Chapter 14: အပိုင်း (၁၃) နို့ဘူးလေးရဲ့ ပိုင်ရှင်

My other halfWords: 42053

June လရောက်နေပြီးမို့ Z ကျောင်းရဲ့ first semester က ပြီးတော့မှာဖြစ်သည်။ 1st semester နီးလာသည်နှင့် အမျှ စာမေးပွဲမှာလည်း နီးသည်ထက် ပိုနီးလာခဲ့တာကြောင့် ကျောင်းသားတိုင်းလိုလို စာအုပ်ထဲ ခေါင်းနှစ်ထားကြသည်။ သို့ပေမယ့် စာလုပ်နေရာမှ နားချိန်တွင် လည်း summer break အတွက် plan များကို ကြိုတင် ဆွဲနေကြတာမျိုးလဲ ရှိသည်။

ကိုယ်ပိုင်စာကြည့်ချိန်တွင် ဘောပင်ကို လှည့်ကာ တွက်ထားသည့် မေးခွန်းဟောင်းပုစ္ဆာမှ အဖြေများကို ကျန်းဟောက် ပြန်စစ်နေလိုက်သည်။

ကျန်းဟောက်တွင် တခြားသူတွေလို အစီစဉ် အထွေအထူးဟူ၍ မရှိပါ။ သူ့အဖေ့က တဂျီဂျီ ခေါ်နေတာကြောင့် တရုတ်ကိုသာ ပြန်မည်ဖြစ်သည်။ ထို့ကြောင့် ဒါနဲ့ပတ်သက်ပြီး သူ့မှာဆွေးနွေးစရာ အထွေအထူးမရှိပေ။

သို့ပေမယ့် ကျန်သုံးယောက်မှာတော့ ခေါင်းချင်းဆိုင်နေကြပြီဖြစ်သည်။

"Ricky မင်းပြန်မှာလား"

"ဘယ်ပြန်ရမှာလဲ"

"ရှန့်ဟိုင်ကိုလေ"

"မသိသေးဘူး"

"မတ်သရူး မင်းရော?"

"ငါ? မပြန်ဘူး၊ ဒါပေမယ့် ငါ့မိသားစုက လာလိမ့်မယ်၊ သူတို့ ဒီနှစ် ဒီဘက်ကို ခရီးထွက်လာကြမှာ အဲ့တော့ ငါက ဒီမှာနေပြီး စောင့်နေရုံဘဲ"

"ဟုတ်လား ဒါဆို မင်းအချိန်မရဘူးပေါ့?"

"မင်းက ဘာလုပ်ဖို့?"

"ငါတို့တွေ လူစုပြီး trip သွားရအောင်လေ"

မတ်သရူးကလဲ စိတ်ဝင်စားစွာဖြင့်

"ရတယ်လေ၊ ငါ့မိသားစုမလာခင် မင်းတို့နဲ့ သွားမှာပေါ့"

ထိုအခါ ဂယူဘင်းက Ricky အား ရှန့်ဟိုင်သို့ မပြန်ရန် စတင်ပူဆာတော့သည်။

Ricky မှာလဲ နားပူလာတာကြောင့် တစ်ချက်ပြန်စဉ်းစားလိုက်ပြီးနောက်တွင်

"အစီစဉ်ပေါ်မူတည်တယ်"

"အစီစဉ်ကလား? မစဉ်းစားရသေးဘူး"

ဂယူဘင်းက ခေါင်းကုတ်ကာ စပ်ဖြီးဖြီးလုပ်ရင်း ပြောလာသည်။ ထို့ကြောင့် Ricky မှာ ဂယူဘင်းကို လျစ်လျူရှုကာ စာသာ ထိုင်ကြည့်နေလိုက်သည်။

ထို့ကြောင့် ဂယူဘင်းတစ်ယောက် ထိုင်နေရာမှ ထ ကာ ကျန်းဟောက်ထိုင်ခုံ၏ ဘေးရှိ ပြတင်းပေါက် နံရံတွင် မှီကာ ရပ်လိုက်သည်။

"ကျန်းဟောက် နွေရာသီအားလပ်

ရက်တွေ ဘာအစီစဉ်ရှိလဲ"

"တရုတ်ကိုပြန်မှာ..... ငါ့အဖေက ပြန်ခေါ်နေတယ်"

"ဘာလို့ပြန်မှာတုန်း၊ မင်း ဒီကိုရောက်ကတည်းက ဘယ်မှ မလည်ရသေးဘူးလေ၊ ဒီနွေရာသီ အားလပ်ရက်မှာမပြန်ဘဲ ဆောင်းရာသီမှပြန်ပေါ့ မင်းတို့ နှစ်သစ်ကူးလဲရှိတယ်လေ"

