Chapter 7: အပိုင်း (၆) ဒူရင်းသီးလေး ကျန်းဟောက်

My other halfWords: 37376

ကျန်းဟောက် ဘတ်စ်ကားမှတ်တိုင်မှ အိမ်ကို ၁၅ မိနစ်ခန့် လမ်းထပ်လျှောက်ရသည်။ လမ်းလျှောက်လာစဉ် တစ်လမ်းလုံးတွင် သူစဉ်းစားလာသည်မှာ ဆောင်းဟန်ဘင်းပြောသလို အိမ်ရောက်တာနဲ့ စာပို့သင့် မပို့သင့်ပေ။

တကယ်တမ်းစဉ်းစားကြည့်ရင် သူတို့ စာအပြန်လှန်ပို့ရတဲ့ထိ ရင်းနှီးသွားကြပြီလား?

ဘယ်ရင်းနှီးမလဲ စကားတောင် သေချာပြောဖြစ်တာ မနေ့ကမှဖြစ်သည်။ ဒါပေမယ့် တစ်ဖက်မှာလဲ နည်းနည်းလေးတော့ ရင်းနှီးနေတဲ့ခံစားချက်မျိုး ရှိနေပြန်သည်။ ကျန်းဟောက်က အပြင်ပန်း ပုံစံက ပေါင်းသင်းဆက်ဆံရခက်ခဲတဲ့ပုံပေါ်ပေမယ့် တကယ့်မှာတော့ ထိုသို့မဟုတ်ပေ။

ကျန်းဟောက်က ပုံမှန်ဆို ဒူရင်းသီးလိုဖြစ်သည်။ ဆူးချွန်တွေအပြည့်နဲ့ အခွံမာက တွေ့ရသမျှလူတိုင်းကို ကိုင်တွယ်ရခက်ဟန်၊ မလွယ်ကူဟန် ထင်ရပေမယ့် တကယ် အနားကပ်နိုင်ဖို့ ကြိုးစားတဲ့သူမှသာ အနှစ်သာရရှိတဲ့ အတွင်းသားနုနုလေးကို ထိတွေ့ ခံစားခွင့်ရမည်ဖြစ်သည်။

အစပိုင်းကတော့ ကျန်းဟောက်ကို ချဉ်းကပ်ရခက်သည်ဟု ထင်လိမ့်မည်

တကယ်သာ သူ့စိတ်ကိုဖွင့်ပေးလာရင် ကျန်းဟောက်နှင့် ဆက်ဆံရတာ ထင်သလောက် မခက်တော့ပေ။ ထိုကဲ့သို့လူမျိုးထဲတွင် မတ်သရူးတို့လဲအပါအဝင်ဖြစ်သည်။ မတ်သရူးနဲ့ ဖုန်းနံပါတ်လဲ ခဲ့တာ စတွေ့ပြီး တစ်ပတ်ကျော်ကျော်လောက်တွင် ဖြစ်ပေမယ့် သူ့ဘက်နေ တကူးတက စာပို့ခဲသည်။ ဒါကိုလဲ မတ်သရူးက စိတ်ကွက်ခြင်းမရှိဘဲ နားလည်ပေးသည်။

ဆောင်းဟန်ဘင်းနဲ့ကျတော့ မတူတော့ပေ။ ဆောင်းဟန်ဘင်းနဲ့ဆို ကျန်းဟောက်မှာ ငှက်ပျော်သီးအခွံခွါခံရသလိုပင်။ သူ့ရဲ့ ပုံစံအစစ်အမှန်ကို ဆောင်းဟန်ဘင်းရှေ့ အလွယ်တကူပင် ထုတ်ပြမိသလိုဖြစ်နေသည်။ ဆောင်းဟန်ဘင်း ဆိုတဲ့ နာမည်ကို မကြာခနဆိုသလို ကြားမိနေပေမယ့် အာရုံစိုက်ခြင်း သိပ်မရှိခဲ့။ တကယ်လဲ ခေါင်းထဲရောက်ရော တခြားလူတွေနဲ့ ခက်ပါတယ်ဆိုတဲ့ဖုန်းနံပါတ်လဲတာတွေ တစ်စုံတစ်ခုကို အတူတူလုပ်တာမျိုး၊ အခုဆို သူတို့ လမ်းလဲအတူလျှောက်ဖြစ်ကာ မုန့်လဲ အတူစားဖြစ်ခဲ့ကြသည်။ ဘတ်စ်ကားလဲ အတူစီးကာ အိမ်အတူပြန်ခဲ့ကြသေးသည်။

