Chapter 11: အပိုင်း (၁၀) နှစ်ယောက်တွဲ ဓာတ်ပုံ

My other halfWords: 43619

ထိုနေ့ကစပြီး ကျန်းဟောက်က တစ်ခုခုဆို တစ်ယောက်တည်းဖြစ်နေတတ်တဲ့ ဆောင်းဟန်ဘင်းကိုပါ သူတို့ လေးယောက်ရဲ့ ဘဝထဲ တဖြည်းဖြည်းချင်း ဆွဲသွင်းလာခဲ့သည်။ တကယ်တော့ ဆောင်းဟန်ဘင်းက အထီးကျန်နေခဲ့တာတော့မဟုတ်ပေ။ သူ့အနားမှာ လူများစွာရှိပေမယ့် ဆောင်းဟန်ဘင်းပြောခဲ့သလိုပင်၊ သူ့အနားတွင် သူငယ်ချင်းတွေလို သွားအတူ၊ လာအတူ၊ စားအတူ လုပ်ဖို့ သူငယ်ချင်းဟူ၍ များများစားစားမရှိ။ ရှိတဲ့မတ်သရူးတို့နဲ့ကလဲ အခန်းမတူတာကြောင့်နဲ့ အမြဲလိုလို ဆောင်းဟန်ဘင်းက တစ်ယောက်တည်းဖြစ်နေတတ်တာများသည်။ ပြန်တွေးကြည့်ရင် ပထမဆုံး ကျောင်းရှေ့ကဆိုင်မှာ ဆုံတော့လဲ သူတစ်ယောက်တည်း၊ အရင်နေ့က ကျောင်းကန်တင်းမှာတွေ့တော့လဲ ဆောင်းဟန်ဘင်းတစ်ယောက်တည်းသာ ဖြစ်သည်။

အရင်ကတော့ ဆောင်းဟန်ဘင်းနဲ့ မတ်သရူးမှာလဲ အပေါ်ယံမျှသာ ရင်းနှီးလိမ့်မည်ဟု ထင်ထားခဲ့သည်။ ဆောင်းဟန်ဘင်းပြောပြမှသာ မတ်သရူးနဲ့ အခန်းဖော်တွေဖြစ်ကြပြီး အလယ်တန်းကတည်းက သိလာကြ

မှန်း သိရတာဖြစ်သည်။ ထိုကိစ္စကို ကျန်းဟောက် စ သိခါစက မတ်သရူးအား အပြစ်ပြောခဲ့ဖူးသည်။ သို့ပေမယ့် မတ်သရူးမှာ ဆောင်းဟန်ဘင်းက အဆင်ပြေတယ်ဟုသာ ပြန်ပြောလာခဲ့သည်။

ဒါပေမယ့် ကျန်းဟောက်က ဒါကို လက်မခံပေ။ သူကိုယ်တိုင်က ကိုယ်တွေ့ပင်။ သူလဲအရင်က တစ်ယောက်တည်း အဆင်ပြေပါတယ်ဟု ထင်ခဲ့ပေမယ့်လဲ ကွယ်ဝှက်ထားတဲ့အတွင်းစိတ်တစ်နေရာမှာတော့ အမြဲတမ်း စိတ်တူ ကိုယ်တူ သူငယ်ချင်းတစ်ယောက်လောက်တော့ လိုချင်ခဲ့တာပင်။

သူ မတ်သရူးတို့နဲ့ပေါင်းသင်းမိပြီး နောက်ပိုင်း သိလာရတဲ့အရာက ထိန်းချုပ် ထားစရာမလိုတဲ့ ဆက်ဆံရေးတွေက သိပ်ကောင်းတယ်ဆိုတာပင်။ ဒါကြောင့် နောက်ပိုင်း ကျန်းဟောက်မှာ အရင်ကနဲ့ မတူညီစွာ လွတ်လပ်ပေါ့ပါးလာခဲ့သည်။ သူစိတ်ဆိုးချင်ရင် ဆိုးမည်။ တောင်းပန်သင့်ရင် တောင်းပန်မည်။ အမြဲ စိတ်ခံစားချက်တစ်ခုတည်းကိုဘဲ ရိုက်သွင်းထားစရာမလိုအပ်ပေ။

ထို့ကြောင့်လဲ သူ ဆောင်းဟန်ဘင်းကို တစ်ယောက်တည်း မဖြစ်စေလို။ ဆောင်းဟန်ဘင်းနဲ့သူက မတူတဲ့အရာများပေမယ့် အငြင်းပွါးစရာကိစ္စထွေထွေထူးထူး မရှိဘဲ အဆင်ပြေသည်။ ဆောင်းဟန်ဘင်းက ညှိနှိုင်းတတ်သလို တစ်ဖက်မှာကျန်းဟောက်ကလဲ လက်ခံပေးတတ်သည်။

ဒီလိုနဲ့ ကျန်းဟောက်မှာ တစ်ခုခုဆို ဆောင်းဟန်ဘင်းကို သတိတရ ဖြစ်လာတတ်ပြီး ဆောင်းဟန်ဘင်းမှာလဲ သူခေါ်ရင် လုပ်စရာတစ်စုံတစ်ခု မရှိပါက ငြင်းဆိုခြင်းမပြုပေ။