ဂယူဘင်းရဲ့ စကားကို နားထောင်ပြီးနောက် ဆီလျှော်မှုတော့ရှိသားဟု ကျန်းဟောက်တွေးလိုက်မိသည်။ သူ ကိုးရီးယားကို ရောက်ကတည်းက ဘယ်မှ မရောက်ဖူးသေးပေ။ ထို့ကြောင့် သူ တရုတ်သို့မပြန်ဘဲ ဒီမှာအချိန်ကုန်ချင်စိတ်လေးတော့ဖြစ်မိသည်။

သို့ပေမယ့် တစ်ဖက်တွင် သူ့အဖေက တစ်ယောက်တည်းကျန်ခဲ့တာဖြစ်သည်။ သားဖ နှစ်ယောက်တည်းရှိတာမို့ သူ့အဖေက ပြန်လာစေချင်နေသည်။ ကျန်းဟောက်မှာ ငယ်စဉ်ကတည်းက အမှီခို ကင်းစွာ နေထိုင်တတ်ပေမယ့် ပထမဆုံးအကြိမ် အိမ်နဲ့ခွဲရကာ နိုင်ငံလဲ ကွာခြားသလို လနဲ့ချီ မတွေ့ရတာကြောင့် ဖခင်ဖြစ်သူမှာ တစ်ယောက်တည်းရှိတဲ့ သားလေးကို ပြန်လာစေချင်နေတဲ့စိတ်ကိုလဲ ကျန်းဟောက် လျစ်လျူမရှုနိုင်ဖြစ်နေရသည်။

ကျန်းဟောက် အနည်းငယ်တွေဝေနေပြီး ဂယူဘင်းရဲ့ အကြံပေးချက်ကိုလဲ လက်ခံချင်နေကာ တစ်ဖက်တွင်လဲ တရုတ်သို့ ပြန်ချင်နေခဲ့သည်။

"မင်းအကြံက မဆိုးပါဘူး၊ ဒါပေမယ့် ငါ့အဖေကလဲ ပြန်လာခိုင်းနေတာ"

ဂယူဘင်းမှာလဲ လက်မလျှော့သေးပေ။

"မင်းအဖေကိုပြောပြီး တိုင်ပင်ကြည့်ပေါ့၊ ရရင် ရမှာပါ"

"ဘယ်သူတွေပါမှာလဲ၊ ငါမသိတဲ့လူတွေရော ပါမှာလား"

"လောလောဆယ် အသေချာဆုံးက ငါနဲ့ မတ်သရူးဘဲ၊ Ricky က အစီစဉ်ကို နားထောင်ပြီးမှ ဆုံးဖြတ်မယ်တဲ့"

"အင်း.... ငါပြန်ပြောမယ်လေ"

ဂယူဘင်းကို ငြင်းရမှာ အားနာတာ

ထက် ကျန်းဟောက်မှာ တကယ်ကို

ကိုးရီးယားတွင် နေခဲ့ချင်နေတာဖြစ်သည်။ ထို့ကြောင့် ဒီကိစ္စကို သူ့အဖေနဲ့ ပြန်ဆွေးနွေးဖို့ တွေးထားလိုက်သည်။

ညနေ ကျောင်းဆင်းချိန်တွင် ထုံးစံအတိုင်း သူနဲ့ဆောင်းဟန်ဘင်း စာကြည့်တိုက်သို့ အတူထွက်လာခဲ့ကြသည်။ စာကြည့်တိုက်ထဲ ရောက်သည်နှင့် သူတို့နှစ်ယောက် စာလုပ်နေကြ နေရာကို အတူလျှောက်လာစဉ် တစ်စုံတစ်ယောက်က နွားနို့ဘူးလေးကို ချကာ လှည့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရချိန်တွင် ကျန်းဟောက်မှာ သတိအနေအထားဖြင့် လှည့်ထွက်သွားတဲ့ ကျောပြင်ကို အသေအချာငေးစိုက်ကြည့်နေလိုက်သည်။ ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်ရဲ့ အမူအရာတစ်ခုချင်းစီကို သတိထားမိတာကြောင့် ကျန်းဟောက်ကြည့်နေရာသို့ သူကြည့်လိုက်ပြီးနောက် မျက်မှောင် အနည်းငယ်ကြုတ်သွားရသည်။

ကျန်းဟောက် ထိုင်နေကြနေရာသို့ တဖြည်းဖြည်း လျှောက်လှမ်းလာရင်း အံ့ဩမှုတို့ဖြင့် အရာရာကို ပြန်ချိန်ဆ နေမိသည်။

အရင်ဆုံး သေချာအောင် သူ ထိုင်ခုံနေရာကိုစစ်ကြည့်တော့ သူ့ထိုင်ခုံဖြစ်သည်မှာ အသေအချာပင်။ နို့ဘူးလေးမှာလဲ သူခါတိုင်းလက်ခံရရှိနေကျ နို့ဘူးလေး ဖြစ်သည်။ သို့သော် မထင်မှတ်ထားသည်မှာ နို့ဘူးကို ထား၍ ထွက်သွားသူကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူထင်မှတ်ထားသလို ကျောင်းသူလေးတစ်ယောက် ဟုတ်မနေခဲ့တာပင်။

