Chapter 22: အပိုင်း (၂၁) ငါက ဘယ်လိုလုပ် မင်းကိုဆူရက်မှာလဲ?

My other halfWords: 48920

ညနေ နေစောင်းလာသည်နှင့်အမျှ ကျန်းဟောက်၏ ခန္ဓာကိုယ်အပူချိန်မှာ သိသိသာသာကို တက်လာနေသည်။ ခေါင်းထဲလဲ မူးနောက်နောက်ဖြစ်လာ၍ အာခေါင်တို့ခြောက်လာရသည်။

အတန်းရှေ့က ဆရာမ စာသင်နေတာကို အာရုံစိုက်နေရင်း သူ့အမြင်တွေ ဝေဝါးလာခဲ့သည်။ ခါးမတ်မတ်ထားကာ ထိုင်နေရာမှ စားပွဲပေါ်တွင် လက်ထောက်ကာ မှီထားလိုက်ရသည်။ သူရှူထုတ်လိုက်သည့် အသက်ရှူငွေ့ကအစ ပူနွေးနေတာမို့ ကျန်းဟောက် သူဖျားနေပြီးဆိုတာကို ငြင်းမရတော့ပေ။

နေ့လည်စာ စားချိန်တုန်းက ဆောင်းဟန်ဘင်းက ဆေးပေးခန်းကို သွားစေချင်ပေမယ့် ကျန်းဟောက်မှာ စကားနားမထောင်ဘဲ ထိုအတိုင်းသာနေခဲ့သည်။

မတ်သရူးမှာလဲ သူ့ကျောအားပုတ်ပေးရင်း မေးလာသည်။

"မင်းအဆင်ပြေရဲ့လား? ကိုယ်တွေပူနေတယ်"

ဒီတစ်ကြိမ်တွင်တော့ ကျန်းဟောက် တင်းခံမနိုင်တော့တာမို့ ခေါင်းအသာခါပြလိုက်သည့်အခါ မတ်သရူးက လက်ထောင်၍ ဆရာမထံတွင် ခွင့်ပြုချက်တောင်းတော့သည်။

"ကျန်းဟောက် နေမကောင်းဖြစ်နေလို့ပါ။ ကျွန်တော်သူ့ကို ဆေးပေးခန်း ခေါ်သွားပေးလို့ရမလား"

အဆင်မပြေဖြစ်နေတဲ့ ကျန်းဟောက်၏ ပုံစံကြောင့် ဆရာမက အချိန်မဆွဲနေဘဲ သူတို့နှစ်ယောက်ကို ခွင့်ပြုပေးလိုက်သည်။

ဆေးပေးခန်းရောက်သည့်အခါ ကိုယ်အပူချိန်တိုင်းရာတွင် ၁၀၃ ဒီဂရီရှိနေတာမို့ ဆေးတစ်လုံးထိုးပြီးနောက် သောက်ဆေးတချို့ပေးလာခဲ့သည်။ ထို့နောက် မတ်သရူးက စာသင်ခန်းကို မပြန်တော့ဘဲ ကုတင်ပေါ် အိပ်ပျော်နေသည့် ကျန်းဟောက်ကို စောင့်နေပေးသည်။

ကျောင်းဆင်းခေါင်းလောင်းထိုးသည့်အခါတွင် မတ်သရူး မည်သို့ဆက်လုပ်ရမည်ကို တွေးရင်း အခက်တွေ့နေမိသည်။ ကျန်းဟောက်မှာတစ်ယောက်တည်း နေထိုင်သူဖြစ်သည်။ ဆောင်းဟန်ဘင်းဆီက ကျန်းဟောက်မည်သို့ ဖျားသွားကြောင်း သိထားပြီးပြီးမို့ အဆောင်တွင်ခေါ်ထားသည်က ကောင်းသည့်ရွေးချယ်မှုတော့မဟုတ်။ သို့ပေမယ့် ကျန်းဟောက်တစ်ယောက်တည်း အိမ်ကိုပြန်လွှတ်ဖို့ကလဲ အဆင်မပြေပါ။

ရုတ်တရက်ဆိုသလို သူကုတင်ပေါ်မှ ကျန်းဟောက်ကိုကြည့်ရင်း အိမ်ကို လွမ်းသွားမိသည်။ နေမကောင်းဖြစ်သည့်အချိန်မှာ အတမ်းတဆုံးက အိမ်ကိုဖြစ်သည်။ သူကိုယ်တိုင်မှာလဲ ပြုစုတတ်သည့်အထဲ မပါပေ။

ထိုစဉ် ဆေးပေးခန်းတံခါးမှာ ဆွဲဖွင့်ခံလိုက်ရပြီး ဆောင်းဟန်ဘင်းနှင့်အတူ ဂယူဘင်နှင့် Ricky လဲပါလာသည်။ ကျန်းဟောက်အိပ်ပျော်နေတာတွေ့တာမို့ သူတို့ တတ်နိုင်သမျှ အသံမပြုမိအောင် လှုပ်ရှားလိုက်ကြသည်။

"အိပ်ပျော်နေတာလား?"

"ဟုတ်တယ်၊ ဆေးထိုးပေးပြီးတာနဲ့ အိပ်ပျော်သွားတော့တာဘဲ၊ ဒါနဲ့ ငါတို့ သူ့ကိုဘယ်လိုလုပ်ကြမလဲ? ဒီပုံစံအတိုင်းဆို တစ်ယောက်တည်းအိမ်ပြန်သွားလို့ဖြစ်ပါ့မလား?"

