Back
/ 33
Chapter 7

အပိုင်း(၆)

ကိုကို့ကို[completed]

ကိုကို့ကို ညီစေခွင့်တောင်းစရာတစ်ခုရှိသည်။

စာဆိုနေသော ကလေးကိုသာ အာရုံစိုက်နေသူက သူအနားရောက်လာတာတောင်သတိမထားမိ။ ကျန်ကလေးတွေဆီ မျက်လုံးဝေ့ကြည့်တော့ အားလုံးနီးပါးက ကိုယ့်စာကိုယ်သာအာရုံစိုက်နေကြသည်။သူတို့ဆရာလေးက တကယ်ကိုသြဇာညောင်းပုံပါပဲ။

''ညီ ဘာလုပ်"

''ကျွန်တော် ဆိတ်ကြီးနဲ့ ရွာမအလှူလိုက်သွားမလို့"

''သွားလေ"

ကိုကို ပြောပြီး စာအုပ်ဆီ အာရုံပြန်ထားဖို့လုပ်နေသည်။

''အဲ့တာ ကျွန်တော်---"

''ဟင်"

''တစ်ညအိပ် နေရမှာ"

ဆတ်ကနဲမော့ကြည့်လာသူ။

''အင်း ဘယ်တော့လဲ"

''ခဏနေရင်သွားတော့မှာ"

သူ့ကို ကိုကိုကမတားခဲ့ပါ။ တစ်ခါမှ ခွဲမအိပ်တာကို ကိုကိုကသူ့ကို ဘာလို့မတားရတာလဲ။ကိုကိုက စာကိုပြန် အာရုံစိုက်နေပြီမို့ သူလှည့်ထွက်လိုက်သည်။

''ညီညီ"

''ဗျာ"

''ပုဆိုးအသစ်တွေက ဗီရိုအောက်ထပ်မှာ ပြီးတော့အဲ့ထဲက အိတ်စိမ်းလေးထဲမှာ ၅ထောင်တန်တွေရှိတယ် လှူချင်တာရှိ လှူရအောင် ယူသွား"

''အင်း"

×××××××××××××

ညဆယ်နာရီခွဲ....

ချက်ကြပြုတ်ကြသူတွေက ချွေးတလုံးလုံး ချက်တုန်းပြုတ်တုန်း။

ဆောင်းဘောက်ကတော့ ကိုးနာရီကတည်းက ပိတ်သွားသည်။ အလှူအိမ်မှာ မီးစက်မောင်းသံနဲ့ အိုးသံခွက်သံ၊စကားသံကတော့ဆူနေဆဲဖြစ်သည်။

ညီစေ ကူစရာရှိတာတချို့ကူပေမယ့် ဧည့်သည်ဆိုတော့ အားနာနေကြသည်။ငဆိတ်အောင်တိုးကတော့ သူ့အမျိုးအလှူဆိုတော့ ရောက်ကတည်းနားတောင်မနားရ။

သူ့ကိုအိပ်ဖို့ပေးထားတဲ့အခန်းထဲ၀င်လိုက်တော့ ဖျာခင်းပြီး ခေါင်းအုံးပါချပေးထားသည်။လှဲချလိုက်သော်လည်း မျက်လုံးကို မှိတ်မရ။မျက်နှာကျက်ကိုငေးရင်း မျက်ရည်ကလည်လာသည်။ရင်းနှီးတဲ့ အနံ့သင်းသင်းကလေး ရမနေတဲ့နေရာစိမ်းမှာ သူဘယ်စိတ်နဲ့အိပ်ရမှာလဲ။ လိုက်လာဖို့ဆုံးဖြတ်လိုက်တာမှားပြီထင်ပါသည်။

' ကိုကိုက တံခါးကို သေချာ ဂျက်ချအိပ်ရဲ့လား၊

စာကြည့်ခုံမှာ အိပ်ပျော်နေရင်

ဘယ့်နှယ်လုပ်ရမလဲ'

''ကျစ်"

