Chapter 18: အပိုင်း (၁၇) ချောလွန်းလို့ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အထိဘဲ

My other halfWords: 27329

ဆောင်းဟန်ဘင်း၏ အိမ်မှာ ကျောင်းနှင့် အနည်းငယ်အလှမ်းဝေးသည့် ဆိတ်ငြိတ်ရပ်ကွက်တစ်ခုထဲတွင် တည်ရှိသည်။ သူတို့ကားဖြင့် တစ်နာရီ နီးပါးလောက်အချိန်ယူခဲ့ရတာဖြစ်သည်။ လမ်းတွင်ကားကြပ်ပါက ထိုထပ်ပို၍ အချိန်ကြာနိုင်သည်။ ထို့ကြောင့် ဆောင်းဟန် မောင်နှမနှစ်ယောက်လုံး အချိန်ကုန်သက်သာစေရန် ကျောင်းအဆောင်နေကြပြီးကျောင်းပိတ်ရက် တွေမှသာ အိမ်ကိုပြန်လာကြတာဖြစ်သည်။

ရပ်ကွက်လေးမှာ အလွန်သပ်ရပ်ကာ ခြံဝင်းကျယ်များနှင့် အိမ်များမှာလဲ ခေတ်မှီဒီဇိုင်းများဖြင့်ဆောက်လုပ်ထားသည်။ ခြံတံခါး ရှေ့ကားရပ်လိုက်သည်နှင့် ခြံစောင့်အလုပ်သမားတစ်ယောက်က တံခါးလာဖွင့်ပေးသည်။

အိမ်အနေအထားမှာ သူတို့ ရပ်ကွက်ထဲ ဝင်လာသည့်အခါတွင်တွေ့ရသည့် အိမ်များနှင့်ဆင်တူလေသည်။ နှစ်ထပ်တိုက် အိမ်ကြီးမှာ အဖြူရောင်ဆေးကိုသုတ်ထားသည်။ ခြံဝင်းကျယ်ကြီးတွင် မျက်ခင်းစိမ်းများကို သေချာပြုစုထိမ်းသိမ်းထားပြီး လူလျှောက်လမ်းနှင့် ကားအဝင်အထွက် အတွက် လမ်းလေးလဲ ပြုလုပ်ထားသည်။ ခြံဝင်းအတွင်း သစ်ပင် ပန်းမန်များကို စိုက်ပျိုးထားပြီး ခြံဝင်းထဲတွင် လေညင်းခံရန်အတွက် ခုံနေရာလေးတွေလဲရှိသည်။ ထိုနေရာအနားတစ်ဝိုက်တွင် စားပွဲခုံပြင်နေကြရင်း အလုပ်ရှုပ်နေသူများအားတွေ့နေရသည်။

ကားပေါ်ကဆင်းသည်နှင့် တိုက်ခတ်လာသည့်လေပြေညင်းလေးကြောင့် တစ်နေ့လုံးပင်ပန်းလာသမျှ အနည်းငယ်သက်သာသွားရသည်။ မှောင်ရီရိပ်သန်းအချိန်ဆိုပေမယ့် ရာသီဥတုက ပူလဲမပူ၊ အေးလဲမအေးသည့် အနေထားလေးဖြစ်သည်။ အလွန်ရာသီဥတုသာယာသည့်နေ့ရက်လေး တစ်ရက်ပင်။

"ကဲ...... ကလေးတွေ မေကြီးကို အရင်သွားနှုတ်ဆက်လိုက်ကြဦး"

"ဟုတ်ကဲ့"

သူတို့အားလုံးပြန်ဖြေလိုက်ပြီး အာရမ်မှ ဦးဆောင်ကာ အိမ်ထဲသို့ပြေးဝင်သွားပြီး မိခင်ဖြစ်သူအား တဆာဆာ အော်ခေါ်နေတော့သည်။

"မေမေရေ..... သမီးတို့ ပြန်ရောက်လာကြပြီး"

သမီးဖြစ်သူ၏ အသံကိုကြားတာကြောင့် ဆောင်းမားမားမှာ မီးခိုခန်းထဲမှ ပြန်ဖြေလာခဲ့သည်။

"ရောက်လာကြပြီလား၊ မေမေတို့က အခုမှ ပြင်ဆင်နေကြတုန်းရှိသေးတာ"

