Chapter 16: အပိုင်း (၁၅) birthday present

My other halfWords: 34196

စံတော်ချိန်မှာ ည ၁၁ နာရီ ၃၈ မိနစ် ရှိပြီးဖြစ်သည်။ သို့ပေမယ့် ကျန်းဟောက် တစ်ယောက် အားသွင်းကြိုးတန်းလန်းဖြင့် online shopping app တစ်ခုပြီး တစ်ခု ဝင်ကြည့်ကာ အလုပ်ရှုပ်နေသည်။

အိုက်စပ်စပ် ညလယ်တွင် အခန်းတွင်းရှိ အဲကွန်းမှာ အအေးဓာတ် အတော်တန်ပေးနိုင်ပေမယ့် ကျန်းဟောက်မှာ အေးလွယ်သူဖြစ်တာကြောင့် စောင်ခြုံထားကာ နံပါတ်ကို 25 အောက်သို့ မချရဲပေ။ သို့ပေမယ့်လဲ ပူအိုက်လာသလို ခံစားလာရတာကြောင့် ခြေထောက် တစ်ဖက်ကို အပြင်ထုတ်ထားလိုက်တော့မှ နေရတာ အနည်းငယ် သက်သောင့်သက်သာ ရှိသွားတော့သည်။

သူ အချိန်ယူကာ စဉ်းစားနေပေမယ့် ဆောင်းဟန်ဘင်းအား မွေးနေ့လက် ဆောင် ဘာပေးရမလဲဆိုတာကို ယခုချိန်ထိ မဆုံးဖြတ်နိုင်သေးပေ။

ယောကျ်ားလေး သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးရသည်မှာ ဤမျှခက်ခဲမှန်း ကျန်းဟောက် ယခုမှ သိတာဖြစ်သည်။ လွယ်လွယ်ကူကူ အဝတ်စား ဝယ်ပေးလိုက်မည်ဟု တွေးမိပေမယ့် ပြီးစလွယ်နိုင်လှသည်ဟု ခံစားနေရပြန်သည်။ sneaker ကောင်းကောင်းတစ်ရံ ဝယ်ပေးမည်ဆိုတော့လဲ size ကို သူမသိ။ သွားမေးတာမျိုးမလုပ်ချင်တာကြောင့် ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။

နာရီဆိုပြန်တော့လဲ ရိုမန့်တစ်ဆန်ကာ over ဖြစ်လွန်းနေမလားဟု တစ်ယောက်တည်း အတွေးလွန်ကာ မဝယ်ပေးချင်ပြန်ပေ။

ရိုးရိုးရှင်းရှင်းနှင့် ဒီဇိုင်းဆန်းတဲ့ unisex hat လေးတွေ တွေ့ပြန်တော့လဲ သဘောကျသွားရကာ cart ထဲ ထည့်ပြီးမှ ဆောင်းဟန်ဘင်းမှာ ကျောင်းနှင့် အဆောင်တွင် အများဆုံးရှိနေတာဖြစ်ပြီး သူ့လက်ဆောင်လေးအား သုံးမည့် အချိန်မရှိပေ။ သုံးခဲ့ရင်တောင် သူ တွေ့ရမည်မဟုတ်။

ကျန်းဟောက် ခက်ခက်ခဲခဲတွေးနေပေမယ့် လက်ဆောင်အတွက် ပစ္စည်းတစ်ခုခုကို သူမရွေးနိုင်သေးပေ။ သူပေးချင်သည့်အရာမျိုးမှာ အသုံးလဲဝင်ရမည်။ နေ့စဉ်နေ့တိုင်းသုံး၍ရနေရင် ပိုကောင်းသည်။ အရမ်းကြီးလဲ မထင်ပေါ်သလို တအား အပေါစားဆန်နေလို့လဲ မရပေ။ ပြီးနောက် သူ့လက်ဆောင်ကို ဆောင်းဟန်ဘင်း ကောင်းကောင်း သုံးနေပါသည်ဆိုတာကိုလဲ သူမြင်ချင်သေးသည်။

ဆောင်းဟန်ဘင်းမှာ ထိပ်တန်းကျောင်းသားဖြစ်ကာ အကသမားတစ်ယောက် လဲ ဖြစ်တာမို့ ကိုယ်လက်လှုပ်ရှား အလွန်လုပ်ရသည်။

ဖြည့်စွက်စာနဲ့ ဗီတာမင်တချို့ ဝယ်ပေးလိုက်ရမလား?

