Chapter 13: အပိုင်း (၁၂) ဘာလို့ ငါက ဗီလိန်နေရာကလဲ???

My other halfWords: 44577

နေဝင်ဆည်းဆာချိန်မို့ ငှက်ကလေးတို့မှာလဲ မိမိတို့ အသိုက်အမြုံကိုပြန်ကာ အိပ်တန်းတက်တော့မည်။

လမ်းမထက်တွင် ရုံးဆင်းချိိန်၊ ကျောင်းဆင်းချိန်မို့ လူစည်ကားနေပြီး သွားလာလှုပ်ရှားနေကြသည်။ တဖြည်းဖြည်းပေါ်ပေါက်လာတဲ့ မီးရောင်စုံများကြားထဲတွင် တူညီတဲ့ကျောင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကောင်လေးနှစ်

ယောက်မှာ ဘေးချင်းယှဉ်ကာ ဘတ်စ်ကားမှတ်တိုင်သို့ အတူ

လျှောက်လှမ်းနေခဲ့သည်။

စကားမပြောဖြစ်ကြဘဲ လမ်းမပေါ်ရှိ အရာများနှင့် အနည်းငယ်မှောင်ရိပ်သန်းလာတဲ့ ကောင်းကင်ယံကို မော့ကြည့်ကာ ထိုအခိုက်အတန့်လေးအား ဘယ်တော့မှ မမေ့နိုင်တော့အောင် မှတ်သားနေဟန်တူသည်။ လမ်းမထက်က ဆူညံသံတွေကိုကြားနေရပေမယ့် ထိုအသံတွေကြောင့်ဘဲ အရာရာဟာ တကယ် ဖြစ်ပျက်နေပြီး သက်ဝင်

လှုပ်ရှားနေတဲ့အသိကို ရစေသည်။

ကျန်းဟောက် ကောင်းကင်တွင် ခပ်ရေးရေးလေးပေါ်ထွက်နေတဲ့ လခြမ်းလေးကို ကြည့်ရင်းလမ်းလျှောက်နေသည်။

ထိုအချိန်သူ့လက်မောင်းက ရုတ်တရက် ဆက်ခနဲလှမ်းဆွဲတာကို ခံလိုက်ရသည်။ သူတစ်ဖက်ကိုလှည့်ကြည့်လိုက်တော့ ဆောင်းဟန်ဘင်းက အနားမှ ဖြတ်သွားတဲ့လူကို ခေါင်းအသာ

ညိတ်ပြလိုက်သည်ကို တွေ့လိုက်ရသည်။

"သတိထားပါဦး၊ တိုက်မိတော့မလို့"

"အင်း ကျေးဇူးဘဲ"

မျက်လုံးတွေမှိတ်တော့မတတ် ပြုံးပြကာ ပြောလာတဲ့ ကျန်းဟောက်ကိုကြည့်ရင်း ဆောင်းဟန်ဘင်းမေးလိုက်သည်။

"ပျော်နေတာလား?"

"စိတ်ခံစားချက်ကောင်းနေတာ၊ ငါ အခု အခိုက်အတန့်လေးကို တော်တော် သဘောကျတယ်"

"အွန်းးးရုတ်တရက်ကြီး?"

"အွန်းးး ရုတ်တရက်ကြီး"

"ဘာလို့လဲ"

ကျန်းဟောက် အနည်းငယ်စဉ်းစားလိုက်သည်။ ပြီးမှ-

"အကြောင်းပြချက်မရှိဘူး၊ လေထုက အဆင်ပြေနေတယ်လို့ ပြောရမလား? တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးပြီး ငါ့ခန္ဓာကိုယ်က မြောက်ကြွမြောက်ကြွ ဖြစ်ချင်နေတယ်"

"ဟုတ်ပါပြီး၊ ဒါပေမယ့် လမ်းလျှောက်တဲ့အခါမှာတော့ သေချာကြည့်ပြီး လျှောက်ရမယ်၊ မထိခိုက်အောင်လို့"

ကျန်းဟောက် စကားနားထောင်ကြောင်းအား သိသာစေရန် ခေါင်းသာညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်က အရာမှန်သမျှကို စူးစမ်းချင်စိတ်ဖြင့် လိုက်ကြည့်နေပြန်သည်။ တကယ်ဆို ဒီလမ်းက သူနေ့တိုင်း ပြန်နေကျ အိမ်ပြန်လမ်းလေးဖြစ်ပေမယ့် ဒီနေ့မှသာ စိတ်ဝင်စားစရာ အလွန်များနေသည်ဟု ခံစားနေရသည်။

တစ်ခနအကြာ၌ ဆောင်းဟန်ဘင်းဘက်လှည့်ကာ မေးလိုက်သည်။

"မင်းရော ဘယ်လိုခံစားရလဲ? စိတ်လှုပ်ရှားနေလား"

"နည်းနည်း"

"ဒီနေ့ သင်တန်းမှာ လစဉ်စစ်ဆေးမှု ရှိတယ်မဟုတ်လား"

"အင်း ဒီတစ်ခေါက်က ကိုယ်တိုင် က ကွက်ကို ပုံဖော်ရတာမို့ နည်းနည်း

စိတ်လှုပ်ရှားနေတယ်"

