Chapter 21: အပိုင်း (၂၀) Your name

My other halfWords: 37389

"အပူချိန်က အဆင်ပြေရဲ့လား အေးနေလား?"

"ငါကအဆင်ပြေတယ်၊ အနွေးထည်ဝတ်ထားလို့ရတယ်၊ မင်းက ပူတတ်တယ်မလား?"

ဒီညအဖို့ ကျန်းဟောက်နှင့် ဟန်ယူဂျင်းမှာ အိမ်ကိုမပြန်ဖြစ်ဘဲ ဆောင်းဟန်ဘင်းတို့အိမ်တွင် တစ်ညအိပ်ရန်ဖြစ်လာခဲ့သည်။ Ricky တို့ သုံးယောက်မှာတော့ driver က လာကြိုတာမို့ ပြန်ကြပေမယ့် ဆိုင်ကယ်နှင့်လာကြသည့် မတ်သရူးနှင့် ဂွန်ဝုမှာလဲ ညည့်နက်တာကြောင့် မပြန်ဖြစ်ဘဲ ဆောင်းဟန်ဘင်း၏ အိမ်တွင်သာ အိပ်ဖြစ်ကြသည်။

မတ်သရူးတို့က guest room ကိုသုံးတာကြောင့် ကျန်းဟောက်က ဆောင်းဟန်ဘင်းနှင့် အခန်းမျှသုံးရသည်။ ဆောင်းဟန်ဘင်း၏ ကုတင်မှာ တစ်ယောက်အိပ်ထက် အနည်းငယ်ကြီးပေမယ့် 180 cm ရှိတဲ့ လူနှစ်ယောက်အတူအိပ်ဖို့အတွက်ဆို သက်သောင့်သက်သာမရှိတာကြောင့် ကျန်းဟောက်တွက် ဆောင်းဟန်ဘင်းက ကြမ်းခင်းပေါ်တွင် အိပ်ရာပြင်ပေးထားသည်။

ဆောင်းဟန်ဘင်းက သူ့အား ကုတင်ကို ပေးသုံးကာ ကြမ်းခင်းပေါ် ဆင်းအိပ်မည်ပြောပေမယ့် ကျန်းဟောက်က ဧည့်သည်ဖြစ်တာမို့ သူသာ အောက်တွင် အိပ်ဖို့ရွေးချယ်ခဲ့သည်။

ဆောင်းဟန်ဘင်း အဲကွန်းအပူချိန်အား ညှိပေးလိုက်ပေမယ့် ကျန်းဟောက်မှာ အနွေးထည်ကိုဝတ်ထားဆဲပင်။

ပြီးနောက် သူကအရင်ဦးစွာနေရာယူပြီး လှဲချလိုက်တာကြောင့် ဆောင်းဟန်ဘင်းက night stand ပေါ်က မီးအိမ်လေးကိုသာ ဖွင့်ထားပြီး အခန်းမီးအားပိတ်ကာ အိပ်ရာဝင်တော့သည်။

ကျန်းဟောက်မှာ အိပ်မပျော်သေးပေ။ သူ WeChat မှတဆင့် သူ့အဖေအား ဒီနေ့ ရိုက်ထားသည့်ပုံလေးတွေကို ပို့ပေးလိုက်သည်။ ဒီနေ့ညမှာ သူစိတ်အခြေနေကောင်းနေတာကြောင့် သူ့အဖေအား စာတွေပို့နေမိသည်။

Zhalways_1 : ဒီနေ့ပျော်ခဲ့ရတယ်၊ ဒီက သူငယ်ချင်းအသစ်တွေက အရမ်းကောင်းကြတယ်

Photo

Photo

Photo

Photo

Video

ပုံထဲတွင် သူတို့အချင်းချင်း ကိတ်မုန့်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လိုက်သုတ်ကာဆော့ထားကြတာကြောင့် ချောမောကြတဲ့မျက်နှာများမှာ အနည်းငယ် မသပ်မရပ်ဖြစ်နေကြပေမယ့် အပြုံးကိုယ်စီဖြင့် ကြည်နူးစရာ ခံစားချက်မျိုးပေးတာကြောင့် ကျန်းဟောက် ထိုပုံလေးကို ခနခနပြန်ကြည့်နေမိသည်။ Video မှာတော့ Taerae show မှ video အပိုင်းတိုလေးဖြစ်သည်။

ညနက်နေပြီးမို့ ကျန်းပါးပါးမှာ စာမပြန်လာပေ။ ထို့ကြောင့် ကျန်းဟောက် WeChat မှထွက်လိုက်ပြီး သူတို့ ရိုက်ထားခဲ့ကြသည့်ပုံများကို ပြန်ကြည့်နေလိုက်သည်။

"ကျန်းဟောက်?"