ထိုသို့တွေးပြီးသည်နှင့် ကိုယ့်ခေါင်း ကိုယ်ပြန်ထုကာ ထိုအတွေးအား အဝေးသို့ လွင့်ထွက်သွားအောင် ခါထုတ်ပစ်လိုက်သည်။

ဘယ်လိုတောင် ဆိုးရွားတဲ့အကြံမျိုးပါလိမ့်? ကျန်းမာရေးအတွက် ဖြည့်စွက် စာနဲ့ ဗီတာမင်တချို့ ဝယ်ပေးဖို့ တွေးရအောင် ဆောင်းဟန်ဘင်းက ဒီနှစ်မှ ၁၇ နှစ်ပြည့်မှာ ဖြစ်သည်။

သို့မဟုတ်ပါက သူတို့တွေမှာလိုမျိုး စာအိတ်နီကြီးကြီး တစ်အိတ်ပေးလိုက် ရမလားဟု တွေးမိပြန်ပါသည်။

စာအိတ်နီကတော့ ပေးရမှာပင်။

ထို့နောက် app မှတစ်ဆင့် ဖောင်တိန် အကောင်းစားတစ်ချောင်းကို ရှာလိုက်ပြန်သည်။ ဖောင်တိန်ဆိုပါက ဆောင်းဟန်ဘင်း အမြဲတစေသုံးနိုင်သလို သူ့လက်ဆောင်လေးက ကောင်းကောင်း အသုံးဝင်နေသည်ကိုလဲ သူ့မျက်စိရှေ့မှာ တွေ့နိုင်သည်ပေ။

ထို့ကြောင့် ရှာတွေ့သည်နှင့် အော်ဒါတန်း တင်လိုက်သည်။ ငွေချေခါနီးမှ ဒါတော့ မဟုတ်သေးဘူးဟုတွေးကာ တင်ထားသည့် order အား cancel လိုက်ပြန်သည်။

ညနက်ကြီး သူတစ်ယောက်ထဲ online shopping app ထဲမွှေကာ cart ထဲထည့်လိုက် order တင်ပြီးမှ ပြန် cancel လိုက်ဖြင့် မဆုံးနိုင်သော သံသရာထဲ လည်နေတော့သည်။

ထိုသို့ဖြစ်နေသည်မှာ နောက်တစ်နေ့ ကျောင်းသို့ရောက်သည့်အထိပင်။

စာသင်ချိန်မှ လွဲ၍ ကျန်အချိန်များမှာ ကျန်းဟောက်အား ဖုန်းကိုသာ သဲကြီးမဲကြီး စူးစိုက်ကြည့်နေသည်ကို တွေ့ရမည် ဖြစ်သည်။

"လူလဲ ဖုန်းထဲ ဝင်သွားပါဦးမယ်၊ ဘာတွေအဲ့လောက် ကြည့်နေတာလဲ"

"အာ့!!"

အနောက်ကနေ ရုတ်တရက်ပေါ်လာတဲ့ ဂယူဘင်ကြောင့် လန့်ဖျန့်ကာ ဖုန်းကိုကမန်းကတန်း ပိတ်လိုက်ပြီးနောက် စားပွဲခုံအောက်ရှိ အံဆွဲထဲသို့ ပစ်ထည့်လိုက်လေသည်။

"လန့်သေတော့မှာဘဲ၊ အသံလေး ဘာလေးပေးမှပေါ့"

"မင်းကိုက ပတ်ဝန်းကျင်ကို အာရုံမစိုက်တာ၊ ဘာတွေအဲ့လောက် စိတ်ဝင်စားဖို့ကောင်းနေလို့လဲ? ငါသာ မခေါ်လိုက်ရင် မင်း ဖုန်းထဲပါ ဝင်သွားတော့မှာ"

ကျန်းဟောက်မှာ အမှန်တစ်ကယ်ကို စိတ်မရှည်တော့တာကြောင့် သေချာပေါက်ကို ဖုန်းထဲ ကိုယ်တိုင်ကိုယ်ကျ ဝင်သွားလိုက်ချင်တာ ဖြစ်သည်။

ကိုယ်တိုင်ကိုယ်ကျ?

