Back
/ 33
Chapter 13

အပိုင်း(၁၂)

ကိုကို့ကို[completed]

နွေဦးရင်ခုန်သံ

၁၀တန်းစာမေးပွဲ နောက်ဆုံးညဖြစ်၏။ကိုးနာရီကျော်ပင် ရှိသေးသော်ငြား စာဖြေရက်မို့

ဘာစက်ဖွင့်သံ ၊ သီချင်းသံမှ မကြားရ။ဆရာလေးက သူ့၁၀တန်းတပည့် လေးယောက်လုံး ဘိုင်အိုဘာသာရပ်ကို ကြောက်ကြသည်မို့ စိတ်ပူနေရှာသည်။ဒီနှစ်မှ ထူးထူးခြားခြား အကုန် သိပ္ပံတွဲယူကြသူတွေဖြစ်နေသည်ဟု ကိုကိုပြောပြလို့သိရသည်။

ကလေးတွေကို ပုံဆွဲပြနေသည်မို့ ကလေးတွေက အာရုံစိုက်ကြည့်နေကြသည်။ညီစေ ခြင်ဆေးခွေထွန်းပြီး မလှမ်းမကမ်းမှာ ချထားပေးလိုက်သည်။လက်ဖက်ရည်ခွက်ကလေးကိုလည်း ဘေးခုံမှာ သွားတင်ပေးထားလိုက်သည်။ ကိုကိုသည် စာသင်ချိန်မဟုတ်ရင်တော့ သူ့ကို အမြဲအလိုလိုက်တတ်ပေမယ့် စာအာရုံစိုက်ရမယ့်အချိန်ဆို ဘယ်တော့မှ စိတ်မပျံ့လွင့်။ကလေးတွေကိုသာ ဂရုတစိုက်ရှိတတ်သည်။ဒီလိုချိန်ဆို ညီစေက တစ်ထောင့်ထောင့်ကနေ လှမ်းငေးရသည်။မီးရောင်အောက်က မျက်နှာကလေးက ဒီရက်ပိုင်း နည်းနည်းသွယ်သွားသည်ဟု သူထင်မိသည်။တ၀ငေးပြီးမှခြေသံဖော့နင်းပြီး အိမ်ပြင်ဘက်ထွက်လာခဲ့သည်။

အိမ်ပြင်က ကုလားထိုင်မှာ ထိုင်ပြီး သီချင်းလေး ခပ်တိုးတိုးဖွင့်ပြီး မျက်လုံးမှေးကာ နားထောင်နေလိုက်သည်။

🎵ညှို့တတ်သောပင်လယ် ဆွဲငင်သောလမင်း

ငါဟာလမင်းတစ်စင်းဖြစ်ခဲ့ရင်

ညှို့အားကောင်းတဲ့ ပင်လယ်ဟာမင်း

ဟိုးဝေးဆုံးဝေးနေလည်း

ညှို့အားဆွဲငင်မှု မလွန်ဆန်နိုင်ခဲ့လို့

ပင်လယ်နဲ့ ဒီလမင်း ဆုံဆည်းဖို့ဖြစ်လာခဲ့🎵

''ကျွီ"

ခြံထဲမောင်း၀င်လာတဲ့ ဆိုင်ကယ်မီးရောင်တွေနဲ့ဆိုင်ကယ်ဘရိတ်အုပ်သံကြောင့် ညီစေ မှေးကနဲ အိပ်ပျော်နေရာက လန့်နိုးလာသည်။ကလေးတွေအိမ်က လာကြိုကြပြီ။ဖုန်းဖွင့်ကြည့်တော ၁၁နာရီ၄၅မိနစ်။

''အစ်ကိုတို့ လာထိုင်လေ"

ညီစေလှမ်းခေါ်တော့ ထိုင်ခုံတွေမှာ၀င်ထိုင်ကြသည်။

''ကျွန်တော်ရေနွေးဓာတ်ဘူးသွားယူပေးမယ်"

''ရတယ်ကိုစေ ထားလိုက်မသောက်တော့ဘူး"

''ကျွန်တော်လည်း ဒီမှာမှေးရင်း

အိပ်ပျော်သွားတာ"

''မင်းလည်း ငါတို့ကြည့်နေတာ တစ်ညမှ စောမအိပ်ဘူးနော် ကလေးတွေနားမှဘဲ အိပ်တယ် ငါတို့တော့  တရေးနိုးထထလာတာ ---မင်းဘဲ နေ့ဘက်အလုပ်တွေလုပ်ပြီး အိပ်ရေးအပျက်ခံနိုင်တယ် အံ့ရော"