သူမြင်လိုက်ရသည့် ကျောပြင်မှာ ကျယ်ဝန်းကာ မြင့်မားတဲ့ အရပ်အမောင်းနဲ့ တစ်လှမ်းချင်း လျှောက်လှမ်းသွားပုံမှာ အလျင်လိုနေတာလဲမဟုတ်သလို နှေးကွေးနေတာမျိုးလဲမရှိပေ။

အလွန်အကျွံတင်စားရမည်ဆိုပါကတော်ဝင်ဆန်တဲ့ ခြေလှမ်းမျိုးဟုပင်ဆိုရမည်။ မျက်နှာကိုတော့ သူ မမြင်လိုက်ရပေမယ့် နောက်ကျောနဲ့တင် ထိုလူမှာ ခန့်ခန့်ညားညားရှိကာ တော်ဝင်ဆန်တဲ့ အရှိန်အဝါမျိုး သူခံစားလိုက်ရသည်။

သူ ခုံဆီသို့ရောက်သည်နှင့် ထိုနို့ဘူးလေးအား ပဟေဠိဖြစ်စွာ ယူကြည့်လိုက်သည်။

မမှားပေ။ သူတွေ့ဖူးနေကြ လက်ရေး လက်သားနှင့် တူညီသောစာသား "ကျန်းဟောက်အတွက်" ဟူသော စတစ်နုတ် စာရွက်လေးက သူမြင်လိုက်သည်မှာ ဟုတ်မှန်ကြောင်း အမြင်လွဲမှားတာ မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။

ဆောင်းဟန်ဘင်းကလဲ အနားမှနေ၍ ကျန်းဟောက်၏ အမူအရာ အားလုံးကို ဂရုတစိုက်လိုက်ကြည့်နေပြီးနောက် ကျန်းဟောက်လက်ဆီမှ နို့ဘူးလေးဆီ အကြည့်ရောက်သွားသည်။

သူ ကျန်းဟောက်လက်ထဲမှ နို့ဘူးလေးကို ယူလိုက်ပြီး စတစ်နုတ်ထဲက စာလေးကို ဖတ်ကြည့်လိုက်သည်။

"ကျန်းဟောက် အတွက်?"

"အို့ မင်းတစ်ခါတည်းနဲ့ တန်းဖတ်နိုင်တယ်ပေါ့လေ"

စတစ်နုတ်ပေါ်မှ ဆိုးရွားလှတဲ့လက်ရေးကို ကြည့်ကာ ကျန်းဟောက်က အရွှန်းဖောက်လိုက်ပေမယ့် ဆောင်းဟန်ဘင်းက ဘယ်လိုတုံ့ပြန်မှုမျိုးမှ မပြုပေ။ သူ ကျန်းဟောက်ဘက်သို့လှည့်ကာ မေးလိုက်သည်။

"ဘယ်ကတည်းက ဒီလိုမျိုး ဖြစ်နေတာလဲ"

ကျန်းဟောက် ခနလောက်တော့ ပြန်စဉ်းစားလိုက်ပြီးနောက်

"အတိကျတော့ မမှတ်မိဘူး၊ နည်းနည်းတော့ ကြာပြီး၊ မင်း လစဉ်စစ်ဆေးမှုရှိလို့ မလာနိုင်ခင် ကတည်းက ထင်တယ်"

"အော်....."

ဆောင်းဟန်ဘင်း နို့ဘူးလေးကို ကျန်းဟောက် လက်ထဲ ပြန်ထည့်ပေးလိုက်ပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"ငါအစက ဒီတိုင်း အရှက်အကြောက် ကြီးတဲ့ ကျောင်းသူလေးတစ်ယောက် လို့ ထင်ထားခဲ့တာ၊ ယောကျ်ားလေး ဖြစ်နေလိမ့််မယ်လို့ မထင်ထားဘူး... ဟားး...ဟားး"

ကျန်းဟောက် ခြောက်ကပ်စွာ ရယ်ပြီး ပြောလိုက်သည်။

"နောက်ကျောလေးတွေ့လိုက်ရပေမယ့်၊ တော်တော်တော့ ခန့်ညားမဲ့ပုံဘဲ၊ ပြီးတော့ စီနီယာထဲကထင်တယ်"

"အင်း"

"မင်း သိတာလား"

ဒီတစ်ခါတော့ ဆောင်းဟန်ဘင်း ပြန်မဖြေတော့ဘဲ စာအုပ်တွေကို ထုတ်ရင်း ခေါင်းသာညိတ်ပြလာသည်။ ကျန်းဟောက်မှာ ထိုလူအား သိချင်စိတ်ဖြင့် စူစမ်းချင်ပေမယ့်လည်း ဆောင်းဟန်ဘင်း၏ အမူရာမှာ အနည်းငယ် အဆင်မပြေဖြစ်နေတာမို့ သူမမေးသင့်ဘူးဟု တွေးလိုက်သည်။

ထို့ကြောင့် သူ့စိတ်အာရုံအလုံးစုံက ဆောင်းဟန်ဘင်းဆီ ပြန်ရောက်သွားသည်။

"မင်း အဆင်ပြေရဲ့လား"

ထိုအခါ ဆောင်းဟန်ဘင်းက သူ့ဘက်လှည့်ကာ ပြုံးပြလာပြီး

"မင်းဘာလို့ အခုထိ စာအုပ်မထုတ် သေးတာလဲ"

"အို့!"

