဆင်ပြန်ပြေသွားတတ်သည်။

ဒါကြောင့်လဲ သူတို့တွေ ကျန်းဟောက်ကို စားသောက်ကြဖို့ခေါ်သွားကြသည်။ ကျန်းဟောက်မှာ ပထမက အိမ်သို့သာ ပြန်ချင်နေပေမယ့် အစားအသောက်ပေါင်းစုံရဲ့ နာမည်တွေကိုကြားပြီးနောက် မတ်သရူးတို့နဲ့ပါသွားတော့သည်။ သူတို့တွေ ဟော့ပေါ့ဆိုင်တစ်ခုကို သွားခဲ့ကြတာဖြစ်သည်။

မီးပြင်းပြင်းတောက်နေတဲ့ မီးဖိုအပေါ်ကို သုံးထပ်သားတင်လိုက်တဲ့ အခါ ထွက်လာတဲ့ ဆီပေါက်အသံနဲ့တင် ကျန်းဟောက်ကို ပြန်လည် လန်းဆန်းလာဖို့ လုံလောက်သည်။ သုံးယောက် သား မျက်နှာအရောင်ပြန်သက်သာလာတဲ့ ကျန်းဟောက်ကို ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။

သူတို့ ကျန်းဟောက်ကို အမှန်ပင် စိတ်ပူခဲ့ကြတာဖြစ်သည်။ ကြာလာတာနှင့်အမျှ သိလာရတာက ကျန်းဟောက်က သန်မာသလိုနှင့် တစ်ဖက်မှာ ညှင်သာပြီး အထိမခံနိုင်တဲ့ထိလဲ နူးညံ့သည်ဟုပင်။ ကျန်းဟောက်ရဲ့ စိတ်ထားလေးက ထိုကဲ့သို့ပင်။ တစ်ခါတစ်လေ ချုပ်ထိန်း နေရပုံကိုလဲ မြင်ရတတ်သည်။ သို့ပေမယ့် အကြောင်းရင်းကို သူတို့မသိသလို ကျန်းဟောက်ကိုလဲ ထုတ်မမေးခဲ့။

နောက်တစ်နေ့တွင်တော့ မျက်နှာအကြောသေနေတဲ့ ပုံမှန်ကျန်းဟောက် ပြန်ရောက်လာခဲ့ပြီးဖြစ်သည်။

မတ်သရူးက ကျန်းဟောက်ရဲ့ ထိုအမူအရာကို မြင်တော့မှ စိတ်သက်သာရာ ရသွားတော့သည်။

"ပုံမှန်ပြန်ဖြစ်သွားပြီဘဲ"

"မင်းတို့ကိုက စိတ်ပူလွန်းနေတာပါ၊ ငါတကယ် ဘာမှမဖြစ်ပါဘူးဆို"

ဂယူဘင်က ကျန်းဟောက်ရဲ့ လက်မောင်းကို လှမ်းထိုးလိုက်ရင်း

"မင်းရဲ့ ဘာမှမဖြစ်တဲ့ပုံစံကိုက ဖြစ်နေတာလေ၊ ငါတို့မှာ လန့်သွားတာဘဲ၊ အကြောင်းရင်းမရှိ ဘာမရှိနဲ့"

"လူဝံလို အင်အားတွေနဲ့ လာမထိုးနဲ့"

ကျန်းဟောက် မျက်မှောင်ကြုတ်ကာ ဂယူဘင်ကိုကြည့်လိုက်သည်။

"ဒါတောင် ငါ ဘာအားမှ မထည့်ထားဘူး၊ မင်းကိုက ပျော့တာ"

"မင်းက ဘယ်သူ့ကိုပျော့တယ်လို့ လာပြောနေတာလဲ"

"ကျန်းဟောက်ကို မစနဲ့တော့ ဂယူဘင်၊ စိတ်ဆိုးရင် မင်းဘဲချော့ရတာ၊ ပိုက်ဆံ သိပ်ပေါနေတယ်ပေါ့"

ထိုအခါ ဂယူဘင်က ပြုံးဖြီးဖြီးမျက်နှာလုပ်လာပြီး

"ဟဲဟဲ Ricky စကားနားထောင်ပါ့မယ်"

ထိုအခါ Ricky က ကျန်းဟောက်အနား တိုးကပ်သွားပြီး တရုတ်လိုပြောလိုက်သည်။

"ဂယူဘင်ကို စိတ်မဆိုးပါနဲ့၊ သူမနေ့က တအားစိတ်ပူနေတာ၊ တစ်ခုခုပြောစရာရှိရင် ပြောလို့ရတယ်၊ ငါ ဂယူဘင်ကိုတောင် ပြောပြမှာမဟုတ်ဘူး"

ကျန်းဟောက် Ricky ကိုပြုံးပြလိုက်ကာ တရုတ်လိုသာ ပြန်ပြောသည်။

"အင်း ငါအကူညီလိုရင် ပြောပါ့မယ်"

"မင်းတို့ မတရားဘူး၊ ဘာတွေပြောနေကြတာလဲ?"