ဆောင်းဟန်ဘင်းမှာ အတန်ကြာသည်ထိ တိတ်ဆိတ်နေပေမယ့် အိပ်မပျော်ဘဲသေးဘဲရှိ၏။

"ဟင်?"

ကျန်းဟောက် ဖုန်းကိုပိတ်ကာ ဆောင်းဟန်ဘင်းပြောလာမည်ကို နားစွင့်နေလိုက်သည်။ အခန်းထဲတွင် တိတ်ဆိတ်နေကာ မှိန်ပျပျ မီးအရောင်ကြောင့် လွန်စွာသက်သောင့်သက်သာရှိလှသည်။အဲကွန်းဆီမှထွက်လာသည့်အသံတစ်ခုတည်း ရှိနေတာမို့ သူတို့ နှစ်ယောက်၏ စကားသံမှာ တိုးလျနေပေမယ့် ကြားနိုင်သည့်အနေထားဖြစ်သည်။

"အိပ်နေပြီလား"

"မအိပ်သေးဘူး"

ဆောင်းဟန်ဘင်းမှာ အချိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ပြီး ဘာမှဆက်မပြောလာခဲ့ပေ။

"ဟန်ဘင်း?"

"........"

ဆောင်းဟန်ဘင်းက အိပ်ပျော်သွားပုံရသည်။ ထို့ကြောင့် အချိန်လဲ မနည်းတော့တာမို့ ကျန်းဟောက်လဲ အိပ်ဖို့ အသင့်ပြင်လိုက်သည်။

"တရုတ်ကိုပြန်မှာလား"

"ဟင်?"

ဆောင်းဟန်ဘင်း၏အသံမှာ တိုးလျတာမို့ ကျန်းဟောက် သေချာမကြားလိုက်ရပေ။

"နွေရာသီပိတ်ရက်မှာ တရုတ်ကိုပြန်မှာလား?"

ပြန်ရမလား၊ ကိုးရီးယားတွင်ဆက်နေခဲ့ရမလားဆိုတာ ကျန်းဟောက် မဆုံးဖြတ်ရသေးပေ။

"ငါမစဉ်းစားရသေးဘူး"

"......."

ဆောင်းဟန်ဘင်းက ထပ်မံ၍တိတ်ဆိတ်သွားပြန်သည်။ ထို့ကြောင့် ကျန်းဟောက် စကားထပ်ပြောဖို့ ကြိုးစားလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"ငါတို့.....နွေရာသီကျရင် လေ့လာရေးခရီးအတူသွားရအောင်"

ဆောင်းဟန်ဘင်း၏ အသံမှာ ပုံမှန်နှင့်မတူစွာ နူးညံ့လို့နေသည်။ အိပ်ချင်မူတူး ဖြစ်နေတာကြောင့်လဲဖြစ်နိုင်သည်။ အတူသွားရအောင်ဟု တောင်းဆိုနေပါသည့်တိုင် ငြင်းဆန်လာမှာကိုလဲ လက်ခံဖို့ အဆင်သင့်ပြင်ထားသည့်နှယ်၊ ထို့ပြင် ငြင်းဆန်လိုက်ပါက စိတ်မကောင်းဖြစ်လိမ့်မည်ဟု အရိပ်အမြွတ်ပေးနေသလိုပင်။

ဆောင်းဟန်ဘင်း၏ စကားအဆုံးတွင် ကျန်းဟောက် ခေါင်းထဲဗလာဖြစ်သွားကာ ထူပူသွားရသည်။ သူအရင်က ဆောင်းဟန်ဘင်း၏ voice mail ကို နားထောင်ခဲ့စဉ်က ခံစားချက်မျိုး တစ်ဖန်ထပ်ပေါ်လာသည်။

