Chapter 24: အပိုင်း (၂၃) မီးပွါးလေး တစ်စ

My other halfWords: 25958

အိမ်မှာတစ်ရက်အနားယူပြီးနောက် ကျန်းဟောက်တို့နှစ်ယောက်သား နောက်တစ်ရက်တွင် ကျောင်း အတူပြန်တက်ဖြစ်ကြသည်။

"နှမျောစရာဘဲ"

"ဘာကလဲ?"

ဘတ်စ်ကားပေါ်တွင် ထိုင်နေရင်း ဆောင်းဟန်ဘင်း၏ အစမရှိ အဆုံးမရှိ စကားကြောင့် ကျန်းဟောက် အပြင်ဘက်သို့ ငေးနေရင်း မေးလိုက်သည်။

"ငါ မင်းအိမ်မှာ နှစ်ရက်လောက်နေခဲ့ပေမယ့် တယောထိုးနေတာကို နားမထောင်ခဲ့ရဘူး"

ပထမတစ်ရက်မှာ နေမကောင်းဖြစ်နေခဲ့တာကြောင့် မတောင်းဆိုခဲ့သလို ဒုတိယရက်မှာလဲ သူတို့နှစ်ယောက်သား တစ်နေ့လုံး အိမ်ထဲအောင်းကာ ရုပ်ရှင်ကြည့်လိုက် ဂိမ်းဆော့လိုက်နှင့် အချိန်ကုန်ဆုံးခဲ့ပြီး ညနေဘက်တွင် လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်။

ကျန်းဟောက် အပြင်ဘက်ကိုငေးနေရာမှ ဆောင်းဟန်ဘင်းကို လှည့်ကြည့်လာသည်။

"နားထောင်ချင်လို့လား?"

ဆောင်းဟန်ဘင်း သူ့နှုတ်ခမ်းပါးတွေကို အနည်းငယ် ဆူကာ ခေါင်းညိတ်ပြလာသည်မှာ ချစ်စရာကောင်းအောင် လုပ်ပြနေသလိုပင်။

ထိုအမူရာကိုမြင်သည်နှင့် ကျန်းဟောက်ဟန်မဆောင်နိုင်ဘဲ ပြုံးလိုက်မိပြီး လက်သီးဆုတ်ဖြင့် သူ့ပါးစပ်ကို သူအုပ်ထားလိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ချစ်စရာကောင်းအောင် လုပ်ပြနေတာလဲ?"

"ပထမအကြိမ်ကြားဖူးကတည်းက နားထဲစွဲနေတာ၊ ပြီးတော့ အရမ်းလဲ ဆွဲဆောင်မှုရှိတယ် အဲ့တုန်းက"

ဆောင်းဟန်ဘင်းက သူ့အမူရာကို ပြန်ထိန်းရင်း ကျန်းဟောက်ကို ချီးကျူးစကားတွေ ပြောပေးတာကြောင့် ကျန်းဟောက်မှာ အာရုံပြောင်းသွားရသည်။

ကျေနပ်နေမှုကြောင့် မျက်နှာကိုပါ အနည်းငယ်ပင့်မော့ထားလိုက်သေးသည်။

ထိုကဲ့သို့ ချီးကျူးစကားတွေကို အကြိမ်ပေါင်း မနည်းကြားဖူးခဲ့ပေမယ့် ဒီတစ်ကြိမ် ဆောင်းဟန်ဘင်းဆီကကြားရသည့်အခါတွင် အကျေနပ်ကြီး ကျေနပ်နေမိသည်။

"တကယ်လား?"

