Chapter 6: အပိုင်း (၅) အိမ်ရောက်ရင် စာပို့လိုက်

My other halfWords: 38822

ထိုနေ့က ညနေ ကျောင်းဆင်းတော့ ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို အခန်းရှေ့တွင် အရင်ကြိုစောင့်နေခဲ့သည်။ ကျန်းဟောက် ဆောင်းဟန်ဘင်းရှိရာသို့လျှောက်သွားလိုက်ကာ မေးလိုက်သည်။

"မင်း ငါ့ကိုစောင့်နေတာလား"

"နေ့လည်က သေချာမပြောလိုက်ရဘူးလေ၊ မင်း အခု အချိန်ရလား"

"အင်း ရတယ်"

"ဒါဆို ဘယ်နေ့ စ သင်မှာလဲ၊ ဘယ်အချိန်တွေ သင်မယ်ဆိုတာ အစီစဉ် စ ဆွဲရအောင်"

"အင်း"

"မတ်သရူး ငါ ဒီနေ့ နည်းနည်းနောက်ကျမယ်"

မတ်သရူးကလဲ သဘောပေါက်ပြီးဟု ဆိုကာ လက်ယမ်းပြရင်း အရင်သွားနှင့်လေသည်။

ကျန်းဟောက်နဲ့ ဆောင်းဟန်ဘင်းတို့ အသင်းလှုပ်ရှားမှုတွေလုပ်ရတဲ့ အဆောင်ဘက်က မီနီမတ်ကိုသာ သွားလိုက်သည်။ သူတို့နှစ်ယောက် မီနီ

မတ်ရှေ့က ခုံမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

ဆောင်းဟန်ဘင်းက လွယ်အိတ်ကို ခုံမှာ ချလိုက်ပြီးနောက်

"ဘာသောက်မလဲ"

"ဘာဖြစ်ဖြစ်ရတယ်"

ထိုအခါ ဆောင်းဟန်ဘင်းက ခေါင်းညိတ်ပြပြီး မီနီမတ်ထဲဝင်ကာ အအေးတချို့နဲ့ မုန့်တစ်ချို့သွားဝယ်လာခဲ့သည်။သူက အထုတ်တစ်ထုတ်လက်မှာဆွဲရင်း ပြန်ထွက်လာခဲ့သည်။

"မင်း ဘာကြိုက်တတ်လဲဆိုတာ မသိဘူး၊ အဲ့ဒါကြောင့် လူကြိုက်များတာကိုဘဲ ရွေးဝယ်လာခဲ့လိုက်တယ်"

"အဆင်ပြေပါတယ်"

ကျန်းဟောက် အိတ်ထဲ ဟိုကြည့် ဒီကြည့် ကြည့်ရင်း သကြားလုံးတစ်လုံးကိုသာ ယူပြီး ပါးစပ်ထဲ ငုံထားလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက် အချိန်ဇယား စ ဆွဲဖို့ပြင်ကြတော့သည်။

"အရင်ဆုံး မအားတဲ့အချိန်တွေကို အရင် ချရေးကြည့်ရအောင်"

ဆောင်းဟန်ဘင်းက ပြောပြီးသည်နှင့် သူ့ရဲ့အချိန်ဇယားကို ချရေးတော့သည်။ ဆောင်းဟန်ဘင်းက ကျောင်းဆင်းသည်နှင့် သူ့ရဲ့ လေ့ကျင့်ခန်းကို တန်းသွားတော့တာပင်။ ၄ ခွဲကျောင်းလွှတ်ပါက ၅ နာရီတွင် သူ လေ့ကျင့်ရေးခန်းကို ရောက်သည်။ ပြီးလျှင် ည ၈ နာရီကျော် ၉ နာရီလောက်မှသာ ပြန်ထွက်လာတတ်သည်။ တနင်္လာနဲ့ သောကြာ နှစ်ရက်ကတော့ အပြင်က dance သင်တန်းကို သွားရသည်။ Sat and Sun တွင်တော့ Vocal သင်တန်းကို သွားရသည်။ လေ့ကျင့်ချိန်ပိုရအောင် ကျောင်းအဆောင်တွင်သာနေပြီး

တစ်ပတ် တစ်ခါမှသာ အိမ်ပြန်ဖြစ်သည်။ တကယ်ဆို company တစ်ခုတွင် trainee အဖြစ်ဝင်ချင်ပေမယ့် သူ့အိမ်က ပညာရေးကိုသာ အရင်ဦးစားပေးစေချင်တာဖြစ်၍ အိမ်ကလူတွေနဲ့ အထက်တန်း တတိယနှစ်ပြီးတာနှင့် trainee ဝင်လုပ်မည်ဆိုတဲ့ကတိတော့ လုပ်ထားသည်။