ရုတ်တရက်ဆိုသလို သူ့ အတွေးထဲဝင်လာသည်က-

ဆောင်းဟန်ဘင်း၏ အခန်း

ဆောင်းဟန်ဘင်း၏ အိပ်ရာ

ဆောင်းဟန်ဘင်း၏ အဝတ်အစား

ဆောင်းဟန်ဘင်း၏ ရနံ့

ဆောင်းဟန်ဘင်း၏ တောင်းဆိုလာသည့် နူးညံ့တဲ့အသံ

သူ့စိတ်ကိုရော ခန္ဓာကိုရော ဆောင်းဟန်ဘင်းနှင့် ပတ်သက်သည့်အရာများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ ထိုအတွေးက သူ့ခေါင်းထဲဝင်လာသည်နှင့် ကျန်းဟောက်မှာ မလှုပ်ဝံ့တော့သလို အသံလဲမပြုဝံ့တော့ပေ။

အချိန်တစ်ခုကြာသည်အထိ ကျန်းဟောက်ဘက်က တုံ့ပြန်မှုမရှိတော့တာကြောင့်-

"အိပ်တော့....good night"

"ငါ...."

"..........."

ကျန်းဟောက်၏အတွေးတို့လွန်ဆွဲနေရာမှ ရုန်းထွက်လိုက်ပြီး

"အတူသွားကြရအောင်"

ဆောင်းဟန်ဘင်း အပေါ်ကမျက်နှာကျက်ကိုကြည့်ရင်း စိတ်ကျေနပ်စွာပြုံးလိုက်သည်။

"ကောင်းပြီ၊ အိပ်တော့ မနက်ကျ ကျောင်းသွားရဦးမယ်"

"အင်း မင်းရော"

ထို့နောက် ကျန်းဟောက် ကုတင်ရှိရာ ဆန့်ကျင်ဘက်ဆီ မျက်နှာမူပြီး စောင်ကို ခေါင်းထိခြုံကာ အိပ်ဖို့ကြိုးစားလိုက်တော့သည်။

တီ....တီ....တီ....တီ.......

နှိုးစက်ကြောင့် ဆောင်းဟန်ဘင်းမှာ အိပ်စက်နေရာမှ နိုးလာခဲ့သည်။ သူ နှိုးစက်ကိုပိတ်ကာ ကြည့်လိုက်တော့ ကုတင်ဘေးနေရာရှိ ကြမ်းခင်ပေါ်တွင် ကျန်းဟောက်မှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေဆဲဖြစ်သည်။

Hoodie ကခေါင်းစွပ်ကို စွပ်ထားတာကြောင့် မျက်နှာလေးတစ်ဝိုက်ကိုသာ မြင်ရပြီး ကျန်တစ်ကိုယ်လုံးမှာတော့ စောင်ထဲမြုပ်နေဆဲပင်။ နှာခေါင်းထိပ်လေးက သာမန်ထက်ကို အနည်းငယ်နီနေကာ နီရဲရဲနှုတ်ခမ်းလေးတစ်စုံမှာလဲ အနည်းငယ်ပွင့်ဟနေပြီး လွန်စွာမှ အပြစ်ကင်းစင်အောင် အိပ်ပျော်နေသည်။ ဆောင်းဟန်ဘင်းကြည့်နေတုန်းမှာပင် ကျန်းဟောက်မှာ နှာတစ်ချက်ရှုံ့လိုက်ပြီး တစ်ဖက်သို့လှည့်သွားသည်။

ကျန်းဟောက်ကို မိနစ်အနည်းငယ်ပိုအိပ်စေလိုက်ပြီး သူကိုယ်တိုင်ကတော့ ထ ကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

ရေချိုးခန်းထဲမှ လှုပ်ရှားသံများကြောင့် ကျန်းဟောက် အိပ်ရာမှ နိုးလာသည်။ သူထင်သည့်အတိုင်းပင် ကုတင်ပေါ်တွင် ဆောင်းဟန်ဘင်းကရှိမနေပါ။ ထို့ကြောင့် သူအိပ်ရာမှထကာ အိပ်ရာကို သေချာပြန်ခေါက်ပေးထားလိုက်သည်။

ထို့နောက် ရေချိုးခန်းတံခါးက ဒီအတိုင်းသာဖွင့်ထားတာမို့ ကျန်းဟောက် လိုက်ဝင်သွားသည့်အခါ ဆောင်းဟန်ဘင်းမှာ  အဝတ်လျှော်စက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းတကုတ်ကုတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ"

