Chapter 19: အပိုင်း (၁၈) မွေးနေ့ပါတီ 1

My other halfWords: 32865

ကျန်းဟောက် ရေချိုးသန့်စင်ပြီးနောက် ဆံပင် မခြောက်တခြောက် အနေထားဖြင့် ထွက်လာခဲ့လိုက်သည်။ သူက ပုံမှန်ဆို ရေချိုးကြာတတ်တဲ့သူဖြစ်သည်။ အခုက သူ့အိမ်မှာလဲ မဟုတ်သလို ဆောင်းဟန်ဘင်းကလဲ ရေချိုးခန်းသုံးဖို့ စောင့်နေလောက်သည်ဟု တွေးမိတာကြောင့် ဆံပင်ကို dryer ဖြင့် အပေါ်ယံသာ ခြောက်အောင် ပြုလုပ်လိုက်သည်။

သူထင်သည့်အတိုင်းဘဲ ဆောင်းဟန်ဘင်းက ကုတင်အစွန်းနားတွင် ထိုင်ကာ ဖုန်းသုံးရင်း ထိုင်စောင့်နေသည်။

သူရေချိုးခန်းထဲမှ ဆောင်းဟန်ဘင်း ပေးသည့်အဝတ်စားတို့ဖြင့် ထွက်လာခဲ့လိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားချင်းက တူတာမို့ အင်္ကျီက အရမ်းလဲမကြီးသလို သေးနေတာမျိုးလဲမရှိပေ။

"ငါ့ရဲ့အဝတ်ဟောင်းတွေကို ဘေစင် ပေါ်နားမှာ ခေါက်ပြီးတင်ထားခဲ့လိုက်တယ်"

ဆောင်းဟန်ဘင်း ခေါင်းမော့ကာကြည့်လာပြီး ခေါင်းအသာညိတ်ပြလိုက်သည်။

"အင်း"

"ဒါဆို ငါအောက်ကို ဆင်းနှင့်မယ်နော်"

"Okay... ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးရင် ဆင်းလာခဲ့မယ်"

"အင်း"

ကျန်းဟောက် အောက်ထပ်ဆင်းလာပြီးသည်နှင့် မီးဖိုခန်းထဲတွင် ဆောင်းမားမားနှင့်အတူ ဟန်ယူဂျင်းနှင့် ဂျန်ယူရီက ဝိုင်းကူပေးနေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူ ဟန်ယူဂျင်းအနား သွားရပ်နေလိုက်ပြီး ဘာလုပ်ရမှန်း မသိတာကြောင့် တောင်ကြည့် မြောက်ကြည့် အနေထားလေးဖြစ်လို့နေသည်။

"Hyung ဆင်းလာပြီလား?"

"အင်း... ဘာလုပ်ရမှာလဲ"

ဟန်ယူဂျင်းလဲ စားပုံခုံတစ်လျှောက် ဝေ့ဝိုက်ကြည့်လိုက်ပြီး

"အသီးတွေက ခွဲရဦးမှာထင်တယ်၊ Hyung ခွဲတတ်လား"

ကျန်းဟောက် ခေါင်းခါပြလိုက်သည်။ သူတစ်ခါမှ မလုပ်ဖူးပေ။

"ဟင့်အင်း မခွဲဖူးဘူးရော"

ဆောင်းမားမားက ကြားပြီးနောက် သူ့အား လှမ်းမေးလာသည်။

"အန်တီ ပြပေးရမလား"

"ဟုတ်"

ထိုအခါ ဆောင်းမားမားက အသီးခွဲ ဓားတစ်လတ်ဖြင့် သူ့အနားရောက်လာကာ သင်ပေးသည်။

"ဂယူဘင်းက သရက်သီး အရမ်းကြိုက်တာ....၊ ဘယ်လိုအမျိုးအစားမဆို ကြိုက်တယ် သူက၊ အဲ့ဒါကြောင့် အချိုတည်းဖို့ သရက်သီး အများကြီးဝယ်ထားတာ"

ကျန်းဟောက် ခေါင်းလေးတညိတ်ညိတ်ဖြင့် ဆောင်းမားမားပြောသည်ကို နားထောင်နေရင်း မျက်လုံးကလဲ အခွံဘယ်လိုခွါရသည်ကို ဂရုတစိုက် လိုက်ကြည့်နေသည်။