''ကျွန်တော်က အကျင့်ပါနေပြီ"

စကားပြောနေတုန်း ၁၂နာရီထိုးသွားတော့ ကလေးတွေ အိမ်ထဲက ထွက်လာကြသည်။နောက်ဆုံးညဆိုတော့ သွက်လက်နေကြသည်။

''ဟေ့ကောင်တွေ ဂုဏ်ထူးမလား"

ညီစေလှမ်းစတော့ ခိုင်ဝေလွင့်မောင်ဖြစ်သူ တိုးဝေက

''အစ်ကိုကြီးကလည်း မထွက်စရာလား"တဲ့။

ဒီကောင်က တကယ်ဂုဏ်ထူးထွက်မယ့်ရုပ်။စာအုပ်နဲ့ မျက်နှာ ကွာတယ်ကိုမရှိတာ။ခိုင်ဝေလွင်က ကိုယ်တိုင် အပို့အကြို မလုပ်တော့ပေမယ့် မောင်ဖြစ်သူကို ကိုကို့ဆီမှာပဲ ထားထားတာဖြစ်သည်။

မကြည်ညိုကနေတစ်ဆင့်လည်း  မအိသက်ရဲ့ကလေး ကျူရှင်မလာတော့တာနဲ့ပတ်သက်ပြီး စိတ်မကောင်းကြောင်း ကိုကို့ဆီ တောင်းပန်ခဲ့သည်။အဲ့ဒီနောက်ပိုင်း ကလေး နှစ်ယောက် သုံးယောက်လောက် မလာတော့ပေမယ့် ကိုကိုကတော့ ဘယ်သူ့ကိုမှ အပြစ်မမြင်ခဲ့ပါပေ။သူ့ဆီရောက်လာသမျှ ကလေးတွေကို မေတ္တာထားပြီး စာသင်မြဲ၊အမူအကျင့်ကောင်းလေးတွေ ကျင့်ပေးမြဲ၊ဂရုတစိုက်ရှိမြဲ ပါပဲ။

''ညီ"

''ဗျာ"

''ကလေးတွေ အဆင်ပြေမှာပါနော်"

''ကိုကို့ကလေးတွေက ဆရာကြီးတွေပါကိုကိုရာ ဂုဏ်ထူးတောင်ပါကြအုံးမှာ"

ကလေးတွေ အိမ်ပြန်သွားပြီး အိပ်ပျော်နေချိန်တောင် နေရှင်းမြတ်ကိုလေးက အိပ်ပျော်ပါ့မလားဘဲ။ရှေ့ငါးဘာသာတုန်းကလည်း သူ့ခမျာ ရင်တမမနဲ့ ကလေးတွေဖြေပြီးပြန်လာလို့ အဆင်ပြေတယ်ကြားမှ မျက်နှာကလေး သာသာယာယာရှိရှာသည်။

''စိတ်ချလက်ချအိပ် ဒီညတော့ အရင်ညတွေကလို ဟိုဘက်လှိမ့် ဒီဘက်လှိမ့်ဆိုရင် ချုပ်နမ်းပစ်မယ်"

သူစတော့ မျက်နှာကလေးရဲတွတ်ပြီး တစ်ဖက်

လှည့်သွားတာကြောင့်ပုခုံးစွန်းကလေးငုံ့နမ်းပြီး

''စတာပါ အိပ်ပျော်အောင်အိပ်"

လို့ပြန်ပြောရသည်။

ညက တိတ်ဆိတ်နေသည့်တိုင် ရှက်မျက်နှာလေးကြောင့် သူ့ရင်ထဲ ရင်ခုန်သံတို့ဆူညံသွားခဲ့သည်။

+++++++++++++++++

ကညွတ်တွေပေါ်ပြီ။

လွန်ခဲ့တဲ့နှစ်နှစ်က စစိုက်ခဲ့တဲ့ ညီစေတို့ကညွတ်ခင်းလည်း စချိုးနေရပြီဖြစ်သည်။

ကျောင်းပိတ်ချိန်မို့ ကိုကိုကပါ လိုက်ကူချိုးပေးသည်။ဒီညနေတော့ ညီစေတစ်ယောက်တည်း။ကိုကိုက တစ်နေ့ခင်းလုံး စာအုပ်ဖတ်နေပြီး နေစောင်းမှ အိပ်ပျော်သွားတာကြောင့် ညီစေမနှိုးဘဲ ခြင်ထောင်ထောင်ပေးဖြစ်ခဲ့သည်။တလောက မြို့သွားတော့ ဆရာတော်ဦးဇောတိကစာအုပ်တွေ

