Back
/ 33
Chapter 15

အပိုင်း(၁၄)

ကိုကို့ကို[completed]

သမုဒယနွယ်

နေ့ခင်း၃နာရီနေကပူကျစ်နေသည်။

အရိပ်အောက်က ကွပ်ပျစ်တွင် အဝတ်မကပ်သည့်ခန္ဓာကိုယ်ဖြင့် ပုဆိုးတိုတိုဝတ်ကာ မုန့်လက်ဆောင်းဖတ်တွေကို ဖန်ခွက်များထဲထည့်နေသောညီစေ ၊ဘေးတွင်မုန့်ခွက်တွေထဲ ထန်းလျက်ရည်ထည့်ပေးနေသော ရှင်းမြတ်၊မုန့်လက်ဆောင်းခွက်တွေကို လက်မလည်အောင်ကမ်းပေးနေသော မကြည်ညို  ထို့နောက် အလုအယက်သောက်နေကြသော

ကလေးတစ်ပြုံတစ်အုံကြီး။

အောင်တိုးကတော့ ပန်းကန်ခွက်ယောက်တွေဆေးပေးနေသည်။

''အမေ့ဖို့ထည့်ပေးပါအုံး"

တချို့ကလေးတွေက အိတ်တွေ ချိုင့်တွေနဲ့ ပါဆယ်ပါတောင်းနေကြသည်။

''ဟဲ့ ပဉ္ဇင်းလောင်းက တော်တော့ အောင်တိုးမုန့်ဖတ်လာ ထည့်လိမ့်မယ် အင်္ကျီဝတ်တော့ ကိုယ်လုံးတီးနဲ့"

သင်္ကြန်ဒုလ္လပမဲဖောက်တော့ ညီစေတို့အိမ် မဲပေါက်သည်။ကိုကိုက နဂိုကတည်းက တရားစခန်းဝင်မည်ပြောထားတာကြောင့် ညီစေပဉ္ဇင်းဝတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ကိုကိုက ဘုန်းကြီးဝတ်နဲ့ တရားစခန်းဝင်တဲ့ချိန် သူက အိမ်မှာတစ်ယောက်ထဲကျန်မနေချင်တာကြောင့်လည်းပါသည်။နှစ်ယောက်စလုံး တရားရိပ်ခိုရတော့မည်ကို တရားသမားကလေးက တက်ကြွပျော်ရွှင်နေသော်ငြား ညီစေကငူတူတူကြီးဖြစ်နေရသည်။ခွဲရတော့မည်ကိုး။

''သွားလေညီရဲ့ အဲ့မှာ ထုတ်ထားတဲ့လည်ကတုံးအဖြူနဲ့ ပုဆိုးကို ၀တ်"

''ကိုကိုလိုက်ခဲ့"

ဂျစ်တယ်ထင်ထင် ရစ်တယ်ထင်တင် မခွဲခင် ခဏလေးတော့ အနားကပ်ချင်သေးသည်။

''ညီကလည်း အဲ့မှာဝတ်လိုက်ရုံပဲလေ"

''ကဲ ရှင်းမြတ်ရယ် ကလေးက အင်္ကျီတောင် မ၀တ်တတ်သေးလို့တဲ့ လိုက်သွားလိုက်ပါဟယ်"

မကြည်ညိုအပြောကြောင့် မုန့်လက်ဆောင်းသောက်တဲ့သူတချို့ပါရယ်ကုန်ကြသည်။

''နက်ဖြန်ဆို ကျောင်းတော်မှာ ပျော်ရမှာမို့ အနားသို့ တိုးလာပါကွဲ့ ဘေးလူတွေကြားမှာစိုး တိုးတိုးလေး----"

''ဂွမ်"

မျက်နှာပြောင်ပြီး သီချင်းဆိုစလာသော အောင်တိုးကို ညီစေက စတီးခွက်နဲ့ တံတောက်ကွေး လှမ်းခေါက်သည်။

''စိတ်မကောင်းပါဘူး ဆရာတော်ဘုရားရယ်"

နား နားတောင်လာကပ်စလိုက်သေး၏။

''သူတောင်းစား"

''ညီရေ ဘုန်းကြီးဝတ်ခါနီးကြီးကို"

အောင်တိုးကို မေတ္တာပို့တော့ကိုကိုက ဟန့်သည်။

''သူ ကျွန်တော့ လိုက်စနေတာကြီးကို"

''ကဲ လာ လာ အင်္ကျီဝတ်တော့"