Ricky နဲ့ ကျန်းဟောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးစိစိလုပ်နေပြီး ဂယူဘင်ကို ပြန် စ ဖို့ အသံတိတ် သဘောတူလိုက်ကြသည်။

"ဒီနေ့က စ ပြီး တရုတ်လိုမပြောရဘူး၊ ကိုးရီးယားလိုဘဲပြောရမယ်"

ထိုအခါ မတ်သရူးကလဲ ပူးပေါင်းကာ English လိုသာပြောနေတော့သည်။

ဂယူဘင်တစ်ယောက် မတရားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

ဒီတစ်နေ့ မှာလဲ စာသင်ချိန်တွေ အဆင်ပြေပြေ ပြီးဆုံးသွားခဲ့သည်။ ကျန်းဟောက် စာအုပ်တွေ သိမ်းနေရင်း ဆောင်းဟန်ဘင်းကို စာပို့လိုက်ရမလားဟု တွေးနေမိသည်။ ထို့နောက် ဖုန်းကို ထုတ်ကာ မေးကြည့်လိုက်တော့သည်။

Zhalways_1 : ဘယ်မှာလဲ?

Shanbin : အခန်းထဲမှာရှိသေးတယ်၊ ဆရာ မထွက်သေးဘူး။

Zhalways_1 : စာကိုဘဲ အာရုံစိုက်နေစမ်းပါ

စာအုပ်တွေကို သိမ်းပြီးသည်နှင့် မတ်သရူးတို့ကို နှုတ်ဆက်ပြီး ဆောင်းဟန်ဘင်းရဲ့ စာသင်ခန်းရှိရာသို့ ကျန်းဟောက် ထွက်လာခဲ့လိုက်သည်။

သူရောက်သည်အထိ ဆောင်းဟန်ဘင်းတို့ အတန်းက မဆင်းသေးပေ။

ထို့ကြောင့် သူ ဆောင်းဟန်ဘင်းကို မြင်ရတဲ့ နေရာကနေသာ ရပ်စောင့်နေလိုက်သည်။

ကျောကို ခပ်မတ်မတ်ထားကာ ဘောပင်ဖြင့် စာကို အာရုံတစိုက်လိုက်မှတ်နေတဲ့ ဆောင်းဟန်ဘင်းကို သူ ကြည့်နေမိသည်။ အခုသူမြင်နေရတဲ့လူက ခုနလေးကတင် စာသင်ချိန်မှာ ဖုန်းခိုးသုံးနေပါတယ်လို့ပြောရင် လူတိုင်းက သူ့ကို လူလိမ်လို့သာ ထင်ကြလိမ့်မည်။

၅ မိနစ်ခန့်ထပ်စောင့်ပြီးတဲ့နောက်မှာတော့ ဆောင်းဟန်ဘင်းတို့အခန်းထဲက ဆရာထွက်လာခဲ့သည်။ ထို့နောက် ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ဆောင်းဟန်ဘင်းလဲ သူ့အရှေ့သို့ရောက်လာခဲ့သည်။

"စောင့်နေတာကြာပြီလား၊ ဘယ်တုန်းကတည်းက ရောက်နေတာလဲ"

ကျန်းဟောက် စကားပြောတော့မဲ့ အချိန်မှာဘဲ သူ့စကားကို တခြားတစ်ယောက်က ဖြတ်ပြောသွားသည်။

"ဟန်ဘင်း ဒီနေ့ ငါနဲ့ CD တွေ သွားဝယ်ဖို့ လိုက်ခဲ့ပေးပါလား? ငါကြိုက်တဲ့ အဖွဲ့က အခွေအသစ်ထွက်လို့"

ဒီခေတ်ကြီးထဲ ဘယ်သူက CD ဝယ်နေသေးတာတုန်း?