"ကျန်းဟောက်ကရော ဘာကြိုက်တတ်လဲ"

"ကျွန်တော်အသီးထဲမှာဆိုရင် ဒူရင်းသီး ကြိုက်တယ်"

"ဟုတ်လား၊ နောက်ခါလာလည်ရင် အန်တီဝယ်ထားပေးမယ်နော်"

"ကျေးဇူးတင်ပါတယ်"

အချိန်ခနလေးအတွင်းမှာပင် ဆောင်းမားမားက သရက်သီး တစ်လုံးကို အခွံခွါပြီးကာ တစ်လုတ်စာအရွယ်အစား အစိတ်လေးတွေ ခွဲပြီးသွားပြီဖြစ်သည်။

"ဘယ်လိုလဲ လုပ်နိုင်ရဲ့လား"

ကျန်းဟောက် ယုံကြည်မှုရှိစွာပင် ခေါင်းအား ခပ်မြန်မြန်ညိတ်ပြလိုက်သည်။ ပြီးနောက် ဆောင်းမားမားဆီမှ ဓားကို ယူလိုက်ကာ အသီးကို စ တင်ခွဲတော့သည်။

အစတွင်တော့ အသီးကလဲ ချောနေတာကြောင့် ကိုင်ရခက်နေကာ သူ့အတွက် အခက်ခဲအနည်းငယ်ရှိနေသည်။ သို့ပေမယ့် အချိန်အနည်းငယ်ကြာပြီးနောက် သူ သရက်သီးတစ်လုံးအား အောင်အောင်မြင်မြင်ဖြင့် အခွံခွါနိုင်သွားသည်။

ထို့နောက် ဟန်ယူဂျင်းအား ပြကာ ကြွားတော့သည်။

"Hyung အခွံခွါနိုင်သွားပြီ"

"တော်တယ်"

ပြီးနောက် သူ အစိတ်လေးတွေဖြစ်အောင် လှီးတော့သည်။ ပြီးသည်နှင့် နောက်ထပ်တစ်လုံးကို ဆက်၍ အခွံခွါနေတော့သည်။ ကျင့်သားရသွားသည်နှင့် သူ့မှာ တစ်လုံးခွါပြီးဖို့ကို အချိန် သိပ်မယူရတာ့ပေ။

"ကျန်းဟောက်က တော်သားဘဲ၊ အရင်က မီးဖိုချောင် ဝင်ဖူးလား"

ကျန်းဟောက်မှာ ဓားဟူ၍ ခဲတံချွန်ဓားတောင် မကိုင်ဖူးပါသဖြင့်

"ပထမဆုံးအကြိမ်ဘဲ"

"တော်လိုက်တာ၊ အာရမ်လေးလဲ အဲ့လို တတ်လွယ်ရင်ကောင်းမယ်၊ အဲ့ကလေးမ က အားကစားမှာတော့ တော်ပြီး မီးဖိုခန်းဝင်ခိုင်းရင်တော့ တလွဲတွေချည်းလုပ်တာ"

ထိုအခါ ကျန်းဟောက်လဲ ခပ်ဖွဖွရယ်လိုက်ပြီး

"ကျွန်တော်က အားကစားမှာညံ့တယ်"

ထိုအချိန်တွင် ဆောင်းဟန်ဘင်း မှာ ကိုယ်လက်သန့်စင်ပြီး၍ အပေါ်ထပ်ကနေ ဆင်းလာသည်။

"ယူဂျင်း.... ရေသွားချိုးတော့၊ ကျန်တာ Hyung ဆက်လုပ်ထားပေးမယ်၊ အင်္ကျီလဲ ကုတင်ပေါ်မှာ တင်ထားပေးတယ်"

"ရတယ် hyung၊ ကျွန်တော် အဆောင်ကနေ တစ်စုံယူလာတယ်"

ဟန်ယူဂျင်းက သားထပ်သားအပြားတွေကို ပါကင်အိတ်ထဲမှာဖောက်ကာ ဗန်းတစ်ခုထဲ စီကာထည့်နေတာဖြစ်သည်။ ထို့ကြောင့် ဆောင်းဟန်ဘင်း ထိုအရာကိုသာ ဆက်လုပ်နေလိုက်သည်။

ပြီးနောက် သူ ကျန်းဟောက်နားသို့ ကပ်သွားပြီး နောက်ဆုံးကျန်တဲ့ သရက်သီးတစ်လုံးကို ခွါနေတဲ့ ကျန်းဟောက်အားကြည့်နေလိုက်သည်။