ကိုကိုကခေါ်ပြီး အိမ်ဘက်ခြေလှမ်းတော့ သူကနောက်က ကောက်ကောက်ပါအောင်လိုက်၏။

''ဒီတစ်ဝါတော့ဖြင့် ချစ်တဲ့သူရေ----"

အောင်တိုးက ညီစေ့ကို နောက်ကနေ ဆက်စနေဆဲပင်။

အခန်းထဲရောက်သည်နှင့် နောက်ကနေ ကိုကို့ကိုပွေ့ပိုက်ပြီးသိမ်းဖက်ထားမိသည်။

''အင်္ကျီဝတ်အုံးလေ"

''ခဏလေးဖက်ထားပါရစေအုံးကိုကိုရယ် အကြာကြီးခွဲရမှာကို"

''ကံကောင်းလို့  ဒီလိုဝတ်ရတာကို ၀တ်ရတုန်း အကျိုးရှိအောင်နေရမယ်နော် စိတ်ကိုငြိမ်အောင်ထားပြီး ဆရာတော်ဟောသမျှကိုလည်း အာရုံစိုက်ရမယ်နော်"

''အင်း"

''နောက်ပြီး သင်္ကြန် တရားစခန်းသိမ်းတာနဲ့ မထွက်ရဘူး နှစ်ဆန်း၃ရက်မှထွက် ၇ရက်ပြည့်အောင်ဝတ်ရမယ်"

''အင်းပါ ကျွန်တော့ကို တစ်ချက်လောက်နမ်းပေး အဲ့တာမှ ကျွန်တော်စိတ်ဒုန်းဒုန်းချနိုင်မှာ"

''ဆိုင်လို့လား"

''နော် ကိုကို"

''ဖက်ထားတာလွှတ်အုံး အဲ့တာဆို ပူအိုက်နေတာကို"

သူလွှတ်ပေးတော့ အင်္ကျီအဖြူကို ၀တ်ပေးပြီး ကြယ်သီးတပ်ပေးသည်။

ပြီးမှ သူ့မေးဖျားကိုထိတယ်ဆိုရုံလေးနမ်းလာသည်။ဒီလောက်နဲ့တော့ဘယ်ရပါ့မလဲ။

''ရွှတ် ရွှတ် ရွှတ် ရွှတ်''

မျက်နှာကလေးပင့်ယူပြီး နဖူးရော ပါးတွေရော နှာခေါင်းထိပ်ကလေးရောကို နမ်းပစ်လိုက်သည်။

''တော်ပြီ ပုဆိုးလဲတော့ ကျောင်းသွားရင်

အောင်တိုးဆိုင်ကယ်နဲ့လိုက်"

''ဟုတ်"

''အကျိုးရှိအောင် နေရမယ်နော်"

''ဟုတ်ကဲ့ပါ  အင့်"

''မငိုရဘူး ပဉ္ဇင်းဖြစ်ခါနီးကြီးကို"

သူ့မျက်ရည်စကို လက်ဖနောင့်နဲ့ ဖိသုတ်ပေးပြီး ကိုကိုက အခန်းပြင်ထွက်သည်။ကိုကိုပါစိတ်မကောင်းဖြစ်သွားပုံပါပဲ။

ဘ၀မှာ ပထမဆုံးအကြိမ် ခွဲခွာရမည့်အရေးဆိုပါသော်လည်း ကုသိုလ်အရေးပေမို့ ရင်ထဲက အပူကို မြိုသိပ်လျက်---။

တဘက်အဖြူပေါ် အထွေးလိုက်ကျလာသည့် ဆံစတွေ ။တဘက်ကိုင်ထားပေးသည့် အမျိုးသားကလေး မမြင်အောင် ကျလာသည့် မျက်ရည်ကိုခိုးသုတ်ရသည်။

သင်္ကန်းတောင်း၊သီလယူ လိုအပ်တာတွေ အကုန်ပြီးစီးတော့ ဉီးပဉ္ဇင်းဘ၀ရောက်ရှိသွားပြီဖြစ်သည်။ဒုလ္လပရဟန်းတွေသိမ်ဆင်းရတော့သည်။

ကိုကိုသည် သိမ်အဆင်းမှာ ထိုင်လျက် သူနှင့်တခြားဉီးပဉ္ဇင်းများသိမ်ဆင်းလာသောအခါ​တစ်ပါးစီကို ရှိခိုးဉီးချသည်။

''ဒကာလေး"

သူရပ်စောင့်နေတော့ အနားရောက်လာကာ လက်အုပ်ချီသည်။

''တင်ပါ့ဘုရား"

''ဟို ဘွဲ့ ဘွဲ့က ရှင်စန္ဒိမာတဲ့"