ကျေနပ်စွာပြုံးဖြီးနေတဲ့ ကျန်းဟောက်ကိုကြည့်ရင်း ဆောင်းဟန်ဘင်း ခေါင်းညိတ်ပြလိုက်သည်။

"တကယ်ပေါ့! အရင်ကဖျော်ဖြေထားတဲ့ video တွေ ဘာတွေမရှိဘူးလား"

ကျန်းဟောက် တစ်ချက်တွေးလိုက်ကာ သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး

"ဖုန်းထဲရှိမယ်ထင်တယ်၊ ရှာကြည့်ပေးမယ်"

ဖုန်းထဲရှာကြည့်ပြီးနောက် တွေ့သည့်အခါ လွယ်အိတ်ထဲမှ နားကြပ်ကိုထုတ်ကာ တစ်ယောက်တစ်ဖက်တပ်လိုက်ကြသည်။

ကျန်းဟောက်ပြသည့် video မှာ ဆောင်းဟန်ဘင်း ig တွင် like ပေးသွားခဲ့သည့် နေ့က ဖျော်ဖြေခဲ့သည့်ပွဲဖြစ်သည်။

အဖြူရောင်ဝတ်စုံဖြင့် အမှောင်ထုကြားတွင် တောက်ပနေသည့်ကျန်းဟောက်မှာ မျက်စိဆုံမှိတ်ရင်း ကျွမ်းကျင်စွာ တယောထိုးနေခဲ့သည်။

"ဘာလို့ အဲ့လောက်ကြည့်ကောင်းနေရတာလဲ"

ဆောင်းဟန်ဘင်းထံမှ ချီးကျူးစကားသံကြောင့် ကျန်းဟောက် အသံထွက်ရယ်လိုက်မိသည်။

"မင်းပြောတော့ တယောထိုးတာ နားထောင်ချင်တာဆို?"

"အာ....ဒီနားလေး"

Video ထဲတွင် ပြီးဆုံးခါနီးအချိန်၌ ကျန်းဟောက် ပြုံးလိုက်သည့်အချိန်ဖြစ်သည်။

"ကင်မရာမန်းက ကွတ်တိကို ရိုက်ယူနိုင်ခဲ့တာဘဲ"

ဆောင်းဟန်ဘင်းမှာ ထိုနားလေးကို အနောက်ပြန်ရစ်ကာ ကြည့်ပြန်သည်။

"ဒီလိုအခိုက်အတန့်မျိုးက လွတ်သွားရင် တအားနှမျောဖို့ကောင်းမှာ.....ကင်မရာမန်း တော်တယ်ပြောရမယ်"

ဆောင်းဟန်ဘင်း တစ်ယောက် ခေါင်းတစ်ခါခါဖြင့် ကင်မရာမန်းကို ချီးကျူးခန်းဖွင့်နေတာ season 2 ထုတ်လို့ရသည့်အထိပင်။

"မင်း ငါ့တယောသံကိုရော နားထောင်နေရဲ့လား? ကင်မရာမန်းကိုဘဲ ချီးကျူးနေတော့တာဘဲ"

"မင်းက စင်ပေါ်မှာ အရမ်းကို တောက်ပနေတာ၊ ဘယ်လိုကြည့်ကြည့် နတ်သားလေးတစ်ပါးလိုဘဲ... ကမ္ဘာမြေပေါ် မှာ နတ်သားတစ်ပါးက တယောထိုးနေတာကို အမိအရ မှတ်တမ်းတင်ခဲ့နိုင်တာ အဲ့ကင်မရာမန်း တော်လား? မတော်ဘူးလား?"

ဆောင်းဟန်ဘင်း၏ စကားကိုကြားပြီးနောက် ကျန်းဟောက် ထိန်းမနိုင်စွာ အော်ရယ်ရင်း သူ့ဘေးက ဆောင်းဟန်ဘင်းကိုပါ ထုရိုက်မိတော့သည်။

"မင်း ဘာဖြစ်နေတာလဲ? ဘာလို့ စကားကို ဒီလောက်ကောင်းအောင်ပြောတတ်နေရတာလဲ?"

"အ့! တကယ်ပြောတာ၊ နောက်နေတာမဟုတ်ဘူး၊ တခြား video တွေရော ရှိသေးလား?"

"ရှာပေးမယ်"

"အို? ဒီထဲမှာက အရမ်းငယ်သေးတယ်နော်...."