နေ့လည်အားလပ်ချိန်များတွင် ဆောင်းဟန်ဘင်းကို 1(B) မှာတွေ့လာရသည်။

မဟုတ်ပါက ကျောင်းရဲ့ လေသာဆောင်သို့ ခိုးသွားကြကာ နှစ်ယောက်သား အတူရှိနေတတ်ကြသည်။ ညနေဆို စာအတူလုပ်ဖြစ်ကြကာ ဆောင်းဟန်ဘင်း အပြင်သင်တန်းရှိတဲ့ရက်တွေဆို ဘတ်စ်ကား အတူစီးကာ အိမ်ပြန်ဖြစ်ကြသည်။ အိမ်ပြန်ရောက်ရင် စာအပြန်အလှန်ပို့ကြတာက လုပ်နေကျအရာတစ်ခု ဖြစ်လာခဲ့သည်။

သို့နှင့် အချိန်တွေ တဖြည်းဖြည်း ကုန်လာပြီး မေလ နောက်ဆုံးအပတ်သို့ ရောက်လာခဲ့သည်။

ဆောင်းဟန်ဘင်းရဲ့ သင်တန်းတွင် လစဉ်စစ်ဆေးမှုရှိတာကြောင့် ကျန်းဟောက်နဲ့ လကုန်လောက်အထိ စာအတူ မလုပ်ပေးနိုင်ကြောင်း ပြောလာခဲ့သည်။

ကျန်းဟောက်က okay ဟုသာ ဆိုခဲ့ပေမယ့် သူအကျင့်ပါကာ အိမ်မပြန်ဖြစ်ဘဲ ကျောင်းဆင်းတိုင်း စာကြည့်တိုက်သို့ သွားဖြစ်နေခဲ့သည်။ ထိုကဲ့သို့ နှစ်ရက်တိတိဖြစ်ခဲ့သည်။ တတိယနေ့တွင်လဲ သူ အိမ်မပြန်ဘဲ စာကြည့်တိုက်သို့သာ ထပ်သွားဖြစ်သည်။ ထိုနေ့တွင်တော့ ထူးဆန်းစွာပင် သူ ထိုင်နေကျ နေရာတွင် နို့ဗူးလေးတစ်ဗူး တင်ထားသည်ကို တွေ့လိုက်ရသည်။

သူ ထိုနို့ဗူးလေးကို အနည်းငယ်ကြာသည်အထိ ကြည့်နေလိုက်ပြီး မယူကြည့်လိုက်ပေ။

ဆောင်းဟန်ဘင်းအတွက် တစ်ယောက်ယောက်က လာထားသွားတာ ဖြစ်နိုင်သည်။ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့သူတွေကိုသိပ်မသိပေမယ့် ဆောင်းဟန်ဘင်းဘယ်လောက် နာမည်ကြီးတယ်ကိုတော့ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် ထိုနို့ဗူးလေးမှာလဲ ဆောင်းဟန်ဘင်းအတွက်ဟုသာ သူတွေးလိုက်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဆောင်းဟန်ဘင်းက လကုန်အထိ စာကြည့်တိုက်သို့ လာမည်မဟုတ်ပေ။

သူများများစားစား တွေးမနေဘဲ စာအုပ်တွေထုတ်ကာ စာလုပ်ဖို့သာ ပြင်ဆင်လိုက်တော့သည်။ နာရီဝက်ကြာတဲ့အထိ ထိုင်နေပြီးနောက် ထူးဆန်းစွာပင် ကျန်းဟောက် စာလုပ်လို့မရပေ။ သူ ကြိုးစားနေပေမယ့်လဲ သူ့ခေါင်းထဲ ဗလာဖြစ်နေကာ အာရုံစိုက်လို့မရဘဲဖြစ်နေသည်။ ထို့ကြောင့် သူ ရူပစာအုပ်ကို ပိတ်ကာ သင်္ချာတွက်ဖို့ ပြင်လိုက်သည်။ မေးခွန်းဟောင်း တစ်ပုဒ် နှစ်ပုဒ်မျှ တွက်ပြီးနောက် သူ ပျင်းလာရသည်။ စာထပ်မလုပ်ချင်တော့ပေ။

ထိုင်နေလို့လဲ မထူးတာမို့ သူ စာအုပ်တွေ ကောက်သိမ်းလိုက်ပြီး အိမ်ပြန်ဖို့ သာတွေးလိုက်သည်။ ပထမကတော့ ဒီအတိုင်းထားလိုက်ချင်ပေမယ့် ပြန်လှည့်ကာ သနားစရာ နို့ဗူးလေးကို ယူသွားဖို့တွေးလိုက်သည်။

ထိုအခါမှ တစ်ဖက်တွင် ကပ်ထားသော note စာရွက်လေးကို သူတွေ့လိုက်ရသည်။ လက်ရေးကို ကြည့်လိုက်တော့ သူ မြင်ဖူးသည့်လက်ရေးမဟုတ်။ လက်ရေးမှာ အင်မတန်မှဖတ်ရခက်ပြီး တရုတ်ဖြစ်သူ ကျန်းဟောက်ရဲ့ လက်ရေးကတောင် ဒီ note စာရွက်ပေါ်က လက်ရေးထက်အဆင်ပြေသေးသည်။

