Back
/ 33
Chapter 11

အပိုင်း(၁၀)

ကိုကို့ကို[completed]

ချစ်ခြင်းဖွဲ့သီ မိုးရာသီ

ခြံနောက်ခြံစည်းရိုးကို ကျော်ခွဝင်လာပြီးနောက် ညီစေ နောက်ဖေးပေါက်ကနေ အိမ်ထဲကိုချောင်း၀င်သည်။မိုးက ခပ်ဖွဲဖွဲရွာနေဆဲဖြစ်သည်။

ခမောက်ကို ချွတ်ပြီးတံခါးကို ဖြည်းဖြည်းတွန်းဖွင့်လိုက်သည်။

''ကျွီ"

''အမလေးဗျ"

တံခါးဝမှာမတ်တပ်ကြီးရပ်နေတဲ့ကိုကို့ကြောင့်

ညီစေလန့်ပြီး ထအော်သည်။

ကိုကိုကသူကိုကြည့်သည်။လက်ထဲက ငါးအသီလိုက်ကိုလည်းကြည့်သည်။သူ့ကို ဘာမှမပြောဘဲ အိမ်ထဲ၀င်သွားတော့သည်မို့ စိတ်ဆိုးသွားပြီ ဖြစ်ပါသည်။

''ကိုကို"

ကိုကိုက လှည့်မကြည့်တော့ပါ။ငါးဖမ်းတာ ကို ကိုကိုမကြိုက်မှန်းသိပေမယ့် ဝါသနာဆိုတော့ ဖျောက်ရခက်သား။မိုးတွေရွာလို့ ငါးပေါလာပြီဆို ညီစေက ငါးဖမ်းချင်သည့် စိတ်က ထကြွတတ်လာသည်။ ခုလည်း အဖော်ကောင်းတာကြောင့် မနေနိုင်မထိုင်နိုင် အင်းထဲဆင်းဖမ်းလာခဲ့တာဖြစ်သည်။လုပ်ချင်တာလုပ်ပြီးမှ ကိုကိုဆူမှာဆိုးတာကြောင့် အိမ်ထဲခိုး၀င်လာခဲ့သည်။ကံမကောင်းသည့် ညီစေမှာ ကိုကိုနဲ့ ပက်ပင်းတိုးတော့တာပင်။

''ကိုကို"

ကိုကိုက စာကြည့်စားပွဲမှာထိုင်ပြီး စာအုပ်ဖတ်နေပြီဖြစ်သည်။မိုးက ဖြည်းဖြည်းချင်းသည်းလာသည်မို့ ကိုကို့နားက ပြတင်းကို ညီစေသွားပိတ်လိုက်သည်။ကိုကိုကသူ့ကို မော့ကြည့်မလာပါ။

''ကိုကို ကျွန်တော်တောင်းပန်ပါတယ်"

''..."

''ကိုကို ဒီကိုကြည့်အုံး"

''..."

''ကိုကိုလို့"

''မင်းဘာသာ လုပ်ချင်တာလုပ် "

စာအုပ်ကနေ အကြည့်မလွှဲဘဲ ပြောလာသည့်စကား။

''ကိုကို ကျွန်တော့ကို မင်းလို့မခေါ်နဲ့"

''သူများအသက်သတ်တဲ့သူကို ညီ ခေါ်စရာလား"

''ကိုကိုကလည်း တစ်ခါတလေကို"

''သတ်တာကသတ်တာပဲလေ"

''ကိုကိုကမကြိုက်ရင် မကြိုက်ကြောင်းပြောလေ

ဘာလို့လူကိုရှောင်လဲ မနေတတ်တာသိရက်နဲ့"

''နှစ်တိုင်း မိုးဦးကျတိုင်းပြောနေရတာ မပြောချင်တော့ဘူး သူများအသက်တွေ မသတ်ရဘူးဆိုတာလည်း ကလေးကတည်းက

မေမေသင်ထားပြီးသား "

တကယ်ကိုသူလွန်တာပါ။မိုးရာသီဆို အမြဲ ကိုကိုကဆူရတာ။

''ကျွန်တော် နောက်မလုပ်တော့ဘူးနော် ကိုကိုစိတ်မဆိုးနဲ့တော့ နော်"

အနားကပ်ပြီး အတင်းတောင်းပန်တော့ ကိုကိုက

''စိတ်မဆိုးစေချင်ရင် တစ်ခု

ပြန်ပေးဆပ်ရမယ် "တဲ့။

''ဘာလုပ်ပေးရမလဲ"