မဟုတ်သေးဘူး

ကျန်းဟောက် သူ့ခေါင်းကိုရှင်းထုတ်သလိုမျိုး ခါပစ်လိုက်သည်။

အိမ်အတူပြန်တာမျိုးမဟုတ်ဘဲ လမ်းကြုံနေရုံတင်။ ဘယ်လိုဖြစ်ဖြစ်

ဆောင်းဟန်ဘင်းနဲ့ကျ ဒါမျိုးတွေလုပ်ဖို့ လွယ်ကူနေရသနည်း။

ကျန်းဟောက်ထိုသို့ စဉ်းစားမိပြီးနောက် သူ ဆောင်းဟန်ဘင်းကို စာမပို့ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူက မိန်းကလေးလေးလဲ မဟုတ်ဘူးလေ၊ ညဘက်ကြီး တစ်ယောက်တည်း ပြန်ရလဲ ဘာအရေးလဲ?

ပြောရရင် ဆောင်းဟန်ဘင်းက လူတိုင်းအပေါ် စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ဖြစ်သည်။ တချို့ကိစ္စတွေကတော့ ဆောင်းဟန်ဘင်းက ဒီအတိုင်းသာ ပြောလိုက်တာ ဖြစ်နိုင်သည်။ အတည်ယူလိမ့်မည် မဟုတ်။ ပြီးတော့ ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်အား စိတ်ပူနေစရာ အကြောင်းရင်းလဲမရှိနေဘူး။

အဲ့လိုဆိုပေမယ့်လည်း

ဆောင်းဟန်ဘင်းဘက်က သူ့ဖုန်းကိုအရင်တောင်းပြီး နံပါတ်ကိုယူသွားခဲ့တာ အိမ်ရောက်ရင် စာပို့စေချင်တာကြောင့် ဖြစ်နေသည်။

မပို့ဘဲနေလို့ ကောင်းပါ့မလား?

ဒီနေ့တော့ ကျန်းဟောက် သူ့ကွန်ဒိုရှိရာသို့ elevator မစီးဘဲ ရိုးရိုးလှေကားကနေ လမ်းလျှောက်သာ ၅ လွှာကို တက်လာခဲ့သည်။

စာပို့မယ်.....

မပို့ဘူး.......

စာပို့မယ်.......

မပို့ဘူး......

..........

...............

...........

မပို့ဘူး

လှေကားတစ်ထစ်တိုင်းကို သူရေတွက်လာလိုက်တာ ရလဒ်က မပို့ဘူး လို့ ကျတာကြောင့် မပို့ဖို့ ဒုတိယအကြိမ်မြောက် ထပ်ပြီးဆုံးဖြတ်လိုက်သည်။

ထို့နောက်မှ သူသိလိုက်ရတာက သူ့လုပ်ရပ်က ဘယ်လောက်တောင် ရယ်စရာကောင်းနေသလဲဆိုတာပင်။ လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ သူများဘက်ကို မကြည့်တဲ့လူက အခုတော့ ခေါင်းရှုပ်ခံကာ အတွေးများနေရသည်။

စိတ်ရှုပ်ရှုပ်ဖြင့် password ကိုရိုက်ထည့်ပြီးတာနဲ့ အခန်းထဲကို ဝင်လာခဲ့လိုက်တော့သည်။ ပြီးနောက် လွယ်အိတ်ကို စာကြည့်ခုံပေါ် ပစ်တင်လိုက်ကာ အင်္ကျီတွေကို ခပ်မြန်မြန်ဆွဲချွတ်ပြီး ရေချိုးလိုက်တော့သည်။ ရေချိုးခန်းထဲမှ ခေါင်းစိုစိုဖြင့် ပြန်ထွက်လာပြီး

ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံကို ခပ်မြန်မြန်ရွေးပြီး ဝတ်ထည့်လိုက်ကာ လက်တစ်ဖက်က ခေါင်းသုတ်ရင်း တစ်ဖက်က ဖုန်းကို ကိုင်ကာ ထပ်ပြီးတွေဝေနေပြန်သည်။