သို့ပေမယ့် ကျန်းဟောက် ဘာမှဝင်မပြောဘဲ ဆောင်းဟန်ဘင်းရဲ့ သဘောအတိုင်းထားလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

ထိုကောင်မလေးကလဲ အတော်ပင်ချောတာဖြစ်သည်။ ဆောင်းဟန်ဘင်းလိုက်သွားမယ်ဆို သူလှည့်ပြန်ရုံသာရှိသည်။ တခြားရက်တွေလဲရှိသေးတာမို့ ကျန်းဟောက် အများကြီးတွေးမည်မဟုတ်။

ဆောင်းဟန်ဘင်းက အားနာနေဟန်ဖြင့်

"ဒီနေ့တော့ မရဘူး၊ ကျန်းဟောက်နဲ့ ချိန်းထားပြီးသားဖြစ်နေပြီး၊ နောက်နေ့တွေမှပေါ့"

ထိုအခါ ဂျန်ယူရီက

"ဒါဆို မနက်ဖြန်နော်"

"မနက်ဖြန်လဲ မရပြန်ဘူး"

ထိုအခါ ကောင်မလေးက အလိုမကျတဲ့ မျက်နှာမျိုး ပြလာကာ ပြောလိုက်သည်

"ဘာတွေအလုပ်များနေလို့ ခနလေးတောင် အချိန်မပေးနိုင်ရတာလဲ"

"မနက်ဖြန်လဲ ကျန်းဟောက်နဲ့ ချိန်းထားသေးတာ"

ထိုအခါမှ ဂျန်ယူရီက ကျန်းဟောက်က ကြည့်လာခဲ့သည်။

"နင်က ကျန်းဟောက်မလား? အပြင်မှာ ပိုချောတာဘဲ"

ထိုကောင်မလေးက ပြုံးကာ ပြောလာပေမယ့် ကျန်းဟောက် ထိုအပြုံးကိုသဘောမကျပေ။ သူသိသည်။ ဒါကဖော်ရွေတဲ့ အပြုံးမျိုးမဟုတ်ပါ။ သူထင်သလိုပင် ကောင်မလေးက မျက်နှာအမူရာပြန်ပြောင်းသွားပြီး သူ့ကို စိန်ခေါ်သလို ပြန်ကြည့်လာသည်။

"နင်က ငါ့ရဲ့ ဒုတိယနေရာကို လုသွားတဲ့သူပေါ့? ငါ့နေရာကနေ ပြန်ဖယ်ပေးဖို့ ပြင်ဆင်ထားလိုက်"

'မင်းရဲ့ ဒုတိယနေရာကို ဘယ်သူက စိတ်ဝင်စားနေလို့လဲ? ဒီတစ်ယောက်က အာရုံဘဲ'

သို့ပေမယ့် ကျန်းဟောက် အပြင်မှာ

ထုတ်မပြောခဲ့။ မပြောင်းလဲတဲ့ မျက်နှာအမူညာဖြင့်သာ သူ့ရှေ့က ကောင်မလေးကို ငုံ့ကြည့်ပေးလိုက်သည်။ သူ့အကြည့်ကို ထိုတစ်ယောက်ကလဲ နားလည်ဟန်ဖြင့် မျက်စောင်းထိုးလာခဲ့သည်။ ကျန်းဟောက် မိန်းကလေးတွေနဲ့ ဖက်ပြီး ပြိုင်မဖြစ်ချင်ပါ။ ဖြစ်လဲ မဖြစ်ဖူးတာမို့ သူဘာမှမပြောဘဲသာ နေနေခဲ့သည်။

ဆောင်းဟန်ဘင်းကတော့ ဝင်ပြီး မပြောရုံတင်မက သဘောကျတဲ့ မျက်နှာကြီးဖြင့် ကြည့်နေလိုက်သေးသည်။ သူ့ထပ်အရပ်ပိုမြင့်တဲ့လူနဲ့ အကြည့်ချင်းပြိုင်နေရတာကြောင့် ဂျန်ယူရီ ဇက်ညောင်းလာရတာမို့ သူ့ဘက်ကနေ အကြည့်အရင်မလွှဲချင်ပေမယ့် လွှဲလိုက်ရသည်။

"ဟန်ဘင်း ငါသွားပြီနော်၊ နောက်ခါကျ ငါ့ကို သေချာပေါက် ဦးစားပေးရမယ်"

ဆောင်းဟန်ဘင်းက အချိုသာဆုံး ပြုံးပြကာ

"ဂရုစိုက်သွားနော်"

ပြီးနောက် သူတို့အတူ ညနေစာ စားဖို့ ထွက်လာခဲ့လိုက်ကြသည်။

"မင်းရဲ့ ဒုတိယနေရာကို ဘယ်သူက စိတ်ဝင်စားနေလို့လဲ"

ဘေးနားက အတူလျှောက်နေတဲ့ ကျန်းဟောက် အံ့အားသင့်ကာ ဆောင်းဟန်ဘင်းကို လှည့်ကြည့်လိုက်သည်။