ဆောင်းဟန်ဘင်းက ဖုန်းကိုထုတ်ရင်း သူ့အိမ်ကို ဖုန်းဆက်ဖို့ပြင်လိုက်သည်။

"ငါ့အိမ်ကိုဘဲ ပြန်ခေါ်သွားလိုက်မယ်"

"ဟင့်အင်း"

ကုတင်ပေါ်မှ ကျန်းဟောက်ကလှုပ်ရှားလာကာ ဖုန်းခေါ်တော့မည့် ဆောင်းဟန်ဘင်းကို တားလိုက်သည်။

"ငါ သက်သာလာပြီး၊ အိမ်ပြန်လို့ အဆင်ပြေတယ်"

သူ ဆောင်းဟန်ဘင်းတို့၏ အိမ်ကို ဒုက္ခမပေးချင်ပါ။ ထို့ပြင် ဆောင်းဟန်ဘင်းကိုလဲ သူ့ကြောင့် ဖျားရပါသည်ဟု မတွေးစေချင်တာကြောင့် ကျန်းဟောက် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

ဆေးထိုးပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်အပူချိန် အနည်းငယ်ပြန်ကျသွားတာမို့ ဒီနေ့တစ်ည အိမ်တွင်ပြန်နားလိုက်ပါက ကောင်းသွားမှာဖြစ်သည်။

"အိမ်ကို အတူပြန်ရအောင်ပါ၊ အိမ်မှာက လူကြီးတွေလဲရှိတော့ ပိုအဆင်ပြေတယ်လေ"

ကျန်းဟောက်ခေါင်းခါပြလိုက်သည်။

"ငါအန်တီတို့ကို အလုပ်မရှုပ်စေချင်ဘူး၊ စိတ်ချ..... ငါမနက်ဖြန်ဆိုကောင်းပြီး၊ စိတ်မပူနဲ့"

သူ့ကြောင့်နှင့် ဘယ်သူ့ကိုမှ အလုပ်မရှုပ်စေချင်တာကြောင့် နေမကောင်းဖြစ်နေသည့်ကျန်းဟောက်မှာ ခါတိုင်းထက်ကို ခေါင်းမာလို့နေသည်။ ဆောင်းဟန်ဘင်းမှာလဲ ပြောမနိုင်တော့တာမို့

"ဒါဆို ဒီမှာလှဲနေရင်း ခနစောင့်နေပေး၊ နာရီဝက်အတွင်းပြန်လာခဲ့မယ်၊ မတ်သရူး မင်းက ဒီမှာ ကျန်းဟောက်နဲ့အတူ ခနနေပေးထားလိုက်ဦး"

ဟုဆိုကာ ဘယ်သူ့အပြောကိုမှမစောင့်ဘဲ ဆောင်းဟန်ဘင်းအလောတကြီး ထွက်သွားလိုက်သည်။ သူအရင်ဆုံး ကျန်းဟောက်၏ စာသင်ခန်းထဲရှိ လွယ်အိတ်ကို သေချာသိမ်းကာ အရင်ယူလိုက်သည်။ ပြီးနောက် အဆောင်သို့ပြန်ကာ သူ့ရဲ့အဝတ်စားနှင့် လိုအပ်သည့်ပစ္စည်းတချို့ကို လွယ်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် အဆောင်မှူးဆီကို သွားကာ သူအိမ်ပြန်မည့်အကြောင်းပြောရသည်။ လုပ်စရာရှိသည့်ကိစ္စများပြီးသည်နှင့် သူ ဆေးပေးခန်းကိုပြန်ပြေးရသည်။

သူရောက်သည့်အချိန်တွင် ကျန်းဟောက်မှာ ကုတင်ပေါ်တွင်လှဲကာ မတ်သရူးနှင့် စကားပြောနေသည်။ တစ်လမ်းလုံးပြေးလာရတာမို့ ဆောင်းဟန်ဘင်းမှာ ချွေးတွေရွှဲနစ်နေပြီးဖြစ်သည်။

သူ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် ကျန်းဟောက်အား သူယူလာသည့် အနွေးထည်တစ်ထည်အား ဝတ်စေလိုက်သည်။

"ပြန်ရအောင်၊ ငါဒီနေ့ မင်းအိမ်ကို လိုက်ခဲ့မယ်"

ကျန်းဟောက် သူ့အားမော့ကြည့်လာပြီး

"ငါ့အိမ်ကို?"

ဆောင်းဟန်ဘင်း ခေါင်းသာညိတ်ပြလိုက်ပြီး ကျန်းဟောက်အား ငြင်းဆန်ဖို့ အခွင့်ရေးမပေးတော့ပေ။ သူ ကျန်းဟောက်ကို ထရန် ကူတွဲပေးလိုက်ပြီး မတ်သရူးအားနှုတ်ဆက်ကာ ကျောင်းရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားလိုက်သည်။

ကျန်းဟောက်မှာ နေမကောင်းလဲဖြစ်နေတာမို့ သူ့ရဲ့တွေးခေါ်နိုင်စွမ်းမှာ ပုံမှန်ထက်နှေးကွေးနေတာကြောင့် ဆောင်းဟန်ဘင်းတွဲခေါ်ရာနောက်သို့ ကုတ်ကုတ်လေး ပါလာခဲ့သည်။ ထို့နောက် taxi တစ်စီးတားကာ ဝင်ထိုင်လိုက်ကြသည်။

"Location"

"ဟမ်?"