ကျန်းဟောက်! ဒါကတော့ မဟုတ်သေးဘူး။ လုံးဝ မဟုတ်သေးဘူး

စာမပို့ဖို့ သူ နှစ်ကြိမ်တိတိ ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထို့ကြောင့် ဖုန်းကို ကုတင်ပေါ်သို့ လက်နောက်ပြန်ဖြစ်သာ ပစ်ထုတ်လိုက်ပြီး ခေါင်းကိုသာ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

ထိုအချိန်မှာပင် သူ့ဖုန်းက နိုတီအသံနဲ့အတူ မီးလင်းသွားရသည်။

သူဖုန်းကို အလျင်အမြန် ပြန်ယူလိုက်ပြီး ကြည့်လိုက်တော့ operator တွေက ပို့တဲ့ စာတိုလေးတွေသာ ဖြစ်သည်။

စိတ်ပေါက်ပေါက်ဖြင့် WeChat ထဲ ဝင်လိုက်သည်။ ထိုအခါ သူ့အဖေဆီက စာဝင်ထားသည်ကို တွေ့လိုက်ရသည်။

ကျန်းပါးပါး : ဒုတိယ?

ကျန်းပါးပါး : မင်းကို အနိုင်ရသွားတာ ဘယ်မိန်းကလေးတုန်း

ကျန်းဟောက် မျက်လုံးလှိမ့်လိုက်ပြီး စာပြန်လိုက်သည်။

Zhalways_1 : ယောကျ်ားလေး

ကျန်းပါးပါး : မင်းရဲ့ username ကို ဘယ်တော့ပြောင်းမှာလဲ

ကျန်းဟောက် ထိုစာနဲ့အတူပါလာတဲ့ လှောင်ပြောင်နေတဲ့ ခွေးသုံးကောင်ကို ပုံကိုကြည့်ပြီး မျက်လုံးကို စုံမှိတ်ထားမိလိုက်သည်။

Zhalways_1 : တရားမှတ်နေတဲ့ပုံ

ကျန်းပါးပါး : ထပ်၍ လှောင်ပြောင်နေသော ပုံ

ကျန်းဟောက် ထပ်ပြောနေရင် စိတ်ပိုဆိုးလာမှာမို့ သူ WeChat မှ ထွက်လိုက်သည်။

ထို့နောက် အာရုံလွှဲရန် Kakao talk ထဲ ထပ်ဝင်ပြန်သည်။ ထုံးစံအတိုင်း ဂယူဘင်က link တွေသာ ဆက်တိုက်ပို့နေပြီး မတ်သရူးက gym မှာ mirror selfie ပုံတွေ ပို့ထားတာဖြစ်သည်။

ထိုအချိန်မှာပင် ဖုန်းနံပါတ် အစိမ်းဖြင့် စာတစ်စောင် ဝင်လာခဲ့သည်။

01********* : အိမ်ကိုသေချာပြန်ရောက်ရဲ့လား?

မသိတဲ့ဖုန်းဆိုပေမယ့် ဆောင်းဟန်ဘင်းမှန်း ကျန်းဟောက် တန်းမှတ်မိလိုက်သည်။ သူစာပြန်ဖို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေမိသည်။ ချက်ချင်းကြီး စာပြန်တာမျိုးလဲ မဖြစ်စေချင်ပေ။ ထို့ကြောင့် သူ အချိန်တစ်ခုကြာအောင် စောင့်ချင်သေးသည်။ သို့ပေမယ့် တစ်ဖက်လူက ပြန်မရောက်သေးဘူးထင်ပြီး စိတ်ပူနေမှာကိုလဲ မလိုချင်ပေ။

ထိုအချိန်မှာပင် Kakao talk မှ စာတစ်စောင် ထပ်ဝင်လာသည်။

သူကြည့်လိုက်တော့ Shanbin ဆိုတဲ့ username နဲ့ဖြစ်ကာ hamster ပုံလေးနဲ့ ဖြစ်သည်။

Shanbin : ငါပါ ဆောင်းဟန်ဘင်း

ကျန်းဟောက် ဝင်ကြည့်နေတုန်းမှာဘဲ စာတွေက ထပ်ဝင်လာခဲ့သည်။

Shanbin : ဖုန်းနံပါတ်အစိမ်းနဲ့ဆိုတော့ လန့်သွားမှာစိုးလို့ Kakao talk ကနေဘဲပြောလိုက်တာ

ဒီတစ်ခါ ကျန်းဟောက် စာပြန်ဖို့ တွေဝေမနေတော့ပေ။

Zhalways_1 : ရောက်နေပြီး၊ ခုနက ရေချိုးနေတာ

Shanbin : ငါလဲ အခုဘဲ ဘတ်စ်ကားပေါ်က ဆင်းတာ

Zhalways_1 : အင်းးး၊ ငါ့ရဲ့ Kakao talk acc ကို ဘယ်လိုသိတာလဲ

Shanbin : Visual after Visual ထဲကနေ

Zhalways_1 : အော်.....