သူ တစ်ခနလောက်ကြာအောင် ရေးပြီးသည်နှင့် ကျန်းဟောက်အား စာရွက်နဲ့ ဘောပင် ပေးလိုက်သည်။

ထိုအခါ ကျန်းဟောက်က ခေါင်းခါ ပြကာ-

"ငါ ကျောင်းဆင်းတာနဲ့ ထွေထွေ ထူးထူး လုပ်စရာမရှိဘူး၊ အဲ့ဒါကြောင့် မင်းအဆင်ပြေတဲ့အချိန်ကိုဘဲ ညှိကြတာပေါ့"

"အသင်းလှုပ်ရှားမှုတွေရော မရှိဘူးလား"

"အသင်းတော့ ဝင်ထားပေမယ့်၊ သိပ်မသွားဖြစ်ဘူး၊ အိမ်မှာဘဲ ပုံမှန် လေ့ကျင့်ဖြစ်နေတာ၊ ခေါင်းဆောင်ကလဲ မလိုအပ်ရင် မခေါ်ဘူး၊ အခုထိတော့ တစ်ခါမှ အခေါ်မခံရသေးပေမယ့်ပေါ့"

ထိုအခါ ဆောင်းဟန်ဘင်းက စာရွက်ကို ပြန်ယူလိုက်ကာ စဉ်းစားလိုက်ပြီးနောက် ကျန်းဟောက်ကို မေးလိုက်သည်။

"မင်း ကျောင်းအဆောင်မှာဘဲ နေတာလား"

"ဟင့်အင်း၊ အပြင်မှာနေတာ"

"ဝေးလား?"

"အရမ်းတော့ မဝေးဘူး၊ ဘတ်စကားတော့ စီးရတယ်"

"ဒါဆိုရင် ကျောင်းဆင်းတာနဲ့ ၆ နာရီလောက်ပေါ့ ဘယ်လိုလဲ အဆင်ပြေလား"

ထိုအခါ ကျန်းဟောက်က ဆောင်းဟန်ဘင်းရဲ့ စာရွက်ကို လှမ်းကြည့်လိုက်ပြီး

"မင်း သင်တန်းမသွားရရင် လေ့ကျင့်နေလို့ ၈ နာရီ ၉ နာရီလောက်မှ အားတာမလား"

"လေ့ကျင့်တဲ့အချိန်က ရွှေ့လိုက်လို့ ရပါတယ်၊ ငါက ကျောင်းအဆောင်မှာဘဲ နေတာဆိုတော့ အဆင်ပြေတယ်၊ မဟုတ်ရင် မင်းအိမ်ပြန်တာနောက်ကျလိမ့်မယ်၊ ညဘက်တွေက မလုံခြုံဘူးလေ"

ကျန်းဟောက် မရည်ရွယ်ပါဘဲ ပြုံး

လိုက်မိသည်။ လူတိုင်းဘာကြောင့် ဆောင်းဟန်ဘင်းကို ခင်ကြတယ်ဆိုတာ သူနားလည်လိုက်သည်။ ဆောင်းဟန် ဘင်းက အမြဲ သူများတွေတွက် ထည့်စဉ်းစားပေးတတ်တာ သူမြင်ဖူးထားပြီးပြီဖြစ်သည်။ အစကတော့ အပိုတွေပါဟု တွေးကာ စိတ်ထဲ ဘဝင်မကျပေမယ့် အများကြီးမတွေးဖြစ်ခဲ့။

သို့ပေမယ့် ကိုယ်တိုင်ကြုံတဲ့အခါမှသာ ဂရုစိုက်ခံရတာက ဘယ်လိုမျိုးလဲ ဆိုတာကို သိလိုက်ရသည်။ အထူးသဖြင့် မရင်းနှီးသေးတဲ့ လူတစ်ယောက်က

ကိုယ့်တွက်စဉ်းစားပေးတာမျိုး?။

ကျန်းဟောက်က တခြားသူတွေနဲ့ နီးနီးကပ်ကပ် သိပ်မနေတတ်တဲ့သူမျိုးဖြစ်သည်။ သူငယ်ချင်းတွေနဲ့ဆိုရင်တောင် တစ်ခါတစ်လေ သူ့ခံစားချက်ကို ထုတ်ပြ ခဲသည်။ မထုတ်ပြချင်လို့