ထိုအခါမှ ကျန်းဟောက်လည်း သူစာကြည့်တိုက်ကို စာလုပ်ဖို့ရောက်နေမှန်း သတိရသွားကာ စာအုပ်ထုတ်တော့သည်။

သူတို့နှစ်ယောက်သား စကားမဆိုကြဘဲ စာကိုသာ အာရုံစိုက် လုပ်နေကြပေမယ့် ကျန်းဟောက် တစ်ခုခုကတော့ မူမမှန်ဘူးဟု ခံစားနေရသည်။

သူ ဆောင်းဟန်ဘင်းကို လှည့်ကြည့်လိုက်တော့လဲ ဆောင်းဟန်ဘင်းမှာ ပုံမှန်အတိုင်းပင် စာထဲအာရုံစိုက်လုပ်နေသည်။

"ဘာလို့ ကြည့်နေတာလဲ"

ဆောင်းဟန်ဘင်းက သူ့ဘက်လှည့်ကြည့်မလာလဲ မေးလိုက်တာကြောင့် ကျန်းဟောက် အောက်နှုတ်ခမ်းလေးကို အသာကိုက်လိုက်သည်။

"မင်း အဲ့ဒီလူကို သဘောမကျဘူးလား"

"မဟုတ်ပါဘူး"

ဆောင်းဟန်ဘင်းက လှည့်ကြည့်မလာဘဲ ကျန်းဟောက်မေးသည်ကို ပြန်ဖြေလိုက်သည်။ ထို့နောက် ကျန်းဟောက် တွေးဆဆဖြင့်

"ဒါပေမယ့် ငါဘာလို့ အဲ့ဒီလိုမျိုး ခံစားနေရတာလဲ"

"တကယ်တော့ စီနီယာက လူကောင်းပါ၊ သူက အနုပညာအလုပ်တချို့လုပ်နေပြီး၊ ပြီးတော့ ရုပ်ရှင်ကလပ်က၊ အဲ့ hyung က သရုပ်ဆောင်တာ တအားတော်တယ်"

ကျန်းဟောက် ခေါင်းလေး တညိတ်ညိတ်ဖြင့် နားထောင်းရင်း

"မင်းနဲ့သိတာလား"

"နည်းနည်း"

"ဒါပေမယ့် ငါဘာလို့ တစ်မျိုးကြီး ခံစားနေရပါလိမ့်"

ထိုစီနီယာနဲ့ပတ်သက်ပြီး ဆောင်းဟန် ဘင်းထံတွင် တစ်ခုခုတော့ ရှိလိမ့်မည်ဟု ခံစားနေရပေမယ့် ဘာဆိုတာကို ကျန်းဟောက်မတွေးတတ်ပေ။

"စိတ်ထင်လို့ပါ"

ကျန်းဟောက် ခေါင်းတညိတ်ညိတ်ဖြင့် ပြန်လှည့်သွားပြီး စာလုပ်နေလိုက်သည်။ ခနကြာတော့ သူပြန်လှည့်လာပြီး ဆောင်းဟန်ဘင်းရဲ့ ပုခုံးအား လက်နှင့် တို့ကာ

"ဒါနဲ့ သူက ဘာလို့ ငါ့ကို နို့ဘူးလေးတွေ နေ့တိုင်းလာပေးနေတာလဲ"

"ဘယ်သူသိမလဲ"

"အစကတော့ ငါ့ကို ပိုးပန်းနေတဲ့ ကျောင်းသူလေးလို့တွေးပေမယ့် အခု ယောကျ်ားလေးတစ်ယောက်ဖြစ်နေတော့ ငါနည်းနည်းတော့ စဉ်းစားရကြပ်သွားတယ်၊ သူက အဲ့လိုပုံစံမပေါ်ဘူးလေ"

ထိုအခါ ဆောင်းဟန်ဘင်း သက်ပြင်းချလိုက်ပြီး ကျန်းဟောက်ဘက်ကို လှည့်ကြည့်လာသည်။

"တကယ်တော့ သူက အဲ့လိုဘဲ"

ကျန်းဟောက်မှာ ရုတ်တရက်မို့ နားမလည်

"ဘယ်လို?"

"အဲ့စီနီယာက ယောကျ်ားလေးစိတ်ဝင်စားတာ"

"တကယ်ကြီး?"