''ဝါကျွတ်တဲ့ထိ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ရမယ်"

ဘယ်လိုတောင် မျက်နှာလွှဲနိုင်မှုကြီးလဲ။နေရှင်းမြတ်ကိုက စကားစပြောကတည်းက ညီစေ့ကို တစ်စက်မှ မကြည့်သေးတာ ။

''ကျွန်တော့်ကိုကြည့်"

''စောင့်မှာလား အရင်ပြော"

''ကျစ် စောင့်မယ်ဗျာ ကျွန်တော့ကိုကြည့်ဦးကိုကိုရာ"

ဥပေက္ခာတွေကို နည်းနည်းမှ မခံစားနိုင်တဲ့ကောင်က မျက်နှာကိုမော့ယူကြီး သူ့ကိုကြည့်လာမှ မျက်ဝန်းတွေပေါ် ဖိကပ်နမ်းရသည်။

''ကျွန်တော့ ကို မကြည့်ဘဲ မျက်နှာမလွှဲပါနဲ့ ကိုကိုရယ် ကျွန်တော်မနေတတ်လွန်းလို့ပါ ငါးလည်းမဖမ်းဘူး ဥပုသ်လည်းစောင့်မယ် နော်"

နဖူးချင်းထိတိုက်ထားပြီး ခပ်တိုးတိုးဆိုတော့ ခေါင်းကို ငြိမ့်သည်။သေချာတာကတော့ သူနောက်ထပ် ဘယ်တော့မှ ငါးဖမ်းဖြစ်မှာ မဟုတ်တော့ပါဘူး။

+++++++++++++++++

''ဒီည စာမကြည့်နဲ့"

စာကြည့်ခုံ ထိုင်မယ့်သူကို ဆတ်ကနဲ ဆွဲချပြီး အိပ်ယာပေါ် သူပါလှဲချပစ်သည်။မိုးအေးတဲ့ညတွေက ဖက်အိပ်ရမယ့်ညတွေ။စာကြည့်ရမယ့်ညတွေ မဟုတ်ဖူး။

''မနက်ဖြန် ပိတ်ရက်ပဲ ချမ်းတယ်ကိုကိုရဲ့ ဖက်အိပ်ရအောင်"

''တံခါးတွေပိတ်အုံး"

''ပိတ်ပြီးပြီ"

မီးပိတ်ပြီး စောင်ကြီးကို နှစ်ယောက်စလုံးအပေါ်လုံအောင်ဆွဲခြုံပြီး ကိုကို့ကို ခါးကနေတင်းနေအောင်ဖက်ထားလိုက်သည်။

''ကိုကို"

''ဟင်"

''ကျွန်တော့အကြောင်းပြောပြ"

''ညီ့အကြောင်း"

''ဟုတ်တယ် နားထောင်ချင်တယ် ကိုကိုပြောတဲ့ကျွန်တော့အကြောင်း"

ကိုကိုကက သူ့ဆံပင်တွေကို ပွတ်ပေးရင်း

''ညီ ငယ်ငယ်က မည်းတူးလေး"

ဆိုပြီး အစချီလာသည်။

သေချာတာတော့ ကိုကိုပြုံးနေတာပဲ။သူမမြင်ရပေမယ့် ခံစားလို့ရနေသည်။

''အသားညိုညို မျက်လုံးဝိုင်းဝိုင်း သုံးနှစ်သားလေးက ကိုကို့ကိုအိမ်ခေါ်ချင်တယ်တဲ့ ကိုကိုအများကြီးပျော်သွားခဲ့တာ အဖေတောင်မလိုချင်တာ ညီက ကိုကို့ကို လိုချင်ခဲ့တယ်"

သူ့လက်တွေကိုပိုပြီးတင်းအောင်ဖက်ထားမိလိုက်သည်။

''ညီက သွက်တယ် စကားတော့မများဘူး ငယ်ငယ်ကတည်း ကိုကို့ကို သူများထိရင်လည်းမကြိုက်ဘူး ကြည့်ရင်လည်းမကြိုက်ဘူး အဟင်း...ကျောင်းဆင်းရင် ကိုကို့အတန်းရှေ့မှာစောင့်နေတဲ့ ညီ့ကို အမြဲတွေ့ရတတ်တယ် တစ်ယောက်ယောက်