"မင်းရဲ့အိမ်လိပ်စာ"

"အော်~"

ကျန်းဟောက် သူ့အိမ်လိပ်စာအား taxi သမားကိုပြောပြလိုက်သည်။ အပြင်တွေ နွေရာသီအငွေ့အသက်က ရိုက်ခတ်နေတာကြောင့် ကားထဲရှိ အဲကွန်းမှာ အေးစိမ့်နေသည်။ ကျန်းဟောက် ဆောင်းဟန်ဘင်း၏ အင်္ကျီလေးအား ဆွဲကာ သူ့အနားသို့တိုးလာစေလိုက်သည်။

"ဦးလေး၊ အဲကွန်းလေးလျှော့ပေးလို့ရမလားခင်ဗျ၊ ကျွန်တော့်သူငယ်ချင်းက နေမကောင်းလို့ပါ"

Taxi သမားဦးလေးကြီးမှာ အဲကွန်းကိုလျှော့ပေးလိုက်သည့်အခါ ကျန်းဟောက် ဆောင်းဟန်ဘင်းကိုကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ်"

သူတို့နှစ်ယောက်မှာ အသားချင်းထိကာ ပူးကပ်နေတာမို့ ကျန်းဟောက်၏ အပူချိန်ကို အဝတ်စားမှဖြတ်၍ ဆောင်းဟန်ဘင်း ခံစားမိနေသည်။

အသားချင်းထိတာကို တတ်နိုင်သလောက်ရှောင်တတ်တဲ့ ကျန်းဟောက်မှာ ယခုဆိုလျှင်တော့ ဆောင်းဟန်ဘင်းနှင့် တစ်သားတည်းဖြစ်သွားချင်တဲ့အထိ တိုးကပ်ကာနေနေခဲ့သည်။

ဆောင်းဟန်ဘင်းအသာပြုံးရင်း လူကပ်နေသည့် ကျန်းဟောက်၏နဖူးကို လက်ဖြင့်စမ်းလိုက်သည်။

"ဒီလောက် ကိုယ်ပူနေတာကို အဆင်ပြေတယ်ပြောနေတုန်းဘဲလား"

ကျန်းဟောက်၏ မျက်ဝန်းများမှာ ရီဝေဝေဖြစ်နေသည်။ ခါတိုင်းမြင်နေကျ တောက်ပသည့် မျက်ဝန်းလှလှလေးတွေမှာ အဖျားအရှိန်ကြောင့် ငွေ့ရည်လဲ့ကာ နီစွေးစွေးလေးဖြစ်နေတာကြောင့် ဆွဲဆောင်မှုရှိသယောင်ထင်ရပေမယ့် မို့အစ်အစ်ဖြစ်နေတဲ့ ပါးနှစ်ဖက်ကြောင့် ချစ်စရာလဲကောင်းနေပြန်သည်။

ကျန်းဟောက်၏ မျက်ဝန်းတွေကို ကြည့်ရတာကို သူအရမ်းသဘောကျကြောင်း ဆောင်းဟန်ဘင်း အသံတိတ်ဝန်ခံလိုက်ရသည်။

သူ ကျန်းဟောက်၏ မျက်ဝန်းတွေကို ကြည့်နေချိန်မှာပင် သူ့လက်မောင်းတစ်ဖက်က အဖက်ခံလိုက်ရပြီး ကျန်းဟောက်က သူ့အနားတိုးလာရန် ဆွဲခေါ်ခြင်းကို ခံလိုက်ရပြန်သည်။

"ဆောင်းဟန်ဘင်း? မင်းရဲ့ပုခုံးလေးငှါးပါဦး"

ဟုဆိုကာ သူ့အပြောပင် မစောင့် ကျန်းဟောက်ရဲ့ပါးပြင်မှာ သူ့ပုခုံးပေါ်ကျရောက်လာသည်။

နေ့လည် အားလပ်ချိန်တွင်လဲ ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်ကို စိတ်ပူတာကြောင့် သွားကြည့်ခဲ့ပါသေးသည်။ ထိုအချိန်တုန်းက ကျန်းဟောက်မှာ ထူးထူးခြားခြားကို ပုံမှန်နှင့်မတူစွာ ခေါင်းမာနေခဲ့ပြီး ဆောင်းဟန်ဘင်း ဘာပြောပြော နားမထောင်ပေ။

ဆေးပေးခန်းသွားဖို့ပြောလျှင်် ငြင်းဆန်သည်။ မသွားပါက အာဟာရရှိတာ စားစေချင်ပါလျှင် တခြားဟာတွေလျှောက်စားပစ်သည်။ စားပြီးချိန်တွင် ဆောင်းမားမားက ဆေးတစ်စုံအပိုထည့်ပေးလိုက်တာမို့ တိုက်ပြန်တော့လဲ မကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုပြန်သည်။

အခုကျတော့လဲ ကျန်းဟောက်မှာ သူ့ပုခုံးပေါ်တွင် မှီကာအိပ်နေပြီး လက်မောင်းအားဆွဲထားသည်မှာ ဆောင်းဟန်ဘင်းထွက်ပြေးသွားမှာစိုးရိမ်သည့်နှယ်။

ဘယ်လိုလေးပါလိမ့်?