"တော်တော်လေးမြန်အောင် ခွါနိုင်တာဘဲ"

"အန်တီ သင်ပေးအတိုင်း လုပ်လို့လေ"

ပြောရင်း ကျန်းဟောက် အစိတ်လေးတွေဖြစ်အောင် လှီးရင်း နောက်ဆုံး သူ့လက်ထဲကျန်တဲ့ အစိတ်သေးလေး တစ်ခုအား ဆောင်းဟန်ဘင်းကို ခွံ့ကျွေးလိုက်သည်။

ပြီးနောက် မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့် မေးလိုက်သည်။

"ဘယ်လိုနေလဲ ချိုလား"

ကျန်းဟောက်အမူအရာမှာ မသိရင် ထိုသရက်သီး စားကောင်းမှု မကောင်းမှုက သူနှင့် ရာနှုန်းပြည့်သက်ဆိုင်နေသလိုပင်။ အခွံခွါ၍ အစိတ်လေးတွေဖြစ်အောင် လှီးထားရုံဆိုပေမယ့် သူသေချာချက်ပြုတ်ထားပါသည့် ဟင်းတစ်ခွက်အား မြည်းစမ်းစေကာ မှတ်ချက်ကောင်းကောင်း ကြားချင်နေသလိုပင် မျက်ဝန်းတစ်စုံကတောက်ပကာ စိတ်လှုပ်ရှားနေ၍ ဆောင်းဟန်ဘင်းဆီမှ အဖြေအား စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။

ဆောင်းဟန်ဘင်းမှာလဲ စိတ်မပျက်စေရဘဲ

"ချိုတယ်.... မစားကြည့်ရသေးဘူးလား"

"ဟင့်အင်း...မင်းအနားရောက်လာလို့ ကျွေးလိုက်တာ"

"တစ်ခုစားကြည့်"

ကျန်းဟောက် တစ်ခုယူကာ စားကြည့်လိုက်ပြီးနောက် အရသာ ခံကြည့်လိုက်သည်။ သူခွဲထားတာမို့ထင်သည်။ သရက်သီးက စားကောင်းနေတာပင်။

"အ!"

ဂျန်ယူရီဆီမှ အော်ညည်းသံတိုးတိုးနှင့် တစ်စုံတစ်ခုပြုတ်ကျသံက တစ်ချိန်တည်း ပေါ်လာတာကြောင့် အားလုံးက သူမ အားလှည့်ကြည့်လာကြသည်။ ပင်လယ်စာကိုင်နေရင်း ဓားထိသွားတာ ဖြစ်သည်။ သူမက ဆောင်းဆောင်းမားမား၏ အနားတွင်ရှိနေတာကြောင့် ဆောင်းမားမားက သူမ အနားကို ပထမဆုံးရောက်သွားတဲ့သူဖြစ်သည်။

"ဓားထိသွားတာဘဲ၊ ဂရုစိုက်မှပေါ့၊ မိန်းကလေးဆိုတာ အမာရွတ်ဖြစ်လို့မရဘူး၊ လက်ကိုဆို ပိုဂရုစိုက်ရမှာ"

ပြီးနောက် ဆောင်းဟန်ဘင်းလဲ အနားရောက်လာသည်။

"ထိသွားတာ အရမ်းများလား၊ အမေ အလုပ်ဆက်လုပ်နေလိုက်၊ ကျွန်တော်ကြည့်ပေးလိုက်မယ်"

ထိုနောက် သူ ဂျန်ယူရီအား လက်ဆေးရန် ဘေစင်နားသို့ ဆွဲခေါ်လာပြီး သွေးထွက်နေသည်အား ဆေးကြောလိုက်သည်။ ပြီးနောက် first aid ထဲမှ အနာကတ်ပလာစတာအား ယူကာ ရှရာလေးပေါ်တွင် ကပ်ပေးလိုက်သည်။

"အဆင်ပြေရဲ့လား? အပြင်မှာတခြားဟာ ဝိုင်းကူလိုက်၊ ဒါက ငါဆက်လုပ်လိုက်မယ်"

"ဟင့်အင်း ငါအဆင်ပြေတယ် ဟန်ဘင်း"