"ဟုတ်တယ် ၉ နှစ်လား? ၁၀ နှစ်လား? အဲ့လောက်ဘဲရှိဦးမယ်"

"မင်းက ငယ်ရုပ်မပျောက်ဘူးဘဲ"

ဗီဒီယိုကိုကြည့်နေရာမှ ကျန်းဟောက်ကို မော့ကြည့်လာကာ ပြောလိုက်သည်။ ကျန်းဟောက်က သူ့ဖုန်းထဲရှိသမျှ ဗီဒီယိုတွေရှာပြီး ဆောင်းဟန်ဘင်းကို ပြရင်း သူတို့နှစ်ယောက် ကျောင်းရောက်လာခဲ့သည်။

လွယ်အိတ်တွေမပါတာကြောင့် ကျောင်းရောက်သည့်အခါ စာသင်ခန်းဆီ တန်းမသွားနိုင်ဘဲ ဆောင်းဟန်ဘင်း၏ အဆောင်ရှိရာဆီကို အရင်သွားရသည်။

ဆောင်းဟန်ဘင်းတို့၏ အဆောင်ခန်းကို သူ အရင်က ပုံထဲတွင် အနည်းငယ်တွေ့ထားဖူးပေမယ့် အပြင်မှာတွေ့ရသည့်အခါ အနည်းငယ်ပိုကျယ်သည်ဟု ခံစားရသည်။

"မင်းတို့ကျောင်းက ပိုက်ဆံတော်တော်နိုင်တာဘဲ.... နှစ်ယောက်တစ်ခန်းထားနိုင်တယ်"

ဆောင်းဟန်ဘင်း စာအုပ်ပြန်ထည့်နေချိန် ကျန်းဟောက်က အခန်းထဲ ပတ်ကြည့်နေခြင်းဖြစ်သည်။

"အခု မင်းရဲ့ကျောင်းဆိုလဲ ဟုတ်တယ်လေ၊ တရုတ်ဘက်မှာက ဘယ်လိုလဲ"

"တစ်ခန်း လေးယောက်၊ နှစ်ထပ်ကုတင်နဲ့၊ ဒါပေါ့ လေးယောက်ဖြစ်လို့ ဒီအခန်းထက်တော့ ပိုကျယ်တယ်"

"အရင်က အဆောင်နေဖူးတာလား? အခုရော အဆောင်နေဖို့ မလျှောက်ဘဲ ဘာလို့တစ်ယောက်တည်း နေတာလဲ? ငါ မင်းရဲ့ စားရေးသောက်ရေးကိုကြည့်ပြီး စိတ်မပူဘဲ မနေနိုင်ဘူး"

"ငါ့တုန်းက သုံးယောက်ဘဲ နေခဲ့တာ၊ ဘာလို့ဆို တစ်ယောက်က ကျောင်းလူဆိုးလေးဖြစ်နေတာ၊ သူနဲ့ဘယ်သူမှ မနေချင်ကြဘူး"

"အိုးးး~ အဖြစ်ပျက်လေးတွေရှိခဲ့မယ်ထင်တယ်"

ကျန်းဟောက် ပြုံးကာ ခေါင်းသာခါပြလိုက်ရင်း စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဒီကုတင်က မတ်သရူးရဲ့ကုတင်ဖြစ်ရမယ်၊ သူက အရုပ်တွေကြိုက်တတ်တာလား?"

ညာဘက်ရှိကုတင်ပေါ်တွင် အရုပ်လေးတွေ စီထားသည်ကိုတွေ့လိုက်ရတာကြောင့် ကျန်းဟောက်မေးလိုက်ခြင်းဖြစ်သည်။ မတ်သရူးက ပျော်ပျော်နေတတ်ကာ ချစ်ဖို့ကောင်းတဲ့ အမူရာရှိပြီး သူအရုပ်လေးတွေ သဘောကျတတ်တယ်ဆိုလျှင် ထူးဆန်းမည်မဟုတ်ပေ။

"တကယ်တော့ ငါ့ကုတင်၊ အိမ်က အရုပ်တွေ ယူလာတာ"

"ဒါကြောင့် မင်းရဲ့အခန်းထဲမှာ မတွေ့ရတာပေါ့"

ဆောင်းဟန်ဘင်းက ကျန်းဟောက်ရဲ့ အချိန်စာရင်းကိုပါ တောင်းရင်း ကြည့်ကာသူ့ရဲ့ စာအုပ်တချို့ကို ထုတ်ကာ ငှါးပေးသည်။