ကျန်းဟောက်ရဲ့ဆံနွယ်များမှာ အိပ်ရာကနေတန်းထလာခဲ့တာမို့ အနည်းငယ်ပွနေပြီး သူလှည့်ကြည့်ချိန်တွင် သူ့ရဲ့ကိုယ်ပိုင်ခေါင်းလျှော်ရည်နံ့သင်းသင်းလေးက အနံ့စွဲကျန်နေသေးသည်။ မျက်တောင်များမှာ အောက်သို့စိုက်ကျနေပြီး ဖြောင့်တန်းနေတဲ့ နှာတံနှင့် ဖူးဖူးလေးဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံမှာ မဆိုသလောက်လေး စူနေသည်ဟုထင်ရသည်။ နီးကပ်လွန်းသည့်အနေထားကြောင့် ကျန်းဟောက်၏ ပါးပြင်ပေါ်က မှဲ့နက်ကလေးတွေကိုတောင် မြင်နေရသည်။

တစ်စုံတစ်ခုက သူ့နှလုံးသားကို လာ၍ ခြစ်ကုတ်နေသလိုခံစားရကာ အမျိုးအမည်မသိ ခံစားချက်က သူ့တစ်ကိုယ်လုံးပျံ့နှံ့သွားရသည်။ တဒုတ်ဒုတ်ခုန်နေတဲ့ ရင်ခုန်သံစည်းချက်မှာလဲ တဖြည်းဖြည်းပိုမြန်လာနေတာကြောင့် ဆောင်းဟန်ဘင်း စိတ်ငြိမ်သွားအောင် အကြည့်လွှဲကာ ဆန့်ကျင်ဘက်ကားပြတင်းဘက်သို့လှည့်သွားလိုက်သည်။

ထိန်းမနိုင်စွာ သူ့နှုတ်ခမ်းထောင့်လေးက ကွေးတက်သွားပြီး နောက်ဆုံးမှာ သူဟန်မဆောင်နိုင်စွာ အသံတိတ်ရယ်နေမိသည်။ သူဘာကို သဘောကျ၍ ထိုကဲ့သို့ပုံစံဖြစ်နေမှန်း မသိသေးခင်မှာပင် driver က နောက်ကြည့်မှန်မှတစ်ဆင့် သူ့အားကြည့်နေသည်ကို မြင်လိုက်ရတာကြောင့် မျက်နှာအမူအရာကို ပြန်ထိန်းလိုက်ရသည်။

ကျန်းဟောက်၏ အိမ်မှာ မြို့တွင်း တစ်နေရာရှိ အထပ်မြင့်တိုက်များရှိရာ နေရာဖြစ်သည်။ ဆောင်းဟန်ဘင်းတို့၏ အိမ်နဲ့ဆန့်ကျင်ကာ ကျန်းဟောက်၏ နေရာမှာ အလွန်စည်းကားသိုက်မြိုက်သည့်နေရာတွင်တည်ရှိသည်။

စျေးကွက်တွင်လဲ ထိုနေရာက တိုက်ခန်းများမှာ ကြေးနှုန်းမြင့်တာကြောင့် တော်ရုံပိုက်ဆံရှိသူများ တိုး၍မလွယ်ပေ။

ဆောင်းဟန်ဘင်း Taxi ပေါ်က ကျန်းဟောက်အား တွဲကာဆင်းလာပြီးနောက် ထိုအထပ်မြင့်တိုက်ကြီးအား မော့ကြည့်လိုက်သည်။

"မင်း ဒီလိုနေရာမှာ တစ်ယောက်တည်း နေတာလား?"

ကျန်းဟောက် ခေါင်းညိတ်ပြလိုက်သည်။

ဆိတ်ငြိမ်ရပ်ကွက်မှာနေတဲ့ ဆောင်းဟန်ဘင်းမှာတော့ ထိုနေရာနှင့် နေသားမကျဘဲ ရှိ၏။

"အသံလုံစနစ်က တော်တော်ကောင်းတယ်၊ အနှောင့်ယှက်မဖြစ်ဘူး၊ မဟုတ်ရင် ငါလဲ မနေနိုင်လောက်ဘူး"

သူတို့နှစ်ယောက် ဓာတ်လှေကားဖြင့် ၅ လွှာသို့ တက်လိုက်သည်။ ကျန်းဟောက် အခန်း password အား ရိုက်ထည့်ပြီးနောက် မီးခလုတ်ရှိရာသို့ လျှောက်သွားကာ မီးဖွင့်လိုက်သည်။

အခန်းဖွဲ့စည်းပုံမှာ အိပ်ခန်းတစ်ခန်းပါပြီး မီးဖိုခန်းနှင့် ဧည့်ခန်းမှာတော့ သီးသန့်ခန်းဟူ၍မရှိ။ သို့ပေမယ့် တစ်ယောက်တည်း နေထိုင်ဖို့အတွက် ကျယ်လွန်းသည်။

"တစ်ယောက်တည်း ကိုယ်လက်သန့်ရှင်းရေး လုပ်နိုင်လား? ကူပေးရမလား"

"ငါလုပ်နိုင်တယ်"

"အင်း ဒါဆို မကြာစေနဲ့နော် ငါစားဖို့ တစ်ခုခုစီစဉ်လိုက်ဦးမယ်"

ကျန်းဟောက် အခန်းထဲဝင်လာကာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ပြင်နေရင်း တန့်သွားရသည်။ သူ့အိမ်၏ မီးဖိုခန်းထဲတွင် ဘာမှမရှိ။ ရေခဲသေတ္တာထဲတွင် ရေသန့်ဘူးနှင့် ကြက်ဥများသာ ရှိပြီး ဆွဲအံတွေထဲတွင် ခေါက်ဆွဲထုတ်များသာ နေရာယူထားသည်။ အမြဲတစေ deli နဲ့မှာစားဖြစ်ကာ သို့မဟုတ် အလွယ်တကူခေါက်ဆွဲသာ ပြုတ်စားသည်။ ထို့ကြောင့် မီးဖိုချောင်ထဲတွင် ရှိသင့်သည့် ပစ္စည်းများတောင် ရှိမနေပါ။ ကျန်းဟောက်တွေးရင်း သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။