တကယ်တော့ သူမ ကျန်းဟောက်နှင့် ဆောင်းဟန်ဘင်းကို ကြည့်နေရာမှ သတိမထားမိဘဲ လက်ထိသွားရတာဖြစ်သည်။ သို့ပေမယ့် တန်သည်ဟု ခံစားရသည်။ ဆောင်းဟန်ဘင်းက သူမအနားသို့ရောက်လာကာ ဂရုစိုက်ပေးသောကြောင့် သူမ အရမ်းကိုပျော်ရွှင်နေမိသည်။

ဆောင်းဟန်ဘင်းမှာလဲ သူ့စကားဆုံးသည်နှင့် ဂျန်ယူရီရဲ့တာဝန်ကို သူဘဲ ဆက်လုပ်လိုက်သည်။ ထို့ကြောင့် သူမ ပန်းကန်၊ တူ စသည်ဖြင့် လိုအပ်သည့် ပစ္စည်းတချို့ကို စုစည်းကာ ခြံဝင်းထဲတွင် ပြင်ဆင်ထားသည့် ခုံသို့ ယူသွားပေးလိုက်သည်။

ကျန်းဟောက်လဲ လှည့်ကြည့်နေရာမှ ကြီးကြီးမားမား ဘာမှမဖြစ်တာမို့ သူ့အလုပ်ထဲ သူပြန်၍ အာရုံစိုက်နေလိုက်သည်။ သရက်သီးပြီးနောက် သူပန်းသီးတွေကို ဆက်၍ခွါနေလိုက်သည်။

သူတို့အားလုံးနီးပါးပြင်ဆင်ပြီးချိန်တွင် ည ၇ နာရီ ထိုးခါနီးပြီးဖြစ်သည်။ ပစ္စည်းတော်တော်များများကိုလဲ စားပွဲပေါ်တွင် ခင်းကျင်းထားပြီးကာ ဆောင်းပါးပါးက မီးဖိုအား မီးစမွှေးတော့သည်။

ထိုအချိန်မှာပင် ဆောင်းဟန်ဘင်းတို့ ခြံထဲသို့ ဆိုင်ကယ်ဘီးကြီးတစ်စီး ဝင်ရောက်မောင်းနှင်လာသည်။ မောင်းနှင်လာသူမှာ leather jacket အမဲကို Jean အနက်နဲ့နှင့် တွဲဖက်ဝတ်ဆင်ထား ပြီး ဦးထုတ်ဆောင်းထားတာကြောင့် ဘယ်သူမှန်း ကျန်းဟောက်မသိပေ။ သို့ပေမယ့် အနောက်က လိုက်ပါလာသည့်သူမှာ ကိတ်မုန့်ဖာလေးအား ကိုင်လာတာကြောင့် မတ်သရူးနှင့် ဂွန်ဝုဖြစ်ကြောင်း သူမှန်းဆလိုက်သည်။ မတ်သရူးမှာ အထဲက sleeveless အဖြူနှင့် နက်ပြာရောင် Jean jacket နဲ့ trousers ကို တွဲဖက်ဝတ်ဆင်ထားသည်။

"နောက်ကျနေပြီးတောင်ထင်တာ၊ Ricky တို့ရော မရောက်သေးဘူးလား"

ဆောင်းဟန်ဘင်းက မီးမွှေးကူနေရင်း

"လမ်းကြပ်နေတယ်လို့ပြောတယ်"

ထိုအချိန်တွင် ပတ်ဂွန်ဝုမှာ ကျန်းဟောက်အား မှုတ်ကုတ်ကုတ်မျက်နှာဖြင့် တစ်ချက်ကြည့်လာသည်။

ဒီသူငယ်ချင်းရဲ့ အရှိန်အဝါက အစကတည်းက ခြိမ်းခြောက်နိုင်သည့်အနေအထားရှိတာမို့ ကျန်းဟောက် ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်သည်။

ပြောရင်းဆိုရင်းဖြင့် ခြံထဲကို နောက်ထပ် ကားတစ်စီး ထပ်ဝင်လာလေသည်။ ကားပေါ်မှ ဆင်းလာသည့် leather shoes ကို တွေ့သည်နှင့် ဘယ်သူလဲဆိုတာ မှန်းဆနေစရာပင်မလို။ silky shirt အမဲရောင်ကို အောက်က silver ring style pants အမဲရောင်နှင့် တွဲဖက်ဝတ်ဆင်ထားသည်။ all black ဝတ်ဆင်ထားပေမယ့် Ricky ရဲ့ ကိုယ်ရောင်ကိုယ်ဝါမှ အနည်းငယ်မျှ မှေးမှိန်သွားခြင်းမရှိပေ။