အိပ်ရာကထခါစမို့ ကျန်းဟောက်၏အသံမှာ အက်ရှနေပြီး နှာသံလေးစွတ်နေသည်။

သူ့နောက်ဘက်မှ ကျန်းဟောက်၏ အသံကြားလိုက်ရတာကြောင့် ဆောင်းဟန်ဘင်းမှာ အားနာသည့် အကြည့်မျိုးဖြင့် လှည့်ကြည့်လာပြီး-

"ငါ မင်းရဲ့ကျောင်းအင်္ကျီကို ဖျက်ဆီးလိုက်မိပြီးထင်တယ်"

မနေ့က ကျောင်းဝတ်စုံကို သူကိုယ်တိုင် သေချာခေါက်ကာ ဘေစင်ပေါ်တွင် တင်ထားခဲ့တာဖြစ်တာကြောင့် ဆောင်းဟန်ဘင်း၏ ဆိုလိုရင်းကို ကျန်းဟောက် နားမလည်တာမို့ သူပြန်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

"ဒီနေ့ကျောင်းသွားရင် မင်းဝတ်စရာမရှိမှာစိုးလို့ လျှော်ပေးလိုက်တာ.....

ဒါပေမယ့် ငါ ကျောင်းဝတ်စုံကို ဆပ်ပြာရည်ထဲ တစ်ညလုံးစိမ်ထားလိုက်မိတယ်"

ကျောင်းဝတ်စုံကိုလျှော်ထားပြီးနောက် ရေမသွန်မိဘဲ ထားမိရာကနေ တစ်ညလုံးကြာသွားတာမို့ ကျန်းဟောက်၏ ကျောင်းဝတ်စုံလေးမှာ အနံ့ဆိုးလေးတောင် ထွက်နေသေးသည်။

"ငါ အိမ်ပြန်ပြီးလဲလိုက်မယ်လေ၊ ကိစ္စမရှိဘူး....ဟတ်ချိုးးးး"

ကျန်းဟောက် နှာတစ်ချက်ချေလိုက်ကာ လက်ခါပြရင်း မျက်နှာသစ်ရန် ပြင်လိုက်သည်။ ဆောင်းဟန်ဘင်းက သူ့အတွက် သွားတိုက်တံအသစ်တစ်ချောင်း ထုတ်ထားပေးသည်။

"ဒါပေမယ့် အိမ်နဲ့ကျောင်းက ဝေးတယ်၊ မင်း အိမ်ပြန်လို့မှီပါ့မလား?"

"အာ~ ဟုတ်သားဘဲ"

"......."

"........"

နောက်ဆုံး သူ ဆောင်းဟန်ဘင်း၏ ကျောင်းဝတ်စုံကိုသာ ငှါးဝတ်လိုက်ရသည်။ Z အထက်ကျောင်း၏ ကျောင်းဝတ်စုံမှာ ကိုယ်တိုင်းဖြင့်ချုပ်ထားတာမို့ ကျန်တာအဆင်ပြေပေမယ့် ပုခုံးလေး နည်းနည်းကျနေသည်။ နွေဦးရာသီဖြစ်တာကြောင့် သူတို့ ကျောင်းအမှတ်တံဆိပ်ပါသည့် ရှပ်လက်တိုအဖြူလေးသာ ဝတ်ဆင်ရတာဖြစ်သည်။

"ကလေးတွေ နိုးကြပြီလား၊ ဂွန်ဝုနဲ့ မတ်သရူးက အစောကြီးပြန်သွားကြပြီး၊ ယူဂျင်းက မနက်စာတောင် စားပြီးတော့မယ်"

သူတို့နှစ်ယောက်အပေါ်ထပ်က ဆင်းလာချိန်တွင် ဟန်ယူဂျင်းနှင့် အာရမ်မှာ မနက်စာ အတူစားနေကြကာ ကျောင်းသွားရန်အဆင်သင့်ဖြစ်နေကြပြီးဖြစ်သည်။

စားပွဲခုံမှာ ဝင်ထိုင်ရင်း ကျန်းဟောက် နှာထပ်ချေလိုက်မိသည်။

ဆောင်းပါးပါးက မနက်စာ စားနေရာမှ မော့ကြည့်လာပြီး

"အအေးပတ်သွားတာလား?"