ထိုအခါ ဆောင်းဟန်ဘင်းကလဲ ဘဝင်ကျတဲ့မျက်နှာမျိုးဖြင့် ပြန်ကြည့်လာသည်။

"မင်းဘယ်လိုသိတာလဲ? ငါစိတ်ထဲကဘဲ တွေးလိုက်တာပါ"

"မင်းမျက်နှာမှာအကုန်ပေါ်တယ်လေ"

"မင်းက အန္တရာယ်များတဲ့ သူဘဲ"

ဆောင်းဟန်ဘင်းက နားမလည်စွာဖြင့်

"ဘာလို့လဲ"

"မင်း ရဲ့ အဲ့အပြုံးက ဖော်ရွေသယောင်နဲ့ လူတွေကို လှည့်စားဖို့ ထုတ်ထုတ်သုံးနေတာလေ"

ထိုအခါ ဆောင်းဟန်ဘင်းက တမင်အံ့ဩချင်ယောင်ဆောင်ပြကာ

"အို့ လူမိသွားပြီလား"

"မင်း ခုနကလဲ အဲ့တစ်ယောက်ကို ကတိမပေးလိုက်ဘူးလေ"

ထိုအခါ ဆောင်းဟန်ဘင်းက သူ့စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြကာ

"အင်း တကယ်တော့ ငါက ထင်သလောက်လဲ သဘောမကောင်းပါဘူး"

"ငါ သိသားဘဲ၊ ဒါနဲ့ ဘာစားကြမှာလဲ၊ deli နဲ့ မှာလိုက်ကြမလား"

"ကြာမယ်ထင်တယ်၊ ကျောင်းရှေ့က ဆိုင်မှာဘဲ စားရင်ရော"

ထို့နောက် သူတို့ ညနေစာကို ကျောင်းရှေ့က ဆိုင်မှာစားကြပြီးနောက် library နားက မီနီမတ်မှာ အဆာပြေမုန့်တချို့ ဝင်ဝယ်ခဲ့ကြသေးသည်။ ကျန်းဟောက် ရွေးနေတဲ့မုန့်တွေကို ကြည့်ရင်း ဆောင်းဟန်ဘင်းပြောလိုက်သည်။

"သူများတွေ တွေ့ရင် စာကြည့်ဖို့ လာတာနဲ့ မတူဘဲ၊ ရုပ်ရှင်ကြည့်ဖို့နဲ့ တူနေပြီး"

"ဒါ ငါပုံမှန်စားတဲ့နှုန်းဘဲ၊ မင်းလဲ လိုချင်တာရှိရင် ယူလေ၊ ငါရှင်းမှာ"

"ပုံမှန်ဆို အများကြီးမစားဖြစ်ဘူး၊ ငါက ဝိတ်တက်လွယ်တယ်"

သူတို့မုန့်တွေဝယ်ပြီးနောက် library ထဲ အတူဝင်သွားလိုက်ကြသည်။

မတ်သရူးပြောသလို ဆောင်းဟန်ဘင်းက စာကိုသေသေချာချာရှင်းပြနိုင်သည်။ သင်ခန်းစာကိုလဲ သင်ပေးကာ အပြင်က သူသိသလောက် ဗဟုသုတလေးတွေပါ ထည့်ပေးရင်း သင်ပြပေးသည်။ တချို့အရာတွေကိုဆို note လေးတွေ မှတ်ပေးထားပြီး အလွယ်

မှတ်ရမဲ့ နည်းလမ်းတချို့ကိုလဲ ပြပေးထားသည်။ မှားတတ်တဲ့နေရာတွေကိုလဲ သေချာ point လုပ်ပေးကာ သတိထားရမည့်အချက်များကို highlight လုပ်ပေးထားပြန်သည်။

တစ်ခါတစ်လေ ဒါကိုရော တရုတ်လိုဆို ဘယ်လိုပြောရတာလဲ ဘာညာဖြင့် သူတို့အချင်းချင်း ဘာသာစကား၊ နိုင်ငံအကြောင်းနဲ့ ယျဉ်ကျေးမှုတွေကို ဖလှယ်ဖြစ်ကြသည်။ ဆောင်းဟန်ဘင်းရဲ့ အကူညီဖြင့် ကျန်းဟောက်ရဲ့ ကိုးရီးယား ဘာသာ စာလုပ်နှုန်းက အရင်ကထက် အနည်းကျဉ်းတော့ တိုးတက်လာသည်။

"မင်းက တော်တော်အသေးစိတ်တာဘဲ"

"ဘာကိုလဲ"

"မင်းရဲ့မှတ်စုတွေ၊ ဘယ်အချိန်ကတည်းက ဒါမျိုးပြင်ဆင်ထားတာလဲ"