ပြီးနောက် ဆောင်းဟန်ဘင်းက သူ့

လက်နှစ်ဖက်ကို မြှောက်ကာကြည့်လိုက်ရင်း

"ကြည့်ပါလား ချွေးတွေထွက်ပြီး နည်းနည်းတောင် တုန်နေတယ်"

ကျန်းဟောက်တစ်ယောက် ဆောင်းဟန်ဘင်းရဲ့လက်တွေကို ငေးစိုက်ကြည့်ရင်း လက်ညိုးလေးကို ခပ်ဖွဖွလှမ်းကိုင်လိုက်ကာ အနည်းငယ် လှုပ်ယမ်းလိုက်သည်။

"အဆင်ပြေမှာပါ၊ မင်း က ထားတာ အရမ်းကောင်းတယ်"

"အဲ့လိုလား"

"အင်း"

ကျန်းဟောက် ခေါင်းညိတ်ပြကာ ရာနှုန်းပြည့်သေချာကြောင်း ထောက်ခံလိုက်သည်။

"မင်းလိုလူမှာလဲ စိတ်လှုပ်ရှားရတဲ့ အချိန်မျိုး ရှိသေးတာလား"

အများအမြင်မှာ ဘက်စုံထူးချွန်နေပြီး တော်နေတဲ့ ဆောင်းဟန်ဘင်းမှာ အမှန်တကယ်တော့ အသက် ၁၆ နှစ်သာ ရှိသေးသည့် အထက်တန်းပထမနှစ် ကျောင်းသားလေးတစ်ယောက်ဖြစ်သည်။ အကနဲ့ပတ်သက်လာရင် ရူးသွပ်သူမို့ ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။ သူ အလေးနက်ထားတဲ့အရာဖြစ်တာကြောင့် အတိမ်းအစောင်း မခံနိုင်ပေ။

"အကသင်ပေးတဲ့ ဆရာမက ငါ့ကို အရမ်းမျှော်လင့်ထားတာ၊ ဒီတစ်ခါ သေချာကောင်းကောင်းလုပ်နိုင်ရင် ရမဲ့အခွင့်အရေးက များတယ်လို့လဲ ပြောတယ်၊ ဘာလဲဆိုတာ မပြောပြထားပေမယ့် အဲ့ဟာကို သူများလက်ထဲအပါမခံနိုင်ဘူး"

ကျန်းဟောက် ဆောင်းဟန်ဘင်းရဲ့ စကားကို နားလည်စွာ ခေါင်းညိတ်ပြလိုက်ပြီး

"ဒီလိုတွေးလိုက်၊ မင်း ခါတိုင်းလုပ်နေကြလိုဘဲလုပ်၊ ကျောင်းသားတိုင်း စာမေးပွဲဖြေရင် စိတ်လှုပ်ရှားပေမယ့် ငါတို့လို ထိပ်တန်းကျောင်းသားတွေအတွက်က သာမန်ဘဲ၊ ဘာလို့လဲ? ဒါနဲ့ပတ်သက်ပြီး အရမ်းယုံကြည်မှုရှိသလို ပုံမှန်လုပ်နေကြအရာလို့ဘဲ သတ်မှတ်ထားတာကြောင့်လေ၊ စာလုပ်တာလဲ မင်းအနာဂတ်အတွက် အရေးပါတဲ့ အရာတစ်ခုဘဲလေ၊ ဒါပေမယ့် စာနဲ့ပတ်သက်ပြီး မင်းစိတ်လှုပ်ရှားဖူးလို့လား"

"ဟင့်အင်း"

"အဲ့ဒါကြောင့် မင်း အကနဲ့ပတ်သက်ပြီးတော့လဲ ပုံမှန်လေးဘဲတွေးလိုက်၊ ငါလုပ်နိုင်တယ်၊ ဒါက ငါ့အတွက်ပုံမှန်လုပ်နေကြအရာထဲကတစ်ခုဘဲ ဒါကလွယ်ကူတယ်ဆိုပြီး တွေးလိုက်ရင် မင်းစိတ်လှုပ်ရှားတာတွေနည်းပြီး ပိုအာရုံစိုက်နိုင်လိမ့်မယ်လို့ထင်တယ်"

"မင်းရော.... တယောထိုးနေတဲ့ချိန်မျိုးဆို စိတ်လှုပ်ရှားဖူးလား"

"ငါလား? စိတ်လှုပ်ရှားတယ်ဆိုတာထက် ပျော်နေတယ်ဆိုတဲ့ ခံစားချက်မျိုးဘဲ ရှိတယ်၊ ငါ့ရဲ့အကောင်းဆုံးပုံစံကို ချပြဖို့ တွေးလိုက်တိုင်း ပျော်တယ်ဆိုပြီး ခံစားရတယ်။ ငါ ပထမဦးဆုံးအကြိမ် ငါ့အမေနဲ့ အတူဖျော်ဖြေခဲ့ရတုန်းက စိတ်လှုပ်ရှားနေရမှာကို ငါက လုံးဝ မပြုံးဘဲမနေနိုင်အောင်ကို ပြုံးနေခဲ့တာတဲ့"

"အင်း..... မင်းတကယ်ပျော်နေခဲ့တယ်ဆိုတာ ခံစားမိပါတယ်"