"ကျွန်တော်အဆင်ပြေပါတယ်"

ဆောင်းမားမားက သူတို့နှစ်ယောက်တွက် မနက်စာယူလာပေးရင်းပြောလာသည်။

"ဟန်ဘင်းက အရမ်း အအေးကြိုက်တာ၊ ပူလဲ ပူလွယ်တော့ အဲကွန်းလဲ တအားသုံးတာ၊ ကျန်းဟောက်လေးတော့ မနေ့ညကအေးနေတော့မှာဘဲ"

"အဲ့လိုမဟုတ်ပါဘူး၊ ကျွန်တော်ကိုက အအေးဓာတ်သိပ်မခံနိုင်တာပါ"

ဆောင်းဟန်ဘင်း၏အပြစ်လို့လဲ ဆိုလို့မရပေ။ မနေ့ညက ခြံဝင်းထဲမှာ ရှိနေစဉ်ကတည်းက ညည့်နက်လာသည့်အခါတွင် သူ အအေးဒဏ်ကို စပြီးခံစားလိုက်ရတာဖြစ်သည်။ တကယ်ဆို ဆောင်းဟန်ဘင်းက သူ့နှင့်အဆင်ပြေအောင် ဂရုစိုက်ခဲ့ပေးပေမယ့် ကျန်းဟောက်ကိုက အအေးကြောက်သူဖြစ်ကာ မခံနိုင်ဘဲရှိ၏။ ကျန်းဟောက်နေနိုင်သည့် အပူချိန်နဲ့သာဆို ဒီနေ့မနက်ရောက်သည့်အခါ ချွေးဖြင့်အအေးပတ်သွားသူမှာ ဆောင်းဟန်ဘင်းဖြစ်နေလိမ့်မည်။ ထို့နောက် ကိုယ်လက်လဲ အနည်းငယ်နာနေသလို ခံစားနေရပေမယ့် ဘာမှမဖြစ်သလိုသာနေလိုက်သည်။

"အခု မနက်စာ စားလိုက်၊ ပြီးရင် အန်တီ ဆေးတိုက်မယ်နော်"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"

ပြီးနောက် သူတို့ မနက်စာ အမြန်စားလိုက်ကြသည်။ မနက်စာ စားနေသည့်တစ်ချိန်လုံး အာရမ်မှာ သူတို့နှစ်ယောက်၏ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်နေခဲ့ပြီး မေးထောက်ကာ ပြုံး၍ ကြည့်နေခဲ့သည်။

ဆောင်းဟန်ဘင်း သည်းမခံနိုင်တော့တာမို့ ညီမဖြစ်သူအားကြည့်ကာ လေသံဖြင့် မေးလိုက်သည်။

"ဘာလဲ?"

သူ့အစ်ကိုမှာ အပြစ်ကင်းစင်သည့် မျက်နှာလေးဖြင့် ဘာတစ်ခုမှ သတိထားမိပုံမပေါ်။ ထို့ကြောင့် အာရမ် မျက်လုံးတို့ကိုမှေးကျဉ်းကာ လှောင်ပြုံးလေးဖြင့်

"ကိုယ့်ဟာကိုယ် မြန်မြန်ပြီးအောင် စားစမ်းပါ၊ ကျောင်းသွားချင်နေပြီး"

အာရမ်ကလဲ လေသံလေးနဲ့ ပြန်ပြောလာတာမို့ ကျန်းဟောက်ပါ မော့ကြည့်မိလိုက်သည်။ အာရမ်ကလဲ အချိန်ကိုက်ပင် သူ့အားပြန်ကြည့်လာသည်။

သူ့အစ်ကိုရဲ့ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အစ်ကိုချောချောလေးမှာ နှာခေါင်းထိပ်တွင် အနည်းငယ်နီမြန်းနေသည်။ အိပ်ရာထကာစမို့ ပါးလေးနှစ်ဖက်မှာ မို့အစ်နေပြီး မျက်လုံးအဝိုင်းသားနှင့် ကြောင်အ ကာ သူ့ကို ကြည့်လာသည့်အခါ အလွန်ချစ်ဖို့ကောင်းနေသည်။