မဟုတ်ဘဲ မထုတ်ပြဖြစ်ရုံသာ။

ပြီးနောက် တစ်ယောက်ယောက်ကို ထည့်စဉ်းစားပေးတာမျိုးတွေ၊

သူတကယ် မလုပ်နိုင်ပေ။ ထို့ကြောင့်လဲ ကျောင်း စ ရောက်ခါစက မတ်သရူးရဲ့ စိတ်အားထက်သန်စွာ ကူညီမှုတွေကို ကျေးဇူးတင်ပေမယ့် သူ့အတွက် အနည်းငယ် ကူရာကယ်ရာမဲ့စေသည်။

သို့ပေမယ့် ဆောင်းဟန်ဘင်းနဲ့ကျတော့ မတူပေ။ ရုတ်တရက်မို့မပြောတတ်ပေမယ့် အရေးပေးခံရတယ် ဆိုတဲ့

ခံစားချက်မျိုးကို ပေးသည်။

အရေးပေးတယ်?!!!

အရေးပေးခံရတယ်!!!

ကျန်းဟောက် သူ့အတွေးကို သူ လျင်မြန်စွာ ဟန့်တားလိုက်ရသည်။ ဘာကို အရေးပေးခံရတယ်လဲ၊ သူနဲ့ ဆောင်း

ဟန်ဘင်းနဲ့ တွေ့တာမှ ၃ ခါ လား ၄ ခါလား? လက်တစ်ဖက်တည်းနဲ့

ရေတွက်ရင်တောင် လက်ချောင်းတွေ ကျန်နေသေးတဲ့ အနေထားလေ။ ပြီးတော့ စကားပြောဖြစ်တာလဲ ဒီနေ့မှ သေချာပြောဖြစ်တာဖြစ်သည်။

ဆိုပေမယ့် ထူးဆန်းစွာ နေရထိုင်ရခက် နေတာမျိုးမရှိပါ။

အတွေးလွန်နေတဲ့ ကျန်းဟောက်ကို ကြည့်ရင်း ဆောင်းဟန်ဘင်း လက်ဖျောက်တီးကာ ပြန်ခေါ်လိုက်ရသည်။ ထိုအခါမှ ကျန်းဟောက်က အတွေးလွန်နေရာမှ သူ့ကို ကြည့်လာပြီး

"ဟမ်? အင်... အင်း အဆင်ပြေတယ်၊ အဲ့လိုဘဲ လုပ်ကြတာပေါ့"

"ဟုတ်ပြီး ဒါဆို Tuesday, Wednesday & Thursday တွေမှာ စာအတူလုပ်ကြတာပေါ့"

ကျန်းဟောက် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

"နေရာကိုက ကျောင်းထဲက library မှာဘဲ ဆိုရင်ရော အဆင်ပြေလား"

"ပြေတယ်"

"Member တော့ ဝင်ရမယ်၊ ငါတော့ ဝင်ထားပြီးသားဘဲ မင်းရော"

"ဟင့်အင်း"

"ဒါဆို မနက်ဖြန် member ဝင်ဖို့ အတူသွားရအောင် အခန်းရှေ့မှာ လာခေါ်လိုက်မယ်"

ကျန်းဟောက်ခေါင်းညိတ်ပြလိုက်သည်။

သူစီစဉ်သမျှကို ခေါင်းတညိတ်ညိတ်ဖြင့် လိုက်နာနေသော ကျန်းဟောက်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။

"ဒါဆို နောက်တစ်ပတ် စ ကြမလား၊ ဒီနေ့ဘဲ Thursday ဖြစ်နေပြီး၊ မနက်ဖြန်ကလဲ သင်တန်းသွားရမှာ"

ကျန်းဟောက် ခေါင်းထပ်ညိတ်ပြလိုက်သည်။ ထိုအခါ ဆောင်းဟန်ဘင်းက သဘောကျစွာပင် အသံထွက်ရယ်လိုက်သည်။

ဆောင်းဟန်ဘင်း ဘာကြောင့် ရယ်မှန်း ကျန်းဟောက်မသိတာကြောင့် ကြောင်တောင်တောင်လေးနဲ့သာ ကြည့်နေလိုက်သည်။ နောက်ဆုံး မနေနိုင်တာနဲ့ သူပါပြုံးလိုက်မိသည်။

"စာအတူလုပ်တဲ့ သုံးရက်မှာ ညနေစာနဲ့ မုန့်ကို ငါ တာဝန်ယူပေးမယ်"

ထိုအခါ ဆောင်းဟန်ဘင်းက ငြင်းလာသည်။

"မဟုတ်တာဘဲ၊ ကျွန်တော်တို့ တစ်ယောက်တစ်ဝက်ရှင်းကြတာပေါ့"

