Chapter 23: အပိုင်း (၂၂) ၄ နှစ်သားလေး ကျန်းဟောက်

My other halfWords: 36373

ညက ကောင်းမွန်စွာအိပ်စက်ခဲ့ရတာဖြစ်လို့ ကျန်းဟောက် အစောကြီး နိုးနေခဲ့သည်။ လိုက်ကာပိတ်ထားတာကြောင့် အပြင်ဘက်ရှိအလင်းရောင်၏ အကူမပါတာမို့ အခန်းထဲတွင် မှောင်ရိပ်သန်းနေဆဲပင်။

ကျန်းဟောက် အနည်းငယ်လှုပ်ရှားကာ အခန်းထဲတစ်ချက်ကြည့်လိုက်ပြီး သူ့အမြင်အာရုံက မှုန်ဝါးနေဆဲမို့ လက်ခုံးဖြင့် မျက်လုံးကို ပွတ်လိုက်သည်။ ကိုယ်အပူချိန်လဲ ကျသွားပြီး မနေ့ကထက်စာရင် နေရတာ ပို၍ သက်သောင့် သက်သာပိုရှိလာသည်။

သူ့ရဲ့ ဘေးတစ်ဘက်ခြမ်းရှိ ဆောင်းဟန်ဘင်းမှာတော့ အိပ်မောကျနေဆဲပင်။ ညက ကောင်းကောင်းမအိပ်ရခဲ့တာကြောင့် မျက်ဝန်းအောက်တွင် အနည်းငယ် ချိုင့်ဝင်ကာ ညိုနေသည်ကို ကျန်းဟောက် မြင်လိုက်ရသည်။

အမြဲဆွဲဆောင်မှုရှိကာ ပြီးပြည့်စုံသည့် အသွင်အပြင်နှင့် ဆောင်းဟန်ဘင်းမှာ အိပ်စက်ရာတွင်လဲ သူကြည့်ဖူးနေကြ ရုပ်ရှင်ကားတွေထဲက မင်းသားတွေလို ကြည့်ကောင်းစွာ အိပ်တတ်သည်ဟု ကျန်းဟောက်တွေးမိလိုက်သည်။

ဆံနွယ်နက်နက်များက ဖြောင့်စင်းနေကာ ပြေပြစ်တဲ့နဖူးပြင်လေးကို တွေ့နေရသည်။ ဖြောင့်တန်းနေတဲ့ နှာတံနှင့် အတူ စေ့ပိတ်ထားတဲ့ နှုတ်ခမ်းပါးတစ်စုံနှင့် လိုက်ဖက်စွာ တည်ရှိနေသည်။ ပုံမှန်အသက်ရှူနှုန်းထားကြောင့် ရင်ဘက်မှာ နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည်။

သူလက်ဆောင်ပေးထားတဲ့ necklace မှာလဲ စည်းချက်အတိုင်း လိုက်၍ လှုပ်ရှားနေသည်။

နေမကောင်းဖြစ်နေခဲ့တာကြောင့် စောင်ကို သူတစ်ယောက်တည်း သိမ်းပိုက်ထားတာဖြစ်ပြီး ဆောင်းဟန်ဘင်းမှာ တစ်ညလုံးစောင်မရှိဘဲ အိပ်ခဲ့ရသည်။

လည်ချောင်းတစ်ခုလုံး ခြောက်ကပ်ကာ နာနေတာမို့ ကျန်းဟောက် ထကာ ရေသောက်ဖို့ပြင်လိုက်သည်။ သူအနည်းငယ်သာ လှုပ်ရှားလိုက်ပေမယ့် အအိပ်ဆက်သည့် ဆောင်းဟန်ဘင်းမှာ နိုးလာပြီး သူ့အား ကြည့်လာသည်။

"နိုးနေပြီးလား? အဆင်ပြေရဲ့လား? ဘယ်နား မသက်သာတာရှိသေးလဲ?"