အပြင်ဘက်ရှိ ဆောင်းဟန်ဘင်းမှာလဲ အံ့ဩမဆုံးဖြစ်နေရသည်။ ကျန်းဟောက်၏ နေထိုင်မှုပုံစံကို တွေ့မြင်လိုက်ရသည့်အခါ သူ့ရင်ထဲ မကောင်းဖြစ်သွားရသည်။ မနေ့ညက သူ့ရဲ့လုပ်ရပ်ကြောင့်လဲ အပြစ်မကင်းသည့်စိတ်က လှိုက်ခနဲ မြင့်တက်လာသည်။

သူ ကျန်းဟောက်ကို တရုတ်သို့ မပြန်ဖို့ တောင်းဆိုခဲ့သည်အား နောင်တရနေမိသည်။ သူ့အိမ်တွင် အသီးခွဲဓားတစ်လတ်ဖြင့် သရက်သီးကို ကျွမ်းကျင်စွာအခွံခွါနေခဲ့သည့် ကျန်းဟောက်ကိုမြင်ယောင်လာပြီး ထိုအချိန်မှာ ကျန်းဟောက် ပထမဦးဆုံး မီးဖိုခန်းထဲဝင်ဖူးသည်မှာ အမှန်ပင်ဖြစ်နေခဲ့သည်။

ဘာမှလုပ်စရာမရှိတဲ့အဆုံး ဆောင်းဟန်ဘင်း deli ဖြင့်သာ ညစာအတွက် လှမ်းမှာလိုက်သည်။ ထို့နောက် ကျန်းဟောက်ရဲ့ အိပ်ခန်းတံခါးအား ခေါက်လိုက်သည်။

"ဝင်လာလို့ရတယ်"

ကျန်းဟောက်မှာ ကိုယ်လက်သန့်စင်ပြီးလို့ အင်္ကျီပင်လဲပြီးကာ အိပ်ရာပေါ်တွင် လှဲနေပြီးဖြစ်သည်။ ကျန်းဟောက်၏ အိပ်ခန်းမှာ ခဲနက်ရောင် ဖြစ်ကာ furniture များက နက်ပြာရောင်နှင့် အခဲရောင်ဖြစ်ကာ အခန်းထဲရှိမီးရောင်မှာလဲ မှိန်ပြပြလေးသာ ထွန်းထားသည်။ အိပ်ရာ၏ဘေးတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်ရှိပြီး မီးရောင်စုံဖြင့် လှနေသည့် ညရှုခင်းကို မြင်တွေ့နိုင်သည်။ အပြင်ဘက်တွေ လေညှင်းခံရန် ဝရန်တာလဲပါဝင်သည်။

"အိပ်ပျော်သွားလို့မဖြစ်ဘူးနော်၊ စားပြီး ဆေးသောက်ရဦးမှာ"

ကျန်းဟောက် စောင်ပုံထဲတွင်တစ်ကိုယ်လုံးမြှုပ်ထားပြီး မျက်နှာလေးသာဖော်ထားသည်။

"ငါ့လွယ်အိတ်ယူခဲ့သေးလား? စာလုပ်ရင်း စောင့်နေမလို့"

စာကြမ်းပိုးလေးမှာ နေမကောင်းဖြစ်တာတောင် စာလုပ်ချင်နေသေးတာမို့ တမင်ကို ကျန်းဟောက်လွယ်အိတ်အား သူ့အဆောင်တွင် ထားပစ်ခဲ့သည်။

"မင်း အဲ့လိုပြောမှာသိလို့ မင်းလွယ်အိတ်ရော ငါ့လွယ်အိတ်ကိုရော အဆောင်မှာထားခဲ့တယ်၊ ဒီနေ့ ငါတို့နှစ်ယောက်လုံး စာမလုပ်ဘူး၊ မင်းသေချာအနားယူမှရမယ်"

ပြီးနောက် deli ရောက်လာမှာကို စောင့်နေရင်း သူကိုယ်တိုင်လဲ ရေမိုးချိုးလိုက်သည်။ အစားသောက်များရောက်လာသည့်အခါ အတူစားသောက်ကြသည်။ နေမကောင်းပေမယ့် ပါးစပ်ပျက်လို့ စားမဝင်တာတွေဖြစ်မှာ စိတ်ပူစရာမလိုပေ။ ကျန်းဟောက်မှာ လိမ်လိမ်မာမာပင် သေချာလေး စား၏။

ထို့နောက် ကျန်းဟောက်အား ဆေးတိုက်ကာ အိပ်ရာစောစောဝင်စေသည်။ ကိုယ်အပူချိန်ကို စမ်းကြည့်သည့်အခါမှာလဲ အဆင်ပြေနေတာမို့ သူကိုယ်တိုင်လဲ အနားယူရန်ပြင်ဆင်လိုက်သည်။

"ငါ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာအိပ်လိုက်မယ်၊ အချိန်မရွေးလှမ်းခေါ်လိုက်လို့ရတာမို့ အားမနာနဲ့"

ကျန်းဟောက်ပါးပေါ်က မှဲ့နက်ကလေးရှိနေသည့် နေရာလေးကို လက်ညိုးကလေးဖြင့် ခပ်ဖွဖွထိုးကြည့်ရင်း ပြောလိုက်သည်။

ဆောင်းဟန်ဘင်းကို တစ်ခုခုပြောချင်ပေမယ့် ကျန်းဟောက်တွန့်ဆုတ်နေမိသည်။ သူမှမပြောရင် ဆောင်းဟန်ဘင်းက အခန်းအပြင်ကိုထွက်သွားတော့မှာမို့ ကျန်းဟောက်အရဲစွန့်လိုက်သည်။

"ဆောင်းဟန်ဘင်း!"