"ပုံမှန်အတိုင်းဘဲ ပြောလို့ရပါတယ်၊ ဘာလို့ ရုတ်တရက်ကြီး ယဉ်ကျေးသွားရတာလဲ? ငါဘဲ တာဝန်ယူပါ့မယ်၊ မင်းက ငါ့ကို စာကူကြည့်ပေးဖို့အတွက်နဲ့ အချိန်တွေပေးရ ညှိရလုပ်ထားရတာ၊ ငါက ဝယ်ကျွေးသင့်တာပေါ့"

ကျန်းဟောက်ရော သူရော အထက်တန်းကျောင်းသားတွေသာ ဖြစ်ကြသည်။ သူတို့အရွယ်က အိမ်က အမှီအခိုနဲ့ နေရတဲ့အရွယ်သာရှိသေးသည်။

ပြီးနောက် ကျန်းဟောက်က တခြားနိုင်ငံကနေပြောင်းလာတာမို့ အကုန်ကျတွေလဲ ပိုများမည်ဖြစ်သည်။ ကျန်းဟောက်ကို ဝန်မပိစေချင်တာကြောင့် သူ ငြင်းဆန်နေဆဲ။ သို့ပေမယ့် ကျန်းဟောက်က ခေါင်းမာသူ ဖြစ်သူပီပီ အဆုံးထိ သူ ညနေစာကို တာဝန်ယူမယ်ချည်းပြောနေသည်။

"ဘာမှမဖြစ်ဘူး၊ ငါ့အဖေက ကောင်းကောင်းထောက်ပံ့နိုင်တယ်"

နောက်ဆုံး ဆောင်းဟန်ဘင်းကဘဲ အင်တင်တင်ဖြင့် အလျှော့ပေးလိုက်ရသည်။

"ဒါဆို မနက်ဖြန်မှဘဲတွေ့ကြတာပေါ့၊ အခန်းရှေ့မှာ လာခေါ်လိုက်မယ်"

"အင်း မနက်ဖြန်တွေ့ကြမယ်"

ဆောင်းဟန်ဘင်းနဲ့ချိန်းထားတာမို့ နေ့လည်အားလပ်ချိန် တစ်ချိန်လုံး ကျန်းဟောက်မှာ စာသင်ခန်း တံခါးဝကိုသာ တမျှော်မျှော်နဲ့ ကြည့်နေမိသည်။

ကျန်းဟောက်ကို Ricky က သတိထားမိသွားပြီး ဂယူဘင်ကို တံတောင်နဲ့တွတ်လိုက်သည်။ ဂိမ်းဆော့နေတဲ့ ဂယူဘင်က ရုတ်တရက်မို့ ဆရာမလာတယ် အထင်နဲ့ ဖုန်းကို စားပွဲခုံအောက်ထဲသို့ အလျင်မြန်ပစ်ထည့်လိုက်သည်။

ဘယ်သူ့ကိုမှ မတွေ့တာမို့ Ricky အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး

"ဘာလဲကွာ"

"ကျန်းဟောက် ထူးဆန်းနေတယ်"

"ဘာထူးဆန်းလို့လဲ"

"သူ အပြင်ဘက်ကိုဘဲ ကြည့်နေတာ တစ်ယောက်ယောက်ကို မျှော်နေတာဖြစ်မယ်"

"ဘယ်လိုလုပ်သိမှာလဲ၊ ဂိမ်းအေးဆေး ဆော့ပါရစေကွာ၊ ဟုတ်ပြီလား"

ထို့နောက် ဂယူဘင် ဖုန်းကိုထုတ်ကာ ဂိမ်းသာဆော့နေလိုက်သည်။

နေ့လည်အားလပ်ချိန်ကုန်သွားပေမယ့် ဆောင်းဟန်ဘင်းရောက်မလာခဲ့ပါ။

ဂိမ်းထဲအာရုံစိုက်နေတဲ့ ဂယူဘင်မှာလဲ Ricky က အမြင်ကပ်ကပ်နဲ့ ဆရာမ လာတာကို သတိမပေးဘဲ လွှတ်ထားလိုက်တာမို့ နောက်ဆုံးမှာ ဖုန်းသိမ်းခံ

လိုက်ရတော့သည်။

ညနေကျောင်းဆင်းတော့ ဒီနေ့က သောကြာနေမို့ ဆောင်းဟန်ဘင်းက မလာလောက်တော့ဘူးလို့ ထင်ကာ အိမ်ပြန်ဖို့သာ ကြံလိုက်သည်။