၀ယ်လာပြီး နေ့လယ် အားရင် ဖတ်နေတာတွေ့ရသည်။ကညွတ်တွေက အထွက် များတာမို့ အစို့သစ်ကလေးတွေကို မခိုက်မိအောင် ဂရုစိုက်ချိုးနေရသည်။

''ညီရေ့"

ခေါ်သံကြောင့် လှည့်ကြည့်တော့ ကိုကို နဲ့ အမျိုးသမီးတစ်ယောက်။သူ့ဆီလျှောက်လာကြတာကို သေချာကြည့်ပေမယ့် အမျိုးသမီးကို ဘယ်သူမှန်းမသိပေ။

''အဆောင်း လည်း မပါဘူး နေပူနေတာကို"

အနားရောက်လာတော့ သူ့ခေါင်းပေါ်က ခမောက်ချွတ်ပြီး ကိုကိုခေါင်းပေါ်ဆောင်းပေးလိုက်သည်။

''ညီစေဦးက မကြီးကိုမမှတ်မိဘူးလား

သန္တာအောင်လေ"

မျက်နှာကိုသေချာကြည့်မှ တဖြည်းဖြည်းမှတ်မိလာရသည်။တက္ကသိုလ် တုန်းက ကိုကို့သူငယ်ချင်းထဲကတစ်ယောက်။ကိုကို့ကို သဘောကျခဲ့ဖူးသည့် မိန်းကလေးဆိုလည်းမမှား။

''သြော် မသန္တာအောင်"

''အင်း မောင်လေးကလည်းနော် မကြီးလည်း အဆောင်းမပါ ပါဘူး သူ့ကိုကိုကို နေပူမှာစိုးရှာတယ်    ဟွန်း"

မသန္တာအောင်ကစတော့ ကိုကိုကရယ်သည်။

''သန္တာကတော့လုပ်ပြီ"

''ညီစေဦး အတော်ထွားလာတယ် ရှင်းမြတ် နင်ကတော့ အရင်အတိုင်းပဲ "

ညီစေက ကညွတ်ဆက်ချိုးနေတော့ ကိုကိုကပါ ၀င်ကူချိုးသည်။မသန္တာအောင်ကတော့အနားကနေစကားတပြောပြော။

''မကြီး ဘယ်ကလှည့်လာတာလဲ "

''ယောက်ျားရဲ့ အလုပ်ကိစ္စနဲ့ ဒီဘက်လိုက်လာတာ ရှင်းမြတ်ရွာနဲ့ နာမည်တူလို့မေးစမ်းလာတာ သမီးလည်းပါတယ် သမီးကအဖေကပ်နေတော့ မကြီးက ၀င်ကျန်ခဲ့တာ သူတို့သားအဖကရွာမဘက်သွားတယ်"

''သြော်"

''ကညွတ်ကိုစားသာစားနေတာ အခင်းလိုက်ခုမှမြင်ဖူးတယ်၊ဘယ်လိုမျိုးလဲ ဘယ်ချိန်စိုက်ရတာလဲ"

''ဒါကကျွန်တော်တို့ ရှေ့ နှစ် နှစ်ကစိုက်ထားတာကညွတ်က တစ်ခါစိုက်ပြီး ပြီးရော  ခုကျွန်တော်တို့ချိုးတဲ့ အစို့လေးတွေကို နောက်ဆုံး မချိုးဘဲ လွှတ်လိုက်ရင် အပင်ဖြစ်လာရောလေ နောက်နှစ်ကျခုတ်ထွင်မီးရှို့လိုက်ရင် ဒီလိုအစို့လေးတွေ ပြန်ပေါ်လာရော"

''သြော် ဒါဆို နှစ်တိုင်းရတာပေါ့"

''အင်း ဟုတ်တယ်"

''နင်တို့ညီအစ်ကိုက သူဌေးတွေပေါ့ ကညွတ်စျေးကကောင်းနေတာဆိုတော့"

''အပြန်ကျ စားဖို့ယူသွားလေ"

''ယူရမှာပေါ့ သြော် ရှင်းမြတ်"

''ဟေ"

ကိုကိုကတစ်ဖက်မြောင်းကနေ ကညွတ်ချိုးရင်းလှမ်းထူးသည်။ခမောက်ဆောင်းထားတော့ ဘာရုပ်လေးမှန်းမသိ။