ထို့ကြောင့် အာရမ် ကြည့်ရင်း အူယားလာတာမို့ လက်သီးဆုတ်လိုက်မိပြီး မျက်လုံးတို့မှိတ်သွားတော့မတတ် ပြုံးပြကာ ခေါင်းခါပြရင်း

"ဟင့်အင်း.... ဘာမှမဟုတ်ဘူး ကောက ဖြည်းဖြည်းစား"

ဘေးနားမှဟန်ယူဂျင်းကလဲ မနေနိုင်စွာ ထ ပြောလာသည်။

"မျက်နှာလိုက်ချက်ဘဲ"

ဟန်ယူဂျင်းဘက်လှည့်သွားသည့်အချိန်တွင် အာရမ်၏ မျက်နှာအမူအရာမှာ ချက်ချင်းကိုပြောင်းသွားပြီး မျက်စောင်းတစ်ချက်က ဟန်ယူဂျင်းထံ တည့်တည့်ရောက်သွားသည်။

"နင်ဆိုလဲ အဲ့လိုဘဲဖြစ်မှာ"

"မှန်တယ်"

ဟုဆိုကာ မသောက်ရသေးသည့် သူ့ရဲ့ ရေခွက်လေးကို ကျန်းဟောက်ရှေ့နားသို့ တိုးပေးလိုက်သည်။ သူ့ရှေ့ရှိအငယ်နှစ်ယောက်ကြောင့် ဆောင်းဟန်ဘင်း ခေါင်းကိုအသာခါရင်း သက်ပြင်းသာ ချလိုက်သည်။

မနက်စာ စားပြီးသွားတော့ ဆောင်းမားမားက ကျန်းဟောက်အား ဆေးတစ်ခွက်တိုက်သည်။ ဆေးသောက်ပြီးသည်နှင့် သူတို့လေးယောက်ကို ဆောင်းပါးပါးက ကားဖြင့် ကျောင်းသို့ လိုက်ပို့ပေးသည်။

"ဖေဖေ.....အိုပါးတို့ကို အရင်ပို့ပေးလိုက်နော်"

ဆောင်းပါးပါးက သမီးဖြစ်သူစကားအတိုင်း ခေါင်းညိတ်လာပေမယ့် ကျောင်းဝတ်စုံမလဲရသေးသည့် ဟန်ယူဂျင်းက လက်မခံပေ။

"ငါ ကျောင်းဝတ်စုံမလဲရသေးဘူးလေ၊ အဆောင်အမြန်ပြန်လဲရမှာ"

"နင်ဘာလို့တစ်ခါတည်း မယူခဲ့တာလဲ"

"ငါ အဆောင်မှာပြန်လဲလို့ရနေတာမို့လို့ပေါ့"

"အဖေ.... အာရမ်တို့ကိုဘဲ အရင်ပို့ပေးလိုက်ပါ၊ ကျွန်တော်တို့က အဆင်ပြေတယ်"

ဆောင်းဟန်ဘင်းကဝင်ပြောပြီးနောက် ဆောင်းပါးပါးမှာ အာရမ်ဘက်လှည့်ရင်း

"ဖေဖေ သမီးတို့ကိုဘဲ အရင်ပို့ပေးလိုက်မယ်၊ ယူဂျင်းနောက်ကျနေလိမ့်မယ်"

သူမနှင့် ဟန်ယူဂျင်းကို အရင်ပို့တာက ကျိုးကြောင်းသင့်လျော်တာမို့ အာရမ် ငြိမ်နေလိုက်ရသည်။

"ဘယ်နားက နေထိုင်မကောင်းလို့လဲ"

သူ့ဘေးရှိ ကျန်းဟောက်မှာ ခန ခန ဇက်ချိုးကာ လည်ပင်းကို နှိပ်နေသည်အား ဆောင်းဟန်ဘင်း သတိထားမိလိုက်သည်။ ကြမ်းခင်းပေါ်တွင် အိပ်ရာခင်းအပါးနှင့်သာ အိပ်ခဲ့ရတာမို့ ကိုယ်လက်နာနေပုံရသည်။

"အင်း.... နည်းနည်း မအီမသာဖြစ်လာသလိုဘဲ"

"နှိပ်ပေးရမလား"