သို့ပေမယ့် သူ့အစီစဉ်က အလုပ်မ ဖြစ်ပါ။ ဒီနေ့က ကျန်းဟောက်ရဲ့

သန့်ရှင်းရေးတာဝန်ကျတဲ့ရက်ဖြစ်သည်။ ဂယူဘင်က ဝိုင်းလုပ်ပေးမည်ဟု ကတိပေးထားပေမယ့် သူ့ဖုန်းသိမ်းခံထားရတာမို့ ဆရာမက ရုံးခန်းကို ခေါ်ထားတာကြောင့် သွားရမှာဖြစ်သည်။ ထို့ကြောင့် ဒီနေ့တော့ ကျန်းဟောက် သူ့ဟာသူ လုပ်ရတော့မှာဖြစ်သည်။

"နောက်အပတ်အစားထိုးလုပ်ပေးပါ့မယ်၊ မျက်နှာကြီးက ဘာဖြစ်တာတုန်း"

ကျန်းဟောက်လဲ သူမျက်နှာ ဘာဖြစ်

မှန်းမသိတာကြောင့်

"သွားမှာသာ သွားစမ်းပါ၊ ငါ့ဟာငါ လုပ်လိုက်မယ်"

"အေး အခုမသွားရင်လဲ မင်းနှုတ်ခမ်းက ငါ့ကို လာထိုးမိတော့မှာ၊ သွားပြီးနောက်မှတွေ့မယ်"

ကျန်းဟောက် လက်သာခါပြလိုက်ပြီး သန့်ရှင်းရေး စ လုပ်ဖို့ ပြင်တော့သည်။

အရင်ဆုံး ထိုင်ခုံတွေကို စားပွဲခုံပေါ်တင်လိုက်သည်။ ပြီးနောက် တံမြတ်စည်းနဲ့ ဂေါ်ပြားကို ကိုင်ကာ တံမြတ်စည်း စ လှည်းတော့သည်။

သန့်ရှင်းရေးလုပ်နေပေမယ့်လဲ စိတ်က တခြားရောက်နေသည်။

မလာဖြစ်ဘူးဆိုလဲ ကြိုပြောပါတော့လား။ မနေ့က အရေးပေးခံရတယ် ဆိုတဲ့ ခံစားချက်လေးက အခုတော့ ပျောက်ချင်းမလှပျောက်သွားရပြီးဖြစ်သည်။ စာပို့လိုက်လို့ရရဲ့သားနဲ့၊ သူ့အခန်းကိုလာပြီး ခေါ်မယ်လို့ပြောထားလို့သာ ကျန်းဟောက် စောင့်နေမိတာဖြစ်သည်။ မလာဖြစ်ဘူးဆိုတာကို ကြိုသာပြောခဲ့ရင် သူစောင့်နေမှာ မဟုတ်။

စာပို့လို့ရတယ်ဆိုမှ သတိရသွားသည်။ သူ့တွင် ဆောင်းဟန်ဘင်းအား ဆက်သွယ်ဖို့ ဘာမှမရှိသလို ဆောင်းဟန်ဘင်းကိုလဲ သူ့နံပါတ်ကို မပေးထားမိပါ။

ဒီလိုဆိုတော့လဲ အရမ်းကြီး အပြစ်တင်စရာမဟုတ်တော့ဘူး။

ကျန်းဟောက်တွေးရင်း တံမြတ်စည်းလှည်းနေစဉ် သူတို့အခန်းရှိရာဘက်သို့ လျှောက်လာနေတဲ့ ခြေသံကို ကြားလိုက်ရသည်။

"ကျန်းဟောက်"

အသံလာရာဘက် လှည့်ကြည့်လိုက်တော့ ဆောင်းဟန်ဘင်းကို တွေ့လိုက်ရတာမို့ ကျန်းဟောက် အံ့ဩသွားရသည်။ သူကြည့်နေတုန်းမှာ ဆောင်းဟန်ဘင်းက အခန်းထဲလျှောက်ဝင်လာသည်။ အမြဲလို သပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ ဆံပင်ပုံစံနဲ့ ကျောင်းဝတ်စုံက ဒီနေ့မှာတော့ပုံစံအနည်းငယ်ပျက်နေသည်။

ဒီကို ပြေးလာတာလားဟုပင် ကျန်းဟောက် တွေးလိုက်မိသည်။

"တော်သေးတာပေါ့၊ လွဲသွားတော့မလို့၊ လာလိုက်တာ မှန်သွားတယ်"

ထိုအချိန်မှာပင် ဆောင်းဟန်ဘင်း သူ့အနားရောက်လာပြီး သူ့လက်ထဲက ဂေါ်ပြားကို ယူလိုက်ကာ သန့်ရှင်းရေး လုပ်နေသည်ကို ကူညီပေးနေသည်။