"စာသင်တဲ့ချိန် ရှင်းပြနေတုန်း နားထောင်ရင်း တချို့ဖြည့်စွက်ချက်တွေ ထပ်ထည့်ခဲ့ရုံဘဲ"

"ဘယ်ဆိုးလို့လဲ"

ဆောင်းဟန်ဘင်းက မှတ်စုတွေ ရေးထားတဲ့ စာရွက်လေးကို သူ့ရှေ့ကို တွန်းပေးလာသည်။

"မင်းအတွက်"

ကျန်းဟောက် မော့ကြည့်လိုက်ပြီး

"တကယ် ငါ့ကိုပေးမလို့လား"

"အင်း မင်းအတွက်ဘဲ မှတ်ထားခဲ့တာ၊ အသုံးဝင်တယ်ဆိုတာသိရတော့ တော်သေးတာပေါ့"

ပြောပြီးနောက် ဆောင်းဟန်ဘင်းက စာဆက်ကြည့်နေလိုက်သည်။

ဆောင်းဟန်ဘင်းစကားကြောင့် ကျန်းဟောက် အနည်းငယ် နေရခက်သွားရသည်။ သူ စိတ်မသန့်သလို ခံစားလာရတာမို့ အမှန်အတိုင်းသာ ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်သည်။

"ဆောင်းဟန်ဘင်း"

ဆောင်းဟန်ဘင်းက မော့မကြည့်လာဘဲ စာကြည့်နေရင်းဖြင့် တုံ့ပြန်လာသည်။

"ပြောလေ"

"တကယ်တော့ ငါ့ဘဝတစ်လျှောက်လုံး ဒုတိယဆိုတာ တစ်ခါမှမရဖူးဘူး"

ဆောင်းဟန်ဘင်း သူ့ကိုမော့ကြည့်လာသည်။

"မတ်သရူးပြောပြဖူးပေမယ့် ငါ အာရုံမစိုက်ခဲ့ဘူး၊ ဒါပေမယ့် ငါ ကိုးရီးယား ဘာသာမှာ အားနည်းတာကြောင့် ပထမဦးဆုံးအကြိမ် ဒုတိယရခဲ့တယ်"

"........."

"အစတုန်းက ငါတော်တော် ခံပြင်းလွန်းလို့ ပေါက်ထွက်မတတ်ဘဲ။ ဒီကြားထဲ ငါ့အဖေဆီကပါ လှောင်ခံလိုက်ရသေးတယ်"

Username ပြောင်းခိုင်းသည့်အချက်ကိုတော့ သူ ထိန်ချန်ထားဖို့ တွေးလိုက်သည်။

ပြောနေရင်း မကျေနပ်ချက်တွေပေါ်လာတာမို့ နှာတစ်ချက်မှုတ်လိုက်တဲ့ ကျန်းဟောက်ကြောင့် ဆောင်းဟန်ဘင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

"ငါလုံးဝ ပထမနေရာကို ပြန်ယူချင်တာမို့ ကြိုးစားအကြံထုတ်ရင်း နောက်ဆုံး မင်းနဲ့စာအတူကြည့်ဖို့ဖြစ်လာခဲ့တာ"

ထို့နောက် သူ ဆောင်းဟန်ဘင်းရဲ့ မျက်ဝန်းတွေကို သေချာစိုက်ကြည့်ရင်း

"ဆောင်းဟန်ဘင်း ငါ မင်းဆီကနေ ပထမနေရာကို ပြန်လုယူမှာ၊ မင်းမှာ ငါ့ကို ဆက်ပြီး ကူညီပေးစရာ အကြောင်းမရှိဘူးလို့ ခံစားရရင် မကူညီပေးလို့ရတယ်"

ကျန်းဟောက်ရဲ့အတွေးထဲမှာတော့ ဆောင်းဟန်ဘင်းက သူ့ပြိုင်ဘက်ဘဲ ဖြစ်သည်။ ပြိုင်ဘက်ကို အကူညီတောင်းပြီး ပထမနေရာကို ပြန်လုယူတာက ပြောရရင် အတော်ရှက်ဖို့ကောင်းသည်။

ဆောင်းဟန်ဘင်းကို စပိုင် လုပ်ချင်လို့လဲ မဟုတ်။ မတ်သရူးရဲ့ အကြံပြုချက်ကို လက်ခံလိုက်မိတာ မှားပေသည်။