ကျန်းဟောက် ဂယူဘင်အား လှမ်းကြည့်လိုက်တော့ အနက်ရောင်လည်ဝိုက် hoodie အား အခဲရောင်ဖောက်တဲ့ skinny jean pants အပြဲနဲ့ တွဲဖက်ဝတ်ဆင်ထားတာကြောင့် ဂယူဘင်ရဲ့ ခြံတံရှည်တွေကို ပို၍သိသာထင်ရှားစေကာ ဆွဲဆောင်မှုရှိစေသည်။

နောက်ဆုံး သူတို့နဲ့ အတူပါလာသူမှာ ထယ်ရယ်ဖြစ်သည်။ ထယ်ရယ်မှာ အတူပါလာသည့် နှစ်ယောက်မတူစွာပင် over size T-shirt တစ်ထည်ကို အောက်က သက်သောင့်သက်သာရှိစေမည့် ဘောင်းဘီအပွတစ်ထည်နှင့် အလွန်ရိုးရှင်းစွာ ဝတ်ဆင်ထားတာကြောင့် ယခုမှ ရေမိုးချိုးပြီး ထ ထွက်ခဲ့သလိုပင်။ ထို့နောက် သူ့လက်ထဲက ဂစ်တာအိတ်ကို ကျောပေါ်လွယ်ကာ ကျန်းဟောက်တို့ရှိရာသို့ လျှောက်လာနေသည်။

အားလုံးမှာ ဒီဇိုင်းအမိုက်စားများနှင့် ကြည့်ကောင်းနေချိန်မှာ မွေးနေ့ရှင်ဖြစ်တဲ့ ဆောင်းဟန်ဘင်းမှာတော့ sleeveless fit top အမဲရောင်နှင့် အိမ်နေရင်း ဘောင်းဘီအပွအရှည်တစ်ထည်သာ ဝတ်ထားရင်း မီးခိုးတွေကြားထဲ အလုပ်ရှုပ်နေသည်။

ထို့ကြောင့် သူ ဆောင်းဟန်ဘင်း၏ ခါးနားက အင်္ကျီစအား အသာဆွဲကာအနားကပ်၍ ပြောလိုက်သည်။

"မင်း နည်းနည်းလောက် ပိုကောင်းတာလေး ဝတ်သင့်တယ်"

ဆောင်းဟန်ဘင်း မီးခိုးတွေကြားမှ ကျန်းဟောက်အား ကြည့်လာပြီး

"လွယ်လွယ်ချွေးထွက်တတ်လို့လေ သူတို့လိုသာဝတ်ရင် နေနိုင်မှာတောင် မဟုတ်ဘူး"

ဆောင်းဟန်ဘင်းမှာ တကယ်ကိုပင် ချွေးတွေထွက်နေပြီးဖြစ်သည်။ နဖူးတွင်လဲ ချွေးစလေးတွေသီးနေကာ အနည်းငယ်ကြာပါက ချွေးစလေးမှာ နဖူးမှ လည်ပင်းတလျှောက် စီးကျသွားတော့မလိုပင်။ ထို့ကြောင့် ကျန်းဟောက် သူ့လက်ခုံးဖြင့် နဖူးပေါ်မှ ချွေးစတို့ကို သုတ်ပေးလိုက်သည်။ ဆောင်းဟန်ဘင်းကလဲ အလိုက်တသိပင် ခန္ဓာကိုယ်ကို အနည်းငယ်ရှေ့သို့ကိုင်းပေးလာပြီး သူတို့နှစ်ယောက်လုပ်နေသမျှအား ဟန်ယူဂျင်းက လိုက်ကြည့်နေသည်ကိုပင် သတိမထားကြပေ။

အာရမ်ကလဲ သတိထားမိကာ

"အိုပါးတို့က အရမ်း ရင်းနှီးတာဘဲ"

သူတို့ရဲ့ မျက်နှာချင်းဆိုင်တစ်ဖက်ခြမ်းတွင် ရှိနေသည့် အာရမ့်ကိုကြည့်ကာ ကျန်းဟောက် လက်ကိုပြန်ရုတ်လိုက်သည်။