ဟုတ်သားဘဲ! အပြင်မှာ သွားရှာလို့ ရတာဘဲ။ ဘာလို့ ဒီအကြံကို အစောကြီးကတည်းက မတွေးမိခဲ့တာပါလိမ့်?

ဖုန်းထဲကတစ်ဆင့်တွေ့ရတဲ့ ပစ္စည်းပုံစံများထက် အပြင်မှာရွေးရတာက ပို၍ detail ကျသလို ဟိုဟို ဒီဒီလျှောက်ကြည့်ရင်း ရွေးချယ်စရာလဲပိုများတာမို့ သူသိပ်ပြီးတော့ ခေါင်းစားစရာ မလိုပေ။

"ဘာလို့ အစကတည်းက မစဉ်းစားမိရတာလဲ"

ကျန်းဟောက် တီးတိုးရေရွတ်လိုက်ပြီးနောက် shopping app ထဲမှ ထွက်ကာ google map တွင် ရှော့ပင်းမောတွေရဲ့ location ကို ရှာကြည့်လိုက်သည်။

ပြီးနောက် taxi ကို သူ ကျောင်းဆင်းမယ့် အချိန်အား အိုင်လိုင်းကနေ ကြိုတင်၍ ချိန်းထားလိုက်သည်။

Taxi က ကျောင်းရှေ့ရောက်နေပြီးဟု ဖုန်းကတဆင့် noti ရတဲ့အခါ ကျန်းဟောက်မှာ သိမ်းစရာရှိသည့် စာအုပ်များကို အလျင်အမြန်သိမ်းပြီး စာသင်ခန်းထဲမှ ပြေးထွက်လာလိုက်သည်။

ညနေ ကျောင်းဆင်းသည်နှင့် စာအုပ်တွေကို အလျင်အမြန်သိမ်းကာ အလျင်စလိုထွက်သွားတဲ့ ကျန်းဟောက်ကို ကြည့်ရင်း မတ်သရူးတို့ သုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိကြသည်။

ဒီနေ့တော့ သူ ဆောင်းဟန်ဘင်းနှင့် စာအတူမလုပ်နိုင်တော့ပေ။ ထို့ကြောင့် အပြေးတစ်ပိုင်းဖြင့် ကျောင်းဂိတ်ဝ သို့ရောက်သည်နှင့် taxi ကိုရှာကာ ဝင်ထိုင်လိုက်ပြီးမှ ဆောင်းဟန်ဘင်းအား စာပို့ရန် ဖုန်းကို ထုတ်လိုက်ချိန်မှာ ဆောင်းဟန်ဘင်းက လွန်ခဲ့တဲ့ ၄ မိနစ်က စာအရင်ပို့ထားနှင့်သည်ကို တွေ့လိုက်ရသည်။

Shanbin : မတ်သရူးက မင်းအရင် ထွက်သွားနှင့်ပြီးလို့ပြောတယ်

Shanbin : ဘယ်မှာလဲ?

Zhalways: ငါ ဒီနေ့ ကိစ္စရှိလို့

Zhalways : sry 🥺

သူစာပို့လိုက်သည်နှင့် ဆောင်းဟန်ဘင်းမှာ ချက်ချင်းစာပြန်လာခဲ့သည်။

Shanbin : တစ်ခုခုဖြစ်လို့လား?