အိပ်ရေးမဝတာကြောင့် ဆောင်းဟန်ဘင်းမှာ မျက်လုံးတို့မဖွင့်နိုင်ပေ။ သို့ပေမယ့် ထထိုင်ကာ ကျန်းဟောက်အား မေးခွန်းတွေ ဆက်တိုက်မေးလာပြီး ကိုယ်အပူချိန်အား စမ်းဖို့ကိုလဲ မမေ့ပေ။

ခပ်နွေးနွေးလက်ဖဝါးတစ်ဖက်က သူ့နဖူးပေါ်ရောက်လာသည့်အခါ ကျန်းဟောက် မျက်ဝန်းတို့ တုန်ယင်သွားရသည်။ သူကိုယ်တိုင်မသိလိုက်ပါဘဲ အရှေ့သို့ အနည်းငယ်ယိုင်နဲ့သွားကာ သူနည်းနည်းလောက် ထပ်ပြီး ထိုအထိအတွေ့နဲ့ ပို၍နီးကပ်ချင်နေခဲ့သည်။

ကျန်းဟောက်ရဲ့ ခန္ဓာကိုယ်ယိုင်သွားတာကို သတိထားမိတော့မှ ဆောင်းဟန်ဘင်း မျက်လုံးတို့ဖွင့်နိုင်တော့သည်။

ကျန်းဟောက် ပုခုံးကို ထိန်းကိုင်ရင်း မေးလိုက်သည်။

"ခေါင်းမူးနေသေးလား?"

ကျန်းဟောက် ခေါင်းခါပြလိုက်ကာ ဆောင်းဟန်ဘင်းကိုကြည့်ရင်း

"ငါသက်သာလာပါတယ်၊ အာခေါင်တွေခြောက်နေလို့ ရေသွားသောက်မလို့၊ မင်း ပြန်အိပ်လိုက်ဦး"

"ခနလေး၊ ငါ ရေနွေးတည်ထားတာရှိတယ်"

ပြီးနောက် night stand ပေါ်တွင် တင်ထားသည့် လျှပ်စစ်ရေနွေးအိုးလေးကို ကိုင်ကြည့်နေသည့် ဆောင်းဟန်ဘင်းကိုတွေ့လိုက်ရသည်။ ရေကနွေးနေသေးတာကြောင့် ခွက်ထဲလောင်းထည့်ကာ ကျန်းဟောက်အား ပေးလာခဲ့သည်။

"နည်းနည်းနွေးနေသေးတယ်"

ဆောင်းဟန်ဘင်းပေးလာသည့် ရေခွက်ကိုယူရင်း သူ ဆောင်းဟန်ဘင်းအား စိတ်မကောင်းဖြစ်စွာကြည့်လိုက်သည်။ သူ့အိမ်တွင် အပူခံဓာတ်ဘူးမပြောနှင့် ရေဘူးတောင် ရိုးရိုးရေဘူးဘဲ ရှိတာကြောင့် ထိုကဲ့သို့နွေးနေအောင် ဆောင်းဟန်ဘင်း ဘယ်နှကြိမ်လောက် ထပြီး ရေနွေးတည်နေခဲ့မှန်း ကျန်းဟောက် မစဉ်းစားရဲပေ။

"ဗိုက်ဆာနေပြီလား?"

နှစ်ယောက်လုံးနိုးနေပြီးမို့ မနက်စာ အတွက် စဉ်းစားရတော့မည်ဖြစ်သည်။

"အစောကြီးရှိသေးတယ်ထင်တယ်၊ မင်း ထပ်အိပ်သင့်တယ်၊ မနက်စာက ငါစီစဉ်လိုက်မယ်"

နာရီကိုကြည့်လိုက်တော့ မနက် ၆ နာရီ ထိုးခါနီးဖြစ်သည်။

သူ ဆောင်းဟန်ဘင်းကို ထပ်ပြီး အိပ်စေချင်တာကြောင့်

"ငါ ဗိုက်လဲမဆာသေးဘူး၊ အဲ့ဒါကြောင့် မင်းနည်းနည်းလောက်ထပ်အိပ်လိုက်ဦး၊ ငါ ၇ နာရီလောက်ကျနှိုးပေးမယ်"

ကျန်းဟောက် တိုက်တွန်းနေတာမို့ ဆောင်းဟန်ဘင်းမငြင်းတော့ဘဲ ပြန်အိပ်ရန် လှဲချလိုက်သည်။

"ဒီနေ့ကျောင်းမသွားဘူး၊ မင်းကို တစ်ယောက်တည်းမထားခဲ့ဘူး"