ရုတ်တရက်မို့ ကျန်းဟောက်ရဲ့ အသံမှာ ကျယ်သွားတာမို့ အနီးနားမှ ခုံကလူများက သူတို့နှစ်ယောက်ကို ဝိုင်းကြည့်လာကြတာမို့ ကျန်းဟောက် အမူအရာလေးဖြင့် ပြန်တောင်းပန်လိုက်သည်။

"အင်း သူက ဒါကို မလျို့ဝှက်ထားဘူး၊ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ယောကျ်ားလေးတွေပါ သူ့ကိုပေါ်ပေါ်တင်တင် ချစ်ရေးဆိုလာကြပေမယ့် အကုန်ငြင်းလွှတ်ခဲ့တာ၊ ပြောရရင် မင်းက သူ လိုက်ဖူးတဲ့ ပထမဆုံးလူဘဲ"

"ငါက? ဘာလို့လဲ ဒီတိုင်း နို့ဘူးလေး ပေးတာကို"

ဆောင်းဟန်ဘင်းက သူ့ဘေးနားက မျက်လုံးတွေ ပြူးကျယ်လာပြီး ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေတဲ့ ကျန်းဟောက်ကို ကြည့်ရင်း သက်ပြင်းသာ ချလိုက်သည်။

"ပြီးတော့ ငါက အဲ့လိုလူမဟုတ်ဘူး၊ ငါ ယောကျ်ားလေးတွေကို မကြိုက်ဘူး"

ကျန်းဟောက်မှာ အသေချာကိုပင် ထိုစကားတို့ကို သူ့ကိုယ်သူ ကာကွယ်နေသည့်အလား အလျင်အမြန်ပြောလာခဲ့သည်။

ဆောင်းဟန်ဘင်းကလဲ သူ့ကို စေ့စေ့စပ်စပ်ကြည့်ရင်း

"ဒါဆို ဒီနေ့ကစပြီး သူပေးတဲ့ နို့ဘူးတွေကို မယူနဲ့တော့"

"အင်း မယူတော့ဘူး"

ကျန်းဟောက်ဘက်ကနေ ချက်ချင်းကြီး လက်ခံလိမ့်မယ်လို့ မထင်ထားတာကြောင့် အသက်တစ်ချက်အောင့်ထားပြီးတော့မှ ဆောင်းဟန်ဘင်းရဲ့မျက်နှာထက်တွင် အပြုံးလေးတစ်ပွင့်ပေါ်လာခဲ့သည်။

"ဒါနဲ့ မင်းဘာလို့ ငါမရှိတဲ့ချိန်မှာ စာကြည့်တိုက်ကို လာနေသေးတာလဲ"

မထင်မှတ်ထားတဲ့မေးခွန်းနဲ့ကြုံလိုက်ရတာမို့ ကျန်းဟောက်ပြောစရာ စကားပျောက်ရှသွားရသည်။

ဆောင်းဟန်ဘင်းနဲ့တွေ့ပြီးနောက်ပိုင်း သူအိမ်ကိုမပြန်ခင် ည ၈ နာရီထိ စာလုပ်လေ့ရှိသည်။ ထိုသို့မဟုတ်ပါက သင်တန်းရှိတဲ့နေ့မျိုးဆို ဆောင်းဟန်ဘင်းနဲ့ ဘတ်စ်ကား အတူစီးကာ အိမ်ပြန်ဖြစ်သည်။

ဆောင်းဟန်ဘင်း သူ့ကို အချိန်မပေးနိုင်ခဲ့တုန်းက အိမ်ကို အစောကြီးမပြန်ချင်ခဲ့ပေ။ ပြန်ဖြစ်ခဲ့ရင်လဲ အရင်နေ့တွေလို ဆောင်းဟန်ဘင်းက သူနဲ့ အတူမရှိနေတာကြောင့် သူ တစ်ယောက်တည်း ပြန်ခဲ့ရတာဖြစ်သည်။

ထို့ကြောင့် စာကြည့်တိုက်သို့သာ ပုံမှန်သွားနေခဲ့ပေမယ့် အာရုံစိုက်မရတာကြောင့် ဆောင်းဟန်ဘင်းရှိရာဆီသို့ တစ်ခါလိုက်သွားဖူးခဲ့သေးသည်။

အမှန်တိုင်း ဝန်ခံရပါလျှင် သူ အနည်းငယ် အထီးကျန်နေခဲ့တာဖြစ်သည်။ အသက်ရှင်လာတဲ့ တောက်လျှောက် တစ်ယောက်တည်း စာလုပ်နေရာမှ စာလုပ်ဖော်ရလာသည့်အခါမှာ တစ်ယောက်တည်းဆို ပျင်းတတ်လာသည်။ အတူတူဘတ်စ်ကားစီးနေရင်း အိမ်ပြန်နေရာမှ တစ်ယောက်တည်း ဖြစ်သွားတဲ့အခါ သူ့ရဲ့အိမ်ပြန်လမ်းက ခြောက်ကပ်လာသည်ဟု ခံစားရသည်။

ယခု ဆောင်းဟန်ဘင်းက သူ့အား အမေးရှိလာသည်။ သူအမှန်တိုင်း ဝန်ခံလိုက်ဖို့ရာမှာ အနည်းငယ်ရှက်စရာ ကောင်းလှသည်။ သူဘယ်ချိန်ကတည်းက ထိုကဲ့သို့ လူကပ်သွားတတ် မှန်း သူမသိပေ။ သူအမှန်အတိုင်းတော့ ဝန်မခံနိုင်ပေ။ ထို့ကြောင့် တစ်စုံတစ်ခုကို အလေးနက်ထား၍ တွေးတောလိုက်သည်။

"ငါ........."