"တကယ်တော့ ငါ့မှာ အများကြီး ရှိခဲ့ဖူးတယ်၊ အမေက နေ့ကလေးထိန်းကျောင်း ဖွင့်ထားတာလေ၊ ငါ ဒီမှာအဆောင်နေပြီးနောက်ပိုင်း သူ ယူသွားတာနဲ့ ကုန်တော့မလို့ အ့နဲ့ အကြိုက်ဆုံးလေးတွေကို အဆောင်ယူလာလိုက်တာ"

"အော် အဲ့ဒါကြောင့်ဖြစ်မယ်၊ အန်တီ့ရဲ့ ပြောဆိုဆက်ဆံပုံက အရမ်းနွေးထွေးတာဘဲ"

"အချိိန်ရှိရင် ခေါ်သွားပေးမယ်၊ ဂယူဘင်ဆို ကျောင်းပိတ်ရင် အချိန်ပိုင်း လာလုပ်နေကျဘဲ၊ သူက ကလေးအရမ်း ချစ်တတ်တာ"

"အင်း ကောင်းပြီလေ"

ဆောင်းဟန်ဘင်း၏ အဆောင်အခန်းလေးအား လှည့်ပတ်ကြည့်ရင်း ကျန်းဟောက်၏ စိတ်ထဲ ထူးဆန်းသည့် အတွေးတစ်ခုဝင်ရောက်လာသည်။

ထိုအတွေးမှာ ဆောင်းဟန်ဘင်းသာ သူ့ရဲ့ roommate ဖြစ်ခဲ့မည်ဆိုလျှင် သူကျောင်း အဆောင်နေချင်ပါသည် ဟူ၍။

ထိုအတွေးဆုံးသည်နှင့် သူ့ခြေလှမ်းတွေ အလိုလိုရပ်တန့်သွားရသည်။ ပြီးနောက် စာကြည့်စားပွဲပေါ်တွင် စာအုပ်တွေကို ယူကာ သူ့လွယ်အိတ်ထဲ ထည့်ပေးနေသည့် ဆောင်းဟန်ဘင်း၏ နောက်ကျောကို ငေးကြည့်နေမိသည်။

ထူးဆန်းပါ၏။

တစ်ယောက်တည်း သီးသန့်နေတတ်သည့် ကျန်းဟောက်မှာ ပထမဦးဆုံးအကြိမ် အနေဖြင့် တစ်စုံတစ်ယောက်နှင့် roommate ဖြစ်ချင်နေသည်။

ထူးဆန်းပါ၏။

တစ်ခုခုက သူ့အားလှုံ့ဆော်လျက်ရှိသည်။ သို့ပေမယ့် တစ်ဖက်တွင်လဲ ထိုလှုံ့ဆော်မှုကို ငြင်းဆန်နေပြန်သည်။

ဆောင်းဟန်ဘင်း အချိန်ဇယားကို ချိန်ညှိ ပြင်ဆင်ပြီးနောက် အနောက်လှည့်လိုက်ချိန်တွင် သူ့အား ကြောင်အ စွာ စိုက်ကြည့်နေသည့် ကျန်းဟောက်ကို မြင်လိုက်ရသည်။

ထိုအမူအရာ....

ထိုကဲ့သို့ မျက်နှာအမူအရာမျိုး

ကျန်းဟောက်၏ အထိတ်တလန့်ဖြစ်နေကာ ဖြူဖျော့နေသည့် မျက်နှာကို မြင်ရမှာကို သူ မလိုလားဆုံးဖြစ်သည်။

သို့ဖြစ်၍ ထိုအမူရာမျိုးကို မြင်ရသည်မှာလဲ တစ်ကြိမ်မကတော့သလို မြင်ရတိုင်းလဲ သူ့ရင်ထဲ ခံစားချက်မကောင်းပေ။

လက်ထဲရှိ ကျန်းဟောက်ရဲ့ လွယ်အိတ်ကို ကုတင်ပေါ် တင်လိုက်ရင်း ကျန်းဟောက်အနားသို့ တိုးသွားကာ လက်ကို အသာအယာဆုတ်ကိုင်လိုက်သည်။

"မင်း....အဆင်ပြေရဲ့လား?"