ကျန်းဟောက်ရဲ့အတိတ်ကအကြောင်းကို နားထောင်ပြီးထောက်ခံတာလား

Instagram ကပုံကို ရည်ညွှန်း၍ထောက်ခံသည်လား ကျန်းဟောက်မတွေးတတ်ပါ။ သူ ထိုစကားကို ဒီအတိုင်းသာ လက်ခံလိုက်သည်။

ထို့နောက် သူတို့ ဘတ်စ်ကားဖြင့် အတူပြန်ခဲ့ကြသည်။ ပြန်လာစဉ် တစ်လျှောက်တွင်လဲ ကျန်းဟောက်ဆီမှ AirPod ဖြင့် တစ်ယောက်တစ်ဖက်စီ တပ်ကာ သီချင်းနားထောင်လာခဲ့ကြသေးသည်။

နောက်တစ်နေ့မနက်တွင် ကျန်းဟောက် ကျောင်းသို့အစောကြီးရောက်နေခဲ့ကာ ယောကျ်ားလေးအဆောင်ရှိရာဘက်သို့ ဝယ်လာခဲ့သည့် မနက်စာထုတ်လေးကိုကိုင်ကာ ခပ်သွက်သွက်လေးသွားနေခဲ့သည်။

အဆောင်ကိုမရောက်ခင် အပြေးလေ့ကျင့်ရာကွင်းကျယ်ကိုဖြတ်ရတာမို့ သူလှည့်ကြည့်လိုက်တော့ မနက်ခင်း အပြေးလေ့ကျင့်နေကြတဲ့ ဆောင်းဟန်ဘင်းတို့ အုပ်စုကိုတွေ့လိုက်ရသည်။

ထို့ကြောင့် သူကျောင်းအဆောင်ဘက်ကို ဆက်မသွားတော့ဘဲ ထိုနေရာသို့သာ သွားလိုက်သည်။

"နင့်ကို နေရာတိုင်းမှာ တွေ့နေရတော့တာဘဲနော်"

အနားကလူမှ ပြောလာသည့်စကားကြောင့် ကျန်းဟောက်လှည့်ကြည့်လိုက်တော့မှ အရင်တစ်ခါ ဆောင်းဟန်ဘင်းရဲ့အခန်းရှေ့မှာတွေ့ခဲ့တဲ့ ကျောင်းသူလေးရဲ့အနားမှာ သူရပ်နေမိမှန်း သတိထားမိသွားသည်။

သို့ပေမယ့် သူ အရင်တစ်ခါလိုမျိုး ဘာမှပြန်မပြောဘဲ လျစ်လျူရှုလိုက်ပြန်သည်။ ထိုအခါ ဂျန်ယူရီမှာ မကျေမနပ်မျက်နှာဖြင့် ကြည့်လာကာ မျက်စောင်းထိုးလိုက်ပြီး

"ဆောင်းဟန်ဘင်းနဲ့ သိတာဘယ်လောက်ကြာသေးလို့လဲ? နေရာတိုင်း တပူးပူး တတွဲတွဲရှိနေရအောင်?"

ကျန်းဟောက် ရှေ့သို့သာ တည့်တည့်ကြည့်ပြီး မေးလိုက်သည်။

"အဲ့တော့?"

"နင့်ကြောင့်နဲ့ ဒီနောက်ပိုင်း ဆောင်းဟန်ဘင်းက ငါ့ကိုအချိန်မပေးတော့ဘူး"

ကျန်းဟောက် ဂျန်ယူရီအား နားမလည်သည့် မျက်နှာဖြင့် ကြည့်လာတာမို့ ဂျန်ယူရီမှာ ပိုဒေါသထွက်သွားရသည်။

"ဘာလို့ ငါ့ကြောင့်လဲ?"

"ဆောင်းဟန်ဘင်း အရင်ကဆို ကိစ္စမရှိရင် ဘယ်မှသွားတဲ့လူမဟူတ်ဘူး၊ နေရာမှာဘဲ ငြိမ်နေတတ်တာ၊ အခုက အမြဲလိုလို နင့်အနားဘဲ သူကပ်နေတော့တာ"

ကျန်းဟောက်မှာ သနားစရာမျက်နှာလေး ပြန်လုပ်ပြပြီး

"သနားစရာဘဲ၊ ဘယ်သူက အမြဲတမ်း စာသင်ခန်းထဲမှာဘဲ ထိုင်နေနိုင်မှာတဲ့လား"

"အဲ့ဒါအရေးမကြီးဘူး၊ ငါလိုရင်းဘဲပြောမယ်၊ အခုဆို လူတိုင်းက နင်တို့ကို အတွဲလို့တောင် ထင်နေကြတာ၊ မဟုတ်ရင်တောင် ဝိုင်း ship နေတဲ့သူ အများကြီးဘဲ၊ တစ်နေ့တစ်နေ့ social media မှာ နင်တို့အကြောင်းချည်းဘဲ မြင်နေရတယ်၊ နင် သိတာလား၊ မသိတာလား? ထပ်ပြောမယ် နင်က အဲ့လိုဆိုရင်တောင် ဆောင်းဟန်ဘင်းက အဲ့လိုလူမျိုးမဟုတ်ဘူး"

ထိုအခါ ကျန်းဟောက်မှာရုတ်ချည်း မျက်နှာပျက်သွားပြီး ဂျန်ယူရီကို နင့်နဲစွာ စူးစူးစိုက်စိုက်ကြည့်ရင်း အံကြိတ် လိုက်သည်။

"မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ လာပြောနေတာလဲ? ဒီတိုင်း သူငယ်ချင်းကြားက ဆက်ဆံရေးကို မင်းတို့လို ခေါင်းမကောင်းတဲ့လူတွေက ပြောချင်ရာပြော ထင်ချင်ရာ ထင်နေကြတာကို ငါက လိုက်ဂရုစိုက်နေရမှာလား?"