နောက်ဆုံးမှာ သူ ခက်ခက်ခဲခဲဖြင့် ဖတ်လိုက်နိုင်သည်။

"ကျန်းဟောက်အတွက်" ဟူ၍ ဖြစ်သည်။

သူ့အတွက်ဖြစ်မယ်လို့ မထင်ထားခဲ့ပေမယ့်လဲ အများကြီးတွေးမနေဘဲ ထိုနို့ဗူးလေးကိုပါ ယူ၍ စာကြည့်တိုက်ကနေ ထွက်လာခဲ့သည်။

သို့သော် သူ့ရဲ့ ဦးတည်ရာမှာ ကျောင်းတံခါးဆီသို့ မဟုတ်ဘဲ ကလပ်လှုပ်ရှားမှုတွေလုပ်ရတဲ့ အဆောင်ဘက်ဆီသို့ ဖြစ်သည်။

သူ အဆောင်အောက်နားက မီနီမတ်ထဲ ဝင်ကာ မုန့်နဲ့သောက်စရာအချို့ ဝင်ဝယ်လိုက်သည်။ ပြီးနောက် Dance club ရှိရာသို့ သွားလိုက်သည်။ တံခါးရှေ့ရောက်တော့ ရုတ်တရက် သူအထဲကို ဘယ်လိုဝင်သွားရမှန်းမသိပေ။ အချိန်က ၆ နာရီထိုးခါနီးမို့ တကယ်ဆို သူ ဘတ်စ်ကားပေါ်မှာရောက်နေရမှာဖြစ်သည်။ သူကိုယ်တိုင်လဲ ဘာလို့ ဒီကိုရောက်လာသည်မသိ။ ဆောင်းဟန်ဘင်းက လေ့ကျင့်ရမှာဆိုပေမယ့် ဒီမှာလေ့ကျင့်နေမလားဆိုတာကိုလဲ သူအတိကျမသိပေ။ လေ့ကျင့်ရေးကိုအနှောင့်ယှက်ဖြစ်မှာစိုးတာကြောင့် ကြိုတင်ဆက်သွယ်ထားတာမျိုးလဲ မလုပ်ထားမိပေ။

ရောက်လာမှတော့ မထူးတာမို့ သူ တံခါးခေါက်လိုက်သည်။ သူအချိန်အနည်းငယ်မျှ စောင့်လိုက်ပေမယ့် အထဲက တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိပေ။ တံခါး ထပ်ခေါက်လိုက်ပေမယ့် မထူးပေ။ ထို့ကြောင့် သူ တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်တော့ လော့ခ် မချထားတာကြောင့် တံခါးအနည်းငယ်ဖွင့်ကာ အထဲကို ချောင်းကြည့်လိုက်သည်။

ထိုအခါမှ ကျယ်လောင်တဲ့ သီချင်းသံက သူ့နားထဲဝင်ရောက်လာပြီး အထဲက သူတွေမှာလဲ လေ့ကျင့်နေကြသည်။ ထို့နောက် ကိုယ်တစ်ဝက်ဝင်ကာ အထဲကို နှံ့နှံ့စပ်စပ် ကြည့်လိုက်တော့မှ ဆောင်းဟန်ဘင်းကို တွေ့လိုက်ရသည်။ ဆောင်းဟန်ဘင်းက headphones တပ်ထားသည်မို့ သင်တန်းအတွက်ပြင်ဆင်နေပုံရသည်။

အခန်းထဲဝင်လာတဲ့လူတစ်ယောက်ရှိတာမို့ အကုန်လုံးက တစ်ချက်ကြည့်လာပြီးနောက် လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေကြတာမို့ သူလဲအနှောင့်ယှက်မပေးဘဲ နေရာတစ်ခုရှာက ထိုင်နေလိုက်သည်။

ကျန်းဟောက်ထိုင်လိုက်သည်နှင့် သူ့အနားတွင် ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးနဲ့ ကောင်လေးတစ်ယောက်က လာထိုင်ကာ သူ့မျက်နှာအား စူးစူး စိုက်စိုက်ကြည့်လာသည်။ ကောင်ငယ်လေးက တဖြည်းဖြည်း နီးကပ်လွန်းလာတာမို့ ကျန်းဟောက် အနောက်ကို အနည်းငယ်ဆုတ်လိုက်ပေမယ့် သူ့နောက်တွင် နံရံသာ ရှိတော့သည်။

သူ့အားစိုက်ကြည့်နေတဲ့ ထိုကောင်

ငယ်လေးရဲ့ မျက်ဝန်းတွေက လင်းလတ်ကာတောက်ပနေပြီး သေးငယ်တဲ့မျက်နှာလေးလဲရှိကာ ထိုကောင်ငယ်လေးရဲ့ ခေါင်းကို မပုတ်ဘဲနေဖို့က ခက်ခဲလှသည်။ ကျန်းဟောက် သတိရသွားတော့မှ လှမ်းနေတဲ့လက်ကို ပြန်ချထားလိုက်သည်။