ငုတ်တုတ်ထထိုင်ပြီး ကိုကို့ဖုန်းကိုခေါ်တော့ စက်ကပိတ်နေသည်။

'မနက်ကထမင်းတွေ ပိုချက်ထားရင် ထမင်းတွေ ပိုနေတော့မှာပဲ၊ညစာ စားတော့ရော ကိုကိုက တစ်ယောက်တည်းလား အဖော်မရှိတော့ ကိုကိုသေချာရောစားရဲ့လား'

အတွေးများစွာရဲ့အဆုံးမှာ စိတ်ထဲမကောင်း ဖြစ်လာရပြီး မျက်ရည်ကပေါက်ကနဲကျသည်။

သူတကယ်ကို အရူးထပြီး ကိုကို့ကို ထားခဲ့မိတာ။

ဖုန်းနာရီကိုကြည့်တော့ ၁၁နာရီ ၅မိနစ်။

သူအခန်းထဲက ထထွက်သည်။အ၀တ်တစ်စုံထည့်ထားထည့် အိပ်ကို ​ကောက်ယူပြီး ဖုန်းကိုပါထည့်သည်။​အိမ်ပေါ်က ဆင်းတော့ခြေလှမ်းကဆွဲသလောက် မပါသလို ခံစားမိတာကြောင့် စိတ်ထဲဒေါသထွက်လာရသည်။

''ဟေ့ကောင်"

သူဆိုင်ကယ်နှိုးနေတုန်း အောင်တိုး ကအတင်း

သူ့အနားပြေးလာသည်။

''ဘယ်ကိုလဲ"

''အိမ်ပြန်မလို့"

''မင်း ကို ငါ မလာခင်ကတည်းက သေချာလား မေးခဲ့တယ်နော် မင်းလိုကောင်လည်းတားမရမှန်းသိလို့ငါမတားဘူး သေချာမောင်းပြန် စေကြီး ---လူကြီးတွေမနက်ကျမေးလည်း ကြည့်ကောင်း..."

''အေး ကြိုက်သလိုလုပ်"

စကားဆုံးအောင် စောင့်ဖို့အချိန်ပေးနိုင်တဲ့သူက ဆိုင်ကယ်ကို မောင်းထွက်လာသည်။ တစ်နာရီခွဲခရီးကို ဖြစ်နိုင်ရင် ၁မိနစ်လောက်ဖြစ်သွားအောင် ချုံ့လိုက်ချင်ရဲ့။

××××××××××

မီးကခပ်မှိန်မှိန်လင်းနေသေးသည်။

ဆိုင်ကယ်ရပ်ပြီး ခြံတံခါးကို အကြမ်းပတမ်း

ပြေးဖွင့်ပြီး  ခြံထဲကအိမ်ဆီပြေးလာမိ၏။ ဆိုင်ကယ်ကို ခြံ အထဲသွင်းဖို့ထက် မျက်နှာကလေးမြင်ဖို့ကိုသာ စိတ်ကဆောင်နေသည်။ ထင်ထားသည့်အတိုင်းတံခါးကဂျက်ချမထားရသေးပေ။ ရေဖြန်းပေးမယ့်ကောင်က တခြားတစ်ပါးသွားတော့ ကိုကိုချစ်တဲ့မြေသင်းနံ့တွေ ရမနေတာကြီးက နေသားမကျချင်စရာ။

တံခါးဆွဲဖွင့်ပြီး မီးရောင်ရှိရာဆီသွားတော့ မြင်ရတဲ့မြင်ကွင်းက သူ့ကို ရင်နာစေသည်။

''ကိုကိုရာ"

အနားရောက်သွားတော့ ခေါင်းလေးချပြီးအိပ်ပျော်နေတဲ့အမျိုးသားက ဆတ်ကနဲခေါင်းလေးထူလာသည်။

''ညီ"

လွမ်းနေရတဲ့ ခေါ်သံလေး။

သူဘာမှမပြောနိုင်တော့ ။ထိုင်ခုံလေးနားဒူးထောက်ထိုင်ချပြီး ခုံပေါ်ကအမျိုးသားရဲ့ ခါးကိုသား တင်းနေအောင် သိမ်းဖက်ထားမိတော့သည်။အရူးထပြီး ထွက်သွားမိတဲ့ကောင်ရဲ့ မျက်ရည်တွေကို ကိုကို့ကို မမြင်စေချင်။