ကျန်းဟောက်၏ ကိုယ်အပူချိန်မှာ မနေ့ကထက်စာရင် လျှော့ကျသွားပြီး ပို၍ အခြေနေကောင်းလာသည်။ သို့ပေမယ့် ဒီနေ့တစ်ရက်ကို ကောင်းကောင်းအနားယူစေချင်သည်။

စကားဆုံးသည်နှင့် ဆောင်းဟန်ဘင်းမှာ မျက်ဝန်းတို့မှိတ်သွားပြီး ပြန်အိပ်သွားတာမို့ ကျန်းဟောက်လဲ ပြန်လှဲချကာ မှေးနေလိုက်သည်။

Ring.......Ring......Ring~

ဖုန်းခေါ်သံကြောင့် ကျန်းဟောက် မှေးနေရာမှ နိုးလာခဲ့သည်။ အိပ်နေရာမှထကာ ဖုန်းကိုရှာပြီး ယူကြည့်လိုက်တော့ မြည်နေသည်မှာ သူ့ဖုန်းမဟုတ်ပေ။ ထို့ကြောင့် သူဖုန်းမြည်သံနောက်သို့ လိုက်ကြည့်ရင်းမှ ဆောင်းဟန်ဘင်း၏ ဖုန်းဖြစ်နေမှန်းသိလိုက်ရသည်။ ဖုန်းခေါ်လာသူမှာ ဂယူဘင်ဖြစ်သည်။ ဆောင်းဟန်ဘင်းမှာ အိပ်မောကျနေဆဲမို့ ကျန်းဟောက် ဖုန်းဖြေရန် ဆုံးဖြတ်လိုက်သည်။

"ဟန်ဘင်း...... ကျန်းဟောက် သက်သာလား? မင်းကို စာပို့သေးတယ်၊ ပြန်မဖြေလို့ မင်းနိုးမဲ့ချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်တာ"

"သက်သာလာပါပြီး"

ကျန်းဟောက်၏အသံမှာ အက်ကွဲနေဆဲပင်။

"ကျန်းဟောက်? သက်သာတဲ့အသံက ဒီအသံလား? ဟန်ဘင်းရော?"

"သူ ညက ငါ့ကို ဂရုစိုက်နေရတာနဲ့ သေချာမအိပ်ခဲ့ရဘူး၊ အဲ့ဒါကြောင့် အခု သူ အိပ်ပျော်နေတယ်"

"မနက်စာရော စားပြီးကြပြီးလား? လာပို့ပေးရမလား?"

"ရတယ်၊ ငါတို့ကြည့်စီစဉ်လိုက်မယ်"

"ဒီနေ့တစ်ရက်နားလိုက်ဦး၊ မင်းနဲ့ ဟန်ဘင်းအတွက် ခွင့်တိုင်ထားပေးမယ်၊ စာအတွက်လဲ စိတ်မပူနဲ့၊ ငါတို့အကုန် သေချာမှတ်ထားပေးမယ်"

"အင်း ကျေးဇူးဘဲ၊ ငါနောက်မှ တစ်ဝိုင်းကျွေးမယ်"

"ဒါဆို မြန်မြန်သက်သာအောင် လုပ်တော့"

"ဟုတ်ပြီး၊ နောက်မှတွေ့မယ်"

၈ နာရီထိုးနေပြီးမို့ ကျန်းဟောက် မျက်နှာထသစ်ဖို့ ပြင်ဆင်လိုက်သည်။ ဆောင်းဟန်ဘင်း နိုးလာမှာစိုးရိမ်တာကြောင့် မီးဖိုခန်းထဲရှိ ဘေစင်မှာသာ မျက်နှာ သွားသစ်လိုက်သည်။ မနက်စာအတွက်ကို delivery ဖြင့်သာမှာပြီး ရောက်လာသည့်အခါမှ ဆောင်းဟန်ဘင်းကို နှိုးရန်တွေးလိုက်သည်။

WeChat message ကိုစစ်ကြည့်တော့ မနေ့ညက သူ့အဖေဆီက စာပို့ထားသည်ကို တွေ့လိုက်ရသည်။ ကျန်းပါးပါးက သူပို့ထားတဲ့ ပုံတွေကိုကြည့်ပြီးနောက် မှတ်ချက်ပေးထားကာ စာတွေအများကြီးပို့ထားခဲ့သည်။

ကျန်းပါးပါး : ဒီသူငယ်ချင်းလေးက ဘယ်သူလဲ? ကိတ်မုန့်တွေနဲ့ ပေပွနေတာတောင် သူ့ရဲ့ မျက်နှာသွင်ပြင်ကို မမှေးမှိန်သွားစေဘူး

ထို့နောက် လှောင်ပြုံး ပြုံးနေတဲ့ memes ပုံလေးတစ်ပုံထပ်ပို့ထားကာ

ကျန်းပါးပါး : မင်းထက်ကြည့်ကောင်းတဲ့သူကို တွေ့ရတော့ ဘယ်လိုခံစားရလဲ?