Shanbin : gp ထဲ ဝင်မကြည့်ဘူးနဲ့ တူတယ်

တကယ်က တစ်ခါတစ်လေ ကျန်းဟောက် ဝင်ကြည့်ဖြစ်ပါသည်။ သူ ဒီတိုင်း သတိမထားမိခဲ့ရုံတင်။

Zhalways_1 : ဝင်ကြည့်ဖြစ်ပါတယ်၊ နည်းနည်း မတူသလိုဘဲမို့လို့ သတိမထားတာ

Shanbin : ဘာမတူတာလဲ?

ဆောင်းဟန်ဘင်းက အပြင်မှာဆို တအား ထင်ပေါ်သည်။ သူရှိနေရင်ကို အနားမှာလူတွေက ဝိုင်းနေတတ်သည်။ လူတွေကြားထဲလဲ မတူညီစွာ ပေါ်လွင်နေတတ်သည်။ တော်တော်လေး ကြည့်ကောင်းတဲ့ အပြုံးတွေလဲရှိသလို မသိရင် လူကောင်းဆိုတာ နဖူးမှာ စာရေးထားသလိုပင်။ ဖြတ်သွားဖြတ်လာတိုင်းက ငေးမကြည့်ဘဲမနေနိုင်တဲ့ မျက်နှာ၊ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ သူမတူတဲ့ အက အရည်အချင်း၊ လိုတာထက် ကောင်းနေတဲ့ စိတ်ထားလေးရယ် တခြားလူ ဘက်တွေးပေးတတ်တဲ့ စိတ်ဓာတ်လေးရယ်ကြောင့် လူတိုင်းရဲ့ အိပ်မက်ထဲက စံပြကောင်လေးလို ပုံစံမျိုး ဖြစ်သည်။

အခုသူနဲ့ စကားပြောနေတဲ့ Shanbin ဆိုတဲ့ username နဲ့ hamster ပုံလေးကို ကြည့်ပြီး ကျန်းဟောက် မပြုံးဘဲမနေနိုင်။

Zhalways_1 : ငါ စာလုပ်တော့မယ်

ထိုအခါ ဆောင်းဟန်ဘင်းက ဟမ်းစတား ကာတွန်းပုံလေးနဲ့ စတစ်ကာလေး ပို့ပေးလာခဲ့သည်။

Shanbin : အိပ်ယာစောစောဝင်ဖို့လဲ မမေ့ပါနဲ့နော်

တခြားကျောင်းပိတ်ရက်တွေနဲ့ မတူစွာ ကျန်းဟောက် စာမလုပ်ဖြစ်ဘဲ တယောသာ ထိုင်ထိုးနေဖြစ်သည်။ သူ ဒီလိုမျိုး စျာန်ဝင်နေတာမျိုးက မဖြစ်ဖူးတာတော့ မဟုတ်ပေမယ့် ရှားတော့ရှားသည်။ တယောကို လက်ကမချဘဲ ထိုးနေဖြစ်တာမို့ သီချင်းပြီးဆုံးသည်နှင့် ညောင်းညာကိုက်ခဲတဲ့ ဝေဒနာက အသိအာရုံထဲ ချက်ချင်းဝင်ရောက်လာသည်။