ထိုကောင်လေးကို သူမတွေ့ဖူးပါ။ လူကောင်လဲ အနည်းငယ်သေးကာ ကလေးမျက်နှာလေးမို့ သူ့ထက်ငယ်ပုံပေါ်သည်။ ကျောင်းဝတ်စုံမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးဖြစ်စေမဲ့ တီရှပ်တစ်ထည်နဲ့ ဘောင်းဘီတိုလေးသာ ဝတ်စားထားတာမို့ သူတို့ကျောင်းကလားဆိုတာမသိရပေ။ Z အလယ်တန်းကျောင်းက ကြားသာကြားဖူးပေမယ့် သူမရောက်ဖူးတော့ ဘယ်နားလဲမသိသလို နီးလား ဝေးလားလဲ သူမသိရပေ။ အလယ်တန်းကျောင်းက ဖြစ်ခဲ့ရင်တောင် အထက်တန်းကျောင်းကို ဘာလို့ လာရလဲ။ ဒီအတိုင်း လူကောင်သေးနေတာလဲ ဖြစ်နိုင်သည်ဟု ကျန်းဟောက်တွေးလိုက်သည်။

"Hyung....."

အစ်ကိုလို့ အခေါ်ခံလိုက်ရတာကြောင့် ကျန်းဟောက် ဘယ်လိုတုံ့ပြန်ရမှန်းမသိဖြစ်သွားပြီး သူမျက်လုံးပုတ်ခတ် ပုတ်ခတ်လုပ်ကာသာ ထိုကောင်လေးကို ကြည့်နေလိုက်သည်။

"Hyung ဒီလိုစကားကိုကြားဖူးလား"

"ဟမ်?"

ကျန်းဟောက် နားမလည်တာမို့ ခေါင်းသာခါပြလိုက်သည်။

"Hyung က တော်တော်ချစ်ဖို့ကောင်းတာဘဲ"

'မင်းက ဘယ်သူ့ကို လာပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောနေတာလဲ'

သူ့ရှေ့က ချစ်စရာကောင်ငယ်လေးကို ကြည့်ရင်း ကျန်းဟောက် အသံတိတ် တွေးလိုက်မိသည်။ ထို့နောက် အရိုးသားဆုံး ဖြေလိုက်သည်။

"မကြားဖူးဘူး"

ထိုအခါ ကောင်ငယ်လေးက မယုံနိုင်သလို မျက်နှာမျိုးလုပ်ပြလာသည်။

"တကယ်ပေါ့လေ၊ ကျွန်တော်စိတ်ထင် hyung ခနခန ကြားဖူးမယ်ထင်နေတာ၊hyung က ဒီလောက်ချစ်စရာကောင်းတာ"

'ငါအခု မင်းကြောင့်နဲ့ ခနခန ကြားနေရပြီး'

ကျန်းဟောက် တစ်ခုခုကို စဉ်းစားလိုက်ပြီးနောက်

"တကယ်တော့ ငါ့ကို ချောတယ်လို့ဘဲ ပြောကြတာ"

သူ ထိုကောင်ငယ်လေးကိုကြည့်ကာ ဆက်ပြောလိုက်သည်။

"ငါကတော့ ချစ်ဖို့ကောင်းတဲ့လူက ငါမဟုတ်ဘူးလို့ ထင်တာဘဲ"

ထိုအခါ ကောင်လေးက သဘောမကျဟန်ပင်။

"ကျွန်တော်က ချစ်ဖို့မကောင်းချင်ဘူး၊ ဟန်ဘင်း hyung လို တော်ပြီး ဆွဲဆောင်မှုရှိတဲ့ယောကျ်ားတစ်ယောက် ဖြစ်ချင်တာ"

"ဟန်ဘင်း hyung ?"

"အွန်း ဟုတ်တယ်၊ ဟိုမှာလေ"

"ဒါဆို မင်းက ဒီကျောင်းက မဟုတ်ဘူးပေါ့"

"ကျွန်တော်က အလယ်တန်းဘဲရှိသေးတာ"

"ဒါဆို မင်းက ဒီမှာဘာလုပ်နေတာလဲ၊ လေ့ကျင့်ဖို့?"

"လေ့ကျင့်ဖို့ပေါ့၊ hyung ကရော အရင်ကမတွေ့မိပါဘူး"

"ငါက......."

ကျန်းဟောက် ဘာပြောရမှာလဲ။ စာလုပ်ဖို့ အာရုံမစိုက်နိုင်လို့ ဆောင်းဟန်ဘင်းကို လာတွေ့တယ်လို့ ပြောရမှာလား။

"မတ်သရူးဆီလာလည်တာ"

"အော် မတ်ချူးရဲ့ သူငယ်ချင်းလား"

"မတ်ချူး?"

"ကျွန်တော် သူ့ကို အဲ့တိုင်းခေါ်တာ၊ အဲ့hyung က ချစ်ဖို့မကောင်းလွန်းဘူးလား"

ထိုကောင်လေးရဲ့ ချီးကျူးစကားကို ကျန်းဟောက်အတည်မယူတော့ပါ။

ဒီကောင်လေးက လူတိုင်းကို ချစ်ဖို့ကောင်းတယ်လို့ လိုက်ပြောနေတာဘဲ။

ထို့နောက် ကောင်လေးက သူ့ဘေးမှာ ချထားတဲ့ အထုတ်ကို ကြည့်လာပြီး

"ကျွန်တော် ဒီဟာတွေ စားလို့ရလား"

"ဟင်?... အော်....ရတယ်လေ"

ထိုအခါ ကောင်လေးက အိတ်ထဲ မွှေတော့သည်။ ပြီးနောက် နို့ဗူးလေးအား ထုတ်လိုက်ကာ ကျန်းဟောက်ရဲ့ မျက်နှာရှေ့သို့ပြလာသည်။

"ဒါလေးသောက်လိုက်လို့ရလား?"