သူ ဒီလို အဖြစ်မျိုးတော့ အဖြစ်မခံနိုင်။ သေချာ ယောကျ်ားပီပီသသ နဲ့ ကြိုးစားပြီး ပထမနေရာ ပြန်ရတာကမှ ပိုကောင်းဦးမည်။ ကျန်းဟောက် တွေးရင်း စိတ်ထဲ ဘယ်လိုမှ အဆင်မပြေတော့ပေ။ ထို့ကြောင့် သူ့ဘက်ကနေသာ သူတို့ရဲ့ အစီစဉ်ကို ဖျက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

"သူငယ်ချင်းတွေ ကြားထဲ ပြိုင်ဆိုင်မှု ရှိတာ ကောင်းပါတယ်"

ဆောင်းဟန်ဘင်းရဲ့ စကားကို ရုတ်တရက် သူနားမလည်လိုက်

"သူငယ်ချင်း?"

ဘယ်တုန်းက ဖြစ်သွားတာလဲ?

"ငါတို့ အတူစားတယ်၊ အတူစာကြည့်တယ်၊ အတူပြန်ကြတယ်၊ ဒါမျိုးတွေက သူငယ်ချင်းတွေဘဲ လုပ်ကြတာလေ"

ကျန်းဟောက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။

"စာကြည့်ဖော် တစ်ယောက်ရတာလဲ မဆိုးပါဘူး၊ ပုံမှန်ဆို ငါ့အနားမှာက သဘောကျလို့ ချဉ်းကပ်တဲ့လူနဲ့ အကူညီလိုတဲ့သူတွေချည်းဘဲရှိတာ၊ အခုလိုမျိုး စာအတူကြည့်မယ်၊ အတူစားမယ်၊ မှတ်စုတွေဖလှယ်ကြမယ်၊ ပြီးရင် မကောင်းတဲ့စိတ်နဲ့မဟုတ်တဲ့ ပြိုင်ဆိုင်မှုမျိုးတွေရှိမယ်၊ ကျန်းဟောက် မင်းနဲ့ငါက လုံးဝ လိုက်ဖက်တဲ့ တွဲဖက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်"

ပြီးနောက် ကျန်းဟောက် သူ့ကိုကြည့်တဲ့ အကြည့်မျိုးနဲ့ တူညီစွာ ကြည့်လိုက်ပြီး

"ကျန်းဟောက်၊ ငါလဲ ဘယ်တုန်းကမှ ဒုတိယ မရဖူးဘူး"

ဆောင်းဟန်ဘင်းရဲ့ အကြည့်တွေကြောင့် ကျန်းဟောက် မင်သက်နေရသည်။

သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေဘယ်ကနေရလာမှန်း မသိ။

"ကောင်းပြီး၊ အကောင်းဆုံးတွဲဖက်တွေ ဖြစ်လာကြတာပေါ့"

—————————

ဆောင်းဟန်ဘင်းရဲ့ အမြင်တွင်.......

လူတိုင်းက သူ့အနားမှာ ရှိနေကြပေမယ့် နီးစပ်သည်ဟု သူမခံစားရပေ။ လိုအပ်တာ တစ်ခုခုရှိကာမှ သူ့အနားချဉ်းကပ်လာကြသူချည်းသာ။ ထို့ကြောင့်လဲ သူ့ရဲ့စိတ်ကို တကယ်သိတဲ့သူက အနည်းငယ်သာ ရှိသည်။ ဆောင်းဟန်ဘင်းက စိတ်သဘောထားကောင်းတာကြောင့် လူတိုင်းကချဉ်းကပ်ရလွယ်သည်ဟု ထင်ကြကာ အခွင့်ကောင်းယူကြတာမျိုးလဲရှိကြသည်။ နောက်မှ ထင်သလောက် မလွယ်ကူမှန်းသိသွားကြပြီး ထပ်မကြိုးစားချင်ကြတော့ပေ။

သဘောကျတယ်ဟုဆိုကာ ချစ်ခွင့်ပန်သူများမှာလဲ မနည်းပေ။ သို့ပင်မယ့် သူ့ဘက်ကနေ တစ်ခါငြင်းလိုက်ပြီးတာနဲ့ ထပ်ပြီးကြိုးစားလာကြခြင်းမရှိတော့ပေ။ ဂျန်ယူရီကတော့ ချွင်းချက်ပင်။ သို့သော် သူမက ထုတ်မပြောတော့ပေမယ့် အနားတွင်သာရှိနေခဲ့ပြီး ထပ်ပြီး နီးစပ်ဖို့ ကြိုးစားလာတာမျိုးမရှိပေ။