''ကျော့ကပြောတယ် ကျောင်းတက်တုန်းကမှ

ရှင်းမြတ် အမြဲ၀ယ်ပေးလို့ ငါတို့မှာ စံပယ်ပန်း ခရေပန်း မပြတ်ပန်ရတယ်တဲ့ နင့်ကိုလည်း သတိရပါတယ်တဲ့ သူပြောတော့မှ နင်ကအမြဲငါတို့ဖို့ ပန်းတွေ ၀ယ်၀ယ်လာတော့ မပန်းဝေအဖွဲ့ဆိုပြီး အစခံရတာတောင် လွမ်းသွားတယ်"

''ငါလည်း နင်တို့အဖွဲ့ ၀ယ်ပေးတဲ့ ပုဆိုးအစိမ်းကွက်ကလေး ၀တ်ရတိုင်း သတိတရရှိပါတယ်"

''ငါတို့ကို ကာကွယ်ပေးခဲ့တာတွေရော စာတွေရှင်းပြပေးတာရော ငါတို့ကလည်း မမေ့ပါဘူး သူငယ်ချင်းရယ်"

သူငယ်ချင်းရယ်ဆိုတာကို မသန္တာအောင်က ဖိပြောလိုက်တာကို ညီစေသတိထားမိလိုက်သည်။

''ငါလည်း နင့်လို အလိုလောဘနည်းနည်း နဲ့နေချင်လိုက်တာ ရှင်းမြတ်ရယ် နင့်ကလေ အရင်ကတည်းက ငါငွေဘယ်လောက်ရ ရမယ် ဘယ်ရာထူး ရ ရမယ်ဆိုတာမျိုးတွေမရှိဘူး လူတွေနဲ့ပတ်သက်လို့လည်း သံယောဇဥ်က တစ်ယောက်လောက်ပဲထားတာ ဒါတောင် ငါပိုင်ဆိုင်ရမှဆိုတဲ့ အတ္တမပါဘဲ အစွန်းလွတ်တဲ့သံယောဇဉ်မျိုး ငါနင့်ကိုအားကျတယ်အလိုနည်းတော့ အပူနည်းတာပေါ့"

ဒီစကားတော့ညီစေလည်း လက်ခံသည်။ကိုကို့ ဘ၀နေနည်းက သိပ်ရိုးရှင်းသည်။သူလည်းကံကောင်းလို့သာ သူ့ကိုယ်သူ ကိုကိုထားတဲ့တစ်ခုတည်းသောသံယောဇဥ်ဖြစ်ကြောင်းသိခဲ့ရတာ။

ဒါတောင် ကိုကိုက သူလက်ထပ်သွားရင် လောကီမှာမနေဘူးဆုံးဖြတ်ထားတာတဲ့။

''ဟဲ့ နင်က အရွယ်ကဒီတိုင်းပဲ ဘာဆေးတွေစားနေတာလဲ"

''ဘယ်အရွယ်ကျမလဲ မကြီးကလည်း ကျွန်တော်က မြူတောင်အတင်ခံတာမဟုတ်ဖူး ကျွန်တော့ကိုကို ကို"

သူပြောတော့မသန္တာအောင်ကရယ်သည်။

''နင့် ကိုကို ကို မေးကြည့်အုံး ကျွန်တော့ဘ၀မှာ ညီပဲရှိတယ်ဆိုတဲ့ စကားနဲ့ မိန်းကလေး ဘယ်နှယောက်ကို ငြင်းခဲ့သလဲ လို့"

''သန္တာကညီ့ကို မဟုတ်တာတွေသင်နေတယ်"

''မဟုတ်လို့လား"

ကိုကိုရှက်သွားပြီဖြစ်သည်။တကယ်ကို ကိုကိုက ဒီစကားနဲ့ပဲ လာသမျှကို ငြင်းခဲ့တာလား။ဒီလိုဆိုတော့ ညီစေတော့ဂုဏ်ဆာတာပေါ့။ကိုကို့ဘ၀ရဲ့

တစ်ဦးတည်းသောလေး ဖြစ်ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ။

ဘယ်သူက ညီစေ့ထက်ကံကောင်းအုံးမှာပါလဲ။

သူလှမ်းကြည့်တော့ ကိုကိုကကြည့်တာနဲ့ဆုံသည်။

ရင်ထဲကလိကလိ ဖြစ်လာတာက ဘယ်လိုမှထိန်းမရ။မသန္တာအောင်သာအနားမရှိရင် ရဲနေတဲ့ပါးလေးကိုနင့်နေအောင် နမ်းမိမှာ သေချာပါသည်။

26/4/24

myathandarnaing

Share This Chapter