အခန်းပြင်ထွက်ဖို့ပြင်နေသည့် ဆောင်းဟန်ဘင်းမှာ ပြန်လှည့်လာပြီး ကုတင် တစ်ဖက်ခြမ်းတွင် ထိုင်လိုက်ကာ သူ့အား ငုံ့ကြည့်လာသည်။

"ဘာလို့လဲ တစ်နေရာရာက နေထိုင်မကောင်းလို့လား?"

"မဟုတ်ဘူး......."

ကျန်းဟောက်မှာ တစ်ခုခုပြောဖို့ကို တွန့်ဆုတ်ကာ အားယူနေတာမို့ ဆောင်းဟန်ဘင်း အလိုက်တသိပင် စောင့်ပေးနေသည်။

ထို့နောက် ကျန်းဟောက်မှာ လက်လေးတစ်ဖက်ကို ထုတ်ကာ သူ့ဘေးရှိနေရာလွတ်အား ပုတ်ပြပြီး

"........မင်း....... ဒီမှာအိပ်လို့ရတယ်"

ပြီးနောက် ကြောင်ပေါက်ကလေးတစ်ကောင်လို သူ့လက်ကို ချက်ချင်းပြန်ရုတ်သွားကာ မျက်လုံးဝိုင်းများဖြင့် ဆောင်းဟန်ဘင်းအားကြည့်နေခဲ့သည်။

ကျန်းဟောက် ထိုကဲ့သို့ပြောလာမည်ဟု မထင်ထားခဲ့တာကြောင့် ဆောင်းဟန်ဘင်းမှာ အတန်ကြာသည်အထိ ငြိမ်သက်နေပြီးမှ တုံ့ပြန်လာနိုင်သည်။

"အဲ့လိုလုပ်လို့ရလား?"

ပုံမှန်ဆို အသားချင်းထိတာကို ရှောင်တတ်သည့် ကျန်းဟောက်မှာ ဆောင်းဟန်ဘင်း၏ ဂရုစိုက်မှုများကို အချက်ပြမှုမရှိဘဲ နေသားကျနေခဲ့သည်။ ထို့ကြောင့် သူခေါင်းညိတ်ပြလိုက်သည်။

"အင်း..... ဆိုဖာပေါ်က သက်သောင့်သက်သာမရှိဘူးလေ၊ စောင်တွေ အိပ်ရာတွေမရှိဘဲ မင်းဘယ်လိုအိပ်မှာလဲ?..........ပြီးတော့ ငါ့ကုတင်က ကျယ်တယ်"

ကုတင်မှာ နှစ်ယောက်အိပ်ကုတင်ဖြစ်တာကြောင့် ဆောင်းဟန်ဘင်းအိပ်ရန် နေရာအလုံအလောက်ရှိသည်။

"............."

ထို့နောက် အသံတိုးတိုးလေးဖြင့် ထပ်ပြောလာသည်က

"နောက်တော့....... မင်းအနီးကပ်ရှိနေတော့ ပိုကောင်းတာပေါ့"

ကျန်းဟောက်စကားကို လက်ခံကာ အိပ်ရာကို အတူသုံးဖို့ ဆုံးဖြတ်လိုက်ပေမယ့် လှဲချလိုက်ပြီးနောက် ဆောင်းဟန်ဘင်းမှာ အိပ်မပျော်နိုင်ဘဲရှိ၏။ သူ့အနားရှိ ကျန်းဟောက်မှာတော့ ဆေးရှိန်ကြောင့် ခနလေးအတွင်းမှာပင် အိပ်မောကျသွားပြီဖြစ်သည်။

ကျန်းဟောက်အား နှောင့်ယှက်မိမည် စိုးရိမ်တာကြောင့် သူ့မှာအရမ်းကြီးလဲ မလှုပ်ရှားရတာမို့ အိပ်ရာပေါ်တွင် တောင့်တောင့်ကြီးလှဲနေမိသည်။

ည ၁ နာရီကျော် ၂ နာရီထိုးခါနီးတွင် ကျန်းဟောက်မှာ လှုပ်ရှားလာကာ ပါးစပ်ကလဲ ဗလုံးဗထွေးရေရွတ်လာတာမို့ ဆောင်းဟန်ဘင်း လန့်နိုးလာရသည်။

သူထ ထိုင်ကာ ကြည့်လိုက်သည့်အခါတွင် ကျန်းဟောက်မှာ မျက်မှောင်တို့ စုကြုတ်ထားပြီး အလွန်အမင်း မသက်မသာဖြစ်နေဟန်တူသည်။ ထို့အပြင် အနားရှိဆောင်းဟန်ဘင်းကို နှိုးမိမှာစိုးရိမ်တာကြောင့် ထိန်းထားနေရင်းမှ အသံက ပြတ်တောက်ပြတ်တောက်သာ ထွက်လာသည်။

နဖူးပေါ်ဝဲကျနေသည့် ဆံပင်တို့ကို သပ်တင်ကာ စမ်းကြည့်သည့်အခါတွင် ကိုယ်အပူချိန်ပြန်တက်နေမှန်း သိလိုက်ရသည်။ ဆောင်းဟန်ဘင်း ကုတင်ပေါ်မှ ထကာ မီးဖိုခန်းရှိ ရေခဲသေတ္တာထဲမှ ရေအေးတစ်ချို့ကို ဇလုံသေးတစ်ခုထဲထည့်ကာ ပုဝါတစ်ခုဖြင့် ရေဘက်တိုက်ပေးရန် ပြင်ဆင်လိုက်သည်။