တစ်ချိန်က သူနဲ့ ဂျန်ယူရီက အဆင်ပြေလိမ့်မည်ဟု ဆောင်းဟန်ဘင်း ထင်ခဲ့ဖူးသည်။ သို့သော် တစ်စုံတစ်ခုက သူတို့ကြားလိုအပ်နေခဲ့သည်။ ထိုအရာက ဘာလဲဆိုတာ သူမသိပေ။ တစ်ချိန် ဂျန်ယူရီက သူ့ကိုလက်လွှတ်သွားရင် ဆိုတဲ့ အတွေးမျိုးလဲ သူတွေးခဲ့ဖူးသေးသည်။ ထိုအချိန်ရောက်လာခဲ့လျှင် သူလဲ ဘာမှတတ်နိုင်မည်မဟုတ်ပေ။

အကူညီလိုလို့ လာကြသူများမှာလဲ ကျေးဇူးတင်စကားပြောပြီးတာနဲ့ ပြီးသွားတာပင်။ အရာအားလုံးမှာ သူ က စိတ်သဘောထားပြည့်ဝနေသောကြောင့်သာ ဖြစ်သည်ဟု ခံယူထားသည်။

သူ့ကို တကယ်သိချင်လို့ လာကြသူဟူ၍ မရှိသလောက်ပင်။

ထိုအချိန်မှာ သူ ကျန်းဟောက် ဆိုတဲ့ လူနဲ့  သိခွင့်ရခဲ့သည်။

စတွေ့တုန်းက မတ်သရူးတို့နဲ့ အတူတွေ့လိုက်ရတာ ဖြစ်သည်။ ကျန်းဟောက်ထံမှ တခြားသူတွေနဲ့ ခံစားရသလိုမျိုး သူနဲ့ရင်းနှီးချင်တာမျိုး၊ တစ်ခုခုလိုလို့ ချဉ်းကပ်ချင်တဲ့ ခံစားချက်မျိုးမရဘဲ သူမထင်ထားတဲ့ သာမန် အကြည့်မျိုး တစ်စွန်းတစ်စဖြင့်သာ အကြည့်ခံခဲ့ရသည်။

တစ်ခါတစ်လေ လူတွေက ဆောင်းဟန်ဘင်းနဲ့ ရင်းနှီးချင်တာကြောင့် ပေါင်းရသင်းရလွယ်တဲ့ မတ်သရူးကို အရင်ဆုံးချဉ်းကပ်တတ်ကြသည်။ ဒါကြောင့်လဲ မတ်သရူးနဲ့အတူပါလာတဲ့ မျက်နှာစိမ်းနဲ့ ကျန်းဟောက်ကို သူ ထိုကဲ့သို့သာ တွေးလိုက်မိပေမယ့် သူ ပြန်ရသမျှက လျစ်လျူရှုခြင်းသာဖြစ်သည်။

ဒါကလဲ ချဉ်းကပ်နည်း နောက်တစ်နည်းဟုသာ သူတွေးလိုက်သည်။

ထို့နောက် သူ ရေဝယ်ပြီးပြန်လာတုန်း တယောသံကြားတာမို့ တံခါးဖွင့်ထားတာနဲ့ ချောင်းကြည့်လိုက်တော့ ကျန်းဟောက်ဖြစ်နေတာ တွေ့လိုက်ရသည်။

နားထောင်လို့ တအားကောင်းသလို စျာန်ဝင်နေတာကြောင့် အနည်းငယ် လှုပ်ရမ်းနေတဲ့ ခန္ဓာကိုယ် posture ကလဲ ကြည့်ကောင်းလှတာမို့ သူအကြည့်ပင် မလွှဲနိုင်ခဲ့။ ပြီးနောက် စကား အတူပြောကာ လိုက်ပြခဲ့ပြီး သူ့ရဲ့ကောင်းမွန်တဲ့ ပုံရိပ်ကို ပြသခဲ့သေးသည်။ သူ့ရဲ့ ကျွမ်းကျင်ပိုင်နိုင်လှတဲ့ tutting skill ကိုလဲ ပြခဲ့သေးသည်။ လုံးဝ ရွှင်းရွှင်းပျပျ အကြည့်ခံလိုက်ရတော့မှ ဆောင်းဟန်ဘင်း နေသားကျသွားသလို ခံစားလိုက်ရသည်။

နောက်တစ်နေ့ သူသိလိုက်ရတာက ထိုလူက ဂီတကလပ်ထဲသို့သာ ဝင်သွားပြီး မတ်သရူးတို့အုပ်စုကို တစ်ဆင့်ခံပြီး သူ့ကို ဘယ်လိုချဉ်းကပ်မှုမျိုးမှလုပ်မလာသလို လမ်းမှာဆုံဖြစ်ရင်တောင် တစ်ဖက်လူက သူ့ကိုမတွေ့ပေ။ သူတို့ တစ်ခါတစ်လေမှာ စီးရမဲ့ ဘတ်စ်ကားမှတ်တိုင် တူပေမယ့် တစ်ဖက်လူကတော့ သတိထားမိပုံမပေါ်။