ထိုအခါ ကျန်းဟောက်၏ မျက်ဝန်းတို့ တုန်ရင်သွားပြီး အရည်လဲ့လာကာ နှုတ်ခမ်းတို့ဖွင့်ဟလာပြီး သက်ပြင်းတစ်ချက်ချလိုက်လေသည်။

နွေးထွေးတဲ့အထိအတွေ့လေးက သူ့လက်ထဲတိုးဝင်လာသည့်အခါမှ အသိစိတ်ပြန်ကပ်ကာ သူ့လက်ကို ငုံ့ကြည့်လိုက်သည်။ ဆောင်းဟန်ဘင်းက သူ့လက်ကိုဆုတ်ကိုင်ထားကာ လက်မဖြင့် သူ့လက်ခုံးအား ခပ်ဖွဖွပွတ်သပ်နေသည်မှာ မထိရက်မကိုင်ရက် ဖြစ်နေသည့်အလား။

ကျန်းဟောက်ဆီက တုံ့ပြန်မှုမရတာကြောင့် သူ နောက်တခေါက်ထပ်မေးလိုက်သည်။

"နေလို့ အဆင်မပြေဘူးလား? ဒီနေ့ နားလိုက်မလား?"

ကျန်းဟောက် က ပြန်မဖြေပါ။ သို့ပေမယ့် တစ်ခနကြာပြီးနောက် သူ့လက်အား ပြန်၍ ဆုတ်ကိုင်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကျန်းဟောက်က သူ့အား မော့ကြည့်လာသည်။

"ငါ....တွေးနေတာ"

"..........."

"ငါသာ အဆောင်နေဖြင့်ရင် မင်းက ငါ့အခန်းဖော်ဖြစ်ရင်ကောင်းမှာဘဲလို့"

စိတ်ထဲ တင်းခံနေသည့် အလုံးကြီးက ကျသွားသလိုပင်။ သူ သတိထားမိသလောက် ကျန်းဟောက်မှာ သူ့နှင့်ရင်းနှီးလာသည့်တစ်လျှောက်တွင် တခြားသူတွေထက် ပို၍ အနေနီးပေမယ့် နေမကောင်းဖြစ်ပြီးနောက်ပိုင်းတွင်မှသာ သူ့ထံတွင် ပို၍ ပွင့်ပွင့်လင်းလင်းရှိလာခဲ့သည်။

ပုံမှန်ဆို ကျန်းဟောက်မှာ တခြားသူများနဲ့ဆို ဘုနဲ့ဘောက်ဖြစ်ကာ ပြုမူပြောဆိုတတ်ပေမယ့် သူ နှင့်ရှိသည့်အချိိန်တွင် ဂရုစိုက်ရင် ဂရုစိုက်ပေးသလိုနေတတ်ပြီး ဘာလိုချင်ကြောင်း ဘယ်လိုမျိုးဆို သဘောကျကြောင်း တစ်ခါမှ ထုတ်မပြောလာဖူးပေ။

စိတ်ထဲရှိသည်အား ထုတ်ပြောလာသည်မှာ ဒီတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။

ဆောင်းဟန်ဘင်း အလေးနက်ထားကာ တွေးတောလိုက်ပြီးနောက် ပြုံးကာ

"ဒီစာသင်နှစ်တော့ မရတော့ဘူးထင်တယ်၊ အဆောင်က လျှောက်တဲ့သူများပေမယ့် လူတိုင်းမရကြဘူး၊ နောက်နှစ်ဆို မင်း အဆောင်နေချင်ရင် ငါလျှောက်ပေးမယ်၊ အဲ့ခါကျ အခန်းမျှသုံးကြတာပေါ့"

ဆောင်းဟန်ဘင်းက ထိုကိစ္စအား လုံးဝကို ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေသည်။ ကျန်းဟောက်တွက်တော့ ထိုကဲ့သို့ ထုတ်ပြောရသည်မှာ မလွယ်ကူပေမယ့် ဆောင်းဟန်ဘင်း၏ အမူအရာကြောင့် တောင့်တင်းနေသည့် သူ့တစ်ကိုယ်လုံးမှာ ဖြေလျော့သွားပြီး သူ့ရဲ့အတွေးက မထူးဆန်းနေမှန်း သဘောပေါက်သွားရသည်။

လွယ်ပါသည်။

"အဲ့လောက်လွယ်တာလား?"