ဟုဆိုကာ ကျောင်းသို့သွားရာ လမ်းတစ်လျှောက်တွင် ကျန်းဟောက်၏ လည်ပင်းနှင့် ပုခုံးကို ဆောင်းဟန်ဘင်းက နှိပ်ပေးနေခဲ့သည်။ နှိပ်နေရင်းမှတဆင့် ကျန်းဟောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို စမ်းကြည့်သည့်အခါ နွေးနွေးလေးဖြစ်နေတာမို့ ပုံမှန်အပူချိန်ဟု ယူဆလို့ရသည်။

"တစ်နေရာရာက နေထိုင်မကောင်းဖြစ်တယ်ဆို ပြောနော်"

"အန်တီကလဲ ဆေးတိုက်ထားသေးတော့ အဆင်ပြေမှာပါ"

"အင်း တစ်ခုခုဆိုပြော"

ကျန်းဟောက် ခေါင်းသာညိတ်ပြလိုက်သည်။

"ဒါဆို ငါသွားပြီ"

သူတို့ကျောင်းသို့ရောက်သည့်အခါ ဆောင်းဟန်ဘင်းက ကျန်းဟောက်ကို သူ့အခန်းရှေ့ရောက်သည်အထိ လိုက်ပို့ပေးပြီးမှ သူ့အခန်းရှိရာသို့ ပြန်သွားသည်။

သူတို့ မိနစ်အနည်းငယ်က မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်ဖြစ်နိုင်သည်။ ကျန်းဟောက်အတန်းထဲဝင်လာသည့်အခါ အခန်းထဲရှိ ကျောင်းသူများမှာ ကျန်းဟောက်အား ကွက်ကြည့် ကွက်ကြည့် လုပ်လာကြသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် နေထိုင်မကောင်းချင်ဖြစ်နေတာမို့ ထိုအကြည့်တွေကို ဂရုစိုက်ဖို့ အား သူ့မှာမရှိပေ။

"အတန်းခေါင်းဆောင်.... အိမ်စာထပ်ထားတဲ့ စာအုပ်တွေလာယူလို့ရပြီးတဲ့"

"Okay"

တခနကြာတော့ အခန်းထဲကလူများမှာ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ပြန်ရှုပ်သွားကြသည်။ 1(B) ရဲ့ မနက်ခင်းလေးမှာ ပုံမှန်အတိုင်းသာ လည်ပတ်နေသည်။

စာအုပ်သွားယူတဲ့ မိန်းကလေးအတန်းခေါင်းဆောင်နဲ့ အတန်းဖော်တစ်ယောက်က ပြန်ရောက်လာပြီးနောက် စာအုပ်တွေကို ပြန်ဝေပေးနေလေသည်။

"ဆောင်းဟန်ဘင်း"

"........."

ဆောင်းဟန်ဘင်းက သူတို့အခန်းမှမဟုတ်ပေ။ သို့ပေမယ့် အတန်းခေါင်းဆောင်က စာအုပ်ဝေနေရင်း ဆောင်းဟန်ဘင်း၏ နာမည်အား ခေါ်လိုက်သည်ကို ကျန်းဟောက် အသေချာကို ကြားလိုက်တာဖြစ်သည်။

ကျန်းဟောက်အား ပို၍ရှုပ်ထွေးသွားစေသည့်အကြောင်းမှာ အားလုံးနီးပါးက သူ့ကိုကြည့်နေတာပင်။ စင်မြင့်ပေါ်မှ စာအုပ်ဝေပေးနေသည့် အတန်းခေါင်းဆောင်မှာ ကျန်းဟောက်အား ပြုံး၍ ကြည့်လာပြီး စာအုပ်လာယူရန် ပြောလေသည်။

"ဆောင်းဟန်ဘင်း.... စာအုပ်လာယူပါဦး"

ကျန်းဟောက်ကြည့်လိုက်တော့ အတန်းခေါင်းဆောင်ကိုင်ထားသည်မှာ သူ့စာအုပ်ဖြစ်သည်။ ထို့ကြောင့် ကျန်းဟောက် ယောင်နနဖြင့် ထ သွားပြီး စာအုပ်ကို သွားယူလိုက်သည်။

သူ့ရဲ့ထိုင်ခုံနေရာကို ပြန်ရောက်သည်အထိ ကျန်းဟောက်မှာ ဘာကိုမှသဘောမပေါက်သေးပေ။ သူရဲ့ စာအုပ်ကိုကြည့်လိုက်တော့လဲ ကျန်းဟောက် ဟုသာ နာမည်ရေးထားတာဖြစ်သည်။

ကျန်းဟောက် မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်ဖြင့် စာအုပ်လေးအား ကြည့်နေချိန် သူ့ရှေ့ခုံမှ ကျောင်းသူက အနောက်ဘက်သို့ လှည့်လာပြီး

"ဆောင်းဟန်ဘင်း.... နင့်မှတ်စုစာအုပ်လေး ခနပြကြည့်လို့ရလား? ငါ 5.(c) ကို ဘာမှားနေတာလဲ နားမလည်လို့"

"အယ်....."