အကူညီ လိုရင် ပြောလို့ရတယ်

မင်းအတွက် လက်ဆောင်သွားဝယ်တယ်နော်လို့ ပြောရမှာ ရှက်ဖို့လဲကောင်းသလို ဘယ်သူကရော ဒီလိုမျိုး ထုတ်ပြောကြလို့လဲ? ထို့ကြောင့် ကျန်းဟောက် တခြား အကြောင်းပြချက်တစ်ခုသာ ပေးလိုက်သည်။

ဖုန်းကိုကြည့်ရင်း ဆောင်းဟန်ဘင်းမှာ မျက်မှောင်ကြုတ်နေတာကြောင့် ဂယူဘင်က နားနားတွင် လက်ဖျောက်တီးလိုက်ကာ ခေါ်လိုက်သည်။

"ဘာဖြစ်?"

"ကျန်းဟောက်က ကိစ္စရှိလို့ အရင်သွားနှင့်တာ ထင်တယ်၊ သူဘာဖြစ်တာလဲ မင်းတို့ သိလား?"

"တစ်နေ့လုံးတော့ ဖုန်းဘဲကြည့်နေတာ ကျောင်းဆင်းတော့လဲ ကမန်းကတန်း ထွက်သွားတာ မေးချိန်တောင် မရလိုက်ဘူး"

"စာသင်ချိန်ကြီး ဖုန်းသုံးနေတာ? အဆူမခံရဘူးလား"

"သူက ငါမှ မဟုတ်တာ၊ စာသင်ချိန်တော့ ဘယ်သုံးမလဲ"

ထိုအခါ မတ်သရူးက ခေါင်းလှည့်လာပြီး ပြောလိုက်သည်။

"တကယ်တော့ သူ ရူပချိန်မှာတစ်ခါ၊ English အချိန်မှာ တစ်ခါ ဖုန်းထုတ်သုံးတယ်"

ဂယူဘင်မှာ မယုံနိုင်စွာဖြင့် ကြည့်လာသည်။ အဘယ့်ကြောင့်ဆို သူ့မှာ တစ်ချိန်လုံး ဖမ်းခံထိနေတာကြောင့် ဖြစ်သည်။

"ဝါးးးးး တကယ်ကြီး?!!! ကျန်းဟောက်က စာသင်ချိန်ကြီး ဖုန်းခိုးသုံးတယ်ပေါ့လေ၊ ဒါနဲ့ သူက အရင်က အဲ့လိုမဟုတ်ပါဘူး၊ ဒီနေ့ ထူးထူးဆန်းဆန်းကို ဖုန်းဘဲထိုင်သုံးနေတာ"

ထိုအခါ Ricky ရဲ့ နှုတ်ခမ်းထောင့်လေးက အပေါ်သို့ ကွေးညွှန့်တက်သွားပြီး

"Online dating များလား? အခုတလော အဲ့ဟာက ရေပန်းစားနေတယ်လေ"

Ricky ရဲ့စကားအဆုံး၌ သုံးယောက်သား လှည့်ကြည့်လာပြီး ခြေလှမ်းတွေရပ်တန့်သွားကာ ငြိမ်သက်သွားရသည်။

အရင်ဆုံး တုံ့ပြန်လာသူမှာ မတ်သရူး ဖြစ်သည်။

"မဖြစ်နိုင်တာ၊ ဂျန်ယူရီကိုတောင် ငိုအောင် လုပ်ထားတဲ့ကျန်းဟောက်က အွန်လိုင်းမှာတွေ့တဲ့ မယုံရတဲ့ မိန်းကလေးတစ်ယောက်ကို သွားဒိတ်ပါ့မလား"

ထိုအကြောင်းကို မသိသေးတဲ့ ဂယူဘင်မှာ စပ်စပ်စုစုဖြင့် မေးလာတာကြောင့် မတ်သရူးက ထိုနေ့ကအကြောင်းကို ပြန်၍ ဖောက်သည်ချရပြန်တော့သည်။