"ဘယ်လွယ်မလဲ? ဂုဏ်ထူးဆောင် ကျောင်းသားဆိုတဲ့ လက်မှတ်လေးကို ထုတ်သုံးရတာပေါ့"

ဆောင်းဟန်ဘင်းသာ တောင်းဆိုလျှင် ကျောင်းက ဆရာတွေ ငြင်းဆိုမည်မဟုတ်ပေ။ များသောအားဖြင့် အခန်းဖော်မှာ random ကျတာဖြစ်သည်။ ထို့အပြင် အဆောင်မှူးအနေဖြင့် တာဝန်ယူကြတဲ့ ဆရာတွေက ကျောင်းသားတွေရဲ့ အနေထားကို သိကာ အတူထား၍ မရပါက အခန်းခွဲပေးတတ်ကြသည်။

သို့ဖြစ်၍ ဒီလိုကိစ္စမျိုးဖြစ်လာမှာကိုတော့ စိတ်ပူစရာမလိုပင်။ တစ်ဖက်လူမှာ ကျန်းဟောက်ဖြစ်နေသောကြောင့် ဖြစ်သည်။ ကျောင်းသားသစ်ဖြစ်နေ၍သာ မရင်းနှီးသေးပေမယ့် ဆရာ၊ ဆရာမတိုင်းက ထို ကျောင်းသားသစ်လေးရဲ့ ထူးချွန်လှတဲ့ အဆင့် ကောင်းမွန်လှတဲ့ အမှတ်တွေကြောင့် ဝင်ခွင့်စာမေးပွဲဖြေစဉ်ကတည်းက သတိထားမိနေကြပြီးဖြစ်သည်။

"ဒါဆို စာသင်ခန်းဆီ သွားကြတော့မလား? လိုက်ပို့ပေးမယ်"

"အင်း သွားကြမယ်"

ကျန်းဟောက် လွယ်အိတ်ကို ကမ်းပေးပြီးနောက် လက်ကို ဆွဲရင်း အခန်းထဲမှ ထွက်လာခဲ့ကြသည်။ သူ့နောက်ကနေ လိုက်ထွက်လာတဲ့ ကျန်းဟောက် အခန်းအပြင်သို့ ရောက်ပြီးဆိုတာ သေချာတော့မှ တံခါးကိုပိတ်ကာ သော့ခတ်လိုက်သည်။

အခန်းတံခါးသော့ခတ်ရမှာမို့ ဆောင်းဟန်ဘင်းက သူ့လက်အား ဆုတ်ကိုင်ထားရာမှ လွှတ်လိုက်သည်။ ထူးဆန်းစွာပင် ကျန်းဟောက် စိတ်ထဲ လစ်ဟာသလိုဖြစ်သွားရသည်။

ထို့ကြောင့် ဆောင်းဟန်ဘင်း ဆုတ်ကိုင်ထားခဲ့သည့် သူ့လက်ဖဝါးကို ငုံ့ကြည့်နေမိသည်။

နွေးထွေးတဲ့အထိအတွေ့လေးက လက်ဖဝါးမှတဆင့် သူ့ရင်ထဲ တစိမ့်စိမ့် တိုးဝင်ရောက်လာခဲ့သည်။

=============

Tbc.......

26 January,2025

ဦးနှောက်ထဲ ဗလာကြီးဘဲဖြစ်နေတာ

ဇာတ်လမ်းကို စဉ်းစားမရဘူးဖြစ်နေတယ်။ အရှေ့ အနောက် တည့်ရဲ့လားတောင် မသိတော့ဘူး😭

အပိုင်းကတော့ တိုတယ်။ စာလုံးရေ နှစ်ထောင်ကျော်ဘဲ🤧