စိတ်က တယောဆက်ထိုးချင်ပေမယ့် ခန္ဓာကိုယ်က မခံနိုင်တော့တာမို့ တယောကို ဂရုတစိုက်ပြန်သိမ်းလိုက်ပြီး ဝရန်တာဘက်ထွက်ခါ လေညှင်းခံနေလိုက်သည်။ မဲမှောင်နေတဲ့ ညကောင်းကင်အောက်၌ မီးရောင်စုံ ထွန်းလင်းနေပြီး ကောင်းကင်ပေါ်က ကြယ်များနှင့်အပြိုင်တောက်ပ နေခဲ့သည်။ ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ သူမသိခဲ့။ စ ရောက်ကတည်းက နေရာသစ်နှင့် ကျောင်းသစ်ကို နေသားကျစေရန် သူ့မှာ ကြိုးစားခဲ့ရတာကြောင့် လေညှင်းထွက်ခံဖို့ကို မတွေးမိခဲ့။ ဒီနေ့မှ သူ့စိတ်က အရမ်းကို တည်ငြိမ်နေကာ နေလို့ထိုင်လို့ ကောင်းနေခြင်းဖြစ်သည်။ ညည့်လဲ နက်နေပြီးမို့ သူ အိပ်ဖို့သာ ပြင်လိုက်သည်။

မနေ့ညက ကောင်းမွန်တဲ့စိတ်ခံစားချက်တို့ဖြင့် အိပ်ရာဝင်ခဲ့ပေမယ့် မနက်မိုးလင်းတော့ ကျန်းဟောက် ချွေးတွေ ရွှဲနစ်စွာဖြင့် နိုးထလာခဲ့ရပြီး အသက်ကို လုရှူနေရသည်။ စောင်ကို ဆွဲဖယ်လိုက်ကာ နဖူးပေါ်က ဆံပင်တွေကိုလဲ သပ်တင်လိုက်သည်။ သူ ဒီလိုမဖြစ်တော့တာ ကြာပြီးဖြစ်သည်။ မမြည်သေးတဲ့ နှိုးစက်ကို လှမ်းကြည့်လိုက်တော့ ၅:၄၈ မိနစ်ရှိပြီးဖြစ်သည်။

ဆက်အိပ်ချင်စိတ်လဲ မရှိတော့တာမို့ ကုန်းရုန်းထကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

စာသင်ခန်းထဲရောက်သည်နှင့် စားပွဲခုံပေါ်တွင် မှောက်အိပ်နေတဲ့ ကျန်းဟောက်ကို တွေ့လိုက်ရတာကြောင့် ဂယူဘင် အံ့ဩသွားရသည်။ ကျန်းဟောက်က လုပ်စရာမရှိရင်တောင် အပြင်တစ်နေရာကို လှမ်းငေးနေတတ်ပြီး မှောက်အိပ်နေတာမျိုးတော့ မလုပ်တတ်တာကြောင့် ဖြစ်သည်။ ထို့ကြောင့် အနားရောက်သည်နှင့် ကျန်းဟောက်ကို အသံတိတ်စူးစမ်းနေလိုက်သည်။

ကျန်းဟောက်မှာ နည်းနည်းမှ မလှုပ်သဖြင့် ဂယူဘင်မှာ မတ်သရူးကို မေးငေါ့ပြကာ မေးလိုက်ရသည်။

"ငါလဲမသိဘူး၊ ငါရောက်တာ စောတယ်ပြောရမယ်၊ အဲ့ကတည်းက သူ မှောက်အိပ်နေတာ"

ထိုအခါ Ricky က တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းဟောက်အား နှိုးရန် ကြိုးစားတော့သည်။

"ကျန်းဟောက် မင်းအဆင်ပြေရဲ့လား"

ကျန်းဟောက်မှာ တုတ်တုတ်မျှမလှုပ်ပေ။ Ricky ဒီတစ်ခါတော့ ခပ်ကြမ်းကြမ်းလေးလှုပ်နှိုးလိုက်သည်။ ထိုအခါမှ အနည်းငယ်ညည်းညူသံတိုးတိုးဖြင့် ကျန်းဟောက် မော့ကြည့်လာသည်။

မော့ကြည့်လာသည်နှင့် Ricky က နဖူးကို စမ်းကြည့်ကာ မေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား? နေမကောင်းဖြစ်နေတာလား"

ဂယူဘင်နှင့် မတ်သရူးမှာလဲ သူ့ကို စိုးရိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်သည်။ ထိုအခါမှ ကျန်းဟောက် အသိပြန်ဝင်လာကာ မတ်မတ်ထိုင်လိုက်ရင်း

"အဆင်ပြေပါတယ်၊ ညက တယောထိုးတာ ကြာသွားလို့ ကိုယ်လက်နည်းနည်းနာနေရုံဘဲ"