ကျန်းဟောက် ခေါင်းသာညိတ်ပြလိုက်သည်။ ကောင်ငယ်လေးက ဗူးမှာကပ်ထားတဲ့ စာလေးကို တွေ့ပြီး ကြည့်လိုက်ကာ

"လက်ရေးကဘာလို့ အဲ့လောက်စုတ်နေရတာလဲ"

ထိုနောက် စာကို ခွါကာ မုန့်တွေ ထည့်တဲ့ အိတ်ထဲ ပြန်ထည့်ပေးလိုက်သည်။

အခုမှ မြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ရဲ့ မုန့်အိတ်ကို စိတ်ကြိုက်မွှေပြီး ယုံယုံကြည်ကြည်နဲ့ ထိုင်ပြီးစားသောက်နေတဲ့ ကောင်လေးကို ကြည့်ပြီး ကျန်းဟောက် အနည်းငယ်စိတ်ပူသွားရသည်။

"မင်း...... သူများတွေ မင်းကို မုန့်ကျွေးမယ် ငါတို့နဲ့လိုက်ခဲ့ဆိုပြီးခေါ်ရင်

မလိုက်သွားရဘူးနော်"

ထိုကောင်လေးက မျက်လုံးလှန်ကြည့်လာပြီး

"ကျွန်တော် ကလေးမဟုတ်တော့ပါဘူး"

'ဘယ်ကလေးမှ ကလေးလို့ ပြောရင် မကြိုက်ကြဘူးလေ'

"ကျန်းဟောက် မင်းအိမ်မပြန်ရသေးဘူးလား"

မတ်သရူးက လေ့ကျင့်နေရာမှ သူ့ကိုတွေ့သွားပြီးရောက်လာတာဖြစ်သည်။

"အွန်း... နည်းနည်းပျင်းနေတာနဲ့"

"မတ်ချူး hyung ဆီလာလည်တာတဲ့"

ကျန်းဟောက်လဲ မတ်သရူးကိုကြည့်ရင်း ပြုံးပြလိုက်ကာ မုန့်ထုတ်ကို ပြရင်း

"ငါမုန့်တွေပါ ဝယ်လာတယ်"

မတ်သရူးက မယုံကြည်သလို မျက်လုံးတွေနဲ့ ကြည့်လာကာ သူ့လက်နှစ်ဖက်ကိုပိုက်ကာ လက်မောင်းတွေပွတ်သပ်လိုက်ပြီး

"ထူးထူးဆန်းဆန်း ကြက်သီးပါထ လာသလိုဘဲ"

"မင်း စားစရာရှိတာ စားစမ်းပါ"

ကျန်းဟောက် မတ်သရူးကို မုန့်ထုတ်

တစ်ထုတ်ယူကာ ပစ်ပေါက်လိုက်တော့ မတ်သရူးကလဲ ကွတ်တိကိုဖမ်းမိသွားကာ ထိုမုန့်ကို ဖောက်၍ စားလိုက်သည်။ နောင်မိနစ်အနည်းငယ်ကြာတော့ ပတ်ဂွန်ဝုပါရောက်လာပြီး နောက်ဆုံး ဆောင်းဟန်ဘင်းပါ သူတို့အနား ရောက်လာသည်။

"ဟန်ယူဂျင်းးး အနားယူနေတာ မိနစ် ၂၀ ပြည့်တော့မယ်နော်"

"ကျွန်တော် နာရီမှတ်ထားပါတယ် ၁၄ မိနစ်ဘဲရှိသေးတာ"

ကျန်းဟောက် သူ့အနားမှာလာထိုင်တဲ့ ဆောင်းဟန်ဘင်းကို တံတောင်ဖြင့် တွတ်ကာ မေးလိုက်သည်။

"မင်း ညီလေးလား"

"ဂျူနီယာလေးပါ၊ သူလဲ အကသင်တန်းကဘဲလေ၊ လပတ်စစ်ဆေးမှာအတွက် လေ့ကျင့်ပေးပါဆိုလို့ ရောက်နေတာ"

"အတူဖျော်ဖြေရမှာလား"

"မဟုတ်ဘူး ဒီလက ကိုယ်တိုင် က ကွက်ထွင်ပြီး ပြရမှာ"

ကျန်းဟောက် မရောက်ဖူးတဲ့ အလှမ်းဝေးတဲ့ကမ္ဘာမို့

"ခက်မှာဘဲနော်၊ မင်းရော ပြင်ဆင်ပြီးပြီလား၊ လကုန်ဖို့ သိပ်မလိုတော့ဘူး"