"ဆရာက ခေါ်လို့ သွားနေရတာ၊ အဲ့ဒါနဲ့ နောက်ကျသွားတာ"

ဒါဆိုနေ့လည်က ဘာလို့မလာတာလဲဟုတော့ ကျန်းဟောက်မမေးလိုက်မိပါ။ ဆောင်းဟန်ဘင်းက လာခေါ်မယ်သာပြောတာ ဘယ်ချိန်လာမယ်မှ မပြောထားခဲ့တာလေ။

"ရပါတယ် ဘာမှမဖြစ်ပါဘူး၊ သန့်ရှင်းရေး duty ရှိနေတော့ အတော်ဘဲ ဖြစ်သွားတာပေါ့"

"အင်း မြန်မြန်ပြီးအောင် အတူလုပ်ကြတာပေါ့"

ထိုအခါ သူ ဆောင်းဟန်ဘင်းကို ကြည့်လိုက်ပြီး

"မင်း အချိန်ရရဲ့လား၊ ငါတစ်ယောက်တည်း လုပ်လို့နိုင်ပါတယ်"

"အားမနာပါနဲ့ ငါအချိန်ရှိပါတယ်"

ကျန်းဟောက် ဆက်မပြောတော့ဘဲ သန့်ရှင်းရေးကိုသာ ဆက်လုပ်နေလိုက်သည်။ ဆောင်းဟန်ဘင်းက သင်ပုန်းကို ကူဖြတ်ပေးပြီး အမှိုက်အိတ်ကိုလဲ သေချာ ပစ်၍ အိတ်အသစ်ပါ လဲပေးလေသည်။ ထို့နောက် နှစ်ယောက်သား စားပွဲခုံတွေကို သေချာပြန်စီလိုက်ပြီး အခန်းတံခါးတွေကို လိုက်ပိတ်ကြသည်။ ပြီးနောက် ရုံးခန်းကိုသွားကာ စာသင်ခန်းသော့ကို သွားပြန်အပ်လိုက်ပြီးနောက် စာကြည့်တိုက်ဘက်သို့ အတူထွက်လာလိုက်ကြသည်။

စာကြည့်တိုက်ရောက်တော့လဲ form ဖြည့်တာ ဘာညာအကုန် ဆောင်းဟန်ဘင်းကသာ အကုန်လုပ်ပေးခဲ့သည်။ ကျန်းဟောက်ကတော့ အနားကနေ ဆောင်းဟန်ဘင်းလုပ်သမျှကိုသာ လိုက်ကြည့်နေသည်။ ထို့နောက် တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ကျန်းဟောက် ထိုအရာကို လိုက်ရှာ လိုက်မိသည်။

ဒါကို သတိထားမိတဲ့ ဆောင်းဟန်ဘင်းက မေးလာသည်။

"တစ်ခုခုဖြစ်လို့လား"

"အင်း.... ဘာမှမဟုတ်ပါဘူး"

"Okay ဒါဆို သွားကြတာပေါ့၊ အိမ်တန်းပြန်မှာမလား?"

"ဟုတ်တယ်"

ဒီလိုနဲ့ နှစ်ယောက်သား အတူတူ

ကျောင်းဂိတ်ဝထိ လျှောက်လာခဲ့ကြသည်။

ကျောင်းရှေ့က တော့ပိုကီဆိုင်မှာ ဝင်ဝယ်ရင်း ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို တော့ပိုကီ ထည့်ထားတဲ့ခွက်ကို လှမ်းပေးရင်း မေးလာသည်။

"ဘယ်ဘက်ကိုသွားမှာလဲ"

"****မှတ်တိုင်ကို"

"အို့ အတူတူဘဲ၊ ငါလဲ အဲ့မှတ်တိုင်ကို သွားရမှာ"

"ဒါဆို အတူသွားကြမလား"

"ကောင်းသားဘဲ သွားတာပေါ့"

ဆောင်းဟန်ဘင်းနဲ့ ဘတ်စကား မှတ်တိုင်သို့ တော့ပိုကီလဲစားရင်း စကားလဲပြောရင်း အတူလျှောက်လာကြသည်။

"တရုတ်မှာတုန်းက ဘယ်လိုလဲ"

"တကယ်တော့ အမှန်တိုင်းပြောရရင်၊ ဘာသာစကားဘဲကွာတာ ကျန်တာ ငါ့တွက် အထွေထူးပြောင်းလဲသွားတာ သိပ်မရှိဘူး"

"အို့ တကယ်ကြီးလား၊ စိတ်လှုပ်ရှားနေတာမျိုးတို့ မဖြစ်ဘူးလား ပြောင်းလာခါ စ က"