ပြီးနောက် သူ အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး

"ဟမ့် ရယ်ရတယ်၊ မင်းတို့က အကြောင်းအရာတစ်ခုခုကို သေချာ ဂဃနဏ မသိဘဲ မြင်ချင်တာမြင် ထင်ချင်တာထင်ဖို့ဘဲ သိတာ၊ မင်းတို့ကြောင့်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းတယ်"

သူမရဲ့ အတွေးမှာ ကျန်းဟောက်ကို နည်းနည်းသတိပေးချင်ခဲ့ရုံတင်၊ ထိုအကြောင်းသာပြောပြလိုက်ရင် ကျန်းဟောက်က ဆင်ခြင်သွားလိမ့်မည်ဟုသာ တွေးခဲ့သည်။ သူမ ပြောသည်မှာလဲ မမှားပေ။ အရင်အချိန်ကဆို ဆောင်းဟန်ဘင်းနဲ့ သူမကို ship ကြတဲ့သူတွေက အများဆုံးဖြစ်သည်။ ကျန်းဟောက်ပေါ်လာသည့်အခါတွင်တော့ လူတိုင်းရဲ့စိတ်ကတစ်ထစ်ချိုး ပြောင်းလဲသွားပြီး fujoshi ကောင်မလေးများရဲ့ စိတ်အားထက်သန်မှုမှာလဲ ကြောက်စရာကောင်းလှသည်။ ထို့ကြောင့် သူမ မနာလိုဖြစ်လာရသည်။

သို့ပေမယ့် သူမ ရလိုက်တဲ့ တုံ့ပြန်မှုက

ယောကျ်ားတစ်ယောက်စီက ပြင်းပြင်းထန်ထန် အပြောခံလိုက်ရတာမို့ ဂျန်ယူရီမှာ ထူပူကာ တစ်ကိုယ်လုံးတုန်ယင်နေပြီး ဖြစ်သည်။ ထို့နောက် စက္ကန့်အနည်းငယ်ကြာသည့်အခါ မျက်ရည်များ ကျလာခဲ့သည်။ အချိန်ကိုက်ပင် ဆောင်းဟန်ဘင်းတို့မှာလဲ သူတို့အနားကို ရောက်လာပြီး ဖြစ်သည်။ ကျန်းဟောက် သူ့ကြည့်ဖူးတဲ့ ဒရမ်မာတွေထဲက မင်းသမီးကို အနိုင်ကျင့်ကာ ငိုအောင်လုပ်နေတဲ့ချိန် မင်းသားတို့ သူငယ်ချင်းအုပ်စုက ရောက်လာပြီး ဝင်ကူညီမည်ဖြစ်သည်။

ဒါနဲ့ဘာလို့ ငါက ဗီလိန်နေရာကလဲ???

ကျန်းဟောက်စိတ်ညစ်ကာ ဂျန်ယူရီဆီက အကြည့်လွှဲလိုက်သည်။

အရင်ဆုံးစကား စ ပြောလာသူမှာ မတ်သရူးဖြစ်သည်။

"ယူရီက ဘာလို့ငိုနေတာလဲ?"

ဂျန်ယူရီမှာ ဘာမှမပြောဘဲ ခေါင်းကိုသာ ငုံ့နိုင်သမျှငုံ့ထားကာ တရှုံရှုံငို​နေသည်။ ထိုအခါ မတ်သရူးက ကျန်းဟောက်ကို ကြည့်လာသည်။

"ဘာလို့ ငါ့ကို လာကြည့်နေတာလဲ"

ဆောင်းဟန်ဘင်းက သူလက်ထဲမှ မနက်စာထုတ်ကို လက်လွှဲယူလိုက်ပြီး မေးလာသည်။

"ဘာဖြစ်ကြတာလဲ?"

ထိုအခါကျန်းဟောက်က-

"ငါ့အမှားမဟုတ်ဘူး"

ဆောင်းဟန်ဘင်းက ဂျန်ယူရီရဲ့ လက်မောင်းကို အသာဆုတ်ကိုင်ကာ မေးလိုက်သည်။

"ယူရီ..... ဘာဖြစ်တာလဲ"

"သူက ငါ့ကို ခေါင်းမကောင်းဘူးလို့ ပြောတယ်"

ကျန်းဟောက်ကလဲ သူပြောတာ မမှားဘူးဆိုတဲ့ ပုံစံဖြင့်

"မကောင်းလို့ မကောင်းဘူးပြောတာလေ"

မတ်သရူးကလဲ ကြားထဲကမနေနိုင်စွာ ဝင်ပြောလာသည်။

"မင်းက မိန်းကလေးတစ်ယောက်ကို အဲ့လိုပြောစရာလား"

"သူ ငါ့ကိုပြောတာလဲ နားထောင်လို့ ကောင်းမနေဘူးလေ"

"သူကဘာပြောလို့လဲ"

ကျန်းဟောက် ထိုကိစ္စကို အကျယ်တဝင့် မလုပ်ချင်တာကြောင့်

"ငါ့ကို ဆောင်းဟန်ဘင်းနဲ့ ဝေးဝေးနေခိုင်းတာလေ"

"အို့ အဲ့ဒါက ဘာဆိုင်လို့လဲ"

မတ်သရူးက မျက်လုံးကို ပုတ်ခတ် ပုတ်ခတ်လုပ်ကာ မေးလာသည်။

"........"