အာရမ်က မီးဖိုခန်းထဲပြေးဝင်သွားကာ ဆောင်းမားမားအား အနောက်မှဝင်ဖက်လိုက်သည်။

"ကူလုပ်ပေးမယ်လေ"

ထိုအခါ ဆောင်းမားမားက ဟင်းရွက်တွေဆေးနေရင်း လက်သုတ်ကာ အာရမ်အား ခပ်ဖြည်းဖြည်းလေးပုတ်ကာ ရိုက်လိုက်သည်။

"အမယ်လေး မိုးတွေရွာကုန်ပါဦးမယ်၊ သမီးက ဒီမှာပြင်ထားပြီးသားဟာတွေ အပြင်မှာ ခုံအဆင်သင့်ဖြစ်ရင် သယ်ထုတ်သွားပေးတော့"

"ဟုတ်ကဲ့"

ဟုဆိုကာ အသီးပန်းကန်အား ယူလိုက်သည်။

"အာရမ်..... အဲ့ဟာက အသီးထပ်ခွဲရဦးမှာ၊ မပြီးသေးဘူး၊ ရပြီး အပေါ်တက်ပြီး ရေဘဲသွားချိုးတော့"

ထိုအချိန် ဆောင်းဟန်ဘင်းတို့သုံးယောက်မှာလဲ မီးဖိုခန်းထဲရောက်လာကြသည်။

"အန်တီ မင်္ဂလာပါ"

"မေ... ကျွန်တော်ပြန်ရောက်ပြီ"

"ရောက်လာကြပြီလား"

ဆောင်းမားမားမှာ အလုပ်လုပ်နေရာမှ မော့ကြည့်လာကာ

"အို..... ဒါက ကျန်းဟောက်လေးလား? အရမ်းချစ်စရာကောင်းတာဘဲ၊ ဟန်ဘင်းပြောပြကတည်းက အန်တီ တွေ့ဖူးချင်နေတာ"

ဆင်တူတဲ့အရှက်သည်းမှုကြီးက သုံးကြိမ်မြောက်ဖြစ်ပေါ်လာပြန်သည်။ ဆောင်းဟန်ဘင်းတို့ တစ်အိမ်လုံးက သူ့ကို သိနေတာဖြစ်သည်။

"တွေ့ရတာ ဝမ်းသာပါတယ် အန်တီ"

ဆောင်းမားမားမှာ ကျန်းဟောက်အား သဘောကျသည်ကို ဖုံးကွယ်ထားချင်ပုံမရပေ။ လက်လှမ်းကာ ခေါင်းလေးပုတ်ရင်း ထိန်းမရအောင်ပြုံးနေတာကြောင့် ပေါ်လာသည့်ပါးမို့မို့လေးကို အသာယာထိတွေ့လာသည်။

"ကိုးရီးယားလေသံလေးကလဲ အရမ်းနားထောင်ကောင်းတာဘဲ"

ဆောင်းမားမားက စကားကောင်းလေးတွေသာ ပြောတတ်သူဖြစ်ရမည်။ အမေရွယ် အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တာ ဘယ်အချိန်တုန်းကနောက်ဆုံးဖြစ်ခဲ့တာလဲ သူမမှတ်မိပေ။ သူ့အမေဆုံးပါးပြီးနောက် သူ့အဖေအနားတွင် အမျိုးသမီးကြီးငယ်မရွေး ဝိုင်းနေခဲ့သည်။ တချို့တွေဆို သူ့အဖေကြောင့် သူ့အားချဉ်းကပ်လာတာမျိုးပင်ရှိသည်။ ကျန်းဟောက်မှာ ထိုအမျိုးသမီးတွေကြောင့် အင်မတန်စိတ်ရှုပ်ခဲ့ရပြီး သူ့အဖေ့အပေါ်ကိုလဲ စိတ်ဆိုးဒေါသဖြစ်ကာ မိခင်ဖြစ်သူကိုလဲ လွမ်းမောတမ်းတခဲ့ရသည်။ ကျန်းပါးပါးက အနေထိုင်ကင်းရှင်းသူ ဖြစ်ပေမယ့်လည်း ကျန်းဟောက် မတတ်နိုင်ဘဲ သူ့ရဲ့အလိုမကျမှုတွေကို ဖခင်ဖြစ်သူကို ပုံချခဲ့သည်။ ထိုအချိန်မှစ၍ သူ ကျန်းပါးပါးနှင့် ပို၍ ကင်းကွာလာခဲ့ပြီး အမေဖြစ်သူအား သတိရစိတ်ကိုလဲ ဖြည်းဖြည်းချင်း ကျင့်သားရလာပြီး ဖြေသိမ့်နိုင်ခဲ့သည်။