"အင်းးးးနည်းနည်းပေါ့၊ ဒါပေမယ့် ငါက သိပ်ပြီး ပျော်တတ်တဲ့ထဲမပါဘူး၊ သူငယ်ချင်းလဲများများမရှိဘူး၊ ရှိပေမယ့် နည်းတယ်၊ တစ်ယောက်တည်း နေတာများတော့ ဒီမှာရောက်လာလဲ ဒီပုံစံဘဲဖြစ်နေမှာဆိုတော့ အရမ်းကြီး ဘာမှမတွေးထားဖြစ်ဘူး။ ပျင်းစရာကောင်းတဲ့ လူမျိုးလို့ တွေးနေပြီလား"

"မဟုတ်ပါဘူး ထင်ထားတာထက် စကားတွေအများကြီးပိုပြောပါတယ်"

ဆောင်းဟန်ဘင်းရဲ့ သူ့အပေါ်မှတ်ချက်ကို ကြားရတော့ သဘောကျစွာ ရယ်လိုက်မိရင်း

"ငါရော မေးလို့ရလား Idol ဘာလို့

ဖြစ်ချင်တာလဲ"

"ငယ်ငယ်ကတော့ စာဘဲလုပ်နေခဲ့တာ၊ သိတယ်မလား နွေရာသီမှာ summer class ကိုသွားရင်းနဲ့ လမ်းမှာ လူတစ်စုက ပျော်ပျော်ပါးပါးနဲ့ က ခုန်နေတာကို တွေ့ခဲ့ရတယ်၊ အဲ့တုန်းက ခံစားချက်က ဘယ်လိုပြောရမလဲ၊ ရှိနေတဲ့ လမ်းနဲ့ အချိန်တူနေတာတောင် မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားလိုက်ရတယ်၊ အရမ်းလဲပျော်စရာကောင်းပြီးတော့ လွတ်လပ်ပေါ့ပါးတယ်၊ အဲ့တုန်းက အဲ့လိုခံစားချက်မျိုး ရလိုက်တာ၊ အဲ့လိုနဲ့  ရှာဖွေစူးစမ်းရင်း idol ဖြစ်ချင်လာတယ်"

"ပျော်ဖို့ကောင်းခဲ့မှာဘဲ"

"အင်း အခုပြန်ပြောနေရင်းနဲ့တောင် ရင်ထဲ တလှပ်လှပ်နဲ့ ခံစားရတယ်၊ မင်းကရော ဘယ်အရွယ်ကတည်းက တယောထိုးတာလဲ၊ အဲ့တုန်းက အရမ်းနားထောင်ကောင်းခဲ့တာ"

"ငယ်ငယ်လေးကတည်းကဘဲ၊ အမေက တယောဆရာမလေ သူဘဲ သင်ပေးခဲ့တာ၊ နောက်ပိုင်း သူ ဆုံးသွားတော့ အိမ်မှာဘဲ ဆရာခေါ်သင်ဖြစ်တော့တယ်"

"တောင်းပန်ပါတယ် စိတ်မကောင်း

ဖြစ်သွားသေးလား"

"ကိစ္စမရှိပါဘူး ပြီးပြီသားကိစ္စတွေဘဲလေ"

"အခွင့်ရေးရှိမယ်ဆို နောက်တစ်ခေါက်လောက် နားထောင်ချင်သေးတယ်"

"ရတာပေါ့!"

၆ နာရီထိုးခါနီးမို့ မှောင်ရိပ်သန်းလာနေပြီး ဖြစ်သည်။ သူတို့ မှတ်တိုင်ကိုရောက်ပြီး သိပ်မကြာခင်မှာ ဘတ်စကားက ရောက်လာခဲ့သည်။ ရုံးဆင်းချိန် ကျောင်းဆင်းချိန်မို့ လူများနေပေမယ့် ကံကောင်းစွာနဲ့ သူတို့နှစ်ယောက်လုံး ထိုင်ခုံကို ရှာတွေ့ခဲ့ကြသည်။

ကားပေါ်ရောက်တော့ သူတို့ စကားသိပ်မပြောဖြစ်ကြတော့ပါ။ ကျန်းဟောက်ကတော့ ပြတင်းပေါက်ရှိရာဘက်မှာထိုင်နေတာမို့ မီးရောင်တွေ တဖြတ်ဖြတ်လတ်နေတဲ့ ညအလှကို ကြည့်နေကာ ဆောင်းဟန်ဘင်းကတော့ သူ့အနားမှာ မျက်စိမှိတ်ကာ တစ်ရေးမှေးနေခဲ့သည်။