အဆင်ပြေတယ် ပြောပေမယ့် ကျန်းဟောက်ရဲ့မျက်နှာ တော်တော်လေး နွမ်းလျနေတာကို အတိုင်းသာမြင်နေရသည်။ အချိန်မရွေး ငိုချလိုက်နိုင်တဲ့မျက်နှာမျိုးဖြစ်သည်။ သူတို့သုံးယောက်တွက်ကတော့ ဒီလိုကျန်းဟောက်မျိုးကို မမြင်ဖူးတာကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။ မတ်သရူးက မနေနိုင်စွာဖြင့်

" မင်းဟာက ကိုယ်လက်နာရုံဘဲ ဟုတ်ရဲ့လား၊ ဆေးပေးခန်းသွားဖို့ လိုလား"

ကျန်းဟောက် မတ်သရူးကို ပြုံးပြလိုက်ပြီး

"ငါတကယ် အဆင်ပြေတယ်၊ ခနနေ သက်သာသွားလိမ့်မယ် စိတ်မပူပါနဲ့"

ကျန်းဟောက်မလိမ်ပါ။ သူ အချိန်ရရင် ရသလိုတော့ မှောက်အိပ်နေပေမယ့် စာသင်ချိန်တွေမှာတော့ အာရုံစူးစိုက်မှု အပြည့်ဖြစ်နေဆဲ။ ပြောင်းလဲသွားတာဆိုလို့ တည်ငြိမ်နေကျ မျက်နှာလေးက နွမ်းလျနေဆဲ ဖြစ်နေတာသာရှိသည်။ နေ့လည် ထမင်းစားချိန်တွင်လဲ ပုံမှန်အတိုင်း စားနေဆဲပင်။

PE ချိန်တွင်လဲ သေချာလိုက်လုပ်ဆဲ ဆိုပေမယ့် ခါတိုင်းလိုတော့ တက်တက်ကြွကြွမရှိ။ ခနခနဆိုသလို နဖူးကိုစမ်းကာ အဖျားလာလာတိုင်းနေတဲ့ သုံးယောက်ကလဲ အချိန်ပြည့် သူ့နားနေပေးကာ ဂရုစိုက်ပေးကြတာမို့ ကျန်းဟောက် ရင်ထဲ ခံစားလိုက်ရသည်။

ဒီလိုနဲ့ ကိုယ်ပိုင်စာကြည့်ချိန်ရောက်လာသည်။ ကိုယ်ပိုင်စာကြည့်ချိန်ဆိုပေမယ့် မုန့်စားသူက စား၊ စကားများသူက များဖြင့် ဆူညံနေပေမယ့် ကျန်းဟောက်ကတော့ မှောက်အိပ်နေပြန်သည်။ သူ့ကို တစိမ့်စိမ့်ထိုင်ကြည့်နေသည့် သူများမှာလဲ လူကသာ လန်းလန်းဆန်းဆန်းမရှိပေမယ့် အဖျားက မရှိတော့ ဘယ်လိုမှ မလုပ်ပေးနိုင်ဘဲရှိနေကြသည်။

ထိုအချိန်တွင် သူတို့ရဲ့ စာသင်ခန်းထဲ ဆောင်းဟန်ဘင်း လျှောက်ဝင်လာခဲ့သည်။ သူ့လက်ထဲတွင် ဓာတုစာအုပ်ကို ကိုင်ထားသေးသည်။ ထို့နောက် တစ်ခန်းလုံးရဲ့ ရှေ့မှာရပ်လိုက်ပြီး အားလုံးရဲ့ အာရုံတွေကို သိမ်းပိုက်လိုက်တော့သည်။

"ဆရာ၊ ဆရာမတွေက အခု အစည်းအဝေးတက်နေကြတာမို့ ကိုယ်ပိုင်စာကြည့်ချိန်မှာ လုပ်ထားရမဲ့ စာတွေကို ကိုယ်စားလာပြောပေးတာပါ"

တစ်ခန်းလုံး အော်ဟစ်ညည်းညူကုန်ကြသည်။

"အစည်းဝေးတက်နေတာဘဲကို စာပေးဖို့ လူလွှတ်လိုက်ရသလား"

"ဆောင်းဟန်ဘင်း မင်းက ကြည့်ကောင်းပေမယ့် ဒီလိုချိန်မှာတော့ မမြင်ချင်ဘူးကွာ"