( T/n ကျန်းပါးပါးက ဖောက်ပြန်လို့မဟုတ်ဘဲ၊ အဲ့အမျိုးသမီးတွေကြောင့် စိတ်ရှုပ်လို့၊ လာရောမှာကြောက်လို့ ခွါနေတဲ့သဘောပါ၊ ကိုယ်ရေးတာ လိုရင်းမရောက်မှာစိုးလို့)

ဒီနေ့မှာတော့ သူ့ထံတွင် အမေကို သတိရစိတ်က သူ့နှလုံးသားထဲ တစ်ဖန်ပေါ်ပေါက်လာခဲ့သည်။ သို့ပေမယ့် ဝမ်းနည်းရမည့်အစား သူ့တစ်ကိုယ်လုံးနွေးထွေးသလိုခံစားရကာ ပျော်ရွှင်နေခဲ့သည်။

"ဗိုက်ဆာနေပြီလား? ခနနေရတော့မှာ၊ အားလုံးအကြိုက်ဖြစ်အောင်လို့ အန်တီ ဒီနေ့ ဟော့ပေါ့လုပ်စားကြဖို့တွေးထားတာ"

ကျန်းဟောက်မှာ ပျော်ရွှင်မှုတွေကြောင့် ဗိုက်ပြည့်နေပြီဖြစ်သည်။

"ကျွန်တော်ဝိုင်းကူပေးမယ်လေ၊ ဘာကူပေးရမလဲ"

"မဟုတ်တာကွယ်..... သားက ကူစရာမလိုဘူး၊ အခုထိကျောင်းဝတ်စုံနဲ့ဘဲလား? ဟန်ဘင်း.... ကိုယ်လက်သန့်ရှင်းရေးလုပ်ဖို့ ခေါ်သွားပေးလိုက်ဦး"

အကုန်လုံးက သူ့ဟာနဲ့သူ အလုပ်များနေကြတာဖြစ်တာမို့ ကျန်းဟောက်မှာ ဝိုင်း၍ ကူပေးချင်မိသည်။ နောက်ပြီး ကျောင်းကနေ တန်းလာခဲ့ရတာကြောင့် သူ့ထံတွင် လွယ်အိတ်ကလွဲပြီး ဘာမှ ပါမလာပေ။

"ကျန်းဟောက်.... အန်တီပြောတာ နားထောင်လိုက်ပါ၊ နင်ကယောကျ်ားလေ ဒါတွေဘယ်လိုလုပ် လုပ်တတ်မှာလဲ၊ အန်တီ့ကို ငါကူထားပေးလိုက်မယ်"

သူတို့အားလုံး အသံလာရာဘက်ကိုလှည့်ကြည့်လိုက်တော့ တွေ့လိုက်ရသူမှာ ဂျန်ယူရီဖြစ်သည်။ ဂျန်ယူရီရဲ့အပြောကို သူသဘောမကျပေ။

မှန်ပါသည်။ သူ မီးဖိုခန်းထဲသို့ တစ်ခါမှ မဝင်ခဲ့ဖူးပေ။ သို့ပေမယ့် သူက သင်လွယ် တတ်လွယ်တဲ့သူမျိုးဖြစ်သည်။ သူမလုပ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပေ။

သူပြန်၍ ခွန်းတုံ့ပြန်ချင်ပေမယ့်လဲ လူကြီးရှေ့မှာမို့ သည်းခံနေလိုက်သည်။

"ဟုတ်တယ်... Hyung ကိုယ်လက်သန့်ရှင်းရေး အရင်လုပ်ထားလိုက်၊ ကျွန်တော်တို့အရင်ကူထားနှင့်မယ်"

လေထဲလျှပ်စီးရနံ့ကို ခံစားမိလိုက်တာကြောင့်ဟန်ယူဂျင်းကပါ ဝင်ပြောလာတာမို့ ကျန်းဟောက်မငြင်းနေတော့ပေ။