ဒီညနေ အံ့ဩစရာကောင်းစွာပင် သူနဲ့ဆောင်းဟန်ဘင်း စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ ပုံမှန်ဆို သူ့အကြောင်း ကိုယ့်အကြောင်း မေးကြပြောကြတာမျိုး ကျန်းဟောက်လုပ်လေ့မရှိပေ။ အခုဆို မှတ်တိုင်ကို လာနေစဉ် တစ်လျှောက်မှာ ဆောင်းဟန်ဘင်းရော ကျန်းဟောက်ရော တစ်ယောက်အကြောင်းကို တစ်ယောက်အခြေခံလောက်တော့ သိသွားပြီလို့ သတ်မှတ်လို့ရသည်။ မိနစ် ၂၀ နီးပါးလောက်စီးပြီးနောက် ကျန်းဟောက် ဆင်းရတော့မဲ့ မှတ်တိုင်က ရောက်တော့မည် ဖြစ်သည်။ ထို့ကြောင့် သူ ဘတ်စကားပေါ်မှာ ဆင်းရန် အသင့်ပြင်လိုက်ပြီး ကြည့်လိုက်တော့ ဆောင်းဟန်ဘင်းက မျက်လုံးတွေမှိတ်ထားဆဲမို့ သူ မနှိုးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှာဘဲ ဘတ်စကားပေါ်မှာ လာမဲ့မှတ်တိုင်မှာ ဆင်းမဲ့လူများအတွက် အချက်ပေးသံထွက်လာတာကြောင့် မျက်လုံးတွေကို ဖွင့်လိုက်မိသည်။ ဆောင်းဟန်ဘင်းကြည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ ကျန်းဟောက်မျက်လုံးတွေကို တွေ့လိုက်ရသည်။ သူအိပ်မှုန်စုံမွှားမို့လား မသိပါ။ ကျန်းဟောက်ရဲ့ မျက်ဝန်းတွေက ကားအပြင်ဘက်က မီးအရောင်တွေထက်တောင် ပို၍

တောက်ပနေသေးသည်။ ထိုမီးအရောင်တွေကြောင့် သူမြင်နေရတဲ့ကျန်းဟောက်မှာ ခါတိုင်းမြင်နေရတဲ့ ကျန်းဟောက်နဲ့ မတူပေ။

သူ့မျက်လုံးကို လက်ခုံးဖြင့်ပွတ်လိုက်သည်။

"ငါ ဆင်းရမဲ့ မှတ်တိုင်ရောက်တော့မယ်၊ မင်းအိပ်နေလို့ မနှိုးဘဲ ဒီတိုင်း

ဆင်းသွားတော့မလို့"

ထိုအခါမှ ဆောင်းဟန်ဘင်းက လုံးဝ နိုးသွားပြီဖြစ်သည်။

"မင်းရဲ့ ဖုန်း ခနပေး"

ကျန်းဟောက်လဲ ထွေထွေထူးထူးမစဉ်းစားနေဘဲ သူ့ရဲ့ အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပေးလိုက်သည်။

ထို့နောက် ဆောင်းဟန်ဘင်းက

နံပါတ်တစ်ခုကို ရိုက်ထည့်ကာ ဖုန်းခေါ်လိုက်သည်ကို ကြည့်နေလိုက်သည်။ သိပ်မကြာခင်မှာဘဲ ဖုန်းမြည်သံတစ်ခုထွက်ပေါ်လာသည်။ ပြီးနောက် ဆောင်းဟန်ဘင်းက သူ့လက်ထဲ ဖုန်းပြန်ထည့်ပေးလာပြီး

"ငါ့ဖုန်းနံပါတ်ဘဲ၊ အရမ်းမှောင်နေပြီးမို့ သတိထားပြန်နော်၊ အိမ်ရောက်ရင်

စာပို့လိုက်"

ကျန်းဟောက် ဘတ်စကားအောက်ကို ဘယ်လိုဆင်းလာတယ်မသိ၊ သူ အသိ

စိတ်ပြန်ဝင်တဲ့အချိန်မှာ ဘတ်စကားပေါ်မှ လက်ကိုဝှေ့ယမ်းပြကာ နှုတ်ဆက်နေတဲ့ ဆောင်းဟန်ဘင်းကို

တွေ့လိုက်ရတာမို့ ယောင်နနဖြင့် လက်ပြန်ပြရင်း ကျန်နေခဲ့တော့သည်။

=============

TBC.......

9 November, 2024

Haobin နှစ်ယောက် စကားပြောဖြစ်ပြီပေါ့ 🙂‍↕️