ဆောင်းဟန်ဘင်းမှာလဲ အလျင်မလိုပါ။ ကျန်းဟောက်ပြောမည့် စကားကို ပြုံးကာကြည့်ရင်း စိတ်ရှည်ရှည်ဖြင့်သာ စောင့်နေလေသည်။

အချိန်တစ်ခုကုန်ပြီးနောက် ကျန်းဟောက် ယုံချင်စရာကောင်းတဲ့ ဆင်ခြင်တစ်ခုကို ရှာတွေ့ခဲ့သည်။

"အာ~ ငါစာကြည့်တိုက်ကို လာတာ စာအုပ်ရှာဖို့ပေါ့၊ ဟုတ်တယ်လေ၊ မဟုတ်ရင် ဘာလို့ဖြစ်ရမှာလဲ? ဟားးး ဟားးး ငါ ငှါးထားတဲ့စာအုပ်တောင် ပြန်အပ်ရဦးမှာ"

ဟုဆိုကာ လွယ်အိတ်ထဲမှ ကြုံရာစာအုပ်တစ်ခုကို ထုတ်ကာ စာကြည့်တိုက်မှူးရှိရာ ကောင်တာဘက်သို့သွားဖို့ ပြင်တော့သည်။ ထိုစာအုပ်မှာ ဂယူဘင်း အကြံပေးထားလို့ စာအုပ်ဆိုင်ကနေဝယ်ထားတဲ့စာအုပ်မှန်း ဆောင်းဟန်ဘင်း သိနေသည်။

ထိုအဖြေလေးတစ်ခုအတွက်နဲ့

အချိန်အတော်ယူလိုက်ရတဲ့ ကျန်းဟောက်မှာ ထ ထွက်ဖို့ လုပ်နေတာကြောင့် ကျန်းဟောက်ရဲ့ လက်ကောက်ဝတ်ကို သူလှမ်းဆွဲထားလိုက်သည်။

"ဟုတ်ပါပြီ၊ စာပြန်လုပ်ကြမလား? စာမေးပွဲက နီးလာပြီနော်"

ထိုအခါမှ ကျန်းဟောက်လဲ အင်တင်တင်ဖြင့် နေရာတွင်ပြန်ထိုင်ခါ စာအုပ်ထဲ ခေါင်းနှစ်ရင်း ခေါင်းကို တဗျင်းဗျင်းနဲ့ ကုတ်နေတော့သည်။

အချစ်ရေးနဲ့ပတ်သက်ပြီး ကျန်းဟောက်မှာ gender နဲ့ပတ်သက်ပြီး လက်မခံနိုင်တာမျိုးတော့မရှိပေမယ့် သူကိုယ်တိုင်ကတော့ အဖြောင့်တစ်ယောက်ပင်ဖြစ်သည်။ လိင်စိတ်တိမ်းညွတ်မှုက ဥပဒေ ချိုးဖောက်နေတာမျိုးမဟုတ်တာကြောင့် ဒါနဲ့ပတ်သက်ပြီး သူ ရှုံ့ချနေမှာမဟုတ်ပေမယ့် သူ့ကို ဂေးတစ်ယောက်လို့ ပြောလာသည်ကိုတော့ သူလက်မခံနိုင်ပေ။ ဂေးတွေလဲ လူတွေထဲက လူတွေဘဲမို့ဆိုပေမယ့် သူ့ကို ထိပါးလာမှာမျိုးကိုတော့ သူမလိုချင်ပါ။

ဆောင်းဟန်ဘင်းပြောသလိုပင် နို့ဘူးလေးတွေ ပေးနေသူမှာ ယောကျ်ားတစ်ယောက်မှန်း သိပြီးနောက်ပိုင်း သူ ထိုနို့ဘူးလေးတွေကို လက်မခံတော့ပေ။ ရက်အနည်းငယ်ကြာလာတော့ ဘယ်သူက ထင်လိမ့်မလဲ ထိုစီနီယာက သူ့မျက်စိရှေ့တည့်တည့်သို့ ရောက်လာလိမ့်မည်ဟု။

တစ်နေ့ သူအတန်းထဲရှိနေတုန်း သူ့ကို လာရှာတဲ့သူရှိကြောင်း အော်ပြောလာတာမို့ အတန်းရှေ့ထွက်တွေ့လိုက်ရာ ထိုစီနီယာဖြစ်နေခဲ့သည်။