Taxi က သူ့ကို ရှော့ပင်းမောတစ်ခုရှေ့ ချပေးလာသည့်အခါ ကျသင့်ငွေကိုရှင်း ပြီး ရှော့ပင်းမောထဲသို့ ခပ်သွက်သွက် ဝင်လာခဲ့သည်။ ပိတ်ရက်မဟုတ်ပါသည့်တိုင် ရှော့ပင်းမောထဲ လူများစည်ကားလို့နေသည်။ သူ့လိုပင် တခြားကျောင်းက ယူနီဖောင်းများဖြင့် ကျောင်းသား ကျောင်းသူ တစ်စု နှစ်စုကိုလဲ တွေ့ရတတ်သည်။

ကျန်းဟောက်မှာ တစ်ယောက်တည်း ဟိုဟို ဒီဒီလိုက်ကြည့်ရင်း တစ်ထပ်ချင်းစီ တက်လာလိုက်သည်။ ဆောင်းဟန်ဘင်းအတွက် မွေးနေ့လက်ဆောင် လာဝယ်ပေမယ့် ကိုးရီးယားကို ရောက်ကတည်းက အခုချိန်ထိ ဒီတစ်ခါဘဲ အပြင်ထွက်ဖြစ်တာကြောင့် သူ့စိတ်ကို လှုပ်ရှားစေသည့် ပစ္စည်းတိုင်းကို ဝယ်ပစ်နေမိသည်။ လက်ထဲတွင် အိတ်ကြီး အိတ်ငယ် ၄ ခု ၅ ခုလောက် ဖြစ်လာမှ လာရင်းအကြောင်းရင်းကို ပြန်သတိရကာ ဆောင်းဟန်ဘင်းအတွက် လက်ဆောင်အား ပြန်ရှာရသည်။

တတိယမြောက်အထပ်သို့ရောက်သည့် အခါ jewelry ဆိုင်အားတွေ့လိုက်ရတာကြောင့် ဝင်ကြည့်ဖို့တွေးလိုက်သည်။

သူ ဝင်သွားသည်နှင့် အရောင်းဝန်ထမ်းမှာ ပျူငှါစွာ ပြုံးပြကာ သူ့အားကြိုဆိုလေသည်။

"မင်္ဂလာပါ၊ လက်ဆောင်ပေးဖို့လား ကိုယ်တိုင်ဝတ်မလို့လား"

ကျန်းဟောက် ပြန်ပြုံးပြလိုက်ကာ ခေါင်းအသာညိတ်ပြလိုက်ပြီးနောက်

"လက်ဆောင်ပေးမလို့ပါ"

"ကောင်မလေးအတွက်လား"

"မဟုတ်ပါဘူး၊ သူငယ်ချင်းအတွက်ပါ"

ထို့နောက် အရောင်းဝန်ထမ်းမှာ အဓိပ္ပာယ်ပါသည့် အပြုံးမျိုးပြုံးကာ

"အဲ့ဒါဆို အခုခေတ် မိန်းကလေးတွေကြားထဲ လူကြိုက်များနေတဲ့ ဒီဇိုင်းလေးထဲက ပြပေးမယ်နော်၊ ဒီလက်စွပ်လေးတွေဆိုရင် fancy အနေနဲ့ ဝတ်လဲ အဆင်ပြေတယ်၊ အရမ်းကြီးပြီး ထည်တာမျိုးမဟုတ်တော့ ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးဘဲ၊ ကောင်မလေးရဲ့ လက်အတိုင်းကိုရော သိလား? မသိဘူးဆိုရင်-"

အရောင်းဝန်ထမ်းအမကြီးမှာ အရမ်း အလုပ်ကြိုးစားနေတာပင်၊ သို့ပေမယ့် ကျန်းဟောက် လိုရင်းမရောက်ဘူးဟု ခံစားလိုက်ရတာကြောင့် စကားကို ဖြတ်မပြောဘဲ မနေနိုင်တော့ပေ။

"ကောင်မလေးမဟုတ်ပါဘူး"

သူ့အပြောကြောင့် အရောင်းဝန်ထမ်းမှာလဲ စကားရပ်သွားရသည်။

"သူငယ်ချင်းအတွက်ပါ"

".........."