အရင်ရက်တွေတုန်းက လေ့ကျင့်ဖို့ အချိန်တွေကို သူ့နဲ့စာအတူကြည့်ဖို့ သုံးခဲ့တာကို သတိရမိသွားတာမို့ ကျန်းဟောက် စိတ်ပူသွားမိသည်။

ဆောင်းဟန်ဘင်းက ခေါင်းညိတ်ပြကာ

"ကြည့်ချင်လား"

ကျန်းဟောက်ကို ခေါင်းကို ပုတ်သင်ညိုလေးလို ညိတ်ပြကာ

"အင်း ကြည့်ချင်တယ်"

"AirPod ပါလား"

"ပါတယ်"

ကျန်းဟောက် သူ့လွယ်အိတ်ထဲမှ ထုတ်ပေးလိုက်သည်။ ထို့နောက် ဆောင်းဟန်ဘင်းက သူ့ဖုန်းနဲ့ချိတ်ကာ ကျန်းဟောက်ရဲ့ နားတစ်ဖက်တွင် တပ်ပေးပြီး ကျန်းတစ်ဖက်ကိုတော့ သူ့နားတွင် တပ်လိုက်သည်။ ပြီးနောက် အသံအတိုးအကျယ်ကို ညှိကာ

"ဒီလောက်အကျယ်ဆို အဆင်ပြေလား"

"အင်း ပြေတယ်"

"ခနနေ ဒီသီချင်းကို ဖွင့်လိုက်နော်"

ဆောင်းဟန်ဘင်းက ဖုန်းကို သူ့လက်ထဲ ထည့်ပေးသွားကာ မှန်ရှေ့မှာ နေရာယူထားပြီးပြီ ဖြစ်သည်။ ထို့နောက် ကျန်းဟောက်ရဲ့ နားထဲ Charlie Puth ရဲ့ Cheating on you ဆိုတဲ့ သီချင်းကို ကြားလိုက်ရပြီး ဆောင်းဟန်ဘင်းမှာလဲ သံစဉ်အတိုင်း လှုပ်ရှားနေပြီဖြစ်သည်။

သီချင်းရဲ့ beat အပြောင်းအလဲအတိုင်း လိုက်ဖက်ညီစွာ ကခုန်နေတဲ့ ဆောင်းဟန်ဘင်းကို ကြည့်ရင်း ကျန်းဟောက် အရင်တစ်ခါလို မျောပါသွားရပြန်သည်။ ကကွတ်တစ်ခုနဲ့ တစ်ခု အကူးအပြောင်းမှာလဲ ချောမွေ့ကာ မျက်နှာ အမူအရာတို့မှာလဲ အလွန်ဆွဲဆောင်မှုရှိလှသည်။

သီချင်းက ဘယ်လိုပြီးသွားတယ် မသိလိုက် အနားမှ ဟန်ယူဂျင်းက လက်ခုတ်ထ တီးတော့မှ ကျန်းဟောက် သတိပြန်ကပ်သွားရသည်။

ဆောင်းဟန်ဘင်းက ဆံပင်ကို သပ်တင်ကာ သူ့အနားပြန်လျှောက်လာရင်း

"ဘယ်လိုနေလဲ"

ကျန်းဟောက် ပြောစရာစကား ရှာမတွေ့တာမို့ လက်မသာ ထောင်ပြလိုက်သည်။

ဟန်ယူဂျင်းမှာလဲ မမေ့မလျှော့ပင်။

"ဒီတိုင်းဆို hyung ဒီတစ်ခါလဲ top 1 ဖြစ်ဦးမှာဘဲ"

ဆောင်းဟန်ဘင်းကလဲ သဘောကျစွာ ပြုံးရင်း အငယ်လေးရဲ့ ခေါင်းကိုပုတ်ကာ

"ဟုတ်လား"

"မင်း က သွားတာ အရမ်းကောင်းတယ်၊ မင်း ဒီလို ဒီလိုလုပ်ရင် အရမ်းမိုက်တာဘဲ၊ ငါ မျက်တောင်မခပ်မိဘူး"

ကျန်းဟောက်ကပြောရင်း သူ့လက်တွေဖြင့် စက်ရုပ်တွေလို ကကွက်မျိုးလုပ်ပြလာပေမယ့် ဓာတ်ဆီဆိုင်တွေရှေ့မှာရှိတဲ့ အရုပ်ကြီး လေထဲ လွင့်နေတဲ့ပုံစံနဲ့ ပိုတူနေသည်။ ဒါကိုကြည့်ရင်း ဆောင်းဟန်ဘင်း သဘောကျစွာ အသံထွက်ရယ်လိုက်မိသည်။

"Tutting ကိုပြောတာလား"

"Tutting?"

"ဒီလို ဒီလို"

ဆောင်းဟန်ဘင်းကပြောရင်း သူ့ကို ခပ်ဖြည်းဖြည်းလေး က ပြလာသည်။

"ဟုတ်တယ် ဟုတ်တယ်၊ အဲ့လို အဲ့လို"

ကျန်းဟောက် စိတ်လှုပ်ရှားကာ လိုက်

လုပ်ကြည့်ပေမယ့် မရဘဲ လက်နှစ်ဖက်တည်းနဲ့ကို ရှုပ်ရှက်ခပ်နေတာဖြစ်သည်။ ဟန်ယူဂျင်းကပါ သူ့ကို အနှေးကွက်ပြန်လုပ်ပြလာသည်။

"ဒီလိုမျိုး?"