ထိို့ကြောင့် သူဆောင်းဟန်ဘင်း၏ နောက်ကနေသာ လိုက်သွားလိုက်သည်။

ဆောင်းဟန်ဘင်းက အပေါ်ထပ်ရှိ သူ့အခန်းထဲသို့အရင်ဝင်သွားနှင့်ပြီး ကျန်းဟောက် လိုက်ဝင်လာလို့ရအောင် တံခါးကို ခပ်ကျယ်ကျယ်ဖွင့်ပေးခဲ့သည်။

ဆောင်းဟန်ဘင်း၏ အခန်းမှာ အတော်အတန်ကျယ်ဝန်းသည်။ king size လောက်မကြီးပေမယ့် တစ်ယောက်အိပ်ထပ်စာရင်ပိုကြီးတဲ့ကုတင်တစ်လုံးနှင့် စာကြည့်စားပွဲခုံလေးရှိကာ၊ နံရံအပြည့် စာအုပ်စင်တစ်ခုနှင့်အတူ ရထားသည့်ဆုတံဆိပ်တွေကို လ အလိုက် စီထားသည့် စင်တစ်ခုလဲရှိသည်။

နံရံဆေးရောင်မှာလဲ အိမ်၏ဆေးရောင်အတိုင်း အဖြူရောင်ပင်ဖြစ်ကာ ပရိဘောဂများကို ခဲရောင်ဖျော့ဖျော့လေးတွေသုံးထားတာကြောင့် ဆောင်းဟန်ဘင်း၏အခန်းမှာ မှောင်မိုက် ခြောက်ကပ်နေသည့် ခံစားချက်မျိုးမရဘဲ သစ်လွင်ရှင်းသန့်နေသည့် ခံစားချက်မျိုးကိုပေးသည်။

နံရပ်ကပ်ဘီရိုမှာမျက်နှာကျက်မှ ကြမ်းပြင်အထိအပြည့်ရှိပေမယ့် ကျန်းဟောက် ရုတ်တရက်ကြည့်မိ၍တွေ့လိုက်ရသည်မှာ ဆောင်းဟန်ဘင်းလေ့ကျင့်သည့်အခါ ဝတ်တတ်သည့် အမဲရောင် fit top sleeveless များသာတွေ့လိုက်ရသည်။

"နေရာရှာပြီးထိုင်နေလို့ရတယ်"

ဆောင်းဟန်ဘင်းက အဝတ်ဘီရိုထဲ ရှာဖွေနေရင်း ပြောလာတာကြောင့် ကျန်းဟောက် အခန်းလေးကို ဝေ့ဝိုက်ကာ တစ်ချက်ကြည့်ပြီးနောက် စာကြည့်စားပွဲဆီမှ ထိုင်ခုံအား ဆွဲယူကာ ထိုင်လိုက်သည်။

ဆောင်းဟန်ဘင်းက အဆောင်နေတာကြောင့် စားပွဲပေါ်တွေ စာအုပ် တစ်အုပ်၊ နှစ်အုပ်မျှသာရှိနေသည်။ စာကြည့်စားပွဲ၏ ဘေးကပ်ရပ်တွင် night stand လေးရှိသည်။ ထို night stand အပေါ်တွင် ဆောင်းဟန်ဘင်းတို့၏ မိသားစုပုံလေးနှစ်ပုံကို ထောင်ထားသည်။ တစ်ပုံမှာ ယခုလက်ရှိ အထက်တန်းကျောင်းသားလေး ဆောင်းဟန်ဘင်းနှင့် မိသားစုပုံဖြစ်ပြီး နောက်တစ်ပုံမှာ သူသေချာ မမှန်းတတ်ပေ။ အလယ်တန်းကျောင်းသားလေး ဆောင်းဟန်ဘင်းဖြစ်လောက်သည်။

ကျန်းဟောက်ထိုပုံလေးကို ကိုင်ကာ အနီးကပ်ယူကြည့်လိုက်သည်။

"ဒါ မင်းငယ်ငယ်ကပုံလား?"