လူတစ်ယောက်ဆီကနေ သတိထား မခံရတာက ဆောင်းဟန်ဘင်းအတွက်တော့ လုံးဝကိုအသစ်ဆန်းဖြစ်နေသည်။ နောက်ပိုင်း သူ ကျန်းဟောက်ကို ကျောင်း media gp တွေမှာပါ နာမည်ကြီးနေသည်ကို တွေ့လိုက်ရသည်။

ကျန်းဟောက် သူ့ကို သတိမထားမိတဲ့ အချိန်မှာပင် သူက အလိုလို ကျန်းဟောက်ကို သတိထားမိလာရသည်။ နောက်ပိုင်း မတ်သရူးဆီကနေ ကြားရသလောက်ဆို ကျန်းဟောက်က မတ်သရူးတို့အုပ်စုဖြင့် အတော်အတန်ရင်းနှီးနေပြီး ဆိုတာပင်။

ဆောင်းဟန်ဘင်း နောက်တွင်ကျန်ရစ်ခဲ့သည်ဟု ခံစားလိုက်ရသည်။ သူ ပထမဦးဆုံးအနေဖြင့် တစ်စုံတစ်ယောက်နှင့် ရင်းနှီးခင်မင်ချင်လာရသည်။ ဒါပေမယ့် လူတိုင်းကသာ သူ့ကိုချဉ်းကပ်လာနေကြမို့ တစ်စုံတစ်ယောက်ကို ဘယ်လိုချဉ်းကပ်ရမှန်းသူမသိပေ။

သိပ်မကြာခင်မှာပင် သူတို့ စာမေးပွဲရလဒ်စာရင်းတွေ ထွက်လာခဲ့သည်။

သူ့ကိုယ်သူ သိပြီးသားမို့ သွားမကြည့်မိပေမယ့် ထိုင်ခုံဖော် ဂျန်ယူရီက ဆူပုတ်စွာ မကျေနပ်ချက်တွေ ဖွင့်ချလာတာမို့ သူ ရလဒ်စာရင်းကို သွားကြည့်လိုက်မိသည်။ မထင်မှတ်ထားစွာပင် ဒုတိယနေရာမှာ ကျန်းဟောက်ဖြစ်နေခဲ့သည်။

သူလိုလိုပြုံးမိသွားပြီး သူ့ဘက်ကနေသာ ခြေလှမ်းစ ဖို့ ဆုံးဖြတ်လိုက်ပေမယ့် အရင် ခြေတစ်လှမ်း စ လာသူမှာ ကျန်းဟောက်ဖြစ်နေခဲ့သည်။

သို့ပေမယ့် အကြောင်းရင်းကို သူမသိ။

ဘယ်အရာက ကျန်းဟောက်ဘက်ကနေ သူ့ကို စ ချဉ်းကပ်လာအောင် လုပ်နိုင်ရသနည်း။ သူ မနေနိုင်စွာ မတ်သရူးကို မေးကြည့်ပေမယ့် ကျန်းဟောက်ကို စောင့်ဖို့သာ ပြောခဲ့တာမို့ သူစိတ်ရှည်ရှည်ဖြင့် သာစောင့်နေခဲ့သည်။

သိပ်မကြာခင်မှာဘဲ ကျန်းဟောက် ထိတ်ထိတ်ပြာပြာဖြင့် သူ့အခန်းရှေ့ရောက်လာခဲ့သည်။ နေ့လည်ခေါင်းလောင်းသံကြောင့် သူတို့ စကားသိပ်မပြောဖြစ်ခဲ့။

ကျန်းဟောက်ဘက်မှ သူ့ဆီကို ခြေတစ်လှမ်း စ ခဲ့ပြီဖြစ်သည်။ သူ့ဘက်ကရော ဘာလို့ ခြေတစ်လှမ်း မစ နိုင်ရမှာလဲ?

==============

TBC..........

14 November, 2024

အရင်က ဖတ်တဲ့သူမရှိသလောက်ဘဲ

နောက်ပိုင်း up ပြီးတာနဲ့ viewer လေးတွေရောက်ရောက်လာတာ မြင်ရတော့ အရမ်းပျော်နေပါပြီးလို့ 🫶

စာမေးပွဲရှိပေမယ့် fic ဘဲထိုင်ရေးချင်တယ် ဒုက္ခ🤣