အာရမ်ရဲ့တစ်ဖက်ဘေးတွင် ဂျန်ယူရီကရှိနေတာမို့ ဖြစ်စဉ်တစ်ခုလုံးကို သူမလဲ မြင်လိုက်ရသည်။ သူမ အာရမ်ရဲ့ လက်မောင်းကို ချိတ်ဆွဲလိုက်ပြီး

"ဟုတ်တယ်၊ ကျောင်းမှာဆိုလဲ ဆောင်းဟန်ဘင်းက တို့ကို အချိန်မပေးတော့ဘူး၊ နေ့တိုင်း အထီးကျန်နေရတာ အာရမ်က ပြောကူပါဦး"

ဂျန်ယူရီ၏ စကားကြောင့် အာရမ်က ချောင်းတစ်ချက်ဟန့်ကာ ပြုံးစစဖြင့် သူ့အစ်ကိုအားလှမ်းကြည့်လိုက်ပေမယ့် သူ့အစ်ကိုမှာ ဘာမှမကြားလိုက်သလိုပင် မီးဖိုထဲကိုသာ အပြည့်အဝအာရုံစိုက်နေသည်။

"ဟန်ယူဂျင်းးးး!!!!!"

ဂယူဘင်းက သူ့နာမည်အားခေါ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပြေးလာနေတာကြောင့် ဟန်ယူဂျင်း ကူရာကယ်ရာမဲ့စွာ ဘာလုပ်ရမှန်းမသိတော့ပေ။ ထို့ကြောင့် သူ့အနားတွင်ရှိနေသည့် ကျန်းဟောက်ကို ဆွဲယူကာ နေရာချင်းလဲလိုက်သည်။

ရုတ်တရက် ဆွဲလှည့်ခံလိုက်ရတာကြောင့် ကျန်းဟောက်မှာ ဟန်ချက်ကို မထိန်းနိုင်လိုက်ပေ။ ထို့ပြင် သူ့ထက် ခေါင်းတစ်လုံးနီးပါး ပိုမြင့်ပါသည့် ဂယူဘင်က ပြေးဝင်ကာ ဖက်လာတာမို့ ကျန်းဟောက်မှာ အရှိန်မထိန်းနိုင်တော့ဘဲ နောက်ပြန်လန်ကျတော့သည်။

သို့ပေမယ့် ကံကောင်းစွာပင် ကျန်းဟောက် နောက်ပြန်လန်ကျခါနီးအချိန်တွင် ဆောင်းဟန်ဘင်းက အနားတွင် ရှိနေတာကြောင့် ကျန်းဟောက်၏ ခါးကို လှမ်းဖက်ကာ ထိန်းပေးလိုက်တာကြောင့် ပြုတ်ကျမည့် အန္တရာယ်မှ ထိန်းပေးနိုင်လိုက်သည်။

လူနှစ်ယောက်အားဖြစ်တာမို့ ဆောင်းဟန်ဘင်းမှာလဲ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရပြီး ကျန်းဟောက်မှာ သူ့ရင်ခွင်ထဲသို့ရောက်လာသည့်အခါ သူ ကျန်းဟောက်၏ ခါးကို ပိုတိုး၍ ဖက်လိုက်မိသည်။ အနေအထားမှာ ကျန်းဟောက်က ကြားထဲတွင်ရှိနေပြီး အရှေ့ဘက်မှ ဂယူက လည်ပင်းကို သိုင်းဖက်ထားပြီး အနောက်ဘက်တွင် ဆောင်းဟန်ဘင်းဆီမှ အဖက်ခံထားရသည်။

ကျန်းဟောက် အသိစိတ်ပြန်ကပ်သွားသည့်အချိန်တွင် သူ့ရဲ့လက်ရှိအခြေနေကြောင့် ထိတ်လန့်သွားကာ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားရသည်။ ပြီးနောက် သူ့အရှေ့ဘက်မှ ဂယူဘင်အား တွန်းထုတ်လိုက်လေသည်။ ထိုအခါမှ ဆောင်းဟန်ဘင်းကလဲ သူ့အား လွှတ်ပေးလာသည်။

ပြီးနောက် ဂယူဘင်းအား လက်ညိုးတထိုးထိုးဖြင့် စကားက ပြတ်တောက် ပြတ်တောက်သာထွက်လာသည်။

"မင်းက!!!... မင်းက အမြဲတမ်း...နမော်နမဲ့နဲ့!!"