ထိုအခါ မတ်သရူးက ကျန်းဟောက် အနားကပ်သွားပြီး လေသံလေး ဖြင့် တိုးတိုးလေးကပ်ပြောလာသည်။

"မင်းက ဘာကိစ္စ ဆောင်းဟန်ဘင်းနဲ့ ဝေးဝေးနေရမှာလဲ? သူတကယ်ဘဲ ဘာတွေ စဉ်းစားနေတာလဲ"

"အေး မင်းဘဲစဉ်းစားကြည့်"

ကျန်းဟောက်ကလဲ တိုးတိုးလေးပြန်ပြောလိုက်သည်။ သူတို့ပြောနေသမျှ စကားတွေကို ဆောင်းဟန်ဘင်းက ကြားနေရတာမို့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဒီလောက်ဆို ဘာတွေဖြစ်ခဲ့ကြလဲ သူမှန်းလို့ရသည်။

သူနဲ့ ကျန်းဟောက်က စာအတူလုပ်နေရာမှ တဖြည်းဖြည်းအနေနီးလာခဲ့တာကြောင့် တပူးပူး တတွဲတွဲဖြစ်လာရာကနေ မြင်သူတချို့က ဝိုင်း ship နေကြတာဖြစ်သည်။ ဆောင်းဟန်ဘင်းအတွက်တော့ ဒါက ကိစ္စကြီးမဟုတ်ပေ။ သူအနေနဲ့ ယောကျ်ား မိန်းမ မရွေး ship ခံနေရတာဖြစ်သည်။ ဂျန်ယူရီနဲ့ သူ့ကို အတွဲတွေပါဟု ထင်နေကြတဲ့သူတွေတောင် အများကြီးရှိသည်။ မည်သို့ပင်ဖြစ်စေ သူတို့ နှစ်ယောက် အပြန်အလှန် သေချာသိနေရင် ရပြီးမို့ ဆောင်းဟန်ဘင်းက ထိုအကြောင်းအရာတွေကို ဂရုစိုက်ခဲ့ခြင်း လုံးဝ မရှိပေ။

ကျန်းဟောက်မှာလဲ ဂရုစိုက်ပုံမပေါ်ပင်ပေမယ့် တုံ့ပြန်မှုကတော့ ကွာခြားသည်။ ဒါအတွက်နဲ့လဲ သူကျန်းဟောက်ကို အပြစ်ဆို၍မရပေ။ ထို့ကြောင့် ဂျန်ယူရီကို ချော့ဖို့သာ ပြင်လိုက်သည်။

"သူများပြောတာကို အာရုံစိုက်စရာမလိုဘူး၊ ငါတို့ကိုယ် ငါတို့သေချာသိနေရင် ရပြီး"

သို့ပေမယ့် ဂျန်ယူရီမှာ ကျေနပ်ပုံမရပါ။ တကယ်ဆို သူမ လိုချင်သည်က သူမဘက်ကပါကာ ကျန်းဟောက်ကို အပြစ်တင်မည်ဟုပင်။ သို့ပေမယ့် ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို အပြစ်မဆိုတဲ့ အပြင် သူများပြောစကားနားယောင်လို့ သူမကိုပါ အပြစ်ပြောချင်နေသလို ဖြစ်နေတာကြောင့် ဂျန်ယူရီမှာ မတရားသလို ခံစားလိုက်ရသည်။

"ဟန်ဘင်း! နင်က ငါ့ကို အပြစ်ပြောချင်နေတာလား? တကယ်ဆို သူကမှ လွန်တဲ့သူလေ"

ထိုအခါ ဆောင်းဟန်ဘင်းက လေသံအေးအေးဖြင့် ပြန်ပြောလာသည်။

"ဒါပေမယ့် ကျန်းဟောက်မှာ ငါ့နဲ့ဝေးဝေးနေစရာ အကြောင်းမရှိဘူးလေ"

ဆောင်းဟန်ဘင်းရဲ့ စကားအဆုံး၌ ကျန်းဟောက်မနေနိုင်ဘဲ တစ်ခုတွေးလိုက်မိသည်။

ငါ ဘာလို့ ဗီလိန်ကနေ မင်းသမီးဖြစ် သွားတယ်လို့ ခံစားနေရတာလဲ?