ငါ့ကိုစောင့်နေတယ်ဆိုတဲ့အသိက သိပ်ပျော်ဖို့ကောင်းတယ် ၆နှစ်ကစပြီး ငယ်ဘဝတစ်လျှောက် ပြန်တွေးကြည့်ရင် နေ့ရက်တိုင်းညီနဲ့ပဲ ကုန်ဆုံးခဲ့တယ် ညီနဲ့တူ အမေ့ကိုကူတယ် ညီနဲ့ကျောင်းသွားတယ် ကစားတယ် အမေက အမြဲအလုပ်ရှုပ်တာမို့လို့ ကျောင်းသွားကျောင်းပြန် လက်တွဲပြီး အမြဲ နှစ်ယောက်တည်း...ညီရှိလို့သာ ကိုကို့ငယ်ဘ၀ကအဓိပ္ပါယ်ရှိခဲ့တာ"

အသံကလေးတိုးတိမ်သွားတာဟာ စိတ်မကောင်းဖြစ်သွားတာလား။

''ကျွန်တော်ကတော့ ငယ်ဘ၀တင်မကဘူး ဘဝတစ်လျှောက်လုံး ကိုကိုနဲ့အတူတူမို့လို့ နေတိုင်းက အဓိပ္ပါယ်ရှိခဲ့တာ"

''အင်း ဆယ်ကျော်သက်ရောက်တော့ ညီကစိတ်ဆတ်လာတယ် အထူးသဖြင့်ကိုကိုနဲ့ပတ်သက်ရင် အထိမခံဘူး တက္ကသိုလ်တက်ရင် ခွဲရမှာလို့တွေးဖူးပေမယ့် ညီကကိုကို့နောက် ဇွတ်လိုက်လာတယ် ညီကစာတော်လျက်နဲ့..."

''ဟော ကိုကို ကျွန်တော်အမြဲပြောဖူးပြီးသားနော် ကျွန်တော် လုပ်ခဲ့သမျှတွေအတွက် ဘာနောင်တမှ မရှိခဲ့ ဖူးလို့ လူတွေက ကုသိုလ် ပညာ ဥစ္စာဆိုတာ ဘ၀မှာ အရေးကြီးဆုံးလို့ပြောကြတယ် ကျွန်တော့အတွက် ကိုကိုက အရေးအကြီးဆုံးပဲ ဘာနဲ့ဖြစ်ဖြစ် လဲရဲတယ် ကျောင်းထွက်ခဲ့တာကိုလည်း ဘယ်တုန်းကမှ နောင်တမရဘူး ကိုကိုလည်း စိတ်မကောင်းမဖြစ်ရဘူး"

''အင်းပါ

နောက်တစ်ခုကဘာလဲသိလား ညီတစ်ခါမှ ဘယ်သူ့ကို စိတ်၀င်စားတယ် သဘောကျတယ်ဆိုတာ မရှိခဲ့ဖူးဘူး"

''ကိုကို့ထက် ပြီးပြည့်စုံတဲ့ယောက်ျားရော မိန်းမရော ကျွန်တော်တစ်ခါမှမတွေ့ဖူးဘူး"

ပါးလေးကို စမ်းပြီး နမ်းမိသည်။

''အိပ်ကြစို့ကိုကို"

မေမေနဲ့ပတ်သက်ပြီး ကိုကို မပြောခဲ့ပါ။မေမေထားသွားခဲ့တဲ့ နေ့ရက်တွေဟာ ရူးစရာကောင်းလောက်အောင် ပူလောင်ပြင်းပြခဲ့တာမို့ နှစ်ပတ်လည်နေ့တိုင်း ရည်ရွယ်ကုသိုလ်ပြုကြတာကလွဲလို့ ရင်ထဲမှာ ဦးထိပ်ပန်ဆင်ထားတာကလွဲလို့ ထုတ်မပြောဖြစ်တဲ့ ဘ၀တစ်စိတ်တစ်ပိုင်းဟာ မေမေပါပဲ။မေမေ့ကို ကျွန်တော်တို့သိပ်ချစ်ကြပါတယ် မေမေ။

Goodnightတော့ပြောစရာမလိုခဲ့ပါဘူး။

ကိုကိုနဲ့အတူရှိတဲ့ညတွေတိုင်းဟာ ကောင်းသောညတွေမို့။

24/4/24

Myathandarnaing

Share This Chapter