ထိုအချိန်မှာ ဂယူဘင်က လက်မြှောက်ကာ ထောက်ခံလာသည်။

"စိတ်မကောင်းပေမယ့် ဆရာကင်က စာမျက်နှာ **** က ထုတ်ဖော်ပုံကို ကြိုလေ့လာထားဖို့ မှာလိုက်တယ်၊ နောက်နေ့ သူ့အချိန်ပါရင် ဆွေးနွေးပါမယ်လို့ မှာလိုက်ပါတယ်"

စာမလုပ်ချင်ကြသူများပီပီ မကျေနပ်ချက်တွေဖြင့် ပွစိပွစိ လုပ်နေကြပေမယ့် အယောက်တိုင်းက စာအုပ်ထုတ်လာကြသည်။ ဘယ်လိုဖြစ်ဖြစ် ဒီအခန်းက ပထမနှစ် အခန်း(B) ဖြစ်တာကြောင့် အတော်တွေချည်းဘဲ စုနေတာဖြစ်သည်။ (A) နဲ့မတူစွာ အနည်းငယ် ဗရုတ်ကျပေမယ့် ဘယ်အချိန်ဘာလုပ်ရမလဲဆိုတာကိုတော့ ကောင်းကောင်းသိကြသည်။

သို့သော် တစ်ယောက်ကသာ လှုပ်ရှားမှုများ ကင်းမဲ့နေကာ ခုံပေါ်တွင် မှောက်အိပ်နေတာဖြစ်သည်။ ထိုသူမှာ ကျန်းဟောက်ဖြစ်သည်။ ဆောင်းဟန်ဘင်း အခန်းရဲ့အရှေ့တွင် ရပ်နေရာမှ ကျန်းဟောက်ရဲ့ စားပွဲခုံရှိရာသို့ သွားလိုက်သည်။

"ကျန်းဟောက်?"

"ဟင်?"

တစ်ဖက်လူက လှုပ်ရှားမှုမပြုဘဲ အသံပေးလာသည်။ ထို့ကြောင့် ဆောင်းဟန်ဘင်း ထပ်မေးလိုက်သည်"

"အဆင်ပြေရဲ့လား"

"အင်း"

"သူ ဒီတစ်မနက်လုံး အဲ့လိုဖြစ်နေတာ၊ ကျောင်းရောက်ကတည်းကဘဲ၊ ငါတို့လဲ ဘာဖြစ်မှန်းမသိဘူး"

အနားမှ မတ်သရူးက အခြေနေကို ရှင်းပြလာသည်။

ကျန်းဟောက်က မှောက်အိပ်နေဆဲမို့ ဆောင်းဟန်ဘင်း ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ရင်း ကျန်းဟောက်ရဲ့ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးနေရင်း ထပ်မေးလိုက်သည်။

"ဘယ်နားနေထိုင်မကောင်းလို့လဲ? တကယ် အဆင်ပြေရဲ့လား"

သူ့ခေါင်းကို တစ်ယောက်ယောက်က မထင်မှတ်ဘဲ လာထိတာမလို့ သူ့တစ်ကိုယ်လုံးနွေးခနဲ ခံစားလိုက်ရတာကြောင့် မျက်တောင်လေးတွေပါ တုန်ယင်သွားရသည်။ ထိုအခါမှ သူအသိစိတ်ဝင်လာပြီး ဖွက်ထားတဲ့မျက်နှာလေးကို ဖော်ပြလာသည်။ ခုံပေါ်တင်ထားတဲ့ လက်ပေါ် မေးတင်ထားသည်မို့ သူ့မျက်နှာက ဆောင်းဟန်ဘင်းမျက်နှာနဲ့ နီးကပ်နေသည်။ သို့ပေမယ့် နှစ်ယောက်လုံးမရှောင်မိကြပါ။

အကြောင်းမှာ ကျန်းဟောက်ကတော့ သူ့ရှေ့ကလူနဲ့ အကြည့်ချင်းမဆုံသေးဘဲ ရှိနေရာ ဆောင်းဟန်ဘင်းမှာတော့ ကျန်းဟောက်ရဲ့ မျက်နှာကို သေချာအကဲခတ်နေခဲ့သည်။