မနေနိုင်တဲ့အဆုံး ယူဂျင်းက ဗိုက်ကိုဖိကာ ကြမ်းပြင်ပေါ်တွင် လှိမ့်ချကာ အော်ရယ်တော့သည်။

"Hyung.... မသိရင် hyung က စက္ကူရုပ်ကြီး လေမှာလွင့်နေသလိုဘဲ"

ဟန်ယူဂျင်းရဲ့ အပြောကြောင့် ကျန်းဟောက် ရှက်ရှက်ဖြင့် သူ့လက်နှစ်ဖက်ကို ပြန်ချကာ ထိုင်နေလိုက်တော့သည်။

ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို ကြည့်ကာ မေးလိုက်သည်။

"သင်ချင်လား"

ကျန်းဟောက်က သူလိုက်လုပ်တာ မရတာမို့ ပြန်မဖြေပေ။

သို့ပေမယ့် ဆောင်းဟန်ဘင်းက သူ့အဖြေကို စောင့်မနေဘဲ ကျန်းဟောက် လက်ကို ဆွဲကာ မှန်ရှေ့ကို ခေါ်သွားလိုက်သည်။

ကျန်းဟောက်ကို မှန်ရှေ့မှာ ရပ်ခိုင်းပြီးနောက် သူ့ကလဲ အနားတွင် ဝင် ရပ်ကာ

Tutting ရဲ့ အခြေခံ အကွက် တစ်ခု နှစ်ခုလောက်ကို သေချာစိတ်ရှည်စွာ သင်ပေးနေသည်။ ကျန်းဟောက်မှာလဲ ဆောင်းဟန်ဘင်းလုပ်သမျှ ကြည့်ရင်းကြိုးစားလုပ်သဖြင့် ခနကြာတော့ သူ ထို နှစ်ကွက်ကို ရသွားသည်။

"ဝိုးးး ဝိုးးး ရသွားပြီ ရသွားပြီ"

ကျန်းဟောက် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်မိသည်။ ထိုအခါ ဆောင်းဟန်ဘင်းက သူ့ရဲ့တံတောင်ဆစ်ကို အနည်းငယ် နှိမ့်ချပေးကာ လက်ကောက်ဝတ်ကို ချိန်ညှိပေးလိုက်သည်။

"ဒီလိုမှ ပိုမှန်တာ"

"အတူတူ လုပ်ကြည့်ရအောင်"

"Okay"

ကျန်းဟောက်က သင်ယူတာ မြန်တဲ့သူ ဖြစ်တာမို့ ခနလေးနဲ့ တတ်သွားသည်။

သူနဲ့ ဆောင်းဟန်ဘင်း သင်ထားတာတွေကို အတူတူပြန်လုပ်ကြည့်ရင်း ကျန်းဟောက်မှာ သဘောကျမဆုံးဖြစ်နေတော့သည်။

ထို့နောက် ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို ကြည့်ကာ tutting အကွက်နဲ့ heart shape လုပ်တဲ့ပုံလေးအား လုပ်ပြလာသည်။

"ဒါရော သင်ပေးရမလား"

ထို့နောက် အသံပုံလေးအား လေနဲ့ မှုတ်ထုတ်လိုက်တဲ့အချိန်မှာ ကျန်းဟောက်ရှေ့နားရောက်တော့ အသံပုံလေးက ပျောက်သွားရသည်။

"ဘယ်လို စ လုပ်ရတာလဲ"

ထိုအကွက်အား ကျန်းဟောက်ကို သူ သင်ပေးလိုက်သည်။ ကျန်းဟောက်ကလဲ အချိန်တိုအတွင်းမှာပင် သေချာလေး လိုက်လုပ်နိုင်ခဲ့သည်။

အနောက်ကနေ ထိုင်ကြည့်နေတဲ့ ဟန်ယူဂျင်းကလဲ ဖုန်းဖြင့် ရိုက်ကူးရင်း အော်ပြောလာသည်။ တကယ်က ကျန်းဟောက်ရဲ့ ပုံစံကို ပြန်ပြချင်တာကြောင့် video ရိုက်ထားဖို့ တွေးမိတာဖြစ်ပြီး မထင်မှတ်ထားစွာပင် ကျန်းဟောက်က ခနလေးအတွင်း အခြေခံ အကွက်တချို့ကို တတ်မြောက်သွားပြီ ဖြစ်သည်။

"Hyung က တတ်လွယ်တာဘဲ"

ထိုအခါ ကျန်းဟောက်ကလဲ ဟန်ယူဂျင်းကို အပေါ်စီးကနေ ပြန်ကြည့်လာပြီး

"အာ..... ကျန်းဟောက်၊ ဘာလုပ်လုပ် နံပါတ်တစ်ဘဲ၊ Zhang hao always 1"

ထို့နောက် သူ ဟန်ယူဂျင်းအနားလျှောက်သွားလိုက်ကာ

"ပြကြည့်ဦး၊ ကြည့်ကောင်းရဲ့လား"