''သြော် တင်ပါ့ဘုရား တပည့်တော် ယောဂီဆောင်မှာ နေရာသွားယူတော့ပါမယ်ဘုရား"

''အင်း"

ထွက်သွားသူကို ကြိုးစားပြီး လှည့်မကြည့်ဖြစ်အောင် စိတ်ထိန်းလိုက်သည်။ကံ့ကော်ရွက်တွေကြားဖြတ်တိုက်လာသောညနေခင်း လေသည်အေး၏။ဘောင်ဘင်ခတ်နေသော စိတ်တို့ငြိမ်အောင်ကြိုးစားနေထိုင်မှ ဖြစ်လိမ့်မည်။

''၀င်လေ ထွက်လေ"

''၀င်လေဖြစ်ပျက် ထွက်လေဖြစ်ပျက်"

''သတိထား ဝီရိယစိုက် ပညာနဲ့ကြည့်''

''စိတ်ဆိုတဲ့နွားရိုင်းကို သမာဓိချည်တိုင်မှာ မြဲအောင် ငြိမ်အောင် သတိနဲ့ ချည်ရမယ်"

ရှင်စန္ဒိမာသည် ၀င်လေထွက်လေကိုရှုနေရင်းမှ ပျံ့ဖို့ချည်း အားယူနေသောစိတ်ကို ကြိုးစားပြီး တည်ငြိမ်အောင် ထိန်းသည်။ချွေးစေးများရွှဲလာသည်ထိ သမာဓိတည်အောင် အားထုတ်နေရသည်။

''၀င်လေလေးကလည်း ၀င်ပြီးပျောက်

ထွက်လေကလည်း ထွက်ပြီး ပျောက်

ဘယ်အရာမှမမြဲ အနိစ္စပဲလို့မှတ်ယူရမယ်"

မမြဲခြင်းအကြောင်း ဆရာတော်ပြောနေရင်း က

ကိုကို့ပေါ်ထားတဲ့သူ့အချစ်တွေကတော့မြဲကြောင်း ရော်ရမ်းတွေးမိလိုက်တာကြောင့် ခေါင်းကို ဆတ်ကနဲခါပြီး ပြန်မှတ်ရသည်။

''၀င်လေ ထွက်လေ"

''၀င်လေထိသိ ထွက်လေထိသိ"

သမာဓိရဖို့တင် အတော်မလွယ်ပါ့လား။

ခြေလှမ်းတိုင်းကို သတိကပ်နေရင်းက အမျိုးသားယောဂီဆောင်ရှေ့အရောက်တွင် သတိကလွတ်ပြီး ဖျတ်ကနဲ လှည့်ကြည့်မိသည်။

''ကန်တော့ ကန်တော့ ယောင်သွားလို့ပါဘုရား"

နှုတ်ကရွတ်ပြီး ခြေလှမ်းကို အာရုံပြန်စိုက်သည်။

''ခြေကြွတယ် ခြေချတယ် လှမ်းတယ်"

ဘုန်းကြီး၀တ်တာသုံးရက်ရှိပြီဖြစ်သည်။ညဘက်အိပ်မပျော်တာကလွဲလို့ တရားထိုင်ရတာက အခက်ကြီးတော့မဟုတ်။သို့သော်အမျိုးသားယောဂီဆောင်ဘက် ခြေလှမ်းချင်သည့်စိတ်ကို ဖြစ်ပျက်ရှုရှုပစ်ရသည်။

တစ်စုံတစ်ယောက်နဲ့ပတ်သက်လို့တော့

''အကျိုးရှိအောင်နေ ရမယ် "ဆိုတဲ့စကားကိုသာတွေးမိအောင် အားထုတ်ရသည်။တခြားအတွေး၀င်လို့မဖြစ်။အ၀င်ခံရင်တော့ ထိန်းထားသမျှ သမာဓိက လျှောမှာသေချာသည်မို့။

ကျန်တဲ့လေးရက်ကိုအကောင်းဆုံး ဖြတ်ကျော်နိုင်ဖို့အားတင်းရသည်။

ရှင်စန္ဒိမာ သင်္ကန်းကို သေချာပြန်ရုံပြီး အမျိုးသားယောဂီဆောင်ကို ကျောခိုင်းလိုက်သည်။

နွယ်နေသောသမုဒယသည် သမာဓိကို လာလာထိပါးတတ်ကြောင်း သူကောင်းကောင်းနားလည်လိုက်ပြီဖြစ်သည်။

28/4/24

myathandarnaing

thank u for reading🌸

Share This Chapter