ဂျန်ယူရီ တစ်ခုခုထပ်ပြောချင်ပေမယ့် ပါးစပ်ကိုသာ ပြန်ပိတ်ထားလိုက်သည်။

ထို့နောက် အနိုင်ကျင့်ခံရပါသည်ဟူသော လေထုကို ထုတ်လွှတ်ကာ နှုတ်ခမ်းစူ၍ ရပ်နေခဲ့သည်။ သူတို့အားလုံးတိတ်ဆိတ်သွားပြီး အချိန်ကိုသာ ပြဿနာဖြေရှင်းဖို့ တာဝန်ပေးလိုက်သည့်နှယ်။

"ဂွီ.......~~~~"

ကျန်းဟောက် သူ့ဗိုက်ကိုယ် သူ လက်လေးဖြင့် ဖုံးလိုက်ပြီး နားရွက်တို့မှာလဲ တဖြည်းဖြည်း နီမြန်းလာသည်။

"ဖွီးးးးးဟားးဟားးး" မတ်သရူးမှာ မနေနိုင်စွာ အသံထွက်အော်ရယ်လာတော့သည်။ ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို ကြည့်ရင်း

"ဗိုက်ဆာနေပြီးလား"

"အင်းးး ငါဘာမှမစားရသေးဘူး၊ မင်းတို့နဲ့ အတူစားမယ်ဆိုပြီး မနက်အစောကြီး ဒါတွေဝယ်ပြီးထွက်လာတာ"

"ဒါဆို သွားစားရအောင်လေ"

ဂျန်ယူရီမှာ သူမလဲ ဆောင်းဟန်ဘင်းနဲ့ အချိန်အတူကုန်ဆုံးချင်တာမို့ မနက်အစောကြီး ထ လာရတာဖြစ်သည်။ သူမရဲ့အတွေးမှာ ဆောင်းဟန်ဘင်း မနက်ခင်းအပြေးလေ့ကျင့်နေတာကို အဖော်ပြုပေးရင်း ပြီးတာနှင့် မနက်စာအတူသွားစားဖို့ ရည်ရွယ်ထားတာဆိုပေမယ့် လက်တွေ့တွင် သူ့အတွေးတွေကို ကျန်းဟောက်က လုယူသွားသည်။

"ဟန်ဘင်း... ငါလဲ မနက်စာ မစားရသေးဘူး"

သူ ဂျန်ယူရီအတွက် ဝယ်မလာဘူးဟု ပြောချင်ပေမယ့် သူ့ကြောင့်ငိုသွားတာမို့ မိန်းကလေးတစ်ယောက်ကို ထပ်ပြီး ငိုအောင် မလုပ်ချင်တော့ပေ။ ဆောင်းဟန်ဘင်း တစ်ခုခုပြောဖို့ ပြင်နေတုန်းမှာပင် မတ်သရူးက ဝင်ပြောလာသည်။

"ငါတို့က အဆောင်အခန်းထဲ ပြန်စားကြမှာ၊ နင်လိုက်လို့ဘယ်ရမလဲ?"

"နင်တို့ အဆောင်မှာ မစားလဲရတယ်လေ"

ကျန်းဟောက် မျက်လုံးသာလှိမ့်လိုက်ပြီး စိတ်မရှည်တော့သည့်အမူအရာဖြင့်

"လိုက်ချင်လဲ လိုက်ခဲ့ဟာ မြန်မြန်

ငါဗိုက်ဆာနေပြီး"

သို့နှင့် သူတို့တွေ အဆောင်မပြန်ဖြစ်ဘဲ အပြေးလေ့ကျင့်ကွင်းရဲ့ အနီးနားက နေရိပ်တဲ့ တစ်နေရာမှာထိုင်ရင်း မနက်စာ အတူစားခဲ့ကြသည်။

မတ်သရူးနဲ့ ကျန်းဟောက်က ဘေးချင်းကပ် အတူထိုင်လိုက်ကြပြီး သူတို့၏ မျက်နှာချင်းဆိုင်တွင် ဆောင်းဟန်ဘင်းနှင့် ဂျန်ယူရီက အတူထိုင်နေသည်။

ကျန်းဟောက် ဝယ်လာသည်မှာ mini market တွေမှာ ဝယ်နိုင်တဲ့ အသင့်စား onigiri နှင့် sandwich တချို့ဖြစ်ကာ ကျန်တာက သောက်စရာ ရေနှင့် နွားနို့ ကော်ဖီ ဟူ၍ဖြစ်သည်။ မတ်သရူးက ရေတစ်ဘူးကို အရင်ယူထုတ်ကာ သောက်လိုက်ပြီးနောက် sandwich ကို စားဖို့ပြင်လိုက်သည်။

"မင်း မနက်စာယူလာပေးမယ်ဆိုလို့ ငါ့မှာမျှော်လင့်လိုက်ရတာ"

"တစ်ယောက်တည်းနေတဲ့ ၁၆ နှစ်သား အရွယ်စီကနေ မင်းက မျှော်လင့်နေသေးတာလား"

"ငါဆို အနည်းဆုံးတော့ ပန်ကိတ်

လုပ်တတ်တယ်၊ အရမ်း အရသာရှိတာ၊ မယုံရင် ဆောင်းဟန်ဘင်းကို မေး"

ဆောင်းဟန်ဘင်းက onigiri ရဲ့ ပလတ်စတစ်ကို ခွါနေရင်း ပြုံးလိုက်ပြီး ကျန်းဟောက်ကို လှမ်းပေးကာ မတ်သရူးရဲ့ စကားကို ထောက်ခံလိုက်သည်။