နောက်ကျောဘဲ ဆိုပေမယ့် လေ့ကျင့်ထားလို့ ချွေးတွေရွှဲနစ်နေတဲ့ ဆောင်းဟန်ဘင်းရဲ့ ကျောပြင်က အရမ်း hot နေပြီး ကျန်းဟောက်မှာလဲ ကျောင်းဝတ်စုံနဲ့ဘဲဆိုပေမယ့် လွန်စွာ ကြည့်ကောင်းနေခဲ့သည်။ ခန္ဓာကိုယ် အချိုးစားတူညီကြတဲ့ အမျိုးသား နှစ်ယောက် ယှဉ်ရပ်နေကြပြီး အတူကကာ ရယ်မောနေကြတဲ့ မြင်ကွင်းက မျက်စိ ပဒါဿ ဖြစ်စရာပင်။

"ကောင်းကောင်းထွက်လာတာဘဲ၊ ငါတို့ ပုံရိုက်ကြမလား"

"အို့ ကောင်းသားဘဲ"

ထို့နောက် သူတို့ သုံးယောက်သား မှန်ရှေ့အတူရပ်လိုက်ကြကာ ပို့စ်မျိုးစုံပေးရင်း mirror selfie ရိုက်ကြတော့သည်။ ထို့နောက် အနားယူနေကြတဲ့ မတ်သရူးနဲ့  ပတ်ဂွန်ဝုမှာလဲ ထ လာကြကာ ၅ ယောက် ပုံအတူရိုက်ဖြစ်ကြသည်။

ပုံရိုက်ကြပြီးနောက် သူတို့ ပြန်လေ့ကျင့်ကြပြီး ကျန်းဟောက်ကတော့ နေရာတွင် ထိုင်ကာ လေ့ကျင့်သည်ကို ကြည့်နေခဲ့သည်။ ထို့နောက် ဖုန်းကို ထုတ်ပြီး ဟန်ယူဂျင်းကို အကဲခတ်ပေးကာ သင်ပြပေးနေတဲ့ ဆောင်းဟန်ဘင်းဆီ ကင်မရာချိန်ထားလိုက်သည်။ ဒါကို မြင်တဲ့ ဆောင်းဟန်ဘင်းကလဲ လက်

နှစ်ချောင်းထောင်ပြကာ ပို့စ်ပေးလာခဲ့သည်။ သူ ဆောင်းဟန်ဘင်းကို စ ချင်တာမို့ သူ့ဟာသူ selfie ရိုက်နေသလိုမျိုး ပို့စ်ပေးနေလိုက်သည်။ ထိုအခါ ဆောင်းဟန်ဘင်းက သူ့အနားလျှောက်လာ၍ ကျန်းဟောက်ရဲ့ အနားကပ်လာပြီး ပုခုံးပေါ်မေးတင်ကာ

"အတူရိုက်ကြမယ်"

ဆောင်းဟန်ဘင်း ထိုသို့လုပ်လိမ့်မယ် မထင်ထားတာကြောင့် ကင်မရာကို သူ့ဘက်မလှည့်ထားမိ။ ဒါကို မြင်တဲ့ ဆောင်းဟန်ဘင်က front ကင်မရာပြောင်းလိုက်ပြီး ပုံတစ်ပုံကို ခပ်မြန်မြန်ဘဲ ရိုက်လိုက်ကာ ဟန်ယူဂျင်းအနား ပြန်ထွက်သွားပြီဖြစ်သည်။

ကျန်းဟောက် ဓာတ်ပုံကို မတွေ့လိုက်ရတာကြောင့် Gallery ထဲဝင်ကာ ထိုပုံကို ပြန်ကြည့်လိုက်သည်။

ပုံမှာ ဆောင်းဟန်ဘင်းက သူ့ပုခုံးပေါ်မေးတင်ထားကာ ကင်မရာကိုကြည့်ရင်း ပြုံးနေခဲ့ပြီး ကျန်းဟောက်မှာတော့ အူကြောင်ကြောင်မျက်နှာလေးဖြင့်  ဆောင်းဟန်ဘင်းကို မျက်လုံးထောင့်ကပ်ကာ ပြန်ကြည့်နေတဲ့ ပုံလေးဖြစ်နေခဲ့သည်။

===============

TBC...........

23 November, 2024

ဆောင်းဟန်ဘင်း က တဲ့ cheating on you ဆိုတဲ့ သီချင်းက svt ထဲက Dino နဲ့ boo တို့ က ထားတာကို ယူသုံးလိုက်တာပါ။

အဲ့ video ကို စ တွေ့တုန်းကဆို ဘယ်နှခေါက်တောင် ကြည့်မိမှန်းကို မသိတော့ဘူး။ အရမ်းကြိုက်လွန်းလို့ 🤧

ဒီနေ့ mama awards မှာ ဘယ်လိုဖျော်ဖြေကြမလဲ အရမ်းတွေ သိချင်နေပြီး၊ မနေ့ကလဲ TXT ရဲ့ deja vu က အရမ်းမိုက်တယ်၊ soobin လေး ပါရင် ပိုကောင်းမှာ။ yeonjun နဲ့ hanbin collab လဲကျန်သေးတာမို့ တအားစိတ်လှုပ်ရှားနေပြီး😭