သူတွေးထင်ထားသလိုပင်။ မျက်နှာကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာကြောင့် ထိုချောမောလှတဲ့ မျက်နှာကို ကျန်းဟောက် မငေးဘဲနဲ့တော့ တကယ် မနေနိုင်ခဲ့ပါ။ နောက်ကျောလေးဘဲ မြင်ကာ သူမှန်းဆ တွေးထင်ခဲ့သလိုပင် ထိုစီနီယာထံတွင် တော်ဝင်ဆန်ကာ တည်ကြည်ခန့်ညားတဲ့ မျက်နှာမျိုး ပိုင်ဆိုင်ထားသည်။

သူရောက်လာသည်နှင့် ထိုစီနီယာက လက်ကို ဆန့်တန်းပေးကာ နှုတ်ဆက်လာသည်။

"Hyung က ကင်ဂျီအွန်းပါ၊ တတိယနှစ်"

ကျန်းဟောက် ထိုကမ်းပေးလာတဲ့ လက်ကို ကြည့်လိုက်ပြီးနောက်

"ကျွန်တော် မသိတဲ့လူနဲ့ အသားချင်းမထိဘူး"

ထိုအခါ စီနီယာက သဘာဝကျစွာ ပြန်ပြုံးလာပြီး ဘာမှမဖြစ်ခဲ့သလိုပင် သူ့လက်ကို ပြန်ရုတ်သွားသည်။

"Hyung ကတော့ မင်းကိုသိတယ်၊ ကျောင်း စ ဖွင့်တုန်းက ကလပ်ထဲဝင်ဖို့ ခေါင်းဆောင်နဲ့ လာစည်းရုံးခိုင်းလိုက်သေးတယ်၊ ဒါပေမယ့် သူက ကောင်းကောင်း မလုပ်ခဲ့ဘူးနဲ့တူပါတယ်"

သူ့ကိုအရင်က ကလပ်ပေါင်းစုံက လာကမ်းလှမ်းဖူးကြောင်း ပြန်သတိရသွားတာကြောင့် ကျန်းဟောက် ခေါင်းညိတ်ပြလိုက်ပြီး ရိုးရိုးသားသားသာ ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ မသိဘူး"

ကျန်းဟောက် ပြန်ဖြေလိုက်တဲ့စကားကြောင့် ထိုလူက ပြုံးကာ မျက်ခုံးတစ်ဖက်တွန့်သွားသည်မှာ တစ်ဖက်လူကို ဆွဲဆောင်နေသလိုပင်။ သူ့ရှေ့က ဂျူနီယာလေးမှာ မသိတဲ့လူမို့ အသားချင်းမထိပါဘူးပြောပေမယ့် သူက ရုပ်ရှင်ကလပ် ကမှန်းတော့ သိနေပုံရသည်။

"ဟုတ်ပါပြီး....."

"ဘာလို့ ကျွန်တော်နဲ့ တွေ့ချင်တာလဲ"

"မင်း ဒီနောက်ပိုင်း နို့ဘူးတွေ မယူတော့ဘူး"

"Hyung ပေးနေတာမှန်း မသိခဲ့လို့ပါ"

ကျန်းဟောက်မှာ စကားကို တည့်တိုးသာ ပြောတတ်သူဖြစ်တာကြောင့် သူတစ်ဖက်လူကို နည်းနည်းမှ အားနာမှု မရှိပေ။

"Hyung က မင်းနဲ့ရင်းနှီးချင်လို့ပါ"

"အဲ့ဒါအတွက်နဲ့တော့ နို့ဗူးတွေပေးနေစရာမလိုဘူးမလား? ပြီးတော့ ကျွန်တော် ကလပ်ထဲလဲ ဝင်မှာမဟုတ်ဘူး"

စီနီယာမှာ ကျန်းဟောက်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်ပုံကို သဘောကျစွာ တစ်ခနလောက် ရယ်လိုက်ပြီးနောက်

"မင်းကို ကလပ်ထဲ ဝင်ဖို့ ဆွယ်နေတာမဟုတ်ရပါဘူး"

"ဒါဆို ဘာလို့လဲ? ကျွန်တော့်ကို သဘောကျလို့?"

ကင်ဂျီအွန်း နောက်တစ်ကြိမ်ထပ်ရယ်လိုက်ပြီး

"မင်းက စိတ်ဝင်စားဖို့ ကောင်းသားဘဲ၊ အဲ့ဒါကြောင့်လဲ ရင်းနှီးချင်တာပါ"

"ကျွန်တော် ယောကျ်ားလေး စိတ်မဝင်စားဘူး"

"အို့.... Hyung က မင်းကို တွဲပေးပါလို့ မပြောမိပါဘူး"

ဒီလူက ကိုင်တွယ်ရမလွယ်ကူမှန်း ကျန်းဟောက် သတိထားမိသွားသည်။ တစ်ဖက်မှာ သူ့ဘက်က စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြနေပေမယ့်လဲ ထိုစီနီယာဖြစ်သူမှာ အပြုံးမပျက်ဘဲ သူ့ကို ချောင်ပိတ်ဖမ်းနိုင်နေ သည်။