ကျန်းဟောက်ရဲ့ မျက်နှာမှာ ခါတိုင်းထက်ပို၍ နွမ်းလျနေသည်။ အိပ်ထားတာကြောင့် မျက်လုံးတို့မှာလဲ အနည်းငယ်မို့အစ်နေသည်။ ဖြူပါတယ်ဆိုတဲ့အသားအရည်က ဒီနေ့မှာတော့ ဖြူဖက်ဖြူလျော် ဖြစ်နေတာမို့ အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်တဲ့ အနေထားမျိုးဟု ထင်ရသည်။

'ဝမ်းနည်းနေတာလား'

ဆောင်းဟန်ဘင်းတွေးလိုက်မိပေမယ့် သူလဲ သေချာမသိပေ။ ဘာကြောင့်လဲဆိုတာ မေးရင်လဲ မယျဉ်ကျေးသလိုဖြစ်မှာစိုးရိမ်တဲ့အတွက် သူ မမေးလိုက်ဖို့ကိုသာ ရွေးချယ်လိုက်သည်။

ခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးတာငြိမ်ခံရင်း ကျန်းဟောက် မျက်လုံးတို့ ပြန်မှိတ်သွားကာ ငြိမ်သက်သွားပြန်သည်။

ထိုအချိန်မှာဘဲ ခေါင်းပေါ်က ညှင်သာတဲ့အထိအတွေ့လေးကပျောက်သွားပြီး နောက် တစ်စက္ကန့်မကြာတဲ့ အချိန်အတွင်းမှာ သူ့နဖူးကို လာစမ်းတာကို ခံလိုက်ရပြန်သည်။

ဒီနေ့ သူ့နဖူးကို အတော်စွဲလမ်းနေကြသည်ဟု ကျန်းဟောက် ခံစားလိုက်ရသည်။ ထို့ကြောင့် မျက်မှောင်အနည်းငယ်ကြုတ်ကာ

"မတ်သရူး၊ ဂယူဘင်၊ Ricky ငါတကယ် နေမကောင်းတာ မဟုတ်ဘူး၊ အဖျားမရှိပါဘူးဆိုတာကို ဘာလို့ ခနခန နဖူးကိုဘဲ လာလာစမ်းနေကြတာလဲ"

ထိုအခါမှ သူစိတ်ရှုပ်စွာဖြင့် မျက်လုံးတို့ကို ဖွင့်လိုက်သည်။

ကျန်းဟောက်ရဲ့ ရည်ဝေဝေ မျက်ဝန်းများကို ဆောင်းဟန်ဘင်း စိုက်ကြည့်ရင်း ပြုံးကာ

"ငါပါ ဆောင်းဟန်ဘင်း"

"ဆောင်းဟန်ဘင်း?"

ကျန်းဟောက် မှောက်အိပ်နေရာမှ ထ ကာ အခန်းထဲကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းက ဒီအခန်းထဲ ဘယ်လိုရောက်နေတာလဲ"

"ဆရာကင်က ကိုယ်ပိုင်စာကြည့်ချိန်အတွက် စာပေးခိုင်းလိုက်လို့ရောက်လာတာ၊ မင်းမှောက်အိပ်နေတာတွေ့လို့ အဆင်ပြေရဲ့လားဆိုပြီး လာကြည့်တာ"

တကယ်က ကျန်းဟောက် နေမပျော်ရုံသာရှိသည်။ နေမကောင်းတာမျိုး မဖြစ်ပေ။

"အော်...."

"အဆင်ပြေတယ်ဆိုပြီးတာပါဘဲ၊ ငါ တခြားအခန်းတွေ သွားပြောလိုက်ဦးမယ်"

"ဟုတ်ပြီး"

ဆောင်းဟန်ဘင်းလဲသွားပြီးမို့ သူ မတ်သရူးကို လုပ်ရမဲ့စာကို မေးလိုက်ပြီး စာသာ ထိုင်လုပ်နေလိုက်သည်။

သူစာလုပ်နေရင်း မိနစ်အနည်းငယ် ကြာပြီးနောက် ဆောင်းဟန်ဘင်း သူ့အခန်းထဲသို့ ထပ်ရောက်လာပြန်သည်။

လာရင်းအကြောင်းရင်းမှာ ကျန်းဟောက်အတွက် ဓာတ်ဆားရည်ဖျော်ပြီး လာပေးသွားတာဖြစ်သည်။

ထို့နောက် ပြောသွားသည်က

"မနက်ဖြန် တွေ့မယ်နော်"

=============

TBC........

13 November, 2024