ကျန်းဟောက် ထိုစာတွေကို ဖတ်ကြည့်ရင်း သည်းမခံနိုင်စွာ မျက်လုံးလှိမ့်လိုက်မိသည်။ သူ့အဖေက တရုတ်တွင် နာမည်ကျော်ကြားကာ ချောမောခန့်ညားသည့် စီးပွါးရေးသမားတစ်ယောက်ဖြစ်ပြီး လူအများရှေ့တွင် တည်ကြည်တဲ့အပြုံး၊ ထက်မြတ်သည့်အသွင်နှင့် ကျန်းပါးပါးမှာ တကယ်တမ်းတွင် သားဖြစ်သူကို အမြဲ လှောင်ပြောင်ကာ မခံချင်ဖြစ်အောင် စ နောက်နေတတ်မှန်း မည်သူမျှ မသိပေ။

သူ့အဖေရည်ညွှန်းနေသူမှာ Ricky ဖြစ်သည်။ ကိတ်မုန့်တို့ဖြင့် ဆော့ထားကြပေမယ့် Ricky ရဲ့ အရှိန်အဝါကို သေးသိမ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

ကျွန်တော် နေမကောင်းဖြစ်နေတာ သိရဲ့လား?

သူ့အား အချိန်ရရင် ရသလို စ နောက်ချင်နေသည့် သူ့အဖေကို စိတ်မပူစေချင်တာကြောင့် နေမကောင်းဖြစ်သည့်အကြောင်းအရာကိုတော့ ထည့်မပြောဖြစ်ပေ။ သူ ထိုင်နေရင်း ပို့ထားသည့် စာများကိုသာ ဖတ်နေလိုက်သည်။

ကျန်းပါးပါး : အဖေ့ရဲ့သားလေး အချိန်ကောင်းလေး ပိုင်ဆိုင်ခဲ့တာဘဲ၊ အဖေ သားကို ကိုးရီးယားကို ပို့လိုက်ရကတည်းက သားတစ်ယောက်တည်း အဆင်မပြေဖြစ်နေမှာကို စိတ်ပူနေခဲ့တာ၊ ငါတို့ရဲ့ရှောင်ဟောက်က ပေါင်းသင်းဆက်ဆံရေးညံ့တယ်၊ တစ်ခါမှ သူငယ်ချင်းတွေကို အိမ်ခေါ်လာတာ မကြုံဖူးဘူး၊ သူငယ်ချင်းအကြောင်းပြောတာလဲ မကြားခဲ့ဖူးဘူး၊ အခု အဖေ့ရဲ့ ရှောင်ဟောက်နားမှာ သူငယ်ချင်းတွေ အများကြီးရှိနေတာတွေ့ရတော့......

အဖေ ဘယ်လောက် ဝမ်းသာတယ်ဆိုတာ မင်းစဉ်းစားမိမှာတောင်မဟုတ်ဘူး

ကျန်းဟောက် မတ်သရူး၏ စကားကို ပြန်ကြားယောင်မိသွားသည်။

Zhalways_1 : လူငယ်ဘဝကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာ ကျွန်တော်လေ့လာနေတယ်၊ သူတို့က ကျွန်တော့်အပေါ်လဲ ကောင်းပေးကြတယ်၊ အဲ့ဒါကြောင့် အရမ်းကြီး စိတ်မပူပါနဲ့၊ ကျွန်တော် အခုအဆင်ပြေနေပါတယ်

ကျန်းပါးပါး : ကျောင်းမသွားဘူးလား?