"ဟုတ်တယ် အရမ်း အရသာရှိတယ်"

သုံးယောက်သား စကားတစ်ပြောပြောဖြင့် ရှိနေပေမယ့် တစ်ခွန်းမှလဲ ဝင်မပြောသလို စားစရာတွေကိုလဲ မတို့မထိ သူမှာ ဂျန်ယူရီသာဖြစ်သည်။ သူမ ဆောင်းဟန်ဘင်းရဲ့ အနားမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူမ နဂိုစီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့၍

ကျန်းဟောက်တို့နဲ့ အတူ အတင်းလိုက်လာမိသည်ဟု တွေးမိ၍လားမသိ၊ စားစရာတွေကတော့ ဝယ်လာသူမှာ ကျန်းဟောက်ဖြစ်တာမို့ တစ်ဖက်လူက ဘယ်လိုတုံ့ပြန်မလဲမသိတာကြောင့်သူမ မထိရဲပေ။

ထို့ကြောင့် ဆောင်းဟန်ဘင်းက ကျန်းဟောက် နည်းတူ ပလတ်စတစ်ကို ခွါပေးကာ ဂျန်ယူရီကို လှမ်းပေးလာသည်။

ဂျန်ယူရီ ခနတာမျှ ငြိမ်သက်နေပြီးမှ ဆောင်းဟန်ဘင်းပေးသည်ကို ယူဖို့ ဆုံးဖြတ်လိုက်ကာ လက်လှမ်းလိုက်သည်။

"အဟွတ်..... အဟွတ် ဟွတ်"

သူမ လှမ်းယူလိုက်ပေမယ့် onigiri လေးက သူမလက်ထဲမရောက်ခင်မှာ

ပင် အောက်သို့ ချခံလိုက်ရပြီး ဆောင်းဟန်ဘင်းရဲ့ လက်ကလျင်မြန်စွာ ရေတစ်ဗူးကို ဆွဲယူကာ အဖုံးဖွင့်၍ ကျန်းဟောက်အား ပေးလိုက်သည်။ ထို့အပြင် သတိပေးစကားပြောဖို့ကိုလဲ မမေ့လျှော့ခဲ့ပေ။

"ဖြည်းဖြည်းစားမှပေါ့"

အစားနင်သွားကြောင့် ပါးစပ်ကို လက်တစ်ဖက်ဖြင့်အုပ်ကာ အပြင်းအထန်ချောင်းဆိုးနေတဲ့ ကျန်းဟောက်မှာ မျက်ရည်များပင် ဝဲတတ်လာသည်။

"အဟွတ်.... ငါ စကားပြောချင်ဇော..... လောသွားတာ.... အဟွတ်"

မတ်သရူးကလဲ ကျန်းဟောက်ရဲ့ ကျောကုန်းကို ခပ်ဖွဖွပွတ်ပေးကာ

"အခုတောင် စကားကများနေသေးတယ်၊ ရေမြန်မြန်သောက်လိုက်"

ကျန်းဟောက် ရေဗူးကို လှမ်းယူလိုက်

ပြီး တစ်ငုံသောက်လိုက်ပေမယ့် ချောင်းအနည်းငယ်ဆိုးနေတုန်းပင်။ ရေထပ်သောက်ပြီး အနည်းငယ်သက်သာလာတော့မှ

"ဆောင်းဟန်ဘင်း မနေ့က လစဉ်စစ်ဆေးချက်က ဘယ်လိုနေလဲ? အဆင်ပြေခဲ့လား"

မနေ့ညက သူ အိမ်ရောက်တာနဲ့ စာလုပ်ပြီး နောက် တန်းအိပ်တာမို့ ဖုန်းကိုလဲ မသုံးဖြစ်ခဲ့ပါ။ ထို့ကြောင့် ဘယ်လိုရလဒ် ထွက်လာသည်ဆိုတာ ကျန်းဟောက် မသိရသေးပေ။

ဆောင်းဟန်ဘင်းမှာ sandwich ကို တစ်ကိုက် ကိုက်ကာ ဝါးနေရင်းပြုံးလိုက်ကာ

"ဒီတစ်ခါလဲ Top 1 ဘဲ"

"ဝိုးးး တော်သားဘဲ၊ ဂုဏ်ယူပါတယ်"

"မင်းရဲ့ အကြံပေးစကားက အများကြီးအထောက်အကူဖြစ်ခဲ့တာပါ၊ ကျေးဇူးဘဲ"

"ကျေးဇူးတင်ရင် ငါ့ကို စာသေချာပြန်ကူလုပ်ပေး၊ ဟိုကလေးကရော? သူ အဆင်ပြေလား"

"ဘယ်ကလေးလဲ?"

"မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တစ်ယောက် ချစ်စရာမျက်နှာလေးနဲ့"

"အော် ဟန်ယူဂျင်း? သူက Top 5"

"တော်သားဘဲ"

"ယူဂျင်းက ကြီးလာရင် ပိုကောင်းတဲ့ dancer တစ်ယောက်ဖြစ်လာမှာ၊ ငယ်သေးပေမယ့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကလဲ ကောင်းတယ်၊ သူ့ရဲ့ dance style ကလဲ ထင်သာမြင်သာ ရှိတယ်၊

အနာဂတ်မှာ ပိုကောင်းလာမှာ"

သူတို့လေးယောက် အတူတူထိုင်နေကြပြီး ထွေရာလေးပါးပြောကြရင်း မနက်စာ စားနေခဲ့ကာ လေထုက

အလွန်သာယာနေခဲ့ပေမယ့် တစ်စုံတစ်ယောက်မှာတော့ ထိုသို့တွေးဟန် မတူပေ။

ဂျန်ယူရီ မှာ စက္ကန့်တိုင်းလိုလို ဆောင်းဟန်ဘင်း သူ့ကိုပြောခဲ့တဲ့စကားကို ပြန်ကြားယောင်ရင်း ငြိမ်သက်နေခဲ့သည်။

သူများပြောတာကို အာရုံစိုက်စရာမလိုဘူး၊ ငါတို့ကိုယ် ငါတို့သေချာသိနေရင် ရပြီး

ဆောင်းဟန်ဘင်းနဲ့ သူမကို ဝိုင်းပြောခဲ့တုန်းကလဲ ဆောင်းဟန်ဘင်းက ထိုအတိုင်းသာ တုံ့ပြန်ခဲ့ပြီး အရေးတယူ အဖက်မလုပ်ခဲ့ပေ။

ဆောင်းဟန်ဘင်း လူတိုင်းအပေါ် ကောင်းတယ်ဆိုတာကို သူမ သိသည်။ သို့ပေမယ့် တစ်နေရာရာမှာ တစ်စုံတစ်ခုကတော့ မှားနေသည်ဟုဘဲ သူမ တောက်လျှောက်တွေးနေမိသည်။

သူမရဲ့ဘေးမှာထိုင်ကာ ပြုံးပျော်၍ စကားကောင်းနေတဲ့ ဆောင်းဟန်ဘင်းကို သူမ အသာငေးကြည့်လိုက်မိသည်။

ဆောင်းဟန်ဘင်း ဒီလောက်အထိ အသက်ဝင်အောင် ဘယ်တုန်းကပြုံးနိုင်ခဲ့လဲ သူမ သတိမထားမိခဲ့ပါ။ လူတိုင်းကို ပြုံးပြတတ်တဲ့ ဆောင်းဟန်ဘင်းရဲ့ အပြုံးမှာ ဒီတစ်ခါတော့ မတူညီနေခဲ့ပါ။ သူ့ရဲ့မျက်ဝန်းထဲရှိ တစ်ဖက်လူမှာ အင်မတန် ချစ်စရာကောင်း၍ အစစ အရာရာ လိုက်ဂရုစိုက်ပေးချင်နေပြီး ကာကွယ်ပေးချင်နေခဲ့ကာ ထိုသို့ လုပ်ခွင့်ရတာကိုလဲ ကျေနပ်နေတဲ့ အပြုံးမျိုး ဖြစ်သည်။

ဘယ်သူငယ်ချင်းချင်းချင်းကများ ဒီလိုအသေးစိတ်ကအစ လိုက်ဂရုစိုက်နေလို့လဲ? ဆောင်းဟန်ဘင်းက ဒီလိုဘဲလားလို့ သူမ တွေးလိုက်ပေမယ့် ထိုကဲ့သို့ အဖြစ်အပျက်မျိုး သူမရဲ့အတွေးအာရုံထဲ ပုံဖော်မရခဲ့ပါ။ သူတို့ချင်းရင်းနှီးကြတဲ့ အချိန်က သိပ်မကြာသေးပေမယ့် ကျန်းဟောက်ကို ဂရုစိုက်ပေးနေတဲ့ ဆောင်းဟန်ဘင်းရဲ့ အပြုအမူများမှာ ကာလကြာရှည် ကျင့်သားရနေသလို ဖြစ်နေခဲ့ပြီး ထိုကဲ့သို့အပြုအမူများနှင့် ဆက်ဆံခံရတဲ့ အချိန်မှာလဲ ကျန်းဟောက်ဘက်က နေရခက်နေမှု တစ်စုံတစ်ရာ မတွေ့ရပေ။

သူမ ဆောင်းဟန်ဘင်းဆီက အကြည့်လွှဲကာ လက်ထဲမှ onigiri လေးကို ငုံ့ကြည့်နေခဲ့သည်။

ဆောင်းဟန်ဘင်း.....

ကိုယ့်ကိုကိုယ် သိတယ်ဆိုတာ သေချာရဲ့လား?

===============

TBC.......

5 December,2024

ဒီအပိုင်းကို ရေးတာ ၃ ရက်လောက်ကြာသွားတယ်၊ ၃ ရက်လား ၄ ရက်လားမသိဘူး၊ ပုံမှန်ဆို တစ်ပိုင်းကို တစ်ထိုင်တည်း ရေးပေမယ့် ဒီအပိုင်းက အကြာဆုံးဘဲ🤣🤧

စာလုံးပေါင်းစစ်ရင်းနဲ့တောင် ပြန်ပြင်နေတာ ဘယ်နှခေါက်မှန်းမသိတော့ဘူး

Cover photo လေးပြောင်းထားတယ်

အဲ့ပုံကို လိုချင်လို့ လိုက်ရှာနေခဲ့တာ ကြာပြီး မနေ့ညကမှတွေ့တာ

အရမ်းသဘောကျသောဘဲ🫶