ကျန်းဟောက်အမေးကြောင့် ဆောင်းဟန်ဘင်း၏ ခန္ဓာကိုယ်မှာတောင့်တင်းသွားရသည်။ ကျန်းဟောက်မှာမူ ပုံထဲကိုသာ အာရုံရောက်နေခဲ့တာကြောင့် သတိမထားမိလိုက်ပေ။

"အင်း"

သူ အသံထွက်တယ်ဆိုရုံလေး ပြန်ဖြေလိုက်သည်။

"မင်း ငယ်ငယ်က ဝတုတ်လေးဘဲ"

"........."

ကျန်းဟောက် ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ မသိပေ။ သိချင်စိတ်ဖြင့်လှည့်လဲ မကြည့်ဝံ့တာကြောင့် ကျန်းဟောက်အား ကျောခိုင်းရင်းသာ ဘီရိုရှေ့တွင် ဆက်၍ ရပ်နေမိသည်။

"မင်းငယ်ငယ်တုန်းက ပိုပြီးချစ်ဖို့ကောင်းတယ်၊ ပါးဖောင်းဖောင်းလေးတွေနဲ့ အခုတော့ အဲ့ပါးဖောင်းဖောင်းလေးတွေ မရှိတော့ဘူး"

ကျန်းဟောက်၏ စကားအဆုံးတွင် ဆောင်းဟန်ဘင်း တိတ်တိတ်လေး အသက်ရှူထုတ်လိုက်မိသည်။ ထိုအခါမှ သူသတိထားမိလိုက်သည်မှာ သူ အသက်အောင့်ထားခဲ့တာပင်။

ပြီးနောက် သူ ကျန်းဟောက်အားလှည့်ကြည့်လိုက်တော့ သူ့ကို ကြည့်နေသည်အားတွေ့လိုက်ရသည်။ ကျန်းဟောက်၏ အကြည့်များမှတစ်ဆင့် ဆောင်းဟန်ဘင်း၏ ဝကစ်ကစ် ပါးဖောင်းဖောင်းလေးတွေကို နှမျောတသဖြစ်နေမှန်း သိသာလှသည်။ ထို့နောက် ကျန်းဟောက်မှာ သက်ပြင်းတစ်ချက်ကို ဟန်ပန်မူပိုကာ ချရင်း

"အခု ဆောင်းဟန်ဘင်းက ချောလွန်းတယ်"

ထို့နောက် စုတ်တစ်ချက်သတ်၍ နှုတ်ခမ်းရွဲ့ရင်း မျက်နှာမဲ့ကာ သူ ဓာတ်ပုံလေးကို နေရာတကျပြန်ထားပေးလိုက်သည်။

"ချောလွန်းလို့ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အထိဘဲ"

ကျန်းဟောက်မလိမ်ပါ။ သူအမှန်တကယ်ကို စိတ်အနှောင့်ယှက်ဖြစ်ရပါသည်။

ကျန်းဟောက် ဘဝတွင် လက်မခံဘဲ မနေနိုင်ရအောင် ချောပါသည့် ကြည့်ကောင်းပါသည့် ယောကျ်ားဟူ၍ တစ်ယောက်တည်းသာရှိပြီး ထိုယောကျ်ားသားမှာလဲ အခြားလူမဟုတ်။ သူကိုယ်တိုင်ပင်ဖြစ်သည်။

သူ့ဘက်ကနေ ကြည့်ကောင်းပါသည်ဟု ထုတ်ပြောရမည့် နောက်ထပ် လူတစ်ယောက်ရှိလာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။

"ဟားးဟားးဟား"

"......."

သဘောကျစွာ ရယ်နေတဲ့ဆောင်းဟန်ဘင်းကို ကျန်းဟောက် အမြင်ကပ်စွာ မျက်စောင်းထိုးလိုက်မိသည်။

ကျန်းဟောက်အား ဘီရိုထဲ တီရှပ်င်္အကျီအပွတစ်ထည်နှင့် ဒူးလောက်ထိရှိသည့် ဘောင်းဘီတို တစ်ထည်အား ထုတ်ပေးလာခဲ့သည်။

"ချီးကျူးစကားတွက်ကျေးဇူးတင်ပါတယ်"

ဆောင်းဟန်းဘင်းက ကျန်းဟောက်အနားသို့လျှောက်လာပြီး ခါးကိုအနည်းငယ်ကိုင်းကာ အရိုသေပြုသည့်ပုံမျိုးဖြင့် ပြောလာသည်။