ထိုကျောင်းသူလေးမှာ သူ့ခွင့်ပြုချက်ပင် မစောင့် ပြုံးပြရင်း သူ့စာအုပ်ကိုယူကာ ပြန်လှည့်သွားသည်။

သူ့ဘေးက မတ်သရူးမှာလဲ အခြေနေကို နားမလည်ဘဲရှိနေ၏။

"မင်းကို ဘာလို့ ဆောင်းဟန်ဘင်းလို့ ဝိုင်းခေါ်နေကြတာလဲ"

".........ငါလဲ ဘယ်သိမလဲ"

"မင်း ကျောင်းဝတ်စုံက နည်းနည်းကြီးနေသလိုဘဲ"

"အင်း ငါဆောင်းဟန်ဘင်းရဲ့ဟာကို ဝတ်ထားတာ"

ထိုအခါမှ မတ်သရူး သဘောပေါက်သွားရသည်။ သူ ကျန်းဟောက်၏ ရင်ဘက် ဘယ်ဘက်ခြမ်းကို လက်ညိုးထိုးပြလိုက်သည်။

"ဒီဟာကြောင့်ဘဲ၊ ဒီဟာကြောင့် သူတို့ မင်းကို ဝိုင်း စ နေကြတာ"

ကျန်းဟောက် သူ့ရင်ဘက်ကို ငုံ့ကြည့်လိုက်တော့ ဘယ်ဘက်ခြမ်းတွင်ရှိတတ်သည့် ကျောင်းသား၏အမည်မှာ ဆောင်းဟန်ဘင်း ဖြစ်နေပြီး ထိုနာမည်၏အောက်တွင် သူတို့ကျောင်းရဲ့ အမှတ်တံဆိပ်လေးရှိနေသည်။

ကိုးရီးယားတွင် ကျောင်းတော်တော်များများက name tag ကို အသုံးပြုကြပေမယ့် အနည်းစုကသာ ကျောင်းအင်္ကျီတွင် နာမည်ကိုထည့်ချုပ်ကြတာဖြစ်သည်။ ထိုကျောင်းအနည်းစုထဲတွင် Z အထက်အတန်းကျောင်းကလဲ အပါအဝင်ဖြစ်သည်။

နွေရာသီအတွက် ဝတ်စုံတွင်တော့ ရှပ်အဖြူတစ်ထည်သာဖြစ်ပြီး ကျောင်းသားရဲ့နာမည်ပါဝင်သည်။

ဆောင်းရာသီတွက် ဝတ်စုံတွင်တော့ ဆွယ်တာ သို့မဟုတ် vest နဲ့အတူ အပြင်က ကျောင်းအမှတ်တံဆိပ်ပါတဲ့ coat တစ်ထည်အား ထပ်၍ ဝတ်ဆင်ရတာကြောင့် ဆောင်းရာသီဝတ်စုံအတွက်မှ name tag လိုအပ်တာဖြစ်ပြီး နွေရာသီဝတ်စုံတွင်မလိုအပ်ပေ။

ထို့ကြောင့် သူ ဆောင်းဟန်ဘင်း၏ အင်္ကျီကိုဝတ်ထားမှန်း လူတိုင်းသိနိုင်တာဖြစ်သည်။ ဖြစ်စဉ်ကို သဘောပေါက်သွားသည့်ကျန်းဟောက်တစ်ယောက် အခန်းထဲက မိန်းကလေးများ၏ ပြုံးစိစိအကြည့်များကို မခံနိုင်တော့တာကြောင့် စာအုပ်တစ်အုပ်ကို ဖွင့်ကာ သူ့မျက်နှာအား ကွယ်ထားလိုက်ရသည်။

=================

Tbc...........

4 January, 2025