သူ့အဖေ စာချက်ချင်းပြန်လိမ့်မည်ဟု မတွေးမိတာကြောင့် ထိတ်လန့်သွားပေမယ့် ချက်ချင်းပင် ပြန်ထိန်းနိုင်လိုက်သည်။

Zhalways_1 : ဘတ်စ်ကားပေါ်မှာ

ကျန်းပါးပါး : ခေါင်းမူးလိမ့်မယ်၊ ဘာလို့ဖုန်းသုံးနေတာလဲ?

စာကို ရေးလိုက် ပြန်ဖျက်လိုက်ဖြင့် အလုပ်ရှုပ်နေကာ ကျန်းဟောက် အနည်းငယ်တွန့်ဆုတ်နေပြီးနောက် အရဲစွန့်ကာ စာ ဆက်ပို့လိုက်သည်။

Zhalways_1 : ကျွန်တော်ပြောစရာရှိတယ်.....

ကျန်းပါးပါး : ပြော

Zhalways_1 : ကျွန်တော် ဒီနွေရာသီ ကျောင်းပိတ်ရက်ကို ကိုးရီးယားမှာဘဲ နေချင်လို့

ကျန်းပါးပါး : ဘယ်လို?!!!!!!

Zhalways_1 : နွေရာသီပိတ်ရက်မှာ ကျောင်းလေ့လာရေးခရီးရှိတယ်......

ကျန်းပါးပါး : ..........

Zhalways_1 : အဲ့ဒါ ကျွန်တော်သွားချင်လို့

ကျန်းပါးပါး စာမပြန်လာခင် ကျန်းဟောက် ခပ်မြန်မြန်ပင် စာတစ်စောင်ထပ်ပို့လိုက်သည်။

Zhalways_1 : သူငယ်ချင်းတွေနဲ့အတူတူ

နောက်ဆုံးပို့လာသည့်စာကို မြင်ပြီးနောက် ကျန်းပါးပါး ဖုန်းကိုကြည့်ရင်း ဝမ်းနည်း ဝမ်းသာခံစားချက်ကြီးက ရင်ထဲ ပျံ့နှံ့သွားရသည်။ သူတို့အိမ်က ကျန်းဟောက်လေးမှာ ငယ်ငယ်ကတည်းက စကားနည်းသူဖြစ်ကာ လူတွေနဲ့ ပြောဆိုဆက်ဆံရသည်ကိုလဲ သဘောမကျတာကြောင့် အိမ်ထဲတွင်သာ နေရသည်ကို နှစ်ခြိုက်သူဖြစ်သည်။

တစ်ခါတစ်ရံ မိဘတွေအချိန်ရလို့ ရပ်ကွက်ထဲရှိ ပန်းခြံထဲတွင် ရွယ်တူ အခြားကလေးများနှင့် ဆော့ကစားရန် ပို့ပေးလျှင်တောင် ဒန်းပေါ်တွင်သာ ငြိမ်ငြိမ်လေး ထိုင်နေတတ်သူဖြစ်သည်။

ငယ်ငယ်လေးကတည်းက မို့အစ်နေတဲ့ ပါးနှစ်ဖက်၊ တောက်ပနေတဲ့မျက်ဝန်းမျာရနှင့် အတူ နီရဲနေတဲ့ နှုတ်ခမ်းဖူးဖူးလေးတစ်စုံကြောင့် ဘယ်လိုကြည့်ကြည့် အူယားစရာကောင်းနေသည့် ကျန်းဟောက်အနားသို့ အခြားကလေးများက လာမိတ်ဆက်ခဲ့ရင်တောင် သူ့မှာ ခေါင်းလေးသာ ခါပြတတ်သည်။

ထိုအချိန်က ၄ နှစ်သားလေး ကျန်းဟောက်မှာ တစ်ဦးတည်းသော သားဖြစ်တာကြောင့် အဖော်မဲ့ကာပျင်းနေမှာစိုး၍ ထိုပန်းခြံငယ်လေးအား ကျန်းပါးပါးနှင့် မားမားက ပို့ပေးခဲ့သည်။

ပတ်ဝန်းကျင်အသစ်ကို ရောက်ရှိသွားတဲ့ ၄ နှစ်သားလေးကျန်းဟောက်မှာ နေရာသစ်တွင် သူမမြင်ဖူးတဲ့ လူများနှင့် အရာဝတ္ထုများကို လိုက်ကြည့်နေခဲ့သည်။