ရေကိုစင်အောင် ညှစ်ပြီးနောက် စောင်ကို အသာဖယ်ရင်း လည်ပင်းကို စတင်၍ ပုဝါဖြင့် သုတ်ပေးလိုက်သည်။ အေးစက်သည့်အထိတွေ့ကြောင့် ကျန်းဟောက်တစ်ကိုယ်လုံးတုန်တက်သွားကာ ညည်းညူလိုက်ပြီး ထိုအေးစက်စက်အရာကြီးနှင့် ဝေးရာကို ရှောင်တိမ်းဖို့ကြိုးစားတော့သည်။

စောင်ပြန်ခြုံဖို့လုပ်နေသည့်ကျန်းဟောက်ကို တားလိုက်ပြီး ရေဘက်တိုက်ခြင်းလုပ်ငန်းကို ပြန်စတင်ရသည်။ ထိုအချိန်တွင် လူကပ်သည့်ကျန်းဟောက်မှတဆင့် ခေါင်းမာသည့် ကျန်းဟောက်အဖြစ်သို့ ကူးပြောင်းသွားတာကြောင့် ဆောင်းဟန်ဘင်း သူ့လက်တစ်ဖက်ဖြင့် ကျန်းဟောက်၏ လက်နှစ်ဖက်အား ချုပ်ထားလိုက်ရသည်။

ရုန်းကန်ဖို့ အားမရှိတာကြောင့် ရေဘက်တိုက်ပေးနေသည်ကို မျက်လုံးတို့မှိတ်ထားပေမယ့် ဆူပုတ်ပုတ်မျက်နှာဖြင့် ငြိမ်ခံနေပုံမှာ အနိုင်ကျင့်ခံရသလိုပင်။

လည်ပင်းနှင့် လက်တို့ကို ရေဘက်တိုက်ပေးပြီး​နောက် ရေစလုံထဲပုဝါကိုနှစ်ကာ ရေစင်အောင်ညှစ်ပြီး ပုဝါကို ခေါက်ကာ နဖူးပေါ် အသာယာတင်ပေးလိုက်သည်။

နဖူးပေါ် ပုဝါတင်လိုက်သည်နှင့် မှိတ်ထားသည့် မျက်ဝန်းမှ မျက်ရည်ပူလေးတစ်စ လိမ့်ဆင်းလာပြီး ညည်းညူလာသည်။

"မလိုချင်ဘူး~"

ကျန်းဟောက်၏ပါးလေးကို အုပ်ကိုင်ကာ မျက်ရည်စကို သုတ်ပေးရင်း ချော့မြူးလိုက်သည်။

"ခနလေးသည်းခံလိုက်..... ကိုယ်အပူချိန်ကျသွားရင် နေလို့ကောင်းသွားလိမ့်မယ်"

"ဒါပေမယ့် အေးတယ်လေ"

ကျန်းဟောက်၏ ပါးကို ခပ်ဖွဖွဆွဲကာ ရယ်လိုက်ရင်းပြောလိုက်သည်။

"မင်းကတော်တော် အအေးကြောက်တာဘဲ"

သူ့ရယ်သံကြောင့် ကျန်းဟောက်မှာ အပြည့်အဝ နိုးသွားကာ မျက်လုံးဖွင့်၍ သူ့အားကြည့်လာသည်။

"ဟန်ဘင်း......"

"ဟင်?"

"ငါ နေ့လည်က မလိမ္မာဘူးမလား?"

ကျန်းဟောက်မှာ နေ့လည်က သူ့စကားနားမထောင်ခဲ့သည့် အဖြစ်ပျက်ကို ပြန်ပြောနေတာဖြစ်ပြီး ဘာလို့ ကလေးတစ်ယောက်လို လိမ္မာသည်ဟူသည့် အသုံးအနှုန်းကို သုံးမှန်း ဆောင်းဟန်ဘင်းမသိပေ။

သို့ပေမယ့် သူကျန်းဟောက်၏ ပါးကို ထပ်၍ လိမ်ဆွဲကာပြောလိုက်သည်။

"ဟုတ်တယ်......မင်းက ဆိုးမှန်း အခုမှ သိတော့တယ်"

"အမှန်တော့......"

"..........."

"ငါ့ကြောင့်နဲ့ မင်းကို စိတ်မပူစေချင်ဘူး၊ ပြီးတော့ မင်းကြောင့်ဆိုတဲ့ အတွေးလဲ မဝင်စေချင်ဘူး"

ကျန်းဟောက်အား စောင်သေချာခြုံပေးရင်း ခေါင်းလေးညိတ်ကာ နားထောင်းပေးနေသည်။

"ဝန်ခံရရင်......မင်းငါ့ကို ဂရုစိုက်တဲ့အချိန်တွေဆို ငါပျော်တယ်၊ ဒါပေမယ့် အပြစ်မကင်းတဲ့စိတ်နဲ့ ဂရုစိုက်ပေးတာကိုတော့ မလိုချင်ဘူး"

ကျန်းဟောက်နှင့်အတူရှိချိန်များတွင် ဆောင်းဟန်ဘင်းမှာ ကျန်းဟောက်အား အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်တတ်သည်မှာ အကျင့်တစ်ခုလိုဖြစ်နေသည်။ သူတို့နှစ်ယောက် အိမ်အတူပြန်ရာတွင် ကျန်းဟောက်မှာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တာကြောင့် ဆောင်းဟန်ဘင်းကသာ ဘေးကနေလိုက်ကြည့်ပေးတတ်သည်။