"ပြီးတော့ သူက ယောကျ်ားလေး"

ထိုအခါ အရောင်းဝန်ထမ်းမလေးက ပြန်ပြုံးပြရင်း ခုနက ထုတ်ပြထားတဲ့ လက်စွပ်လေးတွေအား ပြန်သိမ်းရင်း မေးလာခဲ့သည်။

"အော်..... စဉ်းစားထားတဲ့အရာများရှိလား၊ ဒါမှမဟုတ် အမ ပြပေးရမလား"

"အမဘဲ ပြကြည့်ပေးပါ"

ထိုအခါ အရောင်းဝန်ထမ်းက ယောကျ်ားဝတ်ဒီဇိုင်းထဲက လက်စွပ်တွေအား ထုတ်ပြလာသည်။

ယောကျ်ားဝတ်ဆိုသည့်အတိုင်း တချို့ လက်စွပ်များမှာ ခပ်ကြီးကြီးတွေဖြစ်၍ fashion ပေါ်မူတည်ပြီး ဝတ်ရင်တော့ လိုက်ဖက်မှုရှိပေမယ့် အမြဲတစေဝတ်ထားလို့ အဆင်မပြေတာကြောင့် ကျန်းဟောက် သိပ်သဘောမကျပေ။ ထို့နောက်အရေးကြီးသည့် အဓိက အချက်မှာ သူ ဆောင်းဟန်ဘင်းရဲ့ လက်အတိုင်းကို မသိတာပင်။

ထိုကြောင့် အရောင်းဝန်ထမ်းအား တခြားဟာတွေထဲက ပြပေးဖို့ပြောလိုက်သည်။

"ပြီးတော့ တအားကြီးတာမျိုးမဟုတ်ဘဲ သေးသေးလေးတွေဘဲ ပြပေးလို့ရမလား"

အရောင်းဝန်ထမ်းမလေးက နားလည်ပြီးဟု ဆိုကာ ဒီဇိုင်းတွေ ထုတ်ပြဖို့ရှာနေတုန်း ကျန်းဟောက် ဆိုင်ခန်းတစ်ဝိုက်ကို လိုက်ကြည့်နေစဉ် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။

ထိုအရာမှာ လည်ဆွဲလေးဖြစ်သည်။ ကြိုးမှာလဲ ကျားဝတ် ချိန်းကြိုးပုံစံတွေလို အရမ်းမကြီးသလို pendant ရဲ့ ဒီဇိုင်းမှာလဲ ရိုးရှင်းကာ ကျား မ မရွေး ဝတ်လို့ရနိုင်သည့် unisex ပုံစံမျိုး ဖြစ်သည်။ ထို့ကြောင့် သူ အရောင်းဝန်ထမ်းကို ထိုဆွဲကြိုးလေးအား ပြခိုင်းလိုက်သည်။

"ဒီကကျောင်းသားလေးက မြင်တတ်သားဘဲ"

"ဘေးက တစ်ခုပါ ပြပေးနော်"

ထို့နောက် သူ ထိုဆွဲကြိုးလေး နှစ်ခုအား အနီးကပ်ကြည့်လိုက်မိသည့်အခါ ပိုသဘောကျသွားရသည်။ တစ်ခုမှာ ကြယ်ပုံစံ pendant လေးဖြစ်ပြီး၊ ကျန်တစ်ခုမှာ infinity sign ကိုမှာ အလိမ်ဒီဇိုင်းလေးနဲ့ဖြစ်သည်။

ကျန်းဟောက် တစ်ခနလောက်အချိန်ယူ တွေးလိုက်ပြီးနောက် သူ့အာရုံကို ပထမဆုံးဖမ်းစားသွားနိုင်တဲ့ Star of David pendant လေးကိုသာ ယူဖို့ ဆုံးဖြတ်လိုက်သည်။

"ဒါလေးကို ထုတ်ပေးပါ၊ ကတ်နဲ့ဘဲ ရှင်းပါမယ်"