''သန်းခေါင်ကျော်သွားပြီထင်တယ် ညီဘာဖြစ်လို့လဲ ကိုကို့ကိုပြောအုံး မှန်းစမ်း မော့အုံး ညီငိုနေတာလား"

ဟုတ်တယ် ကိုကို ကျွန်တော်ငိုနေတာ။ကိုကို့ကို မခွဲနိုင်တဲ့ အမှန်တရားကို မသိယောင်ဆောင်ပြီးမှ နောင်တတွေရနေတဲ့ကောင် ငိုနေတာ။သူမမော့ပါဘဲနဲ့ ကိုကို့ပေါင်တွေပေါ်မှာဘဲ သူ့မျက်နှာကိုမှောက်ထားတော့ ကိုကိုက အလိုက်တသိ သူ့ဆံပင်တွေကို ဖြည်းဖြည်းလေး ပွတ်သပ်ပေးရှာသည်။

''ညီလည်း ကလေးမဟုတ်တော့ တော့ တခြားတစ်ပါး သွားဖူးချင်မှာပေါ့ လူငယ်ပဲဆိုပြီး ကိုကိုက သွားခွင့်ပြုလိုက်တာ ညီက ကလေးတုန်းကအတိုင်းဖြစ်နေတာပဲ ဟင်"

''ကိုကိုကရော"

ကိုကိုကရော ကျွန်တော့ကိုခွဲနိုင်တယ်လား။

မျှော်လင့်ခြင်းတွေနဲ့ ကောင်က ငိုထားတဲ့ မျက်နှာကြီးနဲ့ ကိုကို့ကိုမော့မေးလိုက်မိသည်။

''ထဦး"

လက်မောင်းတွေကနေဆွဲထူပေးတော့ အလိုက်သင့်ထရပ်လိုက်သည်။

''ကိုကိုလည်း ၉ခွဲကတည်းက အိပ်ရာ၀င်တာ၊အိပ်မရလို့ ၁၀နာရီလောက်က ခြံထဲဆင်းလျှောက်တယ် မြေသင်းနံ့တွေ မရတော့ နေလို့မကောင်းဘူး ၁၁ထိုးတော့ စာကြည့်စားပွဲပြန်ထိုင်ရင်း မှေးကနဲ ပျော်သွားတာထင်တယ်"

''ညစာစားလား"

''စားချင်စိတ်မရှိလို့  သေချာဇကာနဲ့အုပ်ထားတယ် မနက်ကျထမင်းကြော်စားမယ်"

ကိုကိုက ထိုင်ခုံကထသည်။

''ဒီမှာကြည့်"

ဘောပင်ဘူးထဲက ငှက်ရုပ်အပြာလေးကို သူလက်ဖဝါးထဲထည့်သည်။

တောင်ပံလေးရဲ့အောက်မှာ

'ဗုဒ္ဓဟူးနေ့ည ၁၁နာရီ ၁၁မိနစ်'တဲ့။

''ဆိုင်ကယ်သွင်းပြီးပြီလား"

''ကိုကို သွားလိုက်မယ်"

အနားကသွားမည့်သူ လက်ကို လှမ်းဆွဲပြီး သူ့နားပြန်ခေါ်မိသည်။

''ကိုကို"

''အင်း"

''ကျွန်တော် ကိုကို့ကို----"

''---"

''ကိုကို့ကို ဖက်ထားချင်သေးတယ်"

ခေါင်းငြိမ့်ပြသူကို တိုးဖက်တော့ သူ့ကျောကို ပုတ်ပေးရှာပါသည်။လွမ်းနေရသော ကိုယ်ကလေးကနွေးလို့၊လွမ်းနေရသော ရနံ့ကလေးက မွှေးလို့။

19/4/24

myathandarnaing

Share This Chapter