ပြီးနောက် အလျင်အမြန်ပင် ခုံတစ်ခုံအား ဆွဲယူကာ ထိုင်နေလိုက်တော့သည်။

ဂယူဘင်းကတော့ ကျန်းဟောက်အား ဂရုမစိုက်။ ဟန်ယူဂျင်းကိုသာ ဆက်၍ လိုက်ဖမ်းနေတော့သည်။ ဖြစ်စဉ်တစ်ခုလုံးရဲ့ တရားခံလေး ဟန်ယူဂျင်းမှာလဲ ဖြစ်ပျက်သွားသမျှကို ဂရုမစိုက်အားဘဲ အလျင်အမြန်ဘဲ ပြေးရတော့သည်။

နောက်ဆုံးတွင်တော့ ဟန်ယူဂျင်းတစ်ယောက် ဂယူဘင်းလက်ထဲမှပြေးမလွတ်နိုင်ခဲ့ပါ။ သူအဖမ်းခံရသည်နှင့် အတင်းအကြပ်ဖက်ကာ သူ့အား နမ်းပါတော့သည်။

ဂယူဘင်းမှာ ဟန်ယူဂျင်းကို အရမ်းချစ်တဲ့သူဖြစ်သည်။ ကျန်းဟောက်ကိုဆို မထိတထိစပေမယ့် ဟန်ယူဂျင်းနဲ့ဆိုလျှင့် အတင်းအကြပ် မရမက လိုက်ဖက်ကာ အာဘွားတွေ ပေးပစ်တော့သည်။ သူ့မှာ ထိုကလေးကို အသည်းယားလွန်းတာကြောင့် ပါးလေး ဆွဲလိုက်၊ နှာခေါင်းလေးညှစ်လိုက်ဖြင့် နောက်ဆုံးမနေနိုင်ပါက ပါးကို တမွမွနဲ့ နမ်းတတ်တာကြောင့် ဟန်ယူဂျင်းမှာ သူ့အား မြင်သည်နှင့် ရှောင်းတိမ်းက ပြေးပုန်းတော့တာပင်။ ယခုလဲ ခြံထဲတွင် ဟန်ယူဂျင်း၏ ငြင်းဆို အော်ဟစ်သံကြောင့် ဆည်ကားနေပြီးဖြစ်သည်။

ထိုအချိန်တွင် ဆောင်းမားမားနှင့် ပါးပါးမှာ ဟင်းရည်အိုးတွေကို အိမ်ထဲမှ သယ်ထုတ်လာနေကြသည်။

ပြီးနောက် ခြံထဲပြေးလွှားဆော့ကစားနေကြသည့် ယုန်ပေါက်လေးနှင့် ခွေးပေါက်လေးကိုကြည့်ကာ ပြုံးလိုက်ကြသည်။

"ဂယူဘင် ရောက်မှဘဲ ပွဲစည်တော့တယ်...."

"ကလေးတွေ... လူစုံကြပြီလား၊ အားလုံးစုံရင် စကြမယ်"

ဆောင်းမားမားနှင့်ပါးပါးတို့၏ စကားကြောင့် အကုန်လုံး နေရာယူကာ ဝင်ထိုင်လိုက်ကြသည်။

ကျန်းဟောက်မှာမူ ထိုင်ခုံယူကာ ဝင်ထိုင်ပြီးကတည်းက ဘယ်နေရာကိုမှ လိုက်မကြည့်တော့ဘဲ ကုတ်ကုတ်လေးသာ ထိုင်နေသည်။ ဆောင်းဟန်ဘင်း လှည့်ကြည့်လိုက်သည့်အခါတွင် ခြံဝင်းထဲရှိ မီးအရောင်၏ အကူညီဖြင့် ကျန်းဟောက်၏ နီရဲနေသည့် နားနှစ်ဖက်နှင့် လည်ပင်းအား တွေ့လိုက်ရသည်။

==============

Tbc.........

1 January,2025

အားလုံးဘဲ နှစ်သစ်မှာပျော်ရွှင်ပါစေနော်🩵

နှစ်သစ်လက်ဆောင်အနေနဲ့

အဆင်ပြေမယ်ဆိုရင် ကိုယ့်ရဲ့ My other half လေးကိုဖတ်ပြီး ဘယ်လိုခံစားရတယ်ဆိုတာလေးပြောပြပေးသွားကြပါနော် 🥺🫶