ထို့နောက် သူ ကတ်ကိုထုတ်ပေးလိုက်သည်။

ကျန်းဟောက် ထုတ်ပေးသည့်ကတ်ကို ကြည့်ရင်း အရောင်းဝန်ထမ်းမလေးမှာ ဒီခေတ်ကလေးတွေ တအားပိုက်ဆံသုံးနိုင်လွန်းသည်ဟု တွေးလိုက်ပေမယ့် သူမက ပရော်ဖက်ရှင်နယ်ဆန်သူမို့ မျက်နှာတွင်တော့ ဘာအမူအရာမှမပြပေ။

အဘယ်ကြောင့်ဆိုသော် ထိုကျောင်းသားလေးမှာ ဆိုင်ထဲဝင်လာကတည်းက စျေးနှုန်းအကြောင်းတစ်ခွန်းမှမပြောဘဲ သူလိုချင်တဲ့ ဒီဇိုင်းကိုသာ တန်းယူသွားတာမို့ ဖြစ်သည်။ Star of David pendant နဲ့ necklace မှာ $5** ဖြစ်သည်။ သို့ပေမယ့် ထိုကျောင်းသားမှာ စျေးမမေးဘဲ ကတ်ကိုသာ ထုတ်ပေးခဲ့သည်။

သူ့အဖေကတ်ဖြင့် ဝယ်ချင်တာမှန်သမျှဝယ်နေသည့် ကျန်းဟောက်မှာ သူယူထားသည့် ပစ္စည်းကိုထုတ်ပေးနေတုန်း မတ်သရူးအတွက် earrings တစ်စုံကိုပါ ရွေးပြီးနောက် ထို earrings ကိုပါ သက်သက်ထုတ်ခိုင်းလိုက်သည်။

မတ်သရူးက earrings လေးတွေကို သဘောကျကာ ဒီဇိုင်းတွေလဲ တစ်မျိုးပြီးတစ်မျိုးလဲဝတ်တတ်တာကို ကျန်းဟောက် သတိထားမိသည်။ ထို့ကြောင့် သူ earrings လေးအားအခက်ခဲမရှိ ရွေးလိုက်နိုင်ခဲ့သည်။

သူစောင့်နေတုန်းမှာပင် သူ့အဖေထံမှ ဖုန်းခေါ်လာသည်ကို လက်ခံလိုက်သည်။

"ဟယ်လို?"

"ဖုန်းကိုင်သေးတာဘဲ"

"ဘာပြောမလို့လဲ?"

"မင်း နာရီဝက်၊ တစ်နာရီ နီးပါးအတွင်းမှာတင် ဒေါ်လာ ၁၀၀၀ လောက် သုံးလိုက်တာ၊ ငါက မဆက်ဘဲနေရမှာလား"

"ခနနေ cash ထုတ်ဦးမှာ"

"မင်း မှန်မှန်ပြော၊ မင်း ကိုးရီးယားမှာ ငွေညစ်ခံနေရတာလား? ငါ့မှာစိတ်ပူလို့ WeChat ကနေ တောက်လျှောက် စာတွေပို့နေတာ မင်းပြန်မဖြေဘူး"

ထိုစဉ် အရောင်းဝန်ထမ်းမလေးရဲ့ နှုတ်ဆက်နေသည့် အသံကို ဖုန်းထဲမှတစ်ဆင့် ကြားလိုက်ရသည်။

"ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ သာယာတဲ့နေ့ရက်လေး ဖြစ်ပါစေ"

အရောင်းဝန်ထမ်းမလေး ကမ်းပေးလာတဲ့ အိတ်လေးတွေကို ယူကာ ခေါင်းညိတ်ပြလိုက်ပြီးမှ ကျန်းဟောက် ဖုန်း ဆက်ပြောလိုက်သည်။

"ကျွန်တော် shopping ထွက်နေတာ၊ သူငယ်ချင်းမွေးနေ့ရှိလို့"

ထိုချိန်မှာ သူ့အဖေကလဲ တစ်ဖက်တွင် အလုပ်ရှုပ်နေဟန်တူသည်။

"လောင်ဖုန်းတို့နဲ့ golf ရိုက်ဖို့ ချိန်းထားတာ ဖျက်လိုက်တော့ ညနေကျ ငါတက်ရမဲ့ urgent meeting ရှိတယ်-