ကျန်းဟောက် ထိုအဝတ်စားတွေကို လှမ်းယူလိုက်ပြီး

"ငါ မင်းကို ချီးကျူးနေတာမဟုတ်ပါဘူး"

ဆောင်းဟန်ဘင်း ကျန်းဟောက်နှင့် ပြိုင်မငြင်းဖို့သာ တွေးလိုက်သည်။ သူက ရင့်ကျက်သူမို့ ကလေးငယ်လေးတွေနှင့် ပြိုင်မငြင်းသင့်ဘူးဆိုတာကိုတော့ စိတ်ထဲကနေသာတွေးလိုက်သည်။

"ရေချိုးခန်းကို လွတ်လွတ်လပ်လပ်သုံးလို့ရတယ်၊ dryer လိုချင်ရင် ရေချိုးခန်းထဲက ဘေစင်ရဲ့ အံဆွဲထဲမှာ ရှာကြည့်လို့ရတယ်၊ ပုဝါတွေလဲ အဲ့ထဲမှာဘဲ၊ အဝတ်စားက သက်တောင့်သက်သာရှိမဲ့ဟာဘဲ ပေးလိုက်တာ အဆင်ပြေရဲ့လား? ညဘက်တွေက နည်းနည်းပူတယ်၊ အကင်စားမှာနဲ့ဆို ပိုပူလိမ့်မယ်၊ တစ်ခုခုလိုအပ်တာရှိရင်ပြောနော်"

ဆောင်းဟန်ဘင်းက အသေးစိတ် အကုန်စီစဉ်ပေးတာမို့ တခြားထပ်မလိုတော့တာကြောင့် ကျန်းဟောက် ရေချိုးခန်းရှိရာသို့ ထ ထွက်လာလိုက်သည်။

ရေချိုးခန်းတံခါးကိုမပိတ်ခင် သူလှမ်းကြည့်လိုက်တော့ ဆောင်းဟန်ဘင်းမှာ အခန်းထဲက မထွက်ရသေးပေ။ ဘီရိုထဲတွင် သူ့အတွက် သူအင်္ကျီရှာနေတုန်းပင်။

"ဟန်ဘင်း"

ကျန်းဟောက်၏ အသံမှာခါတိုင်းနှင့်မတူစွာ တိုးလျ၍ နူးညံ့နေသည်။

"ဟင်?"

"Happy birthday"

ပြီးနောက် ဆောင်းဟန်ဘင်းထံမှ တုံ့ပြန်လာသည်ကိုမစောင့်တော့ဘဲ တံခါးနောက်ကွယ်မှတဆင့် ချောင်းနေရာမှ လစ်ခနဲပျောက်ကွယ်သွားကာ တံခါးကိုပင် ဘန်းခနဲမြည်သည်အထိဆောင့်ပိတ်သွားသည်။

ဆောင်းဟန်ဘင်းမှာ ရုတ်တရက်မို့ ဘာမှမတုံ့ပြန်နိုင်လိုက်ပေ။ ကျန်းဟောက်က သူ့အား ခါတိုင်းခေါ်နေသလို ဆောင်းဟန်ဘင်း ဆိုသည့် နာမည်အပြည့်စုံ သို့မဟုတ် စနောက်သည့်သဘောဖြင့် ပင်းပင်း ဟုလည်းမခေါ်ဘဲ ဟန်ဘင်း လို့ခေါ်သွားသည်။

ဒီတစ်ကြိမ်က ကျန်းဟောက် သူ့အား ဟန်ဘင်း ဟု ခေါ်သည့် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထိုကဲ့သို့ အခေါ်ခံရဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပါသည့်တိုင် ကျန်းဟောက်ထံမှ ခေါ်ခံရချိန်တွင် ချိုမြိန်မှုလေးတစ်ခု သူ့ရင်ထဲ စိမ့်ဝင်စီးဆင်းသွားသည်။

=================

Tbc......

29 December, 2024

အပိုင်းသစ်တာနဲ့ ဖတ်တဲ့သူ အရင်က နည်းပေမယ့် အခု ၃၀ ကနေ ၅၀ အတွင်း ရှိလာတာကိုတွေ့ရတော့ အရမ်းပျော်နေပါပြီး။

ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော် 🥺🫶