အချိန်တစ်ခုကြာတော့မှ ခြေထောက်သေးသေးဖြင့် လှုပ်တုတ် လှုပ်တုတ် လမ်းလျှောက်သွားပြီး သူ စိတ်ဝင်စားသည့် အရာများကို လိုက်ကြည့်တော့သည်။ လှေကားပေါ်ပြေးတက်ကြပြီးနောက် အမြင့်နေရာမှ လျှောဆင်းလာကြတဲ့ ကလေးတစ်အုပ်ကို အဝေးကနေသာလှမ်းကြည့်ပြီး ပြန်လှည့်လာခဲ့သည်။

တစ်ဖက်တစ်ချက်ဆီ ထိုင်ကာ နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည့် seesaw ကိုလဲ တစ်ချက်ကြည့်ပြီးနောက် ပြန်လှည့်လာကာ ထောင့်နားရှိ ဒန်းလေးပေါ်တွင်သာ တစ်ယောက်တည်း သွားထိုင်နေသည်။

ထိုအဖြစ်အပျက်ကိုကြည့်ရင်း ကျန်းပါးပါးနှင့် မားမားတို့နှစ်ယောက် ရယ်ရခက်၊ ငိုရခက်ဖြင့် သက်ပြင်းအခါခါ ချခဲ့ရသည်။ သို့ပေမယ့် သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးမည့် မြင်ကွင်းတစ်ခုအား မြင်လိုက်ရသည်။ ကျန်းဟောက်အသေးလေးနှင့် ရွယ်တူကလေးမ လေး တစ်ယောက်က ကျန်းဟောက်အနားသို့ ချဉ်းကပ်သွားသည်။

"နင်တစ်ယောက်တည်းလား?"

ကျန်းဟောက်အသေးလေးမှာ ထိုကလေးမ အားကြည့်လာပြီး ပြန်မပြောပေ။

"ငါလွှဲပေးရမလား?"

ခေါင်းသာခါပြပြီး ဘာတစ်ခွန်းမှပြန်မပြောလာသည့် သူ့အရှေ့က ချစ်စရာကောင်လေးငယ်ကိုကြည့်ရင်း သူမ ဇွဲမလျှော့ချင်သေးပေ။

"နင့်နာမည် ဘယ်လိုခေါ်တာလဲ? အသက်ကဘယ်လောက်လဲ"

သူမရှေ့က ချစ်စရာကောင်ငယ်လေးမှာ စကားမပြောပေ။ သူမ စိတ်မရှည်ဖြစ်လာတာမို့ လက်တစ်ဖက်ကို မြှောက်ကာ ပါးမို့မို့လေးတစ်ဖက်ကို ဆွဲညှစ်၍ မေးလိုက်သည်။

"နင် ဘာလို့စကားမပြောတာလဲ!"

ထိုအခါ ကျန်းဟောက်အသေးလေးမှာ ဆွဲခံထားရသည့်ပါးကို ထိုကလေးမလက်ထဲမှ လွတ်စေရန် မျက်နှာကို အသာနောက်ဆုတ်လိုက်ပြီးနောက် မျက်ရည်တို့ ရစ်ဝဲတတ်လာသည်။ ပြီးနောက် ပန်းခြံတစ်ဝိုက်ကို ကြည့်ကာ ရှာပြီးနောက် မိခင်ဖြစ်သူအား တွေ့သည်နှင့် မျက်ရည်တို့ဖြင့် အမေဖြစ်သူဆီပြေးတော့သည်။

"မားမား!!!!!"

မျှော်လင့်နေတဲ့ မြင်ကွင်းက ဖြစ်မလာတာကြောင့် ငိုသွားတဲ့ ကျန်းဟောက်လေးဆီသို့ သွားကာ ပွေ့ချီလိုက်ရတော့သည်။ အမေဖြစ်သူကို ဖက်ကာ တရှုံ့ရှုံ့ဖြင့် ငိုရင်း အိမ်ပြန်ရန် တောင်းဆိုနေတော့သည်။

အရွယ်လေးနည်းနည်းရောက်လာတော့လဲ တယောထိုးသင်ပြီးနောက် အိမ်ထဲမှ ပို၍မထွက်တော့ပေ။ တစ်ခါတစ်ရံ သင်တန်းကျောင်းလိုက်သွားသည်ဖြစ်စေ၊ ဖျော်ဖြေပွဲရှိ၍ဖြစ်စေ၊ ပြိုင်ပွဲဖြစ်စေ ရှိသည့်အခါမှသာ အပြင်ထွက်တတ်ပြီး ကျန်အချိန်များတွင် အိမ်နှင့်ကျောင်းသာ။