နောက်ပိုင်း ဆောင်းဟန်ဘင်း သတိထားမိသည်က ကျန်းဟောက်မှာ တစ်ခါတစ်လေကျ သူ့ခန္ဓာကိုယ် ဟန်ချက်ကို သေချာမထိန်းနိုင်ပေ။ ကမ္ဘာကြီးဆွဲအားက သူ့တစ်ယောက်ထဲတွင်သာ ပို၍အားကောင်းနေသကဲ့သို့ တစ်ခါတစ်လေ ပြုတ်ကျမှာစိတ်ပူတာကြောင့် ဆောင်းဟန်ဘင်းသာ ထိန်းကိုင်ပေး၍ တစ်ခါတစ်ရံ လေပြင်းသည့်အခါတွင်တောင်မှ ပိန်ပါးသည့် ခန္ဓာကိုယ်မှာ လေနှင့်အတူပါသွားတော့မယောင်။

အတူစားသောက်ကြသည့်အခါမျိုးတွင်လဲ ကျန်းဟောက်မကြိုက်တတ်သည့် ပါဝင်ပစ္စည်းများကို မှတ်ထားပြီး ထိုအရာတွေကို ဖယ်ပေးတတ်သည်။

ဒီလိုနဲ့ ကျန်းဟောက်အား ဂရုစိုက်ပေးရတာကို သူကျင့်သားရနေခဲ့သည်။ ဒီတစ်ခါတွင်လဲ အပြစ်ရှိစိတ်ဆိုသည်ထက် သူ့ဘက် ကျန်းဟောက်အား ဂရုစိုက်ရန် လိုလိုလားလားရှိနေခဲ့တာပင်။

"အဲ့ဒါကြောင့် နေ့လည်က မင်းစကားတွေကို နားမထောင်ခဲ့တာ....."

"......."

"ငါ့အမေဆိုလဲ.....ငယ်ငယ်က ငါဖျားခါနီးဆို စကားနားမထောင်တော့လို့ နေမကောင်းတဲ့အခါဂရုစိုက်ပေးတိုင်း မလိမ္မာဘူးဆိုပြီး ဆူတော့တာဘဲ"

ကျန်းဟောက် သူ့လက်တစ်ဖက်အား စောင်ထဲမှ ထုတ်လာပြီး ဆောင်းဟန်းဘင်း၏ လက်အားဆုတ်ကိုင်လာသည်။ ပူနွေးနေတဲ့လက်တစ်ဖက်က သူ့ဖဝါးကြားထဲ တိုးဝင်လာတာမို့ ဆောင်းဟန်ဘင်း ထိုလက်လေးအား ဆုတ်ကိုင်ထားလိုက်သည်။

"အဲ့ဒါကြောင့် မင်း ငါ့ကို အခုဆူချင်တယ်ဆိုရင်.....ငါငြိမ်ငြိမ်လေးနေပြီး နားထောင်ပေးမယ်"

ဟုဆိုကာ ဆောင်းဟန်ဘင်း၏ လက်အားကိုင်ရင်း မျက်ဝန်းတို့မှိတ်ထားလိုက်တော့သည်။

ကျန်းဟောက်မှာ သူ့အမေကိုလွမ်းနေတာဖြစ်သည်။ ကျန်လက်တစ်ဖက်ဖြင့် ကျန်းဟောက်၏ ဆံနွယ်တို့ကို ခပ်ဖွဖွထိတွေ့ကာ အိပ်ပျော်သွားရန် ကူညီပေးနေရင်း တွေးလိုက်မိသည်။

ငါ ဘယ်လိုလုပ် မင်းကိုဆူရက်မှာလဲ?

"တကယ်တော့ မင်းကလိမ္မာတဲ့ကလေးလေးပါ.... ဒါကိုလဲ မင်းအမေကသေချာပေါက်သိမှာပါ၊ မင်းသူ့စကားကို နားမထောင်ဘူးဆိုတာက သူ့ကိုစိတ်မပူစေချင်လို့မလား? အဲ့လိုနဲ့ သန်မာပြရာကနေ နောက်ဆုံးနေမကောင်းဖြစ်သွားရတာဘဲလေ"

သူ့စကားအဆုံး၌ ကျန်းဟောက်မှာ ခေါင်းညိတ်ပြလာပြီး သူ့လက်အားဆွဲကာ အနားတိုးလာစေချင်တာကြောင့် ထိုင်နေရင်းဖြင့် ကျန်းဟောက်နားသို့တိုးသွားလိုက်သည်။

"ဒါပေမယ့်.....နောက်တစ်ခါဆို အဲ့လိုမလုပ်ရဘူးနော်၊ မင်းကတိပေးမယ်မလား?"

အသံတစ်ချက်ပြုလုပ်လာပြီးနောက် ကျန်းဟောက်မှာ အသက်ရှူနှုန်းပုံမှန်ဖြင့် အိပ်မောကျသွားတော့သည်။

ထိုအရာကို ကျန်းဟောက်က ကတိပေးတယ်လို့ မှတ်ယူလိုက်ပြီး ကျန်းဟောက် ကိုယ်အပူချိန်ကျသွားစေရန်သာ စောင့်ကြည့်ပေးနေလိုက်သည်။

=============

Tbc........

6 January,2025

အားလပ်ရက်ကုန်သွားပြီဆိုတော့ အလုပ်နဲ့ စာနဲ့ ကိုယ်နဲ့ နပန်းလုံးရပါတော့မယ်

အဲ့ဒါကြောင့် ဒီနောက်ပိုင်း အပိုင်းသစ်တွေ က နည်းနည်းတော့ကြာနိုင်ပါတယ်။

အခု အချိုလေးကျွေးပြီး နှုတ်ဆက်လိုက်ပါတယ်🫶