- မွေးနေ့ရှိတယ်ဆိုလဲ ဟုတ်ပါပြီး၊ ငွေလိုရင် အချိန်မရွေးပြော၊

မင်းပြောစရာမလိုပါဘူး၊ ကတ်ထဲ ငွေဖြည့်ထားပေးတာဘဲကို၊ ဒါနဲ့သားတို့ ကျောင်းဘယ်ချိန်ပိတ်မှာလဲ အဖေ လေယာဉ်လက်မှတ် ကြိုဖြတ်ထားပေးမလို့"

သူ့အဖေက စိတ်ပူနေတုန်းတစ်ချက် မင်းနဲ့ငါတွေပြောပြီး အခုကျ သူ့အလိုတိုင်း အိမ်ပြန်လာစေချင်တာကြောင့် အခေါ်အဝေါ်တွေပြောင်းကာ အဖေတွေ သားတွေဖြစ်ကုန်သည်။

ကျန်းဟောက် အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်ကာ ဘာပြန်ပြောရမည်မှန်း မသိပေ။

"နောက်မှအေးဆေးပြောကြမယ်လေ၊ ကျွန်တော် စျေးဝယ်နေတုန်း တန်းလန်းကြီး၊ အထုတ်တွေကို လက်တစ်ဖက်တည်းနဲ့ သယ်ရတာလေးလွန်းတယ်၊ အဖေလဲ မအားဘူးမလား၊ အလုပ်ဆက်လုပ်လိုက်ဦးနော်၊ နောက်ပြီး မဟုတ်တာတွေ တွေးပြီး စိတ်ပူမနေနဲ့ဦး"

စကားကို တရစပ်ပြောကာ သူ့ဘက်ကအရင်ဦးအောင် ဖုန်းကို ချပစ်လိုက်သည်။ ထိုကိစ္စကို သူ့အဖေနဲ့ အချိန်ပေးပြီး ဆွေးနွေးရမှာဖြစ်သည်။ အခုက အချိန်ကောင်းမဟုတ်သေးပေ။ သူကိုယ်တိုင်းလဲ သေချာမဆုံးဖြတ်ရသေးတာကြောင့် နောက်မှပြောဖို့သာ ဆုံးဖြတ်လိုက်သည်။ ဝယ်ချင်တာတွေလဲ ဝယ်ပေးပြီးပြီးမို့ ကတ်ထဲမှ ငွေသားအချို့ထုတ်ကာ ကျန်းဟောက် အိမ်သို့သာ ပြန်လာခဲ့လိုက်သည်။

================

Tbc.........

20 December, 2024

ဒီတလော အရမ်း သဘောကျနေတဲ့ tweets နှစ်ခုရှိတယ်။ တစ်ခုက အပေါ်မှာပြထားတဲ့ haobin။ လူတိုင်းတစ်မျိုးစီ သူတို့ သဘောကျတဲ့ moment လေးတွေ ပြောထားကြတာ။

ကိုယ်က အားလုံး သဘောကျပေမယ့် စိတ်ထဲကို အလှုပ်ခတ်ဆုံးတစ်ခုရှိတယ် ။ moment လိုက်ရှာတာမဟုတ်ဘဲ weekly idol ကြည့်ရင်း တွေ့တဲ့ဟာမို့ စိတ်ထဲစွဲနေတာ။ ဟန်ဘင်းက မျက်လုံးအကာဝတ်ပြီး မန်ဘာတွေကို ဘယ်သူလဲဆိုတာ လက်နဲ့စမ်းပြီး မှန်းရတာ။ အဲ့မှာ သူ ကျန်းဟောက် မျက်နှာလေးကို ထိလိုက်တာနဲ့ တန်းသိတာဘဲ။

ဘယ်လိုတောင်လဲလို့!!!🫨😮‍💨

နောက်တစ်ခုကျ ဒီဟာ 👇

ရီလဲရီချင်တယ် ကြည့်ရင်း🤣

ဒါကလဲ သွားကြည့်သင့် 💯

အခုလေးတင်တွေ့လာတာ