သူငယ်ချင်းတွေအကြောင်းလဲ မကြားဖူးသလို အိမ်ခေါ်လည်တာမျိုးလဲ မကြုံခဲ့ဖူးပေ။ ထိုသို့သာ တစ်ယောက်တည်း တသီးတသန့်နေတတ်သည့် သူတို့အိမ်က ကျန်းဟောက်က ကျောင်းလေ့လာရေး ခရီးအား သူငယ်ချင်းတွေနဲ့ အတူသွားချင်ပါသည်ဟု သူ့အားခွင့်တောင်းနေသည်။

ထိုအခွင့်အရေးကို ဖခင်တစ်ယောက်အနေနဲ့ ခွင့်မပြုပါက သူသည် ဖခင်တစ်ယောက်လို့ မခေါ်ထိုက်ဟုပင် ခံစားလာရသည်။

သို့သော်......

ကျန်းပါးပါး : သားသွားလို့ရတာပေါ့! ဒါပေမယ့် သားရဲ့ မွေးနေ့ကိုလဲအတူဖြတ်သန်းချင်တယ်"

ကျန်းဟောက် မေ့နေခဲ့တာတော့မဟုတ်။ သူ့မွေးနေ့က ၇ လပိုင်းဖြစ်သည်။ သူနွေရာသီပိတ်ရက်ကို မပြန်ပါက သူ့အဖေနှင့် မွေးနေ့ကို အတူဖြတ်သန်းရမည် မဟုတ်ပေ။ သို့ပေမယ့် တစ်ဖက်တွင်လဲ တစ်သက်မှာတစ်ခါသာ ဖြစ်ပေါ်လာသည့် စိတ်ဆန္ဒကိုလဲ မငြင်းဆန်ရက်ပေ။

သူ ကျောင်းလေ့လာခရီးကို သွားချင်သည်။

ကျန်းပါးပါး : စိတ်ချလက်ချပျော်ခဲ့၊ မွေးနေ့ကိစ္စ စိတ်မပူနဲ့

Zhalways_1 : ကျေးဇူးတင်ပါတယ်

ဆောင်းဟန်ဘင်း အခန်းထဲမှ ထွက်လာချိန်တွင် ဧည့်ခန်းနေရာရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းကိုကြည့်ရင်း ပြုံးနေသည့် ကျန်းဟောက်အား တွေ့လိုက်ရသည်။ ဖုန်းကိုကြည့်ကာ ကျေကျေနပ်နပ်ကြီး ပြုံးနေသည်မှာ ဆောင်းဟန်ဘင်းတစ်ယောက် အခန်းထဲမှ ထွက်လာသည်ကိုပင် သတိမထားမိသည်အထိ။ သူ အခန်းတံခါးဝမှ ရပ်ကြည့်နေသည်မှာ အချိန်တစ်ခုကြာပြီဖြစ်ပြီး ကျန်းဟောက်မှာ တစ်ချိန်လုံး ထိုအတိုင်းပြုံးနေခဲ့တာဖြစ်သည်။

"ဘာတွေ အဲ့လောက်ပြုံးနေတာလဲ"

"အားးး!!!"

ဒုတ်*

ကျန်းဟောက်မှာ အသံကျယ်ကြီးဖြစ် ထ အော်က လက်ထဲက ဖုန်းကပါ ကြမ်းပြင်ပေါ် ပြုတ်ကျသွားရသည်။

ကျန်းဟောက် ရင်ဘက်ကိုဖိရင်း ဆောင်းဟန်ဘင်းအား မော့ကြည့်လာကာ

"လန့်သွားတာဘဲ၊ နိုးလာပြီလား? ဘာလို့ နည်းနည်းလောက် ထပ်မအိပ်တာလဲ?"