ဘယ်လိုဖြစ်ဖြစ် သူတစ်ခုခုတော့ ပြန်ပြောနိုင်မှကိုဖြစ်မည်။ ဒီတိုင်းတော့ သူချောင်ပိတ်ပြီး အဖမ်းမခံနိုင်ပေ။

"ကျွန်တော်-"

"ခင်ဗျားက ကျန်းဟောက်နဲ့ ဘာကိစ္စရှိလို့လဲ"

အသံလာရာဘက်လှည့်ကြည့်လိုက် တော့ မျက်မှောင်ကြုတ်ကာ သူတို့ဘက်ကို လျှောက်လာနေတဲ့ ဂယူဘင်းနှင့် အနားတွင် ဆောင်းဟန်ဘင်းပါ ပါလာသည်ကို တွေ့လိုက်ရသည်။

ဂယူဘင်းက ရန်လိုနေပေမယ့် ဆောင်းဟန်ဘင်းမှာတော့ ပုံမှန်အတိုင်းပင် နှုတ်ဆက်လာသည်။

"မင်္ဂလာပါ စီနီယာ"

ပြီးနောက် သူ ကျန်းဟောက် အနားသို့ ရောက်လာပြီး

"ဗိုက်ဆာနေပြီလား"

ကျန်းဟောက် ဗိုက်ကို လက်ဖြင့်ပွတ်ကာ ဆောင်းဟန်ဘင်းကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် ချွဲချင်နေသလိုပင်။

"ဘာလို့ ကြာနေကြတာလဲ"

"သန့်စင်ခန်း ခနဝင်နေလို့ပါ၊ ဂယူဘင်းနဲ့တွေ့တော့ သူနဲ့တစ်ခါတည်း လာလိုက်တာ"

ပြီးနောက် ဆောင်းဟန်ဘင်းမှာ ကင်ဂျီအွန်းဘက်လှည့်ကာ ပြုံးရင်း

"စီနီယာ ကျွန်တော်တို့ သွားနှင့်ပါဦးမယ်"

ပြီးနောက် ကျန်းဟောက် ကျောပေါ် လက်လေး အသာတင်ကာ နေရာမှ လှည့်ထွက်လာပြီး အခန်းထဲတွင် စောင့်နေတဲ့ မတ်သရူးနဲ့ Ricky အား လက်ဟန်ပြကာ နေ့လည်စာ အတူသွားစားဖို့ ခေါ်လိုက်ပြီး သူတို့နှစ်ယောက်မှာ ရှေ့က အမြန်သွားလိုက်သည်။

ကျန်ခဲ့တဲ့ ဂယူဘင်းမှာ မတ်သရူးတို့အား စောင့်နေရင်း

"ခင်ဗျား ကျန်းဟောက်နဲ့ဝေးဝေးနေ၊ ဘာရည်ရွယ်ချက်နဲ့မှ အနားကပ်ဖို့ မစဉ်းစားနဲ့"

ကင်ဂျီအွန်းရဲ့ အပြုံးမှာ ပျောက်ကွယ်မသွားပေ။

"ဘယ်အချိန်ထိ ရန်လိုနေဦးမှာလဲ၊ သေချာပြန်စဉ်းစားကြည့်ရင် hyung အမှားလုပ်ထားတာ တစ်ခုမှမရှိဘူး"

"————"

"ဂယူဘင်း!"

မတ်သရူးက သွားနှင့်ပြီဖြစ်ကာ သူ့ကို စောင့်နေသူမှာ Ricky ဖြစ်သည်။ Ricky ထံတွင် ဘယ်လိုမျက်နှာအမူအရာမျိုးမှမတွေ့ရဘဲ ပုံမှန်အတိုင်းသာ ဂယူဘင်းအား ကြည့်နေခဲ့သည်။

"သွားရအောင်"

ထို့ကြောင့် ဂယူဘင်းမှာ ကင်ဂျီအွန်းအပေါ် ဒေါသမထွက်နိုင်တော့ဘဲ Ricky ဆီသို့သာ သွားလိုက်ပြီး ဆောင်းဟန်ဘင်းတို့နောက် လိုက်သွားတော့သည်။

==========

Tbc............

15 December, 2024

စာမေးပွဲလဲပြီးပြီး

Placement test ရှိတာလဲ ဖြေပြီးပြီး

ဆိုတော့ အပိုင်း အသစ်လေး လာပါပြီနော်

တကယ်က ကိုယ် ကင်ဂျီအွန်းလား ကင်ဂျီဝွန်းလား မသဲကွဲဘူးဖြစ်နေတာ

အ့ကြောင့် တကယ်လို့ မှားနေခဲ့တယ်ဆိုရင် နားလည်ပေးပါနော် 🥺

အမှန်လဲပြင်ပေးကြပါနော်