ကြမ်းပြင်ပေါ်မှ ဖုန်းကို ကောက်ပေးလိုက်ကာ ကျန်းဟောက်ဘေးနားတွင် ဝင်ထိုင်လိုက်သည်။

"တကယ်တော့ ငါ မင်းကို ရပ်ကြည့်နေတာကြာပြီး၊ မင်း သတိမထားမိတာ"

သူ့အိမ်တွင် တစ်ယောက်ယောက်ရှိနေသည်အား မေ့လျော့နေခဲ့တာဖြစ်သည်။

"မင်းရှိနေတယ်ဆိုတာကို ငါ တစ်ချက်မေ့သွားတယ်"

ကျန်းဟောက်ရဲ့ စကားပြောဆိုပုံမှာလဲ ပုံမှန်ပြန်ဖြစ်လာကာ မျက်နှာအရောင်မှာလဲ ဖြူဖျော့မနေဘဲ အဆင်ပြေလာသည်။

"ငါ မနက်စာမှာထားပြီးပြီး၊ ရောက်လာရင် အတူစားကြရအောင်"

"စားဖို့ကို အမြဲဒီလိုဘဲ မှာစားနေတာလား"

ကျန်းဟောက် ခေါင်းညိတ်ပြလိုက်သည်။

"ဘာလို့ လူမခေါ်တာလဲ?"

"ငါ့အိမ်ကို သူစိမ်း တစ်ယောက်ယောက်က ဝင်ထွက်နေတယ်ဆိုတဲ့ ခံစားချက်က သိပ်အဆင်မပြေဘူးလို့ ခံစားရတယ်၊ ငါ့အဖေက တရုတ်ကနေ လူတစ်ယောက်ထည့်ပေးလိုက်မယ်ပြောပေမယ့် ငါတစ်ယောက်တည်း အေးဆေးနေချင်တာကြောင့် ငြင်းလိုက်တာ၊ အဲ့လိုနဲ့ မင်းမြင်တဲ့အတိုင်း ဖြတ်သန်းနေရတာဘဲ"

ကျန်းဟောက်၏ တိုက်ခန်းမှာ တစ်ယောက်စာအတွက်ကျယ်လွန်းပေမယ့် အားလုံး သူ့နေရာနှင့် သူ စီစီရီရီရှိကာ သပ်ရပ်နေပုံကိုကြည့်ခြင်းအားဖြင့် သန့်ရှင်းရေးကို ပုံမှန်လုပ်နေကြောင်း သိသာသည်။

တစ်ယောက်တည်းနေသည့် ကျန်းဟောက်မှာ သန့်ရှင်းရေးတော့ လုပ်ပေမယ့် မီးဖိုချောင်တော့ ဝင်မည့်ပုံမပေါ်ပင်။

Ding~dong.......

"အားးး!!!!"

လူခေါ်ဘဲလ်သံကြောင့် လန့်သွားတဲ့ ကျန်းဟောက်ကို ကြည့်ရင်း ဆောင်းဟန်ဘင်း အော်ရယ်လိုက်မိသည်။

"မင်း ဘာလို့ ဒီလောက် လန့်တတ်ရတာလဲ?"

လွန်ခဲ့တဲ့မိနစ်အနည်းငယ်ကလို ရင်ဘက်လေးကို ဖိရင်း ထိုင်နေရာမှ ထ ကာ တံခါးဆီသို့သွားလိုက်သည်။

Deli လာပို့တာကို လက်ခံပြီးနောက် ငွေရှင်းကာ တံခါးပိတ်ပြီး ပြန်အလှည့်တွင် ဆောင်းဟန်ဘင်းက နောက်ကနေ ဘွားခနဲပေါ်လာကာ ကျန်းဟောက်အား စ ပြန်သည်။

"ဝါ့!!!!"

"အားးး!!!!"

"ဟားးးဟားး"

"ဆောင်းဟန်ဘင်းးးးး!!!!!"

===============

TBC.........

16 January,2025

Update လေးကြာသွားတဲ့အတွက် sorry ပါလို့၊ စောင့်နေပေးတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်နော် 🫶🩷🩵

Ricky နဲ့ ဂယူဘင်က now or never ထဲမှာ 同桌 တွေပါ 🫢

ဒီတလော shimgkongz ကို တအားသဘောကျနေတယ်လို့!!!!!!!🫨

ဆောင်းဟန်ဘင်း baseball ဝတ်စုံနဲ့ တအားမိုက်ဘဲ!!!!!! ကျန်းဟောက်ကိုလဲ အဲ့လိုလေး ဆင်ပေးတာမဟုတ်ဘူး တော်တော်ဘဲ!!!!! 😤